Monday, October 30, 2006

မရဏလမ်းမှ အသက်တချောင်း

ပေါ်တာ အထမ်းသမား အတွေ့အကြုံကို တင်ပြစဉ်က ခြောက်ရက်တာသော လမ်းခရီးက ထိတ်လန့်ဖွယ်၊ စက်ဆုပ်ဖွယ်၊ ခါးသီးဖွယ်ရာ ဖြစ်ရပ်တချို့ ဖော်ပြဖို့ ကျန်ရစ်ခဲ့ပါတယ်.. ဒါပေမယ့် ဒီဖြစ်ရပ် ဒီဖြစ်စဉ်တွေဟာ အမှန်တကယ် ဖြစ်ခဲ့တာရယ်ကြောင့်နဲ့ တိမ်မြုပ်နေတဲ့ အမှန်တရားတွေ၊ အညှင်းပန်း ခံရမှုတွေကို ကျနော် လက်လှမ်း မီသလောက် ခင်မင်ရတဲ့ ကျနော့် သူငယ်ချင်းများကို လက်ဆင့်ကမ်း ပြောပြချင်တဲ့ အတွက် ထပ်မံရေးသားလိုက်ပါတယ်..

ဒီအဖြစ်တွေကို မပြောပြမီမှာ စစ်ဆင်ရေး တခုကို ထွက်ကြမယ့် စစ်တပ်တွေရဲ့ ကျနော်တို့ အရပ်သားတွေ တနည်းအားဖြင့် ပေါ်တာတွေကို စောင့်ကြပ်ကြတဲ့ စနစ်တခုကို ပြောပြချင်ပါတယ်.. ခရီးစတင် ထွက်ကြရတဲ့အခါ အရှေ့ဆုံးကနေ သွားကြတဲ့ ပွိုင့်တပ်စိတ်မှာ ပေါ်တာတွေကို မလိုက်စေရပါဘူး.. အဲဒီ ပွိုင့်တပ်စိတ်က စစ်သားများကိုလည်း သူတို့ရဲ့ ကျောပိုးအိတ်၊ ရိက္ခာ အစရှိတာတွေကို မထမ်းစေပါဘူး.. အဲဒီလိုပဲ ခရီးသွား လူတန်းကြီးရဲ့ နောက်ဆုံးမှာကိုလဲ ပေါ်တာတွေကို မထည့်စေပါဘူး.. စစ်သားတွေ ချည်းသာ လိုက်စေပါတယ်.. ဆိုလိုတာ ကတော့ ရှေ့ဆုံး လူ အယောက် ၂၀ ယောက်နဲ့ နောက်ဆုံးက လူအယောက် ၂၀လောက်ဟာ စစ်သားတွေချည်းသာ ဖြစ်ပါတယ်.. ဒါကြောင့် ကျနော်တို့ ပေါ်တာတွေကို အလယ်မှာ ထားပီး (အဲဒီတုန်းက) ပေါ်တာ ငါးယောက်ကို စစ်သားတယောက်က စောင့်ကြပ်ကြပါတယ်..

မြန်မာရုပ်ရှင်တွေ ဗီဒီယိုတွေထဲက စစ်ကားတွေထဲမှာတော့ စစ်ဆင်ရေးသွားကြတဲ့အခါ လူတန်းကြီးထဲမှာ ပေါ်တာတွေ တယောက်တလေမှ ပါတာ မတွေ့ဖူးသလို ချီတက်ကြတာလဲ စနစ်တကျရှိလှပါတယ်.. ဒါပေမယ့် တကယ့် အပြင် လက်တွေ့ ကျနော်တွေ့ခဲ့ရတာကတော့ ခရီးစထွက်တဲ့အခိုက်မှာသာ လူတွေက စနစ်ကျသလိုလို ရှိပေမယ့် တကယ်တမ်း ခရီးသွားတာ ကြာလာတဲ့ အခါမှာတော့ တခါတလေ ရှေ့ကလူတွေနဲ့ နောက်ကလူတွေ အဆက်ပြတ်လိုပြတ်နဲ့ လူပေါင်းရာချီတဲ့ လူတန်းကြီးဟာ ဟိုတစု ဒီတစုနဲ့ ဖြစ်ကြလွန်းလို့ အရှေ့ကလူတွေက အနောက်မှာ ကျန်ခဲ့တဲ့လူတွေကို မကြာခဏ စောင့်ခေါ်ရလေ့ရှိပါတယ်..

အစပထမတော့ ကျနော်ဟာ ပေါ်တာဆိုတာကို ပထမဦးဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ ကြုံတာကလဲဖြစ်၊ သွားရမယ့်ခရီးက ပန်းခင်းတဲ့လမ်းလဲ မဟုတ်ဆိုတော့ ကျနော့်လောက် ကံဆိုးတဲ့လူ ဒီကမ္ဘာမှာ မရှိတော့ဘူးလို့တောင် ထင်မှတ်ခဲ့မိပါတယ်… တကယ်တမ်း ခရီးသွားကြတဲ့အခါမှာတော့ ကျနော့်ထက် မြောက်မြားစွာ ကံဆိုးမိုးမှောင် ကျနေတဲ့ လူပေါင်း များစွာကို သတိထားမိလာရပါတယ်.. အဲဒီလူတွေကတော့ စစ်ဆင်ရေး လုပ်ကြမယ့် စစ်တပ်တွေက သူတို့လာရာ လမ်းခရီးမှာ တွေ့တဲ့ ယောက်ျားတွေကို အခွင့်အရေးရရင် ရသလို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံကြရတဲ့လူတွေပါ.. သူတို့တတွေ ဘာလို့ ကျနော့်ထက်ကံဆိုးကြရပါသလဲ?? ဒီလိုကြောင့်ပါ… ကျနော်တို့တတွေကတော့ လေးရက်တာ လုပ်အားပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်ဆိုပြီး အနုနည်းနဲ့ အဖမ်းခံရတဲ့ လူတွေဖြစ်လို့ပါ.. ပေါ်တာခြင်းအတူတူ ကျနော်တို့က လေးရက်ပြည့်ရင် ဒါမှမဟုတ်လဲ ငါးရက် ခြောက်ရက်ပြီးရင် ပြန်လွတ်ကြမယ့်လူတွေပါ.. ဟိုလူတွေကတော့ အဲဒီလို မဟုတ်ပါဘူး.. သူတို့က အဖမ်းဆီးခံကြတာ ဖြစ်တဲ့အတွက် သူတို့ကို ဘယ်တော့ ပြန်လွှတ် ပေးမယ်ဆိုတဲ့ အာမခံချက် ပေးထားတာ မရှိပါဘူး.. အဲဒါကြောင့် စစ်ဆင်ရေးတာဝန် ခြောက်လ တာဝန်ပြည့်လို့ စစ်သားတွေက နောက်တန်း ပြန်တော့မယ်ဆိုရင် နောက်ထပ်ရှေ့တန်း တက်မယ့် တပ်အတွက် အဲဒီလူတွေကို လွှဲပြောင်း ပေးလိုက်တဲ့ အတွက် အဲဒီလူတွေဟာ နောက်ထပ် စစ်တပ်နဲ့အတူ ၀န်တင် လားတွေသဖွယ် အနိဌာရုံတွေ ရှိရာကို လိုက်ပါကြရ ပြန်ရှာပါတယ်..

အသွား ခရီးကတော့ ထူးခြားတာ သိပ်မများလှပါဘူး.. လူတန်းကြီးက တရုန်းရုန်း၊ ဆဲသံဆိုသံ တညံညံနဲ့ပဲ သွားဆိုရင် သွားလိုက်.. နားဆိုတော့ နားလိုက်နဲ့ပဲ သူတို့အလိုကျ အောင့်အီး ထမ်းပိုးရင်း သူတို့တွေ တပ်ချင်းလဲကြမယ့် ရွာကို လေးရက်အကြာမှာ ရောက်သွားခဲ့ပါတယ်.. ကျနော့် ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်မယ့် စက်ဆုပ် ထိတ်လန့်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်တွေ့ခဲ့ရတာတော့ အပြန်ခရီးမှာပါ..
အသွားခရီးမှာ ကျနော်တို့ကို ပေါ်တာအဖြစ် ခိုင်းစေတဲ့စစ်တပ်ဟာ နောက်တန်းကနေ ရှေ့တန်းကို စစ်ဆင်ရေး ထွက်တဲ့ တပ်ဖြစ်ပြီး အပြန်ခရီးမှာ ခိုင်းစေတဲ့ တပ်ကတော့ ရှေ့တန်းကနေ နောက်တန်းကို ပြန်ကြရမယ့် တပ်ဖြစ်ပါတယ်.. အဲဒါကြောင့် ထမ်းပိုးပေးရတဲ့ ပစ္စည်းခြင်း အတန်ငယ် ကွဲပြားပါတယ်.. အသွားတုန်းက ထမ်းပိုးရတာတွေက လက်နက်တွေနဲ့ ရိက္ခာတွေသာ ဖြစ်ပေမယ့် အပြန်ခရီးမှာ ထမ်းရတဲ့အထဲမှာတော့ ဒဏ်ရာရနေတဲ့ စစ်သားတွေပါ ပါလာခဲ့ပါတယ်.. ကျနော့်မျက်မြင်အရ ပြောရရင် အသွားတုန်းက ကျနော်တို့ကို စောင့်ကြပ်တဲ့ စစ်သားတွေထက် အပြန်ခရီးက စစ်သားတွေက ပိုမို ရိုင်းစိုင်း ရင့်သီးကြပါတယ်.. သူတို့နဲ့အတူ ပါလာတဲ့ ပေါ်တာတွေကလဲ ကျနော်စောစောကပြောသလို ကာလရှည်ရှာ ဖမ်းဆီးခိုင်းစေခြင်းရတဲ့ လူတွေဖြစ်တဲ့အတွက် မေးရိုးကငေါငေါ၊ မျက်တွင်းဟောက်ပက်တွေနဲ့ အင်မတန် ကရုဏာသက်ဖွယ် ကောင်းလှပါတယ်.. ဒါပေမယ့် ခိုင်းစေတဲ့ စစ်သားတွေကတော့ ဒါဟာ လူသားအချင်းချင်းပါလားဆိုတဲ့ စာနာစိတ်မထားပါဘူး.. ရက်ပေါင်းကြာရှည် အခိုင်းစေခံရလို့ ဆက်မသွားနိုင်ရင် လက်ထဲမှာ အသင့်ဆောင်ထားတဲ့ သစ်ကိုင်းနဲ့အချက်ပေါင်းများစွာ မထမချင်းရိုက်ပါတယ်.. ပါးစပ်ကလဲ အဆက်မပြတ်ဆဲဆိုပြီး ရိုက်တာပါ.. ဒီလိုနဲ့……………………..။

အဲဒီတုန်းက ကျနော်တို့ လူတစုဟာ ခရီးတန်းရဲ့ အရှေ့နဲ့ရော အနောက်နဲ့ပါ အဆက်ပြတ်နေခဲ့ပါတယ်.. လူတစု ဆိုပေမယ့်လဲ များများ စားစားတော့ မဟုတ်ပါ။ ကျနော်နဲ့ ဦးလေး အပါအ၀င် ပေါ်တာ ခြောက်ယောက် လောက်နဲ့ အစောင့် စစ်သား နှစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲဒီစစ်သား နှစ်ယောက်ထဲက နှစ်ရစ်နဲ့ တယောက်က အဲဒီလို ရှေ့နဲ့ရော နောက်နဲ့ပါ ပြတ်နေတာကို လိုလားပုံ မရပါဘူး။ အဲဒါနဲ့ ရှေ့ကို မြန်မြန် သွားနိုင်သမျှ သွားအောင် ကျနော်တို့တွေကို လောဆော် ပါတယ်။ ဒါပေမယ့် ကျနော်တို့ထဲက ပေါ်တာ တယောက်က ရှေ့ကို ဘယ်လိုမှ ဆက်မသွားနိုင် လောက်အောင် အမောဆို့နေပါတယ်။ အမောဆို့တယ်ဆိုတာထက် ရက်ပေါင်းများစွာ လေးပင်တဲ့ ၀န်ထုပ်ကို ထမ်းယူ လိုက်ပါနေရတဲ့ အတွက် သူ့ ခန္ဓာကိုယ်ထဲက လူ တယောက်ရဲ့ ရှိရှိသမျှ အားအင် ကုန်ခန်း သွားတာလို့ ပြောရင် ပိုမှန်ပါမယ်။ ရှေ့ကို ခြေလှမ်း အနည်းငယ် သွားလိုက်၊ လမ်းဘေးမှာ ပုံလဲလိုက်၊ ပါးစပ်ကလဲ “ ဆရာတို့ရယ်၊ ကျနော် ဘယ်လိုမှ မတတ်နိုင်တော့ လို့ပါ “ လို့ ငိုသံကြီးနဲ့ တတွတ်တွတ် တောင်းပန်လိုက် နဲ့ပါ။ ပထမတော့ အစောင့် စစ်သားက ဆဲဆိုပြီး အတင်းပြန်ထ ခိုင်းပါတယ်။ ဟိုလူက မထတော့ မထမချင်း ရိုက်ပါတယ်။ ရိုက်လိုက် ကုန်းရုန်းထပြီး ရှေ့ကို နည်းနည်းသွားလိုက်၊ နောက်တခါ ပုံလဲလိုက်၊ ထပ်ရိုက် ထပ်ထနဲ့ နောက်ဆုံးမှာတော့ အထမ်းသမားဟာ သူထမ်းထားတဲ့ အထုပ်ကို ဘုန်းကနဲ ပစ်ချပီး သွေးရူးသွေးတန်းနဲ့ တောထဲကို ၀င်ပြေးပါတယ်။ ပါးစပ်ကလည်း အမေရေ၊ အမေရေလို့ ကျယ်လောင်စွာ အော်ဟစ်ပြီး ပြေးတာပါ။ အဲဒီမှာတင် အစောင့် စစ်သား နှစ်ရစ်နဲ့လူက (နားနဲ့မနာ ဖ၀ါးနဲ့နာပါ) “ ဟာ.. ဒီ ငါ … သား “ လို့ ဆဲပြီး၊ လက်ထဲက သေနတ်နဲ့ လှမ်းပစ်ထည့်လိုက် ပါတော့တယ်။ ပစ်တယ်ဆိုတာက ခြောက်လှန့်ပြီး ပစ်တာ မဟုတ်ပါ။ လူကို သေသေ ချာချာကြီးကို လှမ်းပစ်ထည့်တာပါ။ လေးငါးချက်လောက် ပစ်အပြီးမှာတော့ ထွက်ပြေးသွားတဲ့ လူကို ထိသွားပါတယ်။ ကျနော်တို့တွေကို အကုန် အဲဒီမှာ ငြိမ်ငြိမ်ထိုင်နေကြလို့ လှမ်းပြောပြီး စစ်သား နှစ်ယောက်က ပြေးသွားတဲ့ လူနောက်ကို သွားကြည့်ပါတယ်။ ခနနေတော့ ပြန်လာကြပါတယ်။ ပစ်လိုက်တဲ့ နှစ်ရစ်နဲ့လူက စိတ်လှုပ်ရှားနေပုံ ပေါ်ပါတယ်။ ဟိုလူ ထမ်းရမယ့် အထုပ်ကို သူကိုယ်တိုင်ပဲ ဆဲဆဲဆိုဆို ကောက်ထမ်းရင်း ကျနော်တို့ကိုလဲ “ ပြေးလို့ ခြောက်ပစ်လိုက်တာ သေသွားပြီ “ လို့ ပြောရင်း ရှေ့ကို ဆက်သွား ခိုင်းပါတယ်။ နာရီဝက် သာသာလောက် ရှေ့ကို ဆက်သွားတော့ ပြတ်သွားတဲ့ ရှေ့ကလူတွေ နားရက်သား ထိုင်စောင့် နေကြတာကို ပြန်မီသွားပါတယ်။ နှစ်ရစ်နဲ့လူက ပေါ်တာတယောက် လွတ်သွားတယ်လို့ သူ့ အရာရှိကို သတင်းပို့ပါတယ်။ ပစ်သတ်လိုက်တယ် လို့ မပြောပါဘူး။ ကျနော် အပါအ၀င် တခြားသော ဘယ်သူမှလဲ သူ ပစ်သတ်လိုက်တယ် ဆိုတာကို မပြောရဲ ကြပါဘူး။ အဲဒီ အချိန်မှာ ပုရွက်ဆိတ် တကောင်လောက်တောင် တန်ဖိုးမဲ့နေတဲ့ မိမိ အသက်ကို ရေငုံ နှုတ်ပိတ်နေခြင်းကသာလျှင် အကောင်းဆုံး စောင့်ရှောက်တာပဲလို့ အားလုံးက နားလည် နေကြလို့ပါ။ အဲဒီလိုနဲ့ပဲ ရခဲလှတဲ့ လူ့ဘ၀ရယ်လို့ ဘုရားရှင်ကိုယ်တိုင် မြွက်ကြားခဲ့တဲ့ လူ့ အသက်တချောင်းဟာ ရက်စက် ကြမ်းကြုတ်မှုရဲ့ ဓားစာခံ အဖြစ် ပေးဆပ် လိုက်ရပါတော့တယ်။ သူ အိမ် ပြန် အရောက်ကို မျှော်နေကြမယ့် သူရဲ့ မိဘ၊ ဆွေမျိုး၊ ညီအကို မောင်နှမတွေ ဒီလိုပုံစံနဲ့ သူ အသက်ဆုံးသွားတာကို သိရှာကြရင် ဘယ်လောက်တောင် ရင်ထုမနာ ဖြစ်ကြမလဲ၊ ဖြေမဆည်နိုင် ဖြစ်ကြမလဲဆိုတာ ရင်နင့်စရာပါ။

