Thursday, June 14, 2007

အပြုံး…

မနက်က အလုပ်သွားတော့ အလုပ်ရုံထဲကို ၀င်လိုက်တယ် ဆိုရင်ပဲ အလုပ်ရှင်က `ဂွတ်ဒ်မောနင်း´ လို့ နှုတ်ဆက်ပြီး ပြုံးပြပါတယ်။

နောက်တော့…။ အလုပ်လုပ်နေရင်းနဲ့ အလုပ်ရှင်က အနားမှာ ရစ်သီသီ လာလုပ်လိုက်၊ ကျနော် ပြီးစီးထားတဲ့ အော်ဒါတွေကို လာယူသွားလိုက်၊ ပါးစပ်ကလဲ `Good job´ ဆိုတဲ့ စကားကို ခဏခဏပြောလိုက် ပြုံးပြလိုက်၊ ပြန်ထွက် သွားလိုက်နဲ့…။

တော်ရုံနဲ့ ပြုံးပြလေ့ သိပ်မရှိတဲ့၊ တနည်းအားဖြင့် အပြုံးကပ်စေးနဲတဲ့ အလုပ်ရှင်က ဒီနေ့မှ ထူးထူးခြားခြားနဲ့ ဒီလောက်တောင် ဖောဖောသီသီနဲ့ အပြုံးတွေ တပုံတခေါင်းကြီး ပေးနေပါလိမ့်…။ သိပ်မသင်္ကာတာနဲ့ သူပြုံးတာက အပြုံးအစစ်လား၊ အတုလား ဟိုဟိုဒီဒီတွေးမိတော့ ဒီစာကို ရေးမိပါတယ်။

***

လူတွေ တော်တော်များများ ပြုံးဖူးကြပါတယ်။ ဒါပေမယ့် ပြုံးရတဲ့ အကြောင်းရင်းနဲ့ အဲဒီအပြုံးရဲ့ ပုံစံတွေတော့ တူမယ် မထင်ပါဘူး။ ကြည်ကြည်လင်လင် အပြုံး၊ ထေ့ပြုံး(ငေါ့ပြုံး)၊ မဲ့ပြုံး၊ မချိပြုံး၊ လှောင်ပြုံး၊ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ပြုံးကြပါတယ်။

အပြုံးပုံစံ မတူသလို ပြုံးရတဲ့ အကြောင်းရင်းတွေလဲ မြောက်များစွာ ရှိနေပါသေးတယ်။ မထီထရီ လုပ်ချင်လို့ ပြုံးတဲ့ အပြုံး၊ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ အပြုံး၊ ရက်စက်မယ့် နမိတ်ပြုံး၊ မကောင်းတတ်လို့ ၀တ်ကျေတန်းကျေ ပြုံးပြရတဲ့ အပြုံး၊ တခုခုကို သဘောကျလို့ ပြုံးမိတဲ့ အပြုံးများအပြင် တခြားသော အကြောင်းကြောင်းတွေကြောင့် လူတွေ နေ့စဉ်လိုလို ပြုံးဖြစ်ကြပါတယ်။

ငယ်ငယ်တုန်းကတော့ ကျနော်က ကလေးပိစိကွေးအရွယ် မေမေက ကျနော့်ကို ပြုံးပြပါလိမ့်မယ်။ သားကြီးသြရသ ကျနော့်ကို ချစ်မြတ်နိုးစိတ်နဲ့ `မေမေ့သားကြီး´ လို့ ခေါ်ကာ ကျနော်ပြုံးလာလေမလားလို့ မြူတဲ့ အခါ ကျနော် ပြုံးခဲ့မိလေမလား…။ ကျနော်မသိပါ။ ဒါပေမယ့် အဲဒီတုန်းက ပြုံးဖြစ်ခဲ့မယ့် အပြုံးလောက် အပြစ်ကင်းစင်တဲ့ အပြုံး ဒီတသက်မှာ ရှိမယ်မထင်ပါ။

တဖြည်းဖြည်းနှင့် အရွယ်ရောက်လာတော့ ပြုံးရတဲ့ အကြိမ်ရေက ပိုများလာသလို ပြုံးရသည့် အပြုံးတွေကလဲ အမျိုးများလာပါတယ်။

