Thursday, November 22, 2007

ပြိုင်ပွဲ…

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဘလော့ဂ်ဖော် ဘလော့ဖက် မိတ်ဆွေတယောက်နဲ့ စကားပြောဖြစ်တဲ့ အခိုက် သူက ကျနော့်ကို သူကြားရတဲ့ သတင်းတခု ပေးခဲ့ပါတယ်။

`မြန်မာပြည်မှာ ကြံ့ဖွံ့အဖွဲ့ဝင်တွေကို ဘလော့ဂ် လုပ်နည်းသင်တန်းတွေ ပေးဖို့စီစဉ်နေတယ်´ ဆိုတဲ့ သူကြားရတဲ့ သတင်းအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့တတွေ နောက်တချိန် မြန်မာဘလော့ဂ် လောကအတွင်း ဖြစ်လာနိုင်ဖွယ် အခြေအနေတချို့ကို ဉာဏ်မီသလောက် ဆွေးနွေးခဲ့ကြဖူးပါတယ်။

မနေ့ညကတော့ စာမရေးဖြစ်ဘဲနဲ့ ဘလော့ဂ်တွေကို ဟိုဟိုဒီဒီ လိုက်ဖတ်ကြည့်မိတော့ ကျနော့် မိတ်ဆွေ တချိန်က သတင်းပေးခဲ့တာဟာ မှန်နေပြီ ဆိုတာကို သတိထားမိလာရပါတယ်။ ဘာကြောင့်လဲဆိုတာ့ အဲဒီ ဘလော့ဂ်သင်တန်းတွေက သင်တန်းပေးလိုက်တဲ့ ဘလော့ဂါအသစ်တွေကို တွေ့ခဲ့ရလို့ပါပဲ။

အနှီ ဘလော့ဂ် အသစ်တွေကို တခုမကျန် လိုက်လေ့လာကြည့်ပြီးတော့ ကျနော့်ခေါင်းထဲကို အတွေးတွေ တထွေးကြီး ၀င်လာခဲ့ပါတယ်။ `ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ´ `ဘာဆက်လုပ်လာနိုင်သလဲ´ `ကောင်းတဲ့ လက္ခဏာလား၊ ဆိုးတဲ့ လက္ခဏာလား´ ဆိုတဲ့ လားပေါင်းများစွာ၊ လဲပေါင်းများစွာနဲ့ အတွေးတွေ အတော် အလုပ်ရှုပ်သွားပါတယ်။

အာဏာပိုင်တွေဘက်က လုပ်လာနိုင်တဲ့ ထိုးဖောက်မှုတွေကို တွေးမိသလို တခြားတဖက်မှာလည်း အဲဒီလို ဘလော့ဂ်တွေ များစွာ ပေါ်ပေါက်လာတာရဲ့ အကျိုးကျေးဇူးတွေကို မြင်မိလာပါတယ်။ အကြောင်းအရာတခုရဲ့ နောက်ကွယ်မှာ Positive ရှိနိုင်သလို Negative တွေလည်း ရှိနေတာက အစဉ်အလာတခုပဲမို့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကျနော် စဉ်းစားမိသလောက် အတွေးဉာဏ်နဲ့ တင်ပြပါရစေ…။

