Saturday, August 20, 2011

အစည်းအဝေးမှာ...

သင်ဟာ အောက်ဖော်ပြပါ မေးခွန်းသုံးခုထဲက လူသုံးမျိုးသုံးစားကို တွေ့ကြုံတဲ့အခါ ဘယ်လိုလူမျိုးဟာ အဆိုးဝါးဆုံးလို့ ထင်မြင်ပါသလဲလို့ မေးခွန်းထုတ်ပြီဆိုပါစို့

(၁) အစည်းအဝေး ကျင်းပနေချိန်အတွင်း တခြားသူ တဦးတယောက် ပြောဆိုဆွေးနွေးနေခိုက်မှာ အနီးအနားက မိတ်ဆွေများနှင့် တခြားသော အကြောင်းအရာများကို ကျယ်လောင်စွာ ပြောဆိုနေလေ့ရှိသူ။

(၂) တစုံတယောက် ပြောဆိုဆွေးနွေးမှု ဆုံးခန်းမတိုင်ခင်မှာ စကားဝင်ဖြတ်ပြောခြင်းကို မကြာခဏလုပ်တတ်သူ။

(၃) အစည်းအဝေး ကျင်းပနေချိန်မှာ ဆဲလ်ဖုန်းထုတ်ပြောတတ်သူ။

***

ကျနော် မှတ်မှတ်ရရ သတိထားမိသလောက် အစည်းအဝေး ဆိုတဲ့ လူတွေစုရုံးမှုမျိုးဆန်ဆန် ကျနော့်ဘ၀မှာ ပထမဆုံး ထိတွေ့ခွင့် ရတာ ခပ်ငယ်ငယ် ကျောင်းနေစဉ်တုန်းက တနင်္လာနေ့လို နေ့တွေမှာ ကျောင်းခန်းမထဲ ကျောင်းသားတွေကို စုစည်းခိုင်းပြီးတော့ ဆရာဆရာမတွေနဲ့ ကျောင်းအုပ်ကြီးက ပြောချင်တာတွေ၊ တာဝန်ပေးချင်တာတွေကို ပြောဆို တာဝန်ခွဲလေ့ ရှိတဲ့ စည်းဝေးမှုကနေ လို့ ထင်တယ်။ အဲဒီတုန်းကတော့ ကျနော်တို့တွေက ကလေးတွေဆိုတော့ ကျနော်တို့ အလုပ်က စည်းဝေးစုစည်းဖို့ သတ်မှတ်ထားတဲ့ ကျောင်းခန်းမကိုသွား၊ ခန်းမထဲရောက်ရင် ဆိတ်ငြိမ်စွာထိုင်ပြီး ဆရာဆရာမတွေရဲ့ သြ၀ါဒကို ခံယူ၊ တာဝန်ပေးတာကို လက်ခံ၊ ဒီလောက်ပဲ။

တခါတရံကျရင်တော့လဲ ကျနော်တို့ မိသားစုထဲမှာ ဖေဖေ၊မေမေနဲ့ ကျနော်တို့ ကလေးတွေ တစုတဝေးထဲ ဆုံလို့ အစည်းအဝေးဆန်ဆန် မိသားစု စကားဝိုင်းလေးတွေလဲ ရှားတောင့်ရှားပါး ရှိဖူးတယ်။ အဲဒီအခါမှာလဲ ကိုယ့်ဆန္ဒ၊ ကိုယ်လိုချင်တာကို ပြောလို့ရတယ်ဆိုပေမယ့် များသောအားဖြင့် နောက်ဆုံး ဆုံးဖြတ်ချက်ကို လူကြီးတွေကပဲ ချတာများတယ်။ ဒါပေမယ့် ဒါသည်လဲ အစည်းအဝေးတမျိုး။

နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာလေလေ၊ တက်သင့်လို့ တက်ရမယ့် အစည်းအဝေး၊ လုံးဝမတက်ချင်လဲ အားနာပါးနာ တက်ရမယ့် အစည်းအဝေး၊ တက်ချင်လို့ကို တက်ရတဲ့၊ တက်ချင်သည်ဖြစ်စေ မတက်ချင်သည်ဖြစ်စေ တက်ကို တက်ရမယ့် အစည်းအဝေး၊ စသဖြင့် စသဖြင့်နဲ့ အသက်အရွယ်နဲ့ ကိုယ်ရပ်တည်နေထိုင်ရတဲ့ အနေအထားပေါ် မူတည်ပြီးတော့ အစည်းအဝေးပေါင်းစုံကို တက်လာရတော့တာပါပဲ။

စကားမစပ်ပြောရရင် ကျနော့်ဘ၀မှာ စိတ်အပျက်ခဲ့ရဆုံး၊ မတက်ချင်ဘဲ တက်ရတဲ့ အစည်းအဝေးတချို့တလေ ရှိဖူးတယ်။ စည်းဝေးခိုင်းတဲ့လူကလဲ သူပြောချင်တာပဲပြောဖို့၊ ဒါမှမဟုတ် သူ့ကို ဒါတွေပြောကို ပြောရမယ်လို့ တယောက်ယောက်က ခိုင်းထားတဲ့အတွက် ပြောဖို့ စည်းဝေးသလို ကျနော်တို့ကလဲ သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ အဲဒီ အစည်းအဝေးကို သွားရဖို့ ဖြစ်လာတတ်တဲ့ တအိမ်တယောက် အဆင့်ခံရလေ့ ရှိတဲ့ အစည်းအဝေးမျိုးတွေပေါ့။ တော်တော်စိတ်ပျက်၊ စိတ်ကုန်ဖို့ ကောင်းပါတယ်၊ တော်ကြာနေ ဟိုဟာကြွေးကြော်ခိုင်းလိုက်၊ ဒီဟာကြွေးကြော်ခိုင်းလိုက်၊ တော်ကြာနေ ကိုယ့်ခေါင်းပေါ်က ဖြတ်ပျံသွားတဲ့ ရဟတ်ယာဉ်ပေါ်ကလူ စိတ်ချမ်းသာအောင် အောက်ကနေပြီး ကျနော်တို့က စိတ်ပါပါမပါပါ လက်ပြနှုတ်ဆက်ခိုင်းခံရနဲ့ပါ။ ထားလိုက်ပါတော့။ အဲဒီလို အစည်းအဝေးမျိုးတွေ အကြောင်းကတော့

***

ကျနော်အထက်မှာ ပြောခဲ့သလို ကျနော်တို့တွေ တဖြည်းဖြည်းနဲ့ လူ့ဘောင်လောကမှာ အသက်အရွယ်အရရော၊ ရပ်တည်ရှင်သန်မှု အပိုင်းအရရော ဆက်စပ်မှုတွေ တဖြည်းဖြည်းများလာရင်းနဲ့ အစည်းအဝေးတွေကို တက်ဖြစ်လာရတယ်။ အစည်းအဝေးတွေနဲ့ ရင်းနှီးလာရတယ်။ အစည်းအဝေးကနေ ရခဲ့တဲ့ အကျိုးတွေကိုလဲ ခံစားလာရဖူးကြတယ်။ အစည်းအဝေးကြောင့်ပဲ ဆုံးရှုံးခဲ့တာတွေလဲ ရှိလာရဖူးကြတယ်။ အစည်းအဝေးကနေတဆင့်ပဲ မိတ်ဆွေတိုးလာတာရှိတယ်။ အစည်းအဝေးကနေပဲ မခေါ်မပြောချင်လောက်အောင် အခင်အမင်တွေ ပျက်ပြားကုန်ကြဖူးတာတွေလဲ ရှိတယ်။

တကယ်တော့ ဘာအကြောင်းကြောင့်ပဲ အစည်းအဝေးလုပ်လုပ် ဒီအစည်းအဝေးမှာ (တချို့ချွင်းချက် အစည်းအဝေးတချို့ကလွဲရင်) မင်းတော့ ဒီလိုပဲနေရမယ်၊ ခင်ဗျားတော့ ဒါမျိုးပဲ လုပ်သင့်တယ်လို့ ကြိုတင်သတ်မှတ်ထားတဲ့ အစည်းအဝေးတက်ရောက်မှုဆိုင်ရာ လူမှုယဉ်ကျေးမှု ဆိုတာ ဘယ်သူမှ တသီးတသန့်တော့ သတ်မှတ်မထားပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ အစည်းအဝေးတခုကို တက်ရောက်ကြတာနဲ့ အဲဒီ အစည်းအဝေးကို တက်ရောက်လာသော တခြားတခြားသော ပုဂ္ဂိုလ်ကြီး၊ ပုဂ္ဂိုလ်ငယ် အားလုံးကို လေးစားသမှုထားသောအားဖြင့် လိုက်နာသင့်တဲ့ အချက်တွေကတော့ ရှိပါတယ်။ ဒီတော့ အပေါ်ဆုံးက မေးခွန်းသုံးခုကို ပြန်ကြည့်ရအောင်

