Tuesday, April 22, 2008

ငြမ်း…

ဒီနေ့ ဒီရက်ကို ရောက်လာမယ် ဆိုတာကို သတိမထားလိုက်မိခင်မှာပဲ ကျုပ်အတွက် နောက်ဆုံးအချိန်တွေက ရောက်လာခဲ့ပါပြီ။

အခုတော့…။

မျက်နှာပေါက်ဆိုးဆိုး အသားမဲလဗျစ်နဲ့ လူတယောက်က အညှာအတာမဲ့လှစွာနဲ့ တွန်းထိုးပစ်ချလိုက်တာ ကျုပ်လဲ မြေပေါ်ကို ၀ရုန်းသုန်းကားနဲ့ ပြုတ်ကျသွားပါလေရော။ မြေကြီးပေါ်ရောက်လို့ နာကျင်တဲ့ ဝေဒနာကို ညည်းတွားဖို့ အချိန်မရခင်မှာဘဲ အသက်ခပ်ရွယ်ရွယ် လူတယောက်က ကျုပ်ကို တရွတ်တိုက် ဆွဲခေါ်သွားပြန်တယ်။ စောစောက ကျုပ်ကို ပစ်ချလိုက်တဲ့ လူက အပေါ်ကနေ လှမ်းအော်ပြောလိုက်သေးတယ် …။

`ဟိုးခြံထောင့်မှာ သွားပုံထားလိုက်ကွာ၊ နောက်မှပဲ ပိုင်းတော့မယ်´

***

ကျုပ်ရဲ့ မွေးဖွားမှုအစကို ပြောရရင်တော့ မိုးဦးကျရာသီရဲ့ နေ့လေးတရက်မှာပါ။ စွတ်စိုနူးအိနေတဲ့ မြေပြင်ခပ်ပွပွကို ကျုပ်ရဲ့ ထိပ်ဦး ခပ်ချွန်ချွန်နဲ့ တွန်းတိုးထွက်လာတော့ ကျူပ်ထက် အရင်ရောက်နှင့်နေတဲ့ အမျိုးတူတွေက ကျုပ်ကို စီးမိုးကြည့်ပြီး ကြိုဆိုလိုက်ကြတယ်။ ရက်အတန်ကြာတယ် ဆိုရင်ပဲ ကျုပ်ကို တွေ့သွားတဲ့ လူတယောက်က ၀မ်းသာအားရနဲ့ ရေရွတ်လိုက်တယ်။

`ဟာ၊ ၀ါးပိုးမျှစ် ထွက်နေပြီဟေ့´

၀၀ကစ်ကစ်၊ ညိုနုနုရောက် ရွက်ဖတ်လေးတွေနဲ့ ကျုပ်ကို အစပထမတော့ လူတချို့က ချိုးယူမလို့ ကြံစည်ခဲ့ကြသေးတယ်။ `မျှစ်တကာ့ မျှစ်ထဲမှာ ၀ါးပိုးမျှစ်က အချိုဆုံး´ ဆိုပဲ…။ ဒါပေမယ့် ကျုပ်သက်သာသွားတာက အမျှော်အမြင်ကြီးဟန် ရှိတဲ့ အသက်ကြီးကြီးလူတယောက်က `ဟေ့၊ ဟေ့ ၀ါးပိုးဝါးက ရှားပါသဘိနဲ့၊ မချိုးကြပါနဲ့ဟ´ လို့ တားလိုက်လို့ ကျုပ်မှာ ၀ါးလားမြောက်ခွင့် ရခဲ့ရတာ။ နို့မို့ရင်တော့ မျှစ်ဘ၀မှာတင် စောစောစီးစီး ဟင်းအိုးထဲရောက်ပြီပဲ။

ဟုတ်တော့လဲ ဟုတ်တယ်။ ကျုပ်တို့ ၀ါးပိုးဝါးမျိုးက ၀ါးတွေထဲမှာတော့ ဆွေကြီးမျိုးကြီးဝါးမျိုးလို့တောင် ပြောလိုက်ချင်သေးတယ်။ မျှစ်ဆိုရင်လည်း မျှစ်မို့ တခြားမျှစ်တွေထက် အရသာပိုချို၊ ပိုကောင်းတဲ့အပြင် တခဏလေး ပြုတ်လိုက်တာနဲ့တင် အခါးအရသာ ပျောက်တယ်။ ကြခတ်၊ကြသောင်းမျှစ်တွေလို ခပ်ပိန်ပိန်ကောင်တွေများတော့ အတော်ကြီးကို အချိန်ကြာကြာ ပြုတ်မှချိုတာကလား၊ ပြီးတော့ ဒင်းတို့တွေ ၀ါးလားမြောက်လာတော့လဲ ကျုပ်တို့လို ဖွံ့ထွားထွားမဟုတ်…။ ဒီကောင်တွေကြောင့်ပဲ နေမှာ၊ လူတွေက ခပ်ပိန်ပိန်ကောင်မလေးတွေကို ဆိုရင် `၀ါးခြမ်းပြား ထောင်ထားသလိုပဲနော်´ လို့ နှိုင်းကြတာ…။

