Saturday, May 14, 2016

အတုယူပါ... အတုမယူပါနဲ့

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စကားလေး တခွန်းကို အင်မတန် သဘောကျမိတယ်။
"ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ အသိတရားနဲ့ အုပ်ချုပ်တဲ့ စနစ်တခုကို ထူထောင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်"

***
အရပ်သား အစိုးရ စစ်စစ်က အုပ်ချုပ်တဲ့ ဒီမိုကရေစီ နိုင်ငံအဖြစ် ကူးပြောင်းကြပြီဟေ့ ဆိုတာနဲ့ ကျွန်တော်တို့က ဘာဖြစ်လဲ ဆိုတော့ အဲဒီ စနစ်နဲ့ အောင်မြင်နေတဲ့ နိုင်ငံကြီးတွေဆီ လှမ်းမျှော် ငေးမိတတ်ကြတယ်။ သူတို့ကျ ဘယ်လို စီမံတယ်ပေါ့...၊ ဘယ်လို အောင်မြင်တယ်ပေါ့။
ဒါပေမယ့် ဒီမိုကရေစီ နိုင်ငံကြီးတွေ ဖြစ်လင့်ကစား သူတို့ဆီကနေ ကျွန်တော်တို့က အတုယူစရာ ရှိနေသလို အတု မယူသင့်တာတွေလဲ ရှိတာပေါ့..။
ဒါတွေကို ရေးကြည့်ချင်တယ်။

***
သူတို့ နိုင်ငံတွေဆီမှာ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်၊ ပြောဆို ရေးသားခွင့်တွေ ရှိတယ်။ ဒါ..၊ လူတိုင်း သိနေတာပဲ။ ဆန္ဒပြပွဲ တခုခု ဖြစ်နေရင် ရဲက (လိုအပ်ရင်) အဲဒီနေရာကို လာမယ်။ အများပြည်သူ သွားလာနေတာ၊ အပန်းဖြေနေတာ မထိခိုက်စေရမယ့် နေရာလေး သတ်မှတ်ပေးမယ်။ ပြီးရင် ပြစမ်း၊ ဆန္ဒ။ အော်စမ်း တို့အရေး...။

အိုဘားမားကို ကန့်ကွက်ရုံမကလို့ ကလော်ပဲ တုတ်တုတ်၊ ပြဿနာ မရှိ။ ဒါပေမယ့် ညအချိန်မတော် မူးမူးနဲ့ ဘေးအိမ် အိပ်မရအောင် အော်ဟစ် ဆူညံနေဖို့တော့ မစဉ်းစားနဲ့။ ဘေးအိမ်က တိုင်ရင် ရဲ ရောက်လာလိမ့်မယ်။ အသံတွေ တိတ်ရင်တိတ်၊ မတိတ်ရင် သွား..၊ အချုပ်ခန်းထဲ။
ငါ့မိန်းမ ငါရိုက်တယ်ကွာ၊ ဘာဖြစ်လဲ လာမလုပ်နဲ့။ သွား...၊ အချုပ်ထဲ။ အချုပ်က လွတ်လာရင်လဲ လာပါလိမ့်မယ်၊ အမျိုးသမီး စောင့်ရှောက်ရေး အသင်းလိုဟာမျိုးက နှစ်ပတ်တခါလောက် အိမ်ကို လာလာပြီး ဇနီးသည်ကို မေးမယ်။ ကျွန်မယောက်ျား ကျွန်မကို ဆော်ပလော်တီးနေတုန်းပါပဲရှင့် ဆိုလို့ကတော့ သွားပေဦး၊ နောက်တခါ အချုပ်ထဲ...။

အရက်ကလေး ထွေထွေနဲ့ ကားများ မမောင်းလိုက်လေနဲ့။ ငါ ဘယ်သူ့ကိုမှမှ မတိုက်သေးဘူးလေကွာ လို့လဲ လာမပြောနဲ့...။ မူးပြီးမောင်းသလား။ လိုက်ခဲ့ အချုပ်ထဲ။ ကားမောင်းတဲ့ ပြစ်ဒဏ် မှတ်တမ်းမှာ တခြား အပြစ်တွေသာ အချိန်ကာလ တခုကို လွန်ရင် မှတ်တမ်း ပျောက်ပျက်မယ်။

