Wednesday, April 02, 2008

မှိုနှုတ်ချိန်…

တပေါင်းကုန်လို့ တန်ခူးဆန်းခဲ့လေပြီ။

မနေ့က ခဏတဖြုတ်သာသာလေး ရွာလိုက်တဲ့ မိုးကြောင့် ဘကြီးဦးကုလားရဲ့ လယ်တဲကလေးကို မိုးထားတဲ့ အင်ဖက်အမိုးက စိုအိအိ ဖြစ်နေ၏။ ဒယ်အိုးပူပူထဲကို ရေအနည်းငယ် ထည့်လိုက်သလို ရွာတဲ့မိုးက အပူဒဏ်ကို ပိုလို့တောင် တိုးစေလေရော့သလားတော့ မသိ၊ ညက အိပ်ရသည်မှာ တညလုံး အိုက်စပ်စပ်နှင့်မို့ အဆင်မပြေလှပါ။ သို့သော် အိပ်ရာမှ နိုးစ မျက်နှာသစ်ဖို့ ရေကပြင်ကို ဆင်းချိန်မှာတော့ အမျိုးအမည် ဖော်ပြမတတ်တဲ့ မြေသင်းရနံ့လေးက တမျိုးကျေနပ်စရာ…။

နေခြစ်ခြစ်တောက် ပူတော့မယောင်ယောင် မနက်ခင်းက မွန်းတည့်ဖို့ အားယူနေဆဲမှာပင် ကောင်းကင်တခွင်မှာ မိုးသားတိမ်လိပ်တွေက မျက်မှောင်ကြီးကြုံ့ပြီး မိုးစက်တွေကို ဝေါခနဲ သွန်ချလိုက်ပြန်လေသည်။ မိုးရွာပြီ ဆိုတော့လည်း စောစောက နေပူရှိန်ကြောင့် အိုက်စပ်နေလေဟန် အင်ပင်ကြီးတွေက အင်ဖက်တွေ တရမ်းရမ်းဖြင့် မိုးစက်မိုးပေါက်တွေကို အားရပါးရကြီး ခံယူနေသလို အင်ပင်အောက်က ဖက်ကြွေတွေက မြေကြီးနှင့် တသားတည်း ဖြစ်အောင် ပိုလို့ပင် ၀ပ်တွားနေတော့သည်။

မိုးတိတ်သွားပြန်တော့ စောစောက ပုန်းနေတဲ့ နေမင်းက တခါ ထွက်လို့ အလင်းဖြာပြန်၏။ မိုးရွာလိုက်၊ နေပူလိုက် ဖြစ်နေတဲ့ ၀န်းကျင် တခွင်ကိုကြည့်ပြီး ဘကြီး ဦးကုလားက ကျော်စွာ့ကို လှမ်းပြောလိုက်သည်။

`ဒီပုံအတိုင်းဆို မနက်ဖြန်ကျရင် ဖက်ဆွတ်မှိုတွေ ထွက်လိမ့်မယ်၊ မနက်ကျရင် မင်းနဲ့ နကျယ်ကောင်လေးနဲ့ မှိုရှာထွက်ကြချေ´

***

ရန်ကုန်မှာနေတုန်းကတော့ သူ စားဖူးတဲ့ မှိုဆိုလို့ ကောက်ရိုးမှို တမျိုးသာ ရှိခဲ့ဖူးသည်။ ဒါတောင်မှ ဈေးကြီးလှတဲ့ အဲဒီ ကောက်ရိုးမှိုကို မေမေက အမြဲတမ်းဝယ်မကျွေးနိုင်ရှာ…။ ဒါပေမယ့် ရှိတဲ့ငွေလေးနဲ့ ခြစ်ခြုတ်ဝယ်လာတဲ့ ကောက်ရိုးမှိုလေး နည်းနည်းကို ကန်ဇွန်းရွက်ရောရာနဲ့ မေမေ တခါတလေ ကြော်ကြွေးရင်တော့ သူတို့ ညီအကိုနှစ်ယောက် ခေါင်းမဖော်စတမ်း အလုအယက် စားခဲ့ကြတာကို မှတ်မိနေသေးသည်။