အခု အချိန်မှာရော အဲဒါတွေ ရပ်သွားပြီလို့ ထင်ကြပါသလား။ လုံးဝ မှားသွား ပါလိမ့်မယ်။ ထောင်ဝတ်စုံ ပြာပြာနဲ့ ရဲဘက်တွေကို ၀န်ဆောင် တပ်ရင်းတွေ ဖွဲ့ပြီး ပေါ်တာ အဖြစ် ခိုင်းစေ နေကြဆဲပါ။ ဒါတင်မက သူတို့ သွားရာ လမ်းက ရွာတွေမှာ တွေ့သမျှ ယောက်ျားတွေကိုလဲ ပေါ်တာအဖြစ် ဆွဲနေကြဆဲပါ။ ခိုင်းနေကြဆဲပါ။

လူတိုင်းဟာ မိမိ အသက်ရှင် ရပ်တည်နိုင်ရေး ဒါမှမဟုတ် အခြေခိုင်နိုင်ရေး အတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန် လှုပ်ရှားကြ ရပါတယ်။ ဒါပေမယ့် လူစိတ်ရှိတဲ့ လူတိုင်း မိမိကြောင့် တပါးသူ ထိခိုက်နစ်နာမှာ ဘယ်သူမှ မလိုလားကြပါဘူး။ လူစိတ် ကင်းမဲ့တဲ့ လူ့ဗာလ တွေကတော့ ကိုယ့်ကြောင့် ပျက်သုန်းသွားရတဲ့ ဘ၀တွေ၊ အသက်တွေကို ထောက်ထား ညှာတာခြင်း မဲ့စွာနဲ့ သူတို့ တည်မြဲဖို့အတွက် ယုတ်မာ ရက်စက် ကြပါတယ်။ အဲဒီလို လူတွေ ဘယ်လောက်များ သက်ဆိုး ရှည်ကြဦး ကြမှာပါလိမ့်။ ဒီလိုနဲ့ပဲ ကျနော်တို့တတွေ …….. ။


ကလိုစေးထူး

Sunday, October 29, 2006

ကျနော် နှင့် သူရာ

ဒီတပတ်တော့ သူငယ်ချင်း တယောက်အိမ်ကို အလည်သွားရင်း ဘီယာဝိုင်း ဖွဲ့လိုက်တာ လူလဲ အတော်လေးကို ဒေါင်ချာစိုင်း သွားပါတယ်။ မနက်မိုးလင်းတော့ ခေါင်းတွေက ကိုက်၊ ရင်ထဲမှာလဲ တလှပ်လှပ်နဲ့ အတော်ကို နေရ ထိုင်ရ ဆိုးတာပါပဲ။ မနက်မိုးလင်း အိပ်ယာထလို့ နာရီကိုကြည့်တော့ မနက် ကိုးနာရီခွဲ နေပါပြီ။ ကွန်ပြူတာရှေ့ ရောက်တော့ ကွန်ပြူတာထဲက အချိန်က ရှစ်နာရီခွဲသာ ရှိပါသေးတယ်။ ငါ အမူး မပြေသေးတာလား မသိလို့ စဉ်းစားမိ ပါသေးတယ်။ အမှန်က ဆောင်းဝင်တော့မှာ မို့လို့ ဒီမှာ စံတော်ချိန်ကို တနာရီ နောက်ပြန်ဆုတ် ထားတာပါ။

သူရာ ယစ်ရွှေရည်ရဲ့ ဆိုးကျိုးတွေကို စာအုပ်ပေါင်း များစွာမှာ စာရေးဆရာပေါင်း များစွာက ရေးခဲ့ပြီးသားပါ။ ရေးတဲ့လူက ဘယ်လောက်ပဲ ရေးနေပေမယ့် ကျနော်တို့လို ငမိုက်သားတွေကတော့ အချိန်ကျလာပြီ ဆိုတာနဲ့ ၀ိုင်းဖွဲ့လိုက် သောက်လိုက်၊ မူးလိုက်နဲ့ သူရာမေရိယကံကို တပျော်တပါးကြီး ကျူးလွန်ကြတာပါပဲ။
ကျနော့် ဘ၀မှာ အရက်ကို မှတ်မှတ်ရရ ပထမဆုံး စသောက်ဖူးတာကတော့ ဆယ်တန်း စာမေးပွဲ နောက်ဆုံးနေ့ ညမှာပါ။ စာမေးပွဲ မဖြေနိုင်တာကို အကြောင်းပြပြီး အတန်းဖော် ညီအကို ၀မ်းကွဲ နှစ်ယောက်နဲ့ အတူ သောက်တာပါ။ အိမ်ပြန်တော့ မေမေသိမှာ စိုးလို့ ကွမ်းယာတွေဝါး၊ မာလကာ ရွက်တွေဝါးနဲ့ ဘယ်လောက်ပဲ ဖုံးဖိပေမယ့် အကင်းပါးတဲ့ မေမေကတော့ သိတာပါပဲ။

မေမေ အလယ်တန်း ကျောင်းအုပ် ရာထူးနဲ့ တခြားမြို့ကို ပြောင်းရွှေ့သွားလို့ အဒေါ်တွေနဲ့ ကျနော် သွားနေရတဲ့ အခါမှာတော့ ကျနော် တယောက် လုံးဝကြီးကို အရက်လွတ်လပ်ရေး ရတော့တာပါပဲ။ စိတ်ညစ်လို့၊ ပျော်လို့၊ မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့ ဆုံလို့၊ နှုတ်ဆက်ပွဲ လုပ်လို့ စသဖြင့် စသဖြင့် ခေါင်းစဉ်ပေါင်း များစွာနဲ့ အရက်ကို အကြိမ်ပေါင်း များစွာ သောက်ခဲ့တော့ တာပါပဲ။ အရက်ကို အနိမ့်ဆုံး တောအရက်နဲ့ လက်ဖက်သုပ် အမြည်းကနေ အဖိုးတန် အရက်များအထိ သောက်ခဲ့ဖူးပါတယ်။ မူးပြီးရင် ရန်တွေဖြစ်၊ တခါတလေ ကောင်မလေးတွေ အိမ်ရှေ့မှာ မူးမူးနဲ့ သီချင်းတွေ သွားအော်ဆိုနဲ့ ကျနော်ဟာ အတော်ဆိုးတဲ့ အကောင်ပါ။
အရက်ကြောင့် လူအထင်သေးခံရ၊ အပစ်ပယ်ခံရနဲ့ ဒါလဲ မမှတ်ပါဘူး။

ဒီနိုင်ငံရောက်တော့ ကျနော် အရက်မသောက်တော့ပါ။ (အမှန်က ခေါင်းစဉ် ပြောင်းတာပါ)။ ဘီယာပဲ သောက်ပါတယ်။ မီလာလိုက်၊ ကားလ်စ်ဘတ်၊ ဘတ်ဒ်ဝိုက်ဇာ၊ ဆင်းဂါး၊ ဟင်နီကင်၊ ခိုရိုနာ စသဖြင့် စသဖြင့် တံဆိပ်ပေါင်း များစွာနဲ့ ဘီယာပေါင်းများစွာကို သောက်လိုက်တာ ဘယ်တော့မှ အတော သတ်နိုင်တော့မယ် မသိပါ။ ဒါကြောင့် ကျနော် တခု စဉ်းစားမိပါတယ်။ မကောင်းမှန်းလဲ သိ၊ ငွေကုန်မှန်းလဲ သိရက်နဲ့ ဘာလို့များ ကျနော်တို့ ကျေကျေနပ်နပ်ကြီး သောက်နေကြပါလိမ့်။ အဖြေတွေကတော့ အများကြီးပါ။ ဒါပေမယ့် သောက်တာကလဲ သောက်နေဆဲပါ…။ ဒီလိုနဲ့ပဲ ဆုံးမသူမဲ့ ကျနော် ဘယ်နေ့ကျရင် ဒါတွေကို မသောက်ပဲ နေနိုင်မှာပါလိမ့်လို့ ခေါင်းတွေ ကိုက်နေတဲ့ မနက်မှာ အတွေးတခုတော့ ၀င်မိပါရဲ့ ….။


ကလိုစေးထူး

Friday, October 27, 2006

ညီစေ..

ညီစေ..

လူဆိုတဲ့ လူတွေကြား (ဟေ့.. ဒီမှာ)
လိမ်ညာမှုက ကြီးစိုးနေခဲ့ပြီတဲ့လား
ကြီးကျယ်တယ်ပဲ ဆိုချင်ဆို
များမြောင်လှတဲ့ ဒီလူ့ဘ၀မှာ
ညီညွတ်မှုကသာ အဓိကဗျ.. (ကဲ)
လာလေ အတူတို့ တွဲလက်ကယ် ညီကြစို့
ခံနိုင်ရည် အပြည့်မွေး
အားနည်းသူ တို့ဖေးကူလို့
ဆန့်ကျင်သူကိုလဲ မေတ္တာ ထားကြမယ်
ကျင်တွယ်လို ဖြောင့်မတ်တဲ့ (ငါတို့တတွေ)
ကြမ္မာဆိုတာ ငင်ဖို့ဝေး.. မြင်စို့လှည့်လေး.. ။

Thursday, October 26, 2006

ကျနော် ချစ်သော မြန်မာ ဇာတ်ကားများ

ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်၊ ဘယ်လို လူမျိုးပဲ ဖြစ်ဖြစ် အပန်းဖြေရာ စိတ်အနားပေးရာ ဆိုတာ ရှိတတ်ကြပါတယ်။ တနေ့တာ ပင်ပန်း နွမ်းနယ်သမျှကို မိမိ စိတ်ကျေနပ်ရာ တခုခု ပြုလုပ်ခြင်းအားဖြင့် လူတွေဟာ အပန်းဖြေ တတ်ကြပါတယ်။ လူတွေ အပန်းဖြေဖို့ အတွက် လူတွေ ပျော်အောင် လူတွေကပဲ ဖန်တီး လာရာက တဆင့် ခေတ်စနစ် တိုးတက်မှု အလိုက် ရုပ်ရှင်၊ ဗီဒီယိုတွေ ပေါ်ပေါက်လာ ရပါတယ်။ ရုပ်ရှင် ဆိုတဲ့ စကားလုံး ဘယ်ကနေ ဘယ်လို စတင် ပေါ်ပေါက်ခဲ့သလဲ ကျနော် မသိပါ။ သေချာတာကတော့ ကျနော် လူမဖြစ်မီ ကတည်းက ရုပ်ရှင်ဆိုတာကြီးက ပေါ်ပေါက်နေပါပြီ။ ကျနော့် ဘ၀မှာ ပထမဦးဆုံး မှတ်မှတ် ရရ ကြည့်ဖြစ်ဖူးတဲ့ ရုပ်ရှင်ကားကတော့ “ စက်ရုပ်ကြီး မောင်ပြုံးချို “ ဆိုတဲ့ မြန်မာ ရုပ်ရှင်ကားပါ။ ပါဝင် သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေကို တိတိကျကျ မမှတ်မိတော့ပေမယ့် ပရော်ဖက်ဆာကြီးက စက်ရုပ် တရုပ်ကို လူသားတွေ အကျိုးပြုဖို့အတွက် ရည်ရွယ်ပြီး တီထွင်၊ နောက်တော့ အဲဒီ စက်ရုပ်က လူဆိုးတွေ လက်ထဲ ရောက်သွားတော့ လူဆိုးတွေက အဖျက်လုပ်ငန်းတွေ လုပ်ဖို့ ကြံစည်၊ အဲဒါကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ အဲဒီ ဇာတ်ကားဟာ ကျနော့်တို့ ကလေး ဘ၀က လက်ခုပ် လက် ၀ါးများတောင် နာအောင် တီးပြီး အားပေး ခဲ့ရတဲ့ ရုပ်ရှင်ပါ။


ငယ်စဉ်ကလေး ဘ၀က ကျနော်တို့ နေထိုင်ရာ ရပ်ကွက်ထဲမှာ ပိတ်ကားထောင်ပြီး ရုပ်ရှင် မကြာခဏ ပြလေ့ ရှိပါတယ်။ အောင်ထွန်းလေးတို့ သရုပ်ဆောင်ထားတဲ့ “သူရဲကောင်းလေးများ" ဆိုတဲ့ ဇာတ်ကားဟာ ကလေးဘ၀ အသည်းစွဲပါ။ မြန်မာ့ ရုပ်မြင် သံကြားမှာ အရင်တုန်းက ဆိုရင် စနေနေ့ ရုပ်ရှင်၊ တနင်္ဂနွေနေ့ ရုပ်ရှင်ဆိုပြီး မြန်မာ ဇာတ်ကားတွေ လာလေ့ ရှိပါတယ်။ အများအားဖြင့်တော့ ဟိုးရှေးရှေးက ဇာတ်ကားတွေ များပါတယ်။ တခါတလေ အသံတိတ် ရုပ်ရှင်ကားတွေတောင် လာလေ့ ရှိပါတယ်။ အဖေတခု သားတခု၊ ရွှေခြည်ငွေခြည် တန်းပါလို့၊ မီလာ ရှီကာ စိုင်းဗေဒါ အစရှိတဲ့ ဇာတ်ကားတွေကို ကြည့်ပြီး မျက်ရည် ဖြိုင်ဖြိုင် ကျခဲ့ဖူးပါတယ်။ ကျနော် လူပျိုပေါက် အရွယ်ရောက်လာချိန် မြန်မာ ဗီဒီယိုကားတွေ ပေါ်လာတော့လဲ ညနေစောင်းရင် မြင်းလှည်းနဲ့ လှည့်လည် ကြော်ငြာတဲ့ ဗီဒီယိုကား ကြော်ငြာ အသံကြားရင် ဒီည ဘာကားပါလိမ့်လို့ အပြေးအလွှား နားထောင်၊ ညမိုးချုပ်ရင် ဗီဒီယိုရုံသွားဖို့ စိုင်းပြင်းတော့တာ ပါပဲ။ မှတ်မှတ်ရရ ကျနော် လူပျိုပေါက် အချိန်က ရဲကိုကိုဟာ အတော် ခေတ်စားခဲ့ဖူးပါတယ်။ သူ့ရဲ့ ထိုးကြိတ်ခန်းတွေ၊ အကတွေနဲ့ ကျနော်တို့ နယ်မြို့ကလေးက ပျိုပျို၊ အိုအို၊ ကိုကို၊ မမတွေရဲ့ အိတ်ထောင်ထဲက ငွေယားတွေကို အတော်သဲ့ယူ သွားနိုင်ခဲ့ပါတယ်။