(၁) အစည်းအဝေး ကျင်းပနေချိန်အတွင်း တခြားသူ တဦးတယောက် ပြောဆိုဆွေးနွေးနေခိုက်မှာ အနီးအနားက မိတ်ဆွေများနှင့်အတူ တခြားသော အကြောင်းအရာများကို ကျယ်လောင်စွာ ပြောဆိုနေလေ့ရှိသူ။

ဒီအပြုအမူဟာ ကျနော်တို့ ခပ်ငယ်ငယ် ကလေးဘ၀ ကျောင်းခန်းမထဲမှာ ကျောင်းအစည်းအဝေး လုပ်တုန်းကသာလျှင် မသိသေးလို့၊ နားမလည်သေးလို့ လုပ်မိတာ ဖြစ်သင့်ပါတယ်။ ဒါတောင် အဲဒီတုန်းကတည်းကိုက ဆရာ၊ဆရာမတွေက အစည်းအဝေးလုပ်နေချိန်မှာ စကားများတာတွေ မလုပ်ဖို့ ဆိုဆုံးမခဲ့တာပါ။ အဲဒီတုန်းကတော့ မသိလို့ နားမလည်လို့ကိုး…။ နားလည်သိတတ်လာတဲ့ အရွယ်ကို ရောက်လာတဲ့အခါမျိုးမှာ ကိုယ်က အစည်းအဝေးတခုခုကို တက်ရောက်ရပြီဆိုရင်တော့ အဲဒီ့အပြုအမူဟာ ပြောဆိုဆွေးနွေးနေသူကို မလေးမခန့်လုပ်နေတာနဲ့ တူသလို အဲဒီပြောဆိုဆွေးနွေးနေတာကို စိတ်ပါဝင်စားစွာနဲ့ အာရုံစိုက် နားထောင်နေသူ တခြားသောသူတွေကိုပါ မလေးစားတာနဲ့ အတူတူပါပဲ။

(၂) တစုံတယောက် ပြောဆိုဆွေးနွေးမှု ဆုံးခန်းမတိုင်ခင်မှာ စကားဝင်ဖြတ်ပြောခြင်းကို မကြာခဏလုပ်တတ်သူ။

တခြားသော တိုင်းတပါးသားတွေက ဘယ်လိုဘယ်ပုံ ကျနော်တို့လူမျိုးက ဘယ်လိုဘယ်ပုံနဲ့ သူများလူမျိုးနဲ့ နှိုင်းလို့ ကိုယ့်လူမျိုးကိုယ် ဘာဖြစ်တယ် ညာဖြစ်တယ် မပြောချင်ပေမယ့် ကျနော်တို့ အမျိုးတွေက သူများစကားပြောနေတုန်း ၀င်ဖြတ်ပြောတာကို ၀ါသနာထုံတာက အစည်းအဝေးမှတင် မဟုတ်ပါဘူး။ အပြင်မှာလဲ အတော်ဝါသနာကြီးပါတယ်။ အပြင်မှာကတော့ ကိုယ်နဲ့ စကားပြောနေသူက အရင်းနှီးဆုံးသူတွေ ဖြစ်နေလို့ ဒါမျိုးတွေ လုပြောရတာကိုက အရသာရှိနေသလို ဖြစ်နေလို့ ပုံစံမျိုးက ပြဿနာမရှိလှပေမယ့် အစည်းအဝေးတခုကို တက်ရပြီဆိုရင်တော့ တပါးသူ ဆွေးနွေးနေတာ မပြီးသေးခင် အတင်းကာရော စကားဝင်ဖြတ် ထပြောတာတွေဟာ အတော်ရုပ်ဆိုးတဲ့ အပြုအမူပါ။

အထူးသဖြင့် ပထမတယောက် ပြောနေတဲ့၊ ဆွေးနွေးနေတဲ့ အကြောင်းအရာ နဲ့ ဆန့်ကျင်ဘက် အယူအဆလိုဟာမျိုးကို တယောက်ဆွေးနွေးလို့ ပြီးတာကို ဆုံးအောင် မစောင့်နိုင်တော့ပဲ မိမိအယူအဆကို အတင်းကြီး ကြားဖြတ်ဝင်ပြောဆိုတာပါ။ တခါတလေ အဆိုးဆုံးကတော့ ပြောဆိုနေတဲ့၊ ဆွေးနွေးနေတဲ့လူရဲ့ အကြောင်းအရာကို “ခင်ဗျားပြောနေတာ…၊ မင်းပြောနေတာ တခုမှ မဟုတ်ဘူး” ဆိုပြီး အစချီ အတင်းဝင်ဖြတ်ပြောပစ်လိုက်တာမျိုးပါ။ တကယ်တော့ ကိုယ်နဲ့ အယူအဆတူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သူပြောနေတာ နည်းလမ်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အနည်းဆုံးတော့ သူ့စကားကို ဆုံးအောင် ဆွေးနွေးခွင့်ပေးသင့်ပါတယ်။ အဲဒီ အလေးထားမှု သေးသေးလေးကနေ အစပြုပြီးတော့ တခြားသော ကိုယ်လိုချင်၊ ဖြစ်ချင်တဲ့ အကြောင်းအရာ အတော်များများကို ဒီအစည်းအဝေးကနေ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ပါတယ်။ ပြီးတော့ အဲဒီလိုမျိုး အတင်းကြားဖြတ်ဝင်ရောက်သူတွေဆီကနေ ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရဖို့လဲ အင်မတန်မှ ခက်ခဲပါတယ်။

(၃) အစည်းအဝေး ကျင်းပနေချိန်မှာ ဆဲလ်ဖုန်းထုတ်ပြောတတ်သူ။

“သြော်…၊ အေး.. ဘယ်သူလားကွ၊ ငါဒီမှာ ဘယ်သင်းဘယ်ဝါ အစည်းအဝေးကို ရောက်နေတာကွ၊ အေးပါ၊ လာခဲ့ပါ့မယ်၊ အစည်းအဝေးကလဲ မပြီးနိုင်သေးလို့ကွ” ဆိုပြီး ဆဲလ်ဖုန်းကို ကျယ်လောင်စွာ ထုတ်ပြောတတ်သူကတော့ ဒီဘက်ခေတ်ရဲ့ နည်းပညာထွန်းကားမှု နောက်ဆက်တွဲမှာမှ ပေါ်လာတဲ့ လူတမျိုးထင်ပါတယ်။ တခါတလေ စကားလက်ဆုံတောင် ကျနေလိုက်ပါသေးတယ်။ ပြောဆိုဆွေးနွေးနေသူတွေကိုလဲ အလေးမထား၊ ဘာတွေပြောဆိုဆွေးနွေးနေတယ် ဆိုတာမျိုးကတော့ ခေါင်းထဲထည့်ဖို့ ဝေးစွပါပဲ။

တချို့တော့လဲ အစည်းအဝေးခန်းမထဲမှာတော့ ဆဲလ်ဖုန်း မပြောပါဘူး။ ဖုန်းလာတော့ ဘယ်သူ့ကိုမှန်း မသိ လက်ကလေး တကာကာ ပြပြီး ခန်းမအပြင်ထွက်သွားတော့တာပါပဲ။ ဒါပေမယ့် ဒါဟာလဲ သိပ်ကောင်းလှတဲ့ အပြုအမူ မဟုတ်လှပေမယ့် ဆဲလ်ဖုန်းကြီး ထုတ်ပြီး ကျယ်လောင်စွာ ပြောတတ်သူထက်စာရင်တော့ တော်သေးတာပေါ့လို့ ပြောရမလားပါပဲ။ အကောင်းဆုံးကတော့ အစည်းအဝေးမကျင်းပမီကတည်းက ဆဲလ်ဖုန်းကို ပိတ်ထားခြင်းဖြစ်စေ၊ ဖုန်းမြည်သံကို လုံးဝအသံမမြည်သည်အထိ တိုးထားခြင်းဖြစ်စေ လုပ်သင့်တာပါ။

