Tuesday, May 13, 2008

ခိုးရက်…စားရက်ကြသူတွေရယ်…

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်တုန်းကပါ။

အဲဒီတုန်းက ကျနော်က ဦးလေးတယောက်ရှိတဲ့ တိုက်ကြီးမြို့ကို အလည်အပတ်ရောက်ခိုက်ပေါ့။ တမနက်ကျတော့ တိုက်ကြီးမြို့မဈေးမှာ မီးလောင်ပါတယ်။ ထူးထူးဆန်းဆန်း မနက်လေးနာရီ သာသာလောက်မှာ ထလောင်တဲ့ အဲဒီမီးကြောင့် မြို့သူမြို့သားတွေ၊ အထူးသဖြင့် ဆိုင်ပိုင်ရှင်တွေဟာ အလစ်အငိုက်မိသလို ဖြစ်သွားကြပါတယ်။ ဒါနဲ့ တချို့လဲ မီးငြှိမ်းတန်တာ ငြှိမ်းကြတဲ့ ကြားကနေ ကိုယ့်ပစ္စည်းလေးတွေ ရလိုရငြား သယ်ထုတ်ကြပေါ့…။

အဲဒီအခိုက်အတန့်မှာပဲ တိုက်ကြီးနယ်မြေခံက စစ်တပ်တွေ ရောက်လာပါလေရော…။ သူတို့ ရောက်လာပြီဆိုရင်ပဲ လုံခြုံရေးအတွက် ဆိုပြီးတော့ ဈေးထဲရောက်နေနှင့်တဲ့ လူတွေကို အကုန်မောင်းထုတ်ပြီး မီးလောင်နေတဲ့ ဈေးပတ်ဝန်းကျင်ကို အကုန် ပိတ်ကာလိုက်ပါတယ်။ မီးသတ်ကားတွေနဲ့ မီးသတ်သမားတွေက လွဲလို့ပေါ့။ နောက်တော့ ထုံးစံအတိုင်းပဲ မီးက တဈေးလုံးအကုန် လောင်ပြီးမှ ငြိမ်းသွားပါတော့တယ်။

မီးလောင်ပြီးပြီဆိုတော့ နောက်နေ့တွေမှာ ယာယီလဟာပြင် ဈေးသဖွယ် ဖြစ်သလို ခင်းကျင်းလို့ ရောင်းရ၊ ၀ယ်ကြရပြန်တာပေါ့…။ အဲဒီမှာတင် ဇာတ်လမ်းက စတာပါပဲ။

တချို့စစ်သားတွေက ပိတ်အုပ်တွေ၊ အ၀တ်အထည်တွေ၊ တချို့ဆိုရင် ကက်ဆက်အသစ်ကြီးတွေကို ဈေးနှုန်းက အလွန်အင်မတန် ချိုချိုသာသာနဲ့ကို လိုက်စပ်ရောင်းနေတာပါ။ စစ်တပ်ထဲကနေ အဲဒီပစ္စည်းတွေ ဘယ်ပုံဘယ်နည်း ထွက်လာတာလဲ …?

အခုတော့လဲ တိုက်ကြီးမြို့မ ဈေးသစ်ကြီးဆိုတာက သူမဟုတ်သလို သစ်သစ်လွင်လွင် ဖြစ်နေလောက်ပါပြီ။

***

အခုလဲ အဲဒီလိုမျိုး အလားသဏ္ဍာန်တူ သတင်းတွေ ကြားနေရပြန်ပါပြီ။

`ဒုက္ခသည်အတွက် အသက်ဆက်ရမည့် အစားတလုပ်ကို အာဏာပိုင်များ လုစားနေ´

`မုန်တိုင်း ဒုက္ခသည်အတွက် ပစ္စည်းကို အလွဲသုံးစားလုပ်နေ´

`ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ညောင်ပင်လေးဈေးတွင် စစ်ကားတစီးက ထိုင်းနိုင်ငံ ထုတ် မာမားခေါက်ဆွဲခြောက်များကို လာရောင်းသော်လည်း ဈေးသူဈေးသားများက မ၀ယ်ကြကြောင်း´