ကျနော် ဆယ်တန်းရောက်တော့ မင်းသားကြီး ဦးကျော်ဟိန်းနဲ့ ကိုကျော်သူတို့ အပြိုင် သရုပ်ဆောင်ထားတဲ့ “ အကြွေး “ ဆိုတဲ့ ဗီဒီယို ဇာတ်ကား အတော် ခေတ်စားခဲ့ ပါတယ်။ ဦးကျော်ဟိန်းကလဲ သရုပ်ဆောင်ကောင်း၊ ကိုကျော်သူကလဲ ကျနော်တို့ ခြောက်တန်းလောက်တုန်းက ဆိုရင် သူဇာတ်ကား တကားထဲမှာ လွယ်အိတ်ကို အထုံးကလေး ထုံးပြီး သရုပ်ဆောင်ခဲ့တာကို အပြင်မှာ လူငယ်တွေက လိုက်လုပ်ကြရလောက်အောင် ဆွဲဆောင် နိုင်ခဲ့တဲ့ လူဆိုတော့ အဲဒီဇာတ်ကားဟာ (ကျနော့်အထင်) မြို့ရော၊ ကျနော်တို့ တောမှာပါ လူကြိုက် အတော် များခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ထွက်ခဲ့တဲ့ မိုက်ချက်ကတော့ ကမ်းကုန်ပဲ (ရှုမ၀)၊ နောက်မဆုတ်နဲ့ ကိုကံချွန်၊ အဆိပ် ပြင်းသည်၊ အစရှိတဲ့ ဇာတ်ကားတွေကလဲ ကျနော့်အကြိုက် မြန်မာ ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်။


အခုတော့ အခြေ အနေ အလှည့်အပြောင်း ဘ၀ အကြောင်းတွေကြောင့် ကျနော် တယောက် အမိ မြန်မာ နိုင်ငံနဲ့ ကမ္ဘာ တဖက်ခြားကို အခုတော့ ရောက်လို့ နေခဲ့ပါပြီ။ ရောမ ရောက်တော့ ရောမလို ကျင့်ရင်းနဲ့ပဲ ခေတ်မီ တိုးတက်မှုတွေ၊ ထူးခြား ဆန်းကျယ်မှုတွေ အပုံအပင်ကိုလဲ တွေ့ခဲ့ရပါတယ်။ ကျနော်တို့ နိုင်ငံငယ်လေးက ဇာတ်ကားများထက် နည်းပညာပိုင်းဆိုင်ရာ အဆမတန်ကွာခြားစွာသော အဆင့်မြင့် ရုပ်ရှင်ကားတွေ၊ ဒီဗွီဘီ၊ ဗီဒီယိုကားတွေလဲ အပြားပြား ကြည့်ခဲ့ရပါတယ်။ နိုင်ငံခြား ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းတွေ အကြားမှာ မြန်မာဇာတ်ကားကိုမှ ကြိုက်နှစ်သက်မိတဲ့ ကျနော် တယောက် ခဏခဏ အဟားခံရဖူးပါတယ်။ ဒါပေမယ့် ကျနော် ဂရုမစိုက်ပါ။ သူတို့တွေဆီက ဇာတ်ကားတွေ ဘယ်လောက် ဆန်းကျယ်ပါစေ။ ကျနော် ကြည့်ချင်မိတာက မြန်မာ ဇာတ်ကားများသာ။ တိုက်တန်းနစ် ဇာတ်ကားက အတော်ကောင်းပေမယ့် ဇာတ်ကားမပြီးခင် ဘာဆက်ဖြစ်မယ် ဆိုတာ ကြိုသိနှင့်နေတဲ့ ကချော်ကချွတ် မြန်မာကား ခပ်ညံ့ညံ့လေးက ကျနော့်စိတ်ကို ပိုဆွဲဆောင်စေပါတယ်။ Million dollars baby ဇာတ်ကားကို ကျနော်တို့ဆီက အမေ့နို့ဖိုး ကားလောက် ဆွဲဆောင်မှု ရှိတယ်လို့ ကျနော့် စိတ်ထဲ မထင်ပါ။ အထူးပြုလုပ်ချက် တွေနဲ့ ဖန်တီးထားတဲ့ ၀ုန်းဒိုင်း အုန်းဂွမ်း ပေါက်ကွဲမှုတွေကို ကြည့်ရတာထက် နယ်ကြိုက် တောဇာတ်ကားမှာ ဗလံလေးနဲ့ မင်းသားကို ဗလ ကောင်းကောင်း လူကြမ်းတွေက တမင် အနာခံ လဲကျ ပေးနေရတဲ့ မြန်မာကားတွေကို ပိုကြည့်ချင်မိပါတယ်။ တောကျတယ်ပဲ ဆိုချင်ဆို၊ ခေတ်မဆန်ဘူးပဲ ပြောချင်ပြော ကျနော့် အကြိုက်ကတော့ မြန်မာဇာတ်ကားများသာ။ ဒီလိုနဲ့ပဲ အားလပ်ချိန်လေးတွေမှာ အင်တာနက်က မြန်မာဇာတ်ကားတွေ ကြည့်ရင်း၊ အမိ မြန်မာပြည်ကို လွမ်းရင်းနဲ့ ကျနော်တယောက် အပြုံးမဲ့ မျက်နှာတွေနဲ့ တိုင်းတပါးမှာ အမိမြန်မာပြည်ကို သတိရရင်း…. ။


ကလိုစေးထူး


Wednesday, October 25, 2006

စာကောင်း ပေမွန်များကို ဖျက်ဆီးနေသော အရာများ..

အခု တလော ကျနော် စာအတော်ဖတ်ဖြစ် လိုက်ပါတယ်.. မရောက်တာကြာပီ ဖြစ်တဲ့ မဂ္ဂဇင်းများ မြန်မာပြည်က ရောက်လာတာရယ်၊ စုတုပြု ဆိုတဲ့ စကားနဲ့ အညီ တခြားလူတွေ ရေးတဲ့ ဘလော့တွေကို လေ့လာရင်း အတုယူရင်းနဲ့ စာတွေဖတ်ဖြစ် ပါတယ်။ ဘလော့တွေကို လိုက်ဖတ်ရတာဟာ ဘာနဲ့တူသလဲဆိုတော့ အရောင်စုံတဲ့ ပန်းခင်းကြီး တခုကို လိုက်ကြည့်ရသလိုပါပဲ။ သူ့အရောင်အသွေး သူ့အဆင်းနဲ့သူ အလှဆင် ထားကြတဲ့ မြန်မာ ဘလော့တွေကို ဖတ်ရတာ စိတ်ချမ်းသာစရာ အတော် ကောင်းပါတယ်။ ဒါပေမယ့် ထမင်းစားလို့ ကောင်းတုန်း ခဲကိုက်မိဆိုသလို ရသ၊ သုတတွေ စုံလင်လှတဲ့ ဘလော့တွေကို ဖျက်လို ဖျက်ဆီး လုပ်နေတဲ့ အရာတခုကို သတိထားမိပါတယ်။ အဲဒါကတော့ မြန်မာစာ သတ်ပုံတွေ မှားကြတာပါ။ လူတတ်ကြီးလုပ်ပြီး ဆရာကြီးစတိုင်လ် ဖမ်းတယ်လို့ မေတ္တာပို့ရင်လဲ ကျေနပ်စွာ ခံယူပါမယ်။ မြန်မာစာကို လေးစားတဲ့ အသိ တခုတည်းနဲ့ ကျနော် သတိ ထားမိသမျှ သတ်ပုံအမှား တချို့ကို တင်ပြပါရစေ။ပြောမယ့်သာ ပြောရတယ်။ ကွန်ပြူတာမှာ စာရိုက်ရတာကလဲ မလွယ်လှတဲ့ အလုပ်တခုပါ။ ကိုယ်ရိုက်ချင်တဲ့ တချို့သော ပါဠိ အသုံးအနှုန်းတွေ၊ ပါဌ်ဆင့် စာလုံးတွေကို တခါတလေ အလွယ်တကူ ရှာမတွေ့တာမျိုးလဲ ဖြစ်တတ်ပါတယ်။ ကျနော် အခု ထောက်ပြ ဆွေးနွေးချင်တာကတော အဲဒါတွေမဟုတ်တဲ့ အမှားတချို့ပါ။ ပညာရှိ သတိဖြစ်ခဲ ဖြစ်ကြတာတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျနော် တွေ့မိတဲ့ သတ်ပုံအမှားများကတော့….
မောက်ချ (-ါ) အသုံး မှားခြင်း
မြန်မာစာ အက္ခရာမှာ မောက်ချ ( -ါ ) သုံးရတဲ့ အက္ခရာ (၆)လုံးပဲ ရှိပါတယ်။ အဲဒါတွေကတော့ ခ၊ ဂ၊ င၊ ဒ၊ ပ၊ နဲ့ ၀ တို့ဖြစ်ပါတယ်။ ကျန်တဲ့ အက္ခရာတွေကတော့ သာမန်ရေးချ ( -ာ ) ကိုသာ သုံးရပါတယ်။ ဥပမာ စိတ်ဓါတ်လို့ ရေးရင် မှားပြီး စိတ်ဓာတ်လို့ ရေးမှ မှန်ပါတယ်။ ဒီအမှားနဲ့ ပတ်သက်လို့ ကျနော်တို့ဆီမှာ နိုင်ငံနဲ့ ချီပြီး မှားနေတဲ့ သတ်ပုံအမှား တခုကို သတိထားမိပါတယ်။ အဲဒါကတော့ အရင်က သုံးစွဲခဲ့တဲ့ ၂၅ကျပ်တန်၊ ၃၅ ကျပ်တန် ၇၅ ကျပ်တန်တွေနဲ့ ယခု လက်ရှိ သုံးစွဲနေတဲ့ (ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ) ၁၀ကျပ်တန် ငွေစက္ကူတွေမှာ ပြည်ထေါင်စု မြန်မာ နိုင်ငံဘဏ် လို့ ရေးထားတာပါ။ အမှန်က ပြည်ထောင်စု မြန်မာနိုင်ငံ ဘဏ် လို့ ရေးမှ သတ်ပုံ မှန်ပါတယ်။မောက်ချ ( -ါ ) သုံးရတဲ့ အက္ခရာတွေကိုလဲ ရေးချ ( -ာ ) သုံးရတဲ့ အခါတွေ ရှိပါတယ်။ အဲဒါကတော့ အဲဒီ အက္ခရာတွေနဲ့အတူ ( -ျ ) (ြ- ) (-ွ) (-ှ) တွေနဲ့ ပါဌ်ဆင့် စာလုံးတွေ တွဲသုံးရင်တော့ မောက်ချ အစား ရေးချ (-ာ ) ကိုသာ သုံးရပါတယ်။ အလွယ် မှတ်ချင်ရင်တော့ ပင့်၊ ရစ်၊ ဆွဲ၊ ထိုး၊ ဆင့် လို့ မှတ်နိုင်ပါတယ်။ ဥပမာ ထွက်ခွါ လို့ ရေးရင် မှားပြီး ထွက်ခွာ လို့ ရေးမှ မှန်ပါတယ်။ အဓိပ္ပါယ် လို့ ရေးရင်လဲ မှားပါတယ်။ အဓိပ္ပာယ် လို့ရေးမှ မှန်ပါတယ်။ ငွါးငွါးစွင့်စွင့်၊ အငှါး၊ အစရှိတာတွေကလဲ မှားပါတယ်။ ငွားငွားစွင့်စွင့်၊ အငှား လို့ ရေးရပါတယ်။
အမှားများလေ့ ရှိသော သတ်ပုံ အသုံး တချို့
ဂရုဏာ ဆိုတာ မှားပါတယ်။ ကရုဏာ လို့ရေးမှ အမှန်ပါ။ စောက်ရှောက် ဆိုတာ မှားပါတယ်။ အမှန်က စောင့်ရှောက် ပါ။
ကြော်ညာ ဆိုတာ မှားပါတယ်။ ပစ္စည်းတခုခုကိုလူသိများအောင်ပြောချင်တာမျိုးကို ကြော်ငြာ လို့ သုံးပါတယ်။ ပြဇတ်၊ ဇတ်တော် ဆိုတာ မှားပါတယ်။ ပြဇာတ်၊ ဇာတ်တော် လို့ ရေးမှသာ အမှန်ပါ။ယဉ် ဆိုတာက ယဉ်ကျေး သိမ်မွေ့တာပါ။ အဲဒါကြောင့် မော်တော်ယဉ် လို့ ရေးရင် မှားပါတယ်။ မော်တော်ယာဉ် လို့ ရေးမှသာ မှန်ပါတယ်။
နောက်တခု အလွတ်သဘော ဆွေးနွေးလိုတဲ့ သတ်ပုံ တခု ရှိပါတယ်။ ဗိုလ်ချူပ်ကြီး နေ၀င်းဟာ သူ အာဏာ ရလာပြီး နောက်ပိုင်းမှာ မြန်မာစာအဖွဲ့ကို သတ်ပုံ တခု အပြင်ခိုင်းခဲ့ပါတယ်။ အဲဒါကတော့ တခု၊ တကောင်၊ တယောက် အစရှိတဲ့ ကိန်း ဂဏန်းပြ အသုံးတွေကို တစ်ခု၊ တစ်ကောင်၊ တစ်ယောက် အစသဖြင့် ပြင်ရေး ခိုင်းခဲ့တာပါ။ သူအာဏာ လက်ဝယ်ရှိချိန်တုန်းက ပြဌာန်းခဲ့တဲ့ အဲဒီ သတ်ပုံကြောင့် တချို့သော မြန်မာ စာလုံးတွေကို ရှုပ်ထွေးစေတာကို သတိပြုမိပါတယ်။ အဲဒါတွေကတော့ တစုံတရာကို တစ်စုံ တစ်ရာ၊ တခါတလေကို တစ်ခါတစ်လေ၊ တယောက်ယောက်ကို တစ်ယောက်ယောက်၊ တစုံတယောက်ကို တစ်စုံ တစ်ယောက် လို့ သုံးကြတာတွေကိုပါ။ အဲဒီ စာလုံးတွေမှာ နှစ်စုံနှစ်ရာ၊ နှစ်ခါနှစ်လေ၊ နှစ်ယောက်ယောက်၊ နှစ်စုံ နှစ်ယောက် ဆိုပြီး ထပ်ရေးလို့ မရနိုင်ပါ။ ဒါကတော့ သီးသန့် ဆွေးနွေးချက်ပါ။ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး နှင့် ဘာညာ ဘာညာပေါ့ဗျာ။ ရေးထားတာ တွေ့မိပါတယ်။ နှစ်မျိုးသားလုံးတို့ သုံးမျိုးသားလုံး တို့ ဆိုပြီး ဘယ်နေရမှာများ သုံးပါလိမ့်လို့ တွေးမိပါတယ်။ မှားတယ် မှန်တယ် ဆိုတာကတော့ ချင့်ချိန် ဆုံးဖြတ်ယုံပါပဲ။ ဖတ်ပေးတာကို ကျေးဇူးပါ …။ ပျော်ရွှင်သော နေ့လေး တနေ့ ဖြစ်ကြပါစေ။

Monday, October 23, 2006

သူတောင်းစားများ ညီလာခံ

ဒီဗွီဘီ သတင်းဌာနက တင်ဆက်ထားတဲ့ ကိုဇာဂနာတို့ရဲ့ သူတောင်းစားများ ညီလာခံ ဆိုတဲ့ ၁၉၉၀ ခုနှစ်က ပြက်လုံးများကို ကူးယူဖော်ပြလိုက်ပါတယ်.. ဒီနေရာ မှာ ကြည့်နိုင်ပါတယ်...

Saturday, October 21, 2006

ဗိုလ်ချုပ်အောင်ဆန်း အထုပတ္တိ

ကျနော့်လက်ထဲမှာ ဒီစာအုပ်လေး ပိုင်ဆိုင်ရအောင် အတော်ကြိုးစားခဲ့ရပါတယ်.. ဒါကို ကျနော်တယောက်ထဲက ဖတ်ပြီး သိမ်းထားမယ့်အစား တခြားသော သူငယ်ချင်း မိတ်ဆွေများကိုလဲ ဝေငှပေးချင်တဲ့အတွက် အဲဒီစာအုပ်ထဲက ဗိုလ်ချုပ်ကိုယ်တိုင် ရေးသားထားခဲ့တာကို ကောက်နှုတ်ပြီး ဖော်ပြပေးလိုက်ပါတယ်.. ဒီနေရာမှာနှိပ်ပါ ဇန်းဂါး မှာလဲ ရုပ်မြင်သံကြားမှတ်တမ်းကို သွားကြည့်လို့ရပါတယ်.. ဒီဗွီဘီက ဒေါင်းလော့လုပ်ထားတာပါ.. ဒီစာအုပ်ရဲ့ မူရင်း ထုတ်ဝေသူကတော့ ဗိုလ်ချုပ် စာကြည့် ပိဋကတ်တိုက် ဥက္ကဌ ဗိုလ်သိမ်းဆွေဖြစ်ပီးတော့ မူပိုင်က ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ဖြစ်ပါတယ်.. စာစီစာရိုက် အမှားအယွင်းကြောင့် စာလုံးအကျအပေါက်များရှိခဲ့ရင်လဲ ကျနော့်မှာသာ အပြစ်ရှိပါတယ်.. တချို့သော ပါ့ဌ်ဆင့် စာလုံးများကို အတော်ကြိုးစားရှာဖွေ ရိုက်နေရလို့ အမှားတွေရှိနိုင်မှာပါ.. တယောက်တလေက ဖြစ်ဖြစ် ဒါလေးကို ဖတ်ဖြစ်သွားတယ်ဆိုရင် ကျနော် အားထုတ်ရကျိုး နပ်ပါပီ.. အားလုံးကို ကျေးဇူးပါ..