မူးပြီး မောင်းထားတဲ့ ပြစ်ဒဏ်သည် ဘယ်တော့မှ မပျောက်။ ပထမတကြိမ် တော်ရုံမူးရင် ပညာပေးမယ်။ ဒဏ်ငွေလောက်နဲ့ ပြီးချင်ပြီးမယ်။ နောက်ထပ် ထပ်မိရင် သွား...၊ ထောင်ထဲ။
ထောင်က လွတ်လာလို့ ငါတော့ လွတ်ပဟ ဆိုပြီး အရင်လို သောင်းကျန်းမယ် မကြံနဲ့ဦး။ မူးပြီး ကားမောင်းလို့ ထောင်၊အချုပ်ကျပြီး လွတ်လာတဲ့လူမျိုးကို ရိုးရိုး မလွှတ်ဘူး။ ကာလ ဘယ်လောက်အထိ၊ အရက်ဆိုင်၊ ဘား၊ ကလပ် မသွားရဆိုပြီး ခြေချုပ်နဲ့ လွှတ်ပေးလိုက်တာမျိုး။ အဲဒီလို ကန့်သတ်တဲ့ ကြားထဲက ခိုးသွားရင် သိနိုင်အောင် သူ့ခြေကျင်းဝတ်မှာ သူ ဘယ်ရောက်နေတယ် ဆိုတာ သိနိုင်တဲ့ GPS စနစ် တပ်ထားတဲ့ ကိရိယာလေးကို တပ်ပြီးမှ လွှတ်ပေးလိုက်တာ။ ဘား၊ အရက်ဆိုင် ရောက်ပြီ ဆိုတာနဲ့ အဲဒါလေးက ရဲကို လှမ်းအချက်ပြလိမ့်မယ်။ ဒါဆိုရင် သွားပေဦး၊ ထောင်ထဲ။

ရာဇ၀တ်ပြစ်မှုတွေနဲ့ လွတ်လာတဲ့ လူတွေကို ခြေချုပ်ပေးရင်လဲ ဒီအတိုင်းပဲ။ ဒီပြည်နယ်ကနေ ဘယ်ကိုမှ မထွက်နဲ့ဆို မထွက်နဲ့ပဲ။ ထွက်လိုက်တာနဲ့ အဲဒီ ခြေကျင်းဝတ်က ဟာလေးက ရဲကို အကြောင်းကြားမယ်။
ဆိုတော့...၊ အဲဒါတွေသည် အတုယူသင့်တဲ့ ကိစ္စတွေ။ တချို့အရာတွေကိုက နည်းပညာ လိုက်မမီနိုင်သေးတာသည် ထားတော့၊ နည်းနာတွေကတော့ အတုယူကို ယူရမယ့် ကိစ္စမျိုးတွေ။

***

အတု မယူသင့်တာ ဘာတွေလဲ...။
အမေရိကားက ပြည်နယ်တိုင်းမှာ အဖော်အချွတ် ကလပ်တွေရှိတယ်။ ကာစီနို လောင်းကစားရုံတွေ တရားဝင် ရှိတယ်။ Adult stores တွေ ရှိတယ်။
ဒါတွေကို သွားအတုယူလို့ မရဘူး။ သူတို့ကတော့ သူတို့ အသိတရားနဲ့ သူတို့ ဥပဒေ ဟန်ချက်ညီ ထိန်းနိုင်သယောင် ရှိတယ် ဆိုသည့်တိုင် အဲဒီ အရာတွေကနေ ထွက်လာတဲ့ ဆိုးကျိုးတွေကို သူတို့လဲ ခံရတာပဲ။
ကျွန်တော်တို့လို နိုင်ငံတွေက ဒီအချိန်မှာ လိုက်လုပ်ရင် ဘယ်မှာ လာကောင်းနိုင်မလဲ။

***

ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ကူးပြောင်းရေးမှာ အသိတရားသည် အရင် အဓိက အကျဆုံးပဲ။ ဖမ်းတာဆီးတာတွေ မလိုအပ်ဘဲနဲ့ ကောင်းတဲ့ ကိစ္စတွေ အကောင်အထည် ပေါ်သွားဖို့က အသိတရားဟာ အဓိက ပိုကျမှာပေါ့။
အသိတရားနဲ့ အကောင်အထည်ဖော်ရုံလောက်နဲ့ မလုံလောက်တော့ရင်တော့ တားမြစ်ချက်တွေ၊ ဥပဒေတွေက မရှိမဖြစ်လိုအပ်တာပဲ။ အဲဒီလို အချိန်ကျမှာ နိုင်ငံတကာမှာကတော့ ဘယ်လိုကွ ဘယ်ဝါကွလို့ လိုရာဆွဲ ပြောလို့မရဘူး။ ဒီမိုကရေစီနဲ့ စည်းကမ်းသည် သူ့တန်ဘိုးနဲ့သူပဲ။
ကောင်းတာကို အတုယူမယ်။ မကောင်းတာဆို ယောင်လို့တောင် သွားမတုတာ ပိုအဆင်ပြေလိမ့်မယ်။

***

ကလိုစေးထူး

No comments: