Friday, July 15, 2011

ပုံရိပ်ရဲ့ အမှတ်တရတွေ...

လွန်ခဲ့တဲ့ ငါးလလောက်ကပါ။

ကျနော် ကိုးနှစ်လောက် ဝေးကွာနေတဲ့ မိဘညီအကို မောင်နှမတွေနဲ့ မမျှော်လင့်ဘဲ အဆက်အသွယ် ပြန်ရလိုက်တယ်။

ကိုးနှစ်လောက် ကြာအောင် ဘာဆိုဘာသတင်းမှလဲ မကြား၊ ဘာအဆက်အသွယ်မှလဲ မရတဲ့ သားကြီးရဲ့ အသံကို ပြန်ကြားရလို့ ပျော်ရွှင်နေတဲ့ ကျနော့် ဖေဖေနဲ့ မေမေရဲ့ အသံတွေဟာ ဖော်မပြနိုင်အောင် ၀မ်းသာနေတဲ့ အသံတွေ အတိုင်းသား ပေါ်လွင်နေတယ်။ ပထမဆုံး ဖုန်းအဆက်အသွယ် ရလိုက်တဲ့ ညီဖြစ်သူရဲ့ “ကိုကြီးလား…၊ အခုပြောနေတာ ကိုကြီးပဲလား” ဆိုတဲ့ ၀မ်းသာအားရသံကြီးကလဲ ဘယ်လောက် ၀မ်းသာနေတယ်ဆိုတာ ထင်ရှားလို့ပေါ့။

သူတို့က ကျနော် သေသွားပြီလို့တောင် သတင်းသဲ့သဲ့ ကြားသလို ဖြစ်နေကြတာကိုး…။

***

ဟိုကောင် ညီအငယ်ကောင်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကွန်ပျူတာကို အဖြစ်လောက် သုံးတတ်နေတော့ ကျနော့်အတွက် မိသားစု ဓာတ်ပုံလေးတွေ ပို့ပေးလိုက်တယ်။ အဲဒီဓာတ်ပုံတွေထဲက မှတ်မှတ်ရရ ပုံရိပ်လေးတချို့နဲ့ ဘလော့ဂ်ပေါ်မှာ အမှတ်တရ တင်ကြည့်ချင်တယ်။










ဖေဖေရယ်၊ ကျနော်ရယ်၊ ညီလေးရယ် လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက်က ပုံပါ။ ဟိုကောင်ကတော့ ပြုံးစေ့စေ့၊ ကျနော်ကတော့ မှုံတေတေရုပ်။















ဒါကတော့ ကျနော့် မိဘနှစ်ပါးရဲ့ အဲဒီအချိန် နုပျိုငယ်ရွယ်စဉ်က ပုံ။















နောက် အနှစ် ၃၀ နီးပါး အကြာမှာတော့ တနေရာစီ ခွဲပြီး နေထိုင်ကြတဲ့ ဖေဖေနဲ့ မေမေက ကျနော့်ညီမလေးရဲ့ မင်္ဂလာဆောင် အတွက် ပြန်ဆုံကြတော့ ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးအကြိမ် စုံတွဲ ပြန်ရိုက်ဖြစ်ခဲ့တဲ့ ပုံ…။ နှစ်ယောက်စလုံးက ရှုတည်တည်နဲ့…။
























ကျနော်ညီမလေး မင်္ဂလာဆောင်တုန်းက ဖေဖေ၊မေမေ၊ ညီလေးရဲ့ မိသားစုနဲ့ ညီမလေးတို့ စုံတွဲ မိသားစု စုံစုံညီညီ ရိုက်ထားတဲ့ပုံပါ။ ဒါပေမယ့် ဖေဖေ့ဘေးက လွတ်နေတဲ့ ခုံမှာ ကျနော် ၀င်မထိုင်နိုင်ခဲ့ဘူး။













ဟိုးတလောက အွန်လိုင်းက တဆင့် တွေ့ရတဲ့ ဖေဖေနဲ့မေမေပါ။ ကျနော့်ကို မိသားစု စုံစုံလင်လင်တွေ့ကြဖို့အတွက် ဖေဖေက မေမေရှိတဲ့ နယ်မြို့ကို အရောက်သွားပြီးမှ မိသားစုတွေ အကုန် အွန်လိုင်းမှာ ဆုံကြတဲ့နေ့ကပါ။










ဖေမေက မေမေ့ကို မသိမသာ ဖက်လိုက်တုန်းက ကျနော် ခိုးရိုက်လိုက်တာ။
















ဒါကတော့ ကျနော်နဲ့ အဆက်အသွယ် ပြန်ရလို့ ပျော်နေကြတဲ့ ညီနဲ့ ညီမလေး။

***

“သား၊ ဘယ်တော့ ပြန်လာမလဲ” လို့ ဖေဖေက မေးသေးတယ်။ ကျနော် ပြန်ဖြေလိုက်တယ်။ “ဘယ်တော့ ပြန်လာလို့ ရမယ် ဆိုတာ ဖေကြီး သိတာပဲလေ” လို့…။ “အေးပေါ့ကွာ” တဲ့…။

***

ကလိုစေးထူး

Wednesday, July 13, 2011

ကလေးနဲ့ လူကြီး...

ဒီနေ့မနက်မှာ အိပ်ရာက စောစောနိုးဖြစ်ပါတယ်။ Second shift မှာ အလုပ်လုပ်နေတာမို့ ခါတိုင်း ဒီလိုအချိန် မနိုးတတ်ပေမယ့် ဒီမနက်တော့ ထူးထူးခြားခြားပဲ စောစီးစွာနိုးပြီး ပြန်အိပ်လို့လဲ မရတာနဲ့ တီဗွီရှေ့မှာ ဘာရယ်မဟုတ် ဟိုလိုင်းငေး ဒီလိုင်းမောနဲ့ ထိုင်ကြည့်နေတုန်း…

“ဟိတ်၊ ဟိတ်”

ကျနော့် အခန်းရဲ့ ရှေ့မှာက အဆောင်ဝရန်တာ တခုရှိတယ်။ ပြီးတော့ အခန်းနဲ့ ၀ရန်တာကြားမှာ လေ၀င်လေထွက်အတွက် ပြတင်းပေါက်သေးသေးလေးတွေလို မှန်ဆလိုက်တံခါး သေးသေးလေးတွေ ရှိတယ်။ နွေဘက်ပူတော့ အပူသက်သာလို သက်သာငြားနဲ့ အပြင်လေလဲ ၀င်ရအောင် အဲဒီတံခါးသေးသေးလေးတွေကို ကျနော်က ဖွင့်ဖွင့်ထားတတ်ပါတယ်။ အဲဒီ တံခါးသေးသေးလေးတွေထဲကနေ မျက်နှာသေးသေးလေး တခုက ကျနော့်ကို အပြင်ကနေ ငုံ့ချောင်းပြီး “ဟိတ်၊ ဟိတ်” နဲ့ ခေါ်နေတာပါ။