အဲဒါကြောင့်ပဲ ထင်ပါတယ်။ အခုနောက်ပိုင်း အစည်းအဝေးအတော်များများမှာ အစည်းအဝေးကျင်းပတော့မှာ ဖြစ်တဲ့အတွက် ဆဲလ်ဖုန်းများ ပိတ်ထားပေးပါရန်လို့ ကြိုတင်မေတ္တာရပ်ခံတာမျိုးကို မှတ်မှတ်ရရ ထည့်သွင်းပြောဆိုနေကြပါပြီ။

***

ဘာရယ်တော့လဲ မဟုတ်ပါဘူး။ ကျနော်လဲ အစည်းအဝေးကျင်းပမှု ဆိုင်ရာ လေ့လာသုံးသပ်သူကြီး လေသံပစ်သလို ဖြစ်နေပြီ ထင်ပါတယ်။ အခုတလောမှာ အကြောင်းအရာ အကြီးကြီးတွေ၊ မကြီးတကြီးတွေနဲ့ သက်ဆိုင်တဲ့ အစည်းအဝေးတွေကို တက်ဖြစ်တဲ့အခါ အပေါ်က ကျနော်ပြောတဲ့ အချက်တွေကနေ အစပြုပြီး အစည်းအဝေးတွေက လိုရင်းကိုမရောက် ရည်ရွယ်လားရာလဲ မမြောက်ဘဲ၊ အချိန်ကုန်၊ အညောင်းကိုက်၊ တခါတလေ တယောက်ကိုတယောက် မကြည်မလင်တွေနဲ့ အဆုံးသတ်ရတာတွေက များများလာတဲ့ အစည်းအဝေးတွေကို တက်မိပါများလို့ ဟိုရေးဒီခြစ်မိတာ…။ စာမရေးဖြစ်တာလဲ နည်းနည်းကြာနေပြီလေ။

***

ကလိုစေးထူး

Tuesday, August 02, 2011

ဖားရှာထွက်ချိန်...

၆ ဗို့အား ဘထ္တရီကို လွယ်အိပ်ခပ်သေးသေးမှာ ငြိမ်လျက်သားလေး ဖြစ်အောင် ခပ်ကျပ်ကျပ်လေး လွယ်ကြည့်လိုက်၊ ပြန်ချလိုက်၊ တလှမ်းနှစ်လှမ်း စမ်းလျှောက်ကြည့်လိုက်နဲ့ ဟန်ရေးပြင်နေတဲ့ နကျယ်ကောင်ကို ဖိုးကောက်နဲ့ ဖိုးထူးက ပြုံးစေ့စေ့နဲ့ ကြည့်နေကြ၏။ ကြည့်လဲ ကြည့်ပစေတော့…၊ ဒီဘထ္တရီအိုးလေးက အလွယ်မတော်လို့ တော်ကြာ အက်ဆစ်တွေ ဘာတွေ ထွက်လာမှဖြင့် အခက်လေ။

ဟော…၊ ခပ်ငြိမ်ငြိမ်လေး လွယ်လို့ရသွားပြီဆိုတော့ နဖူးမှာစည်းထားတဲ့ ဓာတ်မီးလုံးကို ထင်းခနဲ လင်းမလင်း ဘထ္တရီအိုး ပလပ်မှာထိုးပြီး စမ်းကြည့်ရသည်။ ဓာတ်မီးလင်းနေပြန်တာနဲ့တင် မပြီးသေး၊ ဒီဓာတ်မီးအလင်းတန်းက စုပြီး အလင်းတန်း အဖြာကြီးဖွာထွက်မနေရအောင် ဓာတ်မီးခေါင်းလေးကို လှည့်ပတ် ချိန်ရသေးသည်။

အဲဒါတွေ အကုန်လုံး နေသားတကျဖြစ်ပြီဆိုတော့မှ အရေးကြီးတာ တခု ကျန်နေသေးတာကို သတိတရဖြင့် ဖိုးကောက်ကို မေးလိုက်၏။

“ဖိုးကောက်၊ ငါ့အတွက် ပလိုင်းက ဘယ်မှာလဲကွ”

***

ဂုန်ဘီရွာက ဘကြီးဦးကုလားရဲ့ တောင်ယာတောကုန်းစောင်းက အဆင်းဟိုဘက်ကနေ လယ်ကွင်းတွေထဲကို သူတို့ရောက်တော့ မှောင်ရီပျိုးချိန်…။ နဖူးစီးဓာတ်မီးတ၀င်းဝင်း၊ လက်ထဲမှာက ၀ါးခြမ်းပြားထက် ခပ်ရွယ်ရွယ်လေး ကြီးသည့် ၀ါးကြောစိမ်းပြားပြား လက်တပြန်စာ တချောင်းစီကိုင်လို့…။ ဖိုးကောက်နဲ့ ဖိုးထူးနောက်ကို မီအောင် ခပ်သွက်သွက် လိုက်ရင်း နကျယ့်ကောင့် နားထဲမှာ နေ့လည်က အနှီနှစ်ကောင် ဆရာကြီးလုပ် သင်ပေးထားတာတွေကို ပြန်ကြားယောင်နေ၏။

“ဖားရှာတယ်ဆိုတာ ဓာတ်မီးရောင်အောက်မှာ ဘယ်မျက်လုံးက ဖားမျက်လုံးဆိုတာကို ခွဲတတ်ရမယ်ကွ။ အမှောင်တောထဲမှာ ပုရစ်လိုလို အကောင်လေးတွေလဲ မျက်စိက လင်းတယ်၊ ဒါပေမယ့် ဖားမျက်လုံးနဲ့ မတူဘူး။ ဖားမျက်လုံးက အမှောင်ထဲမှာမှ ဓာတ်မီးထိုးလိုက်ရင် အ၀ါရောင်မှာ အစိမ်းရောင်လေးရောနေသလို စူးနေတာ။ အဲဒီလို တွေ့ပြီဆိုရင် ဓာတ်မီးကို အဲဒီမျက်လုံးကနေ မလွဲစေပဲ တန်းတန်းလျှောက်သွား၊ အနားကို နီးလာရင် ဟောဒီ ၀ါးခြမ်းပြားနဲ့ ဗြတ်ဆိုပြီး တချက်ပဲ ခပ်ဆတ်ဆတ်ရိုက်ရတယ်။ တအားရိုက်ရင် သေသွားမယ်။ သေသွားရင် မနက်မိုးလင်းတော့ ပုပ်နေမယ်။ စားလို့ မကောင်းဘူး။ မင်းက ငါတို့နောက်ကနေ လိုက်ပြီး အသာကြည့်နေ”

ဖားရှာထွက်တယ် ဆိုမှတော့ သူ့အသက်သတ်တာမို့ သိပ်တော့ မကောင်းလှ။ ဒါပေမယ့် ဒီလိုမိုးက အေးအေးမှာ ဖားသားခပ်ချိုချိုကို ချဉ်ပေါင်ရွက်ခပ်လတ်လတ်တွေကို နည်းနည်းလောက်ထည့်၊ ငရုတ်သီးခပ်စပ်စပ်ကို ငါးပိပါရောပြီးတော့ မွှေချက်ထားသည့် အရသာကို လျှာဖျားက စွဲနေလေပြီ။

***

ဟိုနှစ်ယောက်က ရှေ့ကနေ စိုက်စိုက် စိုက်စိုက်နဲ့ သွားလိုက်၊ ဖားတွေ့ရင် ဗြတ်ဆို ခပ်ဆတ်ဆတ် တချက်ရိုက်ပြီး ပလိုင်းထဲကို ခပ်သွက်သွက်လေး နောက်ပြန်ထည့်လိုက်၊ တခါ ရှေ့တိုးသွားလိုက်နဲ့ နကျယ်အောင်မှာကတော့ ဖားရိုက်ထွက်တာ ၀တ်စုံပြည့်နဲ့ အမည်ခံကြီးဖြစ်နေတာမို့ ကြာတော့ ပျင်းသလိုလို ဖြစ်လာ၏။ သိုနှင့်…

“ဘာဖြစ်ဖြစ်~~~မင်းလေးသာ အနားရှိ~~~ ရင်ဆိုင်ကာ ဖြေရှင်းမည်~~~ စွန့်စားမယ် ကိုယ့်အချစ်ရေ~~~ လိုက်ရဲလား”

ဘာမပြောညာမပြော အသဲပြဲကြီးနဲ့ သီချင်းထအော်ဆိုတဲ့ နကျယ်ကောင့် အသံကို ဖိုးကောက်က အလန့်တကြားနဲ့…

