ရေသန့်ပုလင်း ငါးပုလင်း၊ အချိုရည်ဘူး လေးငါးဘူးနဲ့ အတူတူ ဘီယာဘူး ၂၀ ခန့်ကို ထည့်ပြီးချိန်မှာတော့ ရေခဲဘူးက အတော်လေးတော့ လေးနေလေပြီ။ ဒါပေမဲ့ ဖိုးတေ ပုခုံးမှာ လွယ်ကြည့်လိုက်တော့လည်း သိပ်အလေးကြီးတော့ မဟုတ်လှ…။
`မြန်မြန်သွားတော့၊ အခုလောက်ဆို မဏ္ဍပ်တွေမှာ လူကျနေလောက်ပြီ´
ဆိုင်ရှင် ဦးမှုံကြီးရဲ့ လောဆော်သံကြောင့် ဖိုးတေတယောက် ခေါင်းကို ခပ်ဆတ်ဆတ်ငြိမ့်ပြလိုက်ရင်း ဆိုင်ထဲမှတဆင့် လမ်းမကြီးဆီကို ထွက်လာတော့ ခပ်ဝေးဝေးဆီက သင်္ကြန်မဏ္ဍပ်များမှ သီချင်းသံ၊ လူသံတွေက ဖိုးတေကို ကြိုဆိုနေလေတော့သည်။
***
ဖိုးတေတို့ နေတဲ့ ကျူးကျော်ရပ်ကွက်က လူတွေက သင်္ကြန်ရောက်ရင် ပျော်ကြသည်။ ဒါပေမယ့် ရေကစားဖို့တော့ မဟုတ်ပါ၊ သင်္ကြန်တွင်း တောက်လျှောက် ရေကစားနိုင်ဖို့လောက်အထိလဲ သူတို့ရဲ့ စားဝတ်နေရေး အခြေအနေက အဆင်ပြေနေတာ မဟုတ်…။ ဒါပေမယ့် သူတို့ ပျော်ကြသည်။ အကြောင်းက သင်္ကြန်ကာလမှာက တခြားအချိန်တွေထက်စာရင် ငွေရလွယ်သည်၊ ရေသန့်ဘူး လိုက်ကောက်သူတွေက သင်္ကြန်မဏ္ဍပ်တွေကနေ ရေသန့်ဘူးတွေ အများကြီး ရနိုင်သလို ဘီယာဘူးခွံကလည်း ထုနဲ့ထေး ရနိုင်သေးတော့ ဘူးခွံတွေလဲ ကောက်၊ လူချမ်းသာတွေ ပျော်နေတာကိုလဲ လမ်းပေါ်ကနေ ငေးမျှော်ရင်း ရောပျော်…။ ဆိုတော့ ဒီရပ်ကွက်က လူတွေ သင်္ကြန်ကို ပျော်ကြသည်မှာ သဘာဝ ကျသည်ဟုပင် ဆိုနိုင်သေးသည်။
ဖိုးတေကတော့ တခြားလူတွေထက်စာရင် အခွင့်အလမ်း ပိုရတာပဲပြောရမလား၊ ကံပိုကောင်းတာပဲ ပြောရမလားတော့ မသိ…။ ဖိုးတေ ပလတ်စတစ်ကောက်ပြီး သွားသွားသွင်းတဲ့ ဒိုင်ဖြစ်သူက အာမခံပေးတာကြောင့် ဦးမှုံကြီးရဲ့ ဆိုင်က ရေသန့်ပုလင်း၊ အချိုရည်ဘူးနဲ့ ဘီယာဘူးတွေကို ခေါက်ပြန်ကြေးနဲ့ ယူရောင်းခွင့်ရသည်။ ဦးမှုံကြီးဆိုင်က ယူလာတာတွေကို သူလိုချင်တဲ့ ဈေးအတိုင်း ပြန်သွင်းပေးရသည်။ ဦးမှုံကြီး လိုချင်တဲ့ ဈေးထက် ပိုပြီး ရောင်းလို့ရတာကတော့ ဖိုးတေရတဲ့ အမြတ်ပေါ့…။
ရေသန့်ဘူးနဲ့ အချိုရည်ဘူးတွေကတော့ ပုံမှန်ဈေးထက် လေးငါးဆယ်ပဲ တင်ရောင်းပေမယ့် ဘီယာဘူးကတော့ လာဝယ်တဲ့လူ အခြေအနေကို ကြည့်ပြီး ဖိုးတေရဲ့ ပါးစပ်ဖျားက ဈေးနှုန်းက အတက်အကျရှိလေ၏။
***
သင်္ကြန်မှာ ဖိုးတေ မှတ်မှတ်ရရ ရေကစားခဲ့ရတဲ့ နှစ်ဆိုလို့ တနှစ်မှ ဟုတ်ဟုတ်ငြားငြား မရှိခဲ့ရပါ။ အသက် ခပ်ငယ်ငယ်တုန်းကတော့ နို့ဆီခွက် အစုတ်လေး တလုံးနဲ့အတူ ပလတ်စတစ်ပုံးလေး တပုံးလွယ်ရင်း ကစားခဲ့ရဖူးသေးသည်။ တခြားကလေးတွေကို ရေပြွတ်တွေ ဘာတွေလဲ သူ့အမေက ၀ယ်မပေးနိုင်တော့ နို့ဆီခွက်နဲ့ ကစားရတာကိုက အခွင့်အရေး တခုပင်…။
