Saturday, April 19, 2008

နောက်ကျပြီး ကျတဲ့ နှင်း…



ရေဒီယိုထဲမှာ ကြားလိုက်ရတဲ့ မိုးလေ၀သ သတင်းကြောင့် သက်ပြင်းတချက်ကို ဖွဖွချလိုက်မိသည်။ နှင်းအနည်းငယ် ထပ်ကျဖွယ်ရာ ရှိသတဲ့…။

တချို့က ဒီအချိန်ကျမှ ထပ်ကျဦးမယ့် နှင်းကို မကျေမချမ်း အပြစ်တင်၏။ တချို့ကတော့ `နှင်းကျပြီးရင် အေးခဲနေဦးမှာလား မသိဘူး´ ဆိုပြီး ပူပင်လေဟန်…၊ တချို့ကတော့ ဒါကို ဘာမှ မထူးဆန်းလှသလိုလို…။ ဒါပေမယ့် နောက်ကျတဲ့ နှင်းတွေကတော့ သူတို့ဝန်းကျင်ကို ကျလာပေတော့ဦးမည်။

သူကရော…။ တကယ်တော့ ဒီအချိန်ရောက်မှတော့ အဲဒီ နှင်းတွေကို သူ မကျစေချင်မိတော့တာတော့ သေချာသည်။ ဒီလိုအချိန်မှ ကျနေဦးမယ့် နှင်းပွင့်နှင်းဖတ်တွေက လူတွေရဲ့ စိတ်ကို ဘယ်လောက်များ ဆွဲဆောင်မှု ရှိမှာတဲ့လဲ။ အေးခဲလွန်းလှတဲ့ ရာသီဥတုကို ဖြတ်လာရတဲ့ လူအတော်များများက ဒီအချိန်မှာ နှင်း ကို မလိုလားတော့ဘူးလေ။

ဘယ်လိုပဲဖြစ်ဖြစ် နှင်းတွေကတော့ ကျပါလိမ့်ဦးမည်။

***

နောက်တနေ့…။

ဒီနိုင်ငံ ရာသီဥတုကို နှစ်အတန်ကြာအောင် ဖြတ်ဖူးပြီဆိုတော့ နှင်းကျတယ် ဆိုတာက သူ့အတွက် ထူးထူးခြားခြားတော့ ဆန်းကျယ်မနေတော့ပါ။ ဒါပေမဲ့ အခုတကြိမ်မှာတော့ အချိန်လွန်နေတဲ့ နှင်းတွေ ကျလာတာကို သူ ထိုင်ငေးချင်လာသည်။

ဝန်းကျင်တခွင်ကို ကြည့်လိုက်တော့ နေရောင်က မရှိတတ်ရှိတတ် နည်းပါးလှစွာဖြင့် မြင်လေရာမှာ အုံ့မှိုင်းမှိုင်း ဖြစ်နေ၏။ စိမ်းနုနုအဖူးတွေ ထွက်စဖြစ်ပေမဲ့ ရိုးတံပြိုင်းပြိုင်းဖြစ်နေဆဲ အပင်တွေက ခပ်ကြမ်းကြမ်းတိုက်နေတဲ့ လေရိုင်းဒဏ်ကြောင့် ကြောက်လန့်တကြား ယိမ်းခါနေကြသည်။ လုံနေအောင် စေ့ထားတဲ့ မှန်တံခါးကို လေလာတိုးနေသံ တ၀ှီးဝှီးက လေနတ်မင်းရဲ့ ဒေါသကို ကိုယ်စားပြုနေလေရော့သလား ထင်ရ၏။

သူ လှမ်းမျှော်ငေးနေရာရဲ့ ဟိုဘက် ခပ်လှမ်းလှမ်းမှာတော့ ကားပါကင်နေရာ တခု…။ ကားတွေ ကင်းရှင်းပါးလျားနေသော အဲဒီ ကွင်းငယ်လေးထဲကို အနီရောင်ကားတစီးက ဒရောသောပါးဖြင့် ပြေးဆိုက်လာ၏။ ပြီးနောက် ကားထဲမှ အရပ် ဂလန်ဂလားနှင့် လူတယောက် အဆောက်အဦ တခုထဲကို ခက်သွက်သွက်လေး ပြေးဝင်သွားသည်။

နောက်တော့ ပတ်ဝန်းကျင် တခုလုံးမှာ လေတိုက်သံတွေကသာ မင်းမူသွားပြန်သည်။

***

ဟော…။

နှင်းတွေ စ ကျလာပါပြီကော…။ ပထမတော့ အဖြူရောင် အမှုန်လေးတွေကို တယောက်ယောက်က မိုးပေါ်ကနေ ကျဲချလိုက်သလို ခပ်ပါးပါး…။ ထူးဆန်းတာက နှင်းတွေကျလာတာနဲ့ စောစောက ဒေါသကြီးနေတဲ့ လေက ငြိမ်သက်သွားသည်။့ နှင်းတွေကို သိမ်သိမ်မွေ့မွေ့ ကျခွင့်ပေးဖို့အတွက် အလိုက်သိလှစွာ ငြိမ်သက်ပေးတာလားလို့ ထင်စရာ…။

