Monday, November 26, 2007

စပ်မိစပ်ရာ…(၁၄)

တန်ဆောင်မုန်း လပြည့်နေ့ လွန်မြောက် သွားခဲ့ပါပြီ။ တခြားသူတွေရဲ့ ဘလော့ဂ်တွေကို လိုက်ဖတ်ကြည့်တော့မှပဲ တန်ဆောင်တိုင်ကို ရောက်ပြန်ပါပေါ့လား လို့ သိရပါတယ်။

တန်ဆောင်တိုင် လွန်မြောက်သွားပြန်ပါပြီ ဆိုကာမှပဲ ဘားအံက ပြည်နယ်ပွဲနဲ့ ဘားအံ တန်ဆောင်တိုင်ကို တမ်းတမ်းတတ သတိရမိပါတယ်။ မယ်ဇလီဟင်းချို ခါးသက်သက်ကို အိုးကြီးတွေနဲ့ ချက်၊ မဏ္ဍပ်တွေထိုးပြီးတော့ ဖြတ်သွားသမျှ ပျိုပျိုအိုအို လူတန်းစား မရွေး တိုက်ကျွေးလေ့ရှိတတ်တာ၊ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိတဲ့ ပြည်နယ်ပွဲ အစရှိတာတွေကို သတိရတဲ့ အချိန်ကျတော့ တန်ဆောင်တိုင်က လွန်မြောက် သွားခဲ့ပါပြီ။ နောက်များမှပဲ ဘားအံက ဇွဲကပင်ပွဲ အမှတ်တရ၊ ပြည်နယ်ပွဲ အမှတ်တရ ပို့စ်တွေ ရေးအုံးမှ လို့ တေးထားလိုက်ပါတယ်။

ဥရောပ ဖလား ခြေစစ်ပြိုင်ပွဲတွေ ပြီးဆုံးသွားတော့ ကမ္ဘာ့ဘောလုံး ဘိုးအေ အင်္ဂလန်အသင်းခမျာ ခရိုအေးရှား အသင်းရဲ့ ခြေစွာမှုကြောင့် ခြေစစ်ပွဲတောင် မအောင်နိုင် ဖြစ်သွားရရှာပါတယ်။ အင်္ဂလန် မပါတဲ့ ဥရောပ ဖလားပွဲက ဘာပဲဖြစ်ဖြစ် ဆားနည်းနည်းတော့ ပေါ့နေမလားပါပဲ။ ဒါပေမယ့် ဒီတပတ် မန်ယူ ရှုံးသွားတာကိုတော့ ချဲလ်ဆီး ပရိသတ် တယောက်အနေနဲ့ တော်တော်လေး ၀မ်းသာပါတယ်။ :D နောက်ပွဲတွေလည်း ထပ်ခါထပ်ခါ သရေတွေကျ လို့ ခဏခဏ ရှုံးပါစေ။ :P

နိုဝင်ဘာလ ၂ ရက်နေ့တုန်းက ပျဉ်းမနားမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲ တရပ်မှာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာက မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်တွေ အနက် Malnourishment လျှော့ချရေးကို အကောင်အထည် ဖော်ရာမှာ လမ်းကြောင်းမှန် (on track) ပေါ်ကို ရောက်နေကြောင်း၊ ဆင်းရဲ နွမ်းပါးမှုမျဉ်း (အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရန် စားသုံးမှုစရိတ် လုံလောက်မှု မရှိတဲ့ အိမ်ထောင်စု အချိုး) ကို ရောက်နေတဲ့ အိမ်ထောင်စု အရေအတွက်ဟာဖြင့် ၂၀၀၄ ခုနှစ် (၂၀၀၇ မဟုတ်ပါ) စာရင်းအရ ၃၂ ရာခိုင်နှုန်း ရှိနေတဲ့ အတွက် အိမ်နီးချင်း လာအို၊ ဘင်္ဂလားဒေ့ရှ်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကွာခြားမှု မရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