***

အရင်ဦးဆုံး စဉ်းစားမိတဲ့ အချက်ကတော့ အာဏာပိုင်တွေဟာ `ဘလော့ဂ်´ ဆိုတာရဲ့ ထိရောက်မှုကို တရားဝင် ဖွင့်ဟ ၀န်ခံခြင်း မရှိသည့်တိုင်အောင် အသိအမှတ်မပြုဘဲ နေလို့မရတော့ဘူး ဆိုတာပါပဲ။ အထင်ရှားဆုံး သာဓကကတော့ စက်တင်ဘာလမှာ ဖြစ်ခဲ့တဲ့ သံဃာ့ကံဆောင်မှု အရေးတော်ပုံပါပဲ။ သတင်းဌာနတွေ နောက်ကောက်ကျသွားရလောက်အောင် အချက်အလက်၊ အထောက်အထားတွေကို ကမ္ဘာတ၀ှမ်းက မြန်မာပြည်သူတွေဆီကို မြန်မြန်ဆန်ဆန်၊ ထိထိရောက်ရောက်နဲ့ မြန်မာဘလော့ဂါတွေက ပေးပို့တင်ပြနိုင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်းပဲ အုပ်ချုပ်သူအာဏာပိုင်တွေကို ထောက်ခံတဲ့၊ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးတဲ့ တန်ပြန်ဘလော့ဂ်တွေဟာ စက်တင်ဘာလနောက်ပိုင်းမှာ ခြေလှမ်းပိုစိပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီဘလော့ဂ်တွေဟာ သံဃာ့ကံဆောင်မှု အရေးတော်ပုံက ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေ အနက်က အားနည်းတယ်လို့ ထင်မြင်ယူဆလောက်စရာ အချက်တွေကို ချေပထောက်ပြခြင်း၊ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ အပြစ်အနာအဆာ တချို့ကို ရှာကြံထောက်ပြခြင်း၊ ဒီမိုကရေစီ လိုလားသူ မြန်မာပြည်သူတွေကို မထိတထိတမျိုး၊ ရမ်းကားရိုင်းပျခြင်း တသွယ်နဲ့ စော်ကားရန်စခြင်း အစရှိတာတွေကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို လုပ်ရပ်တွေဟာ တကယ်တမ်းမှာတော့ မတရားမှုကို မနှစ်မြို့တဲ့ မြန်မာပြည်သူတွေနဲ့ တကွ ဒီမိုကရေစီ လိုလားသူတွေအပေါ် ထိရောက်တဲ့ ထိုးနှက်ချက် မဖြစ်ခဲ့ပါဘူး။ ဘလော့ဂါ အချင်းချင်းနဲ့တကွ ဘလော့ဂ် ဖတ် ပရိသတ်အတော်များများကလည်း သူတို့အပေါ်ကို ထောက်ခံလိုလားတဲ့ အရိပ်အယောင်တွေ မရှိခဲ့ကြပါဘူး။

ဒါကို အာဏာပိုင်တွေဘက်ကလည်း သတိပြုမိဟန် တူပါတယ်။ ဒါကြောင့်လည်းပဲ နောက်ထပ် ခြေလှမ်းသစ် တခုအနေနဲ့ သူတို့ရဲ့ လက်ကိုင်ဒုတ် ကြံ့ဖွတ်အသင်းဝင်တွေအနက်က ၀န်ထမ်းတချို့ကို ဘလော့ဂ်လုပ်နည်း သင်တန်းတွေ ဖွင့်လှစ်ပေးခဲ့တာလို့ သုံးသပ်မိပါတယ်။ တခြားတဖက်က တွေးရင်တော့ ဒါဟာ မြန်မာဝန်ထမ်းတွေကို Technology နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု ရှိလာစေလို့ ကောင်းမွန်တဲ့ လက္ခဏာတရပ်လို့ မြင်နိုင်သေးပေမယ့် လက်ရှိ ထွက်ပေါ်လာတဲ့ အဲဒီ ဘလော့ဂ်တွေကတော့ ပါဆင်နယ် ခံစားချက်ကို အသားပေး ဖော်ပြတဲ့ ဘလော့ဂ်မျိုးတွေထက် လက်ရှိ အာဏာပိုင်တွေနဲ့တကွ သူတို့ရဲ့ လက်ကိုင်ဒုတ် ကြံ့ဖွံ့အသင်းကို ထောက်ခံတဲ့ ဘလော့ဂ်သက်သက်သာ ဖြစ်နေတာဟာ အာဏာပိုင်တွေဘက်က လှမ်းလာမယ့် ခြေလှမ်းသစ် တခုရဲ့ နိမိတ်ပုံတွေပါပဲ။

စိတ်ဝင်စားစရာ နောက်အချက်ကတော့ blogger.com ကို ပိတ်ပင်ထားတဲ့ အာဏာပိုင်တွေဟာ တဖက်မှာလည်း ၀န်ထမ်းတချို့ကို အခုလို ဘလော့ဂ် သင်တန်းတွေ ပေးနေတာဟာ တချိန်ချိန်မှာ အဲဒီ blogger.com ကို ပြန်ဖွင့်ပေးမယ့် အရိပ် လက္ခဏာလေလား ဆိုတာပါပဲ။ တကယ်လို့များ ပြန်ဖွင့်ခဲ့မယ်ဆိုရင်တော့ မြန်မာပြည်တွင်းနေ တခြားသော သာမန်ပြည်သူ ဘလော့ဂါတွေအတွက် အမြတ်ပါပဲ။