“ဟေ့ရောင်၊ ဖားရိုက်ထွက်ပါတယ်ဆိုမှ အသံပြဲနဲ့ သီချင်းအော်ဆိုရလား၊ တိတ်တိတ်နေ”
“ဟ…၊ ငါလဲ ပျင်းတာပေါ့ကွ၊ ဒါဖြင့် ငါ့ကို ရှေ့ကပေးသွားလေ”
ဖိုးကောက် အင်တင်တင်တော့ ဖြစ်သွားဟန် ခဏငြိမ်သွားပြီးမှ…
“ကဲ…၊ သွားကွာ၊ ဒါဖြင့်လဲ”

သိရောပေါ့ကွာ၊ ငါလဲ ဖမ်းတတ်ပါတယ်ကွလို့ စိတ်ထဲက ကြုံးဝါးရင်း နကျယ်ကောင်တယောက် အကုသိုလ်အလုပ်ကို ရှေ့ဆုံးကနေ လုပ်ဖို့ တက်ကြွသော ခြေလှမ်းဖြင့် လှမ်းလိုက်သည်။

***

သူတို့ ရှေ့ကနေသွားပြီး ရှာတုန်းကတော့ တွေ့လိုက်တဲ့ ဖားတွေ၊ တွေ့တဲ့ ဖားတွေကိုလဲ ရိုက်လိုက်တာမှ တကောင်မှမလွဲ၊ အခု နကျယ်ကောင့် အလှည့်ကျမှ ဖားတကောင်တလေ တွေ့ဖို့တောင် မနည်းရှာနေရသည်။ ဟိုးးရှေ့က မျက်လုံးက ဖားမျက်လုံးလားမသိ ဆိုပြီး အနားကို သွားကြည့်တော့ ဘာမှန်းမသိတဲ့ အင်းဆက်ပိုးကောင်သေးသေးလေး ဖြစ်နေ၏။ ဖားတွေ့လို့ ရိုက်လိုက်ပြန်တော့ သကောင့်သားက မြန်လိုက်တဲ့အမျိုး၊ ခုန်ထွက်သွားတာမှ လှစ်ခနဲ။ ကြာတော့ ဖားတွေက သိပ်တောင် မကြောက်တော့လေသလား မသိ၊ အော်သံတွေက ပိုဆူညံနေသလားတောင် မှတ်ရသည်။

ဒါပေမယ့် အချိန်အတန်ငယ် ကြာလာတော့ နကျယ်ကောင်လဲ ဟုတ်တုတ်တုတ်ဖြစ်လာသည်။ ဟိုနှစ်ယောက်လောက် မရရင်တောင် နည်းနည်းပါးပါးတော့ ရလာ၏။ ဘာရမလဲကွပေါ့…။

***

လယ်ကွက်တွေဘက်ကနေ ဂုန်ဘီချောင်းစပ်နားရောက်လာတော့ ချောင်းစပ်တလျှောက်ကို ဓာတ်မီးဖြာခနဲ တချက်ထိုးကြည့်လိုက်သည်။

ဟော၊ ဒီတခါ ဓာတ်မီးအလင်းရောင်မှာ ပေါ်နေတဲ့ မျက်လုံးအရောင်က ထူးခြားလှပါလား။ အရောင်က ခါတိုင်း ဖားအကောင်ငယ်ငယ်တွေထက် နှစ်ဆလောက် ပိုစူးရှပြီး ပိုလဲ ကြီးနေသည်။ သေချာသတိထားမိတော့ အနီရောင်တောင် သန်းနေသလိုလို…။ ဒါနဲ့…၊

“ရှေ့မှာ၊ ဖားကောင်ကြီး”

နောက်ကို လက်ကာပြရင်း လေသံခပ်အုပ်အုပ်နဲ့ လှမ်းပြောလိုက်တော့ ဖိုးကောက်ရော ဖိုးထူးပါ ကုန်းကုန်းကွကွတွေ ဖြစ်ကုန်၏။ နကျယ်ကောင်ကိုယ်တိုင်လဲ ခန္ဓာကိုယ်က ခပ်ကုန်းကုန်းကြီးနဲ့ ရှေ့ကို တလှမ်းစီတိုးသွား၏။ မျက်လုံးအရောင်ကလဲ နီးလာလေလေ ပိုစူးလာလေလေ၊ ပြီးတော့ တချက်ကလေးမှပင် ဓာတ်မီးရောင်ကို ဖယ်ခွာမသွားဘဲ ပြန်စိုက်ကြည့်နေပြန်သည်။ ဒီလိုနဲ့ တဖြည်းဖြည်းခြင်း နီးလာတော့…

“ဟာာာာာာာ….”
ဖိုးကောက်က နောက်ကနေ ဟာ ခနဲ တအံ့တသြလဲ အသံထွက်၊ လက်ကလဲ သွက်လက်စွာဖြင့်ပင် အဲဒီ မျက်လုံးနီနီကြီးကို လက်ထဲက ၀ါးခြမ်းနဲ့ တဖုန်းဖုန်းပြေးရိုက်သည်။ ပါးစပ်ကလဲ…

“နကျယ်ကောင်၊ ငါ့ဆီကို မီးထိုးထား၊ မီးထိုးထား” ဟု ဆက်တိုက်ပြောနေသေးသည်။ ဖိုးကောက် လေးငါးချက် သမနေတဲ့ အဲဒီမျက်လုံးနီနီကြီးကို နကျယ်ကောင် အခုမှ ထင်ထင်ရှားရှားတွေ့တာက ကြံဆစ်ပိုင်းလုံးပတ်သာသာ အ၀ါအနက်ကျား မြွေတကောင်…။ စောစောက ဓာတ်မီးရောင်ထဲက မျက်လုံးနီနီကြီးက ဒီမြွေဖြစ်နေတာကို နကျယ်ကောင်က ရှေ့ဆုံးကနေသွားနေပြီး မသိလိုက်၊ နောက်ကပါလာတဲ့ ဖိုးကောက်က မြွေခွေခွေကို မြင်တော့ လက်သွက်ခြေသွက်လိုက်ပေလို့…၊ နို့မို့ရင် မတွေးဝံ့စရာ…။

***

ဘကြီးဦးကုလားရဲ့ တောင်ယာတဲကို ပြန်ရောက်တော့ သန်းခေါင်သာသာတောင် ရှိလုပြီ။ ပြန်ကြမယ်ဆိုတော့မှ ဖိုးကောက်က… “ကဲ၊ ဒီလောက် ဆိုချင်တဲ့ကောင်၊ ဆိုတော့ကွာ” ဆိုလို့ နကျယ်ကောင်ကလဲ အပြောမခံစွာပင် ရဲသွင်ရဲ့ အချစ်များရင်ထဲမှာ~~~ အချစ်များအသည်းထဲမှာ~~ တွေ ဟဲပစ်လိုက်သေးသည်။

တဲမှာ ရှိတဲ့ တမိသားစုလုံးစာ ချက်စားလေ့ရှိတဲ့ ဒန်အိုးအကြီးကြီးထဲကို ပါလာသမျှ ဖားတွေကို ဂရုတစိုက်နဲ့ လောင်းသွန်ထည့်ပြီးတော့ အပေါ်ကနေ အဖုံးပြန်ပိတ်ပြီးတော့ အိုးအဖုံးကို ငရုတ်ဆုံဖြင့် ဖိထားလိုက်သည်။ မနက်မိုးလင်းမှ မြို့ကဈေးကလေးမှာ အပုံလေးတွေ ပုံပြီးရင် ဖားတပုံ ဘယ်လောက်နဲ့ရောင်းရရင် ကောင်းမလဲ၊ စားဖို့အတွက်က ဘယ်လောက်ချန်ထားမှလို့ ဟိုတွေးဒီတောနဲ့ပင် သိပ်မကြာလှမှာတင် နကျယ်ကောင်တို့ သုံးယောက်လုံး အိပ်မောကျသွားလေတော့သည်။

***

ကလိုစေးထူး

(ကျနော် အခုရက်ပိုင်း အလုပ်နည်းနည်းပြန်ရှုပ်နေလို့ စာရေးချင်ပေမယ့် အခုမှရေးရတယ်။ ဘလော့ဂ်တချို့တလေကိုလဲ အခုမှပဲ အနည်းအကျဉ်းလိုက်ဖတ်ဖြစ်တယ်။ ကျနော့်ဆီမှာ လာလည်ဖတ်ရှုတဲ့ မိတ်ဆွေတွေကို ဧည့်ဝတ်မကျေသလို ဖြစ်ရင် ခွင့်လွှတ်စေလိုပါတယ်။ အားလုံးချမ်းမြေ့ရွှင်လန်းပါစေ။)

Monday, July 25, 2011

ကျနော်နဲ့ မန်ယူဖန်...








