Saturday, April 18, 2009

ကားဆရာနဲ့ လင်္ကာဆရာ...

`မုဒုံ... မော်လမြိုင်ကို၊ မုဒုံ... မော်လမြိုင်ကို´
`အခုထွက်မှာနော်၊ သင်္ဘောစီးရင် တနေကုန်မှာ၊ ဘားအံကို နေ့ချင်းမီ အရောက်သွားချင်သူတွေ မော်တော်ကားနဲ့ တော်တော်သွားမှ အလုပ်ဖြစ်မှာ´
`လာ...၊ လာ အမ၊ မုဒုံသွားမလို့လား၊ တက်တက်၊ ခဏလေးနေရင်ထွက်တော့မှာပါ၊ သြော်... ဟိုဘက်က အဒိန်းတို့ ကွမ်းယာဆိုင်ကနေ စောင့်နေမယ်လား၊ ရတယ်ရတယ်၊ ကားထွက်တော့ လှမ်းခေါ်လိုက်မယ်´
`အကို မော်လမြိုင်ကိုလား၊ ခေါင်းခန်းလား၊ ရတော့ရတယ်၊ ဒါပေမယ့် ဘုန်းဘုန်းတပါးပါး တက်ရင်တော့ ဖယ်ပေးရမယ်နော်၊ ဟုတ်ကဲ့၊ ခဏနေရင် ထွက်မှာပါ´
`ကဲ...၊ ဆရာရေ ထွက်မယ်၊ မြို့အထွက်နားမှာ ကွမ်းသီးအိတ် ငါးလုံးတင်ရမယ်၊ ကွမ်းယာဆိုင်က ဟိုအမကြီးရေ၊ ကားထွက်တော့မယ်ဗျို့၊ လာလာ´

***

`ရွှေဒိုး အ၀င်ကျ အရှိန်နည်းနည်းလျှော့မယ် ဆရာရေ့၊ နွားအုပ်တွေက များပါသဘိနဲ့၊ ကားထဲက အကိုတို့အမတို့ ခေါင်းပေါ်မှာ ကျွတ်ကျွတ်အိတ်တွေ စွပ်ထားကြမလား၊ မပူနဲ့ မပူနဲ့ ဒီလမ်းအကြောင်း သိလို့ ခရီးသည်တွေ အဆင်ပြေအောင် ကျနော် ကျွတ်ကျွတ်အိတ်တွေ ဆောင်ထားတယ်၊ ရော့ ရော့၊ အင်း...၊ နွေရောက်ပြီဆိုတော့လဲ လမ်းက မြေသားလမ်းဆိုတော့ ဖုန်တွေက အရမ်းထူတာပဲကိုး၊ ကတ္တရာလမ်း ခင်းနိုင်တဲ့အခါကျ သက်သာမယ် ထင်တာပဲ´

`ဖြည်းဖြည်း ဆရာရေ...၊ ဒီနေရာက လှည်းလမ်းဟောင်းဆိုတော့ ထိန်းမောင်းမှ...။ ဟောဟော...၊ ရှေ့မှာ သံပုရာရွာအ၀င် မြစ်ကူးတံတားကို ရောက်တော့မှာပဲ၊ ကဲ...ကဲ၊ ခရီးသည်တွေ တံတားရောက်တဲ့အခါ အားလုံး ကားပေါ်က ဆင်းလျှောက်ပေးပါနော်၊ တံတားက သစ်သားတံတားဆိုတော့ ၀ိတ်မခံနိုင်ဘူး၊ ဆရာရေ့...၊ ဂိတ်ကြေး သုံးရာ အသင့်ပြင်ထား´

`ဟုတ်ကဲ့...၊ ခရီးသည်နဲ့ ကွမ်းသီးအိတ် လေးငါးဆယ်လုံးပဲ တင်လာတာပါ၊ အချိုမှုန့်တွေ ဆီပုံးတွေလား...၊ မတင်ရပါဘူး ဆရာရယ်၊ ဆရာ...၊ ဒီမှာနော် ဂိတ်ကြေး သုံးရာ၊ ကဲ...၊ ခရီးသည်တွေ ပြန်တက်လို့ရပါပြီ၊ ဆွဲ...ဆရာရေ့))))´

***

`ရှေ့က ငါးအိမ်စုမှာ ခရီးသည်သုံးယောက် ရပ်စောင့်နေတယ် ဆရာရေ့၊ ဖြည်းဖြည်းလှိမ့်ထားမယ်။ လာလာ၊ ညီလေးတို့၊ ဘယ်လဲ မော်လမြိုင်လား၊ သြော... ရန်ကုန်အထိ သွားကြမယ်လား၊ အေးအေး... ကောင်းတာပေါ့ကွာ၊ တက်တက်၊ ခေါင်မိုးပေါ် တက်လို့ရတယ်၊ ကဲ...၊ အထဲက ကျားကျားယားယား အမျိုးသားတွေလဲ ၀ါသနာပါရင် ဒီစီတန်း ခေါင်မိုးပေါ်ကနေ လိုက်လို့ပြီနော်၊ ဖုန်ထူတဲ့ ဘ၀တွေက ရွှေဒိုးမှာ ကျန်ခဲ့ပြီ´

