Monday, February 09, 2009

ခေတ်နဲ့ သီချင်း...

မင်္ဂလာဒုံ လေဆိပ်... ... ...။

နက်ခ်တိုင် လည်စည်း၊ အင်္ကျီအဖြူလက်ရှည်နှင့်အတူ စတိုင်ခပ်ကျကျ ဘောင်းဘီကို ၀တ်ထားသော လူငယ်တယောက်မှာ မကြာခင်ထွက်ခွာရတော့မည့် ပြည်ပခရီးအတွက် အတန်ငယ်တော့ စိတ်လှုပ်ရှားနေလေဟန် ရှိ၏။ သို့သော်၊ တခုခုကို ဂုဏ်ယူနေဟန်လဲ ရှိသယောင်ယောင်...။

ခပ်လှမ်းလှမ်း လေယာဉ်ကွင်းထဲမှာရှိနေတဲ့ ကျိုးတို့ကျဲတဲ လေယာဉ်တွေကို လှမ်းငေးနေလိုက်သေးသည်။ အရွယ်ခပ်ကြီးကြီး၊ သစ်သစ်လွင်လွင် လေယာဉ်တစီး တရွေ့ရွေ့နဲ့ သွားနေတာကိုတွေ့တော့ သူ့ကို လိုက်ပို့တဲ့ အမေဖြစ်သူကို လက်ညှိုးထိုးပြလိုက်ရင်း...

`အဲဒီ ဖလိုက်အသစ်ကြီးနဲ့ ကျနော်သွားရမှာ အမေရ၊ ရပ်ကွက်ထဲကလူတွေကို ပြောလိုက်ဗျာ၊ ကျနော်တော့ ဒီနေ့ပဲ ဖောရင်းသွားပြီလို့´
`အေးပါ...၊အေးပါ´

ပြန်ဖြေလိုက်တဲ့ အမေ့စိတ်ထဲမှာတော့ သားဖြစ်သူ နိုင်ငံခြားထွက်ဖို့အတွက် ရောင်းချလိုက်ရတဲ့ ရှိစုမဲ့စု ပစ္စည်းလေးတွေကို ပြန်လည်မြင်ယောင်နေလေ၏။

လေယာဉ်ကြီး ထွက်သွားတော့ သားဖြစ်သူကတော့ မြင့်တက်လာတဲ့ လေယာဉ်ကြီးထဲကနေ မိုးပေါ်ကိုချောင်းလိုက်၊ အောက်က ရှုခင်းတွေကို ငေးလိုက်နဲ့ မရိုးမရွဖြစ်လို့....။ အမေကတော့ လေယာဉ်ကြီး ပျောက်သွားသည်အထိ လက်ပြလို့၊ စိတ်ထဲကနေလဲ ဆုတောင်းလို့...။

`ငါ့သားလေး ဟိုမှာ မြန်မြန်အဆင်ပြေပါစေ´

***

`ဘယ်လိုလဲဗျ၊ ဒီရောက်နေတာ ကြာပြီလား´
`ယပက်လက်မှာ နေတုန်းကထက်စာရင်တော့ အခု စလုံးကတော့ မဆိုးပါဘူး။ ဒါပေမယ့် သိတဲ့အတိုင်း ဒီမှာကလဲ ရုန်းရကန်ရသေးတာကိုး။ ဖြစ်နိုင်ရင်တော့ `အ´ ကို သွားချင်သေးတယ်။ ဘကုန်းကကောင်တွေလဲ အဆင်ပြေတယ် ပြောတယ်´
`ကျနော့် ဘော်ဒါတော့ ကကြီးကို အဟုတ်မှတ်ပြီးသွားတာ အဆင်မချောဘူးဆိုပဲ၊ ဟေးး၊ ခင်ဗျားရဲ့ ဂငယ်က ကောင်မလေးနဲ့ကရော ဘယ်လိုလဲဗျ´

အရင်က ဘာမှန်းမသိတဲ့ အခေါ်အဝေါ်တွေနဲ့လဲ ကောင်းကောင်းကျင်လည်တတ်လာလေပြီ။ မြန်မာကိုလား...၊ ဒါကတော့ လူတိုင်းသိပါတယ်လေ၊ `ရွှေ´ ဆိုတာ မြန်မာကို ပြောတာပေါ့။