အခုတော့ အဲဒီအခွင့်အရေးလေးပင် ဖိုးတေ မရတော့တာ ကြာခဲ့ပါပြီ။ တနေ့လုပ်မှ တနေ့စားရတဲ့ အထဲ ကြာလေလေ ရှာရခက်ခဲလေ ဖြစ်နေတဲ့ ငွေကြောင့် သင်္ကြန်ဆိုတာက ဖိုးတေအတွက်တော့ ငွေပိုရတဲ့ အချိန်လို့ပဲ နားလည်လာရတော့သည်။
***
~~~ တောင်ပေါ်က ရှမ်းလေး လျှော်ထမ်းလို့ပြေး ~~~ တိုတဲ့လျှော်ကတို ~~~ ရှည်တဲ့လျှော်ကရှည် ~~~
ဖိုးတေရောက်နေတဲ့ မဏ္ဍပ်ရှေ့မှာ သင်္ကြန်နဲ့ ဘာမှမဆိုင်တဲ့ သီချင်းတပုဒ်နဲ့အတူ အသံတွေက ဆူညံနေ၏။ ရေပက်ခံ ကားတွေက တစီးပြီး တစီးဖြတ်သွားသလို လူတွေကလဲ တဟေးဟေး တဟားဟားဖြင့် ပျော်နေကြသည်။ ဖွားခနဲ ဖွားခနဲ လွင့်စင်လာသော ရေမှုန်တွေကြားမှာတော့ `ရေသန့်ဘူးရမယ်၊ အချိုရည်ရမယ်၊ ဘီယာရမယ်´ ဆိုတဲ့ ဖိုးတေရဲ့ အသံ တစာစာက လွင့်ပျံ့နေ၏။
`ဟေ့ကောင်လေး၊ လာဦး´
`လာပြီ…၊ လာပြီ´
ရေပက်ခံ ကားတစီးပေါ်ကနေ လှမ်းအော်ခေါ်သံကြောင့် ဖိုးတေ အမြန်ပြေးသွားရသည်။ မပြေးလို့လဲ မဖြစ်၊ ဖိုးတေလိုပင် ဘီယာဘူးလိုက်ရောင်းနေတဲ့ တခြားကောင်တွေက ရှိသေးသည်။
`ဘီယာတဘူးပေးကွာ၊ ဘယ်လောက်လဲ´
`၆၀၀´
`အာ…၊ မင်းဟာကလဲ ဆိုင်မှာတောင် ၅၀၀ ပါကွ´
`သင်္ကြန်လေ သင်္ကြန်၊ အကိုကြီးက သဘောကောင်းပါတယ်´
သင်္ကြန်နဲ့ ဈေးတက်တာနဲ့ ဆိုင်တာမဆိုင်တာ ဖိုးတေမသိ၊ သိစရာလဲ မလိုပါ။ ဖိုးတေသိတာက ၀ယ်သူအသံကို နားစွင့်ထား၊ ခေါ်သံ တခုခုကြားတာနဲ့ သူများထက်ဦးအောင် အမြန်ပြေးဖို့၊ ၀ယ်သူ အခြေအနေကိုလိုက်ပြီးတော့ ဈေးရောင်းတတ်ဖို့က အဓိက…။
`အမေ့ချွေးမ ပျောက်လို့ရှာ တွေ့ပြီ၊ တွေ့ပြီ သူပဲ သူပဲ´
`ရှာပုံတော် မင်းသားကြီး မဏ္ဍပ်တကာ ရောက်ခဲ့ပြီ…ဟေ့…ဟေ့…ဝေး´
`ဝေး…ဟေး…ဟေး´
ဂျစ်ကားတစီးပေါ်မှာ အပြည့်အသိပ်ပါလာတဲ့ လူတွေရဲ့ အော်ဟစ်သံတွေနဲ့ အတူ မဏ္ဍပ်ရှေ့မှာ ရေပက်သံတွေ တ၀ုန်းဝုန်းနဲ့ ဆူညံသွားပြန်သည်။
`ဘီယာကျန်သေးလားဟေ့ ~~~ ဘီယာကျန်သေးလားဟေ့´
အတန်ငယ် မူးနေဟန်တူတဲ့ လူငယ်တယောက်ရဲ့ သီချင်းအော်ဆိုသံရဲ့ အဆုံးမှာပင် ဖိုးတေက အဲဒီကားနားကို ရောက်နေပြီ။ `အကို၊ ဘီယာရမယ်´ လို့ လှမ်းအော်လိုက်တော့ ကားတစီးလုံး ဝေါခနဲ ပွဲကျသွားသည်။
`ဘယ်နှစ်ဘူး ရှိလဲကွ၊ မင်းဆီမှာ´
`ငါးဘူးလောက် ရှိတယ် အကို´
`အေး၊ အကုန်ပေးကွာ၊ ရော့ပိုက်ဆံ၊ ပြန်မအမ်းနဲ့´