`ဟ...ဟ၊ ရှေ့က ချောင်းကူးတံတားလေးက ကျိုးနေတာလား မသိဘူး၊ ကားဆရာရေ၊ ရပ်ရပ်...၊ ကျနော် ဆင်းပြီး အရင်ပြေးကြည့်လိုက်ဦးမယ်၊ ဟာ...၊ သေချာတာပေါ့ ကျိုးနေတယ်၊ ကားကြီးတွေ လက်ချက်ပဲနေမှာ၊ အဲ...၊ ဟိုဘက်မှာ လမ်းလွှဲရှိသဗျ။ ခရီးသည်တွေ အောက်ခဏဆင်းလျှောက်ပေးပါဦး´

`အကိုရေ ဖြည်းဖြည်း၊ ဖြည်းဖြည်း၊ ချောင်းအတက်ကျမှ အရှိန်ယူ ရုန်းမယ်၊ နင်းထား...၊ လီဗာကို တော့တော့ပြီး နင်းပေး၊ ဂျမ်းတုံးလား၊ ခု ပါတယ်ဗျ၊ ဟာ... မရဘူးဗျို့၊ ခရီးသည် အကိုတို့ရေ၊ လုပ်ပါဦးဗျာ၊ မုန့်ဟင်းခါးစားလေး ကြွပါဦး၊ ဟဲဟဲ၊ ဒီလိုပဲပေါ့ဗျာ။ တခရီးတည်းသွားရတာ မှတ်လား၊ ကဲ...၊ တွန်းကြမယ်ဗျို့၊ တစ်...နှစ်...၊ သုံးးးးး´

`ဟေးးးး၊ ရပြီကွ´

` အားလုံးပဲ တက်တက်၊ ဆက်ထွက်ကြမယ်´

***

`ကဲ...၊ ခရီးသည်တွေ၊ ရှေ့မှာ ချောင်းနှစ်ခွရွာရောက်တဲ့အခါ ကားက ဇက်နဲ့ကူးရမှာမို့ နာရီဝက်တနာရီတော့ အချိန်ရတယ်၊ အားလုံး ထမင်းစားလို့ရပါတယ်။ ကားခလေးတွေ အဲဒီရောက်မှ ပေးကြပေါ့ခင်ဗျာ´

`ဟော...၊ ထင်တဲ့အတိုင်းပဲဗျို့၊ ဇက်က ဟိုဘက်ကမ်းရောက်နေတယ်၊ ကားဆရာရေ့၊ အညိုတို့ ထမင်းဆိုင်ရှေ့မှာ ရပ်မယ်´

`ဟဲ့...၊ အညို၊ ငါ့ကို ၀က်သားနဲ့ တပွဲပြင်ပေး၊ ကားဆရာက ဘာနဲ့စားမလဲ၊ ငါးကြင်းနဲ့တဲ့ဟဲ့၊ အေး၊ မြန်မြန်လေး လုပ်ဟာ၊ ဗိုက်က ဆာလှပြီ၊ လမ်းမှာလဲ ကားကနစ်နေသေးတယ်´

`ဒါနဲ့အညို...၊ မော်လမြိုင်က အတက်သင်္ဘော ဆိုက်သွားပြီးပလား၊ သြော်၊ အေးအေး၊ ချောင်းစပ်မှာလဲ သခွားသီးလှေတွေ တယ်များပါလားဟ၊ သခွားသီးတွေ ဈေးကောင်းနေလို့လား။ အင်းအင်း၊ လိုက်ပွဲ တပွဲပေးစမ်းပါဦးဟာ၊ ဘယ်လောက်ကျလဲပါ တွက်လိုက်၊ သြော်...၊ ကားဆရာအတွက် လန်ဒန်တဘူးလောက်ပါ ယူခဲ့ဟာ´

***

`ကဲ...၊ ခရီးသည်တွေ အားလုံး၊ ဇက်ပေါ် တက်ကြမယ်ဗျို့၊ ဇက်ထွက်တော့မယ်၊ ဇက်ဆရာရေ့...၊ ခဏလေး၊ ခဏလေး၊ သြော်ဗျာ...၊ ဒီလမ်းဒီခရီး ဒီကားသမားနဲ့ ဒီခရီးသည်တွေနဲ့ ဒီဇက်ပဲဟာဗျာ၊ ကိုယ့်ချင်းကိုယ့်ချင်းတွေပဲ အကိုကြီးကလဲ စောင့်ပေးပါဗျာ၊ ဟော...၊ ပြောရင်းဆိုရင်းနဲ့ လူစုံပါပြီဗျ၊ ဇက်ထွက်လို့ရပြီ´