***

အဲဒီ မျက်နှာသေးသေးလေးရဲ့ ပိုင်ရှင်ကတော့ ကျနော့်အခန်း ရှေ့တည့်တည့်က အခန်းကလူရဲ့ သားကလေးပါပဲ။ ကျနော် ဒီအခန်းကို စပြောင်းလာခါစတုန်းက သူတို့ အခန်းမှာ လူနှစ်ယောက်ပဲ ရှိတယ်။ သူတို့က မလေးရှားကနေ တဆင့် ရောက်လာကြတဲ့ မြန်မာတွေ…။ နောက်တော့ ဟိုတယောက်၊ ဒီတယောက်နဲ့ တိုးလာရင်းနဲ့ အဲဒီ သားအဖပါ ဘယ်တုန်းကမှန်း မသိ ရောက်လာတာပါ…။ အမေဖြစ်သူကတော့ ဟိုနိုင်ငံမှာပဲ ကျန်ခဲ့တုန်း..တဲ့။

အဲဒါတွေ အသာထားလို့ ကျနော့်ကို “ဟိတ်၊ ဟိတ်” နဲ့ လာခေါ်တဲ့ ဇာတ်လိုက်ကျော်လေး အကြောင်းကို ဆက်ရအောင်ပါ။ ဒီကလေးက အသက်က လေးငါးနှစ်လောက်တော့ ရှိမလားဘဲ။ ယောက်ျားကလေးကလဲဖြစ်၊ အဆော့သန်တဲ့ ကလေးလဲဖြစ်ပုံရတော့ တဆောင်လုံး တခန်းမှမကျန်အောင် အင်မတန် အဆော့သန်ပါတယ်။ ခပ်တိုတိုပြောရရင်တော့ ဒီကောင်လေး အဆော့သန်ပုံက တခါတလေကနေ နှစ်ခါနှစ်လေ၊ သုံးခါသုံးလေနဲ့ အခါအလေပေါင်းများစွာ အာရုံနောက်ခဲ့ရပေါင်းများတယ်။

အခန်းတံခါးကို ဒေါက်ဒေါက်ဒေါက်နဲ့ လာခေါက်လို့ ဧည့်သည်များလား အထင်နဲ့ တံခါးသွားဖွင့်လိုက်ရင် အဲဒီကလေးလေး လာခေါက်တာပါ။ တံခါးဖွင့်လိုက်တော့ ထွက်ပြေးသွားပြန်ရော…။ ကျနော့်အခန်းရှေ့က ၀ရန်တာမှာ တခါတလေ အေးအေးလူလူနဲ့ စာထိုင်ဖတ်ရအောင် ထုတ်ထားတဲ့ ကုလားထိုင်လေးလဲ ဒီငတိလေး လက်ချက်နဲ့ပဲ အေးချမ်းမေ ဖြစ်သွားရဖူးတယ်။ တခါတလေ အပြင်သွားဖို့ အခန်းတံခါးဖွင့်လိုက်တာနဲ့ အဲဒီကလေး အခန်းဝမှာ လာအားပေးထားတဲ့ အီးအီးပုံက ကြိုဆိုနေတတ်ပါသေးတယ်။ အဖေလုပ်သူကလဲ သူ့ကလေးကို ထိန်းသိမ်းဖို့ထက် သူ့အခန်းဖော်တွေနဲ့သာ တချိန်လုံး ဟေးလားဝါးလား လုပ်ဖို့ကို ပိုစိတ်သန်ပုံရတော့ ကျနော်တို့ တဆောင်လုံးက အခန်း ၈ ခန်းမှာရှိတဲ့ မြန်မာတွေရဲ့ ၇ ခန်းလုံးလိုလိုက ဒီကလေးအတွက် ကစားကွင်းတွေချည်း ဖြစ်နေရော့သလားပါပဲ။ တခန်းတည်းသော နိုင်ငံခြားသား အမည်းရဲ့ အခန်းကတော့ ဘယ့်နှယ့်နေမယ် မသိဘူး…။

တခါမှာတော့ ကျနော် အပြင်ထွက်တော့ စောစောက ပြောတဲ့ ပြတင်းပေါက်သေးသေးလေးတွေ အကုန်လုံးထဲက တခုကို ပိတ်ဖို့ ကျန်သွားတယ်။ ပြန်လာတော့…၊ လားလား…၊ ကျေးဇူးရှင်လေးက အခန်းရှေ့က ဆိုဖာခုံမှာ ကျကျနနထိုင်လို့ ပါးစပ်ထဲမှာလဲ တခါတလေ ကျနော် စားရအောင် ၀ယ်ထားတဲ့ စတော်ဘယ်ရီသီးတွေ ပလုတ်ပလောင်းနဲ့။ အဲဒီ ပြတင်းပေါက်လေးကနေ သူ့ခန္ဓာကိုယ်လေးနဲ့ လျှောဝင်ပြီး အခန်းထဲမှာ အေးအေးလူလူ ထိုင်စားနေတာ။

ကလေးက ကလေးပဲ ဆိုပေမယ့် ကိုယ့်အခန်းထဲပါ ဒီလိုကြီးရောက်နေတော့ စိတ်ထဲ ဖုတုတုဖြစ်သွားရတဲ့ ကြားထဲမှာ ဘယ်အချိန်ကမှန်းမသိ နောက်မှာ ရောက်နေတဲ့ သူ့အဖေ ကျနော့်ကို ပြောလိုက်တဲ့ စကားကြောင့် လူက ဒေါသပါ ပိုတင်းသွားရတယ်။ “အကို အပြင်သွားတာ တံခါးကို လုံအောင်ပိတ်မသွားဘူး ထင်တယ်၊ ကျနော့်သားက အထဲလျှောက်ဝင်နေတယ်” တဲ့…။

“ဟေ့ကောင်၊ မင်းကလေးကို မင်း မထိန်းဘဲနဲ့၊ ငါ့ကိုလာပြောနေရသလားကွ၊ ငါ့ဘာသာငါ အပြင်သွားရင် တံခါးကို လုံအောင်ပိတ်သည်ဖြစ်စေ၊ ကျန်ခဲ့သည်ဖြစ်စေ မင်းဘာသာမင်း အားအားယားယား မွေးထားတဲ့ကလေးကို မင်းမထိန်းဘဲနဲ့ ငါ့ကို လာပြောစရာလားကွ၊ @#$%&”

စိတ်ထဲကပဲ ပြောဖြစ်လိုက်တဲ့ စကားပါ။ အပြင်ကိုတော့ ထွက်မကျလိုက်ပါဘူး။ ဘုကြည့်ပဲကြည့်ဖြစ်လိုက်တယ်။ ပြောရရင်တော့ အဲဒီလို အဲဒီလို အာရုံနောက်ရတဲ့ ကလေးပေါ့… … …။

