Saturday, August 20, 2011

အစည်းအဝေးမှာ...

သင်ဟာ အောက်ဖော်ပြပါ မေးခွန်းသုံးခုထဲက လူသုံးမျိုးသုံးစားကို တွေ့ကြုံတဲ့အခါ ဘယ်လိုလူမျိုးဟာ အဆိုးဝါးဆုံးလို့ ထင်မြင်ပါသလဲလို့ မေးခွန်းထုတ်ပြီဆိုပါစို့

(၁) အစည်းအဝေး ကျင်းပနေချိန်အတွင်း တခြားသူ တဦးတယောက် ပြောဆိုဆွေးနွေးနေခိုက်မှာ အနီးအနားက မိတ်ဆွေများနှင့် တခြားသော အကြောင်းအရာများကို ကျယ်လောင်စွာ ပြောဆိုနေလေ့ရှိသူ။

(၂) တစုံတယောက် ပြောဆိုဆွေးနွေးမှု ဆုံးခန်းမတိုင်ခင်မှာ စကားဝင်ဖြတ်ပြောခြင်းကို မကြာခဏလုပ်တတ်သူ။

(၃) အစည်းအဝေး ကျင်းပနေချိန်မှာ ဆဲလ်ဖုန်းထုတ်ပြောတတ်သူ။

***

ကျနော် မှတ်မှတ်ရရ သတိထားမိသလောက် အစည်းအဝေး ဆိုတဲ့ လူတွေစုရုံးမှုမျိုးဆန်ဆန် ကျနော့်ဘ၀မှာ ပထမဆုံး ထိတွေ့ခွင့် ရတာ ခပ်ငယ်ငယ် ကျောင်းနေစဉ်တုန်းက တနင်္လာနေ့လို နေ့တွေမှာ ကျောင်းခန်းမထဲ ကျောင်းသားတွေကို စုစည်းခိုင်းပြီးတော့ ဆရာဆရာမတွေနဲ့ ကျောင်းအုပ်ကြီးက ပြောချင်တာတွေ၊ တာဝန်ပေးချင်တာတွေကို ပြောဆို တာဝန်ခွဲလေ့ ရှိတဲ့ စည်းဝေးမှုကနေ လို့ ထင်တယ်။ အဲဒီတုန်းကတော့ ကျနော်တို့တွေက ကလေးတွေဆိုတော့ ကျနော်တို့ အလုပ်က စည်းဝေးစုစည်းဖို့ သတ်မှတ်ထားတဲ့ ကျောင်းခန်းမကိုသွား၊ ခန်းမထဲရောက်ရင် ဆိတ်ငြိမ်စွာထိုင်ပြီး ဆရာဆရာမတွေရဲ့ သြ၀ါဒကို ခံယူ၊ တာဝန်ပေးတာကို လက်ခံ၊ ဒီလောက်ပဲ။

တခါတရံကျရင်တော့လဲ ကျနော်တို့ မိသားစုထဲမှာ ဖေဖေ၊မေမေနဲ့ ကျနော်တို့ ကလေးတွေ တစုတဝေးထဲ ဆုံလို့ အစည်းအဝေးဆန်ဆန် မိသားစု စကားဝိုင်းလေးတွေလဲ ရှားတောင့်ရှားပါး ရှိဖူးတယ်။ အဲဒီအခါမှာလဲ ကိုယ့်ဆန္ဒ၊ ကိုယ်လိုချင်တာကို ပြောလို့ရတယ်ဆိုပေမယ့် များသောအားဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်ကို လူကြီးတွေကပဲ ချတာများတယ်။ ဒါပေမယ့် ဒါသည်လဲ အစည်းအဝေးတမျိုး။

နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာလေလေ၊ တက်သင့်လို့ တက်ရမယ့် အစည်းအဝေး၊ လုံးဝမတက်ချင်လဲ အားနာပါးနာ တက်ရမယ့် အစည်းအဝေး၊ တက်ချင်လို့ကို တက်ရတဲ့၊ တက်ချင်သည်ဖြစ်စေ မတက်ချင်သည်ဖြစ်စေ တက်ကို တက်ရမယ့် အစည်းအဝေး၊ စသဖြင့် စသဖြင့်နဲ့ အသက်အရွယ်နဲ့ ကိုယ်ရပ်တည်နေထိုင်ရတဲ့ အနေအထားပေါ် မူတည်ပြီးတော့ အစည်းအဝေးပေါင်းစုံကို တက်လာရတော့တာပါပဲ။