နယ်ကိုပြောင်းလာဖြစ်တော့ မြို့ကြီးသား ကောက်ရိုးမှိုကိုပါ ခွဲလို့ တောသားမှိုတွေကို မြည်းစမ်းခွင့် ရတော့၏။

တောက မှိုတွေထဲမှာ အလွန်အင်မတန် ပေါများပြီး မိုးဖြိုက်ဖြိုက် ဖြိုက်ဖြိုက် နည်းနည်းလောက် ရွာလိုက်တာနဲ့ ပေါက်လေ့ရှိတာက သစ်တုံးမှို …။ ကျောင်းကို မသွားခင် မနက်ခင်းတခုမှာ ခြံထောင့်က သရက်ဆွေးတုံးမှာ တွယ်ကပ်ပေါက်နေတဲ့ အဲဒီ သစ်တုံးမှိုတွေကို မေမေက သွားနှုတ်လာပြီး ဟင်းချိုအဖြစ် ချက်ကျွေးခဲ့သည်။ အဲဒီမှိုက ဟင်းချိုချက်သောက်ရင် အင်မတန်ချိုပြီး အရသာရှိသလောက် ကြော်စားလို့တော့ မကောင်း…။

တောမှာ နောက်ထပ်ပေါများတဲ့ မှိုတမျိုးကတော့ ၀ါးမှို…။ မိုးဦးကျစဆိုလျင် တောင်ယာမီးရှို့ထားတဲ့ ၀ါးရုံပင်အဟောင်း အဆွေးတွေမှာ ပြွတ်သိပ်နေအောင် ပေါက်တတ်သည့် ၀ါးမှိုညိုညိုတွေကို လိုက်နှုတ်ရင် လွယ်သွားတဲ့ ပလိုင်းနဲ့ အပြည့်အမောက် ရလေ့ရှိသည်။ ၀ါးမှိုက မိုးရေထိရင် ယားတတ်တာမို့ မှိုနှုတ်နေရင်း မိုးရွာလာရင် အင်ဖက်တွေနဲ့ အလျင်အမြန် အုပ်ကာပြီး အိမ်ကို အမြန်ပြန်ပြေးရသည်။ စားမကုန်သောက်မကုန်အောင် ရလာတဲ့ ၀ါးမှိုတွေက ရောင်းတန်းလဲ သိပ်မ၀င်လှတာမို့ ကြော်စားလို့ ပိုတဲ့ ၀ါးမှိုတွေကို လူကြီးတွေက အချဉ်သိပ်ထားတတ်ကြ၏။

ကြက်တူရွေးမှို ကိုတော့ သူတို့လို့ ကလေးတွေကို လူကြီးတွေမပါဘဲ အနှုတ်မခိုင်းပေ။ ဖြူနီရောရာ အရောင်နှစ်မျိုးနဲ့ အဲဒီမှိုထဲမှာ အဆိပ်အတောက်ဖြစ်တတ်တဲ့ မှိုတွေလဲ ရောပါတတ်တာမို့ တချို့လူကြီးတွေ ကိုယ်တိုင်ကိုက အဲဒီမှိုကို တွေ့ရင် ရှောင်တတ်သည်။

နောက်ထပ် စားလို့ရတဲ့ သူတို့ ဒေသအခေါ် အဘိုးကြီးနားရွက်မှို၊ ကြွက်နားရွက်မှိုတွေလဲ ရှိသေးပေမယ့် အဲဒီမှိုတွေကတော့ တခါရမှ အနည်းငယ်မျှသာမို့ သိပ်တော့ တရင်းတနှီးမဖြစ်လှ…။

သူတို့ နယ်ဘက်မှာ မာနအကြီးဆုံး၊ တနည်းအားဖြင့် ဈေးအကောင်းဆုံး မှိုက ဘာလဲလို့ မေးရင်တော့ တောင်ပို့မှို ဟု ဖြေရပါလိမ့်မည်။ ခြေတံအတိုမျိုး၊ အရှည်မျိုး နှစ်မျိုး ပေါက်လေ့ရှိတဲ့ တောင်ပို့မှိုကို အုန်းနို့နဲ့ ချက်ထားတာ စတွေ့တုန်းက သူ တအံ့တသြ ဖြစ်ခဲ့သေးသည်။ ဒါပေမယ့် တောင်ပို့မှိုရဲ့ အချိုနဲ့ အုန်းနို့ရဲ့ အဆိမ့် နှစ်မျိုးပေါင်းလိုက်တော့ အရသာက အလွန်ထူးကဲလှသည်။ သွေးတိုးရောဂါသမားများအတွက်တော့ သိပ်ချောင်မည် မဟုတ်သော မစားသင့်တဲ့ မှိုဟင်းတခွက်ပေါ့…။

