Tuesday, April 01, 2008

သူနဲ့ ကျနော်…

သူနဲ့ ကျနော် စတင် သိကျွမ်းခဲ့တာတော့ နှစ်နှစ်သာသာခန့် ရှိပါပြီ။ ဒါပေမယ့် စသိကတည်းက အခုအချိန်ထိ လေပေးဖြောင့်တယ်ရယ်လို့ တခါမှ မရှိ။ လေပေး ဖြောင့်ရအောင်ကလဲ သူနဲ့ကျနော်က ပြဒါးတလမ်း သံတလမ်း လျှောက်နေကြသူတွေ။ ဦးတည်ချက်ခြင်း၊ ရည်ရွယ်ချက်ခြင်းတွေက တခြားစီ။ အင်မတိအင်မတန် ရှားပါးသော အချက်တချို့ကလွဲရင် သူနဲ့ကျနော်က ဆန့်ကျင်ဘက်မှ တကယ့် ဆန့်ကျင်ဘက်။

သူ နဲ့ စတင် ဆုံဖြစ်တာကတော့ အင်တာနက် ချက်ရွမ်း တခုထဲမှာပါ။ အဲဒီတုန်းက ကျနော်က စာတွေဘာတွေ ဟုတ်တိပတ်တိ မရေးဖြစ်သေး…။ ချက်ရွမ်းထဲမှာ အချိန်ကုန်တာ များနေရင်း၊ တခါတလေလဲ စစ်တပ်က ပုဂ္ဂိုလ်များနှင့် ငြင်းခုန်ရန်ဖြစ်ရင်းနဲ့ပင် စစ်သားတယောက်ဖြစ်တဲ့ သူနဲ့လဲ ရန်ဖြစ်ခဲ့တာကပဲ သိကျွမ်းမှုရဲ့ အစဖြစ်ခဲ့ရပါတယ်။ အမြဲတမ်း ၀င်နေကျ အဲဒီ ချက်ရွမ်း ပိတ်သိမ်းသွားတော့လဲ ဂျီတော့ခ်မှာ သူနဲ့ ကျနော် ဆုံလိုက်တိုင်း ငြင်းကြစမြဲ။ အဓိကကတော့ ထုံးစံအတိုင်း နိုင်ငံရေးပေါ့…။

သူ့ကို ကျနော်က စစ်ဗိုလ်တယောက် ဆိုတဲ့ အမြင်ဖြင့် ကြည့်မရ…။ ကျနော့် အမြင်မှာ သူတို့လို စစ်ဗိုလ်ဆိုတဲ့ ငနဲတွေက အာဏာရှင်လောင်းလေးတွေ၊ အချိန်တန်ရင် အခုလက်ရှိ သူတို့ရဲ့ အကြီးအကဲ ဟိုလူကြီးတွေလိုပဲ တိုင်းပြည်ကို ဒုက္ခပေးဦးမှာ ဆိုတဲ့ အမြင်က စိတ်ထဲကနေ ဘယ်လိုမှ ဖျောက်လို့မရ။ အဲဒီလိုပဲ သူကလဲ ကျနော့်ကို ကြည့်လို့ရပုံ မပေါ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ စကားတွေ အများကြီး ပြောခဲ့ကြဖူးတယ်။ သူကပြောတာကို ကျနော်နားထောင်ပေးတာ ရှိခဲ့သလို ကျနော့်ခံစားချက်တွေကိုလဲ သူက နားထောင်ပေးခဲ့တာတွေ ရှိတယ်။ နောက်တော့ သူနဲ့ ကျနော် ငြင်းခုန်ရင်းနဲ့ပဲ ပြောမနာဆိုမနာတွေလို ဖြစ်မှန်း မသိ ဖြစ်သွားခဲ့ကြပါတယ်။