အဲဒီ ပြောဆိုချက်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ အဟာရ ချို့တဲ့မှုကို ဖော်ပြတဲ့ အသက်ငါးနှစ်အောက် ကလေးသူငယ်များရဲ့ ကိုယ်အလေးချိန် လျော့နည်းမှု အနေအထားဟာ ၁၉၉၇ မှာ ၃၈.၆ ရာခိုင်နှုန်း၊ ၂၀၀၀ ပြည့်နှစ်မှာ ၃၅.၃ ရာခိုင်နှုန်း၊ ၂၀၀၃ ခုနှစ်မှာ ၃၁ ရာခိုင်နှုန်း ရှိပါသတဲ့။ ဒါပေမယ့် ကြားထဲက လစ်ဟာနေတဲ့ နှစ်များရဲ့ အခြေအနေနဲ့ ၂၀၀၆ ခုနှစ် အခြေအနေကိုတော့ ထည့်သွင်း မပြောဆိုခဲ့ပါဘူး။

ထူးခြားတဲ့ သတင်းတရပ်အနေနဲ့ `အရည်အသွေးမြင့် ၀က်သား ၀ယ်ယူနိုင်´ ဆိုတဲ့ သတင်းတပုဒ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ အံ့ဘနန်း ဖတ်လိုက်ရပါတယ်။ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနရဲ့ မွေးမြူရေး ခြံထွက် သန့်စင်ပြီး အရည်အသွေးမြင့်၊ အဆီနည်း၊ အသားများ၊ အခေါက်ပါး ၀က်သားများကို တပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးလျက် ရှိကြောင်း သတင်းထူးကြီးပါ။ :D ငါးပိဿာနဲ့ အထက် ၀ယ်ယူရင် အိမ်အရောက် လိုက်ပို့ပေးအုံးမှာပါတဲ့။

ဖိလစ်ပိုင် နိုင်ငံမှာ ပျှမ်းမျှအားဖြင့် တနာရီကို လုပ်သား ၁၂၁ ဦးဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြောင်း သိရပါတယ်။ စာရင်းဇယား တွက်ချက်လို့ ရစတမ်းဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကရော တနာရီကို လူ ဘယ်နှစ်ယောက် ပြည်ပကို ထွက်ခွာနေလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကြိုတင် အသိပညာပေး လုပ်ဆောင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပါတော့မယ် လို့ သိရပါတယ်။ တကယ်ကတော့ အသိပညာပေးတယ် ဆိုတာထက် ကလေးစစ်သားတွေ စုဆောင်းနေတဲ့ တပ်ရင်း တွေနဲ့ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူတန်တာယူ၊ တားဆီးတန်တာ တားဆီးလုပ်ရမှာပါ။ ဒါပေမယ့် အခုလို လုပ်လာတာကိုက (တကယ့်အစစ် ဆိုရင်) ကြိုဆို လက်ခံစရာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းများထဲမှာ အရွယ် မရောက်သေးသူ ကလေးသူငယ် ပါဝင်ကြောင်း တွေ့ရှိခဲ့ရင် မိဘထဲ ပြန်လည် အပ်နှံခြင်း၊ ပညာသင်ကြားလိုပါက ကျောင်းအပ်နှံပေးခြင်း၊ ပညာသင်ကြားလိုခြင်း မရှိပါက ၀ါသနာ အလိုက် လူမှု ၀န်ထမ်း ဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများမှာ လက်ခံ သင်ကြားပေးခြင်းတွေ ဆောင်ရွက်မယ် လို့ သိရပါတယ်။ အဲဒီ စာသားတွေရဲ့ အဓိပ္ပာယ်သက်ရောက်မှု တမျိုးကတော့ စစ်ထဲဝင်ဖို့ ရောက်လာတဲ့ အရွယ်မရောက်သေးသူ ကလေးများကို ရှေ့တန်းစစ်မြေပြင်လို နေရာမျိုးကို မပို့သည့်တိုင်အောင် ရဲမွန် သင်တန်းကျောင်းလို နေရာမျိုးကို ပို့နိုင်သေးတဲ့ အရိပ် လက္ခဏာပါပဲ။

မင်းသား ကိုကျော်သူနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖြေရဲ့ အင်တာဗျူးတခုက အဖြေစကားတချို့ကို ဘ၀င်မကျစရာကောင်းလှစွာ ဖတ်ရှုလိုက်ရပါတယ်။ အဲဒါကတော့…

