Sunday, June 05, 2016

နေနည်း တူမတူ ...

ဒီတပတ် ပိတ်ရက်မှာပေါ့...။

စာဖတ်နည်း သုံးနည်းထဲက တနည်းဖြစ်တဲ့ စာပေဟောပြောပွဲ နားထောင်ခြင်းကို လုပ်ဖြစ်တယ်။ ဆရာ ဦးဘုန်း (ဓာတု)၊ ဆရာ ညီမင်းညိုနဲ့ ဆရာ ဦးကိုနီတို့ မလေးရှားမှာ ဒီနှစ် နှစ်ဦးပိုင်းတုန်းက ဟောပြောခဲ့ကြတာတွေကို နားထောင်ဖြစ်ပါတယ်။ တယောက်ကို တနာရီခွဲလောက် ပြောကြတာ ဆိုတော့ သုံးယောက်စာ နားထောင်ပစ်လိုက်တာ အားပါးတရပဲပေါ့။
အဲဒီဆရာတွေ ဟောပြောနေသမျှ၊ ဟောပြောခဲ့သမျှတွေကို နားထောင်လိုက်ရင် စာပေရေးရာ မှတ်သားစရာများအပြင် အထင်အရှား ကြားနိုင်၊ မြင်နိုင်တာကတော့ လက်ရှိ မြန်မာ့ နိုင်ငံရေး အနေအထားပဲ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဟောပြောချက်ကို နားထောင်မိရင် အဲဒီတုန်းက အခြေအနေပေါ့။ အခုခေတ်ကာလ ဆိုရင်လဲ အခုခေတ်ကာလ အခြေအနေတွေကို သူတို့ ဟောပြောချက်တွေထဲမှာ နားထောင်နိုင်လိမ့်မယ်။

***

ဦးဘုန်းရဲ့ ပြောစကား တခုကို နားထောင်မိတဲ့အခိုက်မှာ ခဏရပ်ပြီး စဉ်းစားကြည့်မိတယ်။ သူပြောတာက ဘာလဲ ဆိုတော့...

"ကြုံကြိုက်လို့ ပြောပါရစေ၊ ကျွန်တော်ဟာ စာရေးဆရာ တယောက်ပါ။ နိုင်ငံရေးသမား မဟုတ်ပါဘူး။ ညီမင်းညိုဟာ နိုင်ငံရေးသမား လုံးဝ မဟုတ်ပါဘူး။ စာရေးဆရာဟာ ကိုယ်ဖြတ်သန်းတဲ့ ခေတ်ကို မှတ်တမ်း တင်ခြင်းပါပဲ"

***

စာရေးဆရာ ရင့်မ သူတို့က စာရေးခြင်းကို အဲဒီလို ခံယူတယ်။ ကျွန်တော်လို ဟိုရေးဒီခြစ်သမားကလဲ စာရေးခြင်း ဆိုတာကို အဲဒီအတိုင်းပဲ ယုံကြည် လက်ခံထားပါတယ်။

လေပြည်ညှင်းလေးတွေ တိုက်ခတ်လို့ သာသာယာယာ ရှိလှတဲ့ ပတ်ဝန်းကျင် တခွင်ကို စာဖွဲ့သီကျူးချင်တာပေါ့။
ချစ်ခြင်း မေတ္တာတွေရဲ့ အတိမ်အနက်ကိုလဲ ဖော်ကျူးကြည့်ချင်ပြန်တာပဲ။
လွမ်းဆွေးခြင်းဟာ ရသ တပုဒ်လဲ ဖြစ်သွားနိုင်တာပဲ မဟုတ်လား။

အဲဒီလိုပဲ...
ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည် ရွှေပြည်ကြီးက တော်တည့်ခြင်း၊ မတော်မနန်း ဖြစ်ခြင်းတွေအပေါ် ကိုယ့်အမြင်ကို ချခင်းပြရတာလဲ စာရေးသူ တယောက်ရဲ့ အလုပ်ပဲ။