ဒီလိုနဲ့ပေါ့ဗျာ..။ တဖောင်သာသာ အမြင့်လောက် အရွယ်ကို ရောက်ပြီဆိုမှပဲ ကျုပ်လဲ မျှစ်ဘ၀ကနေ လွတ်ပြီကျွတ်ပြီဟဲ့ ဆိုပြီး ဟင်းချနိုင်တော့တယ်။ ဒါတောင် တချို့လူတွေများ မျှစ်ရှားတဲ့ အချိန်ဆိုရင် `မျှစ်ပျံ´ ဆိုပြီးတော့ တချို့ဝါးပေါက်စလေးတွေကို ခုတ်ချင်ခုတ်တတ်သေးတာ၊ အနုလေးနည်းနည်းလောက် ကျန်တဲ့ ၀ါးနုနု ထိပ်ဖျားကို မျှစ်အဖြစ်နဲ့ မရမက ရှာကြံစားသောက်နေတတ်သေးတာလေ။ ဒါပေမယ့် ကျုပ်ကတော့ ကံကောင်း ထောက်မစွာနဲ့ပဲ မျှစ်ဘ၀ကို လွန်လို့ ၀ါးလူပျိုပေါက် ဘ၀ကို ရောက်ခွင့်ရခဲ့တယ် ဆိုပါတော့…။

ဝါးဘ၀ရဲ့ ပထမနှစ်တာကတော့ ကျုပ်အတွက် အပျော်ဆုံး အချိန်တွေပါပဲဗျာ။ ၀ါးဖတ်လေးတွေ ကပ်နေဆဲ နုပျိုပျိုနဲ့ ကျုပ်ခန္ဓာကိုယ်ကို လူတွေကလဲ မလိုလားကြသေးဘူးလေ။ သူတို့အပြောကတော့ `၀ါးဆိုတာ အနည်းဆုံး တနှစ်သက်တမ်းလောက်မှ ပိုးထိုးနည်းတာ´ ဆိုပဲ။ ကျုပ်တို့လို့ ၀ါးဆွေကြီးမျိုးကြီး ၀ါးပိုးဝါးမျိုးဆိုရင်တော့ နှစ်ကြာလေလေ ပိုရင့်လေလေ၊ ရေရှည်ခံလေပဲတဲ့။

လေပြင်းကလေး တသော့သော့ နှင်လာပြီလားဆိုရင် ကျုပ်ရဲ့ ခန္ဓာကိုယ်က ဟီးလေးယိမ်းနွဲ့လို့ ဟိုတိမ်းဒီတိမ်း တိမ်းရတာ ဘေးက ၀ါးပိုးပျိုမလေးကိုတောင် တချက်တချက် သွားထိမိလို့ ရင်ခုန်ရသေးတယ်။ ၀ါးပိုးပျိုမလေးရဲ့ ၀ကစ်ကစ် ရှည်မျောမျော ကိုယ်လုံးနဲ့ ထိခတ်ရပလားဆိုရင် နွေဦးရဲ့ ကဗျာသံလို့တောင် လူတွေတင်စားလေ့ရှိတဲ့ ၀ါးရင်ခတ်သံတွေကို ကြားရနိုင်သေးတာပေါ့…။

တဖြည်းဖြည်းနဲ့ ရက်တွေကြာလာတော့ ကျုပ်တခုခုကို သတိထားမိလာရတယ်။ အဲဒါကတော့ ကျုပ်ဘေးနားက ၀ါးအကို၊ ၀ါးအမတွေ တစတစလျော့ပါးလာတာကိုပါပဲ။ တဒုတ်ဒုတ်နဲ့ ခုတ်ထစ်သံတွေရဲ့ အောက်မှာ လူတွေနောက်ကို လိုက်သွားရမယ့် သူတို့တွေက အပြုံးလဲ မပျက်ကြဘူးဗျ။ လူတွေရဲ့ လှည်းပေါ်မှာ ပျော်ပျော်ကြီးပဲ လိုက်သွားကြတာပါပဲ။ ဒီလိုနဲ့ နောက်တော့လဲ ကျုပ်ရဲ့ အလှည့်ကို ရောက်လာတာပါပဲဗျာ။