တခါတုန်းက ကျနော်က `ကျနော် ပေါ်တာ အထမ်းသမား´ ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ရေးတော့ သူက ကျနော့်ကို မေးခဲ့တယ်။ `စစ်တပ်က ပေါ်တာတွေ ဘာလို့ဖမ်းနေရတာလဲ၊ ခင်ဗျားသိလား´ တဲ့။ ကျနော်က ပြန်ပြောလိုက်တယ်။ `ဘာကြောင့်လဲဆိုတာ မသိပေမယ့်၊ မင်းတို့ စစ်တပ်က ကိုယ့်ပြည်သူကို စစ်ဆင်ဖို့ ကိုယ့်ပြည်သူကိုပဲ ပြန်ခိုင်းတာတော့ မကောင်းပါဘူး´ လို့ ပြောလိုက်တယ်။ အဲဒီမှာ သူပြန်ပြောဖူးတာက…

`စစ်တပ်က ပေါ်တာ ထမ်းခိုင်းရတယ်ဆိုတာက တခြားတိုင်းပြည်တွေလို ရဟတ်ယာဉ်တွေ ဘာတွေနဲ့ ရှေ့တန်းစစ်ဆင်ရေးအရောက်အထိ ရိက္ခာလိုက်ပို့နိုင်တဲ့ အခြေအနေ ကျနော်တို့ မြန်မာပြည်မှာ မရှိဘူး။ ဒါပေမယ့် သူပုန်ကတော့ ရှိနေတယ်။ သူပုန်ရှိတော့ တိုက်ရတယ်။ တိုက်တော့ ဒီလက်နက်တွေ၊ ရိက္ခာတွေကို ကျနော်တို့ချည်း မသယ်နိုင်တဲ့အခါ ရတဲ့နည်းကို သုံးရတယ်။ ကဲ၊ ကျနော်တို့ တိုင်းပြည် အေးချမ်းနေရင် ကျနော်တို့ စစ်တိုက်စရာ မလိုတော့ရင် ပေါ်တာ ဘယ်ဖမ်းတော့မလဲဗျာ´…တဲ့။

အဲဒီတုန်းကလဲ ကျနော်နဲ့သူ ငြင်းလိုက်ကြတာ တညလုံးနီးပါးပဲ။ ဒါပေမယ့် ကျနော်ရေးထားတဲ့ အဲဒီဆောင်းပါးကို ဖတ်ပြီးတော့ တခုတော့ ပြောတယ်။ `ကျနော်တို့ စစ်တပ်လဲ အဲဒီကိစ္စက အတော်လေး နာမည်ပျက်တယ်ဗျာ´ တဲ့။

သူက နိုင်ငံရေးသမားတွေဆိုရင် အတော်လေး ပုတ်ပုတ်ခတ်ခတ် ပြောတတ်တယ်။ အဲဒီအခါကျမျိုးကျရင်လဲ သူနဲ့ ကျနော် စကားလုံးတွေနဲ့ ဖိုက်တင်ပလေးရပြန်တာပါပဲ။ ကျနော့်ကို သူ အမြဲလိုလို အနိုင်ယူ ပြောတဲ့စကားတခွန်း ရှိခဲ့တယ်။ `ခင်ဗျားတို့ နိုင်ငံရေးသမားတွေထဲမှာ ဒီမိုကရေစီ မရပါစေနဲ့ လို့ ကြိတ်ဆုတောင်းနေတဲ့လူတွေ ရှိနေတယ်´ တဲ့။

အဲဒီလောက်တောင် အမြဲတမ်း ငြင်းခုန် ရန်ဖြစ်နေရတဲ့ သူနဲ့ကျနော် တခါမှာတော့ ထူးထူးခြားခြား တစိတ်ထဲ တ၀မ်းတည်း ဖြစ်သွားဖူးတယ်။ အဲဒီအချိန်ကတော့ အရှေ့တောင်အာရှ အားကစားပွဲက ဘောလုံးပွဲမှာ မြန်မာအသင်းကို အားပေးခဲ့ကြတာပါပဲ။ အိပဲ့အိပဲ့နဲ့ အုပ်စုကနေ တက်လာတဲ့ မြန်မာအသင်းက ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို နိုင်လိုက်တဲ့နေ့ကဆို သူရော ကျနော်ပါ ထပ်တူထပ်မျှ ပျော်ရွှင်ခဲ့ရသလို ဗိုလ်လုပွဲရောက်မှ ထိုင်းကို ဂိုးပြတ်နဲ့ ရှုံးသွားတော့လဲ အတူတူပဲ စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။ အဲဒီအခိုက်အတန့်လေးမှာ သူနဲ့ကျနော် ကြားက မတူညီတဲ့ ရပ်တည်မှုတွေ၊ တလမ်းစီလျှောက်နေတဲ့ လမ်းတွေကို မေ့ထားခဲ့နိုင်ကြတယ်။ ကျနော်က `မင်းနဲ့ငါ ဘောလုံးပွဲတပွဲတော့ အတူတူ ကြည့်ချင်သားကွ´ လို့ ပြောတော့ သူ အတော်ကြာကြာ ငြိမ်သက်သွားခဲ့တယ်။