စကားမစပ်ပြောရရင် ကျနော့်ဘ၀မှာ စိတ်အပျက်ခဲ့ရဆုံး၊ မတက်ချင်ဘဲ တက်ရတဲ့ အစည်းအဝေးတချို့တလေ ရှိဖူးတယ်။ စည်းဝေးခိုင်းတဲ့လူကလဲ သူပြောချင်တာပဲပြောဖို့၊ ဒါမှမဟုတ် သူ့ကို ဒါတွေပြောကို ပြောရမယ်လို့ တယောက်ယောက်က ခိုင်းထားတဲ့အတွက် ပြောဖို့ စည်းဝေးသလို ကျနော်တို့ကလဲ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ အဲဒီ အစည်းအဝေးကို သွားရဖို့ ဖြစ်လာတတ်တဲ့ တအိမ်တယောက် အဆင့်ခံရလေ့ ရှိတဲ့ အစည်းအဝေးမျိုးတွေပေါ့။ တော်တော်စိတ်ပျက်၊ စိတ်ကုန်ဖို့ ကောင်းပါတယ်၊ တော်ကြာနေ ဟိုဟာကြွေးကြော်ခိုင်းလိုက်၊ ဒီဟာကြွေးကြော်ခိုင်းလိုက်၊ တော်ကြာနေ ကိုယ့်ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ ရဟတ်ယာဉ်ပေါ်ကလူ စိတ်ချမ်းသာအောင် အောက်ကနေပြီး ကျနော်တို့က စိတ်ပါပါမပါပါ လက်ပြနှုတ်ဆက်ခိုင်းခံရနဲ့ပါ။ ထားလိုက်ပါတော့။ အဲဒီလို အစည်းအဝေးမျိုးတွေ အကြောင်းကတော့

***

ကျနော်အထက်မှာ ပြောခဲ့သလို ကျနော်တို့တွေ တဖြည်းဖြည်းနဲ့ လူ့ဘောင်လောကမှာ အသက်အရွယ်အရရော၊ ရပ်တည်ရှင်သန်မှု အပိုင်းအရရော ဆက်စပ်မှုတွေ တဖြည်းဖြည်းများလာရင်းနဲ့ အစည်းအဝေးတွေကို တက်ဖြစ်လာရတယ်။ အစည်းအဝေးတွေနဲ့ ရင်းနှီးလာရတယ်။ အစည်းအဝေးကနေ ရခဲ့တဲ့ အကျိုးတွေကိုလဲ ခံစားလာရဖူးကြတယ်။ အစည်းအဝေးကြောင့်ပဲ ဆုံးရှုံးခဲ့တာတွေလဲ ရှိလာရဖူးကြတယ်။ အစည်းအဝေးကနေတဆင့်ပဲ မိတ်ဆွေတိုးလာတာရှိတယ်။ အစည်းအဝေးကနေပဲ မခေါ်မပြောချင်လောက်အောင် အခင်အမင်တွေ ပျက်ပြားကုန်ကြဖူးတာတွေလဲ ရှိတယ်။

တကယ်တော့ ဘာအကြောင်းကြောင့်ပဲ အစည်းအဝေးလုပ်လုပ် ဒီအစည်းအဝေးမှာ (တချို့ချွင်းချက် အစည်းအဝေးတချို့ကလွဲရင်) မင်းတော့ ဒီလိုပဲနေရမယ်၊ ခင်ဗျားတော့ ဒါမျိုးပဲ လုပ်သင့်တယ်လို့ ကြိုတင်သတ်မှတ်ထားတဲ့ အစည်းအဝေးတက်ရောက်မှုဆိုင်ရာ လူမှုယဉ်ကျေးမှု ဆိုတာ ဘယ်သူမှ တသီးတသန့်တော့ သတ်မှတ်မထားပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ အစည်းအဝေးတခုကို တက်ရောက်ကြတာနဲ့ အဲဒီ အစည်းအဝေးကို တက်ရောက်လာသော တခြားတခြားသော ပုဂ္ဂိုလ်ကြီး၊ ပုဂ္ဂိုလ်ငယ် အားလုံးကို လေးစားသမှုထားသောအားဖြင့် လိုက်နာသင့်တဲ့ အချက်တွေကတော့ ရှိပါတယ်။ ဒီတော့ အပေါ်ဆုံးက မေးခွန်းသုံးခုကို ပြန်ကြည့်ရအောင်