အာဏာပိုင်တွေဘက်က အင်မတန် အကြောင်းပြလို့ ကောင်းတာ တခုကတော့ `မြန်မာလူငယ်များအတွက် နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ တိုးတက်စေဖို့ပါ´ ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့် ဘလော့ဂ် ဆိုတာ စတင်ပေါ်ပေါက်နေတာ ကြာမြင့်လှပြီ ဖြစ်ပေမယ့် အခုအချိန်ကျမှသာ ဒါကို ဂရုတစိုက်နဲ့ သင်တန်းတွေ ပေးတဲ့ လုပ်ရပ်ဟာ လူငယ်တွေအပေါ် ထားတဲ့ စေတနာ သက်သက်မဟုတ်တာကတော့ အသေအချာပါပဲ။ တနည်းအားဖြင့် ပြောရရင် ဒါဟာ အကျိုးလိုလို့ ညောင်ရေ လောင်းတာပါပဲ။

တကယ်လို့များ…။

အဲဒီသင်တန်းတွေကနေ မွေးထုတ်ပေးလိုက်တဲ့ မြန်မာဘလော့ဂါတွေ ဘလော့ဂ်လောကထဲကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ၀င်ရောက်လာကြပြီ ဆိုပါစို့…။

ကျနော်ကတော့ အဲဒါမျိုးဖြစ်လာမှာကို ပိုကြိုက်ပါတယ်။ ဒါဟာ မြန်မာပြည်တွင်းက လူငယ်တွေကို အပြင်လောကနဲ့ ထိစပ်ခွင့်ပေးလိုက်တာ တမျိုးဖြစ်လို့ ကျနော်တို့ ပြောချင်တဲ့ စကားတွေ၊ ခံစားချက်တွေ၊ ပေးပို့ချင်တဲ့ အချက်အလက်တွေကို အဲဒီလူငယ်တွေကို တိုက်ရိုက် ပေးပို့နိုင်တဲ့ လမ်းစပါပဲ။ ဒီလူငယ်တွေ ဘလော့ဂ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးနိုင်ဖို့အတွက် အာဏာပိုင်တွေဟာ တခြားသော ပြည်တွင်း/ပြည်ပ ဘလော့ဂါတွေနဲ့ ထိစပ်ခွင့် ပေးကို ပေးမှ ရမှာမို့ ကျနော်တို့ရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ချခင်းပြဖို့ အကောင်းဆုံးသော အခွင့်အရေးပါပဲ။ ဒါဟာ စိန်ခေါ်မှု တရပ်လို့လဲ မြင်လို့ရပါတယ်။

ဒါပေမယ့် ကျနော်တို့မှာ သက်လုံကောင်းဖို့ လိုနေတာကတော့ အမှန်ပါပဲ။ ဒီမိုကရေစီ လိုလားသူမှန်ရင် နိုင်ငံရေးသမားတွေပဲ ဖြစ်ဖြစ်၊ သာမန်ပြည်သူပဲ ဖြစ်ဖြစ် စည်းစည်းလုံးလုံး ရှိဖို့ကတော့ အရင်ထက် ပိုလိုအပ်နေပါပြီ။ ဒါကြောင့် သာမန်အားဖြင့် အရေးသိပ်မကြီးလှတဲ့ အချင်းချင်း ထိခတ်မှုတွေကို ရှောင်ရှား မေ့ဖျောက်ထားရပါမယ်။

အာဏာပိုင်တွေ သင်တန်းပေးလိုက်တဲ့ ဘလော့ဂါ အယောက်တရာ ရှိတယ် ဆိုကြပါစို့…။ အစိုးရ ကောင်းကြောင်းတွေချည်းပဲ တချိန်လုံး နားအီအောင် ကြားနေခဲ့ရတဲ့ အဲဒီ လူတရာအနက်က ဆယ်ယောက်က ကျနော်တို့ ဘက် ပါလာပြီဆိုတာနဲ့ ကျန်တဲ့ အယောက် ကိုးဆယ် ပါလာဖို့ မခက်တော့ပါဘူး။ ယိုပေါက်ပရပွနဲ့ ခေါင်မိုးကို ဟိုတပေါက်၊ ဒီတပေါက် ၀ိုင်းဖာပေးနေရတဲ့ အဲဒီ လူငယ်တွေကို အမိုးအသစ် လဲလှယ်ဖို့ ကြိုးစားနေတဲ့ ကျနော်တို့ဘက် ပါလာဖို့အတွက်ကတော့ ကျနော်တို့မှာ ရိုးသားမှုနဲ့ သိမ်မွေ့တဲ့ ပါးနပ်မှု ရှိဖို့ လိုအပ်ပါတယ်။

အဓိကကတော့ တိုင်းပြည်အပေါ် ထားတဲ့ `စေတနာနဲ့ တိုင်းပြည်ချစ်စိတ်´ က ဘယ်သူ သာလွန်သလဲ ဆိုတာပါပဲ။ စိန်ခေါ်မှု တရပ်ကို ကြိုဆိုကြပါစို့…။


ကလိုစေးထူး

17 comments:

Anonymous said...

