Wednesday, July 13, 2011

ကလေးနဲ့ လူကြီး...

ဒီနေ့မနက်မှာ အိပ်ရာက စောစောနိုးဖြစ်ပါတယ်။ Second shift မှာ အလုပ်လုပ်နေတာမို့ ခါတိုင်း ဒီလိုအချိန် မနိုးတတ်ပေမယ့် ဒီမနက်တော့ ထူးထူးခြားခြားပဲ စောစီးစွာနိုးပြီး ပြန်အိပ်လို့လဲ မရတာနဲ့ တီဗွီရှေ့မှာ ဘာရယ်မဟုတ် ဟိုလိုင်းငေး ဒီလိုင်းမောနဲ့ ထိုင်ကြည့်နေတုန်း…

“ဟိတ်၊ ဟိတ်”

ကျနော့် အခန်းရဲ့ ရှေ့မှာက အဆောင်ဝရန်တာ တခုရှိတယ်။ ပြီးတော့ အခန်းနဲ့ ၀ရန်တာကြားမှာ လေ၀င်လေထွက်အတွက် ပြတင်းပေါက်သေးသေးလေးတွေလို မှန်ဆလိုက်တံခါး သေးသေးလေးတွေ ရှိတယ်။ နွေဘက်ပူတော့ အပူသက်သာလို သက်သာငြားနဲ့ အပြင်လေလဲ ၀င်ရအောင် အဲဒီတံခါးသေးသေးလေးတွေကို ကျနော်က ဖွင့်ဖွင့်ထားတတ်ပါတယ်။ အဲဒီ တံခါးသေးသေးလေးတွေထဲကနေ မျက်နှာသေးသေးလေး တခုက ကျနော့်ကို အပြင်ကနေ ငုံ့ချောင်းပြီး “ဟိတ်၊ ဟိတ်” နဲ့ ခေါ်နေတာပါ။

***

အဲဒီ မျက်နှာသေးသေးလေးရဲ့ ပိုင်ရှင်ကတော့ ကျနော့်အခန်း ရှေ့တည့်တည့်က အခန်းကလူရဲ့ သားကလေးပါပဲ။ ကျနော် ဒီအခန်းကို စပြောင်းလာခါစတုန်းက သူတို့ အခန်းမှာ လူနှစ်ယောက်ပဲ ရှိတယ်။ သူတို့က မလေးရှားကနေ တဆင့် ရောက်လာကြတဲ့ မြန်မာတွေ…။ နောက်တော့ ဟိုတယောက်၊ ဒီတယောက်နဲ့ တိုးလာရင်းနဲ့ အဲဒီ သားအဖပါ ဘယ်တုန်းကမှန်း မသိ ရောက်လာတာပါ…။ အမေဖြစ်သူကတော့ ဟိုနိုင်ငံမှာပဲ ကျန်ခဲ့တုန်း..တဲ့။

အဲဒါတွေ အသာထားလို့ ကျနော့်ကို “ဟိတ်၊ ဟိတ်” နဲ့ လာခေါ်တဲ့ ဇာတ်လိုက်ကျော်လေး အကြောင်းကို ဆက်ရအောင်ပါ။ ဒီကလေးက အသက်က လေးငါးနှစ်လောက်တော့ ရှိမလားဘဲ။ ယောက်ျားကလေးကလဲဖြစ်၊ အဆော့သန်တဲ့ ကလေးလဲဖြစ်ပုံရတော့ တဆောင်လုံး တခန်းမှမကျန်အောင် အင်မတန် အဆော့သန်ပါတယ်။ ခပ်တိုတိုပြောရရင်တော့ ဒီကောင်လေး အဆော့သန်ပုံက တခါတလေကနေ နှစ်ခါနှစ်လေ၊ သုံးခါသုံးလေနဲ့ အခါအလေပေါင်းများစွာ အာရုံနောက်ခဲ့ရပေါင်းများတယ်။

