Thursday, August 21, 2008

မွေးနေ့ရှင် မမေဓာဝီ အတွက်...။

လူတယောက်ရဲ့ ဘ၀ဖြစ်တည်ခွင့် အစ ပထမဆုံးနေ့…၊ လူသားတဦးက နောက်ထပ်လူသားတဦးကို မွေးထုတ်ပေးလိုက်တဲ့နေ့…၊ ဘ၀တခုရဲ့ အသက်ရှင်ရပ်တည်ရာ ပထမဦးဆုံးနေ့…၊ အဲဒီနေ့ကို မွေးနေ့ရယ်လို့ လူတွေက အမှတ်သညာ ပြုလေ့ရှိပါတယ်။

မွေးနေ့တွေကို ရောက်တဲ့အခါ မွေးနေ့ရှင်ကို တခြားသော သူ့ရဲ့ ချစ်ခင်ရတဲ့ မိဘဆွေမျိုးများနဲ့တကွ၊ မိတ်ဆွေအပေါင်းအသင်းတွေက တောင်းဆုတွေ ချွေကြ၊ မေတ္တာတွေ ပို့သကြတာဟာ လူသားတွေရဲ့ အင်မတန်မှ နှစ်လိုဖွယ်ရာ အလေ့အထ တခုပါ။ ဒါကြောင့်လဲပဲ Happy Birthday to you ဆိုတဲ့ ရိုးစင်းလွန်းတဲ့ သီချင်းလေးဟာ တကမ္ဘာလုံးမှာ ရေပန်းအစားဆုံး ဖြစ်နေတာ ထင်ပါရဲ့…။

သြဂုတ်လ ၂၁ ရက်နေ့…။

အဲဒီနေ့ဟာ ကျနော့်အပေါ် နားလည်ခြင်း၊ ဖေးမခြင်း၊ အားပေးခြင်းတွေနဲ့အတူ ကျနော့်ရဲ့ ပြုံး၊ပျော်၊ ငို၊ရယ်၊ ဒေါမနဿ အားလုံးကို အမြဲမျှဝေခံစားခဲ့တဲ့ ထာဝရ မိတ်ဆွေ မမေဓာဝီရဲ့ မွေးနေ့ပါ။

သာမန်အားဖြင့်တော့ ဘလော့ဂါ တယောက်ရဲ့ မွေးနေ့ကို ရောက်လာရင် သူ့ရဲ့ ဘလော့ဂ်မှာ မွေးနေ့အထိမ်းအမှတ် ပို့စ်နဲ့တကွ ဆုတောင်းမှတ်ချက်လေးတွေနဲ့ စည်ကားနေလေ့ရှိပေမယ့် လက်ရှိအချိန်မှာ ဘလော့ဂ်ရေးဖို့ အခြေအနေ မပေးရှာတဲ့ မမေရဲ့ ဘလော့ဂ်ကတော့ အထီးကျန်ဆန်လှစွာနဲ့ပဲ ခြောက်သွေ့တိတ်ဆိတ်လို့ နေတယ်။ အဆက်အသွယ်ရဖြစ်တဲ့ အခါတိုင်းမှာ `ဘလော့ဂ်ပြန်ရေးစေချင်တယ် မမေ´ လို့ပြောတိုင်း ၀မ်းနည်းဟန်နဲ့ နှုတ်ဆိတ်သွားတတ်တဲ့ မမေဟာ တကယ်တော့ စာရေးချင်စိတ် အင်မတန် ပြင်းပြလှသူ တယောက်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် မမေရဲ့ မွေးနေ့မှာ သူ့ကို စိတ်အေးချမ်း ပျော်ရွှင်နေစေချင်တယ်။ အခြေအနေအရ သူ ဘလော့ဂ် မရေးနိုင်သေးပေမယ့် သူဟာ အထီးကျန် မဟုတ်ဘူးဆိုတာကိုလဲ သိစေချင်တယ်။ ဒါကြောင့် သူရေးထားတဲ့ ကဗျာလေးကို အားလုံးအတွက်လဲ အမှတ်တရ ဖြစ်အောင် တင်ပေးရင်းနဲ့ မမေ အတွက် မွေးနေ့ဆုတောင်း ပေးချင်ပါတယ်။ မမေတယောက် ဒီနေ့ဒီရက် မွေးနေ့မှသည် နောင်အနာဂတ်များစွာမှာ စိတ်နဲ့ခန္ဓာ နှစ်ဖြာစလုံး ချမ်းသာသုခများစွာ ပိုင်ဆိုင်နိုင်ပါစေ၊ ဖြစ်ချင်တဲ့ ဘ၀နဲ့ ဖြစ်နေတာတွေ ထပ်တူထပ်မျှ ကျနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မမေရေးခဲ့ပြီး (သူ့ဘလော့ဂ်မှာ မတင်ဖြစ်သေးတဲ့) ကဗျာလေးကို ခံစားကြည့်ကြပါဦး…။