ဗိုလ်ချုပ်အောင်ဆနုး အထ္ထုပတ္တိ
(ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏အကြောင်းဖြစ်သော ဤစာများကို ဂျပန်ခေတ် ဗမာ့တပ်မတော် စစ်ဝန်ကြီးနှင့် စစ်သေနာပတိဘ၀တွင် ရေးသားခဲ့လေသည်။ သူရေးသားခဲ့သော စာမူများကို ဆက်လက်ရှာဖွေသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်များကိုသာ တွေ့ရသည်။ ဗမာစာဖြင့် ဤမျှသာ တွေ့ရသဖြင့် ဖော်ပြလိုက်ရပါကြောင်း။)

ဇာတိ
မြေလတ်ဟုခေါ်သော ဗမာပြည်၏ အပူပိုင်းဇုံဖြစ်သော မကွေးစီရင်စု၊ ယခုရေနံချောင်း ခရိုင်အတွင်း၊ ပျဉ်းမနား-ကျောက်ပန်းတောင်း ရထားလမ်းတ၀က်ခန့်တွင် အပူပိုင်းဇုံ ကုန်းမြေပြင်များဖြစ်သော၊ နှမ်း၊ပဲနှင့် ၎င်းဆီ အထွက်များ၍ ကုန်ရောင်းကုန်ဝယ်တွင် အတော်တွင်ကျယ်သော မြို့လေး တမြို့ရှိလေသည်။ မီးရထားဘူတာရုံ အနီးအနားတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်သည်ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏၀ဲယာ ပတ်လည်တို့တွင် မြေပဲနှမ်းခင်းတို့ ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ကြည့်လျှင် ရေးရေးထင်သော တောင်တန်းများကို နောက်ခံကာ တောရကျောင်းများနှင့် ကမ္မဌာန်း ထိုင်သူတို့၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဘူတာ၏အနောက်မြောက်ယွန်း ကိုက်၄၀၀-ခန့် အကွာတွင်ကား မိုင်ဝက်ခန့်ကျယ်သော သဲချောင်းရိုးကမ်းစပ်ပေါ်၌ ခပေါင်းကုန်း (သို့မဟုတ်) န-ကျားထူးဟု ခေါ်သော အိမ်ခြေတရာခန့်ရှိ ရွာလေးတရွာ ရှိလေသည်။ ယင်းချောင်းဟုခေါ်သော သဲချောင်းကြီး၏ တဘက်ကမ်း (အနောက်ဘက်ကမ်း)၌ကား ယာခင်း၊ လယ်ကွင်းပြင်များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ ၂၀၀-ခန့်ရှိ ရွာတရွာရှိလေသည်။ ထိုရွာ၏အနောက်ဘက် ကိုက်-၃၀၀ခန့်တွင် အိမ်ခြေ ၁၀၀-ခန့်ရှိ ရွာတရွာရှိလေသည်။ ရွာ၏မြောက်ဘက်တွင် ကပ်လျှက် (ရှေးလူကြီးများပြောသလို) လောကဓာတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်းတကျောင်း ရှိလေသည်။ ထိုမှယာတခင်းအလွန်တွင် ငါးရက်တဈေးဖွင့်ရာ ဈေးဝိုင်းရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ် တန်းလျားများရှိလေသည်။ ထိုအနီးတွင် စာတိုက်ရှိလေသည်။ ထိုစာတိုက်၏ အနောက်မြောက်ဘက် စောင်းစောင်း မလှမ်းမကမ်းတွင် အိမ်ခြေ ၁၅၀-ခန့် ရွာတရွာ ရှိပြန်လေသည်။ စာတိုက်နှင့် အရှေ့တည့်တည့် ပေတရာလမ်းနှင့် မြေတလင်းပြောင်ပြောင်ကို ကျော်လွန်၍ ကိုက်တရာခန့်အကွာတွင် ဘုန်းကြီးကျောင်း တကျောင်းနှင့်ကပ်၍ မြို့အုပ်ရုံး ရှိလေသည်။ ထိုဘုန်းကြီးကျောင်းနှင့်ဆက်ကာ ထောင့်မှန်(Right Angle) ကျကာ ၁၅-ပေခန့်မြင့်သော အုတ်တံတိုင်းကြီး လေးဘက်လေးတန် ခြံရံလျှက် စေတီငယ်များအလယ်တွင် ရွှေရောင် တပြောင်ပြောင်လက်နေသော စေတီကြီးတဆူနှင့် သပ်ယပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောင်းကန်များ ရှိလေသည်။ ထိုရွာများအနက် ရွာမကြီးသဖွယ် အိမ်ကောင်းအများဆုံးနှင့် ဆိုင်ကနား အတော်အတန်ရှိ၍ စာရေး စာချီ မြို့အုပ်၊ ရှေ့နေ၊ ကုန်သည်များ နေကြသောရွာကား၊ ဆိုခဲ့ပြီးသည့် သဲချောင်းကြီးအနောက်ဘက်ကမ်း တောင်ကုန်းပေါ်တွင် တည်လျက်ရှိသော ရွာပင်ဖြစ်လေသည်။ ထိုရွာကို သမိုင်းစာအရကား ပီဋ္ဌိယက္ခမင်း တည်ထောင်သွားသည်ဟုဆိုလေသည်။ သို့သော် ကျွှန်တော်၏ ဘေးမှတ်တမ်းအရကား ပုဂံခေတ် အနော်ရထာ မင်းစော အချိန်အခါလောက်တွင် ထိုရွာကို စတင်တည်ထောင်ခဲ့သည်ဟု မှတ်သားဘူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တရွာလုံး၏ အိမ်ဝိုင်းများအနက် အကျယ်ဆုံးအိမ်ဝိုင်းကြီးထဲတွင် ဧရာမအိမ်ကြီး ရှိလေသည်။ မူလက ဆင်တရပ်ခန့် ၀င်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာရှိသော်လည်း ထိုအခါက အတောင်ရှစ်တောင် ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာလဲ သုံးပေခွဲမျှသာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးဗမာမင်း လက်ထက်က နတ်မောက်မြို့ရှိ မြို့သူကြီးအိမ်ပင် ဖြစ်လေသည်။ ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ်နောက်ဖေး ဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့လေသည်။ ကျွန်တော့်ကို မွေးဖွားစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်း မပေါက်သေး။ သို့သော်ရည်ရွယ်ချက်ကား ထားပီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီးတရွာမျှသာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံ တဒေါက်ဒေါက် နေ့လည် နေ့ခင်းများတွင် ယက္ကန်းသံ တချွင်ချွင်နှင့် ကြားရတုန်းပင် ရှိလေသည်။
အချိန်ကား ၁၉၁၅ခု။ ဖေဖော်ဝါရီလဖြစ်၍ ပထမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲပင် ဖြစ်လေသည်။ ထိုအချိန် ထိုအခါကား ဂျာမနီသည် ရေငုပ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခ ပေးနေသည့် အချိန်အခါ ဖြစ်လေသည်။ အနာက်စစ်မျက်နှာပြင်ဟုခေါ်သော ပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ မျက်နှာ၌မူကား ပထမအကြိမ် တိုက်ပွဲကြီးများမှာ မပြီးဆုံးနိုင်သော သောင်မတင်ရေမကျ၊ ရှေ့မတိုး နောက်မဆုတ် အခြေအနေပင် ရှိလေသည်။ အရှေ့မျက်နှာပြင်ဟု ခေါ်သော ရုရှစစ်ခင်းရာ မျက်နှာမှာကား မဆူးရီးယားနှင့် ၀ါဇနစ်ဇူ စစ်ပွဲကြီးများ ဖြစ်ပွားလျက်ရှိလေသည်။ ထိုနှစ် ဖေဖော်ဝါရီလ ၁၃-ရက်နေ့။ ၁၂၇၆-ခု တပေါင်းလဆန်းတရက် စနေနေ့နံနက် လင်းအားကြီးအချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိ လာခဲ့ရပေသည်။ ဖေဖော်ဝါရီ (၁၃)ရက်နေ့ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီးကီရို၏ ဟောပြောချက် အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကို မွေးဖွားတတ်သော ဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင်မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်းလေးဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြားထည့်သွင့် စဉ်းစားခြင်းမပြုကြချေ။ ကျွန်တော်မွေးဖွားသည်နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာ နာမည်မှာ (ထိန်လင်း) ဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက် အကို- ကိုအောင်သန်း နှင့် နာမည်လိုက်အောင် အောင်ဆန်း ဟု ခေါ်တွင်ခဲ့လေသည်။ မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှ သော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘ၀မှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျသူ ဖြစ်ခဲ့လေသည်။ ကျွန်တော်ငယ်ငယ်တုန်းက တော်တော်နဲ့ စကားမပြောတတ်ရကား လူကြီးမိဘများမှာ ဆွံ့အ၍ပင် နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့ရသည်ဟု သိရလေသည်။ အနာအဖျားထူသည်။ အစားကြူးသည်။ အမဲသား ငါးကို အလွန် ကြိုက်သည်။ ကျွန်တော်၏မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍သွားလေသည်။ တခါသော် အမဲ သားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့်မိခင်က ပြန်၍ပြောပြသဖြင့် သိရပေသည်။ လူရိုင်းဘ၀က ကျွန်တော်လာသလားမသိ၊ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းကကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်းငါစိုင်း ညောင်ကိုင်းရောက်ရောက် ဆိုသည်ကို ကျွန်တော်ကြိုက်၏။
ကျွန်တော်၏စိတ်တွင် အင်မတန်စိုပြည် လတ်ဆတ်သောဘ၀ဟု ယူဆသည်။ ဗမာပြည်ရှိသည့် လူသည် လူရိုင်းမျိုးဘ၀ ရောက်ချင်ရောက်သွားပါစေ၊ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူ့ယဉ်ကျေးမှုဘ၀ထက် ကျွန်တော် အဆတရာကြိုက်သည်၊ နှစ်သက်သည်။ စိမ်းလန်းစိုပြေ ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးတူးအော်ဟစ် နေလိုသည်။
ငယ်ငယ်တုန်းက ကျွန်တော်အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီး အတော်ဝါသနာပါသည်။ စားပွဲဖြစ်စေ၊ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန် လက်ရည်ကွဲကျခဲ့လေသည်။ သို့သော် ကျွန်တော်အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီး မိဘများက ကျွန်တော့်အား အတီးအမှုတ်ဝါသနာကို ခွင့်မပြု။ နဂို ၀ါသနာမဟုတ်၍လားမသိ၊ ယခုဤစိတ်မျိုး ပျောက်သလောက်ရှိခဲ့သည်။ ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပြောင်းသည် ဆိုသည့် အချက်ကို သက်သက် နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်းမကြိုးစားချင်၊ ကျွန်တော်က စကားပြောလျှင် မဖွယ်ရာ မယဉ်ကျေး၊ အသက်ရှစ်နှစ်ထဲရောက်၍ ကျောင်းနေသည့်အချိန်၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမူအရာလဲကြမ်း၏။ အလိုက်လဲမသိ။ ညစ်လဲ ညစ်ပတ်သည်။ အသက် လေးငါးခြောက်နှစ်တိုင်အောင် ညအိပ်ယာတွင် သေးပါ၏။ မီးဖိုကို ညညရှိခိုး၍ အရှင်စဖိုည၊ ကျွန်တော်မနေ့ ဟု ဆိုရသည်ကို အမှတ်ရသေးသည်။ အသက်ဆယ့်ငါးနှစ်ထဲ ရောက်သည့်အခါ၌ ပင် အခြားအိမ်တအိမ်၌ သေးပါဘူးသေးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသား အထက် တန်း ကျောင်းမှာ ခြောက်တန်းအောင်၍ ခုနှစ်တန်းအ၀င် ကျောင်းအပြန်ဖြစ်သည်။ ကျွန်တော်၏ အကို အကြီးဆုံးမှာလည်း ၎င်းနှစ်တွင် ဘီ-အက်-စီ သင်္ချာ ဂုဏ်ထူးတန်းကိုအောင်ခဲ့၍ ရေနံချောင်းရှိ ကျွန်တော်တို့ ကျောင်းတွင် မိမိကျောင်းဟောင်းဖြစ်သည့်အတိုင်း ကျောင်းဆရာ ၀င်ရောက်လုပ်ကိုင်ရန် ကျွန်တော်နှင့် အတူပင် လာခဲ့ပေသည်။ ထိုအခါ ရေနံချောင်းမြို့သို့ နတ်မောက်မှ သွားသည့်လမ်းမှာ တောင်တွင်းကြီးသို့ ရထားစီး၊ တောင်တွင်းကြီးမှ မိချောင်းရဲသို့ ကားစီး၊ မိချောင်းရဲမှ ရေနံချောင်းသို့ သင်္ဘောစီး သို့မဟုတ်လျှင် မကွေးသို့ ဘတ်စ်ကားစီး၊ မကွေးသင်္ဘောစီးရလေသည်။ ၂-ရက်ကြာလေသည်။ နောက်နေ့ကား ကျောက်ပန်းတောင်းမှ တဆင့် မီးရထားတတန်၊ မော်တော်ကားတတန်သွား၍ ရေနံချောင်းသို့ နေချင်းပေါက်လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှ တဆင့်သွားကြသည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချောမိန်းကလေးရှိသော အသိအိမ်တွင် တည်းခိုကြသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ တစိမ်းတရံဆန် အိမ်တွင်မနေတတ်၊ အတော်ရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ထိုညအိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိရာ ညအိပ်သည့်အခါ မအောင့်နိုင်တော့ သေးပါကျလေ၏။ ကျွန်တော်လဲ ပါပြီးမှ သိလေသည်။ ဤမျှ ကျွန်တော်သည် မသိမ်မွေ့။ ညီအကို မောင်နှမများထဲတွင် ကျွန်တော်အငယ်ဆုံး ဖြစ်၏။ ထို့ကြောင့် ကျွန်တော့်အိမ် စံချိန်နှင့်ကြည့်လျှင် ကျွန်တော်အလိုလိုက်ခံရဆုံး ဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးချင်းပါမက ရွာနီးချင်းများကပါ အသိအမှတ်ပြုခံရ၏။
ကျွန်တော်၏အထက် အစ်ကိုကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက်သုံးလေးနှစ်မျှသာ ကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူကလက်မြန်၏။ ကျွန်တော်ကား အားကြီး၏။ မချိန်မဆ လက်လွတ်စပယ်လုပ်တတ်၏။ သူကားနု၏။ မင်းသားကျချေသည်၊ ကျွန်တော်က ကြမ်း၏။ သူသည် အစား အသောက် အနေအထိုင်မှ၍ သပ်ယပ်၏။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့်အခါ မြေကြီး ပေါ်သို့ ကျသွားလျှင် သူလည်းမစားတော့ချေ။ ကျွန်တော်ကျတော့ အစာကို ဖုတ်ဖက်ခါ၍ စားနိုင်လျှင် ကောက်စား၏။ သူကား အ၀တ်များကို သပ်သပ်ယပ်ယပ် ၀တ်တတ်၏။ ကျွန်တော်ကား မ၀တ်တတ် မဖြစ် ညစ်အောင် ဖြစ်ကတတ် ၀တ်တတ်၏။ သူကား မြေကြီးနှင့်ကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျွန်တော်ကား ကြိမ်ဖန်များစွာ လှဲဘူး၏။ သူကားပါး၏။ လျှင်၏။ ကျွန်တော်ကထူ၏။ အ၏။ ကျွန်တော်၏ မြို့ကား ရွာသာသာ တောအရပ်ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က ယခုထက် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါက (ကလီဖား)ခေါ် ဆံပင်ညှပ်ကုလား တယောက်တလေသာ ရှိ၏။ သို့ဖြစ်ရာ ၎င်းကလီဖားမှာ လက်မလည်။ ကျွန်တော်တို့အား ခေါင်းတုံးရိတ်ရင် တခါတခါ ရိတ်တတ်သည့် အိမ်နီးနားချင်းတို့ကို ခိုင်းရလေသည်။ တခါတခါ ကျွန်တော်တို့ ဖခင်ကိုယ်တိုင်ရိတ်ပေးလေသည်။ ကျွန်တော်၏ ဖခင်ကား ယခုကွယ်လွန်သည်မှာ (၁၅)နှစ် ကျော်လွန်လေပြီ။ ကျွန်တော်၏ဖခင်သည် အမူအရာမှာ ကျွန်တော်နှင့် အတော်ဆင်သည်။ တနေ့နေ၍ စကား တခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးရသည့်အထဲ ကျောက်ပေါက်မများလဲ ရှိ၏။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်သည်။ အကိုင်အတွယ် အသွားအလာ အမူအရာကြမ်းတမ်း၏။ ငြင်းမိလျှင် အလျှော့ မပေးတတ်။ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော၊ ထို့ကြောင့် ရှေ့နေစာမေးပွဲ ၀င်ထားသော်လည်း ရှေ့နေလိုက်၍စားသည်ကို ကျွန်တော်တို့ မမှတ်မိ။ ယာလုပ်ကုန်ကူး၍သာ စီးပွားဖြစ်၏။ စီးပွားဖြစ်ခြင်းမှာလဲ ကျွန်တော်တို့ မိခင်၏ ဒိုးတူဘောင်ဘက် ကူညီမှုကြောင့်သာ ဖြစ်လေသည်။ ကျွန်တော်တို့အား အခြားသူတဦးက ခေါင်းရိတ်ပေးလျှင် အင်မတန်ညင်သာ၏။ ကျွန်တော်တို့ ဘေဘေကား ဒါးမထက်ထက်ကို ကောင်းကောင်းမသွေးဘဲ အတင်းတွန်းချ၍ ရိတ်ချ၏။ အထူးပင်ခေါင်းရည် နာ၏။ ကျွန်တော်တို့သည် ၎င်းခေါင်းရိတ်မည့်အခါ ရွံ့၏။ တွံ့၏။ သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျွန်တော့်အကိုကား အမြဲငို၏။ ငိုတိုင်းခေါင်းပုတ်ခံရ၏။ ကျွန်တော်ကားမငို၊ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်သည်၊ ကျွန်တော်၏ အကိုကား စိတ်မြန်၏။ ကျွန်တော်တို့ ညီအကိုလေးယောက် ရှိသည့်အနက် ဒုတိယအကိုကြီး ကိုနေအောင်သာ လျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တသက်ပတ်လုံး မည်သူနှင့်မှ ရန်မဖြစ်ခဲ့ဘူးချေ၊ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့်အကို ကိုအောင်သန်းကား သူများအကြောမခံ၊ သူကသာ ဦးဆောင်ကြောခဲ့သည်။ ကျွန်တော်ကား သူများအကြောသာ ခံရ၏။ မြှောက်လို့ မြှောက်ပေးမှန်းမသိ၊ ချောက်လို့ချောက်မှန်းမသိ၊ ထုံပေပေ အလွန်နိုင်၏။