`အနုပညာသမားက အနုပညာ လုပ်ငန်းပဲ လုပ်ပေါ့။ လူမှုရေးတွေ သူလုပ်လို့လည်း ရတာပဲ။ လုပ်ချင်တယ် မလုပ်ချင်ဘူး ဆိုတာကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ပေါ့ကွယ်။ အနုပညာသမားက အနုပညာပဲ လုပ်ရင် ဘာမှ ဖြစ်နိုင်စရာ အကြောင်း မရှိဘူး´

မြတ်ခိုင်ရဲ့ သူအနှစ်နှစ်အလလက ကြိုးစားခဲ့ရပါတယ် ဆိုတဲ့ ဦးအောင်ကြီးနဲ့ တွေ့ဆုံခန်းတွေကို လျှပ်တပြက် ဂျာနယ်တွေမှာ ဖတ်ရှုလိုက်ရပါတယ်။ ဖတ်ရင်းနဲ့ အာရုံထဲမှာ မြင်ယောင်လာတာကတော့ မြတ်ခိုင်နဲ့ ဦးအောင်ကြီးရဲ့ တွေ့ဆုံခန်းနဲ့ မတူတော့ဘဲနဲ့ လက်ရှိ အုပ်ချုပ်နေသူတွေထဲက တာဝန်ရှိသူ စစ်ဘိုချုပ် တယောက်ယောက်နဲ့ ဦးအောင်ကြီး အင်တာဗျူးနေတဲ့ ပုံစံမျိုး မြင်ယောင်လာမိစေတဲ့ အမေးတွေနဲ့ အဖြေတွေပါပဲ။

ဒီတပတ် စပ်မိစပ်ရာကတော့ အကြောင်းအရာတွေ နည်းနေမလားပါပဲ။ လောလောဆယ်မှာ ကျနော်တယောက် ကျောအောင့်တဲ့ ဝေဒနာ ခံစားနေရတာကြောင့် အရင်က ဖတ်မှတ်ပြီး စပ်မိစပ်ရာထဲ ထည့်ရေးမယ်လို့ တေးထားခဲ့သမျှတွေလည်း အတွေးထဲ ပေါ်မလာ၊ ခေါင်းတွေက မူးနောက်လာတာနဲ့ ဒီတပတ်မှာတော့ ဒီမျှနဲ့သာ နိဂုံးချုပ်ရင်း…။

အားလုံး ပျော်ရွှင် အဆင်ပြေကြပါစေ။


ကလိုစေးထူး

6 comments:

မြရွက်ဝေ said...

ပြည်နယ်ပွဲကို လွမ်းတယ်ဗျို့။ အခုနောက်ပိုင်းလို အဖြစ်လောက်ပဲ လုပ်ခွင့်ရတဲ့ ပွဲတော့ မသွားချင်ဘူး။ ကရင်ဒုံးအကပြိုင်တာ ကြည့်လို့ကောင်းတယ်။ စိတ်ကို လန်းဆန်းမြူးတူးစေတယ်။ မဲဇလီတာလပေါ့ကိုလည်း လွမ်းပါ့။

thamudayanwe said...

ကရင်ပြည်နယ်အကြောင်းသိချင်ပါတယ်..တင်ပြပေးပါ..
ကရင်ဒုံးယိမ်းတောင်မှ..၁ခါပဲကြည့်ခဲ့ရတယ်..
လုံးဝ..မမှတ်မိဘူး..youtube မှာရှာတာလဲမတွေ့လို့ပါ
ကရင်သံဝဲ၀ဲလေးတွေကိုကြိုက်တယ်.
အရာအားလုံးကရေးရေးပဲမှတ်မိတယ်..မိသားစုအချစ်လွန်ဆွဲပြိုင်ပွဲမှာ..
ကရင်ပြည်နယ်ကိုမေ့ခဲ့ရတယ်..
ရေးပါ..မျှော်နေမယ်..

နေမြန်မြန်ကောင်းပါစေ

Winkabar said...