အခု သူတို့ သွားနှုတ်မည့် ဖက်ဆွတ်မှိုကတော့ အခုလို နေပူလိုက် မိုးရွာလိုက်ဖြစ်ပြီ ဆိုရင် အင်ဖက်တောထဲမှာ ပေါက်လေ့ရှိသည်။ အဖူးအငုံလေးက စားလို့ကောင်းသလို ပွင့်အာသွားတဲ့ ဖက်ဆွတ်မှိုကလဲ တမျိုးစားလို့ကောင်းတာပင်…။

***

`ဟေ့ရောင်တွေ၊ ဖြေးဖြေးလျှောက်ကြလေကွာ´

ရှေ့ကသွားနေတဲ့ ကျော်စွာနဲ့ ဖိုးကောက်က အင်ဖက်တွေကို တဖျောဖျော ဖြတ်နင်းပြီး တောသားခြေလှမ်းတွေနဲ့ ခပ်မြန်မြန်လှမ်းနိုင်သလောက် တောမကျမြို့မကျ သူ့မှာက ဟိုဟိုဒီဒီငေးလိုက်၊ သူတို့ နှစ်ယောက်နောက်ကို အမှီလိုက်ရလိုက်နဲ့ အဆင်က မပြေလှ…။ ဒါတောင် ကျော်စွာက တချက်ချက်မှာ ရပ်ပြီး နှာခေါင်းတရှုံ့ရှုံ့နဲ့ တခုခုကို စူးစမ်းရှုရှိုက်လို့ တော်သေးသည်။ `အဲဒါ ဘာလုပ်တာလဲ´ လို့ မေးတော့ `မှိုအနံ့ကို ခံတာ´ …တဲ့။

ဘကြီးဦးကုလား ပြောတော့သာ ဖက်ဆွတ်မှို ထွက်လောက်ပြီ…တဲ့။ အခုတော့ မှိုက ထင်ထားသလောက် မရသေးတော့ ခပ်မြန်မြန်လျှောက်နိုင်လွန်းတဲ့ ဟိုနှစ်ကောင်နောက်ကို လိုက်ရတာ စိတ်က သိပ်မရှည်ချင်တော့…။

`ဟော…၊ ဟိုမှာ´

အင်ဖက်ကြွေတွေနဲ့ အတန်ငယ် ရှုပ်ပွနေတဲ့ ခြုံစပ်စပ်တခုကို ဖိုးကောက်က လက်ညှိုးထိုးပြလို့ ကြည့်လိုက်တော့ စုစု၊ စုစုနဲ့ ပေါက်နေတဲ့ ဖက်ဆွတ်မှို လေးငါးပွင့်…။ ကျော်စွာကတော့ သိပ်အားမရလှဟန်…။ ပလိုင်းကိုယ်စီသာ လွယ်လာကြပေမယ့် အခုမှ တပိဿာပင် မပြည့်တတ်သေးတာကြောင့် နည်းနည်းတော့ အားလျော့စ ပြုလာကြသည်။

`ဒီကုန်း တကုန်းပေါ် တက်ကြည့်ပြီးရင်တော့ တဲကို ပြန်မယ်ကွာ´

ကျော်စွာ့အပြောကို သူနဲ့ ဖိုးကောက်က တက်ညီလက်ညီဖြင့် အမြန်ခေါင်းငြိမ့်လိုက်ပြရင်း ကုန်းမို့မို့လေးပေါ်ကို သုံးယောက်သား တက်လို့ ဦးခေါင်းတွေကလဲ ဟိုဟိုဒီဒီ လိုက်ငေးနေရသည်။ ခဏခဏ နောက်ကျကျန်ခဲ့သော သူ့ကို `နကျယ်ကောင်၊ မြန်မြန်လာဟ´ လို့ ပြောရတာကလဲ ခဏခဏ…။ ကုန်းမို့မို့ရဲ့ ဟိုဘက် အဆင်းမှာတော့…