စာရေးသူ တယောက်ယောက်ရဲ့ စာတွေဟာ သူ ဖြတ်သန်းနေတဲ့ ခေတ်ကို ဖော်ပြနေရမယ် ဆိုတာက စာဖတ်သူ ကျွန်တော်ရဲ့ ကိုယ့်ဘာသာ ခံယူထားတဲ့ နားလည်မှုပါပဲ။
လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အချစ်ရေ၊ မောင်ရေ ရေးပြီး နောက် အနှစ်နှစ်ဆယ်လဲ မောင်ရေ၊ အချစ်ရေပဲ ရေးနေမြဲ စာရေးသူတွေလဲ ရှိနိုင်တယ်။ သူ့လိုင်းနဲ့သူမို့ ထူးပြီး မှတ်ချက် မပေးလိုပေမယ့် ခေတ်ရဲ့ ပုံရိပ် ပိုမိုထင်ဟပ်စေတဲ့ စာရေးဆရာများဟာ ကျွန်တော့်ကို ပိုပြီး ဆွဲဆောင်နိုင်သလို ကျွန်တော်ကလဲ သူတို့ကို အတုယူပါတယ်။

***

"လူတွေ ဘာနဲ့ နေကြသလဲ"

ရုရှ စာရေးဆရာ လီယိုတော်စတွိုင်းက ၁၈၈၁ ခုနှစ်မှာ ရေးခဲ့တဲ့ အဲဒီ စာအုပ်ကို မောင်ထင်က ဘာသာပြန်ပါတယ်။ အဲဒီ စာအုပ်ပါ အချက်အလက်တွေကို အခြေခံပြီး ဦးဘုန်းက ဟောပြောတယ်။
လူတွေ ဘာနဲ့နေလဲ။

အဖေအမေနဲ့ အတူနေတဲ့လူရှိမယ်။ ချစ်သူနဲ့ အတူနေသူရှိမယ်။ အိမ်နဲ့ နေမယ်။ ငွေနဲ့နေမယ်။ အဖိုးတန် ကားကြီးတွေနဲ့ နေမယ်။ မိသားစုနဲ့ နေမယ်။ အာဏာနဲ့ နေမယ်။ မာန်မာနနဲ့ နေမယ်။ အဆောင်အယောင်တွေနဲ့ နေမယ်။ မနာလိုခြင်းတွေနဲ့ နေမယ်။ လေ့လာ ဆည်းပူးခြင်းနဲ့ နေမယ်။ ပျင်းရိခြင်းနဲ့ နေမယ်။ မေတ္တာတရားနဲ့ နေမယ်။ ကိုယ်ချင်းစာတရားနဲ့ နေမယ်။

စာလာဖတ်သူကလဲ ဒီစာကို ရေးထားတဲ့ ကျွန်တော်နဲ့ မတူတဲ့ နေနည်း ရှိသလို တူတာတွေလဲ ရှိကြမှာပါပဲပေါ့။

ဒီအကောင်တော့ ဒါတွေ ရေးနေပြန်ပြီ၊ ဟိုကိစ္စတော့ ရေးပြန်ပဟ ဆိုပြီး စိတ်ထဲ မတွေ့ ဖြစ်နေရင်တော့ ရိုးရိုးပဲ ပြန်ပြောစရာ ရှိတယ်။ ဒါက ကျွန်တော့် နေနည်းပါပဲ။ ကျွန်တော့် နေနည်းကိုက ပုံကျ ဟုတ်လှချည့်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးသလို ခင်ဗျားနေနည်း အတိုင်း ကျွန်တော်က ပုံစံတူ လိုက်နေဖြစ်ချင်မှ နေဖြစ်မှာကိုတော့ နားလည်စေချင်တယ်။

***

စာတွေ ရေးပါဦးမယ်။ ဘယ်အချိန်ထိလဲ ဆိုတော့ ရေးချင်စိတ်တွေ မကုန်မခန်းသွားသရွေ့ပေါ့။ ဖတ်မှတ်၊ ရေးသား ရတာကိုက ကျွန်တော့် နေနည်း တမျိုးကိုး။

***

ကလိုစေးထူး