ကျနော်က နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတွေ၊ သီချင်းတွေရေးတိုင်း သူက ဟိုအချက်ထောက်ပြလိုက်၊ ဒီအချက်ထောက်ပြလိုက်နဲ့ ကျနော့်ကို အမြဲလှောင်ပြောင်ခဲ့ပေမယ့် ကျနော်ရေးတဲ့ `အမေ´ ဆိုတဲ့ သီချင်းကိုတော့ အိမ်ဝေးနေကြသူချင်း တူတဲ့ စိတ်နဲ့ ခံစားပြီး နားထောင်ပေးခဲ့တယ်။

အခုတော့ သူနဲ့ ကျနော်မတွေ့ဖြစ်ခဲ့တော့တာ အတော်ကြာပါပြီ။ မြန်မာပြည်ကို ပြန်ရောက်လို့ ကျရာနေရာမှာ တာဝန်ထမ်းနေပြီလားတော့ မပြောတတ်ပါ။ ဒါပေမယ့် သူမပြန်ခင် ကျနော့်ကို ပြောသွားတဲ့ စကားတွေကိုတော့ မှတ်မိနေမိတယ်။ အခု အဲဒီ စကားတွေကို ကျနော် ဖောက်သည် ပြန်ချချင်နေတယ်။ သူမပြန်ခင်မှာ ကျနော်တို့တွေ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ်။

***

`ကိုကရင်ကြီးရေ..၊ ကျနော်တော့ မြန်မာပြည် ပြန်တော့မယ်ဗျာ။ တကယ့်တကယ်တမ်းဆိုရင်တော့ ခင်ဗျားနဲ့ ကျနော်က အပြင်လောကမှာ ဆုံတွေ့ဖို့ မလွယ်ကူတဲ့ အခြေအနေဖြစ်ပေမယ့် ရေစက်လို့ပဲ ပြောရမလား မသိဘူး။ ကျနော်တို့ သိကျွမ်းခွင့်၊ စကားပြောခွင့် ရခဲ့တယ်။

ခင်ဗျားက ကျနော့်ကို ကြည့်မရဘူး၊ အမြင်မကြည်ဘူး။ အဲဒါကလဲ ရှင်းပါတယ်၊ ကျနော်က စစ်သားကိုး…။ စစ်ယူနီဖောင်းကိုဝတ်ပြီး ခင်ဗျားတို့ ကြည့်မရတဲ့ လူတွေရဲ့ သြဇာကို ခံနေမှတော့ ကျနော့်ကို ကြည့်မရတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်ဗျာ၊ ဟောဒီ စစ်ယူနီဖောင်းဆိုတာကြီးကို ခင်ဗျား ဖယ်ကြည့်လိုက်ပြီး ကျနော့်ကို မြင်ကြည့်စမ်းပါ။ ကျနော်က ခင်ဗျားရဲ့ ညီငယ်အရွယ်လေ၊ ခင်ဗျားနဲ့ကျနော် ညီအကိုတွေပဲလို့ မသတ်မှတ်နိုင်ဘူးလား။