အသက်ဘေးကြုံရတဲ့လူတွေကို လှူထားတဲ့ အလှူပစ္စည်းတွေ၊ အစားအစာတွေကို ကြားထဲကနေ ဖြတ်ပြီး ခိုးယူရောင်းစားဝံ့လောက်တဲ့ လူတွေက ဘယ်လိုလူစားတွေများပါလဲ။ နိုင်ငံတကာက လှူထားတဲ့ သွပ်တချပ်ကို ၅၀၀၀ နှုန်းနဲ့ ပြန်ရောင်းစား၊ ဘိုကလေးမှာ တပ်မ ၆၆ တပ်တွေက ကုလသမဂ္ဂက ပေးတဲ့ မိုးကာတွေကို ဈေးထဲမှာ ပြန်ရောင်းစား၊ WFP အဖွဲ့ရဲ့ ပစ္စည်းထုပ်တွေက မင်္ဂလာဈေးထဲရောက်လိုရောက် … … …။

***

နိုင်ငံတကာ အကူအညီတွေကို လက်မခံခဲ့တာက ဘာကြောင့်၊ ဘယ်လိုကြောင့်၊ အခု လက်ခံတာက ဘာကြောင့် ဘယ်လိုကြောင့် အမေရိကန်က အကူအညီကို မယူတာက ဘာကြောင့် ဘယ်လိုကြောင့်နဲ့ ရှုပ်ထွေးပွေလီနေအောင်လဲ ပြောကြရေးကြ…၊ ဟော… အခုတော့လဲ ခိုးကြ၊ ဖွက်ကြ။

ကျနော်ကတော့ အဲဒီလူတွေ အဲဒီလို ခိုးတယ်ဆိုတဲ့ သတင်းကို လုံးဝဥဿုံ ယုံပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော့်မျက်မြင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေရယ်၊ လက်ရှိ သူတို့ စစ်တပ်ထဲမှာကိုက အောက်ခြေစစ်သားတွေ ငတ်ပြတ်နေကြတဲ့ အခြေအနေတွေရယ်ကို ယှဉ်ထိုးကြည့်လိုက်ရင် သူတို့ ခိုးကြတယ်ဆိုတာ သံသယ ဖြစ်ဖွယ် လုံးဝ မရှိပါဘူး။

ယနေ့ခေတ် မီဒီယာကွန်ယက်ကို ဘယ်လိုနည်းနဲ့မှ လက်ဝါးကြီးအုပ်လို့မရတဲ့ အခုအချိန်မှာ ဘိုကလေးက ဦးကြီးရဲ့ ငိုသံပါနဲ့ ပြောနေတဲ့ စကားကိုလဲ ကျနော်တို့ ကြားခွင့်ရပါတယ်။ အဲဒီအပြင် တကယ်တမ်းမှာ ဘယ်သူတွေက အလှူကို ထိထိရောက်ရောက် ဆောင်ရွက်နေတာလဲ၊ ဘယ်သူတွေက ဟန်ပြနေသလဲဆိုတာကိုလဲ သက်သေအထောက်အထားပေါင်း မြောက်မြားစွာနဲ့ မြင်ခွင့်၊ သိခွင့် ရနေပါတယ်။

အဲဒီလောက်တောင် မီဒီယာ ဟင်းလင်းပွင့်နေတဲ့ အချိန်မှာ ခိုးဝံ့၊ ဖွက်ဝံ့နေတာကို ဘယ်သူကမှ မတားမဆီးနိုင်ကြတော့ဘူးလားလို့ လဲ မချင့်မရဲဖြစ်မိပါရဲ့။

