Tuesday, June 19, 2007

လမ်းခုလတ်…

ကျနော်… ထိုင်နေခဲ့တယ်
အကျည်းတန်မှု၊ အထီးကျန်မှု
ပက်စက်မှု၊ ဖယ်ကျဉ်မှု
မုန်းတီးမှု၊ ဟားတိုက်လှောင်ပြောင်မှု
……………………..
……………………..
……………………..
စကားလုံး လက်ညှိုးပေါင်းများစွာ
ငေါက်ငေါက် အထိုးခံလို့
ကျနော်… ထိုင်နေခဲ့ဖူးတယ်…။

ဟေ့… လာလေကွာ
အသိအမှတ်ပြုမှု တခုခုရဲ့ခေါ်သံလိုလိုပါလား
……………………..
……………………..
……………………..
အားရ၀မ်းသာနဲ့
`၀ုန်း´ ခနဲ ထရပ်မိတော့
အားပေးမှုတချို့က
ကျနော့်ကို…
ဖက်ယမ်းနှုတ်ဆက်ခဲ့တယ်…။

အေး…၊ ဟုတ်ပြီ…၊
ဆက်လှမ်း…
ဆက်လှမ်း…
……………………..
……………………..
ဖေးမမှုတွေကို စားသုံးရင်းနဲ့
မြိန်ယှက်စွာ လှမ်းခဲ့လိုက်ရတဲ့ ခြေလှမ်းတွေ…။

`ဝေါ´ခနဲ ဖြတ်သွားတဲ့ ရထားတစင်းပေါ်မှာ
အတ္တအစွယ်ငေါငေါနဲ့ ဘီလူးတွေက
အထူးတန်းမှာ မြိန့်မြိန့်ကြီးစီးလို့…။
တွဲစောင့် တစ္ဆေတကောင်က
လှမ်းအော်ပြောသွားလေရဲ့…၊
`၁% လောက်တောင် မထိရောက်ပါဘူးကွာ´ …တဲ့။
ခက်နေတာက
ဖွေးဖွေးလှုပ်နေတဲ့ ၁%တွေကို
သူ…၊ တကယ် မမြင်ဘူး။

ဆက်လှမ်းထား…၊
လှမ်း…
လှမ်း…
အားတင်းပြီး…၊ လှမ်း…
နေပါအုံး
ကျနော်က လမ်းလျှောက်နေတာလား
အပြေး သွားနေတာလား
လှမ်းတော့ လှမ်းနေတယ်ထင်တယ်…။

အား(((((((((((((
တချက်တချက်မှာ
ခံရခက်ပြီး စူးရှတဲ့ နာကျင်မှုက
ဘယ်ကလာတာလဲ…၊
ရှေ့တည့်တည့်ကလား…
ဘေးချင်းယှဉ်လျက်ကလား…
ဒါမှမဟုတ်
ဒါမှမဟုတ်၊
……………………..
……………………..
နောက်ကျောကလား…။

ခြေလှမ်းတွေကို တစုံတခုက
ဖြတ်ရိုက်နေခိုက်မှာ…၊
နားလည်မှု ရဲဘော်ရဲဘက်တွေ
သွေးအေးနေတယ်…။
အပျော်ခရီးထွက်နေတဲ့ ယုံကြည်မှုတွေက
မသိကျိုးကျွံနဲ့ ကြည်နူးနေကြတယ်…။
……………………..
……………………..
ဒီကြားထဲကမှ
၁% တချို့က
ဇာတ်တူသားချင်း စီးချင်းထိုးချင်ကြပြန်တယ်။

တကယ်တော့…
ခရီးကမဆုံးသေးပါဘူး…၊
ကျနော်က အဲဒီခရီးသွားနေသူပေါင်းများစွာထဲကမှ
အမှုံအမွှားပိစိလေး…။

တခါတလေကျတော့…
ရောထိုင်ချင်စရာ ချော်လဲမှုတွေကြောင့်
ခလုတ်တွေက ဟားတိုက်ရယ်မောနေကြလေရဲ့။


ကလိုစေးထူး

7 comments:

Anonymous said...

ကိုကြီးစေးထူး.. ကဗျာလေးထဲက ခံစားချက်တွေကို ကွက်၂ကွင်း၂ မြင်နေရတယ် ။ ဒီစာကြောင်းလေး အကြိုက်ဆုံးပဲ..

(အပျော်ခရီးထွက်နေတဲ့ ယုံကြည်မှုတွေက
မသိကျိုးကျွံနဲ့ ကြည်နူးနေကြတယ်…။)

moe nyo said...