ဆက်လက်ရွေ့…။

အဲဒီနေ့က

လက်ထဲမှာဗလာ

ခေါင်းထဲမှာဗလာ

ရင်ထဲမှာဗလာ…

မျက်ရည်များစွာနဲ့ ငိုကြွေးရင်း

ဟင်းလင်းပြင် ချောက်ထဲ

တယောက်ထဲ ရောက်လာခဲ့တယ်။

နွေးထွေးတဲ့လက်

အကြင်နာမျက်လုံး

နှစ်လိုဖွယ်အပြုံးတွေက

ဆီးကြိုကြပါရဲ့…

ဒီလိုနဲ့

လိုရင်ငို မြှူရင်ရယ်

လောကကြီးအလယ်မှာ

ဒေါသတခါ… သဘောကျတလှည့်

သူ… ကြီးပြင်းခဲ့ရ

အဲဒီနေ့က စလို့ပေါ့…။

တနေ့ပြီးတနေ့

တရွေ့ရွေ့ကျန်ရစ်

တနှစ်ပြီးတနှစ်ပြောင်း

အသစ်မှအဟောင်းဖြစ်

ပြန်ဆန်းစစ်ကြည့်ချိန်မှာတော့

စိတ်ခန္ဓာနှစ်ခုလုံးလည်း

အပြစ်တွေနဲ့ ညစ်ပေနေပါပေါ့လား…။

အောင်မြင်ခြင်း… ကျရှုံးခြင်းများ

ပျော်ရွှင်ခြင်း… ၀မ်းနည်းခြင်းများ

မြင့်မားခြင်း… နိမ့်ပါးခြင်းများ

အဖန်ဖန်ခံစားလျက်

အပွေးတက်နေတဲ့ နှလုံးသားမှာ

ခါးသီးမှုများစွာနဲ့…။

ဒါဟာ…

လောကရဲ့ ဒဏ်ရာလား

လောကရဲ့ ဓမ္မလား

မခွဲခြားတတ်သော်လည်း

ပျော်ရင်ပြုံး ရှုံးရင်မဲ့

ဒဏ်ရာတွေနဲ့ ငိုကြွေး

ကလေးလေးတယောက်အလား

တရားလက်လွတ်မိပြန်တယ်…။

တခါတခါ

အသိခေါက်ခက် အ၀င်နက်သလို

အပြစ်တွေကို ပြုပြင်

ပြောင်းလဲခွင့်ရရင်များ

အဲဒီနေ့ကို ပြန်သွားလိုက်ချင်သားလို့

စဉ်းစားခဲ့မိသေးရဲ့…။

ဒါပေမဲ့…

ခြေဗလာ… လက်ဗလာ

နှလုံးသားမှာ ဗလာနဲ့

စင်ကြယ်တဲ့သူငယ်မ

ဒီဘ၀မှာ ဖြစ်ခွင့်ကမရှိတော့

သင့်ခဲ့မိတဲ့အမှား

ပြုခဲ့ဖူးတဲ့ အပြစ်များစွာအတွက်

မနက်ဖန်တိုင်းမှာ

ကောင်းမှုများစွာပွါး

အရာရာကို သတိထားလျက်

တရားလက်မလွတ်စေဖို့

ကိုယ့်ကိုယ်ကို လက်တို့ရင်း…

… … … … …

… … … … …

… … … … …

သူ… ဆက်လက်ကြီးပြင်းရဦးမယ်…။

***

မေဓာဝီ

၁၉ သြဂုတ် ၂၀၀၈…။

7 comments:

. said...

Happy Birthday ပါ ..မမမေ :-)

Anonymous said...

Happy Birthday မမေဓာဝီ မွေးနေ့ မှာ ပျော်ရွှင်ပါစေး)

ညီအကိုများ said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...မမေဓာဝီရေ :)

ကလူသစ် said...

အေးဗျ။ မေဒါဝိန်ဘလော့ဂ်တောင် မရောက်တာကြာပြီ။ အသက်တနှစ်ကြီးသွားပေါ့။ လိမ်လိမ်မာမာရော နေရဲ့လားမသိဘူး။ အဆက်အသွယ်ရရင် မေးပေးစမ်းပါဗျာ။ ကလူသစ်ကြီးမေးတယ်လို့ ကြောင်လေးတွေကို ဘယ်သူအစာကျွေးနေလဲလို့။ ဟဲ

hana san said...

Happy Birthday!
Ma May.
May all of your dreams come true.

တန်ခူး said...

မေ ရေ
ဒီမွေးနေ့ ဝယ်
အမှောင်ထုမှ
လွတ်မြောက်ရကြောင်း
တို့ ဆုတောင်းသည်
ကောင်းကျိုးလိုအင်
ပြည့်စေသော်ဝ်…

ကိုစေးထူးရေ… မေ့ရဲ့ အရမ်းကောင်းတဲ့  ကဗျာလေးတင်ပေးတဲ့ အတွက် ကျေးဇူးပါ… မေ့ရဲ့ တွေးမိတွေးရာ ရေးမိရေးရာလေးတွေကို ဆက်လက်ရွေ့ မျှော်နေဆဲပါ… စိတ်သွားတိုင်းကိုယ်ပါနိုင်သည့် မွေးနေ့ ပေါင်းများစွာ ရရှိနိုင်ပါစေလို့ …

Unknown said...

မွေးနေ့ရှင်ရော ပို့စ်တစ်ခုလက်ဆောင်ပေးတဲ့ ကျွန်တော့်အစ်ကိုကြီးရော ကျန်းမာပျော်ရွှင်စွာနဲ့ လိုရာပန်းတိုင်ကို လျှောက်လှမ်း ရောက်ရှိနိုင်ကြပါစေဗျာ...။