***

`ဘာ))))))´
`အာ...မင်း...၊ မင်း... ဒါတော့ သစ္စာဖောက်တာပဲကွ´
`ဟာ...၊ မင်းက ငါပြန်လာတာတောင် မစောင့်နိုင်တော့ဘူးလားကွာ၊ မင်းနဲ့ငါ ချစ်ခဲ့ကြတဲ့ သံယောဇဉ်တွေက ဘယ်နားမှာ သွားပစ်လိုက်ပြီတုန်း´

တဘက်မှ ဖုန်းကိုချလိုက်တော့ ဒီဘက်မှာ ပြောနေတဲ့ လူငယ်က ရှူးရှူးရှားရှားနှင့် ပေါက်ကွဲတော့သည်။ `သစ္စာမရှိတဲ့ မိန်းမ´ `ငွေမက်တဲ့ မိန်းမ´ လို့ ပွစိပွစိလဲ ရေရွတ်နေသေးသည်။ တော်တော်နဲ့လဲ ပြန်အိပ်လို့မရနိုင်...။ တော်တော်လေး ကြာတော့ အခန်းဖော် သူငယ်ချင်းက အသည်းကွဲ လူငယ်ကို ပုခုံးကို ဖွဖွပုတ်ပြီး...

`သူငယ်ချင်း၊ အိပ်လိုက်တော့၊ မနက်ကျတော့ ငါတို့က အလုပ်ပျက်လို့ မရဘူးလေ´

နောက်တနာရီလောက်ကြာတော့ အသည်းကွဲ လူငယ်ရော၊ သူ့အခန်းဖော် သူငယ်ချင်းပါ တရှူးရှူးနဲ့ အိပ်ပျော်နေလေပြီ။
မနက်မိုးလင်းလျှင် ပုရွက်ဆိတ်များလို အလုပ်လုပ်ကြရဦးမည်။ အလုပ်သွား၊ အလုပ်ပြန်၊ အလုပ်ပြန်၊ အလုပ်သွား၊ ဒီသူငယ်ချင်းတွေနဲ့ပဲ အတူတူ ကုန်းရုန်းလုပ်လိုက်ကြ၊ ဒီသူငယ်ချင်းတွေ အချင်းချင်းပဲ ဖေးမလိုက်ကြ...။ ရွှေပြည်ကြီးမှာ ကျန်ခဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီးကိုတော့ အဝေးကသာ ဦးချလို့ပေါ့...။ တချိန်ချိန်တော့ ငွေထုပ်ပိုက် ပြန်နိုင်ကောင်းပါရဲ့ ဆိုတဲ့ မျှော်လင့်ချက်တွေက ကိုယ်စီနှင့်... ... ...။

***

အီးမေးလ်စစ်ကြည့်တော့ Forward mail ပို့လေ့ ရှိတဲ့ မိတ်ဆွေ တယောက်ဆီက စာတစောင်ရဲ့ ခေါင်းစဉ်က ထူးခြားနေတာကြောင့် သတိထားမိသွားသည်။ ခေါင်းစဉ်အမည်က...

`လူလည် အာရှသား´ ...တဲ့။

***

အနုပညာဆိုတာ ခေတ်ကို ထင်ဟပ်နေရမည်ဟု ဖတ်မှတ်ရဖူးသည်။ `လူလည် အာရှသား´ ကတော့ လက်ရှိ မြန်မာလူငယ်တွေရဲ့ ပုံရိပ်တွေကို ထင်ဟပ်နေစေတာတော့ အမှန်။ သီချင်းကို ဖန်တီး/သီဆိုသူ အနုပညာရှင်က အရိုး ...။

အပေါ်မှာ ရေးခဲ့တဲ့ စာပိုဒ်တွေကတော့ အဲဒီသီချင်းကို ခံစားမိပြီး ချရေးကြည့်တာ သက်သက် ဖြစ်ပါသည်။

အရိုးသီချင်းက ခေတ်ကို ဘယ်လိုထင်ဟပ်နေတာလဲ...၊ ခံစားနားဆင်ကြည့်ကြပါစို့။



***


အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ


ကလိုစေးထူး

(သီချင်းပေးပို့ပေးခဲ့တဲ့ ကိုအောင် ကို ကျေးဇူးတင်ပါတယ်)

11 comments:

Anonymous said...