လက်ထဲကိုရောက်လာတဲ့ တထောင်တန် လေးရွက်ကိုကြည့်ပြီး ဖိုးတေမျက်နှာ ၀င်းခနဲဖြစ်သွားသည်။ စိတ်ထဲကနေလဲ `ဒီလိုလူမျိုး များများလာပါစေ´ လို့ ဆုတောင်းလိုက်သေးသည်။ မူးနေတဲ့ လူငယ်ကတော့ ဘာမှမသိ၊ ငွေစက္ကူအထပ်လိုက်နဲ့ သူ့ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲ ပြန်ထိုးထည့်ပြီး လက်ထဲရောက်လာတဲ့ ဘီယာဘူးတွေကို တခြားလူတွေကိုလဲ ပေး၊ သူကိုယ်တိုင်လဲ တရှူးရှူးနှင့် မော့သောက်နေလေသည်။
ညနေစောင်းလို့ ရေပက်ခံ မဏ္ဍပ်ရှေ့မှာ လူတွေ စဲသွားချိန်မှာတော့ ဖိုးတေလဲ ဦးမှုံကြီးဆိုင်ကနေ ခြောက်ခေါက်ခန့် ယူရောင်းပြီးလေပြီ။ ဦးမှုံကြီးကို နောက်ဆုံး တခေါက် ငွေသွားအပ်ပြီး အပြန်မှာတော့ ခါးကြားမှာ ရေလုံအောင် ကျွတ်ကျွတ်အိတ်လေး တလုံးနဲ့ ကျစ်နေအောင် လိပ်ထားတဲ့ ငွေထုပ်ကလေးကို ဖိုးတေ ထုတ်ရေလိုက်သည်။ ပင်ပန်းရကျိုး နပ်လိုက်ပါသည်။ ဖိုးတေ ၃၆၅၀… မြတ်လိုက်၏။
***
`သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ ~~~ လောင်းကာပက်ကာ မောင်ရင်းနှမပမာ ကြည်လင်စွာ ~~~ အို ~~~ ရေကစားမှာ ရေကစားမှာ ~~~´
ညအချိန်ရောက်ပြီမို့ ဖျော်ဖြေရေး မဏ္ဍပ်တခုမှ သင်္ကြန်တေးသံက ပျံ့လွင့်နေပြန်သည်။ မဏ္ဍပ်ရဲ့ ဟိုဘက် ခပ်လှမ်းလှမ်းဆီက လမ်းပေါ်မှာတော့ ဖိုးတေတယောက် လက်ထဲက ငွေတွေကို ခပ်တင်းတင်း ကိုင်ထားပြီး သူ သိပ်ကြိုက်ပေမဲ့ မစားရတာ ကြာလှပြီဖြစ်တဲ့ ခေါက်ဆွဲကြော် ဆိုင်ကို ခပ်သော့သော့လေး လှမ်းနေလေ၏။
သွားရင်းနဲ့ `အပြန်ကျရင်တော့ အမေ့ဖို့လဲ တထုပ်ဝယ်သွားမှပဲ´ လို့ တွေးနေလိုက်သေးသည်။ သြော်၊…မေ့လို့။ အမေ့ယောက်ျား ပထွေးအတွက်လဲ အရက်ဖြူတထုပ်လောက်တော့ ဆွဲသွားပေးမှ…။
သင်္ကြန်တေးသံတွေကတော့ လမ်းမထက်တွင် မြူးပျံ့နေဆဲပင်…။
ကလိုစေးထူး
9 comments:
သင်္ကြန်မှာတော့ လူတန်းစား အမျိုးမျိုးက နည်းအမျိုးမျိုးနဲ့ ပျော်ကြတာပဲနော်…။ ဖိုးတေတို့လို လူတန်းစားတွေ အတွက်ကတော့ ဘ၀အတွက် ၀မ်းရေးအတွက် လက်တွေ့ကျတဲ့ ပျော်ရွှင်မှုမျိုးပေါ့။ ပိုက်ဆံပေါတဲ့ သူတွေအတွက်လဲ သင်္ကြန်ဆိုတာ ပိုက်ဆံဖြုန်းလို့ အကောင်းဆုံး ပွဲတော်ကြီးတစ်ခုပဲလေ။ တရားရှာချင်တဲ့သူတွေကျပြန်တော့ ဘုန်းကြီးဝတ်ကြ၊ ရိပ်သာဝင်ကြနဲ့…။ ကိုယ်ကြိုက်နှစ်သက်တဲ့၊ လိုက်လျောညီထွေဖြစ်တဲ့ ပုံစံနဲ့ သင်္ကြန်မှာ တမျိုးစီ ပျော်ကြတာပေါ့ အကိုရေ…။ အဝေးရောက်မြန်မာတွေကတော့ သင်္ကြန်ပွဲကို လွမ်းနေကြမှာပဲနော်။
nice post ko ko,
I'm glad to read that post.