သြော်၊ ဒါဖြင့်လဲ ယူနီဖောင်းချွတ်လိုက်ပေါ့ကွာတဲ့လား။ အဲဒါတွေကြောင့် ခင်ဗျားနဲ့ကျနော် အမြဲလိုလို ငြင်းနေရတာပေါ့ဗျာ။ ခင်ဗျားတို့ နိုင်ငံရေးသမားတွေက ကျနော်တို့တွေကို တွေ့လိုက်ရင် အခုပဲ စစ်ယူနီဖောင်းချွတ်ပြီး ခင်ဗျားတို့နဲ့ပဲ လာပူးပေါင်းရတော့မယောင်ယောင် သိပ်ပြောတယ်။ ဟော၊ ခင်ဗျားတို့နဲ့ မပူးပေါင်းရင်းဘဲ ကျနော်တို့ကို လူစင်စစ်ကနေ ခွေးတွေနဲ့ နှိုင်းပြောလား ပြောရဲ့။ ဒါပေမယ့် ခင်ဗျားတို့ကို ပြန်ပြောရင်တော့ ကိုယ့်အချင်းချင်းတောင် မခံ၊ ပြန်ချနေကြတာပဲ မဟုတ်လား။ ကျနော်တို့ လိုက်နာနေရတဲ့ စစ်စည်းကမ်းနဲ့ ဒီဘ၀ ဒီအခြေအနေထိ ရောက်အောင်ပဲ ကြိုးစားခဲ့ရတာတွေကိုတော့ ခင်ဗျားက ဘယ်သိမှာလဲ။ သိရင်လဲ ခင်ဗျားက `မင်းက စစ်တပ်ထဲ ဘယ်အချိန်ဘာဖြစ်မယ် ဆိုတဲ့ အတွက်အချက်နဲ့ ၀င်လာတာကိုးကွ´ လို့ ပြောဦးမှာ မဟုတ်လား။

ကျနော့်ကို တခုလောက် မေးခွင့်ပြုပါဗျာ။ ခင်ဗျားဖြစ်စေချင်သလို အခု ကျနော်က ယူနီဖောင်းကို ချွတ်ပြီး ခင်ဗျားတို့ဆီ လာပူးပေါင်းရင် ကျနော်တို့ တိုင်းပြည် တကယ်ကောင်းမလား၊ အဲဒီလို တိုင်းပြည်ကောင်းပါစေတော့ ဆိုပြီး ကျနော်တို့လို လူငယ်စစ်ဗိုလ်တွေက စစ်တပ်က ထွက်ကြဟေ့ ဆိုတာက အဖြေတခုလား ဆိုတာ စဉ်းစားကြည့်ပြီး ဖြေပေးပါဦး။

ကျနော်တို့ရဲ့ စစ်နည်းဗျူဟာတွေထဲက စဉ်းစားပုံတခုကို ခင်ဗျားကို ပြောပြမယ်။ စစ်ပွဲတခုကို သွားတိုက်တော့မယ်ဆိုရင် ကိုယ့်ဘက်မှာ ရှိတဲ့အခြေအနေကို ထည့်သွင်းစဉ်းစားရသလို တဖက်ရန်သူသာဆိုရင် ငါ့ကို ဘယ်လိုပြန်တိုက်နိုင်မလဲ၊ ဘယ်လိုခုခံမလဲ ဆိုတဲ့ စဉ်းစားနည်းကိုလဲ ကိုင်ထားရမယ်ဗျ။ စစ်တုရင် ကစားကြသလိုပေါ့ဗျာ၊ ကိုယ်က ဒီအရုပ်ကို ရွှေ့တော့မယ်ဆိုရင် တခြားတဖက်က လူက ဘယ်အရုပ်ကို ကိုင်ပြီး ကိုယ့်ကို ပြန်ဖိအားပေးမလဲ ဆိုတာ မစဉ်းစားလို့ မရဘူး။