ရွှေ တွေပေါတဲ့နေရာမှာ အဆင်မပြေလို့
ယ ကို ပက်လက်ကားကြီးစီး အိပဲ့အိပဲ့နဲ့ လှေစီးပြီး ရောက်လာတယ် ဒါလည်းနိုင်ငံဂျားပဲး)

ကိုရင်နော်ခင်လေးငယ် said...

ကိုစေးထူးရေ..

သီချင်းလေး နားထောင်ပြီး သက်ပြင်းချမိပါတယ်..
ပြန်မှ မပြန်နိုင်သေးတာကိုးနော်..

မျှဝေပေးတာ ကျေးဇူးပါ..

MANORHARY said...

ဘာလဲဟင်..ကကြီးတို့ ဂငယ်တို့ အ တို့ ဘကုန်းတို့
ဆိုတာ....

Anonymous said...

ဒီပိုစ်လေးကြိုက်တယ်။ ဟိုတစ်လောက ပိုစ်လဲကြိုက်တယ် :D

မီယာ said...

ဟုတ်ပါ့... သူငယ်ချင်းတွေကို နားထောင်ဖို့ ပေးလိုက်တယ်

Anonymous said...

အမိမြေကိုလွမ်းပေမယ့် ရွေပြည်တော်ကတော့ မျှော်တိုင်းဝေးနေလေတော့ စက်ရုပ်တ်ရုပ်လို လုပ်ရဦးမပေါ့လေ။

Anonymous said...

မနက်အိပ်ရာထ mrt စီးပြီးအလုပ်သွား။ လှိုင်ခေါင်းတွေကိုဖြတ် အလုပ်ကိုလမ်းလျောက်။ အဲယားကွန်းအခန်းထဲအလုပ်လုပ်၊ အိမ်ပြန် mrt စီး အိပ်တန်းရောက်၊ ခေါက်ရိုးကျိုးဘဝတွေ။ ရွေပြည်တော်ကြီးမနီးသရွေ.ပေါ.ဗျား။ ကြိတ်မှိတ်ပြီးဆက်သွားရဦးမယ်။

Moe Cho Thinn said...

အရိုး စွဲအောင် ကြိုက်သွားပြီ :)

mgphonemyint said...

အရိုးရဲ့ အခွေက တစ်ခွေလုံးကောင်းပါတယ်..
သူရဲ့ ဖန်တီးမှုအားကတော့ ကြောက်ခမန်းလို့ ပြောရမှာပဲ.. ဂျောက်ဂျက်တို့နဲ့ တော့ တစ်ခြားစီပဲဗျာ..
နားထောင်ချင်တဲ့မိတ်ဆွေများ..ဒီမှာနားဆင်လို့ရပါတယ်
http://mp3.mmblogs.net/2009/02/09/ah-yoo-lu-lal-arr-sha-thar/#comment-6393

Unknown said...

အရိုးရေးတဲ့ သီချင်းတွေကို အရင်ကတည်းက ကြိုက်တာ ... ။ ဒီသီချင်းနားထောင်ပြီးတော့ တော်တော်လေး သဘောကျမိတယ်။
ခေတ်ကို ထင်ဟပ်တဲ့ အနုပညာဆိုတာ ဒါမျိုးမှ။

အယုတ္တ အနတ္တဆဲတာကို သီချင်းလုပ်ဆိုတာမျိုးကိုတော့ အနုပညာလို့လည်း မသတ်မှတ်နိုင်ဘူး။ ခံစားလို့လဲ မရဘူး။ ခံစားလို့ရသူတွေ ခံစားကြရုံပါပဲ။

ကိုဖုန်းမြင့်ပေးတဲ့ လင့်ခ်ကိုသွားပြီး ဒေါင်းလုတ် ဆွဲထားလိုက်တယ်။ သီချင်းတွေ အကုန်မိုက်တယ်။
ကိုစေးထူးရော ကိုဖုန်းမြင့်ရော ကျေးဇူးတင်ပါတယ်။

Anonymous said...

အဲကွန်းအခန်းထဲမှာ အလုပ်လုပ်တဲ့ သူမှန်းသိအောင် ထည့်ရေးလိုက်တာပါဗျာ ။ ဘောင်ဘင်ခတ်တယ်တော့ မထင်စေချင်ဘူး။ မသိမသာလေးကြွားပေါ့အဟေဟေ့