ကျုပ်ကို ခုတ်လှဲပြီး ကျုပ်ကိုယ်ပေါ်က အကိုင်းအခက်တွေကို ရှင်းလင်းပစ်လိုက်တော့ ကျုပ်စိတ်ထဲ ဟာလာဟင်းလင်းကြီး လိုလိုတော့ ခံစားလိုက်ရသား…။ ဒါပေမယ့် ကျုပ်ရင်ခုန်နေတယ်။ လေတိုက်ရာနောက် ယီးလေးခိုနေရတဲ့ ဘ၀ရဲ့ အဆုံးသတ် ဟိုဘက်မှာ လူတွေက ကျုပ်ကို ဘယ်ကိုခေါ်သွားကြဦးမလဲ ဆိုတာ၊ ဘယ်လိုနေရာတွေမှာ ကျုပ်ဘာတွေ တွေ့ရမှာလဲ…။

***

ပထမတော့ ကျုပ်ကို ခေါ်လာတဲ့ လူကြီးက သူ့အိမ်အောက်မှာ ကျုပ်ကို ချောင်ထိုးထားသေးတယ်။ ရက်အတော်ကြာတော့မှ တခြားလူတယောက်က ကျုပ်ကို လာဆွဲထုတ်တယ်။ အိမ်အောက်မှာ ချောင်ထိုးထားတုန်းကတော့ မွန်းကျပ်လိုက်တာ မပြောပါနဲ့တော့…။ မှောင်ကလဲ မှောင်သေးသဗျာ။

နောက်တော့ သူတို့တွေ ကျုပ်ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲလို့ အိမ်ရှေ့ရေတံစက်မြိတ်အောက်မှာတခု၊ အိမ်နောက်မှာ တခု ရေတံလျောက် လုပ်လိုက်ကြပါလေရော…။

တကယ်ပြောတာပါ၊ အဲဒီတုန်းက ကျုပ် ခန္ဓာနှစ်ခြမ်း ဗြန်းဗြန်းကွဲသွားပေမယ့် ကျုပ်ဝမ်းမနည်းခဲ့ပါဘူး။ မိုးတွေရွာလာပြီလား ဆိုရင် အင်ဖက်ခေါင်မိုးပေါ်ကနေ လူးလိမ့်ပြေးဆင်းလာတဲ့ မိုးရေစက် သကောင့်သားတွေကို ကျုပ်က တတ်နိုင်သလောက် စုစည်းပြီးတော့ ကျုပ်ရဲ့ အိမ်ကြီးသခင် အလိုကျ သွန်ချပေးရတာကို ကျုပ်ပျော်တယ်။ တခါတလေများ ကျုပ်သွန်ချလိုက်တဲ့ မိုးရေး တဗြန်းဗြန်းအောက်မှာ အိမ်ကြီးရှင်ရဲ့ ကလေးတွေ ဟေးဟေးဟားဟား အော်ဟစ် ပျော်မြူးနေရင် ကျုပ်မှာ ပိုပျော်ရတယ်။ ပျော်လွန်းလို့ မိုးပေါ်ကနေ ကျလာတဲ့ မိုးရေစက်တွေကို တတ်နိုင်သလောက် အမိဖမ်းပြီးတော့ အဲဒီကလေးတွေပေါ်ကို ဖြန်းသွန်ချနေတော့တာ…။

