Monday, June 25, 2007

စပ်မိစပ်ရာ (၈) …

မြန်မာနိုင်ငံမှာ မေလ ၁၅ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တန်ဖိုးက ကျပ်ငွေ သန်း ၂၀၀ ကျော် တန်ဖိုးရှိပါတယ်တဲ့။ သေသေချာချာ သတိထားကြည့်ရင် ဒီမူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ် အထူးသဖြင့် တရုတ်နယ်စပ်တ၀ိုက်မှာ ဖမ်းဆီးရမိတာ ပိုမိုများပြားတာကို တွေ့နိုင်ပါတယ်။ တရုတ်နယ်စပ်ရောက် မြန်မာလူငယ် တယောက်က အဲဒီက မြန်မာလူငယ်တွေနဲ့ မူးယစ်ဆေးဝါး အနေအထားကို ရှင်းပြတာကို နားထောင်မိတော့ ရင်မောရပြန်ပါတယ်။ ဒီပြဿနာက ဘာနဲ့ တူနေလဲ ဆိုတော့ ကျနော့်အမြင်ပြောရရင် အပေါ်ပိုင်းမှာ တောက်တောက်ပြောင်ပြောင်နဲ့ တိုက်ပုံကြီးတကားကား၊ သေသေသပ်သပ် ၀တ်ထားပေမယ့် အောက်ပိုင်းမှာတော့ ဘောင်းဘီတို ၀တ်ထားတဲ့ လူတယောက်နဲ့ တူတယ်လို့ မြင်မိပါတယ်။

ထိုင်းဝန်ကြီးချုပ်ပြုတ် ထပ်ဆင်တယောက် အင်္ဂလန်နိုင်ငံ၊ ပရီးမီယားလိဂ် ကလပ်အသင်းတခုဖြစ်တဲ့ မန်ချက်စတာစီးတီး အသင်းကို စတာလင်ပေါင် ၈၆.၁ သန်း နဲ့ ၀ယ်ယူလိုက်ပါပြီ။ ကျနော် မဆီမဆိုင် စဉ်းစားမိတာက ကျနော်သာ အဲဒီလောက် ငွေတွေပိုင်ဆိုင်ခဲ့ရင် အဲဒီလိုမျိုး ဘောလုံးအသင်းကို ၀ယ်ဖြစ်မလား ဆိုတာပါ။ ဦးကျော်ဟိန်းပြောဖူးသလို အလကားရတဲ့ စိတ်ကူးကို အားရပါးရကြီး ယဉ်ပစ်ကြည့်မိတာ ဘာရယ်မဟုတ်၊ အချိန်တော်တော်ကုန်သွားတယ်။

မြန်မာပြည် စာနယ်ဇင်းလောကရဲ့ ဗန်းစကား တခုလေလားမသိ…။ ကျနော် တခါမှ မကြားဖူးတဲ့ အသုံး တခုကို သတိပြုမိပါတယ်။ အဲဒါကတော့ ထုတ်ဝေသူကို `ဖား´ လို့ ခေါ်တာပါ။ ဘာကြောင့်လဲဆိုတာ သိသူရှိရင် ရှင်းပြရင် ကောင်းမှာပါပဲ။ ဆောင်းပါးရှင် တယောက်ရဲ့ အပြောကို ထပ်ဆင့် ဖော်ပြပါရစေ။

`ကျနော်တို့ အယ်ဒီတာလောကမှာ အယ်ဒီတာတွေ၊ တဆင့်ခံ စီစဉ်သူတွေ အမြဲတမ်း ရင်မောရတာ ဖား(ထုတ်ဝေသူ) ရှာရတဲ့ ပြဿနာပါပဲ။ ဖား ကောင်းကောင်း ရလာပြီဆိုရင် အချင်းချင်း အကွက်ထွင်ပေးရတယ်။ ဖားယုံပြီဆိုတော့ ကျလာတဲ့ ရေကို ခပ်မဲ့သူကလည်း အများသားပဲ။ ဖားက တနှစ်၊ နှစ်နှစ်လောက် လုပ်လို့ ရှုံးပြီး ဖားပူကြီးဖြစ်လာရင် ဖားပြောင်းရတော့တာပါ´