အခန်းတံခါးကို ဒေါက်ဒေါက်ဒေါက်နဲ့ လာခေါက်လို့ ဧည့်သည်များလား အထင်နဲ့ တံခါးသွားဖွင့်လိုက်ရင် အဲဒီကလေးလေး လာခေါက်တာပါ။ တံခါးဖွင့်လိုက်တော့ ထွက်ပြေးသွားပြန်ရော…။ ကျနော့်အခန်းရှေ့က ၀ရန်တာမှာ တခါတလေ အေးအေးလူလူနဲ့ စာထိုင်ဖတ်ရအောင် ထုတ်ထားတဲ့ ကုလားထိုင်လေးလဲ ဒီငတိလေး လက်ချက်နဲ့ပဲ အေးချမ်းမေ ဖြစ်သွားရဖူးတယ်။ တခါတလေ အပြင်သွားဖို့ အခန်းတံခါးဖွင့်လိုက်တာနဲ့ အဲဒီကလေး အခန်းဝမှာ လာအားပေးထားတဲ့ အီးအီးပုံက ကြိုဆိုနေတတ်ပါသေးတယ်။ အဖေလုပ်သူကလဲ သူ့ကလေးကို ထိန်းသိမ်းဖို့ထက် သူ့အခန်းဖော်တွေနဲ့သာ တချိန်လုံး ဟေးလားဝါးလား လုပ်ဖို့ကို ပိုစိတ်သန်ပုံရတော့ ကျနော်တို့ တဆောင်လုံးက အခန်း ၈ ခန်းမှာရှိတဲ့ မြန်မာတွေရဲ့ ၇ ခန်းလုံးလိုလိုက ဒီကလေးအတွက် ကစားကွင်းတွေချည်း ဖြစ်နေရော့သလားပါပဲ။ တခန်းတည်းသော နိုင်ငံခြားသား အမည်းရဲ့ အခန်းကတော့ ဘယ့်နှယ့်နေမယ် မသိဘူး…။

တခါမှာတော့ ကျနော် အပြင်ထွက်တော့ စောစောက ပြောတဲ့ ပြတင်းပေါက်သေးသေးလေးတွေ အကုန်လုံးထဲက တခုကို ပိတ်ဖို့ ကျန်သွားတယ်။ ပြန်လာတော့…၊ လားလား…၊ ကျေးဇူးရှင်လေးက အခန်းရှေ့က ဆိုဖာခုံမှာ ကျကျနနထိုင်လို့ ပါးစပ်ထဲမှာလဲ တခါတလေ ကျနော် စားရအောင် ၀ယ်ထားတဲ့ စတော်ဘယ်ရီသီးတွေ ပလုတ်ပလောင်းနဲ့။ အဲဒီ ပြတင်းပေါက်လေးကနေ သူ့ခန္ဓာကိုယ်လေးနဲ့ လျှောဝင်ပြီး အခန်းထဲမှာ အေးအေးလူလူ ထိုင်စားနေတာ။

ကလေးက ကလေးပဲ ဆိုပေမယ့် ကိုယ့်အခန်းထဲပါ ဒီလိုကြီးရောက်နေတော့ စိတ်ထဲ ဖုတုတုဖြစ်သွားရတဲ့ ကြားထဲမှာ ဘယ်အချိန်ကမှန်းမသိ နောက်မှာ ရောက်နေတဲ့ သူ့အဖေ ကျနော့်ကို ပြောလိုက်တဲ့ စကားကြောင့် လူက ဒေါသပါ ပိုတင်းသွားရတယ်။ “အကို အပြင်သွားတာ တံခါးကို လုံအောင်ပိတ်မသွားဘူး ထင်တယ်၊ ကျနော့်သားက အထဲလျှောက်ဝင်နေတယ်” တဲ့…။

“ဟေ့ကောင်၊ မင်းကလေးကို မင်း မထိန်းဘဲနဲ့၊ ငါ့ကိုလာပြောနေရသလားကွ၊ ငါ့ဘာသာငါ အပြင်သွားရင် တံခါးကို လုံအောင်ပိတ်သည်ဖြစ်စေ၊ ကျန်ခဲ့သည်ဖြစ်စေ မင်းဘာသာမင်း အားအားယားယား မွေးထားတဲ့ကလေးကို မင်းမထိန်းဘဲနဲ့ ငါ့ကို လာပြောစရာလားကွ၊ @#$%&”

စိတ်ထဲကပဲ ပြောဖြစ်လိုက်တဲ့ စကားပါ။ အပြင်ကိုတော့ ထွက်မကျလိုက်ပါဘူး။ ဘုကြည့်ပဲကြည့်ဖြစ်လိုက်တယ်။ ပြောရရင်တော့ အဲဒီလို အဲဒီလို အာရုံနောက်ရတဲ့ ကလေးပေါ့… … …။

***

ဒီမနက်တော့ ကိုယ်ကပဲ စိတ်ကောင်းဝင်နေတာလား ဘာလားတော့ မသိ၊ ဒီကလေး စောစောကလို ဟေ့…၊ ဟေ့ နဲ့လာခေါ်တော့ စိတ်လိုလက်ရနဲ့ပဲ တံခါးထဖွင့်ပေးလိုက်တော့ ကိုယ်တော်ချောကလဲ ကျနော့်ဘေးမှာ ခပ်တည်တည် ၀င်ထိုင်ပြီးတော့ ကျနော် ကြည့်နေတဲ့ တီဗွီကို သူကလဲ ထိုင်ကြည့်နေတယ်။