တခါသော် ဆယ်မိုင်ခန့်အကွာ ရွာတရွာသို့ ကျွန်တော့်မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတယောက်က ကျွန်တော့်အား မြှောက်၍ `ဗိုလ်ကြီး၊ ဗိုလ်ကြီး` ဟု ခေါ်ရာ ကျွန်တော်မှာ များစွာသဘောကျကာ ထန်းလျက်အဖြူဆုပ်ကို ခေါ်တိုင်းခေါ်တိုင်း ပေးခဲ့လေသည်။ ကျွန်တော်သည် လိမ်လည်လေ့မရှိ။ မလိမ်တတ်၊ လိမ်ခဲ့မိသော်လည်း ခဏချက်ချင်း ဖြောင့်ချက်ပေး၏။ ကျွန်တော်တို့ နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်း ပိတ်၏။ သို့သော် ယောက်ျားကလေးများမှာ ဥပုသ် နေ့ပင် ဖြစ်သော်လည်း ကျောင်းသို့သွားရ၍ ရေခပ်မြက်နုပ်လုပ်ရသည်။ တနေ့သော် နေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ၍ အလုပ်မရှိလျှင် အိပ်နေကြ၊ မကစားကြနဲ့ ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံးသော ကျောင်းသားများအား မအိပ်ချင်ဘူးလားဟု မေးသောအခါ မအိပ်ချင်ကြသော်လည်း အိပ်ချင်သည် ဟု ဘုန်ကြီးအလိုကျ လျှောက်ကြသည်။ ကျွန်တော့်အား ဘုန်းကြီးက အောင်ဆန်းကော မအိပ်ချင်ဘူးလားဟု အထူးတည်မေးရာ ကျွန်တော်က မအိပ်ချင်ပါဘုရားဟု ပြန်လျှောက်ရာ ဘုန်းကြီးမှာ ပြုံး၍သာနေလေတော့သည်။
ကျွန်တော်သည် ငယ်စဉ်က ချောင်တချောင်တွင် ကပ်၍မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်သည်၊ ကလေးနှင့်မလိုက် အများအားဖြင့် အိနြေ္ဒကြီးသည်၊ ကစားခန်စားဆိုလျှင် များစွာမလေ့ကျင့်၊ သို့သော် ကစားသည့်အခါ ကြမ်းတမ်း၏။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်၊ တွတ်ထိုးခြင်း ကြည်းသားရိုက်ခြင်း စသည်တို့ကို ၀ါသနာပါသည်၊ ခြင်းလုံးခတ်ခြင်းကိုကား မကြိုက်၊ ရွရွလေးလုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုရလျှင် ကျွန်တော်၏ ကလေးဘ၀မှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင် ချောင်းစောင်းကဲ့သို့ အဖုအထစ် အပြစ်အနာအဆာများသည် စိမ်းလန်းစိုပြေ ညီညာသော မြက်ခင်းသဖွယ် ရှုချင်စရာ မဟုတ်ပေ။ အသက်ဆယ်နှစ်ခန့်အထိ အနာရောဂါ ကင်းသည်ဟူ၍ မရှိ။ သေလုမတတ် အကြိမ်ကြိမ် ဖြစ်ခဲ့ဘူး၏။ ၀ဲနာအကြီးအကျယ် စွဲခဲ့ဘူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့ များမှ ငါကျန်းကျန်းမာမာ အမြဲနေရပါမည်နည်းဟု တမ်းတမိသည်။ ကျွန်တော်သည် ထိုကလေးဘ၀ကပင် သူပုန် စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေသည်။ ဗမာပြည်အား အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးကို စဉ်းစားခဲ့ဘူးလေသည်။ တခါတရံလည်း ဟုတ်တိပတ်တိ စိတ်ကူး၏။ တခါတခါလည်း ပြဒါးရှင်လုံး စသည်များကို ရှာဖွေလိုသော စိတ်များပေါ်ပေါက်၏။ ပြဒါးရှင်လုံးစသော အစွမ်းအားဖြင့် ဗမာပြည်ကို ကယ်တင်လို၏။ ကျွန်တော်ရန်မဖြစ်တတ်၊ သို့သော်ကျွန်တော်သည် သတ္တိထူးချွန်သည်ဟု မဆိုနိုင်၊ သရဲတစ္ဆေ အလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အကို ကိုအောင်သန်းကာ ခဏခဏရန်ဖြစ်၏။ ဦးအောင် ရိုက်နှက်၍ အိမ်ပြန်ပြေးလာခဲ့၏။ သို့နှင့်မကြာမကြာအတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်က ဤကဲ့သို့ မဖြစ်ဘူး၊ ရန်တခါသာ အကြီးအကျယ်ဖြစ်ဘူးသည်။ ထိုအခါလူချင်းလည်း ထိုးသတ်ပုတ်ခတ်စဉ်က ကျွန်တော်က နိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဖိနပ်နှင့် အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဖက်ကို လိုက်လေရာ ခေါင်းမူး၍မမှီ၊ ထိုလိုက်သည့်အချိန်အထိက သတ္တိ ကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်မှ သွေးတွေမြင်သဖြင့် ခေါင်းပေါက်မှန်းသိသောအခါ ကျွန်တော် ငိုလေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူကလေးချင်းများပေါ်တွင် တခါတလေ အနိုင်ကျင့်ချင် သည့် စိတ်ကား ရှိလေသည်။ တခါတွင်ကား ဘုန်းကြီးကျောင်းနေစဉ် နဖူးသားများကို ကြက်တောင်စိုက်၍ ကြက်တောင်ရိုက် ကစားနေရင်းမှ ကျောင်းသားနှစ်ယောက် ရန်ဖြစ်ရာ ကျောင်းသားတယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော ကျောင်းသားမိဘများက ဘုန်းကြီးအား လာရောက်တိုင်တန်းရာ ဘုန်းကြီးက ဤကစားနည်းမျိုးကို အားလုံးကျောင်းသားများသည် ကျောင်းဝင်းအတွင်းမှာသော်၎င်း၊ အပြင်မှာသော်၎င်း၊ မကစားရဟု ပညတ်ရလေသည်၊ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအကိုဝမ်းကွဲများက သဘောမကျသဖြင့် အာဏာဖီဆန်ကာ ရွာထဲတွင် ကစားကြလေသည်။ ကျွန်တော်တို့ ကစားနေသည်ကို အခြားကျောင်းသားတဦး နှစ်ဦးကမြင်သဖြင့် ဘုန်းကြီးအားသွားရောက် တိုင်တန်းသောအခါ ဘုန်းကြီးက ကျွန်တော်၏ မိခင်နှင့် ဦးလေးများကိုပါ ခေါ်၍ ၎င်းတို့ရှေ့တွင်ပင် ကျွန်တော်တို့အား ပြင်းထန်စွာရိုက်နှက်လေတော့၏။ ကျွန်တော်မှာ ပဌမကြိတ်မှိတ်၍ ခံသော်လည်း နောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ပဲ ငိုလေတော့သည်။ ကျွန်တော်သည် ထိုသို့ သွားရောက်တိုင်တန်းသူ ကျောင်းသားကို ယနေ့တိုင် အခဲမကျေချင်လှ။ ဤကဲ့သို့ အလုပ်ပို မေတ္တာရိ မျက်နှာလိုမျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူးစက်ဆုပ်လှသည်။ ယခုခေတ်သစ် ကျောင်းများတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက်စေသင့်လေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ်ဖြစ်လေသည်။ ကျွန်တော်တို့မိဘကား ပစ္စည်း ဥစ္စာ အတော်အတန်ရှိ၏။ ကြွေးရှင်မြေရှင်ဖြစ်ရာ ဆင်းရဲသားများနှင့် အများအပြား ဆက်ဆံရလေသည်၊ ကျွန်တော်တို့၏ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။
သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများမဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိသည်။ ထိုအခါက ကျွန်တော်ကား ငွေတိုးကြီးစနစ်ဆိုးဝါးပုံကို မျက်ဝါး ထင်ထင် တွေ့ခဲ့ရလေသည်။ များစွာသော ဆင်းရဲသားတို့မှာ ကြွေးတခါယူမိလျှင် ကြေနိုင်စရာ အကြောင်းမရှိပေ။ ဤစနစ်ကို ယနေ့ခေတ်တွင် အလျင်အမြန်ပြင်ဆင်သင့်သည်။ ၎င်းအပြင် ယခုလက်ရှိ ဆင်းရဲသားကြွေးမြီများကို အားလုံးလျှော်ပစ်ရန် သင့်လေသည်။ ထိုကြွေးများမှာ အတိုး၏ အညွန့်ကြွေးများသာ ရှိတော့မည်မှာ ကျွန်တော် ယုံမှားသံသယမရှိပေ။ ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ကျွန်တော်တို့ ရှေးအဆက်အနွယ်တို့မှာ ပုဂံပြည် တရုပ်ပြေးမင်းလက်ထက် (ဂျင်ဂျစ်ခံ) အမှူးရှိသော တရုပ်တို့ ၀င်ရောက်နှောက်ယှက်သောအခါတွင် နိုင်ငံခြားသားတို့၏ လက်အောက်တွင် မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော်မွေးဖွားရာ ဒေသသို့ စုန်ဆင်းလာခဲ့လေသည်ဟု ဦးလေးတယောက်က ပြောဘူးလေသည်။ အလောင်း ဘုရား တတိယနိုင်ငံတော် ထူထောင်စဉ်အခါက တိုင်းပြည်မှာ ဖရိုဖရဲဖြစ်၍နေရာ ရွှေဘိုနယ်မှ ဦးအောင်ဇေယျ ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီးဦးမြ (ဘွဲ့အမည် ကောင်းကောင်းမမှတ်မိ) ဆိုသူမှာလည်း မိမိ နယ်ကို အုပ်စီးခေါင်းဆောင်၍ ဗမာ့ထီးနန်းထူထောင်ရန် ကြံလေသည်။ နောက်မှ အလောင်းဘုရား အကြောင်း ကြားသဖြင့် လူများစေလွှတ်စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်းလက်ရုံးအကြောင်း ကြားသိသည့်အခါ အလောင်းဘုရားထံ ၀င်ရောက်၍ သက်စွန့်ကြိုးပမ်းအမှုထမ်းလေသည်ဟု မှတ်သားရဘူးသည်။
မင်းတုန်းဘုရင်လက်ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပတ်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုးအနွယ်ပင်ဖြစ်သည်ဟု ကြားဘူးသည်။ မင်းတုန်းဘုရင်၏ သမားတော်တဦး (လူအမည်မှာ ဦးကျော်ဇံ ဖြစ်လေသည်၊ ဘွဲ့ကိုကားမသိ) မှာလည်း ကျွန်တော်တို့၏ အမျိုးအဆွေပင်ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေးသော ဆရာကြော့မှာ ဦးကျော်ဇံ၏ မြေးပင်တည်း။ အရှင်အဂ္ဂမမာဓိမှာလည်း ကျွန်တော်တို့ အမျိုးဟုပင် သိရသည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့သူကြီးဖြစ်လေသည်။ စာတတ်သည်၊ ဥာဏ်ထက်သည်၊ လက်မြောက်သည် သည်၊ စိတ်ထက်သည်ဟူ၍ ကြားနာဘူးလေသည်။ မိမိအထက်မြို့ဝန်နှင့် မတဲ့၍ အလုပ်ပြုတ်သဖြင့် မန္တလေး ရွှေမြို့တော်သို့တက်၍ အရာခံနေဆဲ အနိစ္စရောက်လေသည်ဟု တခါက ပုရပိုက်မှတ်တမ်းတခုတွင် ဘတ်ရဘူး လေသည်။
(စကားအလျဉ်းသင့်၍ ရေးရဦးမည်၊ ရှေးကလည်း ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်း ရှိလေသည်။ အခေါ် အဝေါ်ကား မေ့သွာလေပြီ။ ကျွန်တော်တို့(ဘေး) အိမ်ကြီးတွင်တွေ့ဘူးသော ပုရပိုက်များတွင် ကျွန်တော်တို့ဘေး နေ့စဉ် ဘာလုပ်သည် ဘယ်သွားသည် စသည်တို့ကို မှတ်သားထားချက်များ တွေ့ရလေသည်။) ကျွန်တော်တို့ ဘေးတွင် အစ်ကိုကြီးတယောက်နှင့် ညီနှစ်ယောက်ရှိသည်ဟု သိရသည်။ အစ်ကိုကြီးမှာ ရန်ကုန်ဆိပ်ကမ်းအုပ် ဖြစ်သည်ဟု သိရသည်။ ညီအငယ်တယောက်မှာ တလုပ်မြို့ဝန် ဦးဘွားယူဟုခေါ်၏။ မြင်ကွန်း- မြင်းခုံတိုင်တို့၏ ငယ်ဆရာဖြစ်သည်။ ၎င်းမင်းသားများအထတွင် မြင်းကွန်းမင်းသားတို့အတွက် ဓားပြတိုက်၍ ငွေရှာပေးရ လေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ၍ ဦးဘွားယူရာထူးမှ ကျလေသည်။ ကျွန်ယုံ၏ သစ္စာကြီးမှု ကြောင့်၎င်း၊ အမှုမထင်ရှား၍၎င်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်းလက်ထက်ဖြစ်၍၎င်း၊ အသက်ချမ်းသာ ရလေသည်။
နာမည်ကျော် ဦးမင်ရောင် (ဗိုလ်လရောင်)မှာ ကျွန်တော်တို့ အဖွား၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံးအားကိုး ဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထားသည်။ ၎င်း၏ တပည့်တယောက် (နာမည် ကားမမှတ်မိ)သည် ဇာတ်ပွဲများတွင် လူပျက်ပျက်သည့်အချိန် လူများရယ်တုံးမရယ်၊ အများရယ်ပြီးမှ တယောက် တည်း ကျယ်လောင်စွာ အကြာကြီးရယ်တတ်သည်ဟု သိရသည်။ ဤကဲ့သို့ အရွဲ့တိုက်ရယ်သည်ကို ဗိုလ်မင်းရောင်တွေ့ ၍ အားရကာဆုချလေတော့သည်။ တခါလည်း ၎င်းတပည့်နှင့် ၎င်း၏ညီ မြို့ဝန်ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ဘွားမ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။ ဦးမင်းရောင်၏ တပည့်ရှုံးသည်၊ ညီဖြစ်သူ ဦးမင်းမောင်က မိမိတပည့်နိုင်သဖြင့် ပုဝါတပိုင်း ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင်က မခံချင်၍ မိမိ တပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတထည် ဆုချလေသည်။
တခါလည်း ကြက်သားဟင်း စားလို၍ ညီဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင် ကား ဗိုလ်လရောင်နှင့်မတူ လူပြော့လေးဖြစ်သည်။ စောင်း စည် သီချင်းဆိုတော်သည်။ စကားပြော ချိုသာသည်။ အထက်လူကြီး၏ အချစ်တော်တဦးဟု သိရသည်၊ ဦးမင်းမောင် ကြက်မသတ်နိုင် ထို့ကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပို့သည့်ဟင်းကို ညီအားမကျွေးပဲ ခွေးကျွေးပစ်သောဟူ၏။
(ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း။)

