Sunday, November 04, 2007

အဖြေ…



ဘယ်သူက တီထွင်လိုက်မှန်းတော့ မသိပါဘူး။ ကျနော်တို့ ကလေးဘ၀တုန်းက အဲဒါလေးဟာ `ငြိမ်းချမ်းရေးရဲ့ အမှတ်အသား´ ပါပဲ။ ကလေးတို့ သဘာဝ ရန်တွေဖြစ်၊ စိတ်ကောက်ကြပြီးတဲ့အခါ ပြန်ပြီး အခေါ်အပြောလုပ်ချင်တဲ့ လူက လက်ညှိုးနဲ့ လက်ခလယ်ကို ဖွဖွလေး ကွေးလို့ `ခေါ်ရင် နှိပ်၊ မခေါ်ရင်ဖြတ်´ ဆိုပြီး ကမ်းလှမ်းကြတယ်။ တခါတလေတော့ ကိုယ်က ကမ်းလှမ်းတာ ရှိသလို တခါတလေတော့လည်း ကိုယ့်ကို ကမ်းလှမ်းတာ ခံရတယ်။

ကလေး ဆိုတာက ဖြူစင်တယ်။ သူ့စိတ်ထဲမှာ ရန်ငြိုးထားဖို့၊ တေးမှတ်ထားဖို့ ဆိုတာမျိုးက မရှိတတ်တော့ ရန်ဖြစ်ထားပေမယ့်လည်း အကြာကြီး မနေနိုင်ဘူး။ ရန်ဖြစ်ထားရင် အတူတူ ဆော့လို့ မရတော့ဘူး။ သူ့ဆီမှာ ရှိတဲ့ မုန့်ကို တောင်းစားဖို့လည်း မဖြစ်နိုင်တော့ဘူး။ တခြားလူတွေ အများကြီးက မခေါ်မပြောလုပ်နေရင်တော့ မျက်နှာလေး ငယ်ပြီး လက်ကွေးကလေး တထိုးထိုးနဲ့ `ခေါ်မယ်နော်´ လို့ ခခယယ တောင်းဆိုတာမျိုးပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံး ရည်ရွယ်ချက်ကတော့ `ငြိမ်းချမ်းရေး´ ဖြစ်ဖို့ပါပဲ။

အသက်အရွယ်တွေ တဖြည်းဖြည်း ကြီးရင့်လာတော့ လူ့ဘ၀ကို ပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းလာရတဲ့ အခါ မတူညီတဲ့ ရပ်တည်ချက်၊ အတွေးအခေါ်တွေပေါ် မူတည်ပြီးတော့ ပဋိပက္ခတွေနဲ့ တွေ့ကြုံကြရပါတယ်။




ကွေးထားတဲ့ ငြိမ်းချမ်းရေး အမှတ်အသားလေးကို တဖက်က ဆွဲဖြတ်တာ ခံရတော့ အခုပုံစံလေးအတိုင်းပေါ့…။ ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ နီးနီးကပ်ကပ် ရှိနေကြတဲ့ လက်ညှိုးနဲ့ လက်ခလယ်ခမျာ အခုတော့ ဆွဲဖြတ်ခံထားရတဲ့ အရှိန်နဲ့ တယောက်နဲ့တယောက် ခပ်တင်းတင်းဖြစ်လို့…။




ဒါကတော့ ပြန်ခေါ်ကြမယ်ဆိုတဲ့ သဘောပေါ့…။ ကွေးနေတဲ့ လက်ကလေးကို အသာအယာဖိနှိပ်လိုက်တော့ လက်ချောင်းကလေးနှစ်ခုက ပူးကပ်လို့…။ အချင်းအချင်းအကြား နွေးထွေးမှုတွေလည်း အပြန်အလှန် ရှိနေကြဟန်…။

***

ငယ်ရွယ်တဲ့ ကလေးဘ၀တုန်းကတော့ ငြိမ်းချမ်းချင်ပါတယ် ဆိုပြီး လက်ကမ်းတဲ့ လက်ကလေးမှာ ဘာအရောင်မှ စွန်းထင်း မနေခဲ့ပါဘူး။ ပြန်ခေါ်ရင် ပျော်မယ်။ ပြန်မခေါ်ရင် ၀မ်းနည်းမယ်။

အခု…။

ကမ်းလှမ်းမှုတိုင်းဟာ ငြိမ်းချမ်းရေး အသွင်ကို မဆောင်ကြတော့ပါဘူး။ ကြိုတင်ကန့်သတ်ထားတဲ့ ကမ်းလှမ်းမှု…၊ အသာစီးရလိုနေတဲ့ ကမ်းလှမ်းမှု…၊ ဟန်ဆောင်ခြင်းရောစွက်နေတဲ့ ကမ်းလှမ်းမှု၊ ရိုးသားခြင်း မဲ့နေတဲ့ ကမ်းလှမ်းမှု…၊ အယောင်ပြ ကမ်းလှမ်းမှု…။

ကမ်းလှမ်းခံရသူဘက်ကရော…။ အဲဒီလို ကမ်းလှမ်းမှုမျိုးကို လက်ခံရမှာလား…၊ ငြင်းပယ်သင့်သလား။

အကောင်းဆုံး အဖြေက ဘာများပါလိမ့်…။


ကလိုစေးထူး

3 comments:

Mintasay said...

Bro, i am Annawa's friend from yangon. Nice to meet you again.

Anonymous said...

ဒီပို့စ်လေးကို တကယ်ပဲ သဘောကျမိတယ် အကိုစေးထူးရေ…

လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

nu-san said...

ကောင်းသော ကမ်းလှမ်းမှု၊ ကောင်းသော ရလဒ်၊ အားလုံးအတွက် ကောင်းသော အဖြေ ဖြစ်ပါစေလို့ ဆုတောင်းကြတာပေါ့ ကိုစေးထူးရေ..