I agree with your line of thinking.

This is about... said...

ဟုတ်လိုက်လေခြင်း အကိုစေးထူးရယ်

စိုးထက် - Soe Htet ! said...

ကိုစေးထူးရေ တွေ့နေရပါတယ် ဗျ :D

မျှားပြာ said...
This comment has been removed by the author.
မျှားပြာ said...

အငဲရဲ့ စာသားလေးကို သတိရသွားတယ် ...
မင်းတို့ အကြိုက် အဆိပ်မခတ်နဲ့ ...
အဆင်ပြေပါစေ ကိုစေးထူးရေ ..။

Winkabar said...

ကိုစေးထူးပြောတဲ့ စိန်ခေါ်မှုကိုအားလုံးစောင့်ကြည့်ကြတာပေါ့။မျှော်မှန်းထား
သလိုလည်းဖြစ်လာမှာပါ။

မြရွက်ဝေ said...

အကောင်းအဆိုးရောနေတာပေါ့ ကိုကလိုစေးထူး။ စာဖတ်သူကလည်း ဘယ်စာမျိုးဖတ်တာကောင်းတယ်ဆိုတာသိကြပါတယ်။ ကိုယ့်ရဲ့အင်တာနက် သုံးခွင့်ရတဲ့အချိန်ကို အကျိုးရှိရှိသုံးကြမှာပါ။

P.Ti said...

ကျွန်တော့် အမြင်ကတော့ အဆိုးထက်စာရင် အကောင်းပိုဖြစ်မယ်လို့ယူဆပါတယ်။ ကိုယ့်ရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်ပြီး ကောင်းခြင်းဆိုးခြင်းတွေကို ရမှာပေါ့။
နောက်ပြီး ဘလော့ရေးတယ်ဆိုတာက ကိုယ်ပိုင်ခံစားချက် ကိုယ်ပိုင်ခံယူချက်လေးရှိမှ ဖတ်လို့ကောင်းတယ်။ မဟုတ်ရင်တော့ ပြည်တွင်းက သတင်းစာလိုပဲဖြစ်သွားမှာပါ။

MgThaJan said...

ကျွန်တော်တော့ သူတို့ အလွတ်ကြီးဖွင့်ပေးမယ်မထင်ဘူး။ ပြည်တွင်းမှာပဲ server ထောင်ပြီး ပြည်တွင်းကလူတွေ ဒါတွေဘဲဖတ် မြန်မာဘလော့ဂ်တွေ အများကြီး ဆိုပြီး လုပ်မယ်လို့ထင်တယ်။

nyeenyee2007 said...

လူတရာအနက်က ဆယ်ယောက်က ကျနော်တို့ ဘက် ပါလာပြီဆိုတာနဲ့ ကျန်တဲ့ အယောက် ကိုးဆယ် ပါလာဖို့ မခက်တော့ပါဘူ, very good words ko say, pls keep on

မေငြိမ်း said...

ဗမာပြည်မှာ နေခဲ့တဲ့တလျှောက် ၀န်တမ်းပီပီ ကြံ့ဖွံ့တွေအနားနေခဲ့ရတာ။ သူတို့က အစိုးရရဲ့အခွင့်ထူးခံတွေဘ၀မှာ သာယာနေကြတာချည်းပဲ။ ဒါငြော့် အဆင်းရဲခံရမယ့် အစိုးရဆန့်ကျင်အုပ်စုဘက် ဘယ်တော့မှ ပါလာမယ်မထင်ပါ။ သူတို့ဘ၀ကို သူတို့ မြိန်နေကြတာပါ။ သူတို့ကိုယ်သူတို့ ခေါင်းဆောင်ပိုင်းတွေလို့ မှတ်နေတဲ့အတွက် ဘသူ့ဆီကမှ နည်းနာယူမှာမဟုတ်ပါ။ တိုက်ခိုက်ရေးကိုသာ ဦးတည်မှာ အသေအချာ။ ဘလော့လောက မှိုတက်ဖို့ပဲရှိတယ်လို့ ထင်တယ်။

ကလူသစ် said...