ဒီလူက ကျနော် အခုလက်ရှိ အဆောင်ကို ပြောင်းလာလာခြင်းကတော့ အဲဒီ အခန်းမှာ မရောက်လာသေးဘူး။ ဒီအဆောင်မှာ အခန်းပေါင်း ၈ ခန်းမှာ ၇ ခန်းက မြန်မာမိသားစုတွေနေတာ…။ ကျနော် စရောက်တော့ ကျနော့်မျက်နှာချင်းဆိုင် သူတို့အခန်းမှာ တခြားမြန်မာ နှစ်ယောက်ပဲ ရှိသေးတယ်။ နောက်တော့ ဟိုတယောက်၊ ဒီတစနဲ့ သူတို့အခန်းမှာ လူတွေတိုးလာလိုက်တာ အခုတော့ အဲဒီ အခန်းမှာ လူပေါင်း ၇ ယောက်လား ၈ ယောက်လားတောင် မသိဘူး ရောက်နေကြတာ…။ အဲဒီ နောက်ထပ် ရောက်လာတဲ့ လူတွေထဲကမှ သူက တယောက်အပါအ၀င်…။

အဆောင်ရှေ့မှာက ၀ရန်တာလေး တခု ရှိတယ်။ သိပ်ချမ်းအေးတဲ့ ရာသီ မဟုတ်ရင် အလုပ်အားချိန် တခါတလေမှာ ကျနော်က အဲဒီ ၀ရန်တာရှေ့ထွက်၊ ကုလားထိုင်လေး တလုံးချပြီး တငွေ့ငွေ့လေးနဲ့ အတော်လာတဲ့ အမောင်ဘီယာလေး တစုပ်စုပ်၊ အမြည်းကလေး တမြုံ့မြုံ့နဲ့ ဇရက်မင်း စည်းစိမ်ယူလေ့ရှိတယ်။ သူတို့အခန်းကလူတချို့ကလဲ အဲဒီ ၀ရန်တာလေးကို ထွက်ထွက်လာပြီး ကျနော်နဲ့ ထပ်တူကျင့်ကြံကြလေရင်းနဲ့ အချင်းချင်း အလ္လာပ၊သလ္လာပလိုက်ကြ ဟိုပွားဒီငြင်းလိုက်ကြရင်းနဲ ဒီလူနဲ့ စတင်သိကျွမ်းလိုက်တယ် ဆိုပါတော့…။

***

ဒင်းနဲ့ကျနော် ၀ါသနာတူတာ တခုက ဘောလုံးပွဲကြည့်ရတာကို ကြိုက်တယ်။ ဒါပေမယ့် မတူတာက အားပေးတဲ့ အသင်းပဲ…။ ကျနော်က ချယ်လ်ဆီး အားပေးတယ်၊ သူကတော့ မန်ယူတဲ့…။ ဇာတ်လမ်းက အဲဒီမှာတင် စတာပဲ…။

တခြားအကြောင်းအရာတွေ အကြောင်း ပြောကြဆိုကြရင် လေပေးဖြောင့်သလောက် ဘောလုံးအကြောင်းဆိုရင်တော့ ဒီလူနဲ့ကျနော် တစောင်းစေးနဲ့ မျက်ချေးပဲ။ တချက်ကလေးမှကို အမြင်ကမတူတော့ဘူး။ အေးလေ…၊ ဟိုမှာ တကယ်ကန်နေကြတဲ့ အသင်းတွေတောင် ပြိုင်ဆိုင်မှု ပြင်းထန်မှတော့ ကျနော်တို့ အားပေးတဲ့ ဖန်တွေကလဲ လေခြင်းပြိုင်ကြလေသတည်းပေါ့…။

ဘောလုံးအကြောင်းလေးများ ပြောလိုက်ပလားဆိုရင် သူကလဲ သူအားပေးတဲ့ မန်ယူက ဘယ်လောက် ဖလားတွေ ရထားကြောင်း၊ ဘယ်လိုကောင်းကြောင်း၊ နောက်ထပ် ဘယ်လို ဖလားတွေ ယူဦးမှာဖြစ်ကြောင်းနဲ့ အာဘောင်အာရင်း သန်သန် ရေရေလည်လည် ပြောလေ့ ရှိတယ်။ ကျနော်ကလဲ ဘယ်ခေမလဲ၊ မန်ယူကိုကလွဲရင် တခြားအသင်းကိုတော့ အားပေးလို့ရတာတွေ၊ ချယ်လ်ဆီးကိုပဲ ကြိုက်တာတွေ၊ အမယ်…၊ အဲဒီတုန်းကဆိုရင် မန်ယူက ချယ်လ်ဆီးကို သုံးပွဲဆက်တိုက် ရှုံးထားတဲ့ အရှိန်နဲ့ ကောင်းကောင်းကြီးကို လေလက်နက်နဲ့ ဒင်းကို နွှာတာလေ…။

ဘောလုံးပွဲ လာတဲ့နေ့တွေဆိုရင် တခါတလေ သူက ကျနော့်အခန်းမှာ လာကြည့်တတ်တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ကျနော် မန်ယူကို နွှာပါများလွန်းလို့လားမသိ…၊ လာမကြည့်တော့ဘူး။ ကျနော်ကလဲ နေပေါ့ကွာ…၊ အေးတာပဲလို့တောင် တွေးမိလိုက်သေး…။ ရယ်တော့ ရယ်ရတယ်ဗျ…။ ဘောလုံးပွဲတွေ လာတဲ့အခါကျရင် သူ့မန်ယူအသင်းကန်တဲ့အခါ ကျနော်က ဆန့်ကျင်ဘက်အသင်းကို အားပေးတယ်။ ကျနော့် ချယ်လ်ဆီးကန်ရင်လဲ သူကလဲ ထိုနည်းလည်းကောင်းပေါ့…။ မန်ယူနဲ့ ချယ်လ်ဆီး ဆုံကြရင်တော့ ဘာပြောကောင်းမလဲပေါ့…။ ရယ်ရတယ် ဆိုတာက တယောက်အခန်းက… ‘ဟာကွာ)))))))))))’ ဆိုတဲ့ ကြိတ်မနိုင်ခဲမရ အသံထွက်လာချိန်မှာ တယောက်က ‘ရေးးးးး၊ ရက်စ်))))၊ ဝေးဟေးဟေးးးးးး’ ဆိုပြီး အောင်ပွဲခံသံက တချိန်တည်းလိုလို ထွက်လာတော့တာပဲ…။

မနှစ်ကတော့ ကျနော် အတော်မျက်နှာပန်းမလှတဲ့ နှစ်လို့ ပြောရမလားဘဲ…။ ကျနော် အားပေးတဲ့ ကိုရွှေချယ်လ်ဆီးက အောက်တိုဘာလလောက်အထိ ဟုတ်တုတ်တုတ်နဲ့ ကန်သမျှပွဲတိုင်းလိုလို ဂိုးတွေ တဂျိမ်းဂျိမ်းနဲ့ သွင်းပြီး အောင်ပွဲတွေခံနေတာ အဲဒီတုန်းကဆိုရင် ကြုံကြိုက်လို့ ဟိုလူ့ကို တွေ့လိုက်ရင်ကို ကျနော့်မျက်ခွက်ကြီးက တမော့မော့နဲ့လေ…၊ ဘယ့်နှယ်ရှိစပေါ့…။ ဒါပေမယ့် ဆန်းဒါးလန်းကို ၃-၀ နဲ့ ရှုံးပြီးကတည်းက ချယ်လ်ဆီးလဲ ဂျွမ်းပြန်သွားလိုက်တာ တောက်လျှောက်ကို ရလဒ်တွေ ကျတော့တာပဲ၊ အဲဒီမှာတင် အမောင်မန်ယူက အိပဲ့အိပဲ့နဲ့ ဖြတ်ကျော်သွားလိုက်တာ ပရီးမီးယားလဲ ပြန်မကျော်နိုင်၊ ချန်ပီယံလိဂ်မှာလဲ မန်ယူကို ရှုံးနဲ့…။