တစတစနဲ့ သည်းလာတဲ့ နှင်းတွေက သူ့ကို လိုလား၏ မလိုလား၏ ဆိုတာကို သိပ်လဲ ဂရုထားနေဟန် မတူ…။ ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ဟာ သူ့ကို ခုံခုံမင်မင်နဲ့ လက်ခံနေတာ လို့တောင် ထင်နေနိုင်သေးသည်။ စိမ်းနေတဲ့ မြက်ခင်းပြင်တွေပေါ်ကို သူက ပိုင်စိုးပိုင်နင်းဆန်လှစွာပင် အဖြူရောင် ချယ်ပစ်လိုက်၏။ အပင်ပေါ်မှာ တွယ်ကပ်နေတဲ့ နှင်းမှုန်တချို့မှာတော့ တချက်တချက် အလန့်တကြားခါချလိုက်တဲ့ ကိုင်းဖျားတွေကြောင့် အပင်နဲ့သူ ရေစက်ဆုံခွင့် မရရှာ…။ ဇွဲကြီးလှတဲ့ နှင်းတချို့သာ အပင်ပေါ်ကျနေခွင့် ရလေသည်။

သိပ်မကြာလိုက်ပါ…။ နှင်းကျတာ ရပ်သွား၏။ နှင်းတွေရဲ့ တခဏတာ ပိုင်စီးခွင့်ကို အငိုက်မိသွားတဲ့ လေကြမ်းက တစခန်း ပြန်ထလာလေတော့သည်။ ပုံဆိုးပန်းဆိုးနဲ့ နှင်းခြစ်ကား တစီးကလဲ ကတ္တရာလမ်းပေါ် ကျမိတဲ့ နှင်းတချို့ကို ညှာတာခြင်း အလျဉ်းမရှိစွာ တဂျီးဂျီးဖြင့် ခြစ်ထုတ် တွန်းဖယ်ပစ်လိုက်၏။

စောစောက ကားရပ်ပြီး အဆောက်အဦထဲ ၀င်သွားတဲ့ ဂလန်ဂလားလူ ပြန်ထွက်လာပြန်သည်။ သူ့ကားပေါ်မှာ တင်ကျန်နေတဲ့ နှင်းတွေကို တွေ့တော့ သိပ်မလိုလားလေဟန် တခဏတော့ တွေကြည့်နေ၏။ နောက်တော့လဲ ပြတ်ပြတ်သားသားနိုင်လှစွာဖြင့်ပင် ကားနောက်ဖုံးထဲက နှင်းခြစ်တံ ဖြင့် သူ့ကားပေါ်က နှင်းတွေကို ဖယ်ရှားပစ်လိုက်သည်။

ဒီလိုနဲ့ နှင်းတွေက သူ့ကို လိုလားဟန်ရှိပုံပေါ်တဲ့ မြက်ခင်းစိမ်းတွေပေါ်မှာသာ ငြိမ်ငြိမ်သက်သက် မှေးစက်နေပြန်တော့သည်။ နှင်းခြစ်ကားကြောင့် နာကျင်တဲ့နှင်း၊ အပင်တွေပေါ်ကနေ ၀ရုန်းသုန်းကား ပြုတ်ကျလာတဲ့ နှင်းတွေကလဲ မြက်ခင်းစပ်မှာ၊ မြက်ခင်းပေါ်မှာ ထင်ကျန်နေရရှာ၏။

မြက်ခင်းကရော…၊ သူတို့ကို ကြာရှည် လက်ခံပါမယ်တဲ့လား…။ ဟင့်အင်း၊ တခဏပေါ့။ နောက်တနေ့ နံနက် နေရောင်လာရင် ဟောဒီနှင်းတွေ အရည်ပျော်ရပါလိမ့်မည်။ နှင်းတွေ အရည်ပျော်တဲ့ မျက်ရည်ကိုတော့ မြက်ခင်းက တခဏတော့ သည်းခံပြီး စိုစွတ်ခွင့် ပေးပါလိမ့်ဦးမည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့လဲ နှင်းဆိုတာ အရည်ပျော်ရမှာပဲပေါ့…။

နောက်ကျပြီး ကျတဲ့နှင်းကြောင့် တချို့ စိတ်ညစ်ရသည်။ နေရောင်ကို လိုလားသူက နှင်းတွေကို အပြစ်တင်၏။ ဒီအချိန်ကျမှ ကျရန်ကော လို့ စောကြောသူတွေလဲ ရှိနေနိုင်ပါသေးသည်။

ဘယ်သူမှ သတိမထားမိလိုက်တာကတော့ နောက်ကျတဲ့နှင်းတွေက ကမ္ဘာမြေကို တခဏလေးဖြစ်ဖြစ်တော့ အလှဆင်နေတာကိုပါ…။ စိမ်းနေတဲ့ မြက်ခင်းပြင်တွေ၊ ငေါင်းစင်းစင်းနိုင်လှတဲ့ အပင်တွေ၊ မည်းညစ်ညစ်အရောင်နဲ့ အိမ်ခေါင်မိုးတွေကို နှင်းရဲ့ ရိုးဂုဏ် ဖြူဆွတ်ဆွတ်က အလှကြွယ်နေစေခဲ့တာကတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်…။

တခုတော့ ရှိသည်။

သူ့အတွက် အချိန်ဆိုတာဟာ တခဏလေး ဆိုတာကိုတော့ နှင်းတွေ မေ့ထားလို့မဖြစ်ပါ။

***


ကလိုစေးထူး

12 comments:

Anonymous said...