ကျုပ်သွန်ချပေးလိုက်တဲ့ မိုးရေတွေကို အိမ်ကြီးရှင်က ရေပုံးတွေနဲ့ ကဲ့ကဲ့ပြီး ရာဝင်အိုးကြီးထဲမှာ ဖြည့်ထားတတ်တယ်။ ခြံထောင့်မှာ ရေတွင်း ရှိပေမယ့် သူက မိုးရေကို ပိုကြိုက်တာလားတော့ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ စွမ်းဆောင်မှုကို ကျုပ်ကျေနပ်မိတယ်။ ကျုပ်သာ မရှိခဲ့ရင် သူက ဒီမိုးရေတွေကို ခက်ခက်ခဲခဲ ခံယူနေရတော့မှာလေ…၊ အဲဒီလို တွေးမိရင် တခါတလေများဆို ကျုပ် စိတ်ကြီးတောင် ၀င်မိသေးတယ်။ အဲဒီလိုနဲ့ပဲ မိုးရွာချိန်ဆိုရင် စိုစိုစွတ်စွတ်နဲ့ ပျော်ပါးလိုက်၊ နွေခေါင်ခေါင်ဆိုရင်တော့ ခြောက်သယောင်းနေတဲ့ ကျုပ်ကိုယ်ပေါ်မှာ အင်ဖက်မိုး အကျိုးအကြေ တချို့က နေရာယူလိုက်နဲ့ နှစ်တွေ အတန်ကြာခဲ့ပြန်တယ်။

***

အခုတော့ ကျုပ် မရောက်ချင်တဲ့ အချိန်ကို တကယ်ပဲ ရောက်လာခဲ့ပါပြီ။

မနှစ်ကတည်းက ကျုပ်အိမ်ကြီးရှင်က ဆွေးမြည့်စပြုနေတဲ့ ကျုပ်ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ပျက်စ ပြုနေတာ ကျုပ်သတိထားမိပါရဲ့။ သူက `နောင်နှစ် အိမ်ကို သွပ်မိုးမိုးမှပဲ ရေတံလျောက်တွေကိုပါ တခါတည်း လဲတော့မယ်´ လို့ ပြောနေကတည်းက ရင်ထိတ်နေခဲ့ရတာ အခုတော့ ကျုပ်ကို သူမလိုလားတော့တာ သေချာသွားခဲ့ပြီလေ။

အိမ်မိုးကူဖို့ အငှားခေါ်ထားတဲ့ အဲဒီ မျက်နှာပေါက်ဆိုးဆိုးနဲ့ကောင် ကို ကျုပ်မုန်းလိုက်တာဗျာ။ အသံကလဲ ကျယ်လောင်လောင်နဲ့ ပါးစပ်ထဲ တွေ့ကရာသီချင်းတွေ အော်ဆိုပြီး အင်ဖက်မိုးတွေကို တဗျီးဗျီးနဲ့ ဆွဲဖြုတ်ကန်နေတာ အင်ဖက်တွေက ကျုပ်အပေါ်မှာ လာလာပိနေလို့ `ဟေ့လူ၊ ဖြည်းဖြည်းလုပ်ပါဗျ´ လို့ လှမ်းပြောတာကိုတောင် သူက အရေးမစိုက်ဘူး။

အဲဒါနဲ့ အင်ဖက်မိုး အဆွေးတွေရဲ့ အလှည့်လဲ ပြီးရော ကျုပ်ကိုပါ မချန် မြေကြီးပေါ်ကို တွန်းထိုးပစ်ချလိုက်တော့တာပါပဲ။

***

ခြံထောင့်ကို လာပုံထားတဲ့ ကျုပ်အနားကို လူတယောက် ထပ်ရောက်လာခဲ့တယ်။ သူ့လက်ထဲမှာကတော့ ခပ်ထက်ထက် ဓားမရွယ်ရွယ် တချောင်းကို ကိုင်လို့ပေါ့…။ ကျုပ်ခန္ဓာကိုယ်ကို တပိုင်းစီ၊ တပိုင်းစီဖြစ်သွားအောင် တဒုတ်ဒုတ်နဲ့ ခုတ်ပိုင်းပစ်လိုက်တာ သိပ်မကြာလိုက်ခင်မှာပဲ ကျုပ်တကိုယ်လုံး တစစီဖြစ်သွားတယ်။ သေချာသွားပြီ…။ သူတို့ ကျုပ်ကို ထင်းစိုက်ပစ်ကြတော့မယ်။

မွေးကင်းစ မျှစ်စို့အရွယ်ကနေ ၀ါးလားမြောက်လို့ အခု ၀ါးအိုမင်းမစွမ်း ဖြစ်တဲ့ အချိန်အထိ ကျုပ် တတ်နိုင်တဲ့ဘက်ကနေ ကျုပ်ရှိနေတဲ့ ၀န်းကျင်ကို အကျိုးရှိအောင် လုပ်ခဲ့တယ်လို့တော့ ကိုယ့်ကိုယ်ကို ထင်မိသားပါပဲ။ မိုးရေလာချိုးတဲ့ ကလေးတွေရော၊ မိုးရေခံတဲ့ အိမ်ကြီးရှင်ကပါ ကျုပ်ကို အသိအမှတ် မပြုခဲ့ကြရင်တောင် ကျုပ်ဟာ အချိန်ကာလ တခုအထိတော့ သူတို့တွေ အကျိုးရှိအောင် ကူပံ့ပေးနိုင်ခဲ့တယ်လို့တော့ ကျုပ်ထင်မိတယ်။