`လာ၊ လာ… မြန်မြန်လာကြဟေ့´

လားလား…၊ နည်းနည်းနောနော ဖက်ဆွတ်မှိုတွေမဟုတ်…၊ ကုန်းလျှောပြေပြေလေး တလျှောက် ပေါက်နေလိုက်သည်မှာ ဟိုနားစုစု ဒီနားစုစုနှင့် ဖွေးခနဲ…။ အားရ၀မ်းသာဖြင့် ခေါင်းငုံ့နှုတ်နေသော သူ့ကို `နကျယ်ကောင်၊ မှိုအပွင့်တွေ ကြေမကုန်အောင် နှုတ်နော်´ လို့ ဆရာလှမ်းလုပ်သော ဖိုးကောက်ကို `အောင်မာ၊ ငါသိပါတယ်ကွ´ လို့ လှမ်းပြောရသေးသည်။

ဖက်ဆွတ်မှို တကယ်ပေါက်ရင် အဲဒီလောက်တောင် များများရတတ်တာ သူ ပထမဦးဆုံး အကြိမ်တွေ့ဖူးခြင်းပင်…။ သူတို့ သုံးယောက် လွယ်လာတဲ့ ပလိုင်းသုံးလုံး ပြည့်သွားတာတောင် မှိုအစု သုံးလေးစု နှုတ်ဖို့ ကျန်နေသေးသည်။ ဖိုးကောက်က သူ့ပုဆိုးကို လည်ပင်းရှေ့မှာ သိုင်းပြီး ထပ်နှုတ်ရသည်။

မှိုအားလုံး ကုန်စင်အောင် နှုတ်အပြီး သူတို့ရဲ့ အပြန်လမ်းမှာတော့ မှိုရတဲ့ မျက်နှာကိုယ်စီနဲ့ သွက်လို့လက်လို့ပေါ့…။

***

နောက်တနေ့ မနက်…။

မြို့ကလေးရဲ့ မနက်ခင်းဈေးမှာ နားကျယ်ကောင်လေး၊ ကျော်စွာနဲ့ ဖိုးကောက်တို့ သုံးယောက်ယောက် အကြီးဒေါ်လှသန်း အင်ဖက်နဲ့ ထုပ်ပေးလိုက်တဲ့ ဖက်ဆွတ်မှို တပိဿာထုပ်တွေကို ကျောင်းမုန့်ဖိုးရဖို့အတွက် အားရပါးရအော်ဟစ် ရောင်းချနေလေတော့သည်။


ကလိုစေးထူး

11 comments:

Anonymous said...

မှိုရတဲ့ မျက်နှာ :)
nice one.

Phyu

ထနောင်း said...

ကိုစေးထူးရဲ့ "နားကျယ်ကောင်လေး စီးရီး "ကိုအမြဲဖတ်ဖြစ်တယ်။ ပြီးတော့ သရုပ်ဖော် အရေးအသားကိုလဲ နှစ်သက်မိပါတယ်။

ပီတိ said...

ကျွန်တော်တို့ အညာမှာ နာမည်ကြီးမှိုကတော့ မှိုအုန်းနက် လို့ခေါ်တဲ့ ထိပ်မှာ အနက်ရောင်လေး ပါတဲ့မှိုပါပဲ။ ချက်ပြီးစားလိုက်ရင် ချိုပြီး ဆီးဖြူသီးငရုတ်သီထောင်းနဲ့များ တွဲစားလိုက်ရင် အင်မတန်အရသာရှိတဲ့ ဟင်းပါပဲ။ မစားရတာတောင် ဆယ်စုနှစ်တခု ကျော်နေပြီ။

တန်ခူး said...