ကျောင်းသားဘဝ
ကျွန်တော်၏ မိခင်၊ ဘခင်နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသော အမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဘခင်သည် ရှေ့နေ စာမေးပွဲတွင် ဗမာတပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအကိုအားလုံးလဲ ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယ အစ်ကိုကြီးကား စာသင်အထူးပျင်းလှ၍ အခြား ညီအစ်ကိုကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကိုလည်း အထူးလိုလားကြသည်။ ကျွန်တော်၏ အစ်ကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ထားသဖြင့် အသက် ၈-နှစ် ရောက်မှသာလျှင် ကျောင်းစနေရပေသည်။ ကျွန်တော် ကျောင်းနေလာရင်းပြောရဦးမည်။ ကျွန်တော်၏အထက် အစ်ကိုအောင်သန်းအား အသက် ၁၁-နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းသည် မြန်မာ ၆-တန်းတွင်ရှိသည်။ ကျွန်တော့်မှာ အသက်-၈နှစ်ထဲရောက်သော်လည်း ကျောင်းမနေရသေးချေ၊ ရှင်ပြုအခမ်းအနားဖြင့် အကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လဲ ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အားပူစာသေးသည်။ ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့လူသည် စာတတ်မှာဖြစ်မည်ဟု ပြောသဖြင့် ကျောင်းနေပါတော့မည်ဟု ကတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်သည်။ တန်းကျော်တက်ခဲ့ ရပြန်သဖြင့် လေးနှစ်နှင့် ၁၀-တန်းအောင်မြင်သည်။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲတွင် ဗမာတနိုင်ငံလုံး န၀မစွဲခဲ့၍ အထက်တန်းစကေားလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပဌမစွဲခဲ့၍ ဦးရွှေခို ဆုကို ရရှိခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ၆-နှစ်ခွဲမျှ နေခဲ့သည်။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျက်သဖြင့် (ဘီ-အေ) အတန်းအထိ အောင်ယုံသာအောင်ခဲ့သည်။ (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသား သပိတ်ခေါင်းဆောင် တဦးဖြစ်၍ အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တနှစ်မဖြေပဲ နေခဲ့ရသည်။ နောက် (ဘီ-အယ်လ်) အတန်းကို တက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီ-အယ်လ်) ပဌမနှစ် စာမေးပွဲ ရှုံးလေသည်။ ဤသည်ကား ကျွန်တော့်ဘ၀တွင် ပဌမဆုံးနှင့် နောက်ဆုံး ကျရှုံး ခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေ ရာဇ၀င်ဖြစ်သော ပဌမမေးခွန်းတွင် ကျွန်တော် ပဌမရခဲ့သည်။ ဒုတိယ (ဘီ-အယ်လ်) နှစ်တွင် နှစ်စေ့အောင် ကျွန်တော်မနေတော့။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင်ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။ မြန်မာစာသင် ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက်တချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း ကလေးဘာသ သစ်ပင်တက်၊ ရေကူး၊ အလုပ်မျိုး ပိတ်ပင်ခြင်းပင် ဖြစ်သည်။ ဤအချက်တွင် ကျနော်တို့ မိဘများလည်း တသဘောတည်းလောက်ပင် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင်တက်သည်ကို မြင်လျှင် အဆို၊အမြည် ခံရသည်။ ရေကူးသည်ကိုသိလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျနော့်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်း ရခဲ့၍ ပေါက်မြောက်သလောက် ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်း အမျိုးသားကျောင်း ဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စား လေ့ကျင့်ရာနေရာ၊ ကိရိယာ၊ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။ ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ တချို့အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်ပေသည်။ သို့မဟုတ်လျှင် ပညာဆိုသည်မှာ စာအုပ်စာတမ်း တက်၍ စာသိမှုကို ပညာဟု မဆိုသာပေ။ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာပေါ်ရှိ စာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်း ဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြစေသည် ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းလိုက် ဆင်ခြင်သုံးသပ် နိုင်စွမ်းသော ဥာဏ်အားကိုလည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကို လည်းကောင်း (Emotion of the Education) ပြုပြင်ပြုစု စီမံထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင် အောင်စေကာမူ၊ ပညာဆိုသော သဘာဝ အဓိပ္ပာယ်ကို ကောင်းစွာသုံးသပ် နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက် အသုံးမ၀င်နိုင်ပေ။
ပညာဟူသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်နိုင်စွမ်းခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ယုံသာ မဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွှတ်စေရမည်။ ရာဇ၀င် သိယုံသာ မဟုတ် ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိယုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ ပဌမပညာကို သိယုံသာမဟုတ် မြေသစ်၊ ရေသစ်၊ တော၊ တောင်တို့ကို ရှာဖွေ စုံစမ်းနိုင်စွမ်း စေရမည်။ လောက အကြောင်းကို နားလည်စေယုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။ ပညာသည် ကာလဒေသ၊ ပရောဂနှင့် ယှဉ်ရမည်။ ဥာဏ်ကြီးသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှပိုမို ဆန်းကြယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိပဲ လောကဓာတ် ပညာဥာဏ်ကိုသာ ရလျှင် လောကဓာတ် ပညာ၏တန်ဖိုးကို ဒင်းပြည့် မသုံးနိုင်ပေ။
တိုင်းပြည် အခြေအနေပြသနာ၊ ခေတ်၏အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတယောက်၏ သက်တမ်းတွင် အစပဌမက သိမြင်လာသော စိတ်နေစိတ်ထား ၀ါဒတို့သည် အမှန်ချည်းမဟုတ်၊ ပြုပြင် ပြောင်းလဲရမည်သာတည်း။ ယနေ့ အယူအဆနှင့် နက်ဖန်အယူအဆတို့မှာ တူချင်မှ တူမည်၊ အမှန်ကား လူတဦး၏ တဘ၀တွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားတတ်လေသည်။ သမာဓိမတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပေတည်း။ ၀ါဒပြောင်းလဲမှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိ မတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။ အမှန်အားဖြင့် သမာဓိဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့မှာ သမာဓိလက်ကိုင်ကြရသူ ရှားပေသည်။ သမာဓိ ဆိုသည်မှာ လောက၏ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်၊ အပျက် စနစ်စုံကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ၀မ်းမနည်း၊ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဥာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ်မလန့် တသမတ်တည်း တည်ငြိမ်စွာ ရှိခြင်းကို ဆိုလေသည်။ ဘုရား အစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန်ကိုယ်ကျင့်တရား အမူအရာ၊ အပြောအဆို၊ ဘမ်းပြတည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမည ပြောစမတ်ပြုကြလေသည်၊ အမှန်စင်စစ်ကား ထိုဘမ်းပြ တည်ငြိမ်မှုနောက်တွင် မည်မျှ အတွင်းဖောက်လွဲဖောက်ပြန်မှုများ တိုးပွား များပြားလာသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူ တယောက်ဟု အသိအမှတ်ပြု ခံရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွဲဖောက်ပြန် သဘောကို မပြပေ။ သို့သော် အကယ်ပင် ကျွန်တော်သည် သမာဓိ ရှိ၏။ မည်မျှ သမာဓိကို ပိုင်ဆိုင်ပေ သနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ကို ဖတ်ရင်း ဖတ်ရင်း တွေ့မြင် ကြရပေလိမ့်မည်။
အသံဆုံး ဖြစ်ပေသည့် ကျွန်တော်၏ အတွင်း လှုပ်ရှားမှုများကား၊ သမာဓိတရားကို လုံးဝမပိုင်ဆိုင်သေးခြင်း၏ အမှတ် လက္ခဏာပင်တည်း။ ယခုလည်း ကျွန်တော် သမာဓိတရားကို ပိုင်ပြီလော။ လုံးဝ မပိုင်ဆိုင်သေးပေ။ ထို့ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မဆိုကြပါနှင့်ဦး။ လူတယောက်၏ ဥာဏ်အပြင် လှုပ်ရှားမှု ၀ါဒပြောင်းလဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက် မစောသင့်ကြပေ။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ်များက အရှင်အာဒိစ္စ၀ံသ ဆိုသော ကိုယ်တော်အား သာသနာတွင် ဘိက္ခူနီမများ ရှိသင့်သည်ဟု စာအုပ်တအုပ် ရေးသားမှုကြောင့် ၀ိုင်းပယ်ကြ၏။ သပိတ် မှောက်ကြကုန်၏။ အမှန်ကား သူ၏ ပြောင်းလဲမှုသည် မှားချင်လဲ မှားပေလိမ့်မည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိအလားဖြင့် အမှားမရှိသူ မရှိ။ အမှားသိမှ အမှန် မြင်လေသည်။ အမှားတခါလုပ်မိလျှင် အမှား နှစ်ခါလုပ်မိသောအခါ မှန်လာပေလိမ့်မည်။
သို့သော်လည်း မှားပင် မှားစေကာမူ မိမိဥာဏ်အမြင်အလျှောက် ပြောင်းလဲမှုမှုမှာ ရှိအပ်သည်သာတည်း။ လှေနံ ဓားထစ်ဆိုသော အလုပ် အပြော အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း။
ဗုဒ္ဓဂေါတမသည် သဗ္ဗညုတ ရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှား အမျိုးမျိုးကို ကျော်ကာ ရှာဖွေ တွေ့ရှိခဲ့လေသည်။ ထိုဥာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သော အစ၌ သိဒ္ဓတ္တမင်းသားသည် မိမိဥာဏ် အမြင်အရ အနုမာန မျက်မှန်းရမ်းဆ၍ ပြောင်းလဲမှု ရှိလေသည်။ အလှယ်လှယ် အပြောင်းပြောင်း အသောင်းအကသော မောင်းမမိဿံ ခြွေရံပရိသတ်တို့နှင့်တကွ နန်းဆောင်သုံးဝယ် မင်းစည်းစိမ်ကို စွန့်ပယ်၍ သောင်မမြင် ကမ်းမမြင် ရသေ့ရဟန်း အသွင်၊ လျှော်တေ သင်္ကန်းကို ၀တ်ဆင်၍ ဘိက္ခူနီ လောယာစန သီလောတိ ဘိက္ခူ ဟူသည်နှင့်အညီ၊ သူတောင်းစားဘ၀မျိုးသို့ ပြောင်းလဲမှုသည် သာမန်ပကတိ မျက်စိအားဖြင့် ကြည့်လျှင် ရူးမိုက်သည်ဟု ဆိုရပေမည်။ မိမိ၏ မင်းစိတ် မင်းဝါဒကို ဆန့်ကျင်သော လောကစိတ် လောက၀ါဒအား ဤသို့ ပြောင်းလဲခဲ့လေသည်။

(ဗိုလ်ချုပ်အောင်ဆန်း)

Tuesday, October 17, 2006

ကွာဟမှု တခုရဲ့ အကျိုးဆက်လေလား..

မြန်မာပြည်ကို ငွေလွှဲဖို့ကိစ္စတခုအတွက် တခြားပြည်နယ်က အကိုတယောက်ကို စနည်းနာကြည့်လိုက်တော့မှ ကျနော်တယောက် လောကကြီးနဲ့ အတော်အဆက်ပြတ်နေမှန်း သိလိုက်ရပါတယ်.. မြန်မာလေးယောက်ကို အမေရိကန်ဒေါ်လာ ခြောက်သန်းနဲ့အတူ ဖမ်းဆီးမိပါသတဲ့.. တရားမ၀င်ငွေလွှဲမှု၊ ငွေမည်းမှုများနဲ့ အရေးယူခံရဖွယ်ရှိတယ်လို့ သိရပါတယ်.. ဒီဂယက်ဟာ အမေရိကန်ရောက် မြန်မာတော်တော်များများကို ရိုက်ခတ်ခဲ့ပါတယ်.. အရင့်အရင်က ငွေလွှဲပေးနေကြ လူများ ဘာကိုမှမလုပ်ရဲတော့တဲ့ အပြင် တချို့ဆို ဖုန်းတောင် မကိုင်ရဲလောက်အောင် ဖြစ်ကြပါတယ်.. အဲဒီအကိုက ယခုနောက်ဆုံး အနေအထားအရ ငွေလွှဲနေကြတဲ့ ပုံစံသစ်ကို ပြောပြအကြံပေးပါတယ်.. အမေရိကန်ကနေ ဂျပန်၊ စင်ကာပူ၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေက မြန်မာမိတ်ဆွေ တယောက်ယောက်ဆီကို ဘဏ်ခြင်း တရားဝင်လွှဲ ဟိုကမှတဆင့် မြန်မာပြည်ကို ပြန်လွှဲတဲ့နည်းပါ.. အရင်ကတော့ ငွေလွှဲချင်တယ်ဆိုရင် ဒီမှာ အဲဒီလုပ်ငန်း လုပ်တဲ့လူဆီကို ချက်လက်မှတ်ရေးပီး စာတိုက်ကနေ ချက်လက်မှတ်နဲ့တကွ လိုအပ်တဲ့ အချက်အလက်တွေ ပို့ပေးယုံနဲ့ ကိစ္စအားလုံး နှစ်ရက်သုံးရက်လောက်အတွင်း ပြီးပြတ်နိုင်ပေမယ့် အခု အတိုင်းဆိုရင်တော့ အနည်းဆုံး တပတ်ကနေ ဆယ်ရက်လောက်အထိ အချိန်ကြာမြင့်တော့မှာပါ.. ကျနော်ကတော့ ရဲတွေဖမ်းမိသွားတယ်ဆိုတဲ့ ဒေါ်လာငွေ ခြောက်သန်းကို မဆီမဆိုင် အတော်နှမြောမိပါတယ်.. မြန်မာလူမျိုး ဘယ်နှစ်ယောက်ရဲ့ ဘယ်လောက်ကြာကြာ ရှာဖွေထားကြရတဲ့ ငွေများပါလိမ့်.. အင်တာနက်စာမျက်နှာ တခုက အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ တန်ဖိုးနှိုင်းယှဉ်ချက်ကို ကြည့်မိတော့ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁၃၆၀ ကျပ်ပါတဲ့… ဒါကပဲ အဖြေလားမသိ.. စဉ်းစားစရာ……….။