***

ဒီမနက်တော့ ကိုယ်ကပဲ စိတ်ကောင်းဝင်နေတာလား ဘာလားတော့ မသိ၊ ဒီကလေး စောစောကလို ဟေ့…၊ ဟေ့ နဲ့လာခေါ်တော့ စိတ်လိုလက်ရနဲ့ပဲ တံခါးထဖွင့်ပေးလိုက်တော့ ကိုယ်တော်ချောကလဲ ကျနော့်ဘေးမှာ ခပ်တည်တည် ၀င်ထိုင်ပြီးတော့ ကျနော် ကြည့်နေတဲ့ တီဗွီကို သူကလဲ ထိုင်ကြည့်နေတယ်။

ခဏကြာတော့ ကျနော့်အနားကနေ လှစ်ခနဲ ထသွားတယ်။ ပြန်လာတော့ လက်ထဲမှာ စတော်ဘယ်ရီသီးလေး နှစ်လုံးနဲ့ ကျနော့်ကို လက်တို့ပြီး တလုံး လှမ်းပေးတယ်။ အမယ်…၊ ဒီကောင် ဒါက ဖားတာပေါ့ လို့ သဘာတကျနဲ့ တွေးပြီး ခေါင်းခါပြလိုက်တော့ သူ့ဘာသာသူပဲ ပလုတ်ပလောင်း စားပစ်လိုက်ပြန်တယ်။ ပြီးတော့ ပြန်ထိုင်နေပြန်ရော…။

ဒါပေမယ့် နောက်ထပ် ခဏကြာပြန်တော့ ကျနော့်ကို လက်တို့ပြန်တယ်။ “သားသား၊ ဘာလဲကွာ” လို့ မေးတော့ “ရေခဲချောင်း ရှိလား” တဲ့။ “ဘယ်ရှိမလဲကွ” လို့ ပြောလိုက်တော့ ငြိမ်သွားပြန်တယ်။ ဒီကောင့် ကြည့်ရတာ ကျနော့်အခြေအနေကို လှမ်းအကဲခတ်လိုက်၊ တခုခု တောင်းဆိုဖို့ စဉ်းစားလိုက်နဲ့ အကြံထုတ်နေပုံပေါ်တယ်။

“ဦးဦး၊ အဲဒီလိုင်းက မကောင်းဘူးနော်”

“ဟုတ်လားကွ၊ ဒါဆို ဘယ်လိုင်းက ကောင်းလဲ”

“ကြောင်နဲ့ကြွက်လေ၊ ကာတွန်းလိုင်း၊ ခိုင်လင်းလဲ ကောင်းတယ်”

“ဒါဖြင့်လဲ ကြည့်ကွာ” လို့ ပြောပြီး ကာတွန်းလိုင်းကို ဖွင့်ပြတာတောင် ဒီလိုင်းမဟုတ်သေးဘူး၊ ဟိုလိုင်းလဲ မဟုတ်သေးဘူး နဲ့ နောက်တော့ အဲဒီ ကာတွန်းလိုင်း တခုမှာပဲ စိတ်တိုင်းကျသွားပုံရတယ်။ ဒါနဲ့ ဒီကောင့်ကို “မင်း ငြိမ်ငြိမ်ထိုင်ကြည့်နေနော်” လို့ ပြောပြီး ကွန်ပျူတာရှေ့မှာ လာထိုင်ပြီး စာလေးဘာလေး ရေးမလား ကြံစည်ရတယ်။

***

“ဦးဦး၊ ဂိမ်းဆော့တတ်လား”

ဒင်းက ဘယ်အချိန်ကတည်းက အနောက်ကိုရောက်နေပြန်တယ် မသိ။ လာမေးနေပြန်တယ်။ ဒီကောင် ကွန်ပျူတာကို လာကိုင်ချင်နေပြန်ပြီ ထင်တယ်။ ကျနော့် ကွန်ပျူတာက အိမ်ကိုလာလည်တဲ့ ဘော်ဒါတွေရဲ့ ဘုစုခရုတွေဆော့တဲ့ ဂိမ်းလက်ချက်ကြောင့် ဖွတ်ဖွတ်ညက်ညက် ကျေရပေါင်းများပြီ။ ဒီတော့ ဒီကောင့်ကိုလဲ ပေးမကိုင်ချင်တာနဲ့ပဲ…

“မဆော့တတ်ပါဘူး”

“သားသား ဆော့တတ်တယ်”

“ကာတွန်းကား သွားကြည့်လေကွာ”

ရှုတည်တည်နဲ့ တချက်ပြန်ကြည့်ပြီး လှည့်ကြည့်လှည့်ကြည့်နဲ့ တီဗွီရှေ့ သွားပြန်ထိုင်နေတယ်။ ဒါပေမယ့် ကြာကြာမခံပါဘူး။ အနားကို နောက်တခေါက် ထပ်ရောက်လာပြီးတော့…

“ဦးဦးက ဘောလုံးပွဲကြည့်လေ”

“မင်း အိမ်ပြန်တော့မလို့လား”

“သားသားက ဂိမ်းဆော့မယ်”

အင်း…၊ ကိုယ်က အစလုပ်ပြီး အိမ်ထဲခေါ်သွင်းမိမှတော့ မတတ်နိုင်တော့ဘူး…။ ဒါပေမယ့် အခုမှ ပြန်အစပြုရမယ့် ကိုယ့်ဘလော့လေးအတွက်လဲ စာတိုပေစိလေးတွေ ရေးချင်သေးတာ…၊ ခက်တာက ဒီကောင်ကလဲ ဂိမ်းမှ မဆော့ရရင် အနားက ခွာမယ့်ပုံမပေါ်တော့ဘူး။

***

“ကဲ…၊ ဆရာသမားလေး၊ ဆော့တော်မူနော်၊ ဒါပေမယ့် ခဏနေရင်တော့ အိမ်ပြန်တော့” လို့ ပြောပြီး ကွန်ပျူတာရှေ့က ဖယ်ပေးလိုက်တော့ စွေ့ခနဲဝင်ထိုင်ပြီး ဂိမ်းဆိုက်ဒ်တွေကို ဖြတ်ခနဲ ဖြတ်ခနဲ ဖွင့်လိုက်တာများ သွက်လို့…။

ဆော့လို့ဝသွားလို့ “သားသားအိမ်ပြန်တော့မယ်” ပြောတာနဲ့ အခန်းတံခါးကို ဖွင့်ပေးလိုက်တော့ အခန်းရှေ့ ၀ရန်တာက ကုလားထိုင်မှာ သူ့အဖေက လက်ထဲမှာ ဘီယာပုလင်းလေးကိုင်လို့ မနက်စောစောကို ရီတီတီ မျက်ခွက်နဲ့ ကြိုဆိုနေတယ်။ သူ့သား ဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ် ဆိုတာ စိတ်ဝင်စားပုံလဲ မရ…။

***

ဒေါက်ဒေါက်ဒေါက် နဲ့ တံခါးလာခေါက်သံကြားလို့ ထဖွင့်လိုက်ပြန်တော့…

“ဦးဦး စတော်ဘယ်ရီစားမလား၊ သားသားနောက်နေ့လဲ လာမယ်နော်” တဲ့…။ စိတ်လဲ မဆိုးဖြစ်တော့ပါဘူး။

***

တခါတလေကျတော့ တွေးမိတာ လိုချင်တာကို ရဖို့အတွက် ကလေးတွေရဲ့ လုပ်ရည်ကိုင်ရည်က ကျနော်တို့ လူကြီးတွေထက် ပိုပြီး ပါးရည်နပ်ရည် ရှိနေသလားလို့…။

***

ကလိုစေးထူး

Tuesday, July 12, 2011

သမင်လည်ပြန်...