But, feel sad to read for surviving of life.
Phyu
အားလုံးအတွက် စိတ်ထွက်ပေါက်တွေ တစ်နှစ်မှာတစ်ခါ ဖွင့်ကြတဲ့ သင်္ကြန်လို ပျော်စရာကောင်းတဲ့ နေ့ မျိုးမှာ ဖိုးတေလို အဖြစ် ခလေးတော်၂များ၂ ရှိကြမှာပါ မပြည့်စုံတဲ့သူတွေအဖို့ တော့ ပျော်စရာဆိုတာ ၀မ်းစာရေးလောက် အရေးမကြီးပါဘူး ။ သမုဒ္ဒရာ ၀မ်းတစ်ထွာမို့ ပဲနော် မဟုတ်ရင်တော့ ရင်လေစ၇ား)
ကိုစေးထူးရဲ့ပို့စ်က သင်္ကြန်မှာ ပျော်နေတဲ့သူတွေရော ၀မ်းစားအတွက် လှုပ်ရှားနေရတဲ့ ကလေးတွေအတွက်ပါ ရေးပြသွားတာ ဖတ်ရင်း မျက်စိထဲ မြင်ယောင်လာမိတယ်။ တနှစ်နဲ့ တနှစ် သင်္ကြန်တွင်း ပျော်တဲ့သူကပျော်ပေါ့။ ၀မ်းရေးအတွက် စီးပွားရှာသူကလည်း ရှာနဲ့ ဒီလိုနဲ့ပဲ ပြီးသွားပြန်တာပါပဲ...
အင်း ... တွေ့မြင်နေကျ ဘ၀လေးတွေကို ထင်ဟပ် ပြပေးတာ ကျေးဇူး ...
သင်္ကြန်မှာပျော်နိုင်တဲ့သူတွေကပျော်နေကြ။
လွမ်းတဲ့သူတွေကလွမ်းနေကြ။
ဝမ်းရေးအတွက်လှုပ်ရှားနေသူတွေက
ရုန်းကန်နေကြ။
တရားရှာသူတွေက တရားရိပ်သာရောက်
နေကြ။
အားလုံးထဲမှာသင်္ကြန်မှာပျော်ချင်ရက်နဲ.
ဝမ်းရေးအတွက် အပျော်ကိုမေ့ထားပြီး လှုပ်
ရှားနေရရှာတဲ့သူတွေကို သနားမိတယ်အကိုစေးထူးရေ။
နှစ်တွေ ဘယ်လိုဘဲ ပြောင်း၂ ၊ မပြောင်း လဲ တာကတော့ မြန်မာဓလေ့ သင်္ကြန်ပွဲ ရဲ့ ပျော်ရွှင် မှုပါဘဲ။ ကိုယ် တိုင် ပါဝင်သည်ဖြစ်စေ ၊ မ ပါဝင်ဘဲ စာပေ အားဖြင့် ၊ အများသူငါ ပြောတာကြား ရ ပြီး လွမ်း ရ ၊ ရသ မျိုးစုံ ခံစား ရ တာ ဟာ မြန်မာတို့ ရဲ့ သင်္ကြန်ပွဲ ပါ။။
အရမ်းဖတ်လို့ကောင်းတယ်..
သင်္ကြန်ကိုရော ဘဝသရုပ်ဖော်ပါ မျက်စိထဲမှာပေါ်လာပါတယ်..
ရော့..ရေထပ်လောင်းတယ်...
ဗွမ်း...ဗွမ်း
နှစ်သစ်မှာပျော်ပါစေ...
ဖိုးတေတွေ အများကြီးတွေ့ဖူးတယ်။ ဒါပေမယ့် ဖိုးတေဘဝကို တခုတ်တရ စာဖွဲ့တတ်တဲ့ ကိုစေးထူးတွေတော့ အများကြီးမတွေ့ဘူး။
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ...။
Post a Comment