`ချစ်ခြင်းအစ အမုန်းက၊ ရယ်ခြင်းအစ အပြုံးက´ …တဲ့။ Office Management သင်တန်းတခု တက်ခဲ့ရစဉ်တုန်းက သင်တန်းဆရာ တဦးပြောဖူးတဲ့ စကားပါ။ အဲဒီဆရာကပဲ ပြုံးခြင်းနဲ့ ရယ်ခြင်းဆက်စပ်နေတဲ့ ဟာသပုံသေနည်း တခုကို ပြောပြခဲ့ဖူးပါတယ်။

နှစ်ပြုံး တရယ်
နှစ်ရယ် တမျက်ရည်
နှစ်မျက်ရည် တဗိုက်နှိပ်
နှစ်ဗိုက်နှိပ် တသေးထွက်
ဟုတ်ကဲ့..။ နှစ်သေးလဲ ထွက်ပြီးရော ပက်လက်လန်ပါရောတဲ့။

လူတချို့ဟာ မပြုံးချင်ပါဘဲနဲ့ အခြေအနေအရ ပြုံးနေကြရပါသတဲ့။ ဟုတ်မှာပါ။ ဥပမာ၊ မော်ဒယ်လ် လုပ်နေကြသူတွေအဖို့ သူတို့ကို ဓာတ်ပုံရိုက်နေတဲ့ ဓာတ်ပုံဆရာအများကြီးထဲမှာ တယောက်ယောက်က ကြည့်မရတဲ့ လူဖြစ်နေရင်တောင် ပြုံးနေရမှာပဲ ထင်တယ်။ ဟာသ သရုပ်ဆောင်တွေလဲ ထိုနည်းလည်းကောင်းပဲ ဖြစ်မှာပါ။

မပြုံးချင်ဘဲ အခြေအနေအရ ပြုံးရတဲ့ အပြုံးထက် ကြောက်ဖို့ကောင်းတာက ဟန်ဆောင် အပြုံးလို့ ထင်မိပါတယ်။ သူ့ကို ကြည့်လိုက်တော့ ပြုံးတော့ ပြုံးနေသား၊ ဒါပေမယ့် စိတ်ထဲကနေ ကိုယ့်ကို မုန်းနေတာဆိုရင် အခက်…။

ကျိုက်ထီးရိုး ဘုရားဖူးသွားတုန်းကတော့ ထူးဆန်းတဲ့ အပြုံးကို တွေ့ခဲ့ရဖူးပါတယ်။ ရေမြောင်ကြီးစခန်း အရောက်မှာ ကောင်မလေး ခပ်ချောချော သုံးလေးယောက်က ကျနော့်ကို သူတို့နဲ့ မိတ်ဟောင်းဆွေဟောင်းလိုလို၊ ငယ်ပေါင်းကြီးဖော်လိုလိုနဲ့ အားရပါးရ ပြုံးပြနေလို့ ကြောင်အမ်းအမ်းနဲ့ ပြန်ပြုံးပြမိတာ အနားရောက်မှသိရတယ်။ သူတို့ ဖွင့်ထားတဲ့ ထမင်းဆိုင်မှာ ထမင်းစားရအောင် ခေါ်တာကိုး…။ ကြော်ငြာအပြုံးလို့ ခေါ်ရမလားမသိ…။

မြန်မာပြည်မှာ ကျနော် ကြားဖူးလိုက်တဲ့ ပြိုင်ပွဲတခု ရှိပါသေးတယ်။ `ပြုံးအလှပိုင်ရှင်´ ပြိုင်ပွဲတဲ့။ အခုတော့ ရှိသေးလား မရှိတော့ဘူးလား မသိတော့ပါဘူး။