***

လူ့စိတ် အစွဲတမျိုးက ခက်တယ်။ ရေခြားမြေခြားမှာ ရောက်နေတဲ့ နိုင်ငံသားခြင်း အတူတူပေမယ့် အဲဒီ အကြိုက်မတူတာလေး တခုကိုကပဲ ဖုတုတု ဖြစ်ချင်ဖြစ်စေသေးတာ။ ဒီကြားထဲ သူကလဲ ဘောလုံးသတင်းတွေဖတ်၊ ကျနော်ကလဲ ထိုနည်းလည်းကောင်းဆိုတော့ ဟိုဘောလုံးသမားက ဘယ်လို၊ ဒီအသင်းက ဘယ်ပုံနဲ့ တချိန်လုံး ငြင်းစရာချည်း ဖြစ်နေတော့တာပဲ။

ဒင်းမှာ မန်ယူ တံဆိပ်နဲ့ လက်ပြတ်အကျီတထည်လားရှိတယ်။ သူ… တချိန်လုံး အဲဒါချည်း ၀တ်နေရင် မျက်စိထဲ အပိုးကို မကျိုးတာ၊ ဘယ်ရမလဲ၊ ကျနော်ကလဲ ကျနော့်မှာ ရှိတဲ့ ချယ်လ်ဆီး အိမ်ကွင်း၊ အဝေးကွင်းအကျီတွေကို မရိုးနိုင်အောင် ထုတ်ဝတ်ပြတာပေါ့…။ ဒီလိုနဲ့ ကျနော်နဲ့ သူနဲ့က စစ်အေးတိုက်ပွဲလိုလို ဖြစ်လာလိုက်တာ ကြာလာတော့ လူချင်းဆုံရင်တောင် ပြုံးပြနှုတ်ဆက်တာမျိုး သိပ်မရှိချင်တော့ဘူး။

***

မန်ယူဖန်ဆိုတာ အလွန်အကြွားထူတယ်၊ သူတို့ အသင်းကို အားပေးရုံနဲ့တင် မလုံလောက်ဘဲ တခြားရှိရှိသမျှသော အသင်းတွေကို ချိုးနှိမ်တတ်တယ်။ သူတို့အားပေးတဲ့ မန်ယူအသင်းကို ပြောလိုက်ရင်တော့ အနာပေါ်တုတ်ကျ၊ ဆတ်ဆတ်ခါ နာတတ်တယ်။ သူတို့က ချိုးနှိမ်ဖဲ့နေရရင်တော့ အလွန်ကျေနပ်ကြတယ်။ မန်ယူနိုင်နေရင် ကျေနပ်နေသမျှ ရှုံးလိုက်ရင်လဲ အရှုံးကို လက်မခံတတ်ကြဘူး။ မြန်မာပြည်မှာ မန်ယူဖန်တွေ အများဆုံးဖြစ်နေတယ်လို့ ပြောကြတာဟာ ဂျာနယ်တွေ လက်ချက်ကြောင့်…။ မန်ယူမို့ တပွဲလောက် နိုင်မိရင် စကားဝိုင်းမှာ ကြွားလို့ကို မဆုံးတော့ဘူး။ ဘောလုံးအားကစားဆိုက်ဒ်တွေမှာဆိုလဲ ဘာထူးသေးလဲ၊ ဒင်းတို့ချည်း သောင်းကျန်းတော့တာ…၊ ဘာဘာ…၊ ညာညာ…။ အဲဒါက ကျနော့်ဘက်က အတွေး…။

မန်ယူဆိုတာ အခုဆိုရင် အင်္ဂလန်မှာ အအောင်မြင်ဆုံးအသင်း၊ ဖလား ၁၉ ကြိမ်ရဖူးသွားပြီ။ တခြားအသင်းကို အားပေးသူတွေက မန်ယူရဲ့ အောင်မြင်မှုကို မနာလိုနေကြလို့ အန်တီမန်ယူလုပ်နေကြတာ။ ငါတို့က မန်ယူမှမန်ယူပဲ…၊ ဂျာနယ်တွေက ဖွလို့ မြန်မာပြည်မှာ မန်ယူဖန်တွေ များတယ်ထားဦး၊ ခြေစွမ်းမကောင်းတဲ့ အသင်းအကြောင်းကို ဖွတဲ့ ဂျာနယ်က အစောကြီးကတည်းက ထမင်းငတ်ပြီပေါ့၊ ဒီတော့ ဖန်တွေများလာတာ ဘာဆန်းသလဲ။ ဖွတိုင်း ဖန်များရရောလား။ အလကား၊ မန်ယူကို သက်သက် မနာလို တိုရှည်ဖြစ်နေတာ။ ဒါကတော့ မန်ယူဖန် ဟိုလူ့အတွေး…။

ဒီလိုနဲ့ပဲ ကျနော်တို့ မတည့်ကြတော့ဘူး…။

***

အဲဒီနေ့ကို ကျနော် အမှတ်ရရ အခုထိ ရှိနေဆဲပဲ။

ဘယ်နေ့လဲ ဆိုတော့ မန်ယူနဲ့ ဘာကာလို့ခေါ်တဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် နောက်ဆုံးကန်ကြတဲ့ပွဲ…။

ကောင်းလိုက်တဲ့ပွဲဗျာ…၊ တကယ်ပါ။ ကြည့်ဖူးသမျှပွဲတွေထဲမှာ မန်ယူကို ကလေးအသင်းလို သဘောထားပြီး ကစားသွားနိုင်တဲ့ အဲဒီလို ပွဲမျိုးကို ကြည့်ရတာလောက် အရသာရှိတာ မရှိဘူး။ ဘာကာက အပေးအယူလေးတွေ ခပ်လှလှနဲ့ ကစားသွားလိုက်တာ မန်ယူတွေ ကွင်းထဲမှာ တောပြေးတောင်ကန်တွေ ဖြစ်နေတာကို ကြည့်လိုက်ရတာ အရသာ ရှိလိုက်ပါဘိ…။ အထူးသဖြင့် မက်ဆီရဲ့ ဂိုးဆိုရင် ကျနော် အားပါးတရကို ထအော်အားပေးတာ။ လှလိုက်တဲ့ဂိုး…၊ နေရာလွတ်ကလေးကို တချက်ကလေး ရှာပြီး ဘုန်းးးဆို ပိတ်ကန်ထည့်လိုက်တာလေ…၊ မှတ်ကရော…။ အဲဒါနဲ့ ဘာကာက အနိုင်ဂိုးသွင်းတိုင်း ဂိုးးးးးးးး ဆို ကြုံးကြုံးအော်ပြီး အားပေးတာပဲ။

ပွဲပြီးလို့ ဘာကာက ဖလားယူတာတွေက အစ အရသာခံကြည့်ပြီးလို့ ၀ရန်တာကို ထွက်လာတော့ ဟိုလူ…။ ဘယ်ကတည်းက ၀ရန်တာမှာ ရောက်နေတယ် မသိဘူး…။ ကျနော့်ကို စားတော့ဝါးတော့မလို စူးစူးဝါးဝါး စိုက်ကြည့်နေတယ်။ ကျနော်ကလဲ…၊ ကြည့်ပဒိပေါ့…။ အမယ်.. အိမ်ထဲက ချယ်လ်ဆီးအကျီတောင် သွားထုတ်ဝတ်ပြီး လေကလေးချွန်လို့ သူ့ရှေ့မှာတင် အပြင်ထွက်လာလိုက်သေးတယ်။ အဆောင်ကထွက်လာခါနီး သူ့အခန်းတံခါးကို ဂျိုင်းခနဲ ပိတ်လိုက်တဲ့ အသံတောင် ကြားလိုက်သေး…၊ အရသာ ရှိလိုက်ပါဘိ…။

***

အဲဒီနေ့ကပါပဲ…။ ကျနော် အစာအဆိပ်သင့်တာလား ဘာလား မသိဘူး။ ညစာ စားပြီးတာနဲ့ထိုးအန်ပြီး ခေါင်းက အရမ်းမူးလာတယ်။ ရေချိုးခန်းက ဘေစင်မှာ ပလုတ်တွေ ဘာတွေကျင်း ရေသောက်ချလိုက်လဲ ခဏပဲ…။ အရမ်းမူးလာတာနဲ့ ၀ရန်တာကို ထွက်ပြီး လေကောင်းလေသန့်လေး ရလို ရငြားထွက်လာလိုက်တယ်။ အားးး၊ မရဘူး.. အတော်မူးတာပဲ၊ သူက အရက်တွေ ဘီယာတွေ မူးသလိုမဟုတ်ဘူး။ ရင်ထဲက ပျို့လာလိုက်၊ ခေါင်းကို ကြေးစည်ထုသလို တခုခုနဲ့ လာထုထည့်သလို ဒူဝေေ၀ ဆိုပြီးမူးလာသလို ဖြစ်လိုက် ဖြစ်တာ…။