စစ်တပ်ကောင်းကြောင်းလောက်သာ သတင်းစာထဲပါသလိုမျိုးကို ကော်ပီလုပ်နေမယ်။ လွတ်လပ်တဲ့ဘလော့ဂ်တွေကို လိုက်မဖတ်ဘူးဆိုရင်တော့ ထူးမယ်မထင်ဘူး။ ရတဲ့အခွင့်ရေး အပြည့်ယူပြီး အတွင်းလောကထဲ လှည့်ပတ်ဖတ်ရှုတတ်တဲ့ ကြံ့ဖွတ်ဆိုရင်တော့ မဆိုးဘူး။

Anonymous said...

အကိုရေ အကိုပြောတဲ့ ၁၀ယောက်လောက်ပါလာရင်ဆိုတဲ့ စကားကို သဘောကျပါတယ် ။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ မဖြစ်လည်း မဖြစ်နိုင်ပါဘူး ။ ဒါကတော့ individual နဲ့ပဲ သက်ဆိုင်တာမို့ပါ ။ တကယ်လို့ အစိုးရဘက်ကနေ ဘလော့ခ်ရေးနေတဲ့ လူတစ်ယောက်က အပြင်လောကရဲ့ ဖွင့်ဟသံတွေ ၊ ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေ အပါအ၀င် အမှန်တရားကို သေသေချာချာ နားလည်သွားလို့ ဥာဏ်ပညာနဲ့ သုံးသပ်ဆုံးဖြတ်လာနိုင်မယ်ဆိုရင်တော့ လက်ကမ်းကြိုဆိုမှာပေါ့ ။ ဒါပေမယ့် ပြောရခက်ပါတယ်။ အတုအယောင်ဆိုတာကလည်း များတတ်တာမို့ ........

ကိုပေါ said...

ဒီပို့စ်ကိုတော့ အထူးနှစ်သက်သဗျိုး။ တကယ်ဘဲ နအဖ စိတ်မျက်စေ့လည်ပြီး ဖွင့်ပေးပါစေလို့ ဆုတောင်းလိုက်ပါရဲ့။

Unknown said...

ကိုစေးထူးရေ..
ဘလော့တွေပေါ်ပြီးကမ္ဘာပေါ်မှာသာသနာဖျက်နေကြပြီ..
မြန်မာပြည်သားဘာသာခြားတွေတောင်ဒီလိုလုပ်မှာမဟုတ်ဘူး
ကမ္ဘာကျော်အောင်လုပ်ကုန်ကြပြီ..
ဘလော့သင်တဲ့ လူပေါင်း၆၀ မှာ..အခုတင်ထားတာတွေ့ တာတောင် ၂ ခုရှိသွားပြီ..မူရင်းကတော့ ရဲထွန်းဆိုတဲ့
တိရစ္ဆာန်ပဲ..
ဘယ်လိုမှနေလို့မရဘူး..
သူတို့မို့..ရေးတော့ဘုရား..လုပ်ထားတာကားယား
ပြန်ဆော်ကြပါ..blacklist ထဲထည့်ပေးပါ..
သိပ်မပြန့်ခင် တန်ပြန်ဆော်ကြပါဦး..အရေးကြီးတယ်

လေးစားလျက်

Unknown said...

hello ko say htoo,
your post is very good and very reasonable one.i agree with you.
hta2

Anonymous said...

တစ်လောက ၀ါရင့် ဘလော်ဂါ တစ်ချို့  နေပြည်တော်မှာ အစိုးရ ၀န်ထမ်းတွေကို ဘလောဂ်လုပ်နည်း သင်တန်းပေးတာ ဖတ်လိုက်ရပါတယ်။ (ခု အဲဒီဘလောဂ်ကို သွားကြည့်တော့ ပေးမ၀င်တော့ဘူး။ ပါစတ်ဝပ်နဲ့  မှ ၀င်လို့ ရတော့မယ်တဲ့ ။ )

မသိလို့  ဖြစ်စေ၊ သိသိနဲ့  ဖြစ်စေ အစိုးရလူတွေကို သင်တန်းပေးမိရင် အဆိပ်ပင်ရေလောင်း သလို ဖြစ်မှာ သတိထားကြပါ။