`အင်း...၊ တက်ကြ၊ တက်ကြ၊ အမိုးပေါ်က ရွှေညီအကိုများ၊ ခလယ်တံခွန်တိုင်ဂိတ် ဟိုဘက်ကျရင်တော့ ကားထဲပြန်ဝင်ပေးပါဦးဗျာ၊ အင်း...၊ အဲဒီဂိတ်ကလူတွေက အရမ်းရစ်လို့ပါဗျာ၊ ကားခလေးတွေလဲ ကူညီကြပါဦး´

***

`လမ်းတော့ ကောင်းလာပြီ ဆရာရေ့၊ ဒါပေမယ့် အလှူခံမဏ္ဍပ်တွေတော့ များတယ်၊ တချို့အလှူခံတဲ့ ကလေးတွေက လမ်းမပေါ် အတင်းတက်တယ်ဗျာ၊ ရွာဝင်ရွာထွက်တွေမှာ သတိထားမှ´

`ရှေ့မှာ ခုနှစ်ခွေတောင် တက်မယ် ဆရာရေ၊ အကွေ့မှာ ဟွန်းတီးထား၊ ဟာ...၊ ဟာ...၊ ဟိုပေါ်က ဆင်းလာတဲ့ကား၊ အတက်ကားကို ဦးစားပေးရမယ် ဆိုတာ မသိဘူးလား၊ ဟေ့...၊ ဘယ်လိုမောင်းတာလဲကွ၊ ကားသမားဖြစ်ပြီး ဒါလေးတောင် နားမလည်ဘူးလား၊ ဆရာရေ့ တင်ထားမယ်၊ ဟုတ်ပြီ´

`ကဲ...၊ ဒီတခါတော့ ကျနော်တို့က အဆင်းလမ်း ပြန်ဖြစ်ပြီ၊ ဖြည်းဖြည်း ဖြည်းဖြည်း၊ ဟော...၊ တက်လာတယ်၊ အတက်ကားလာနေတယ်၊ ဘေးကို ကပ်ထားပေးမယ်၊ ဟွန်းသံပေးထားမယ် ဆရာရေ၊ ခရီးသည်တွေ သေချာကိုင်ထားပါ´

`ဟူး...၊ အခုမှပဲ စိတ်အေးရတော့တယ်ဗျို့၊ ကဲ...၊ ခုနှစ်ခွေတောင်ကို လွန်လာပြီဆိုတော့ အရှေ့မှာဆို မုဒုံရောက်ပါပြီဗျာ။ မုဒုံခရီးသည်တွေ ဂိတ်ဆုံးပါပြီ၊ မော်လမြိုင်ခရီးသည်တွေကတော့ ကားပြောင်းစီးရပါမယ်၊ သြော်၊ ကားခလား၊ ထပ်မပေးရပါဘူးခင်ဗျာ၊ မုဒုံမော်လမြိုင်လမ်းအတွက် ကားသမားအချင်းချင်း ခရီးသည် ကူတင်လာတဲ့ သဘောပါ၊ ကဲ...၊ အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ´

***

ကလိုစေးထူး


မှတ်ချက်။ (ဟိုးတုန်းက ဖတ်ခဲ့ရတဲ့ `လှည်းဆရာနဲ့ လင်္ကာဆရာ´ ဆိုတဲ့ စကားပြေကို ကျနော် အရမ်းကြိုက်ခဲ့ဖူးပါတယ်။ ရေးသူကတော့ သိပ္ပံမောင်ဝ လို့ ထင်ပါတယ်။ လှည်းမောင်းသူတယောက်၊ သူရဲ့ လှည်းလမ်းခရီးတလျှောက်မှာ နွားတွေကို အော်ငေါက်ရင်း၊ နွားလှည်းကို ထိန်းကျောင်း မောင်းနှင်သွားရင်း ပြောတဲ့ စကားတွေဟာ လင်္ကာဆရာတယောက် လင်္ကာစပ်သလိုပါပဲလို့ စာရေးသူက တင်စားပြီး အဲဒီစကားပြေကို ရေးခဲ့ပါတယ်။

ကျနော်လဲ အဲဒီ စကားပြေကို နှစ်သက် အားကျစိတ်နဲ့ လှည်းသမားနေရာမှာ ကားစပယ်ရာ အသွင် ဖန်တီး သရုပ်ဖော် ရေးစမ်းကြည့်မိတာပါ။ လမ်းခရီးကတော့ ကျနော်တို့ မြို့ကလေးနဲ့ မုဒုံကို အသွားခရီးကို ပုံဖော်ပါတယ်၊ အရေးအသား လိုအပ်ချက်ရှိနေတာတွေ့ရင် အားမနာစတမ်း ထောက်ပြဝေဖန်ပေးပါဦး)

Tuesday, April 14, 2009

ထွင်ခဲ့စဉ်က...