ကျနော်တို့ လှူချင်တာ ဒုက္ခအတိရောက်နေတဲ့ ကျနော်တို့ရဲ့ အမိအဖနဲ့ တူတဲ့ ပြည်သူတွေအတွက်ပါ။ အဲဒီလို ကျနော်တို့ အမိအဖအတွက် ထမင်းတလုပ်ကို ဖြတ်စားတဲ့လူတွေ၊ ရေတပေါက်ကို ဖြတ်သောက်ရက်တဲ့လူတွေ၊ ငွေစတစုကို ဖြတ်လုရက်တဲ့လူတွေကို ကျနော်တို့ ဘယ်လို မေတ္တာထားရပါတော့မလဲဗျာ။ ဘယ်လို အသိတရားမျိုးနဲ့ ကျနော်တို့ ခွင့်လွှတ်ပေးရပါတော့မလဲ…။

အကုသိုလ် အဆိုးအယုတ်ကောင်တွေရဲ့ ဇတ်သိမ်းခန်းကို မြန်မြန်ရောက်လှည့်ပါတော့…။


ကလိုစေးထူး

7 comments:

Anonymous said...

it is our myanmar people's destiny? how can we escape?

Anonymous said...

..hoo....

no words to say.
no words to shout.

How can we do ..?

:(

Phyu

htoo said...

Theses photos proved everything.
http://farm3.static.flickr.com/2211/2493092654_e97a639f9f_o.jpg
http://farm3.static.flickr.com/2049/2493092722_9b93d8eb84_o.jpg

Anonymous said...

ကျနော်လည်း အဲဒီလူတွေ အဲဒီလို ခိုးတယ်ဆိုတဲ့ သတင်းကို လုံးဝဥဿုံ ယုံပါတယ် အစ်ကို ဒါက ပြောနေစရာတောင်မလိုဘူးး ခေါင်ကအစ မိုးယိုနေတော့ ပိုဆိုးပေါ့ သူခိုးကြီးနဲ့  သူခိုးလေးပဲ ကွာတာ အောက်ခြေက ငတ်နေပြတ်နေလို့ ခိုးတာထားပါတော့ အဲ့ဒီအပေါ်က အသေဆိုးကြီးတွေက သူတို့  တစ်သက်စားမကုန်အောင် ခိုးထားပြီးတာတောင် ထပ်ခိုးနေကြသေးတယ် ။ ငတ်နေကြတဲ့ သူတွေရဲ့ မျက်ဝန်းတွေကို သူတို့  သေသေချာချာ စိုက်ကြည့်မရဲဘုးဆိုတာ ကျနော်သိနေတယ် သူတို့ ရဲ့ အ၇ိပ်သူတို့ ကို အမြဲခြောက်လှန့်နေမှာပါ ..................ရင်ခံတယ် ဖြေတွေးလို့ ကို မရဘူးဗျား(((((((

Weik Zar said...

It looks like the humanitarian aid from the international community has been become rations for the military dogs.

father said...

we don't know how to express the word
of sorry ,and the Tatma 66 - the thugs from the hell and will be coming back to hell later on

Khin said...

မဆလခေတ်မှာတန်းစီတိုးစားရှိတယ်
မင်္ဂလာဒုံ ဈေးမှာ စစ်တပ်ပစ္စည်းတွေ အကုန်ဝယ်လို့ရတယ်

ဆေးတပ်ကဆရာဝန်တွေဆေးမှောင်ခိုရောင်းပြီး အိမ်စာရိတ်ရှာရတာရှိတယ်

အိမ်ဖေါ်တွေဆိုတာ ဈေးဘိုးက ဘုန်းကြတယ်။

ရုံးဒရိုင်ဘာတွေ အားလုံး ဓါတ်ဆီခိုးရောင်းတဲ့ နိုင်ငံကို ဘာ အထူးအဆန်းရေးပြနေတာပါလည်း လို့ စဉ်းစားမိပါတယ်။