ကျနော့်စိတ်ထင်ပဲလားတော့ မဆိုနိုင်…။ ကျနော်တို့ မြန်မာလူမျိုးတွေ အပြုံးအင်မတန် ရှားပါးတဲ့ အခိုက်အတန့် တခုရှိပါတယ်။ အဲဒါကတော့ ဓာတ်ပုံအရိုက်ခံတဲ့ အချိန်ပါ။ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားတွေ ထွက်တဲ့အခါ တခြားအချိန်မှာ ဟေးဟေးဟားဟားနဲ့ ပြုံးရယ်နေကြသလောက် ဓာတ်ပုံရိုက်မယ်ဟေ့ဆိုပြီး ကင်မရာရှေ့ကို လူစုလိုက်ရင် ဘာရယ်ကြောင့်မသိ၊ လူဆယ်ယောက်မှာ ခုနှစ်ယောက်လောက်က ခပ်တည်တည်ကြီးတွေ ဖြစ်ကုန်ပါတယ်။ ကျနော်ကတော့ ရုပ်ဆိုးကာမှ ဆိုးရော ဆိုပြီး ဓာတ်ပုံရိုက်တိုင်း ရှိရှိသမျှသော သွား ၃၂ ချောင်းလုံး ပေါ်အောင် အားရပါးရကြီးကို ပြုံးပြီး ဓာတ်ပုံအရိုက်ခံပါတယ်။

မျက်နှာကို ပြုံးလျက်သား အနေအထားနဲ့ ဘယ်လောက်ကြာကြာနေနိုင်မလဲလို့ စမ်းကြည့်ချင်တာနဲ့ နှုတ်ခမ်းကို ပစောက်သဏ္ဍာန် ဖန်တီးပြီး နေကြည့်တာ ရှေ့က ဖြတ်လျှောက်သွားတဲ့ အလုပ်ရှင်က သူ့ကို ပြုံးပြနေတယ် အမှတ်နဲ့ ခေါင်းဆတ်ပြတဲ့အချိန် ကျနော်ကလဲ ပါးစပ်ညောင်းလာလို့ ပါးစပ်ပြန်အစေ့နဲ့ ဆုံသွားပါတယ်။ သူတော့ ဘာထင်သွားမလဲ မပြောတတ်ပါဘူး။ ကျနော်ကတော့ `မပြုံးချင်ဘဲ ပြုံးရတာ ပါးစပ်တယ်ညောင်းသကိုး´ လို့ အူကြောင်ကြောင် တွေးမိပါတယ်။

တခါတုန်းက အမေရိကန် အသိတယောက် ဖိတ်တာနဲ့ သူတို့ရဲ့ ပါတီကို ရောက်သွားခဲ့ဖူးပါတယ်။ ပေါများလိုက်တဲ့ အပြုံးတွေ၊ သူတို့ကလဲ ပြုံး၊ ကျနော်ကလဲ ပြုံး၊ ကြာတော့ ပြုံးရတာကို ညည်းငွေ့လာပါတယ်။ ခက်တာက မပြုံးချင်လဲ အသိတယောက်ယောက်ကို တွေ့ရင် ပြုံးပြနေရတာပါ။ ခပ်တည်တည်နေလို့မှ မကောင်းတာကိုး။ မပြုံးချင်ဘဲ ပြုံးရတဲ့ ၀ဋ်ဒုက္ခကလဲ အတော်ကြီးမားပါတယ်။

ဂရေဟမ်ကတော့ `အပြုံးတုလေးအား စွဲလမ်းမိတာ~~~ တကယ်ကို သိပ်မှားသွား~~~´ ဆိုပြီး အပြုံးအပေါ် ခံစားချက်ကို `အပြုံးတု´ သီချင်းနဲ့ ပုံဖော်ပါတယ်။ တကယ်တော့ အပြုံးတုဆိုတဲ့ အရာက လူတွေနဲ့ ယဉ်ပါးနေခဲ့တာ ကြာခဲ့ပါပြီ။ လူမှုရေးဆိုတဲ့ တံတိုင်းခတ်မှုရဲ့ အလယ်မှာ အပြုံးတုတွေကို လက်ခံလိုက်၊ ပေးဝေလိုက်နဲ့ ဘယ်ဟာက အပြုံးအစစ်လဲဆိုတာတောင် သိနိုင်ခဲလှပါပြီ။