ကျနော် ကိုးတန်းကျောင်းသား အရွယ်ကပေါ့။

အဲဒီအရွယ်ဆိုတာက လူကြီးလဲမဟုတ်၊ ကလေးလဲ မဟုတ် စကောစက ဆိုတော့ တခါတလေကျရင် ပေါက်ပေါက်ရှာရှာတွေ သိပ်ထွင်တတ်တယ်။ ကိုယ်က ထွင်လုံးထုတ်ပြီး လုပ်တဲ့ အလုပ်တခုကို တခြားသော အရွယ်တူတွေက လိုက်လုပ်တဲ့အခါတို့၊ လူတွေက အာရုံစိုက်လာတဲ့ အခါမျိုးတို့ဆိုရင် ကျေနပ်နေသေးတာ...။

အဲဒီအရွယ်တုန်းက အထွင်တကာ့ ထွင်လုံးတွေက ဘာတွေလဲဆိုတော့... ... ...။

***

၏ဌွေး
ဗရ်ဋေါ့ဠေခ် ဠာဋွေ့ဠို့ယမဠဲ။ ဃြီဋိုက်ဋာဋေါ့ မဟုဋ်ဘာဗူး။ ငါ့ဃိုပျံခြစ်ဘာဋော့ဏော်။

အပေါ်မှာ ရေးထားတာ ကြည့်လိုက်ရင် ရုတ်တရက် မျက်စိ လည်သွားမှာပေါ့။ တကယ်တော့ ဒီနည်းကို ငယ်သူတို့ဘာဝ ရည်းစားသနာတွေ ခိုးထားတဲ့အခါ အိမ်က လူကြီးတွေ မသိအောင် အချိန်းအချက်လုပ်ကြတာပါ။ သတ်ပုံကို မှားနိုင်သမျှ မှားအောင် ရေးရတယ်။ ဒါမှ လူကြီးတွေ မျက်စိလည်မှာကိုး။ စာရဲ့ အဓိပ္ပာယ်က...

အိထွေး
ဘယ်တော့လောက် လာတွေ့လို့ ရမလဲ။ ဂျီတိုက်တာတော့ မဟုတ်ပါဘူး။ ငါ့ကို ပြန်ချစ်ပါတော့နော်။

...လို့ ပြောချင်တာပါ။ ကိုယ့်ထွင်လုံးနဲ့ကိုယ် အဲဒီအရွယ်တုန်းကတော့ သဘောကို ကျလို့ပေါ့။ ဒါပေမယ့် မြန်မာစာ ဆရာမက အဲလိုစာမျိုးတွေ့ရင် အရမ်းစိတ်ဆိုးတတ်ပါတယ်။

***

နောက်တနည်း ထွင်ရေးတာ တခု ရှိပါသေးတယ်။ အဲဒါကတော့ မြန်မာဗျည်း ၃၃ လုံးကို နံပါတ်အစဉ်လိုက် ယူပြီး ဗျည်းတွဲတွေနဲ့ တွဲရေးတာပါ။ ဥပမာ...၊ က ဆိုရင် ၁၊ ခ ဆိုရင် ၂၊ ဂ ဆိုရင် ၃...၊ အဲဒီလို စီသွားလိုက်တာ အ ကျတော့ ၃၃ပေါ့။ အဲဒါတွေကို ဗျည်းတွဲနဲ့ တွဲပြီး ထွင်ရေးပါတယ်။ ဥပမာ တကြောင်းရေးပြပါမယ်။

ေ၃၁့ေ၁ါင်ေ၁ျာ်ြ၁ီး
၁၀ေ၂၀ ၁ျ ၂၇၅် ၁၆၁် ၂၂၁်ေ၁၂ ၇ို၅် ၂၅ှာ ၇ုံ ၂၇ေ၃၃ာ၁်။

ရုတ်တရက် ဖတ်လိုက်ရင် မျက်စိလည်စရာ မကောင်းဘူးလား။ တကယ်တော့ သူပြောချင်တာက...

ဟေ့ကောင်ကျော်ကြီး
ညနေကျရင် လက်ဖက်ရည်ဆိုင်မှာ ဆုံရအောင်

...လို့ ရေးထားတာပါ။ ဗျည်းတွေနေရာမှာ နံပါတ်အစဉ်လိုက် ၁၂၃၄ ဂဏန်းတွေ အစားထိုးပြီး ဗျည်းတွဲတွေနဲ့ ပေါင်းရေးလိုက်တော့ လူကြီးတွေ ခမျာ မျက်စိကို လည်ရော...။ နောက်တော့လဲ ဆရာ၊ ဆရာမတွေက သိသွားတာပါပဲ။