ခဏကြာတော့ ကျနော့်အနားကနေ လှစ်ခနဲ ထသွားတယ်။ ပြန်လာတော့ လက်ထဲမှာ စတော်ဘယ်ရီသီးလေး နှစ်လုံးနဲ့ ကျနော့်ကို လက်တို့ပြီး တလုံး လှမ်းပေးတယ်။ အမယ်…၊ ဒီကောင် ဒါက ဖားတာပေါ့ လို့ သဘာတကျနဲ့ တွေးပြီး ခေါင်းခါပြလိုက်တော့ သူ့ဘာသာသူပဲ ပလုတ်ပလောင်း စားပစ်လိုက်ပြန်တယ်။ ပြီးတော့ ပြန်ထိုင်နေပြန်ရော…။

ဒါပေမယ့် နောက်ထပ် ခဏကြာပြန်တော့ ကျနော့်ကို လက်တို့ပြန်တယ်။ “သားသား၊ ဘာလဲကွာ” လို့ မေးတော့ “ရေခဲချောင်း ရှိလား” တဲ့။ “ဘယ်ရှိမလဲကွ” လို့ ပြောလိုက်တော့ ငြိမ်သွားပြန်တယ်။ ဒီကောင့် ကြည့်ရတာ ကျနော့်အခြေအနေကို လှမ်းအကဲခတ်လိုက်၊ တခုခု တောင်းဆိုဖို့ စဉ်းစားလိုက်နဲ့ အကြံထုတ်နေပုံပေါ်တယ်။

“ဦးဦး၊ အဲဒီလိုင်းက မကောင်းဘူးနော်”

“ဟုတ်လားကွ၊ ဒါဆို ဘယ်လိုင်းက ကောင်းလဲ”

“ကြောင်နဲ့ကြွက်လေ၊ ကာတွန်းလိုင်း၊ ခိုင်လင်းလဲ ကောင်းတယ်”

“ဒါဖြင့်လဲ ကြည့်ကွာ” လို့ ပြောပြီး ကာတွန်းလိုင်းကို ဖွင့်ပြတာတောင် ဒီလိုင်းမဟုတ်သေးဘူး၊ ဟိုလိုင်းလဲ မဟုတ်သေးဘူး နဲ့ နောက်တော့ အဲဒီ ကာတွန်းလိုင်း တခုမှာပဲ စိတ်တိုင်းကျသွားပုံရတယ်။ ဒါနဲ့ ဒီကောင့်ကို “မင်း ငြိမ်ငြိမ်ထိုင်ကြည့်နေနော်” လို့ ပြောပြီး ကွန်ပျူတာရှေ့မှာ လာထိုင်ပြီး စာလေးဘာလေး ရေးမလား ကြံစည်ရတယ်။

***

“ဦးဦး၊ ဂိမ်းဆော့တတ်လား”

ဒင်းက ဘယ်အချိန်ကတည်းက အနောက်ကိုရောက်နေပြန်တယ် မသိ။ လာမေးနေပြန်တယ်။ ဒီကောင် ကွန်ပျူတာကို လာကိုင်ချင်နေပြန်ပြီ ထင်တယ်။ ကျနော့် ကွန်ပျူတာက အိမ်ကိုလာလည်တဲ့ ဘော်ဒါတွေရဲ့ ဘုစုခရုတွေဆော့တဲ့ ဂိမ်းလက်ချက်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကျေရပေါင်းများပြီ။ ဒီတော့ ဒီကောင့်ကိုလဲ ပေးမကိုင်ချင်တာနဲ့ပဲ…

“မဆော့တတ်ပါဘူး”

“သားသား ဆော့တတ်တယ်”

“ကာတွန်းကား သွားကြည့်လေကွာ”

ရှုတည်တည်နဲ့ တချက်ပြန်ကြည့်ပြီး လှည့်ကြည့်လှည့်ကြည့်နဲ့ တီဗွီရှေ့ သွားပြန်ထိုင်နေတယ်။ ဒါပေမယ့် ကြာကြာမခံပါဘူး။ အနားကို နောက်တခေါက် ထပ်ရောက်လာပြီးတော့…

“ဦးဦးက ဘောလုံးပွဲကြည့်လေ”

“မင်း အိမ်ပြန်တော့မလို့လား”

“သားသားက ဂိမ်းဆော့မယ်”