"တခါတလေကျတော့...
ရောထိုင်ချင်စရာ ချော်လဲမှုတွေကြောင့်
ခလုတ်တွေက ဟားတိုက်ရယ်မောနေကြလေရဲ့။"
ကိုစေးထူးရေ...
ဒီကဗျာကို တော်တော်ကြိုက်တယ်ဗျာ...
ကျေးဇူး အစ်ကိုရေ..

pandora said...

"တခါတလေကျတော့...
ရောထိုင်ချင်စရာ ချော်လဲမှုတွေကြောင့်
ခလုတ်တွေက ဟားတိုက်ရယ်မောနေကြလေရဲ့။"
ဟုတ်တယ်.. အဲလိုပြောထားတာကို အကြိုက်ဆုံးပဲ။
မိုက်တယ်ဗျာ..

Anonymous said...

အတ္တဘီလူးတွေ
တွဲစောင့် တစ္ဆေတွေ …
ဖွေးဖွေးလှုပ် ၁%တွေ …
လှမ်းနေသော ခြေလှမ်းတွေ …
စူးရှတဲ့ နာကျင်မှု …
သွေးအေးနေတဲ့ ရဲဘော်ရဲဘက်တစု
အပျော်ခရီးထွက်နေတဲ့ ယုံကြည်မှု
စီးချင်းထိုး ၁% များ
မဆုံးသေးသော ခရီးထဲက အမှုန်အမွှား
ချော်လဲရင်းရောထိုင်တော့ ခလုတ်တွေက ဟား …
… …. ….
သုံးထားတဲ့စကားလုံးတွေ … သိပ်လှလွန်းလို့
ဒီကဗျာကို အထပ်ထပ်ဖတ်မိတယ်။
ဖတ်ပြီး နာနာကျင်ကျင် ခံစားရတယ်။

ခရီးက မဆုံးသေးပါဘူး …
ဟိုးရှေ့မှာ ပန်းတိုင်ရှိသတဲ့ …
တခါတလေ …
လာလေ … လို့ လက်တွဲခေါ်ပြီး …
လမ်းခုလတ်မှာ ချန်ရစ်တဲ့အခါ …
လမ်းခုလတ်မှာ ကျန်ရစ်တဲ့အခါ …
နာကျင်ရလွန်းပါတယ်။

s0wha1 said...

("`ဝေါ´ခနဲ ဖြတ်သွားတဲ့ ရထားတစင်းပေါ်မှာ
အတ္တအစွယ်ငေါငေါနဲ့ ဘီလူးတွေက
အထူးတန်းမှာ မြိန့်မြိန့်ကြီးစီးလို့…။
တွဲစောင့် တစ္ဆေတကောင်က
လှမ်းအော်ပြောသွားလေရဲ့…၊
`၁% လောက်တောင် မထိရောက်ပါဘူးကွာ´ …တဲ့။
ခက်နေတာက
ဖွေးဖွေးလှုပ်နေတဲ့ ၁%တွေကို
သူ…၊ တကယ် မမြင်ဘူး။")
အဲဒီ တွဲစောင့်တစ္ဆေတကောင် ပြောသွားတဲ့စကားကို ကိုကြီးက ခုထိမမေ့သေးဘူးကိုကွ...

("ဒီကြားထဲကမှ
၁% တချို့က
ဇာတ်တူသားချင်း စီးချင်းထိုးချင်ကြပြန်တယ်။")
ဒါတွေကလည်း ပြီးခဲ့ပါပြီ...

ကိုကြီးရေ အရင်လိုပဲ အားမာန်အပြည့်နဲ့ ပျော်ပျော်ပါးပါးပေါ့...

မေငြိမ်း said...

ခံစားချက်တူတဲ့အခါ
ဒီကဗျာက ကျမကို
ကွန်မင့် မရေးနိုင်အောင်
ဖြစ်သွားစေခဲ့တယ်။
ကျမစိတ်ထင်တော့
အဲလို ခံစားချက်တူသူတွေ
နောက်ထပ်လဲ အများကြီးရှိနေဦးမှာ..

Anonymous said...

ကဗျာလေးကို အားပေးတဲ့လူများပါ့လား။ ငယ်လည်းအရမ်းကြိုက်ပါတယ်။

တခါတလေကျတော့…
ရောထိုင်ချင်စရာ ချော်လဲမှုတွေကြောင့်
ခလုတ်တွေက ဟားတိုက်ရယ်မောနေကြလေရဲ့။

ဒါလေးအကြိုက်ဆုံးပဲ...