***

စာရေးတာတင် ထွင်တာလား ဆိုတော့ ဒါတင် မဟုတ်သေးပါဘူး။ စကားပြောတာကိုလဲ ထွင်လိုက်ကြသေးတယ်။ ဒါကတော့ အတော်များများလဲ ကြားဖူးမယ်လို့ ထင်ပါတယ်။ စကားလုံးတခုခုနဲ့တွဲပြီး ပြောချင်တဲ့ စကားတလုံးစီကို စကားလိမ် လုပ်ပြောတာပါ။ ဥပမာ...၊ တွဲပြီးပြောမယ့် စကားလုံးက `တယ်´ ဆိုပါစို့၊ `နေကောင်းလား´ လို့ ပြောချင်ရင် `နေတယ်၊ကောင်းတယ်၊လားတယ်´ ဆိုပြီး တလုံးစီကို တယ်နဲ့ တွဲပြီး စကားလိမ်လုပ်လိုက်တော့ `နယ်တေ ကယ်တောင်း လယ်တား´ ဆိုပြီး ထွင်ပြောတာပါ။ ကိုယ်တွဲပြောရမယ့် စကားလုံးကိုတော့ အချင်းချင်း နားလည်မှု ယူရတာပေါ့။

`နယ်တင် ညယ်တ နယ်တေ အယ်တား လာတား´ (နင် ညနေ အားလား)
`ဘယ်တာ လယ်တုပ် မလယ်တို့ လယ်တဲ´ (ဘာလုပ်မလို့လဲ)
`ပယ်တန်း ချယ်တယ် ရှယ်တောက် လည်တယ် မယ်တယ် လယ်တေ´ (ပန်းခြံ လျှောက်လည် မယ်လေ)

အဲဒီ စကားပြော ထွင်လုံးက ဘယ်လောက်ထိတောင် တွင်ကျယ်သလဲ ဆိုရင် ကလေးပိစိလေးတွေက အစ လိုက်ပြောကြတဲ့ အထိပါပဲ။ လူကြီးတွေကတော့ `နင်တို့ဟာက ဘာတွေတုန်း´ ဆိုပြီး မျက်စိကို လည်လို့ပေါ့။ အဲလိုနဲ့ ကျနော်လဲ အဲဒီစကားကို တွင်တွင်ကြီးကို ပြောဖြစ်ခဲ့ရင်းနဲ့ တနေ့ကျတော့...

***

အဲဒီနေ့က ဗွီဒီယိုရုံမှာ ရဲကိုကိုရဲ့ `စွန့်စားမယ့် အချစ်´ ကား ပြတာကို ကျနော်နဲ့ နေဇာ ညီအစ်ကို နှစ်ယောက် အရမ်းသွားကြည့်ချင်နေတယ်။ မေမေ့ကလဲ ခွင့်ပြုမလား မပြုလား မသေချာဘူး။ စာကြည့်စားပွဲမှာ စာသာကျက်နေရတယ်၊ ဟိုကောင်ကလဲ ကျနော့်ဘက် ကွက်ကြည့်ကွက်ကြည့်၊ ကျနော်ကလဲ မေးဆတ်ပြီး ဘယ်လိုလဲ လို့ ငဲ့ကြည့်ငဲ့ကြည့်ပေါ့။ ခဏနေတော့ နေဇာ ကျနော့်နား ရောက်လာပြီး အသံခပ်အုပ်အုပ်နဲ့...

`ကယ်တကို ကျယ်တကီး´ (ကိုကြီး)
`ဘယ်တကာ လာတလဲ´ (ဘာလဲ)
`ရယ်တကဲ ကယ်တကိုကယ်တကို ကယ်တကား ကြယ်တကိ ချယ်တကင် တယ်တကယ်´ (ရဲကိုကိုကား ကြည့်ချင်တယ်)
`မယ်တကေ ကျယ်တကီး ကယ်တက ပယ်တကေး ကျယ်တကိ မယ်တကယ် မထယ်တကင် ဘယ်တဘူး´ (မေကြီးက ပေးကြည့်မယ် မထင်ဘူး)´

`နင်တို့ နှစ်ကောင် ဘာတွေပြောနေကြတာတုန်း´

နောက်ကနေ ကပ်လျက်ပေါ်လာတဲ့ မေမေ့အသံကြောင့် ညီအစ်ကို နှစ်ယောက်လုံး ကမန်းကတန်းနဲ့ `ဘာမှ မဟုတ်ပါဘူး မေကြီးရ၊ နေဇာက စာမရှင်းတာ လာမေးတာပါ´ လို့ ပြောပြီး ဟိုကောင် နေဇာ့ကို မျက်ရိပ်ပြလိုက်တယ်။ မေမေက ဘာမှမပြောဘဲ ပြန်လှည့်သွားတယ်။

ဒါနဲ့ပဲ စာကို စိတ်မပါလက်မပါနဲ့ ဆက်ကျက်နေတာပေါ့။ ဆယ်မိနစ်လောက်လဲ ကြာရော မေမေ့ဆီက အသံထွက်လာတာက...

`သယ်တကား ကျယ်တကီး´

`ဗုဒ္ဓေါ´ ဆိုပြီး စိတ်ထဲကနေ ယောင်အော်ပြီး မေမေ့ဆီ အလန့်တကြား ကြည့်လိုက်တာ မေမေက အောင်နိုင်သူ စစ်သူကြီးရဲ့ မျက်နှာမျိုးနဲ့...

`လယ်တကာ စယ်တကမ်း´

မေမေ့ အနားကို ခပ်ကုပ်ကုပ်လေး လျှောက်သွားတော့...