ကျနော့်အမြင်ကတော့ ခင်ဗျားတို့ နိုင်ငံရေးသမားတွေ အတော်များများက ပြည်သူနဲ့ တသားတည်း ရှိမနေဘူး။ ခင်ဗျားက ပြောချင်ပြောမယ် `မင်းတို့ကရော ရှိလို့လား´ ဆိုပြီးတော့…။ ကျနော်တို့က ပြည်သူနဲ့ တသားတည်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျနော်တို့ လက်ထဲက လက်နက်ကို သူတို့ ကြောက်နေရတာကိုတော့ ခင်ဗျား မငြင်းနိုင်ပါဘူး။ `လက်နက်အားကိုးတယ်၊ အနိုင်ကျင့်တယ်´ လို့ ဘယ်လောက်ပြောပြော ဒီနည်းဗျူဟာနဲ့ လတ်တလော အောင်မြင်နေတဲ့ ကျနော်တို့ ခေါင်းဆောင်တွေက ဒီနည်းကို မစွန့်လွှတ်တာတော့ သေချာတယ်။

ပြည်သူတွေ ကိုယ့်ဘက်မှာ ရှိနေအောင်၊ ရှိလာအောင် ဘယ်လိုစည်းရုံးသင့်လဲ ဆိုတာဟာ သိပ်အရေးကြီးပါတယ် ကိုကရင်ကြီးရေ…။ နိုင်ငံရေး ၀င်မလုပ်ရင်၊ ခင်ဗျားတို့လိုမျိုး ကျနော်တို့ကို မတိုက်ခိုက်ရင်ဘဲ တာဝန်မကျေတော့သလိုလို၊ နိုင်ငံရေး အသိစိတ်နည်းနေသလိုလို ခပ်နှိမ်နှိမ်ပြောတတ်တဲ့ နိုင်ငံရေးသမားတွေဟာ ကြာလေလေ သူတို့က သတ်သတ်၊ ပြည်သူက သတ်သတ် ဖြစ်နေတော့မှာကိုတော့ ကျနော် မြင်ယောင်မိတာ အမှန်ပါပဲ။

စစ်တပ်ကြီး ပြိုကွဲမှ အေးမယ်လို့လဲ မထင်နဲ့ဦးဗျ။ စစ်တပ်ပြိုကွဲဖို့နေနေသာသာ ခင်ဗျားတွေ့ဖူးတဲ့ အင်တာနက်စာမျက်နှာမှာ ကျနော်တို့တတွေ အချင်းချင်းချတာ ခင်ဗျားမြင်ဖူးလား။ ခင်ဗျားတို့မှာသာ ဟိုလူက ဒီလူ့ကို ဆော်လိုက်၊ ဒီအဖွဲ့က ဟိုအဖွဲ့ကို ဗျင်းလိုက်နဲ့ အလုပ်တွေများတော့ အဲဒီ အချင်းချင်းချနေတာကို မြင်ရတဲ့ သာမန်ပြည်သူက နိုင်ငံရေးဆိုတာကြီးကို စိတ်ဝင်စားပါတော့မလားဗျ။

ခင်ဗျား ကျနော့်ကို စိတ်တိုနေတာလား၊ မတိုပါနဲ့ဗျာ။ ခင်ဗျားမလဲ ထစ်ခနဲဆို စိတ်တိုတာက အရင်ကိုး…။ အဓိက အဖြေကို ကျနော်ပြောခဲ့မယ်၊ ခင်ဗျားလက်ခံချင်လဲ လက်ခံ၊ လက်မခံတော့လဲ သဘောပါပဲဗျာ။

အဓိကကတော့ လူညီဖို့ပဲ ကိုကရင်ကြီးရေ။ ခင်ဗျားတို့ ညီညွတ်နေတာ မြင်ရင် ကျုပ်တို့ကို မုန်းနေတဲ့ ပြည်သူက ခင်ဗျားတို့ကို ပိုယုံကြည်လာလိမ့်မယ်။ အခုကတော့…။ ကျနော်တို့ ပန်းပန်နေတုန်းပဲဗျို့။ အခုနေ ခင်ဗျားမြန်မာပြည် ပြန်လာရင်တော့ ကျနော် မဖမ်းချင်ဘူးနော…ဟဲဟဲ။ ကဲ…ကဲ၊ ရေစက်ဆုံရင် ခင်ဗျားနဲ့ ကျနော် ဘောလုံးပွဲ အတူတူကြည့်ကြတာပေါ့ဗျာ။´