Monday, October 16, 2006

ကျနော့် ကဗျာများ

ပုံမှန်အားဖြင့်.. ကျနော် ကဗျာရေးလေ့ မရှိလှပါဘူး.. ကဗျာကို သေချာ ကျွမ်းကျင်အောင် ရေးနိုင်စွမ်း မရှိတာရယ်နဲ့.. တခြားသောသူများ ရေးထားတဲ့ ကဗျာလေးတွေကို ခံစား ရတာကို ပိုနှစ်သက်မိလို့ပါ.. ဒါပေမယ်တကြိမ်မှာတော့ ကျနော် မြန်မာပြည်ထဲက ၀က်ဘ် ဆိုက် တခုရဲ့ အက်ဒမင်ကို လူလည်ကျချင်တာနဲ့ ကဗျာ နှစ်ပုဒ် ရေးလိုက်ပါတယ်.. ဟိုပုဂ္ဂိုလ်များကို ထိရင် ဆတ်ဆတ်ထိမခံ.. ချက်တာတွေကို ဘမ်းပစ်.. ပိတ်ပင်ပစ်တဲ့ အဲဒီ ၀က်ဘ်ဆိုက်က ပုဂ္ဂိုလ်များ.. ကျနော် လူလည်ကျထားတာကို အခုထိ မသိကြ ပါဘူး.. အဲဒီကဗျာလေး နှစ်ပုဒ်ကို မဖတ်ဖြစ်ရသေးသော သူငယ်ချင်းများကို ဝေမျှချင် တာနဲ့ ဒီမှာ ဖော်ပြလိုက်ပါတယ်.. ကျနော့် သူငယ်ချင်းများကိုတော့ ဦးနှောက် မစားစေ လိုပါ… ကဗျာစာကြောင်းတွေရဲ့ ပထမဆုံးသော စာလုံးတွေဟာ ကျနော်က ပေးချင်တဲ့ ကဗျာထဲက မက်ဆေ့ပါပဲ…

ကာရန်မဲ့တမ်းခြင်း
နရီစည်းချက်နဲ့အညီ
အတူတူကခုန်ရင်းငါ့ဘ၀ (အခုတော့)
ဖရိုဖရဲဖြစ်ခဲ့ရပြီပဲ..။
ကျလုလု မျက်ရည်ကိုထိန်းချုပ်
ဆုံးရှုံးခဲ့ရတာတွေကို ပြန်မတွေးချင်တော့ပေမယ့်
ပါရမီကံ နည်းလွန်းလှတဲ့ ငါ
စေစားသူ အရှင်သခင်ရဲ့ လက်ထဲမှာ…။

တောင့်တမိခြင်း
ဘုကျကျနဲ့လူ့ဘ၀မှာ
ရင်ကွဲလုမတတ်
ရူးသွပ်မိတာက
ကြီးကျယ်မြင့်မြတ်တဲ့ ဘ၀လေး တခုရယ်ပါ..။
သန်းကြွယ်သူဌေးကြီး ဖြစ်လိုတဲ့ငါ
ရွှေဘုံပေါ်မှာ နေလိုတဲ့ ငါ (ငါဆိုတဲ့ငါက)
သေခြင်းတရားဆိုတဲ့အရာကို မရောက်မီ
ပါရမီကံလေး ရှိခဲ့ရင်တော့
စေတလုံး ပိုင်ရှင် ဖြစ်ချင်သား….။

Saturday, October 14, 2006

အလုပ်အားရက်မှာ


ဒီနေ့ အလုပ်ကလဲပိတ် ရာသီဥတုက အေးလာတော့ အပြင်လဲထွက်ချင်စိတ် မရှိတာနဲ့ အခန်းထဲမှာပဲ တနေကုန်အောင်းပြီး ကွန်ပြူတာနဲ့ပဲ နပန်းလုံးနေဖြစ်ခဲ့ပါတယ်.. ဘလော့လေးတခုကို လုပ်ချင်လွန်းလို့သာ လုပ်လိုက်ရတယ်.. ဘာမှကလဲ မတတ်.. အပြောကျယ်လှတဲ့ network ပင်လယ်ကြီးထဲမှာ ကျနော်ကတော့ ဒီဘလော့ တခုတည်းနဲ့တင် လုံးလည်ချာကို လိုက်နေခဲ့ပါတော့တယ်.. သတင်းတွေနားထောင်… သီချင်းတွေနားထောင်မိတော့.. တချို့သော သတင်းတွေ သီချင်းတွေကို သူငယ်ချင်းတွေကို ဝေမျှပေးချင်စိတ်က ပေါ်လာပါတယ်… အဲဒါနဲ့ပဲ.. ဒေါင်းလော့တွေလုပ်.. ဟိုဘက်မှာတင်လိုက်.. ပြန်ဖွင့်လိုက်နဲ့.. အခု ဒီစာကိုရေးနေတဲ့ အချိန်ရောက်တော့ ညနေ ငါးနာရီထိုးပါပီ.. ကဲ.. ကျနော်ရဲ့ မတတ်တခေါက်နဲ့ လုပ်ထားတာလေးကို ဒီမှာ မှာဝင်ကြည့်ပြီး ခံစားနားဆင် ပေးကြပါဦးဗျာ..

Friday, October 13, 2006

မင်းက ဘာကောင်လဲ

ဒီစကားရပ်ကို ဘယ်သူက ဘယ်အချိန်ကာလလောက်မှာ စပြီးတော့ ကျနော်တို့တိုင်းပြည်မှာ စတင်သုံးစွဲခဲ့လဲ ဆိုတာ ကျနော်သိချင်မိပါတယ်..တခြားကြောင့်တော့ မဟုတ်ပါဘူး.. ကြားရတာ ခါးသီးလွန်းပြီး.. စက်ဆုပ်ဖွယ်ကောင်းလွန်းလှတာကြောင့်ပါ.. အဲဒီ ငါးလုံးတည်းသော စကားရပ်ရဲ့ နောက်ကွယ်မှာငါက ဘာကောင်ကွ.. မင်းလိုကောင်ကတော့ ဂရုစိုက်စရာမလိုဘူး.. စသဖြင့်..စသဖြင့်သော.. အဓိပ္ပာယ်တွေက မပြောပဲ ပါပြီးသား ဖြစ်လို့နေပါတယ်..ဒါဖြင့်.. ကျနော်တို့ နိုင်ငံမှာ ဒီစကားရပ်ကို ဘယ်လို လူစားတွေကများ..အသုံးပြု အများဆုံးလို့ ထင်ပါသလဲ.. ????…………။မှတ်မှတ်ရရ.. အဲဒီစကားကို စတင်ကြားဖူးတာကတော့ ဆယ်တန်းကျောင်းသား ဘ၀ကပါ..ညနေခင်းတခုမှာ.. ကျနော်နဲ့ သူငယ်ချင်း ၂ယောက်.. ဘောလုံးကစားပြီးလို့အိမ်ကိုအပြန်မှာ.. ကျနော်တို့ ဘေးနားက ဆိုက်ကားတစီး ဖြတ်သွားပါတယ်..အဲဒီဆိုက်ကား နောက်မှာထိုင်နေတဲ့.. မူးယစ်နေတဲ့ အစိမ်းရောင် ၀တ်စုံနဲ့လက်မောင်းမှာ အနီကျား တခုပိုင်ရှင် ပုဂ္ဂိုလ်က ကျနော်တို့ကိုအတော်ချစ်ရှာတယ်ထင်ပါရဲ့.. လှမ်းဆဲပါတယ်.. လူငယ် သဘာဝထောင်းကနဲဖြစ်လာတဲ့စိတ်နဲ့ နီးရာ အုတ်ခဲကျိုး တခုကို ကောက်ယူပြီး တခုခုတုံ့ပြန်မယ် အလုပ်မှာ.. ဆိုင်ကယ်တစီးက အနားကို ဝေါကနဲလာရပ်ပါတယ်..ဆိုင်ကယ်ပေါ်က ဆင်းလာသူကလဲ အစိမ်းရောင် ၀တ်စုံနဲ့ပါပဲ.. ဒါပေမယ့် သူကတော့အနီကျားမဟုတ်တဲ့ ရွှေရောင် အပွင့်ကလေး နှစ်ပွင့်က ပုခုံးပေါ်မှာအခန့်သားနဲ့ပါ.. ဘာကိုမှ မမေးမြန်းမီ.. အုတ်ခဲကိုင်ထားတဲ့ ကျနော့်ကိုသူပြောတာက မင်းက ဘာကောင်လဲ ….တဲ့။နောက်ပိုင်း…ကျနော် မမှတ်မိတော့တဲ့… ကာလတွေပေါင်း များစွာမှာလဲ..ဒီမကြားချင်ဆုံး စကားစုဟာ.. ခဏခဏ ကြားခဲ့ရပါတယ်..ပြောချင်တာကတော့ ဘာရယ်မှမဟုတ်ပါ… ဘယ်သူမှ ဘာမှမဟုတ်ကြတဲ့ ပုထုဇဉ်လူသားကျနော်တို့တတွေ.. ဘယ်သူက တနေရာတည်းမှာ မြဲမှာမို့လို့ပါလဲ?? ဒါပေမယ့်…….ဒါပေမယ့်…..။ ကျနော်တို့ ၀န်းကျင်မှာ ကျနော် မကြားချင်တဲ့ ဒီစကားကိုလူတဦးက လူတဦးကို ပြောဆိုသုံးနှုန်းနေဆဲပါ.. ပြောနေကြတုန်းပါ…၀မ်းနည်းမိပါရဲ့..။