`ငါကလေ၊ နင်တို့ကို မွေးထုတ်ထားတဲ့ အမေပါဟဲ့၊ နင်တို့ကိုယ် နင်တို့ တော်တော်လည်နေပြီ ထင်နေသလား´
`...........´
`ရော့၊ ပိုက်ဆံ၊ သွားကြည့်ကြ၊ စက်ဘီးမပျောက်စေနဲ့´

ဘာရမလဲ ညီအစ်ကိုနှစ်ယောက် အိမ်ပေါ်ကနေ ကဆုန်ပေါက် ပြေးဆင်းတာပေါ့။ ဒါပေမယ့် အဲဒီစကားလိမ်ပြောနည်းကတော့ အဲဒီနေ့ကစပြီး နောက်ထပ် မပြောဖြစ်တော့ဘူး။

ငယ်စဉ်ရွယ်စဉ်ဘ၀ ဆိုတော့လဲ ထွင်တတ်တာကိုး။

***

ကလိုစေးထူး

(သွားမယ်၊ စားမယ်၊ လုပ်တယ်၊ ကိုင်တယ် ဆိုတာတွေကို သွားမရ်၊ စားမရ်၊ လုပ်တရ်၊ ကိုင်တရ် လို့ ရေးကြတာ တချို့တွေ့မိတော့ ကျနော်သည်လဲ ထွင်ရေး၊ ထွင်ပြောဖူးခဲ့တဲ့အကြောင်း ဒီစာကို ရေးဖို့ စိတ်ကူးရမိတာပါ။)

Monday, April 13, 2009

ဂွမ်းတဲ့ည...

ည ၁၁ နာရီနဲ့ ၁၇ မိနစ်တဲ့...။

ဒီအချိန်ဆိုရင် ရွှေပြည်ကြီးမှာ ဘယ်အချိန်ရှိလောက်ပါ့မလဲလို့ စဉ်းစားမိတယ်။ အင်း...၊ မနက် ဆယ်နာရီနဲ့ ၄၇ မိနစ်လောက်တော့ ရှိမှာပေါ့လေ။ ကျနော့်ဆီမှာ ဧပြီ ၁၂ ရက်နေ့ ည ဆိုပေမယ့် ရွှေပြည်ကြီးမှာတော့ ၁၃ ရက်နေ့ မနက်ပေါ့။

အသက် ခပ်ငယ်ငယ် ဒီလိုနေ့ ဒီလို အချိန်တုန်းကဆိုရင်တော့ ဘာပြောကောင်းမလဲ၊ အိမ်မှာရှိတဲ့ မေမေ့ရဲ့ ပလတ်စတစ် အ၀တ်လျှော် ဇလုံကြီး အကြီးကြီးကို အိမ်ရှေ့မှာချ၊ ရေပုံးလေးနဲ့ ခေါက်တုံ့ခေါက်ပြန်သယ်ပြီး အဲဒီဇလုံထဲ ရေဖြည့်၊ ခါတိုင်း ရေချိုးနေကျ ဒန်ဖလားကိုပါ ယူလာပြီး အိမ်ရှေ့မှာ ဖြတ်သွားသမျှ လူတွေကို လိုက်ပက်တော့တာပဲ။ ကောင်းကောင်း အပက်မခံရင် နောက်ကနေ ရေပြွတ်နဲ့ လိုက်ထိုးသေးတာ...။ တချို့ လူကြီးတွေက `ဟေ့ကောင်လေး၊ မနက်အစောကြီး ရှိသေးတယ်ကွ´ လို့ ပြောလဲ မရဘူး။ `သင်္ကြန်ကျပြီဗျ´ ဆိုပြီး အတင်းလိုက်ပက်တာပဲ။

အခုတော့ ...၊ မှောင်မှောင်မဲမဲ အခန်းထဲမှာ မီးရောင် ခပ်မှိန်မှိန်ရယ် အလင်းရောင်စူးနေတဲ့ ကွန်ပျူတာ မျက်နှာပြင်ရယ်ပဲ ရှိတယ်။

***

မနက်ကပေါ့...။

ဒီပြည်နယ်ကို တလောကမှ ရောက်လာတဲ့ မြန်မာဘုန်းကြီးတပါးကို ၀တ်ပြုဂါဝရ ပြုကြရင်း ဒီကိုရောက်နေကြတဲ့ မိသားစုတွေထဲကမှ သက်ကြီးရွယ်အိုတွေကို ဂါဝရပြုကန်တော့ကြတဲ့ ပွဲလေးကို ရောက်သွားတယ်။ ဘာမှ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားတွေ လုပ်ဖြစ်ခဲ့ကြတာတော့လဲ မဟုတ်ပါဘူး။ အိမ်တအိမ်မှာ လူစုပြီး ဘုန်းဘုန်းကို ၀တ္ထုငွေကပ်သူကပ်၊ ဆွမ်းအခြောက်အခြမ်း လှူသူလှူ၊ ဘုန်းဘုန်းက ဆုတွေချွေ၊ ပြီးတော့ အသက်အရွယ်ကြီးသူတွေကို မိမိ တတ်နိုင်ရာအလိုက်လေး ကူကြ၊ ကန်တော့ကြပေါ့။