(၁) အစည်းအဝေး ကျင်းပနေချိန်အတွင်း တခြားသူ တဦးတယောက် ပြောဆိုဆွေးနွေးနေခိုက်မှာ အနီးအနားက မိတ်ဆွေများနှင့်အတူ တခြားသော အကြောင်းအရာများကို ကျယ်လောင်စွာ ပြောဆိုနေလေ့ရှိသူ။

ဒီအပြုအမူဟာ ကျနော်တို့ ခပ်ငယ်ငယ် ကလေးဘ၀ ကျောင်းခန်းမထဲမှာ ကျောင်းအစည်းအဝေး လုပ်တုန်းကသာလျှင် မသိသေးလို့၊ နားမလည်သေးလို့ လုပ်မိတာ ဖြစ်သင့်ပါတယ်။ ဒါတောင် အဲဒီတုန်းကတည်းကိုက ဆရာ၊ဆရာမတွေက အစည်းအဝေးလုပ်နေချိန်မှာ စကားများတာတွေ မလုပ်ဖို့ ဆိုဆုံးမခဲ့တာပါ။ အဲဒီတုန်းကတော့ မသိလို့ နားမလည်လို့ကိုး…။ နားလည်သိတတ်လာတဲ့ အရွယ်ကို ရောက်လာတဲ့အခါမျိုးမှာ ကိုယ်က အစည်းအဝေးတခုခုကို တက်ရောက်ရပြီဆိုရင်တော့ အဲဒီ့အပြုအမူဟာ ပြောဆိုဆွေးနွေးနေသူကို မလေးမခန့်လုပ်နေတာနဲ့ တူသလို အဲဒီပြောဆိုဆွေးနွေးနေတာကို စိတ်ပါဝင်စားစွာနဲ့ အာရုံစိုက် နားထောင်နေသူ တခြားသောသူတွေကိုပါ မလေးစားတာနဲ့ အတူတူပါပဲ။

(၂) တစုံတယောက် ပြောဆိုဆွေးနွေးမှု ဆုံးခန်းမတိုင်ခင်မှာ စကားဝင်ဖြတ်ပြောခြင်းကို မကြာခဏလုပ်တတ်သူ။

တခြားသော တိုင်းတပါးသားတွေက ဘယ်လိုဘယ်ပုံ ကျနော်တို့လူမျိုးက ဘယ်လိုဘယ်ပုံနဲ့ သူများလူမျိုးနဲ့ နှိုင်းလို့ ကိုယ့်လူမျိုးကိုယ် ဘာဖြစ်တယ် ညာဖြစ်တယ် မပြောချင်ပေမယ့် ကျနော်တို့ အမျိုးတွေက သူများစကားပြောနေတုန်း ၀င်ဖြတ်ပြောတာကို ၀ါသနာထုံတာက အစည်းအဝေးမှတင် မဟုတ်ပါဘူး။ အပြင်မှာလဲ အတော်ဝါသနာကြီးပါတယ်။ အပြင်မှာကတော့ ကိုယ်နဲ့ စကားပြောနေသူက အရင်းနှီးဆုံးသူတွေ ဖြစ်နေလို့ ဒါမျိုးတွေ လုပြောရတာကိုက အရသာရှိနေသလို ဖြစ်နေလို့ ပုံစံမျိုးက ပြဿနာမရှိလှပေမယ့် အစည်းအဝေးတခုကို တက်ရပြီဆိုရင်တော့ တပါးသူ ဆွေးနွေးနေတာ မပြီးသေးခင် အတင်းကာရော စကားဝင်ဖြတ် ထပြောတာတွေဟာ အတော်ရုပ်ဆိုးတဲ့ အပြုအမူပါ။