ကျနော် ၀ရန်တာကို ထွက်လာတော့ ဟိုလူကလဲ ရှိနေတယ်။ သူက ကျနော့်ကို စောင်းငန်းငန်းနဲ့ ကြည့်လိုက်၊ ဟိုဘက်ပြန်လှည့်သွားလိုက်နဲ့ လုပ်နေတာ…။

အတော်ကြာတော့ ကျနော့် အခြေအနေက ပိုဆိုးလာတယ်။ ၀ရန်တာမှာ ထိုင်နေရတာကိုက လေညှင်းဒဏ်ခံနေရတာကိုက ပိုဆိုးလာသလိုပဲ။ အဲဒါနဲ့ အိမ်ထဲ ပြန်ဝင်မယ်လို့ စဉ်းစားပြီးတော့ ထိုင်နေရာကနေ ထလိုက်တော့ လူက အရုပ်ကြိုးပြတ်လဲသွားတယ်။ ဗုန်းးးးခနဲ…။ နောက်တော့ ဘာမှ မသိတော့ဘူး…။

***

ကျနော် သတိရလာတော့ ကျနော့်ဘေးမှာ အင်္ဂလိပ်လို ပြောတဲ့ ဘာသာခြားစကားသံတွေကို အရင်ကြားရတယ်။ နောက်တော့ မြန်မာလို စကားသံတခုကို အရင်ဆုံးကြားလိုက်ရတယ်။

“ဘယ်လိုလဲ၊ သက်သာရဲ့လားဗျ” တဲ့…။

ကြည့်လိုက်တော့…၊ ဟိုလူ…။ ကျနော်နဲ့ မတည့်တဲ့ မန်ယူဖန် ဟိုလူ…။

ကျနော်မေ့လဲသွားတော့ အရေးပေါ်ဖုန်း 911 ကို သူပဲခေါ်ပေးတာတဲ့…။ အခုလဲ အနားမှာ အတော်စိုးရိမ်နေပုံနဲ့ စောင့်ကြည့်နေတာ…။ ၀တ်ထားတာလဲ ကျနော်ကြည့်မရတဲ့ မန်ယူတံဆိပ်ပါ ချိုင်းပြတ် အကျီနဲ့…။ ဒါပေမယ့် သူ့လက်ထဲမှာကလဲ ဆေးရုံအ၀တ်အစားနဲ့ လဲတုန်းက ကျနော့်ကိုယ်ပေါ်ကနေ ချွတ်ထားတဲ့ ချယ်လ်ဆီးအကျီ…။

***

ပြီးခဲ့တဲ့ တပတ်တုန်းကပေါ့…။

ကျနော့်အလုပ်ရုံက မန်နေဂျာက အလုပ်ထဲမှာ လူလိုလို့ သူငယ်ချင်းရှိရင် ခေါ်လာခဲ့ပါလို့ ကျနော့်ကို ခေါ်ပြောတယ်…။

ကျနော် ဘယ်သူ့ကို ခေါ်သွားဖြစ်တယ် ထင်လဲ…။ ကျနော်ကြည့်မရတဲ့ မန်ယူဖန် ဟိုလူပဲပေါ့…။ သူက အခုလက်ရှိ အလုပ်လိုက်ရှာနေရတာ။ အရင်အလုပ်က အဆင်မပြေလို့တဲ့…။

***

အင်း…၊ ဘောလုံးပွဲလာရင်တော့ ကျနော်တို့ ပြန်ငြင်းချင် ငြင်းကြရနိုင်တယ်။ မခံချင်စိတ်တွေ ဖြစ်ချင်လဲ ဖြစ်ရနိုင်တာပဲ…။ ဒါပေမယ့် ကျနော်တို့က အဲဒီ အကြိုက်မတူတာ တခုထဲအတွက်နဲ့ တချိန်လုံးတော့ ဘယ်မုန်းနိုင်ပါ့မလဲလေ…။ အရေးကြီးရင်တော့ သွေးနီးကြရမှာပဲပေါ့…။ ဟုတ်တယ်ဟုတ်…။

***

ကလိုစေးထူး

Tuesday, July 19, 2011

ပူတဲ့နေ့က...

ဘယ်အပူလှိုင်းက ဘယ်လိုဖြတ်လို့ ဘာဖြစ်တယ်တော့ မသိ…၊ ဒီရက်ပိုင်း တော်တော်ကြီးကို ပူလွန်းလှပါတယ်။ ညဘက် အိပ်ချိန်မှာတောင် အပူချိန်က မကျတော့ အဲယာကွန်းတတ်မထားတဲ့ အပေါစား အိမ်ခန်းက ပေါင်းအိုးနဲ့ နင်လားငါလားမခြား ပူချင်တိုင်း ပူနေတော့တာပဲ။

တပတ်စာ ရာသီဥတု ခန့်မှန်းကို ကြည့်လိုက်တော့ ဆက်ပြီး ပူနေဦးမယ့်နေ့တွေက တန်းစီနေတယ်။ ဒီတပတ်လုံး ဒီလောက် အပူနဲ့ဘယ်လိုမှ နေလို့ ဖြစ်မှာ မဟုတ်ဘူး လို့ တွေးမိတာနဲ့ သူများတွေ ပြောပြောနေတဲ့ အဲယားကွန်း သေးသေးလေး ဆိုတာကို သွားဝယ်ရမလားလို့ ဆိုင်ကို ထွက်ခဲ့လိုက်တယ်။

***

ပြီးခဲ့တဲ့ လေးငါးဆယ်ရက်လောက်ကပေါ့…။

အိပ်လို့ကောင်းနေတုန်း မနက်စောစောမှာ မြည်နိုင်လွန်းတဲ့ ဖုန်းသံကြောင့် ဘယ်လိုမှ ဆက်အိပ်လို့ မရတော့ဘူး…။ မကိုင်မချင်း ခေါ်နေလောက်မယ့် ဖုန်းကို အိပ်ချင်မူးတူးနဲ့ ကိုင်လိုက်တော့…

“သားကြီးလား”

ဟင်… ဖေဖေ့ အသံပါလား။

“ဟုတ်ကဲ့၊ ဖေကြီး”

“မင်းဖုန်းကလဲကွာ၊ ခေါ်လိုက်ရတာ၊ လိုင်းကပဲ မကောင်းတာလား မသိပါဘူး”

တကယ်တော့ ဒီဘက်ကောင်က အပျင်းကြီးပြီး ဖုန်းမကိုင်တာကို ဖေဖေက မသိရှာဘူး။

“ဖေကြီး၊ အဲဒီကနေ သားဆီ ဖုန်းခေါ်တော့ ဈေးကြီးတာပေါ့၊ သားဆက်ပါမယ်”

“ပြောတာပဲ၊ မင်းက မဆက်တာကြာတော့ မင်းနေကောင်းရဲ့လား၊ အဆင်ပြေရဲ့လားလို့ ဆက်ကြည့်တာကွ”

“ဟုတ်ကဲ့၊ အဆင်ပြေပါတယ်၊ နေလဲကောင်းပါတယ် ဖေကြီး”

ဒီလိုနဲ့ပဲ ဟိုဟိုဒီဒီ အလ္လာပ၊သလ္လာပတွေ နည်းနည်းပါးပါးပြောဖြစ်ကြ…။ ဖုန်းချခါနီးကျတော့ ဖေဖေက…

“သြော်၊ သားကြီး…၊ အဖေ့ဖုန်းက ဒီ ၇ လပိုင်းထဲမှာ နောက်ဆုံးထား လဲရတော့မယ်ကွ”

ဟိုးတခါကတည်းက ဖေဖေ့ဖုန်းကိစ္စကို ပြောဖြစ်တော့ အဲဒီအတွက် ငွေငါးသိန်းလောက် ကုန်မယ် ဆိုလား ပြောဖြစ်ဖူးတယ်။ အဲဒီတုန်းကတော့ ဖေဖေကပဲ ဒီဖုန်းကိစ္စ အေးဆေးမှ လဲလို့လဲ ရပါတယ် ဆိုလို့ ကျနော်ကလဲ ခပ်အေးအေးပေါ့…။

ဖေဖေက ဖုန်းလဲရမယ်ပဲ ပြောတယ်။ ပိုက်ဆံ ပို့ပါလို့တော့ မပြောပါဘူး။ ဒါပေမယ့် ကျနော် ပို့သင့်တာပေါ့။