လူတယောက် ကိုယ့်ကို ပြုံးပြတဲ့ အပြုံးဟာ ဘယ်အရာက အပြုံးတု၊ ဘယ်အရာက အပြုံးအစစ်လဲ ဆိုတာကို ခွဲခြားကြည့်ချင်ပါသလား။ ဒီနေရာ မှာ မိတ်ဆွေများရဲ့ လူကဲခတ် စွမ်းရည်ကို အကဲဖြတ်လိုက်ပါ။ တခုတော့ ရှိပါတယ်။ အဲဒီမှာ လူအယောက် ၂၀ က တယောက်ကို တကြိမ်စီသာ ပြုံးပြပါလိမ့်မယ်။ အဲဒီ အပြုံးဟာ တကယ့်အပြုံးအစစ်လား၊ အတုလားဆိုတာ အဖြေပေးရပါမယ်။ ပြီးရင်တော့ အဖြေမှန် ပေးပါလိမ့်မယ်။ ကျနော်ကတော့ လူ ၂၀ ကို ခန့်မှန်းတာ ၆ ယောက်သာ မှန်ပါတယ်။ ဒီလင့်ခ်ကို ကူညီတဲ့အနေနဲ့ ပေးခဲ့တဲ့ သူငယ်ချင်းက `ခင်ဗျားတော့ ရှေ့လျှောက် ခံရဖို့သာ ပြင်ထား´ လို့ ထောပနာပြုပါတယ်။ အချိန်ရရင်တော့ အပျင်းပြေဖြစ်ဖြစ် ဖြေကြည့်နိုင်ပါတယ်။

***

ညနေ အလုပ်သိမ်းချိန်ရောက်တော့ အလုပ်ရုံက အထွက်မှာ အလုပ်ရှင်က သူ့စားပွဲမှာ တကုပ်ကုပ်နဲ့ ဘာတွေ လုပ်နေတယ်မသိ။ မနက်ကလို အမှတ်နဲ့ လှမ်းနှုတ်ဆက်လိုက်မိတယ်။

‘Have a good night, Don’

‘Yea, you too’ လို့ ပြန်ပြောတဲ့ အလုပ်ရှင်က တချက်သာ လှမ်းကြည့်ပြီး သူ့အလုပ်သူဆက်လုပ်လို့ ကျန်ခဲ့ပါတယ်။ သူ မပြုံးပြပါဘူး။

သေချာတယ်၊ ဒီလူ မနက်ကရော နေ့လည်တုန်းကပါ ကျနော့်ကို ပြုံးပြခဲ့တဲ့ အပြုံးတွေ အားလုံး အတုတွေချည်းပဲ နေမှာ။

ကလိုစေးထူး

11 comments:

Anonymous said...

ကိုစေးထူးရေ.. ကျနော် ခန့်မှန်းတာတော့ ၁၃ ခုပဲ မှန်တယ်... အစ်ကို့ သူငယ်ချင်းပြောသလို ပြောရရင်တော့.. ကျနော် လည်း.. ရှေ့လျှောက် ၄၀% လောက် ခံရကိန်းရှိတယ်... :p

s0wha1 said...

ညီမလေးကတော့ အကုန်လုံးကို တကယ်ရယ်တယ်လို့ကို မထင်ဘူး... ဟန်ဆောင်ရယ်တယ်လို့မထင်တာ နှစ်ယောက်ထဲ...ဒါပေမဲ့ ၁၃ခုမှန်တယ်...ဟီဟီ...

pandora said...

၁ ခုလျော့တယ် ၁၂ ခုပဲမှန်တယ်.
ကဲ ရုပ်မမြင်ရတဲ့ အင်တာနက် ချက်လောကမှာ စာလုံးကို ကြည့်ပြီး အပြုံးစစ်မစစ် ဘယ်လိုခွဲမလဲ.. အောက်က အထဲမှာ ဘယ်ဟာက တကယ်ပြုံးတဲ့ အသံလဲ.
ဟားဟား
ဟဲဟဲ
ဟီးဟီး
ဟိဟိ
အဟိ
ဟီဟီ
ဟတ်ဟတ်
ကွိကွိ
ခစ်ခစ်
ခွိခွိ
ခွစ်ခွစ်
ခွက်ခွက်
ကွက်ကွက်
ညှင်းညှင်း
ငှဲငှဲ
ဝူးထွားထွား

naing said...