မြန်မာပြည်မှာ အင်တာနက် မြန်နှုန်းတွေ ကျဆင်းနေပါတယ်တဲ့။ `အများသုံး အင်တာနက်ဆိုင်တွေမှာ လိုင်းတခုတည်းကို စက်တွေအများကြီး Sharing လုပ်ပြီး သုံးကြတယ်။ ဒီတော့ သုံးစွဲတဲ့အခါ မြန်နှုန်းက ပုံမှန်မနေနထား မရှိတော့ဘူး။ သုံးစွဲမှု နှုန်းလဲ များလာတယ်´ လို့ သုံးသပ်တာကို တွေ့ရပါတယ်။ အင်တာနက် ကွန်ယက် သုံးစွဲမှုကို ထိန်းချုပ်လိုတာလားကြောင့် မသိ…။ မြန်မာနိုင်ငံ တခုလုံးရဲ့ အင်တာနက် ၀န်ဆောင်မှု ပေးတဲ့ အဖွဲ့အစည်းက နှစ်ခုတည်းရှိတာကလည်း အတော်ဆိုးဝါးလွန်းပါတယ်။

၂၀၀၈ ခုနှစ်မှာ ဖိလစ်ပိုင် နိုင်ငံတ၀န်းလုံး လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရပါတော့မယ်။ ယခုလက်ရှိမှာ ကျေးလက် စုစုပေါင်း ၃၉၉၅၅ ရွာ လျှပ်စစ်ဓာတ်အား ရရှိနေပြီးတော့ နောက်ထပ် ကျေးရွာ ၁၉၉၀ ကိုသာ လျှပ်စစ်ဖြန့်ဖြူးပေးဖို့ လိုပါတော့တယ်လို့ ဖိလစ်ပိုင် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အားကျစရာ ကောင်းလှပါပေ့။

မြန်မာပြည်မှာ မနှစ်က ၉ တန်းကျခဲ့တဲ့ ကျောင်းသူ/ ကျောင်းသားများကို ပြန်လည်ဖြေဆိုစေပြီး အအောင်ပေးကာ ၁၀ တန်းသို့ တက်ရောက် သင်ကြားစေဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါသတဲ့။ စာကောင်းစွာ မတတ်သူကို အတန်းတက်ခိုင်းခြင်းဟာ မသင့်တော်လို့ ဆိုပြီး ပညာရေးဝန်ကြီးဌာနရဲ့ ဒုတိယ၀န်ကြီး ဘိုမှူးကြီး အောင်မျိုးမင်းရဲ့ ညွှန်ကြားချက်အရ အမှန်တကယ် ကျရှုံးစနစ်ကို ပြန်လည် ကျင့်သုံးခဲ့တာက ၂၀၀၅-၂၀၀၆ စာသင်နှစ်မှာပါ။ အခုနှစ်မှာ တခါပြန်ပြောင်းဆိုတော့…။