‘ဟူး’

ထွက်သက်မော တချက်ကို အားရပါးရ မှုတ်ထုတ်လိုက်ပြီးတော့ အပြင်က လေနုအေးကို တ၀ကြီးရှူရှိုက်သွင်းလိုက်တာတောင် ပန်းလျမှုတွေက မပြေချင်သေး…။ ကားလမ်းသေးသေးလေးကို ဖြတ်မကူးခင်လေးမှာ လမ်းဘေး မြက်ခင်းစိမ်းပေါ် ခဏပစ်ထိုင်ချလိုက်ရင်း ၀ူးဝူးဝေါ်ဝေါ် အသံပေးနေသော အလုပ်ရုံကြီးကို တချက်ပြန်စောင်းငဲ့ကြည့်လိုက်ပြန်သည်။ အင်း…၊ ပြီးဆုံးခဲ့ပြန်ပေါ့ တညနေတာ အလုပ်ချိန်…။

***

လွန်ခဲ့တဲ့ နှစ်နှစ်…။

ဒီနိုင်ငံရဲ့ စီးပွားပျက်ကပ်ဒဏ်က လေးနှစ်ကျော်ကြာခဲ့တဲ့ သူ့လုပ်သက်ကိုမှ မထောက်စွာပင် သူ့ကို အလုပ်လက်မဲ့ ဖြစ်စေလိုက်၏။ လျှပ်စစ်မီတာဘောက်စ် သေးသေးလေးလို ဘူးတွေကို တူတလက်နဲ့ နာနာနှံရတဲ့ Recycling ကုမ္ပဏီတခုမှာ နောက်ထပ် အလုပ်ရလိုက်ပြန်တော့လဲ သုံးလသာခံသည်။ စီးပွားရေးပျက်ကပ်ရဲ့ နောက်ထပ်ရိုက်ချက်…။

ဒီလိုနဲ့ပဲ လေးနှစ်တာ အလုပ်နဲ့ခွဲတော့…၊ လမ်းကလေးနဲ့လဲ အဆက်ပြတ်လို့ အခုတော့ လမ်းကလေးနဲ့ မိုင်နှစ်ဆယ်လောက် ဝေးတဲ့ နေရာသစ်မှာ တခြားအလုပ်အကိုင် တခုနဲ့…။

***

ယခုလက်ရှိ အလုပ်ရုံကတော့ သက်တမ်းကိုက မြန်မာပြည် လွတ်လပ်ရေးမရခင်ကတည်းက တည်ထောင်ထားတဲ့ရုံဆိုတော့ ရင့်လှပြီ။ အိမ်သာသာ ဂိုထောင်အစုတ်ကလေးကနေ အခုတော့ ပြည်နယ်တခွင် ထုတ်လုပ်မှုအားအကောင်းဆုံးသော ပလတ်စတစ်ပစ္စည်း စက်ရုံအဖြစ် အခိုင်အမာ ရပ်တည်လို့ပင် ရှိနေတဲ့ရုံဆိုတော့ ဒီတချီတော့ စီးပွားရေးပျက်ကပ်ကြောင့် အလုပ်လက်မဲ့ မဖြစ်တန်ကောင်းပါရဲ့လို့တော့ ကကျိုးကကျောင် တွေးမိလိုက်သေးသည်။

***

‘Machine number 3, need Material Handler’

‘Bruce, Call 528 please’

‘Joe, QC area please’

ကွန်ပျူတာ စစ်စတမ်မှ တဆင့် လိုအပ်တဲ့ ပစ္စည်းမှာကြားဖို့ ခေါ်ယူသံ၊ ဖုန်းခေါ်ယူသံ၊ အင်တာကွန်မှ တဆင့် လူခေါ်သံတွေနဲ့ အတူတူ ဆူညံနေတတ်တဲ့ ဒီစက်ရုံကို သူ စရောက်တုန်းကတော့ မြန်မာတွေ တယောက်မှ မရှိသေးပေမယ့် အခုတော့ သူအပါအ၀င် မြန်မာအလုပ်သမား ၄၀ ကျော်လောက် တ၀ုန်းဝုန်း တရုန်းရုန်းနဲ့ နေ့ဆိုင်းညဆိုင်း စည်ကားလို့နေပါပြီ။

ဒီစက်ရုံက ဆဲလ်ဖုန်းအခွံလိုဟာလဲ ထုတ်လုပ်သလို ဆိုင်ကယ်၊ ကားအင်ဂျင်ဝိုင် လက်ကိုင်ကွင်းကလေးတွေလဲ အကြီးအကျယ်ထုတ်၏။ ပေါင်းအိုးလိုလို ပုံသဏ္ဍာန် စက်ပစ္စည်း ကိုယ်ထည်တွေလဲ ထုတ်လုပ်သလို မီးခြစ်ဆံသာသာ ပလတ်စတစ် ပစ္စည်း ပုစိညှောက်တောက်လေးတွေလဲ ထုတ်လုပ်၏။ အကြီး၊အသေး၊အလတ် ထုတ်ချင်ရာသာထုတ် သူတို့လို လူလည်အာရှသားတွေကို အလုပ်ကောင်းစွာ ပေးထားနိုင်သည်ကတော့ ကြီးစွာသော အထောက်အပံ့တခုပင် မဟုတ်လား။

အလုပ်သက်တမ်း နှစ်နှစ်ကျော်အတွင်းမှာ ခင်မင်စရာ ကောင်းသူ၊ ချဉ်ချင်စရာ ကောင်းသူ၊ ပျော်ပျော်နေတတ်သူ၊ ဘူကျဘုဘောက်သူ၊ ကူညီတတ်သူ၊ ဘာသိဘာသာ နေတတ်သူ၊ ကြိုးစားတတ်သူ၊ ကြိုးစားဟန်ဆောင်သူ၊ ရို့ကျိုးတတ်သူ၊ မောက်ကြွားတတ်သူ …၊ … ….သူ၊ … …သူ၊ … …သူ၊ ….သူပေါင်းများစွာတို့နှင့် အလုပ်ခဲ့ရသည်မှာ ဟိုယခင်က စက်ရုံတခုလုံးမှာမှ လူပေါင်း ၂၀ သာသာခန့်မျှ ရှိတဲ့ အလုပ်ရုံလေးနှင့် ယှဉ်လိုက်လျှင် အတွေ့အကြုံတွေက တခြားစီကွာသွား၏။ ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိ အလုပ်ရုံကိုမှာ သူ ပျော်နေတာတော့ သေချာပါသည်။

