Wednesday, May 14, 2008

လက်…

မှင်တက်မိသွားသော စိတ်အစဉ်နှင့် အတူ ၀မ်းနည်းခြင်း၊ ယူကြုံးမရခြင်း များစွာတို့ကြောင့် အကြည့်တွေက တနေရာထဲကို စူးစိုက် ကြည့်မိရက်သား…။

လက်တွေ…၊ လူများစွာရဲ့ လက်များစွာတွေ…။

ဒီလက်တွေက အရောင်အသွေး တူချင်မှ တူလိမ့်မည်။ စိုစိုပြည်ပြည် ရှိချင်လဲ ရှိလိမ့်မည်။ ကြုံလှီခြောက်ကပ်နေတဲ့ လက်တွေလဲ ဖြစ်နိုင်သည်။

ဒီလက်တွေနဲ့ပဲ သူတို့တတွေ ဘ၀ကို အမျိုးမျိုး ရုန်းကန် ရပ်တည်ခဲ့ကြရဖူးမည်။ ဒီလက်တွေက စပါးတွေလဲ စိုက်ချင် စိုက်ခဲ့ဖူးလိမ့်မည်၊ နှမ်းတွေလဲ စိုက်ချင်စိုက်ခဲ့ဖူးလိမ့်မည်။ အဲဒီ လက်တွေက စိုက်တဲ့ စပါးက ရတဲ့ ဆန်ကို ကျနော်တို့ စားခဲ့ရဖူးလိမ့်မည်။

ဒီလက်တွေက ပျိုရွယ်နေဆဲလည်း ဖြစ်ချင် ဖြစ်လိမ့်မည်။ လူမမည်လည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ အရွယ်လွန်လည်း ဖြစ်ချင် ဖြစ်လိမ့်မည်။

ဒီလက်တွေက အသက်ဘေးက လွတ်အောင်တခုခုကို တွယ်ကပ်ဖက်တွယ်ခဲ့ရတဲ့ လက်တွေလဲ ဖြစ်နိုင်သည်။ တယောက်နဲ့ တယောက် ဖေးကူရင်း အသက်ဆက်ခဲ့ရတဲ့ လက်တွေလဲ ဖြစ်နိုင်သည်။ ရင်မှဖြစ်တဲ့ သားငယ်ကို လွတ်ထွက်မသွားအောင် အားယူဆွဲငင်ထားခဲ့ရတဲ့ မိခင်တွေရဲ့ လက်တွေလဲ ဖြစ်နိုင်သည်။

ဒီလက်တွေက ရင်ခုန်မှုတွေကို ပေးစွမ်းနိုင်တဲ့ ကာလတွေကိုလဲ ဖြတ်သန်းချင် ဖြတ်သန်းခဲ့ရလိမ့်မည်။ လက်တခုကို တခြားတယောက်ရဲ့ လက်တခုက ရင်ခုန်စွာ၊ မြတ်နိုးစွာ၊ ခုံမင်စွာနဲ့ ဆုပ်ကိုင် ဆုပ်ကိုင်ခဲ့ဖူးလိမ့်မည်။

အခုတော့ အဲဒီလက်တွေက လေထဲမှာ အငမ်းမရနဲ့ ဖြန့်ထားကြလေပြီ။ တခုခုကို ငံ့လင့်ရင်း၊ တခုခုကို အားကိုးတကြီး မျှော်လင့်ရင်း၊ တခုခုကို အားကိုးတကြီး တောင်းခံရင်း တိုးဝှေ့နေတဲ့ လက်အစုံတွေ…။

ဒီလက်ထဲကို ထမင်းတလုပ်စာ ဆန်တဆုပ်များ ကျလာလေမလား၊ တမနက် အသက်ဆက်စရာ ရေတပေါက်များ ကျလာလေမလား၊ နာကျင်မှုပေါင်းများစွာကို ဖြေသိမ့်စရာ ဆေးဝါးတလုံးတလေများ ရလာလေမလား။ သေချာတာကတော့ ဒီလက်တွေဟာ အကူအညီလိုနေတဲ့ လက်တွေ…၊ မျှော်လင့်နေတဲ့ လက်တွေ။ အားကိုးရှာနေတဲ့ လက်တွေ…၊ အပြစ်တစုံတရာ မရှိတဲ့ လက်တွေ…။

အဲဒီလက်တွေထဲကို လူတချို့က အစားအစာတွေ ထည့်ပေးသည်။ လူတချို့က သောက်စရာရေ ထည့်ပေးသည်။ လူတချို့က ဆေးဝါးတွေ ထည့်ပေးသည်။ လူတချို့က အ၀တ်အစားတွေ ထည့်ပေးသည်။ လက်တွေကတော့ မလောက်မငှဖြစ်မှုကို ကိုယ်စားပြုနေကြဆဲပင်…။

လက်…ဆိုသည်က ပေးကမ်းခြင်းနှင့် တောင်းခံခြင်း သဘောနှစ်ခုကို ဆောင်သတဲ့။ အဲဒီအပြင် နောက်တခုကတော့ `ဖျက်လို ဖျက်ဆီးခြင်း´ သဘောကိုလည်း ဆောင်နိုင်ပါသေးသည်။

အခု…။

ဘ၀ပေါင်းများစွာရဲ့ လက်ပေါင်းများစွာ…။ လက်ပေါင်းများစွာက ကိုယ်စားပြုနေတဲ့ ဘ၀ပေါင်းများစွာ…။ ငိုကြွေးမှုပေါင်းများစွာကို ကိုယ်စားပြုနေတဲ့ လက်ပေါင်းများစွာ အဲဒီလက်တွေရဲ့ သောကတွေကို ပြေစေဖို့အတွက် ဖေးမပေးကမ်းမယ့် လက်တွေကတော့ လိုအပ်နေဆဲ…။


ကလိုစေးထူး

6 comments:

Anonymous said...

လိုအပ်မှုတွေနဲ့  ကမ်းလင့်နေတဲ့လက်တွေ သူတို့ ရဲ့ဘ၀က တကယ်ပဲ ဗလာနတ္တိ ဖြစ်သွားကြတာပဲ တစ်ချိန်က အလှူတန်းတွေ လုပ်ခဲ့ဖူးမယ့်လက်တွေက အခုတော့ ပြန်တောင်းခံနေရတာပေါ့ တောင့်တနေတဲ့ လက်များ ရဲ့ ဆန္ဒပြည့်ဝနိုင်ပါစေလို့  ဆုတောင်းရုံမှအပ ဘာများတက်နိုင်တော့မှာလည်းဗျာ။

mg kyi poae said...

We can do for them! it is sure! As much as we can. Let start singature campaign. Let organize with us. We should do for them something. Why the government do not care them becasue of ethnic...........????????????????????

Anonymous said...

yes,
they r our benefactor.
u r right.
Why didn't they notice?
...

phyu

Unknown said...

ဟုတ်ပါတယ် အစ်ကို..။ နောက်တစ်ခုက လက် ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် လက်ညိုးထိုး အပြစ်တင်နေရုံ အတွက် သီးသန့်မဟုတ်ဘဲ...။ အတူလက်တွဲပြီး ကြိုးစားကြဖို့လဲ ပါပါတယ်...။

Anonymous said...

this article really touched my heart and it almost brought me to tears!!

Anonymous said...

this article really touched my heart and it almost brought me to tears!!