အထက်ပါ သတင်းထဲမှာပါရှိတဲ့ နိုင်ငံရေး အဖွဲ့ဆိုတာတွေကို ဘယ်လို ဥပဒေတွေနဲ့ တရားဝင်အောင် ဖွဲ့စည်းပေးခဲ့တာပါလိမ့်…။ သေချာတာကတော့ သူတို့တတွေ ဒီသတင်းအရဆိုရင် အခြေအနေကောင်းရင် ကောင်းသလို ပါတီဖွဲ့ပါမယ်။ ၂၅%သော စစ်ဘိုအရာရှိ အုပ်ချုပ်သူတွေကို လက်ညှိုးထောင် ခေါင်းငြိမ့်ပေးရမယ့် ၇၅%သော ရုပ်သေးရုပ်တွေအဖြစ် ပါဝင်ကပြဖို့ အဆင်သင့် ပြင်ဆင်နေကြပါပြီ။ စိတ်ဝင်စားစရာနဲ့ အော့နှလုံးနာစရာ အကောင်းဆုံး စကားလုံးကတော့ `အမျိုးသား နိုင်ငံရေး အင်အားစု´ ဆိုတဲ့ စကားလုံးပါ။ ကျနော်တို့ ငယ်စဉ်က ခေတ်စားခဲ့တဲ့ စကားလုံးက `ပြည်သူ´ ပါ။ ပြည်သူ့ရဲ၊ ပြည်သူ့ဆေးရုံ၊ ပြည်သူ့စစ်သား၊ ပြည်သူ့သမ၀ါယမဆိုင် စသဖြင့်ပေါ့။ အခုခေတ်မှာတော့ `အမျိုးသား´ ဖြစ်သွားပါပြီ။ စကားလုံး ရွေးချယ်နိုင်မှုကိုတော့ မချီးကျူးဘဲ မနေနိုင်တာ အမှန်ပါ။


ဆရာမ မေငြိမ်း သိချင်တဲ့ ပန်းချီဆရာရဲ့ နာမည်ကို သိလိုတာရယ်၊ အဲဒီပန်းချီကား (မက္ကဆီကန် နွေရာသီ ပွဲတော်လေး ပို့စ်က တတိယမြောက် ပန်းချီကား) ကို အနီးကပ်ဓာတ်ပုံ ထပ်ရိုက်ချင်တာရယ်ကြောင့် အဲဒီပန်းချီပြခန်း အရောင်းဆိုင်လေးကို နောက်တခေါက်သွားခဲ့တော့ အဲဒီကား ကို ဒေါ်လာ ၄၆၀၀ နဲ့ ရောင်းလိုက်ပါပြီတဲ့။ အဲဒါနဲ့ပဲ သူ့ဆိုင်ထဲမှာ လက်ကျန် ပန်းချီကားတွေထဲက ကျနော့်မိတ်ဆွေများ အကြိုက်တွေ့မယ်လို့ မျှော်လင့်ရတဲ့၊ ကျနော်လဲ ကြိုက်နှစ်သက်ခဲ့တဲ့ ပန်းချီကားကို ဓာတ်ပုံ ထပ်မံ ရိုက်ကူးလာပါတယ်။ အဲဒီကား တန်ဖိုးကတော့ ဒေါ်လာ ၃၅၀၀ ပါ။

ဒီရက်ပိုင်းအတွင်း တင်တဲ့စာတွေအတွက် စိတ်တိုင်းမကျခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ရင်းနဲ့ပဲ၊ စပ်မိစပ်ရာ အမှတ်စဉ်(၈)ကို တင်လိုက်ပါတယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…။


ကလိုစေးထူး


10 comments:

Chit Lay Pyay said...
This comment has been removed by the author.
Chit Lay Pyay said...

ဒီပန်းချီကားလေးကို ပိုကြိုက်တယ် အရောင်လေးတွေစိုနေတာပဲ၊ ဒေါ်လာ ၄၆၀၀တောင်မှ ဟုတ်လား ဈေးကြီးတယ်နော် အဲဒီိလိုပန်းချီကားမျိုးဆွဲတတ်ချင် လိုက်တာ၊ များများမဆွဲပါဘူး တစ်လတစ်ကားပဲဆွဲမှာ၊ ပြီးရင်တစ်လတစ်ကားပုံမှန်လေး ကိုကလိုစေးထူးဆီကိုပို့ထားပြီး ရောင်းရတဲ့ပိုက်ဆံနဲ့ ရန်ကုန်မှာဇိမ်လေးနဲ့နှပ်နေရရင်ဘယ်လောက်ကောင်းမလဲနော်၊ အလကားရတဲ့ စိတ်ကူးကို အားရပါးရယဉ်ကြည့်တာလေ၊ မိုက်တယ်နော်၊ ဟီးဟီး ဘယ်လိုလဲကူညီနိုင်ပါမလား၊ ကော်မရှင်ပေးပါမယ်ဗျ၊ ပန်းချီသင်တန်းအရင်တက်လိုက်အုံးမယ်၊ ပြီးရင်ဆက်သွယ်မယ်နော်

Hteink Min said...