***

၂၀၁၀၊ ဇွန်လ ၁၀ ရက်နေ့…။

ဘုရားရေ…၊ ငါ အဲဒီနေ့ကတည်းက ဒီနေရာလေးမှာ ဘာစာမှ မရေးဖြစ်ခဲ့တာပါလားလို့ ခြောက်ခြားစွာ တွေးမိရင်း သူ ရေးဖြစ်ခဲ့ဖူးသည့် စာအဟောင်းပေါင်းများစွာကို အိပ်မက်က လန့်နိုးလာသူလို ကယောင်ကတမ်းဖြစ်လှစွာ လိုက်လံ ဖတ်ရှုဖြစ်မိသည်။

အလို…၊ ဒီစာတွေ ငါရေးခဲ့တာတွေလား၊ အဲဒီလောက် ရေးချင်ခဲ့တဲ့လူတယောက်က ရက်ပေါင်း ၄၀၀ နီးပါးတောင် ဘာမှမရေးဖြစ်ခဲ့တာပါလား။ စိတ်ကူးထဲကို အရင်ရောက်လာတဲ့ တခြားဘလော့တခုကို ယောင်နနနဲ့ ရောက်သွားတော့ သူမရောက်ဖူးတဲ့ ကမ္ဘာသစ်တခုကို ရောက်သွားသလိုလို…။

ရေးစရာ မရှိလို့လား၊ မဟုတ်သေးပါဘူးလေ။ မအားလို့လား…။ အင်း… ရက်ပေါင်း ၄၀၀ နီးပါး မအားလပ်မှုဆိုတာကတော့ တဆိတ်တော့ လွန်လွန်းပြီ ထင်ပ…။ အလုပ်ထဲက ကိုမိုးစက်ဆိုတဲ့ ဂွကျကျကရင် အကိုကြီးအကြောင်းက စရေးရကောင်းမလား၊ လူတိုင်းလိုလိုကို အခိုင်းထူတတ်တဲ့ မယ်ရီ ဆိုတဲ့ ပုကွကွ အဖြူမကြီး အကြောင်းက ရေးတာကောင်းမလား၊ အလုပ်ရုံနားက တဆိတ်ရှိ တဝေါဝေါနဲ့ ဆူဆူညံညံဖြတ်မောင်း သွားတတ်တဲ့ မီးရထားကြီးကို အမှီပြုလို မြန်မာပြည်ကို လွမ်းရကောင်းမလား…။ အို…။

***

သေချာတာတော့ ဘလော့ဂါတယောက် ဘလော့ရေးချင်နေလေပြီ။

***

ကလိုစေးထူး

Wednesday, June 02, 2010

ဘလော့ဂ် ရေးမိလို့...

ကျနော် အခု လက်ရှိအလုပ်ကို အလုပ်မ၀င်ခင်မှာ မေးခွန်းတချို့ကို ဖြေဆိုရတဲ့ လျှောက်လွှာတခု ဖြည့်ရပါတယ်။ အဲဒီ မေးခွန်းတွေထဲမှာ မေးခွန်းတခုက ခင်ဗျားဟာ ဘယ်လိုလူစားမျိုးတွေနဲ့ အလုပ်တွဲမလုပ်ချင်ပါသလဲ လို့ မေးပါတယ်။ ကျနော့် အဖြေက...

ခွဲခြားဆက်ဆံတတ်သူတွေက လွဲရင် မည်သူနဲ့မဆို အလုပ်တွဲလုပ်နိုင်ပါတယ် လို့ ဖြေဖြစ်ခဲ့ပါတယ်။

***

ခွဲခြားဆက်ဆံခြင်း ... တဲ့။

အဲဒီ စိတ်ရင်းအခံရှိလိုက်ပြီ ဆိုတာနဲ့ လူတဦးက တဦးအပေါ်ဖြစ်စေ၊ အဖွဲ့တခုက တခုအပေါ် ဖြစ်စေ၊ အသိုက်အ၀န်းတခုက တခုအပေါ်ဖြစ်စေ၊ လူမျိုး တခုက တခြားတခုအပေါ်ဖြစ်စေ အပြန်အလှန်လေးစားမှုတွေ အမြင်ကြည်လင်မှုတွေ ရှိဖို့ဆိုတာ အတော်ခဲယဉ်းပါတယ်။ သူက ဘာမို့လို့၊ ငါက ဘာမို့လို့ ဆိုတဲ့ စိတ်ရင်းအခံကြီးထားရင်းကနေ အဲဒီ ခွဲခြားဆက်ဆံတဲ့ အမူအကျင့်ကြီးက နောက်ဆုံးတော့ ပြဿနာသေးသေးလေးကနေ အကြီးကြီးထိ ဖြစ်လာတော့တာပါပဲ။

မည်သို့ဆိုစေပါ...။ ကမ္ဘာတ၀ှမ်းမှာရော ကျနော်နေထိုင်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်မှာပါ အဲဒီ ခွဲခြား ဆက်ဆံခြင်း ဆိုတဲ့ အမူအကျင့်တွေကို ဒိဋ္ဌ တွေ့ရ မြင်ခဲ့ရတာပါပဲ။

ဆင်းရဲချမ်းသာတာကြောင့် ခွဲခြားဆက်ဆံတာ၊ အမျိုးအနွယ်အရ ခွဲခြားဆက်ဆံတာ၊ ဘာသာမတူလို့ ခွဲခြားဆက်ဆံတာ၊ နိုင်ငံမတူလို့ ခွဲခြားဆက်ဆံတာ စုံလိုက်တဲ့ ခွဲခြားဆက်ဆံမှုတွေ... ... ...။

***

ဝါသနာအရ၊ ယုံကြည်မှုအရ စာတိုပေစလေးတွေ ဟိုတစဒီတပုဒ်ရေးဖြစ်တော့လဲ အဲဒီခွဲခြားဆက်ဆံမှုက မရပ်သေးပါဘူး။ ဘယ်လို မရပ်တာပါလဲ ... ... ...။










***

Blog ပေါ်မှာ စာတွေရေးမိရင်လဲ အဲဒီလို ခွဲခြားဆက်ဆံ နိုင်ရပါလားဆိုတာကို ကျနော် တလေးတစားနဲ့ အမြဲသွားဖတ်နေကျ မီဒီယာ တခုက ကောင်းကောင်းကြီး သက်သေပြလိုက်တယ်။

Eleven Media Group ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်းအချက်အလက်များ အပေါ်တွင် ဝေဖန်ဆွေးနွေးခြင်း၊ ထောက်ပြပြောဆိုခြင်းများကို ကြိုဆိုသော်လည်း ရုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ ရိုင်းစိုင်းသော စကားလုံးများကို အထိန်းအကွပ်မဲ့စွာ သုံးနှုန်းပြောဆိုခြင်း ... ... ... ... ... ... ... ... အသိပေးအပ်ပါသည်။