အင်း…၊ ကိုယ်က အစလုပ်ပြီး အိမ်ထဲခေါ်သွင်းမိမှတော့ မတတ်နိုင်တော့ဘူး…။ ဒါပေမယ့် အခုမှ ပြန်အစပြုရမယ့် ကိုယ့်ဘလော့လေးအတွက်လဲ စာတိုပေစိလေးတွေ ရေးချင်သေးတာ…၊ ခက်တာက ဒီကောင်ကလဲ ဂိမ်းမှ မဆော့ရရင် အနားက ခွာမယ့်ပုံမပေါ်တော့ဘူး။

***

“ကဲ…၊ ဆရာသမားလေး၊ ဆော့တော်မူနော်၊ ဒါပေမယ့် ခဏနေရင်တော့ အိမ်ပြန်တော့” လို့ ပြောပြီး ကွန်ပျူတာရှေ့က ဖယ်ပေးလိုက်တော့ စွေ့ခနဲဝင်ထိုင်ပြီး ဂိမ်းဆိုက်ဒ်တွေကို ဖြတ်ခနဲ ဖြတ်ခနဲ ဖွင့်လိုက်တာများ သွက်လို့…။

ဆော့လို့ဝသွားလို့ “သားသားအိမ်ပြန်တော့မယ်” ပြောတာနဲ့ အခန်းတံခါးကို ဖွင့်ပေးလိုက်တော့ အခန်းရှေ့ ၀ရန်တာက ကုလားထိုင်မှာ သူ့အဖေက လက်ထဲမှာ ဘီယာပုလင်းလေးကိုင်လို့ မနက်စောစောကို ရီတီတီ မျက်ခွက်နဲ့ ကြိုဆိုနေတယ်။ သူ့သား ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာ စိတ်ဝင်စားပုံလဲ မရ…။

***

ဒေါက်ဒေါက်ဒေါက် နဲ့ တံခါးလာခေါက်သံကြားလို့ ထဖွင့်လိုက်ပြန်တော့…

“ဦးဦး စတော်ဘယ်ရီစားမလား၊ သားသားနောက်နေ့လဲ လာမယ်နော်” တဲ့…။ စိတ်လဲ မဆိုးဖြစ်တော့ပါဘူး။

***

တခါတလေကျတော့ တွေးမိတာ လိုချင်တာကို ရဖို့အတွက် ကလေးတွေရဲ့ လုပ်ရည်ကိုင်ရည်က ကျနော်တို့ လူကြီးတွေထက် ပိုပြီး ပါးရည်နပ်ရည် ရှိနေသလားလို့…။

***

ကလိုစေးထူး

6 comments:

မေဓာဝီ said...

ကလေးလေးတွေ အဲဒီလိုလုပ်ရင် ခွင့်လွှတ်နိုင်ပါသေးတယ်။
လူကြီးတွေ လုပ်ရင်တော့ အမြင်ကပ်စရာ :))

တကယ်တော့ ကလေးလေးတွေ သဘာဝက အပြစ်ကင်းပြီး ချစ်ဖို့ ကောင်းပါတယ်။ လူကြီးတွေ မဆုံးမတတ်လို့ ဆိုးနေကြတာ။ ခုခေတ်ကလေးတွေက သူတို့လိုချင်တာကို ရအောင် နည်းအမျိုးမျိုးနဲ့ လုပ်တတ်ကြတယ်။ ကြောက်တာ လန့်တာလဲ မရှိကြဘူး။
ကျမတို့ ငယ်ငယ်ကတော့ တခုခုဆို လူကြီးတွေကို ကြောက်နေရတာနဲ့ ကိုယ်လိုချင်တာကို မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲ ဖြစ်ခဲ့ရတာ။ အဲဒီအစွဲက ခုထိပါနေမိတော့ တချို့နေရာတွေ အခက်အခဲ ဖြစ်ရတယ်။

Anonymous said...

Nice... Thanks..

rita said...

:)

သက်ဝေ said...

အခုနောက်ပိုင်းခေတ်က ကလေးတွေက တဆိတ်တော့ over confidence ဖြစ်လွန်းတယ်... ကောင်းတဲ့အပိုင်းက ကောင်းပေမယ့် တခါတခါမှာ မြန်မာမျက်စိနဲ့ကြည့်ရင် အဆင်မပြေလှဘူး...

ကိုစေးထူး စာပြန်ရေးလာတာ တကယ်ဝမ်းသာပါတယ်...း)))

MELODYMAUNG said...

Hehe... This kid is smarter than you, dear bro.. JK :P

မောင်မျိုး said...

ဒီခလေးက ကိုစေးထူးကြီးရဲ့ ပျော့ကွက်ကိုကောင်းကောင်းသိသွားတာပဲ နောင်များလည်း ခံရဖို့မြင်ယောင်မိပါရဲ့ ဒါပေမယ့် ပျော်စရာလေးပါပဲ နော့်း)