ကန်တော့ကြတဲ့ အစီအစဉ်လဲ ပြီးရော တယောက်က ထအော်တယ်။ `သင်္ကြန်ကျကြရအောင်ဟေ့´ တဲ့။ ဒါနဲ့ပဲ အိမ်ရှင်ဖြစ်သူက သူဝယ်ထားတဲ့ ငါးခြောက်တွေနဲ့ သင်္ကြန်ကြော်နဲ့ သင်္ကြန်ထမင်း ချက်စားကြဖို့ လုံးပန်းတယ်။ တခြားသူတွေက တီဗွီရှေ့မှာထိုင်၊ ရန်အောင် သင်္ကြန်ခွေဖွင့်လိုက်၊ ဇော်ပိုင်သင်္ကြန်ခွေဖွင့်လိုက်၊ ရတနာမြိုင် သင်္ကြန်ခွေဖွင့်လိုက်နဲ့ အသံကောင်းကောင်း မကောင်းကောင်း သင်္ကြန်သီချင်းတွေ လူတိုင်း အော်ဟစ် ဆိုကြတာပဲ။

`သင်္ကြန်အက ဘယ်သူကတတ်လဲဟေ့´ ဆိုတော့ မနီ ဆိုတဲ့ တယောက်က `ကြာသလားလို့´ ဆိုပြီး ထကပါလေရော။ `ငါတို့ကတော့ ဒိုးဒိုးဒန့်ဒန့်ကို ပိုကြိုက်တယ်´ ဆိုပြီး ရဲလေးနဲ့သီရိ တွဲဆိုထားတဲ့ `ဟိုအရင်က သင်္ကြန်ရက်´ သီချင်းနဲ့ ထကသူကလဲ ရှိသေးတယ်။ ဟိုလူက တပုဒ်၊ ဒီလူက တပုဒ်နဲ့ အိမ်တအိမ်လုံးလဲ သင်္ကြန်သီချင်းတွေနဲ့ ဆူညံသွားတာပဲ။ အပေါ်ထပ်မှာ ရှိနေတဲ့ ဘုန်းဘုန်းကတောင် လှေကားထိပ်ကနေ လာရပ်ကြည့်ပြီး နားလည်စာနာတဲ့ အကြည့်တွေနဲ့ ပြုံးပြုံးကြီး ငေးလို့...။

`သင်္ကြန်ကြော် ကျက်ပြီဟေ့´ လို့ အိမ်ရှင်က အော်လိုက်တာနဲ့ မီးဖိုထဲကို အလုအယက်ပြေးသွားကြတယ်။ အမြန်ချက်တဲ့ သင်္ကြန်ထမင်းကတော့ ဘာမှထူးထွေခက်ခဲလှတာလဲ မဟုတ်ပါဘူး၊ ဖယောင်းနံ့တွေ ဘာတွေ ရအောင်လဲ မလုပ်ဖြစ်ဘူး။ ထမင်းကို ခပ်ပျော့ပျော့ချက်ပြီး ရေတွေစိမ်၊ ပြီးရင် သင်္ကြန်ကြော်လို့ ခေါ်တဲ့ ကမန်းကတန်း ငါးခြောက်ကြော်နဲ့ လွှေးကြတာပါပဲ။

`မုန့်လုံးရေပေါ်လေး စားချင်လိုက်တာဟယ်´ ဆိုပြီး တယောက်က ပြောနေသေးတယ်။ `အမယ်၊ ရုပ်ကြမ်းကြီးနဲ့ နုမနေနဲ့၊ လာစမ်းပါ´ ဆိုပြီး နောက်တယောက်က ပုခုံးဖက်ခေါ်ပြီး သင်္ကြန်နဲ့ ဘာမှမဆိုင်တဲ့ စိုင်းစိုင်းရဲ့ သီချင်း `တောဂေါ်လီ´ ကို လိုက်အော်ဆိုပြီး ပျော်နေကြတာ။ ပျော်နေကြတာထက် ရောက်နေတဲ့ နေရာလေးမှာ ပျော်အောင်နေတတ်ကြတာလို့ ပြောရင် ပိုများမှန်မလား။

ဖိုးကာပြန်ဆိုထားတဲ့ `နှစ်သစ်မင်္ဂလာ´ သီချင်းကို ကျနော် ဆိုတော့ တပိုဒ်တောင် ပြည့်အောင် မဆိုလိုက်ရပါဘူး။ အကုန်ဝိုင်းအော် ဆိုကြတာနဲ့ပဲ အသံတွေက ကျွတ်ကျွတ်ကို ညံလို့...။