***

အခုတော့ သူဘယ်ရောက်ပြီ ကျနော် မသိရပါ။ ရှေ့တန်းမှာလား၊ ဒါမှမဟုတ် မြို့ပေါ် စစ်တပ်တခုမှာလား ကျနော် မသိပါ။

သူနဲ့ကျနော် ငြင်းခုန်ခဲ့ကြရတဲ့ မမေ့နိုင်စရာ စကားတွေကတော့ ပဲ့တင်ထပ်နေသလို စိတ်အစဉ်မှာ မြည်ဟည်းနေဆဲ ဖြစ်နေတာတော့ အမှန်ပါ…။


ကလိုစေးထူး

9 comments:

Anonymous said...

ကိုစေးထူးကြီးရေ့ ရပ်တည်ချက်မတူတဲ့ အစ်ကိုတို့ သူငယ်ချင်း ၂ယောက်အကြောင်းလေးဖတ်သွားပါတယ်ဗျာ။ စစ်ဗိုလ်ဆိုတာတွေက ဟိုလူကြီးတွေလိုပဲ တိုင်းပြည်ကို ဒုက္ခပေးဦးမှာ ဆိုတဲ့ အမြင်က စိတ်ထဲကနေ ဘယ်လိုမှ ဖျောက်လို့မရဘူးဆိုတာက လူတော်၂များ၂ ရဲ့ ကြုံတွေ့ လာရတဲ့ အဖြစ်ပျက်တွေကြောင့် မေ့ပစ်ဖို့ ဆိုတာကတော့ ခဲယဉ်တယ်လေ ။ ဒီပို့ စ်လေးမှာ အစ်ကို့ ရဲ့ သူငယ်ချင်း စစ်ဗိုလ်တစ်ယောက်ပြောသွားတဲ့ စကားတွေ က လေးစားလောက်ပါတယ် (ကျနော့် အနေနဲ့ ) ယူနီဖောင်ကြီးဝတ်ထားပေမယ့် (ဒမကရစ) လို့ အော်အော်နေကြတဲ့ နိုင်ငံရေးသမားတွေထက် စိတ်ဓာတ်ကောင်းတဲ့ သူတွေအများကြီးပါ တသားတည်း ရှိမနေဘူဆိုတဲ့ အချက်ကိုလည်း သဘောကျတယ် ထောင်ကျဖူးတဲ့ သူမှ နိုင်ငံရေးသမားလို့  ခေါ်နိုင်တာလား သူတို့ တွေကမှ တိုင်းပြည်အတွင် တကယ့် အကျိုးပြုနေကြတဲ့သူတွေလား ။
ကျနော့်ရဲ့ သူငယ်ချင်း စစ်ဗိုလ်တစ်ယောက်ပြောဖူးတဲ့ စကားကို ပြန်အမှတ်ရမိတယ် *ငါတို့ ရဲ့ ရင်ထဲက ရပ်တည်ချက်နဲ့ ခံစားချက် အစစ်အမှန်ကို ငါတို့  ကိုယ်စောင့်နတ်ကလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူး *ဆိုတဲ့စကားလေးပါ အစိမ်းရောင် ယူနဖောင်းဝတ်ဆင်သူတွေကို ထောက်ခံတာ မဟုတ်ပါဘူး နိုင်ငံရေးသမားတွေဆိုတဲ့သူတွေထဲမှာလည်း လူတိုင်းလေးစား လောက်တဲ့သူတွေလို မဆိုင်နိုင်ဘူးဆိုတာ ကိုယ့်ရဲ့ထင်မြင်ချက်လေးပါ ..........။

ကိုစေးထူးကြီး လျှာရှည်သလိုဖြစ်သွားရင် ဆောတီး =)

လေးစားလျှက်
မြင့်မြတ်

ညီအကိုများ said...

ကိုစေးထူးရေ....
ဟိုလူကြီးပြောတာလည်း ဟုတ်သား....



ကိုနေ(YNP)

Ko Paw said...

စစ်ဗိုလ်တွေလည်း လူထဲကလူဘဲမို့ တချိန်မှာတော့ လူသားဆန်တဲ့ စိတ်ဓါတ်နဲ့ မတရားတဲ့ လုပ်ရပ်ကို စက်ဆုပ်လာကြမယ် မျှော်လင့်ပါတယ်။

Anonymous said...