***

Wal-mart ဆိုင်ထဲကို ရောက်တော့ သူငယ်ချင်း ပြောပြတဲ့ အဲယားကွန်းသေးသေးလေးတွေက စီးပွားရေး အကွက်မြင်သူတွေရဲ့ လက်ချက်နဲ့ ဆိုင်ထဲမှာ အစီအရီ…။ ဈေးနှုန်းတွေကလဲ မထီတရီပေါ့…။ ဈေးအတော်ဆုံးဟာကို ကြည့်လိုက်တော့ ၉၅ ဒေါ်လာ…တဲ့။ ၀ယ်ရင် ကောင်းမလား…၊ … … …။ ဆိုင်ထဲမှာတော့ အဲယားကွန်းလေကြောင့် အေးမြနေတာပဲ…။

***

ကျနော့် အသက်ခပ်ငယ်ငယ်ဘ၀ရဲ့ တခုသောရက်မှာပေါ့…။ ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တခုက အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ပူအိုက်လွန်းလို့ ချွေးတွေ တဒီးဒီး၊ အဲဒီ ချွေးတွေကြောင့် ဟိုနေရာယားလို့ ကုတ်လိုက်၊ ဒီနေရာ ယားလို့ ကုတ်လိုက်နဲ့ ကျနော်တို့ ညီအကို နှစ်ယောက်လဲ ဘယ်လိုမှ နေလို့ အဆင်မပြေဘူး။

လူချမ်းသာတွေ မဟုတ်တဲ့ အပြင် လူလတ်တန်းစားသာသာတောင် မရှိချင်တဲ့ ဘ၀တွေမို့ အိမ်မှာ မတ်တပ်ပန်ကာလေး တလုံးတောင် မ၀ယ်နိုင်ခဲ့ပေမယ့် သားနှစ်ယောက်လုံးကို “ကဲ…၊ ဟေ့ကောင်တွေ လာကြကွာ” လို့ ခေါ်တဲ့ပြီး ယပ်ခတ်တဖျတ်ဖျတ်ခတ်လို့ ဖေဖေက ချွေးသိပ်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက ဖေဖေ ကိုယ်တိုင်လဲ ချွေးတွေ တကိုယ်လုံး ရွှဲလို့…။

***

Wal-mart ဆိုင်ထဲက ထွက်လိုက်တာနဲ့ အပြင်က လေပူက ခပ်ရင့်ရင့်ပဲ ဆီးကြိုနေတယ်။ ဒီလေပူကြီးနဲ့ပဲ အိမ်ခန်းထဲမှာ နေရဦးမယ်။ အို…၊ အလုပ်ထဲမှာတော့ အဲယားကွန်းနဲ့ဆိုတော့ သက်သာပါတယ်လေ လို့ ဖော့တွေးလိုက်တယ်။

ကျနော် အဲယားကွန်း သေးသေးလေးလဲ မ၀ယ်ဖြစ်ခဲ့ဘူး။

***

သားသမီးကို အပေးသာ ရှိပြီး အယူမရှိချင်တဲ့ မိဘကို ကျနော်က အလိုက်သိရမယ်လေ…။ ဒီရာသီဥတုကြောင့် ပူတာကို ခံရတော့လဲ တပတ်၊ တလပေါ့…။ ဒီလကုန်ရင် ဖေဖေ့ရဲ့ ဖုန်းစုတ်လေးကို လဲပေးဖို့ ကျနော် ဖြစ်အောင် ငွေပို့ပေးရမယ်လေ။

***

ကလိုစေးထူး

Friday, July 15, 2011

ပုံရိပ်ရဲ့ အမှတ်တရတွေ...

လွန်ခဲ့တဲ့ ငါးလလောက်ကပါ။

ကျနော် ကိုးနှစ်လောက် ဝေးကွာနေတဲ့ မိဘညီအကို မောင်နှမတွေနဲ့ မမျှော်လင့်ဘဲ အဆက်အသွယ် ပြန်ရလိုက်တယ်။

ကိုးနှစ်လောက် ကြာအောင် ဘာဆိုဘာသတင်းမှလဲ မကြား၊ ဘာအဆက်အသွယ်မှလဲ မရတဲ့ သားကြီးရဲ့ အသံကို ပြန်ကြားရလို့ ပျော်ရွှင်နေတဲ့ ကျနော့် ဖေဖေနဲ့ မေမေရဲ့ အသံတွေဟာ ဖော်မပြနိုင်အောင် ၀မ်းသာနေတဲ့ အသံတွေ အတိုင်းသား ပေါ်လွင်နေတယ်။ ပထမဆုံး ဖုန်းအဆက်အသွယ် ရလိုက်တဲ့ ညီဖြစ်သူရဲ့ “ကိုကြီးလား…၊ အခုပြောနေတာ ကိုကြီးပဲလား” ဆိုတဲ့ ၀မ်းသာအားရသံကြီးကလဲ ဘယ်လောက် ၀မ်းသာနေတယ်ဆိုတာ ထင်ရှားလို့ပေါ့။

သူတို့က ကျနော် သေသွားပြီလို့တောင် သတင်းသဲ့သဲ့ ကြားသလို ဖြစ်နေကြတာကိုး…။

***

ဟိုကောင် ညီအငယ်ကောင်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကွန်ပျူတာကို အဖြစ်လောက် သုံးတတ်နေတော့ ကျနော့်အတွက် မိသားစု ဓာတ်ပုံလေးတွေ ပို့ပေးလိုက်တယ်။ အဲဒီဓာတ်ပုံတွေထဲက မှတ်မှတ်ရရ ပုံရိပ်လေးတချို့နဲ့ ဘလော့ဂ်ပေါ်မှာ အမှတ်တရ တင်ကြည့်ချင်တယ်။










ဖေဖေရယ်၊ ကျနော်ရယ်၊ ညီလေးရယ် လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်လောက်က ပုံပါ။ ဟိုကောင်ကတော့ ပြုံးစေ့စေ့၊ ကျနော်ကတော့ မှုံတေတေရုပ်။















ဒါကတော့ ကျနော့် မိဘနှစ်ပါးရဲ့ အဲဒီအချိန် နုပျိုငယ်ရွယ်စဉ်က ပုံ။















နောက် အနှစ် ၃၀ နီးပါး အကြာမှာတော့ တနေရာစီ ခွဲပြီး နေထိုင်ကြတဲ့ ဖေဖေနဲ့ မေမေက ကျနော့်ညီမလေးရဲ့ မင်္ဂလာဆောင် အတွက် ပြန်ဆုံကြတော့ ဆယ်စုနှစ် သုံးခုအတွင်း ပထမဆုံးအကြိမ် စုံတွဲ ပြန်ရိုက်ဖြစ်ခဲ့တဲ့ ပုံ…။ နှစ်ယောက်စလုံးက ရှုတည်တည်နဲ့…။
























ကျနော်ညီမလေး မင်္ဂလာဆောင်တုန်းက ဖေဖေ၊မေမေ၊ ညီလေးရဲ့ မိသားစုနဲ့ ညီမလေးတို့ စုံတွဲ မိသားစု စုံစုံညီညီ ရိုက်ထားတဲ့ပုံပါ။ ဒါပေမယ့် ဖေဖေ့ဘေးက လွတ်နေတဲ့ ခုံမှာ ကျနော် ၀င်မထိုင်နိုင်ခဲ့ဘူး။













ဟိုးတလောက အွန်လိုင်းက တဆင့် တွေ့ရတဲ့ ဖေဖေနဲ့မေမေပါ။ ကျနော့်ကို မိသားစု စုံစုံလင်လင်တွေ့ကြဖို့အတွက် ဖေဖေက မေမေရှိတဲ့ နယ်မြို့ကို အရောက်သွားပြီးမှ မိသားစုတွေ အကုန် အွန်လိုင်းမှာ ဆုံကြတဲ့နေ့ကပါ။










ဖေမေက မေမေ့ကို မသိမသာ ဖက်လိုက်တုန်းက ကျနော် ခိုးရိုက်လိုက်တာ။
















ဒါကတော့ ကျနော်နဲ့ အဆက်အသွယ် ပြန်ရလို့ ပျော်နေကြတဲ့ ညီနဲ့ ညီမလေး။

***

“သား၊ ဘယ်တော့ ပြန်လာမလဲ” လို့ ဖေဖေက မေးသေးတယ်။ ကျနော် ပြန်ဖြေလိုက်တယ်။ “ဘယ်တော့ ပြန်လာလို့ ရမယ် ဆိုတာ ဖေကြီး သိတာပဲလေ” လို့…။ “အေးပေါ့ကွာ” တဲ့…။

***

ကလိုစေးထူး