ခုမှပဲ ကျွန်တော်လည်း မက္ကဆီကန် နွေရာသီပွဲတော်က အထွက်လက်မှတ်ရတော့တယ်။ ဗဟုသုတ ရပါတယ်ဗျာ. တက်ဆင်ကြီးက ချမ်းသားလိုက်တာ.. ဒီလိုလူတွေရှိနေကြတယ်. ဒီလိုလူတွေကိုလက်ခံတဲ့ အင်္ဂလန်ကိုလည်း မုန်းတယ်။ တော်ပြီ ဗိုလ်လိုမပြောတော့ဘူး။ ဆန္ဖပြတယ်

Chocolaier said...

စာတွေကို စိတ်တိုင်းမကျရင်ဆိုတော့ ကိုယ်တိုင်ကစိတ်တိုင်းမကျဖြစ်နေပုံရတယ်။ စာလေးတွေက ကောင်းပါတယ်ဗျ။ တစ်ကောင်တောင်ကြော်စားလိုက်ပြီ။ :P

မေငြိမ်း said...

အဲဒီကို တကူးတက ပြန်သွားပေးတာ ကျေးဇူး..
ဒါမဲ့ အဲဒီပန်းချီကားလေး ဟိုနေ့က တွေ့လိုက်ရတာပဲ
ကျေးဇူးတင်နေပါပီ။

pandora said...

တယ်ရင်းတွေ ကိုတကယ်ခင်တယ် ဆိုရင် ပန်းချီကားလေးတစ်ကားလောက် ၀ယ်ပို့လိုက်ပါလားအေ့။

s0wha1 said...

အဲ...မပန်တို့က အရောက်ပို့တယ်ဟေ့...ဟားဟား

Unknown said...

it is really good article. there is alot good information for readers. addtional u point out current situation of National convention.

ကလိုစေးထူး said...

ချစ်လေပြေ…၊ ၄၆၀၀ တန် ကားက အရင်ပို့စ်က ကားပါ။ အခုကားက ၃၅၀၀ တဲ့။ မင်းမင်း…၊ အဲဒါ အရင်းရှင်နိုင်ငံလေကွာ။ :) ချိုကိုပြောတာ မှန်လိုက်တာ...၊ ဒီပို့စ်က ကိုယ်တိုင်ကိုက (အချက်အလက်နည်းတယ်ထင်လို့) သိပ်စိတ်တိုင်းမကျ ဖြစ်နေတာ။ :) ဆရာမ မေငြိမ်း…၊ ကျနော် အဲဒီကားကို ပို့ပေးလိုက်မယ်နော်။ အစစ်တော့ မဟုတ်ဘူး။ ဓာတ်ပုံ။ :D ဒိုရာ…၊ ငါးဒေါ်လာတန် ခဲခြစ် ပန်းချီကားတွေယူမလား။ :P နဂျိန်းရေ၊ ရှားရှားပါးပါး ရေးပေးတဲ့ ကွန်မန့်အတွက် ကျေးဇူးသယ်ရင်း။

Anonymous said...

ကိုကလိုစေးထူးရေ၊

အကြံအဖန် အလှည့်အပတ်လေးတွေနဲ့ ငွေပေါ်အောင်လုပ်တာက - ဂွင်
ဂွင် ဖြစ်အောင် ပြောဆို၊ လုပ်ကိုင်တာက - ဂွင်ဆင် (ဒါမှမဟုတ်) ဂွင်ရိုက်
ဂွင်ရိုက် တာကို အတိုကောက်ပြောတော့ - ရိုက်
အဲဒီလို ဂွင်လိုက်ရိုက်နေတာကတော့ - ရိုက်စား
ရိုက်စားလို့ရတာကတော့ - အားလုံးသိတဲ့ ဖား ပေါ့ဗျ။