..လို့ ရေးရင်ရော မဖြစ်နိုင်လို့လား၊ Blog ဆိုတာကို ထည့်သွင်းပြောဆိုပြီး သူတို့ ၀က်ဘ်ဆိုက်က ကွန်မန့်တွေကို ထိန်းသိမ်းချင်တာက လိုအပ်ချက်တခုလား ဆိုတာတော့ ကျနော် တကယ် မသိပါဘူး။


***


သေချာတာတော့ ကျနော်တို့ Blogger တွေ စကားလုံးရမ်းကား ခံလိုက်ရတယ်။ အကြောင်းရင်းကတော့ စာကို ဘလော့ဂ်ပေါ်မှာရေးမိလို့၊ ဘလော့ဂ်ရေးမိလို့ပါ။


***


ကလိုစေးထူး


Sunday, April 25, 2010

အဖိုးအခနဲ့ တန်ဘိုး

`ပါဆယ်ထုပ်ရောက်နေတာ လာယူတာပါ`
`သြော်၊ ဟုတ်ပါပြီ၊ အခန်းနံပါတ် ဘယ်လောက်ကပါလဲ`
`၁၈ ပါ`

အပြင်က စကားပြောသံ အပြန်အလှန်တချို့ ကြားပြီး သိပ်မကြာခင်မှာပဲ ကျုပ်တို့အားလုံးကို လူတယောက်က စွေ့ခနဲ ကောက်ယူသွားတယ်။ ဗီဒိုထဲက အမှောင်ထဲမှာ ပိတ်နေရာကနေ ရုတ်တရက်ပေါ်လာတဲ့ အပြင်အလင်းရောင်နဲ့အတူ ကျုပ်နဲ့ တချိန်လုံး ပူးကပ်နေခဲ့တဲ့ ဟိုငတိကို `စောင့်ကြည့်သေးတာပေါ့ကွာ` လို့ ခပ်ဆတ်ဆတ်လှမ်းပြောပစ်လိုက်တယ်။ ဒင်းကလဲ ကျုပ်ကို ထီမထင်တဲ့ မျက်ခွက်နဲ့ ပေစောင်းစောင်း ပြန်ကြည့်လို့...။ ဒီလိုနဲ့ပဲ သခင်အသစ်ကျပ်ချွတ်လေး ခေါ်လာရာဆီ ကျုပ်တို့ အားလုံး ပါလာကြပါလေရော... ... ...။

***

ဒီငတိနဲ့ ကျုပ် စပြီး ဆုံခဲ့တာက စာအုပ်ဖြန့်ချိရေး ဆိုင်တခုမှာပါ။

စတွေ့လိုက်တာနဲ့ ပုံစံက ဆောင့်ကြွားကြွားနဲ့ ဘယ်သူ့ကိုမှ...၊ အဲလေ ဘယ်စာအုပ်ကိုမှ ထီမထင်တဲ့ရုပ်နဲ့...။ တကယ်ဆို သူနဲ့ ကျုပ်တို့က တလေယာဉ်ထဲစီး၊ တကားထဲ သွားကြရမယ့် ဘ၀တူတွေ စာအုပ်တူတွေဖြစ်နေတဲ့ကိစ္စ၊ စာအုပ်ခြင်း အတူတူကို အင်မတန် အဆင့်အတန်း ခွဲချင်တာလေ။

သူ မာန်တက်နေတာလဲ မပြောနဲ့၊ သူ့ခန္ဓာကိုယ်...၊ အင်း... သူ့ စာအုပ်ကိုယ်ထည်ပဲ ထားပါတော့။ အဲဒါကြီး အရွယ်အစားက ကျုပ်တို့ထက် နှစ်ဆလောက် ပိုထူတယ်။ ဒင်းတကိုယ်လုံးမှာလဲ ကောင်းပေ့ ညွှန့်ပေ့ ဆိုတဲ့ ရောင်စုံစက္ကူသားတွေနဲ့ချည်း ဆင်ယင်ထားလေတော့ စာအုပ်ကလဲ ပါး၊ စက္ကူသားကလဲ ခပ်ညံ့ညံ့ဖြစ်နေတဲ့ ကျုပ်တို့ကို မြင်တာနဲ့တင် စာအုပ်တန်းစား ခွဲခြားချင်တော့တာပဲ။

သြော်...၊ ပြောရဦးမယ်။ စာအုပ်ဆိုလို့ပါ။ ကျုပ်တို့ စာအုပ်တွေထဲမှာလဲ စာအုပ်အမျိုးအစား အမျိုးမျိုး ရှိသေးတယ်။ ခင်ဗျားတို့ လူတွေမှာ ဂျပန်၊ ပြင်သစ်၊ အီတလီ၊ မြန်မာ အစသဖြင့် လူမျိုးတွေ ကွဲသလိုပေါ့ဗျာ၊ ကျုပ်တို့ကလဲ ၀တ္ထုစာအုပ်၊ မှတ်စုစာအုပ်၊ အဘိဓာန်စာအုပ်၊ ဆောင်းပါးစာအုပ်၊ မဂ္ဂဇင်းစာအုပ် အစရှိသဖြင့်ပေါ့ဗျာ နောက်ဆုံး ဗလာစာအုပ်ကနေ စလို့ ပုစိကွစကလေးတွေ ဟိုရေးဒီချွတ်ကြတဲ့ မှတ်စုစာအုပ်အသေးလေးတွေအထိ စာအုပ်မျိုးပေါင်းစုံ ရှိလေရဲ့။ အဲဒီထဲကမှ ဟိုငတိနဲ့ ကျုပ်က မဂ္ဂဇင်းမျိုးထဲပါတဲ့ မဂ္ဂဇင်းစာအုပ်တွေ ဆိုပါတော့... ... ...။

***

ခပ်တိုတိုပဲ ပြောကြပါစို့ဗျာ။

တရက်မှာ စာအုပ်ဆိုင်ပိုင်ရှင်က နိုင်ငံခြားက အမှာစာတခုကြောင့် ကျုပ်ရယ်၊ အဲဒီငတိအပါအ၀င် တခြားမဂ္ဂဇင်းသုံးလေးအုပ်လောက်ရယ်၊ အဘိဓာန် စာအုပ် ခပ်ထူထူကြီး တအုပ်ရယ် အားလုံးကို ကျပ်ထုပ်စည်းနှောင်ပြီး စာတိုက်က တဆင့် ပို့လိုက်ပါရော။ ဒါနဲ့ပဲ ဒီကောင်နဲ့ကျုပ် ရေစက်မဆုံချင်ဘဲ ဆုံခဲ့ရတာ။

***

`နံလိုက်တာကွာ`

အနားနားကပ်ပြီး ပြောလိုက်တဲ့ ဒီကောင့်စကားကြောင့် ကျုပ်စိတ်ထဲ ထောင်းခနဲ ဒေါသထွက်သွားတယ်။ အဲဒါနဲ့ပဲ...