နဂျယ်ကောင်လေးနဲ့ မတွေ့ရတာတောင်ကြာပြီ။ ကိုစေးထူးရေ...မှိုဆို တောင်ပို့မှိုနဲ့ ကောက်ရိုးမှိုပဲသိတာ...တခြားမှိုမျိုးတွေမှတ်သားသွားပါတယ်။ ကိုစေးထူးအရေးကောင်းလွန်းလို့ မှိုဟင်းချိုလေးချက်ချင်းသောက်ချင်သွာတယ်။ မှိုတော့နုတ်လို့မရဘူးး။ သံဗှူးထဲကကောက်ရိုးမှိုနဲ့ မြေကြီးနဲ့မစိုက်တဲ့ ကန်စွန်းရွက်နဲ့ အိမ်ပြန်ရောက်ရင်ချက်ဦးမှ။

MELODYMAUNG said...

အနော်က ဖက်ဆွတ်မှိုတော့ သိဘူး ကောက်ရိုးမှိုတော့ အစ်ကိုတစ်ယောက်နဲ့ ညီမ ၀မ်းကွဲတစ်ယောက်က အိမ်ခြံထဲမှာစိုက်လို့ မှိုစိုက်နည်းကောင်းကောင်းသိတယ် မှိုထွက်တိုင်းလဲ 10ရက်လောက် မနားတမ်း စားတယ်။ အစားကောင်းလို့တော့ နှာခေါင်းမှာ အဖုကြီးထွက်ဖူးတယ် ဟိဟိ
ကိုကြီးစေးထူးပို့စ်ကတော့ သရုပ်ဖေါ်က မျက်စိထဲကို ကွက်ကွက်ကွင်းကွင်းမြင်တယ် ဖတ်လို့ကောင်းတယ်
မှိုရတဲ့ မျက်နှာလေးတွေကိုလဲ မြင်ယောင်မိတယ်ဗျာ

Thanks a lot for your kind effort.

myatnoe said...

ဖက်ဆွတ်မှိုကို စားချင်သေးတယ်။ မှိုဆို အကုန်ကြိုက်တယ်။ :P
ခုမြတ်နိုး ကန်စွန်းရွက်စိုက်တော့မယ်။ ရရင် ဒီမှာ မှိုလာနုတ်မယ်နော်။
အရမ်းကြိုက်တာပဲ။ ဒီလို သရုပ်ဖော် ၀တ္တုတွေ။

ဂျေ said...

မြန်မာပြည်မှာတော့ မှိုစားရင်တောက် တယ်၊ကန်စွန်းရွက်နဲ့ အဆိပ်ပြေအောင် တွဲစားကြတယ်။ အိမ်က ဂရိမက တော့ဗျား မှိုကို ရေလောင်းချပြီး ပါးစပ်ထဲ ပစ်ထဲ့လိုက်သဗျ။ မှိုမှာကပ် နေတဲ့ သလဲတောင် စင်အောင်မဆေး ဘူး။ သူ့ အစား ပါးစပ်ဂျလိဂျလိ ဖြစ်ပါရဲ့ ။ မှိုစားချင်လာပြီ။ အအေးပိုင်းနိုင်ငံ တွေမှာတော့ မှိုကို ဗူးနဲ့ အကျအန ထုပ်ရောင်းတော့ မှိုအစုံမြင်ရတယ် ရွာက မှိုလောက်မချိုဘူး။ အမေ ချက်တဲ့ မှိုဆိုတာဘဲ သိတယ် အဟတ် မှိုနံမည်တောင် မသိဘူး။ ..စာဖတ်ပြီး သွားရည်ကျလာပြီ ဒီကမှိုတွေက သိပ်မချိုသလိုဘဲ ကန်စွန်းရွက်လဲ မရှိဘူး. တောက်ရင်လဲ တောက်ပေ့စေတော့

khine said...

nice artile

RakhineThuChay said...

nice artile. I like and always read ur artile.

BLACK DREAM said...

အစ်ကို အရေးအသားတွေ အရမ်းကောင်းတယ်ဗျာ..စာရေးစရာလုပ်စားပါလား..ဗဟုသုတလည်းရတယ်.. ကျေးဇူးပဲအစ်ကိုရေ :)

Sint said...

There is Burmese saying, you are happier when you found mushroom than when you get gold.

Oh...I miss those day....very first time when I found mushroom.