အထူးသဖြင့် ပထမတယောက် ပြောနေတဲ့၊ ဆွေးနွေးနေတဲ့ အကြောင်းအရာ နဲ့ ဆန့်ကျင်ဘက် အယူအဆလိုဟာမျိုးကို တယောက်ဆွေးနွေးလို့ ပြီးတာကို ဆုံးအောင် မစောင့်နိုင်တော့ပဲ မိမိအယူအဆကို အတင်းကြီး ကြားဖြတ်ဝင်ပြောဆိုတာပါ။ တခါတလေ အဆိုးဆုံးကတော့ ပြောဆိုနေတဲ့၊ ဆွေးနွေးနေတဲ့လူရဲ့ အကြောင်းအရာကို “ခင်ဗျားပြောနေတာ…၊ မင်းပြောနေတာ တခုမှ မဟုတ်ဘူး” ဆိုပြီး အစချီ အတင်းဝင်ဖြတ်ပြောပစ်လိုက်တာမျိုးပါ။ တကယ်တော့ ကိုယ်နဲ့ အယူအဆတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သူပြောနေတာ နည်းလမ်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အနည်းဆုံးတော့ သူ့စကားကို ဆုံးအောင် ဆွေးနွေးခွင့်ပေးသင့်ပါတယ်။ အဲဒီ အလေးထားမှု သေးသေးလေးကနေ အစပြုပြီးတော့ တခြားသော ကိုယ်လိုချင်၊ ဖြစ်ချင်တဲ့ အကြောင်းအရာ အတော်များများကို ဒီအစည်းအဝေးကနေ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ပါတယ်။ ပြီးတော့ အဲဒီလိုမျိုး အတင်းကြားဖြတ်ဝင်ရောက်သူတွေဆီကနေ ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရဖို့လဲ အင်မတန်မှ ခက်ခဲပါတယ်။

(၃) အစည်းအဝေး ကျင်းပနေချိန်မှာ ဆဲလ်ဖုန်းထုတ်ပြောတတ်သူ။

“သြော်…၊ အေး.. ဘယ်သူလားကွ၊ ငါဒီမှာ ဘယ်သင်းဘယ်ဝါ အစည်းအဝေးကို ရောက်နေတာကွ၊ အေးပါ၊ လာခဲ့ပါ့မယ်၊ အစည်းအဝေးကလဲ မပြီးနိုင်သေးလို့ကွ” ဆိုပြီး ဆဲလ်ဖုန်းကို ကျယ်လောင်စွာ ထုတ်ပြောတတ်သူကတော့ ဒီဘက်ခေတ်ရဲ့ နည်းပညာထွန်းကားမှု နောက်ဆက်တွဲမှာမှ ပေါ်လာတဲ့ လူတမျိုးထင်ပါတယ်။ တခါတလေ စကားလက်ဆုံတောင် ကျနေလိုက်ပါသေးတယ်။ ပြောဆိုဆွေးနွေးနေသူတွေကိုလဲ အလေးမထား၊ ဘာတွေပြောဆိုဆွေးနွေးနေတယ် ဆိုတာမျိုးကတော့ ခေါင်းထဲထည့်ဖို့ ဝေးစွပါပဲ။

တချို့တော့လဲ အစည်းအဝေးခန်းမထဲမှာတော့ ဆဲလ်ဖုန်း မပြောပါဘူး။ ဖုန်းလာတော့ ဘယ်သူ့ကိုမှန်း မသိ လက်ကလေး တကာကာ ပြပြီး ခန်းမအပြင်ထွက်သွားတော့တာပါပဲ။ ဒါပေမယ့် ဒါဟာလဲ သိပ်ကောင်းလှတဲ့ အပြုအမူ မဟုတ်လှပေမယ့် ဆဲလ်ဖုန်းကြီး ထုတ်ပြီး ကျယ်လောင်စွာ ပြောတတ်သူထက်စာရင်တော့ တော်သေးတာပေါ့လို့ ပြောရမလားပါပဲ။ အကောင်းဆုံးကတော့ အစည်းအဝေးမကျင်းပမီကတည်းက ဆဲလ်ဖုန်းကို ပိတ်ထားခြင်းဖြစ်စေ၊ ဖုန်းမြည်သံကို လုံးဝအသံမမြည်သည်အထိ တိုးထားခြင်းဖြစ်စေ လုပ်သင့်တာပါ။

အဲဒါကြောင့်ပဲ ထင်ပါတယ်။ အခုနောက်ပိုင်း အစည်းအဝေးအတော်များများမှာ အစည်းအဝေးကျင်းပတော့မှာ ဖြစ်တဲ့အတွက် ဆဲလ်ဖုန်းများ ပိတ်ထားပေးပါရန်လို့ ကြိုတင်မေတ္တာရပ်ခံတာမျိုးကို မှတ်မှတ်ရရ ထည့်သွင်းပြောဆိုနေကြပါပြီ။