`ဟေ့ကောင်၊ မင်း အဲဒါ ဘယ်သူ့ကို ပြောနေတာတုန်းကွ`
`အားလုံးကိုဟေ့၊ မင်းတို့ အားလုံးကိုပဲ`

ဟာ...၊ ဒီအကောင် အတော်ရင့်သီးလှတဲ့ အကောင်ပါကလား။ သူ့စကားသံကြောင့် အလွန်တရာ အေးအေးဆေးဆေး နေတတ်လှတဲ့ ဟို အဘိဓာန်ကြီးကပါ ခေါင်းထောင်လာတယ်။

`မင်းက ဘာကို နံနေတာတုန်း`
`ဘာကို နံရမှာလဲကွ၊ မင်းတို့ရဲ့ စာအုပ်အသားတွေကြောင့်ပေါ့ကွ၊ ဘယ်က အညံ့အဖျင်းတွေနဲ့ လုပ်ထားတယ် မသိပါဘူးကွာ၊ စာရွက်သားတွေက စုတ်ပြတ်နေတဲ့အပြင် အနံ့တွေကလဲ အညံ့စော်နံလိုက်တာ၊ ငါ့ကိုပါ အနံ့တွေ ကူးကုန်တော့မှာပဲ`

သူ့စကားကြောင့် ကျုပ်တို့အားလုံး ကိုယ့်ကိုယ်ကို ပြန်ငဲ့ကြည့် သတိထားမိတော့ အင်း...၊ သူပြောလဲ ပြောချင်လောက်အောင်ကို ကျုပ်တို့ပုံစံတွေက စုတ်ပြတ်နေတာလေ။ စာတွေက ဖတ်လို့ရရုံ၊ စာမှတ်တမ်း ဓာတ်ပုံတွေကလဲ စာရွက်သား ခပ်ညံ့ညံ့ကြောင့် မှုန်ဝါးဝါး၊ ကျုပ်တို့ တကိုယ်လုံး စာရွက်သား ကောင်းတဲ့ နေရာလေး ဆိုလို့ မျက်နှာဖုံးနေရာလေး တခုပဲ ရှိတယ်။ ဒီတော့ တကိုယ်လုံး ရောင်စုံစက္ကူချောတွေနဲ့ချည်း ဖြစ်တဲ့အပြင် အရွယ်အစားကလဲ ကျုပ်ထက် နှစ်ပိုထူထဲတဲ့ ဒီငတိက ကောင်းကောင်းကြီး နှိမ်တော့တာပေါ့။

တလမ်းလုံး အချိန်ရှိသရွေ့ ဒီလိုချည်း ချိုးနှိမ်လာတော့ ကြာတော့ ဘယ်ခံချင်ပါ့မလဲ။ ဒါနဲ့ ဒီကောင့်ကို ကျုပ်ကပဲ စပြီးပြောလိုက်တယ်။

`ဒီမယ် ဟေ့ကောင်`
`ငါ့နာမည် ကွာလတီကွ`
`အေး၊ မင်းဘာသာ ကွာလတီမကလို့ ကွာလတွတ်ပဲဖြစ်ဖြစ်၊ ကွာငချွတ်ပဲဖြစ်ဖြစ်ကွာ၊ မင်းဆောင့်ကြွားကြွားနိုင်နေတာ တဆိတ်တော့ တရားလွန်နေပြီကွ`

အဲသလို ပြောလိုက်လို့ ဟိုကောင်က ငြိမ်မသွားပါဘူး။ ငြိမ်မသွားတဲ့ အပြင် ကျုပ်ကို မထီတရီ ပြန်ကြည့်ပြီး မေးလိုက်တယ်။

`မင်းနဲ့ငါ ဘယ်သူက ပိုပြီး ဈေးပိုကြီးသလဲကွ`
`ဟာ...၊ ဒါကတော့ မင်းက တအုပ်လုံး စာရွက် အကောင်းစားတွေနဲ့ချည်းပဲလေကွာ`
`အေး၊ ငါ့လို အကောင်းစားဖြစ်တဲ့နေ့ကျရင် မင်းလဲ ငါ့လိုပဲ ဈေးကြီးတဲ့ စာအုပ်ဖြစ်မှာပဲပေါ့ကွ၊ ထောင်လွှား ပလွှားနိုင်တဲ့ အခြေအနေမို့လို့ ထောင်နိုင် လွှားနိုင်တာကို မင်း မနာလို မဖြစ်စမ်းပါနဲ့`
`ကဲ၊ ဒီလိုဆိုရင် ၀ယ်တဲ့လူက မင်းကို ၀ယ်သလို ငါ့ကိုရော ဘာလို့ ၀ယ်တာလဲ၊ ဒါကိုတော့ မင်းလေးစားသင့်တာပေါ့ကွ`
`တော်စမ်းပါကွာ`
`တော်စရာ မလိုဘူး ဟေ့ကောင်၊ ကဲ...၊ မင်းကိုယ်မင်း ငါ့ထက် ဈေးပိုကြီးတဲ့ စာအုပ်ဆိုပြီး ပိုတန်ဘိုး ရှိတယ် ထင်နေရင် ဟိုရောက်တဲ့အခါ သခင်က မင်းနဲ့ငါ ဘယ်သူ့ကိုအရင် ဖတ်မလဲ စိန်လိုက်မလား`
`ဟားဟားဟား၊ သိပ်ရတာပေါ့ကွာ`
`အေး...၊ ဒါဖြင့်လဲ ကြည့်သေးတာပေါ့ကွာ`

***

အခုတော့ ကျုပ်တို့ကို မှာယူခဲ့တဲ့ သခင့်အိမ်ကို ရောက်ပြီ။ ကျုပ်တို့အကုန်လုံး သခင်တယောက် ဘယ်စာအုပ်ကို အရင်ဖတ်မလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ ငံ့လင့်နေကြတယ်။

`ဟာ၊ ဒီမဂ္ဂဇင်းက တော်တော် ထူပါလား`

စကားသံ ခပ်သွက်သွက်နဲ့ အတူ သခင်က ဟိုကောင့်ကို အရင်ဆုံး ကောက်ယူလိုက်တယ်။ ဘယ်ပြောကောင်းမလဲဗျာ၊ ဟိုကောင် ကျုပ်ကို မထီတရီ လှမ်းကြည့်ပြီး သခင့်လက်ထဲကို ပါသွားတာ ကျုပ်မှာတော့ အဲဒီအချိန်လောက် သိမ်ငယ်ရတာ မရှိဘူး။

`စာရွက်အသားတွေလဲ တော်တော်ကောင်းတာပဲ`

သခင်က တယောက်ထဲ ရေရွတ်ပြီး ဟိုကောင့်ကို တဖြတ်ဖြတ်လှန်လှော ဖတ်နေတယ်။ ဒါဆိုရင်တော့ သွားပြီပေါ့။ ကျုပ် ရှုံးပြီ။