ရေးဖို့ တို့ထားလိုက်လေကိုစေးထူးရဲ့။ အဲလိုပဲရေးမယ်စဉ်းစားထားတာတွေက တကယ့်တကယ်ရေးမယ်ဆိုရင်ပျောက်ပျောက်ကုန်တယ်။
စာရွက်တစ်ရွက်ရွက်မှာရေးထားလိုက် မှတ်ထားလိုက်ရင်တော့ မမေ့တော့ဘူးပေါ့။
ဆရာလုပ်တာမဟုတ်ဘူးနော်။ အကြံပေးတာပါ။
ဘာမှမစဉ်းစားပဲတစ်ရေးအိပ်လိုက်နော်။ ခေါင်းမူးနေရင်။
မြန်မြန်နေကောင်းပါစေနော်။

nu-san said...

ကိုစေးထူးရဲ့ စပ်မိစပ်ရာများကို လာဖတ်သွားပါတယ်.. အမှန်အတိုင်းဝန်ခံရရင် ကျမက အဲလောက်စုံအောင် မဖတ်နိုင်တော့ ကိုစေးထူးရဲ့ စပ်မိစပ်ရာကို လာ လာဖတ်ရတာ ဗဟုသုတလည်းရတယ်.. သတင်း ဆိုလိုရင်းကိုလည်း သိရတယ်...

အမြန်နေပြန်ကောင်းပြီး ပို့စ်များများ ရေးနိုင်ပါစေ.. :)

ကလိုစေးထူး said...

မြရွက်ဝေ…၊ ဟုတ်တယ်ဗျာ ပြည်နယ်ပွဲကတော့ တကယ်လွမ်းစရာပဲ။ အခုလောက်ဆိုရင် အရင်လို စည်ပါ့မလားတောင် မသိတော့ဘူး။
သမုဒယ…၊ ကရင်ပြည်နယ် အကြောင်းဆိုပြီး ပထ၀ီဆန်ဆန်တော့ သိပ်မရေးချင်ဘူး။ :D ဒါပေမယ့် ရေးချင်တာလေးတွေတော့ ရှိပါတယ်။ မကြာမီ လာမည် ပေါ့။ :P
ဝင်္ကပါ။ အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ကျနော် အဲဒီလို တခါတလေ ရေးမှတ်ထားလေ့ရှိပါတယ်။ အလုပ်ထဲမှာ တွေးလို့ရတာလေးတွေ တချို့ပေါ့။ :)
မနုစံ …။ ကျေးဇူးတင်ပါတယ်။ စပ်မိစပ်ရာကို တင်ဆက်ဖြစ်တဲ့ ရည်ရွယ်ချက်ကလည်း ဖတ်မိသမျှ အတိုအထွာ (ပို့စ်တပုဒ်စာ မပြည့်တာတွေ) ကို စုစည်းပြီး သတင်းလက်ဆင့်ကမ်း တင်ဆက်ချင်တဲ့ သဘောပါပဲ။ နေမကောင်းဖြစ်တာကလည်း ကျောအောင့်တာပါပဲ။ လေ့ကျင့်ခန်းယူလိုက်ရင် သက်သာတန်ကောင်းပါတယ်။

လာလည် ဖတ်ရှုသွားကြသူ အားလုံး ပျော်ရွှင် အဆင်ပြေကြပါစေ။

မေငြိမ်း said...

စေးထူးရေ.. ပြည်နယ်ပွဲကို မေ့ထားခဲ့မိတာ အမစိတ်ထဲ တော်တော် မကောင်းဖြစ်မိတယ်။ အမရဲ့ နောက်ဆုံးထွက်ခဲ့တဲ့ လုံးချင်းဝတ္ထုမှာတောင် ပြည်နယ်ပွဲအကြောင်း သေချာ ထည့်ရေးခဲ့သေးတာပါ။ ဘားအံက တပည့်လေးတွေသာ သိရင် စိတ်မကောင်းဖြစ်ကြမှာ။ ၅နှစ်လုံးလုံး အပျက်အကွက်မခံနိုင်ဘဲ ပျော်ခဲ့ဖူးတဲ့ ရက်တွေပါ။