Saturday, October 07, 2006

ကျနော် ပေါ်တာအထမ်းသမား

ကမ္ဘာကြီးတခုလုံးကို ကြည့်လိုက်ရင် ဟိုး ကျောက်ခေတ်ကစပြီးတိုက်ခိုက်လာလိုက်ကြတာ ယနေ့တိုင်အောင် စစ်ပွဲတွေက မဆုံးနိုင်ကြသေးပါဘူး.. တနိုင်ငံနဲ့ တနိုင်ငံ တိုက်ခိုက်ကြတာလဲ ရှိကြသလို ပြည်တွင်းမှာ အစိုးရနဲ့ သူပုန်ရယ်ဆိုပြီး တိုက်ခိုက်ကြတာလဲ ရှိကြပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲတခုဖြစ်လိုက်ပီဆိုတာနဲ့ ကြားထဲကအထိနာလှတာက အရပ်သားပြည်သူတွေပါပဲ.. အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ ဆိုတဲ့စကားကို ဘယ်သူကများ စတင်တီထွင်သုံးစွဲခဲ့သလဲတော့ ကျနော်မသိပါဘူး.. စစ်ပွဲတခု အနိုင်ရလိုမှုကြောင့်တရားခြင်း မတရားခြင်းတွေ.. ထောက်ထားညှာတာခြင်းတွေ.. အလုံးစုံကင်းမဲ့စွာနဲ့ ရက်စက်မှုကို ကမ်းကုန်ကြပါတယ်.. အဲဒီလိုကမ်းကုန်အောင် ရက်စက်မှုတွေရဲ့ နောက်ကွယ်မှာ အပြစ်ကင်းမဲ့လှတဲ့ပြည်သူများဟာ အလိုလိုနေရင်းနဲ့ ဓားစာခံ ဖြစ်ကြရပါတော့တယ်.. Porter ဆိုတဲ့စကားရပ်ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ အရပ်သားပြည်သူတွေ မကြားချင်ဆုံးနဲ့ အထိတ်တလန့် အဖြစ်ရဆုံး စကားဖြစ်ပါတယ်.. ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်သူ ပုဂ္ဂိုလ်များသို့တည်းမဟုတ် စစ်တပ်တွေဟာ သူတို့ရဲ့ ၀န်စည်စလယ်တွေကို ရှေ့တန်းစစ်မြေပြင်ကို သယ်ယူဖို့ အလို့ငှာ အေးချမ်းစွာ ပညာသင်ကြားနေသော ကျောင်းသားများမှအစ.. နွမ်းပါးစွာ စီးပွားရှာစားနေရတဲ့ ပြည်သူတွေထိအဆုံးအတင်းအဓမ္မ ခိုင်းစေကြပါတယ်.. အဲဒီလို ခိုင်းစေမှုရဲ့ အစိတ်အပိုင်းတခုအဖြစ် ကျနော်ဟာလဲ တကြိမ်မှာတော့ သူတို့ရဲ့ ပေါ်တာ အထမ်းသမား ဘ၀ကို ရောက်ရှိခဲ့ဖူးပါတော့တယ်..၁၉၉၂ ခုနှစ်ရဲ့ ဇန်န၀ါရီလ ၄ ရက်နေ့.. တနည်းအားဖြင့် ကျနော်တို့မြန်မာပြည်ရဲ့ (၄၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အခါသမယလဲ ဖြစ်ပါတယ်.. အဲဒီခုနှစ်ပိုင်းတွေက ကျနော်တို့နိုင်ငံမှာ. ကျနော်တို့ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များက ဘာစိတ်ကူးတွေ ပေါက်တယ်မသိပါဘူး.. ရန်ကုန်မှာဆိုရင်လဲ လှေပွဲသဘင်. မြင်းခင်းပွဲ သဘင်တွေ ချိမ့်ချိမ့်သဲ ကျင်းပနဲ့ အဲဒီတုန်းကဆိုရင် ကျနော့်စိတ်ထင် ကျနော်တို့တွေ နားမှာ နားကပ်ကြီးတွေပန်.. တောင်ရှည်ပုဆိုးကြီးတွေနဲ့ နေရတော့မှာလားလို့တောင် ထင်မှတ်ခဲ့မိပါတယ်. လှေပွဲတွေကို ရန်ကုန်မှာ လုပ်ယုံတင်မပြီးပါဘူး..အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသလို ကျနော်တို့ နေထိုင်ရာနယ်မြို့ကလေးတွေကိုလဲ ဒီရောဂါကူးစက်မှုက မလုပ်မနေရအမိန့်နဲ့ ရောက်လာပါတယ်.. အဲဒါကြောင့် အဲဒီနေ့က ကျနော်တို့ မြို့မှာ
လှေပြိုင်ပွဲ လုပ်နေခဲ့ပါတယ်.. လှေပြိုင်ပွဲတွေ အားလုံးပြီးလို့
ဆုပေးပွဲလုပ်တော့မယ့် အချိန်မှာ မြစ်အကွေ့ကနေ အမင်္ဂလာမြင်ကွင်းတခုက အားလုံးရဲ့ အမြင်အာရုံထဲကို ဘွားကနဲရောက်လာခဲ့ပါတော့တယ်. အဲဒါကတော့ စစ်သားတွေအပြည့် တင်ဆောင်လာတဲ့စစ်သင်္ဘော သုံးစင်းပါ..ကျနော်ရဲ့ မွေးရပ်မြေမြို့ကလေးမှာ ယောက်ျားလေး တယောက်ဟာလူပျိုပေါက်အရွယ် ရောက်လာပီ ဆိုတာနဲ့ ရှေးရှေးတုန်းက မင်းညီမင်းသားတွေတတ်အပ်တဲ့ အဌာရသ (၁၈)ရပ်လိုမျိုး တင်စားချင်တဲ့ အတတ် တခု ရှိပါတယ်.အဲဒါကတော့ စစ်သားတွေပေါ်တာ လိုက်ဖမ်းခြင်းမှ ဘယ်ပုံဘယ်နည်း လွတ်အောင် ပြေးရမလဲဆိုတဲ့ အတတ်ဖြစ်ပါတယ်.. ညဘက်တွေမှာ အပျိုလေးတွေ အိမ်ကိုလူပျိုလှည့်သွားရင်ဖြစ်စေ.. ညနက်တဲ့အထိ လက်ဖက်ရည်ဆိုင် ထိုင်ရင်ဖြစ်စေ..ဗီဒီယိုရုံမှာ အပန်းသွားဖြေရင်ဖြစ်စေ.. မျက်စေ့နဲ့ နားကို သတိနဲ့ ရှင်ရှင် ထားရပါတယ်. အဲဒီလိုမှမဟုတ်ရင် အမှောင်ရိပ်ထဲက ဘွားကနဲပေါ်လာတတ်တဲ့ မိစ္ဆာတစုစုရဲ့ ခနလိုက်ခဲ့စမ်းပါ ဆိုတဲ့ စကားရပ်နဲ့အတူအနိဌာရုံမြင်ကွင်းတွေ ရှိရာကို လေးလံလှတဲ့ ၀န်စည်တွေကိုထမ်းပိုးပြီး သွားရမှာမို့လို့ပါ.. အဲဒါကြောင့်မို့လို့ပဲ.. စောစောကမြင်လိုက်ရတဲ့စစ်သင်္ဘော သုံးစင်းဟာ အဲဒီလှေပြိုင်ပွဲက ကျနော်အပါအ၀င် ယောက်ျားဘသားတွေရဲ့ ခြေထောက်တွေကို တပ်လှန့်လိုက်ပါတယ်.. ဒီလိုနဲ့ ကျနော်ဟာလဲ ခါတိုင်း သူတို့ ပေါ်တာ လိုက်ဖမ်းနေရင် တက်ပုန်းနေကြ အိမ်နားကမန်ကျည်းပင်ကြီးပေါ်ကို သွားရောက် စံစားခဲ့ပါတော့တယ်..လူဖမ်းပွဲကြီးအနည်းငယ် စဲသွားပီလို့ ထင်ရတဲ့ ညနေစောင်းလောက်မှာ ကျနော်ဟာ အိမ်ကို ပြန်ပါတယ်.. အဲဒီမှာ မေ့မေ့ကို မျက်နှာမရွှင်မလန်းနဲ့တွေ့လိုက်ရပါတော့တယ်.. မေမေ ဘာဖြစ်နေလဲ မေးတော့ ခေါင်းကို အသာခါပြပါတယ်.. ဒါပေမယ့် ခနအကြာမှာ မေမေနဲ့ တကျောင်းတည်းမှာ ကျောင်းဆရာလုပ်နေတဲ့ ဦးလေးဖြစ်သူ ရောက်လာတော့မှအကြောင်းစုံသိလိုက်ရပါတော့တယ်.အဖြစ်က ဒီလိုပါ.. အဲဒီ စစ်သင်္ဘောသုံးစင်းက စစ်သားတွေဟာ ကျနော်တို့ရဲ့ဆွေမျိုးညီအကို သူတို့နဲ့ မတည့်တဲ့ လူတွေကို သွားရောက်တိုက်ခိုက်ရာမှာ သူတို့ရဲ့ ပစ္စည်းတွေကို ထမ်းပို့ပေးဖို့အတွက် အထမ်းသမားပေါ်တာသုံးရာလောက်လိုပါသတဲ့.. လိုက်ဖမ်းတော့ တရာတောင် ပြည့်အောင်မရဖြစ်ပါသတဲ့..အဲဒီလိုနဲ့ပဲ မြို့ပေါ်က ဌာနဆိုင်ရာ အရပ်ဘက်ဝန်ထမ်းတွေကို အစည်းအဝေးဆင့်ခေါ်ပီး မီးသတ်ဌာနက လူသုံးဆယ်. ကျန်းမာရေးက နှစ်ဆယ်..
ပညာရေးက ဆယ်ယောက် .. တခါအုပ်ချုပ်ရေးဦးစီးဌာနခေါ် မ၀တရုံးက ဘယ်လောက်.. တခြားသော ဌာနတွေလဲ ဘယ်လောက်ဘယ်မျှ ဆိုပြီး ခွဲတမ်းချပါသတဲ့.. ရွှေဉာဏ်တော်စူးရောက်ချက်ကတော့ အံ့သြချီးကျူးလောက်စရာပါပဲ.. အဲဒီလိုနဲ့ပဲ မေမေတို့ပညာရေးဌာနမှာ မဲနှိုက်ဆုံးဖြတ်ကြတော့ မေမေနဲ့ ဦးလေးက မဲပေါက်လာပါတယ်.. မလိုက်နိုင်ရင် ငွေငါးထောင်ပေး ငှားရပါမယ်.. (အဲဒီတုန်းကလက်ဖက်ရည်တခွက်မှ ငါးကျပ်ပဲရှိပါသေးတယ်).. အဲဒါကြောင့် မေမေဟာ
မျက်နှာ မသာမယာဖြစ်နေရတာပါ..အကြောင်းစုံသိလိုက်ရပီးတဲ့ အခါမှာတော့ ကျနော်ဟာ မေမေ့ကို ဘာမှမပြောပဲအဲဒီတုန်းက ကျနော့်ရဲ့ တထည်တည်းသော ဂျင်းပင်ကို ၀တ်.. ဦးလေး လုပ်လာသလိုမျိုး ပုဆိုးတထည်ကို စလွယ်သိုင်း အ၀တ်တစုံအပို ရေဘူး တလုံးနဲ့ပေါ်တာလိုက်သွားဖို့ ပြင်ဆင်ပါတော့တယ်.. မေမေကတော့ ဘာမှမပြောနိုင်ပဲအဝေးတနေရာကိုသာ မျက်ရည်အပြည့်နဲ့ နှုတ်ခမ်းကိုက်ပြီး ကြည့်နေပါတယ်..ကျနော်က မေမေ့ကို ကန်တော့ပီး မေမေ သားလိုက်သွားမယ်..လို့ ပြောရင်း ကန်တော့လိုက်တဲ့အခါမှာတော့ မေမေဟာ ခြုံးပွဲချ ငိုပါတော့တယ်. ဒါပေမယ့်ရွေးစရာလမ်းမရှိခဲ့ပါဘူး…ပညာရေးဌာနအနေနဲ့ ခွဲတမ်းကျတဲ့ဆယ်ယောက်လူစုရာ ကျနော် ပညာသင်နေတဲ့အထက်တန်းကျောင်းကို ဦးလေးနဲ့အတူ ရောက်သွားတဲ့အခါမှာတော့ ကျောင်းမှာ ဆရာမကြီးက အငိုမျက်နှာနဲ့ စောင့်နေပါတယ်.. ပြီးတော့ ကျနော်တို့ သွားရမယ့်ခရီးစဉ်ကို ရှင်းပြပါတယ်.. လေးရက်ကြာမယ်လို့ ပြောကြောင်း..အဲဒီလေးရက်အတွက် အခု လိုက်သွားရမယ့်လူတွေမနစ်နာအောင်ပညာရေးဝန်ထမ်းအားလုံးကို လစာ ဆယ်ရာခိုင်နှုန်းဖြတ်ပီး တဦးကို ၂၅၀၀စီပေးမယ့်အကြောင်း.. တကယ်လို့ လေးရက်ထက်ပိုခဲ့ရင် တရက်အတွက်ငါးရာနှုန်းနဲ့ ရှင်းပေးမယ့် အကြောင်း.. လောလောဆည် တယောက်ငါးရာစီပေးလိုက်မယ့် အကြောင်းကို တုန်ယင်နေတဲ့ အသံနဲ့ ရှင်းပြပီးသူကိုယ်တိုင်ချက်ထားတဲ့ ၀က်သားဟင်းနဲ့ ကျနော်တို့ကို ထမင်းကျွေးပါတယ်.. အဲဒီတုန်းက ငွေငါးရာဆိုတာ ကျနော်တခါမှ မကိုင်ဖူးတဲ့ ငွေအတိုင်းအတာပါ..ကျနော့်လက်ထဲ ငွေလှမ်းပေးတဲ့ဆရာမကြီးကို အဲဒီ ပိုက်ဆံ မေမေ့ကို ပေးပေးပါဆရာမကြီးလို့ ပြောလိုက်တော့ ဆရာမကြီးလဲ ငိုပါတော့တယ်..ကျနော်တို့ စစ်တပ်ထဲကို ရောက်သွားတော့ ညမှောင်ခါစပြုနေပါပီ.. အဲဒီမှာ ကျနော်တို့ ထမ်းဖို့အတွက် ကျည်ဆန် တထောင်စီဆန့်တဲ့သစ်သားပုံးငယ်လေးတွေကို ၀ါးလုံးနဲ့ လျှိုပြီး ရှေ့နောက် နှစ်ယောက်ထမ်းလို့ရအောင် အဆင်သင့် စီထားတာကိုတွေ့ရပါတယ်.. ကျနော်နဲ့ ဦးလေးက တတွဲတွဲပီးထမ်းပါတယ်.. အဲဒီညက လေးမိုင်လောက်ပဲ သူတို့ သွားပါတယ်.. ရွာတရွာအရောက်မှာ ညအိပ်ရပ်နားကြပါတယ်.. လူတွေက တရုန်းရုန်း..စစ်သားတွေနဲ့ ဆဲသံ တညံညံနဲ့..အေးချမ်းတဲ့ရွာလေးမှာ.. တကယ်ကိုအထိတ်တလန့်ဖြစ်စရာ ကောင်းလှပါတယ်..မနက်မိုးလင်းတော့ ကျနော့် ပုခုံးမှာ ဘုထနေပါတယ်.. တခါမှအဲဒီလို မထမ်းဖူးတာကြောင့်ပါ.. ဦးလေးလဲ ဒီလိုပါပဲ.. အဲဒီလိုနဲ့ ကျနော်တို့ကိုစောင့်ကြပ်ရတဲ့ အနည်းငယ် စိတ်ကောင်းရှိဟန်တူတဲ့ စစ်သားက ကျည်ဆန်အစားတဦးကို ဆန်ဆယ်ပြည် ထမ်းစေပါတယ်.. ဆန်အိတ်ကို ရေရှည် သယ်ပိုးနိုင်အောင်သူကပဲ သင်ပေးပါတယ်.. ဒါလဲ ပညာတမျိုးပါပဲ.. ဆန်ထည့်ထားတဲ့ ဂုန်နီအိတ်ကို ဆန်တွေကို တင်းကျပ်အောင် ကပ်ပီး ကြိုးမစည်းပဲ.. အိတ်ရဲ့ အ၀နားမှာစည်းပါတယ်.. အဲဒီတော့ ဂုန်နီအိတ်ဟာ ခပ်ပြားပြားပုံစံဖြစ်နေပါတယ်..အဲဒီခပ်ပြားပြားပုံစံအိတ်ကို ကျောပေါ်တင်.. ကြိုးစည်းထားတဲ့ အထုံးနေရာကိုခေါင်းပေါ်မှေးတင်ပီး သယ်တော့ ပလိုင်းလွယ်တဲ့ ပုံစံမျိုးဖြစ်သွားပါတယ်.. သွားရတာကြာလို့ ကျောက ညောင်းရင် ခေါင်းကို တည့်လိုက်.. ခေါင်းက ညောင်းရင်ကျောကိုကုန်းလိုက်နဲ့.. အနည်းငယ်သက်သာပါတယ်..လမ်းမှာ ပင်ပန်းချက်ကိုတော့ စာမဖွဲ့နိုင်အောင်ပါပဲ.. အဲဒီအလုပ်နဲ့အသက်မွေးရတဲ့လူလဲမဟုတ်တာကြောင့် အလေ့အကျင့်ကလဲမရှိ.. ကြောက်စိတ်က တဖက်နဲ့ဆိုတော့.. အဲဒီခရီးဟာ ကျနော့်အတွက်တော့ တကယ့်ကို စွန့်စားခန်းပါ..မိုင်းကိုလဲ ကြောက်တော့ ဘေးဘီ ဘယ်ကိုမှမကြည့်ပဲ ရှေ့ကလူ နင်းသွားတဲ့ခြေရာအတိုင်း ကျနော် ထပ်ခြပ်မကွာ လိုက်နင်းပါတယ်..အဲဒီအချိန်တုန်းကဆိုရင် သေနတ်သံဟာ ကျနော့်အတွက် အချိုဆုံးအသံပါ..တမျိုးတော့ မထင်လိုက်ပါနဲ့.. သေနတ်သံကြားလို့ရှိရင်လူတန်းကြီးက ရပ်ထားရတဲ့အတွက် အကြာကြီး နားရလို့ပါ.. ဒီလိုနဲ့ပဲအဆဲခံရင်း.. အိမ်မှာ ကျနော့်ကို စိတ်ပူနေတဲ့ ကျနော့်မေမေကို သူတို့ရဲ့ပါးစပ်ဖျားက မယားအဖြစ် ပေးရင်းနဲ့ပဲ.. လေးရက်အကြာမှာ သူတို့သွားချင်တဲ့ ရွာကြီးတရွာကို ရောက်သွားပါတယ်..အဲဒီရွာမှာ.. သူတို့တပ်အချင်းချင်းဆုံပီးပြန်မယ့် တပ်နဲ့..ရှေ့တန်းမှာ မိုက်လုံးကြီးကြမယ့်တပ်တွေ အလဲအလှယ်လုပ်ကြပါတယ်.. ထုံးစံအတိုင်း အဲဒီရွာဟာလဲကမ္ဘာပျက်ရရှာပါတယ်..အပြန်ခရီးမှာ ကျနော်ထမ်းဖို့ တာဝန်ကျတာက ဒဏ်ရာရနေတဲ့ မိစ္ဆာကောင်ကို ထမ်းရတာပါ.. လူနာ တထမ်းကို လေးယောက်နှုန်း စကေးချပေးပါတယ်.အလဲအလှယ်နဲ့ပေါ့.. အဲဒီမှာလဲ.. လူနာထမ်းနည်း ပညာတခု ရပါတယ်..လူနာအထမ်းတခုစီမှာ ခွထောက်ပုံစံ အရှည်လေးပေကျော်ခန့်သစ်ကိုင်းခပ်တုတ်တုတ် နှစ်ချောင်းစီ ပါရပါတယ်.. နှစ်ယောက်က ထမ်းနေတဲ့အချိန်မှာ တခြား နှစ်ယောက်က အဲဒီ သစ်ကိုင်းတုတ် တချောင်းစီကိုကိုင်ပီး ဘေးကနေလိုက်ပေးရပါတယ်… အကြောင်း တခုခုကြောင့် သွားနေတဲ့လူတန်းကြီးက ရပ်သွားရင် အဲဒီခွထောက်တွေကို ရှေ့နောက် ထောက်ပေးပီးထိန်းကိုင်စောင့်ခြင်းအားဖြင့် အမောဖြေရပါတယ်.. အဲဒီ လူနာ အထမ်းတာဝန်ကျတဲ့လူတွေဟာ မိုင်းအန္တရာယ်လဲ အတော်ကြီးပါတယ်…သွားနေတဲ့လမ်းကြောင်းကနေ ဘေးကိုခနခနထွက်ထွက်သွားတော့ ရှေ့လူသွားတဲ့ခြေလှမ်းအတိုင်းလိုက်နင်းလို့မရလို့ပါ…ပြောရမယ်ဆိုရင်တော့..အဲဒီခရီးမှာ ကျနော်ဟာ ခြောက်ရက်ကြာခဲ့ပါတယ်… မြို့ကိုပြန်ရောက်လို့ အဲဒီစစ်တပ်ထဲကနေ ထွက်လာတော့ လူကယိုင်တိယိုင်ထိုးနဲ့ပါ.. စစ်တပ်အ၀မှာ သားကြီးလို့အကျယ်ကြီးလှမ်းခေါ်လိုက်တာက မေမေပါ.. ချွေးတွေနဲ့ နံစော်နေတဲ့ ကျနော့်ကိုမေမေဟာ အားပါးတရဖက်ပီး ငိုပါတယ်..ကျနော်တို့ ကမ္ဘာမှာ စစ်ပွဲတွေဖြစ်နေကြဆဲပါ… အဲဒီစစ်ပွဲတိုင်းမှာလူတိုင်းမသိနိုင်ကြတဲ့ ကျနော်တို့လို ကြားခံ ဓားစားခံတွေဘယ်လောက်ရှိနေသေးပါသလဲ?? ကျနော်မသိပါ.. အခုအချိန်မှာရောဒါတွေပြီးဆုံးသွားပီလို့ ကျနော်မထင်ပါ.. ထောင်ဝတ်စုံပြာပြာနဲ့ ထောင်သားတွေကို ပေါ်တာအထမ်းသမားအဖြစ် အသုံးချနေတာကို ကျနော်တို့နိုင်ငံမှာတွေ့နေရဆဲပါ… ဒီလို လူကို လူက နှိပ်စက်နေတာတွေ.. သတ်ဖြတ်နေတာတွေ..ရပ်ကြပါစေတော့လို့ ဆုတောင်းရင်း…….။