နောက်ကျတယ်ဆိုပေမဲ့
နှင်းဟာ နှင်းပဲလေ..။ နှင်းဂုဏ်သတ္တိတော့ မပျောက်ဘူးထင်တယ်နော်။
ရာသီတွေရှိနေသ၍ နှင်းလဲ ရှိနေမှာပဲ မဟုတ်ဘူးလား..။
ရာသီကို ပြောင်းလို့မှမရနိုင်ပဲ။ လက်ခံရမှာပေါ့။
အချိန်မဟုတ်လို့ နှင်းကျရပါ့မလားဆိုပီး အပြစ်တင်လို့မှ မရတာ။ ဒါ သဘာဝရဲ့ ပြောင်းလဲမှူပဲလေ။

Soe Mya Nandar Thet Lwin (Borros Roxo) said...

Snowing unlikely time is unique as I love snow...,

Your persuasiveness of written skills is awesome.
Love your posts...,

Soe Mya Nandar Thet Lwin

စိုးထက် - Soe Htet ! said...

ခဏလေးတွေ ပါပဲ :P

MELODYMAUNG said...

နောက်ကျပေမဲ့လဲ သူ့တာဝန်သူကျေတဲ့ နှင်းပေါ့နော် ခဏတာလေးပဲဖြစ်ဖြစ် ကမ္ဘာမြေကို အလှဆင်သွားတာက သက်ဆိုးရှည် ဒုက္ခပေးတဲ့ အရာတွေနဲ့ စာရင်တော့ ဘုရားသခင်ဖန်ဆင်းပေးတဲ့ ဒီသဘာဝတရားက တန်ဖိုးထားသင့်ပါတယ်လေ
Thanks a lot for your post with photo, my dear bro.

စူး said...

ကိုစေးထူး ..

နှင်းကျတော့ ဘာပဲ ဖြစ်ဖြစ် မိုက်တာပေါ့။
မြတ်နိုးတော့ နှင်းကို ကြိုက်တယ်..ဟီး.
နောက်ကျပီးကျတဲ့ နှင်း တဲ့..။ အချိန်မဟုတ်ပဲ ကျတဲ့နှင်း ပါ..။
အစက လဲ နှင်းကျတယ်ဆို.။
ဆရာကို ဆရာလုပ်တာ။ ဆောရီးပါနော်။

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။

Anonymous said...

အဲဒါပေါ့ ...
လူတွေက ဖောက်ပြန်တော့ ရာသီဥတုတွေလဲ ဖောက်ပြန်တာ ...
ဖောက်ပြန်တဲ့သူတွေ များနေသရွေ့တော့ ... ဒီလိုပဲ ဖြစ်နေဦးမှာပဲ .... ။

Yan said...

ကိုစေးထူးရဲ့ ရေးသားချက်တွေကတော့ဗျာ. ကျနေတဲ့ နှင်းလေးတွေကိုတောင် ကြွေချင်သလိုလိုဖြစ်သွားတယ်....

Anonymous said...

although i love snow,i've no chance to watch and see snow. I love ur post....

Welcome said...

တစ်ကယ်ကိုခဏလေးပါ...
လေးဖြူကတောင် “ခဏလေးများ”ဆိုပြီးရိခဲ့ပြီ...

Welcome said...

နှင်းရဲ့ဘ၀တစ်ကယ်ကိုခဏလေးပါ..
လေးဖြူကတောင် “ ခဏလေးများ ” တဲ့

တန်ခူး said...

ုကိုစေးထူးရေ...နှင်းတွေကြားထဲ လွမ်းရိပ်တွေဝေလို့။ တန်ဖိုးဖြတ်မှူတွေက မြတ်နိုးမှူအတိုင်းအတာပေါ် မူတည်မလားပဲ။ နှင်းကို မြတ်နိုးတတ်သူအဖို့ အချိန်ကာလက ဘယ်မှာ အရေးကြီးတော့မလဲနော်။ အဲဒီနှင်းအစစ်လေးတွေကို နှင်းအတုတွေနဲ့ကျေနပ်နေရတဲ့ ဒီအရပ်ခဏအလည်ခေါ်ချင်ပါရဲ့။

Anonymous said...

စီဘောက်စ်ဘာလို့ဖြုတ်တာလဲဗျ။
နုတ်ဆက်ရတာ အဆင်မပြေဘူးဗျ။
လာလည်ပါတယ်။