***

ဘာရယ်တော့လဲ မဟုတ်ပါဘူး။ ကျနော်လဲ အစည်းအဝေးကျင်းပမှု ဆိုင်ရာ လေ့လာသုံးသပ်သူကြီး လေသံပစ်သလို ဖြစ်နေပြီ ထင်ပါတယ်။ အခုတလောမှာ အကြောင်းအရာ အကြီးကြီးတွေ၊ မကြီးတကြီးတွေနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးတွေကို တက်ဖြစ်တဲ့အခါ အပေါ်က ကျနော်ပြောတဲ့ အချက်တွေကနေ အစပြုပြီး အစည်းအဝေးတွေက လိုရင်းကိုမရောက် ရည်ရွယ်လားရာလဲ မမြောက်ဘဲ၊ အချိန်ကုန်၊ အညောင်းကိုက်၊ တခါတလေ တယောက်ကိုတယောက် မကြည်မလင်တွေနဲ့ အဆုံးသတ်ရတာတွေက များများလာတဲ့ အစည်းအဝေးတွေကို တက်မိပါများလို့ ဟိုရေးဒီခြစ်မိတာ…။ စာမရေးဖြစ်တာလဲ နည်းနည်းကြာနေပြီလေ။

***

ကလိုစေးထူး

3 comments:

Maung Myo said...

ကျနော့်အလုပ်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ် ဒီင်္ထဲက အချက်တွေနဲ့ ငြိတယ်ပြောရမှာပေါ့ အစည်းဝေးလုပ်နေတုန်းဆို ကျနော်ကတော့ ဖုန်းကို ပိတ်လိုက်တာပဲ ကိုယ်က လုပ်ငန်းရှင်အကြီးကြီးမှမဟုတ်ပဲ အဲ့လောက်ကြီး အရေးကြီးတာ မရှိပါဘူးလေ သူကတော့ ရယ်ရတယ် ဘော့စ်က ဆွေကြည့်နေတာတောင် “ ငါအစည်းဝေလုပ်နေလို့ ဟုတ်တယ် သူဌေးမက မကြည်တော့ဘူး ငါ့ကိုကြည့်နေပြီဟ အေးအေး နောက်နေ့တွေ့မယ် အေး လက်ဖက်ရည်ဆိုင်မှာ ဆုံမယ် ဘယ်နှစ်နာရီလဲ ငါးနာရီနော် အေးအေး ” အဲ့လိုကိုလေကြောကတော်တော်ရှည်တား)


မနေ့က သင်တန်းမှာ ဖုန်းပိတ်ဖို့မေ့သွားတာ ဖုန်းကလည်း ကိုယ့်အလုပ်က အကြီးတစ်ယောက်ဆိုတော့ အပြင်ထွက်ပြီး စကားခဏပြောဖြစ်တာ ဆရာ့ကို အားနာလိုက်တာ ဆုံးဖြတ်လိုက်တယ် နောက်ဆို ဒါမျိုးမဖြစ်အောင် လုပ်ရမယ်လို့ ။

အစည်းဝေတွေ ခဏခဏ သာဆိုရင်တော့ ကျနော်တော့ ရူးမယ်ထင်တာပဲ စိတ်ညစ်လို့။

တန်ခူး said...

၃ခုလုံးကတော့ အစည်းအဝေးတခုမှာ မလုပ်သင့်တဲ့ အရာတွေပေါ့ ကိုစေးထူးရေ... ဒါပေမယ် တတိယအချက်ကတော့ အခြေအနေ အချိန်အခါအရလို့  ဆိုရမလိုပါပဲ... ရုံးမှာ အစည်းအဝေးတတ်နေတုန်း နောက်အရေးကြီးတဲ့ပြဿနာတခုပေါ်လာရင် ဖုန်းကမကိုင်မနေရကိုင်ရတာမျိုးတွေရှိပါတယ်... ဦးစားပေးအဆင့်ငိုမူတည်ပြီးပါ... ဒါပေမယ့် ဘာမှအရေးမကြီးတဲ့ အလာဘသလာပအတွက်တော့ လုံးဝဖုန်းမကိုင်သင့်ပါဘူး...စာတွေပြန်ဖတ်ရတာရမ်းသာမိတယ်...

ညိမ်းနိုင် said...

အစည်းအဝေးမှာဖုံးပြောတာကတော့ ဆိုးပါ့ဗျာ...၊အဲ့လိုမျိုး
တွေကိုစိတ်သိပ်ကုန်...၊ကိုစေးထူးစာပြန်ရေးတာ မောင်မျိုး
ရေးမှသိတော့တယ်...အေးဆေးမှစာလာဖတ်မယ်အကိုရေ။