အခုလဲ ဆွေးမြည့်နေတဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ် အပိုင်းအစတွေကို လောင်ကျွမ်းပြီး ထွက်လာမယ့် အပူစွမ်းအင်တွေကနေ သူတို့ တခုခုကို ချက်ပြုတ်ကြ၊ ကြော်လှော်ကြတော့မယ်။ အလျှံညီးညီး လောင်နေတဲ့ မီးတွေက ကျုပ်ကို ပြာမှုန်တွေ အဖြစ်ကို ပြောင်းပစ်ကြတော့မယ်။ ဒါပေမယ့်လဲ ကျုပ်ပျော်နေချင်ပါသေးတယ်။ ဟောဒီ နောက်ဆုံးအချိန်၊ ပြာမှုန် အဖြစ်မရောက်မီလေး အထိကို ကျုပ်တတ်နိုင်တဲ့ အားတွေနဲ့ ခင်ဗျားတို့ကို အကျိုးပြုချင်နေပါသေးတယ်ဗျာ။


ကလိုစေးထူး

6 comments:

Anonymous said...

ဝါးပင်ကို ငြမ်းလို့ အဓိပ္ပါယ်ဖွင့်တာ ဒီတခါပဲကြားဖူးတယ်။
ဖတ်လို့ကောင်းသလို အဓိပ္ပါယ်လဲ ရှိတယ်နော်။
ငြမ်းဆိုတာ ဘာပဲဖြစ်ဖြစ် သူတတ်နိုင်သလောက်နဲ့တော့ အကျိုးပြုခဲ့တာပါပဲ။
ဖြူ

တန်ခူး said...

ကိုစေးထူးရေ...မျှစ်လေးတွေမစားရက်လောက်အောင်၊ ဝါးလေးတွေမခြမ်းဝင့်လောက်အောင် ဆွဲဆောင်ခံစားသွားနိုင်တဲ့ အရေးအသားက တကယ်လေးစားအတုယူစရာပါ။

Anonymous said...

"ဘုရားပြီးရင် ငြမ်းဖျက်တယ် .."
ဘုရားတည်ဖို့အတွက် ငြမ်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။
တည်ပြီးတဲ့ ဘုရားကို လူတွေ ရှိခိုးနေကြစဉ်မှာ ငြမ်း ဖြစ်ခဲ့ဖူးတဲ့ ၀ါး ကတော့ တနေရာမှာ အမှိုက်ဘ၀ .. ဒါမှ မဟုတ် အသုံးမ၀င်တော့တဲ့ ဘ၀နဲ့ တည်ရှိနေရတယ်။

အဲဒီ ငြမ်း တဖြစ်လဲ ၀ါးရဲ့ဘ၀ကို စာနာစွာ ရေးဖွဲ့ထားတဲ့ ဒီစာကို တကယ်ပဲ နှစ်သက်မိပါတယ်။
အမြဲတမ်း ငြမ်းဘ၀များကို စာနာနိုင်ပါစေ ... ။

Anonymous said...

ဒီလိုအတွေးပို့ စ်လေးဖတ်ဖူးတာ အခုပထမဆုံးပဲ ငြမ်း( ၀ါး) လေးတစ်ပင်ရဲ့အတွေးလေးကို ခံစားရေးဖွဲ့ ထားတာအရမ်းကောင်းတယ် အစ်ကိုရေ့ သက်မဲ့လေးတွေတောင် ပေါက်ကွဲချင်သေးတာပဲနော် မလိုတော့လည်း မြောင်းထဲရောက်သွားကြတာပါပဲ ။

Anonymous said...

အရေးအသားပြောင်မြောက်ပါပေ့..။

Mr.Pooh @ မောင်ပွတ် said...

ကိုစေးထူးရေ - ပိတ်ရက်မို့လို့ စာအကြွေးတွေ လိုက်ဖတ်နေတာ။ ဒီပို့စ်လေး ခုမှဖတ်ဖြစ်တယ်။ သိပ်ဖတ်လို့ကောင်းပါတယ်ဗျာ။