ဒါပေမယ့်... ... ...။

***

`ဟာ...၊ ဟေ့လူ ခင်ဗျားမှာ မဂ္ဂဇင်းစာအုပ်တွေ မနည်းပါလားဗျ၊ ကျနော့်လဲ ပေးဖတ်လေ`
`ရတယ်လေ`
`ခင်ဗျား မဖတ်ရသေးတဲ့ စာအုပ်တွေ ထားခဲ့မယ်လေ၊ ဖတ်ပြီးသားတွေသာ ကျနော့်ကို ခဏငှား`
`ခဏငှားမှာ မဟုတ်ဘူး၊ အဲဟို စာအုပ်တွေ အပိုင်သာယူသွားပေတော့ ဒီဘက်က စာအုပ်တွေတော့ ထားခဲ့၊ ငှားချင်ရင်လဲ မမေ့မလျော့တော့ ပြန်ပေး၊ ဟိုစာအုပ်တွေကတော့ အပိုင်သာ ယူပေတော့`

သခင်က ဒီ့ပြင်လူကို အပိုင်ပေးပစ်မယ် ဆိုပြီး လက်ညှိုးညွှန်တဲ့ နေရာက ဟိုကောင်နဲ့တကွ သူတို့ အမျိုးတူ ကွာလတီဆိုလား ကွာလတွတ်ဆိုလား ငတိတွေဖြစ်နေတယ်။ သခင့်ဆီမှာ သိမ်းထားချင်တာကတော့ ကျုပ်နဲ့တကွ တချိန်လုံး ဟိုကောင်တွေ နှိမ်တာ ခံခဲ့ရတဲ့ အမြင်မလှတဲ့ မဂ္ဂဇင်းစာအုပ်လေးတွေ။

စာအုပ် လာငှားသူက တအံ့တသြဟန်နဲ့ သခင့်ကို ပြန်မေးတယ်။

`ခင်ဗျားက အထူးအဆန်းပဲ၊ ပေးပစ်တဲ့ စာအုပ်တွေက လှတပတလေးတွေကို`
`အမြင်လှပြီး၊ စာမလှတာ စာအုပ်ရဲ့ တန်ဘိုးမှ မဟုတ်တာဗျ၊ ခင်ဗျား အဲဒီ စာအုပ်တွေ မယုံရင် ဖတ်ကြည့်၊ ကြော်ငြာတွေကတင် အဲဒီ စာအုပ်အထူရဲ့ စာဖောင် တ၀က်မက ရှိတယ်။ ကျန်တဲ့ တ၀က်မှာလဲ ဘယ်မလဲ စာကောင်းပေကောင်း၊ ဟိုမင်းသမီးက ဟိုဟာလေး ၀တ်လို့ ဘယ်လို လှတာ၊ ဒီမင်းသားက ဟိုမင်းသမီးနဲ့ ဘာဂလိုတိုတို ဖြစ်နေတာ၊ ဟိုအကကတဲ့ ငတိမက မနက်စာကို မြန်မာအစာထက် အမေရိကန်စာတွေ ပိုစားဖြစ်နေတာ...၊ ဒါတွေချည်း ရေးထားတာကို ၀ယ်မိတဲ့ ကိုယ့်ပိုက်ဆံကိုယ် နှမျောနေတာ`

အရှိန်ရသွားပုံရတဲ့ သခင်က သူ့စကားကို အားရပါးရ ဆက်ပြောနေတယ်။

`မဂ္ဂဇင်း တစောင်ဆိုတာ သူ့အမျိုးအစားကို လိုက်ပြီး စာပုံစံ မတူတာတွေကို နားလည်ပေးလို့ရတယ်ဗျ။ ဒါပေမယ့် စာအုပ်တအုပ်ရဲ့ ၇၅%ဟာ ကုန်ပစ္စည်း ကြော်ငြာတွေနဲ့ချည်း ပြည့်နှက်နေတဲ့ မဂ္ဂဇင်းတစောင်ကို အဲဒီ ကြော်ငြာစာရွက်တွေရဲ့ အဖိုးအခကြောင့် ကျနော်တို့က ဈေးကြီးပေးပြီး ၀ယ်လိုက်ရတယ်ဆိုရင် အဲဒါ ကျနော်တို့ ငွေကို ညာယူတာပဲ၊ ဘယ်မလဲ အဲဒီ မဂ္ဂဇင်းရဲ့ ရပ်တည်ချက်၊ ဘယ်မလဲ အဲဒီ မဂ္ဂဇင်း လျှောက်နေတဲ့လမ်း၊ တကယ်တော့ အဲဒီ မဂ္ဂဇင်းတွေက စာပေလမ်းကို လျှောက်နေတာနဲ့ မတူဘဲ စီးပွားရေးသမားတွေကို ကိုယ်စားပြုတာနဲ့ပဲ တူတယ်`

သခင်က ပြောနေရင်းနဲ့ ကျုပ်ကို ဆတ်ခနဲ ဆွဲယူပြီး ပြောလိုက်တယ်။

`ဒီစာအုပ်ဆိုရင် စာကောင်းတွေ အများကြီးပါတယ်။ မှတ်သားစရာတွေ အများကြီးပါတယ်။ ကျနော် သိပ်သဘောကျတဲ့ သရုပ်ဖော် ၀တ္ထုတွေပါတယ်။ တကယ်ဆို သူတို့ သူတို့တွေ ရေးနေတဲ့ စာတွေကသာလျှင် ခင်ဗျားတို့ ကျနော်တို့ရဲ့ အခြေအနေတွေကို ကိုယ်စားပြုနေတာ။ စာအုပ်တအုပ်ဟာ ဒီလိုပဲ ဖြစ်သင့်တာမဟုတ်လား`

***

နောက် တနာရီလောက်ကြာတော့ သခင့်အိမ်ထဲမှာ အသံတွေ တိတ်သွားတယ်။ ဧည့်သည်လဲ ပြန်သွားပြီ။ သခင်က ကျုပ်ကို ဆွဲယူပြီး ကျုပ်ရဲ့ စာမျက်နှာတွေကို တရွက်ခြင်း ပြန်လှန်လှော ဖတ်နေတယ်။

ကိုယ့်ကို အလေးထားပြီး တသေတချာနဲ့ တရွက်ခြင်း ဖတ်ရှုနေတဲ့ သခင့်မျက်နှာကို မြင်နေရတာ အရသာ ရှိလိုက်တာဗျာ။ ကွာလတီဆိုတဲ့ ဟိုကောင့်ကို ကျနော် ပြောချင်နေတာကိုတောင် မပြောလိုက်ရဘူး။ ကြားနိုင်ဦးမယ် ဆိုရင်တော့ ပြောချင်သား...။

`အဖိုးအခ များတိုင်းလဲ တန်ဘိုးကြီးသွားတာတော့ မဟုတ်ဘူးကွ` လို့လေ။

***

ကလိုစေးထူး