အမှန်ပဲ..။ သူတို့ ပြောလဲပြောစရာ။

ဖြူ

May said...

လုံးဝထောက်ခံပါ၏

myatnoe said...

လာဖတ်သွားပါတယ်။
အပြည့်အ၀ထောက်ခံပါတယ်။ ဆက်ရေးပါ။ အားပေးနေပါတယ်။

ကော်မန့်မှာ ရေးထားတာ သူများတွေ ပြန်ဖြေပေးထားပါတယ်။ :P

BLACK DREAM said...

အစ်ကိုရေ ဒီပို့စ်ကတော့ ကျွန်တော့ရင်ထဲကို တိုက်ရိုက်ထိတယ်ဗျာ..။ လူရယ်လို့ဖြစ်လာရင် အားနည်းချက် အားသာချက်ကတော့ ကိုယ်ဆီရှိကြမှာပဲ လေ..။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်နေရုံ ရှုံချနေရုံနဲ့တော့ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကို ဘယ်တော့မှရောက်နိုင်မှမဟုတ်ဘူးလို့ ကျွန်တော်ယုံ ကြည်တယ်အစ်ကို..။ ကျွန်တော်တို့အားလုံးဟာ အခြေ အနေအမျိုးမျိုးကြောင့် ကိုယ်ပိုင်ယုံကြည်ချက်မျိုးစုံနဲ့ လမ်းအသီးသီးမှာ လျှောက်လှမ်းနေကြရပေမယ့် အားလုံးရဲ့ စိတ်ထဲမှာတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး တိုးတက်ကောင်းစားရေကို မြင်ချင်ကြမှာပဲလို့ ကျွန်တော်ထင်ပါတယ်..။ လုပ်နည်းလုပ်ဟန် ကြိုးစားကြပုံချင်းတော့ ကွာခြားကောင်းကွာခြားနိုင်တာပေါ့...။ လူဆိုတာတော့အမှားမကင်းနိုင်ပါဘူး..အမှားနည်းတာ အမှားများတာပဲကွာမယ်ထင်ပါတယ်..။ အမှားနည်းတဲ့သူဟာလူကောင်း..။ ဒါမှမဟုတ် ကိုယ့်အမှားကို လူမသိအောင်ဖုန်းကွယ်နိုင်တဲ့သူဟာ လူကောင်းအဖြစ်အသိအမှတ်ပြုခံကြရစမြဲပါ...။ တစ်ယောက်အားနဲ့ယူတာထက် အဖွဲ့အားနဲ့ယူတာက ပိုပြီးအားကောင်းပါတယ်..။ အဲလိုပဲ တစ်ဖွဲ့တည်းအားနဲ့ ယူတာထက် အားလုံးတက်ညီလက်ညီနဲ့ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲပြီးကြိုးစားကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်က မဝေးတော့ပါဘူး..။ ကျွန်တော်ကတော့ တိုင်းပြည်အတွက် (နဲနဲကြီးကျယ်သွားတယ်ထင်ရင် ခွင့်လွှတ်ပါအစ်ကို) ဆိုရင်တော့ ကျရာနေရာကနေ ကျရာတာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ..။ ကျွန်တော်ကတော့ တိုင်းပြည်ရဲ့မျက်နှာနဲ့ နိုင်ငံတော် အလံကလွဲရင် ဘယ်သူ့မျက်နှာမှမကြည့်ဘူးအစ်ကို။
ညီအစ်ကိုတွေအားလုံး တက်ညီလက်ညီ ကြိုးစားကြမဲ့ နေ့ကိုမျှော်လင့်ရင်း...
လေးစားလျက်
BLACK DREAM

Sint said...

I get to know some of 3 stats guys ( I don't know what they call general? caption??? )around 1992. Of Course, I wasn't nice to them at first. I would argue with them, like you do. But when I get to know them more, yes, there are some of the good one. They might already left military by now.

Anonymous said...

unn! sin saa sa yar par pal laa