ပြုံး တုံ့ မပြုံးတုံ့ နှင့် ဖတ်သွားပါတယ် ခင်ဗျာ ။

s0wha1 said...

မပန်ရေ...ဟားဟား၊ ဟီးဟီး၊ ခွိခွိ၊ ခစ်ခစ်၊ အဟိ တို့ကို တကယ်ပြုံးတဲ့ အသံလို့ထင်ပါကြောင်း...:P

မေငြိမ်း said...

ကိုစေးထူးစာကိုဖတ်ရတော့
ဆရာအောင်ပြည့်ရေးဖူးတာတခုလဲ
သတိရသွားတယ်။
ပြုံးသူတိုင်းက ရယ်ပြနေတယ်ထင်သလားတဲ့။

Hteink Min said...

ဟားဟား ကျွန်တော်လည်း ဒီလိုပါပဲ.. အပြုံးတုများစွားနှင့် ပြုံးနေရပါကြောင်း.. တကယ်တော့ မပြုံးချင်ဘူးဗျ.. ဒါပေမဲ့ အမေကပြောတယ်လေ..လူအောက်ကျို့လို့ မသေဘူးဆိုလား..ပြုံးတာပြုံး လို့ ကျွန်တော့ကို ပြောဖူးတယ်။ ကျွန်တော်ပြုံးချင်တာ တကယ်စိတ်ပါလက်ပါ ပြုံးတာပဲ ပြုံးချင်ပါတယ်။

မေဓာဝီ said...

နှစ်ပြုံး တရယ်
နှစ်ရယ် တမျက်ရည်
နှစ်မျက်ရည် တဗိုက်နှိပ်
နှစ်ဗိုက်နှိပ် တသေးထွက်
ဟုတ်ကဲ့..။ နှစ်သေးလဲ ထွက်ပြီးရော ပက်လက်လန်ပါရောတဲ့။

မှတ်သားစရာပဲ ... မှတ်ထားအုံးမှ .. ကွန်နက်ရှင်မကောင်းလို့ အပြုံးစစ်မစစ် ခွဲတဲ့ဟာ ၀င်မကြည့်ရသေးဘူး။ နောက်မှ ကြည့်တော့မယ်။
ကျမကတော့ စိတ်မပါရင် ပြုံးကို မပြုံးဘူး ... ပြုံးလိုက်ရင်လဲ မဲ့သလိုမျိုးကြီးမို့ ...

မေဓာဝီ said...

၁၂ ခု မှန်တယ်ဗျို့ ... ၆ ခုကတော့ နည်း လွန်းတယ် ထင်ပါ့ ... ကိုသံလွင် လူကဲခတ် ညံ့သေးတာပဲ ... :P
တကယ်တော့ ကျမလည်း ကြက်ကန်းဆန်အိုး တိုးသွားတာလား မသိ ...

Ka Daung Nyin Thar said...

အနော်တော့ ၉ ခုပဲ မှန်တယ်ဗျို့.. ဟဲဟဲ.. ၅၀ ရာနှုန်းလောက် ခံရကိန်း ရှိတယ်..
အခုတည်းက အနားက ကောင်တွေကို သတိထားမှ.. အထူးသဖြင့် ပန်ဒိုရာဆိုတဲ့ ငနဲပေါ့.. ၀ူးထွားထွား

ကဒေါင်းညင်သာ

ကလိုစေးထူး said...

ဒီပို့စ်ကို လာဖတ်ပြီးတော့ အပြုံးအတုအစစ် ခန့်မှန်းသူတွေ အားလုံး ကျနော့်ထက် လူကဲခတ်တော်ကြတဲ့ လူတွေချည်းပါပဲလား။ :D အရေးထဲမှာ ဒိုရာက ပဟေဠိ လာထုတ်နေပါလား။ ၀ူးထွားထွားက လွဲရင် အကုန် အစစ်ဗျာ။ (၀ူးထွားထွားက ဒိုရာရယ်တဲ့ အသံမို့လို့ နှိပ်ကွပ်တာ :D) သို့သော်…….. :D အားရပါးရကြီး လာရောက် အားပေးကြသူများအား အသေအလဲ ကျေးဇူးတင်ပါကြောင်း။ :)