မြနန္ဒာလား...၊ ဘယ်နေမလဲ။ ပါလိုက်သေးတာပေါ့။ ပြောရရင် ဂျေးမီရဲ့ `ခေတ်သစ်သင်္ကြန်ယိမ်း´ သီချင်းတောင် ရရမရရ ၀ိုင်းအော်လိုက်ကြပါသေးတယ်။

***

ရန်ကုန်က သင်္ကြန်အကြိုမနက်ကတော့ အခုလောက်ဆို ကားတ၀ီဝီ၊ ရေတဗြန်းဗြန်းနဲ့ လန်းချင်လဲ လန်းနိုင်တယ်၊ ရမ်းချင်လဲ ရမ်းနိုင်တယ်။

နယ်မြို့ကလေးက သင်္ကြန်အကြို မနက်မှာလဲ လှည်းသံက တဂျွမ်းဂျွမ်း၊ ရေပက်သံက တဗွမ်းဗွမ်းနဲ့ ဆန်းချင်လဲ ဆန်းနိုင်တယ်။

ဒီဘက်က ကမ္ဘာတဘက်ခြမ်း သင်္ကြန်ညမှာတော့ ဘလော့ဂါ ကလိုစေးထူးတယောက် ဂွမ်းချင်တိုင်း ဂွမ်းနေလေရဲ့။

***

ကလိုစေးထူး



(ဂွမ်းဂွမ်းနဲ့ သီချင်းနားထောင်ကြတာပေါ့ဗျာ)

Monday, April 06, 2009

တရားခံ ဘယ်သူလဲဟေ့...

ကျနော်နေခဲ့တဲ့ နယ်မြို့ကလေးမှာ ကတ္တရာခင်း လမ်းဆိုလို့ မြို့လယ်လမ်း တခုထဲရှိတယ်။ မြို့ကလဲ ပိစိကွေးလေး ဆိုတော့ လမ်းအရှည်ကလဲ မြို့ရဲ့အစ သင်္ဘောဆိပ်ကနေ ဟိုးဘက်က မြို့ပြင်ကို အထွက် စစ်တပ်ဂိတ်အထိမှ တမိုင်ခွဲသာသာရယ်...။ အဲဒီမြို့လယ်လမ်း နာမည်က ဗိုလ်ချုပ်လမ်း...တဲ့။

မြို့ထဲလို့ သတ်မှတ်လို့ရနိုင်တဲ့ အိမ်စုစုလေးတွေကနေ ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်လာရင် ဌာနဆိုင်ရာ ရုံးတချို့ကို တွေ့နိုင်တယ်။ အဲဒီကမှ နည်းနည်းလေး ထပ်လျှောက်လိုက်ရင်တော့ ခပ်ညှို့ညှို့ခပ်အုပ်အုပ် ကြို့ပင်အကြီးကြီး တပင်က ဗိုလ်ချုပ်လမ်းကို အုပ်မိုးထားတယ်။ အဲဒီ ကြို့ပင်ကြီးကြောင့်ပဲ ကျနော် နေထိုင်ခဲ့တဲ့ ရပ်ကွက်ကို ရပ်ကွက်(၁)လို့ မခေါ်ဘဲ ကြို့ကုန်းလို့သာ ပိုပြီး ခေါ်တွင်ဖြစ်ကြပါတယ်။

ကျနော် နေထိုင်ခဲ့တဲ့ ကြို့ကုန်းအတွက်ရော မြို့ကလေးမှာပါ အထင်ကရဖြစ်တဲ့ နေရာလေး တခုက ကြို့ပင်ကြီးရဲ့ ခပ်လှမ်းလှမ်းမှာ ရှိတယ်။ အဲဒါကတော့...

`ဒေါ်ငွေကြည်´ လက်ဖက်သုပ်ဆိုင်ပါပဲ။

***

၁၉၉၀ ၀န်းကျင်လောက်တုန်းက မြန်မာပြည်မှာ အသင့်စား လက်ဖက်ထုပ်လေးတွေဆိုတာက ဒီလောက်ထိ ဈေးကွက် မတွင်ကျယ်သေးပါဘူး။ ရန်ကုန်မှာ တချို့ဆိုင်တွေ ရှိကောင်း ရှိနိုင်ပေမယ့် ကျနော်တို့မြို့လေးမှာတော့ မရှိခဲ့သေးဘူး။ အဲဒီမှာတင် သားသမီးငါးယောက်ရဲ့ အမေ ဒေါ်ငွေကြည်ရဲ့ စိတ်ကူးလေးနဲ့ ဒီလက်ဖက်ဆိုင် ပေါ်လာတာပါပဲ။

မနက်မိုးလင်းပြီ ဆိုတာနဲ့ သားအကြီးဆုံး ကိုမိုးက လက်ဖက်သုပ်ထဲ ထည့်ဖို့ အုန်းသီးတွေခွဲတယ်။ ဒေါ်ငွေကြည့် လက်ဖက်မှာ မြို့က လက်ဖက်တွေထဲ မပါတာ တခုရှိတယ်။ အဲဒါကတော့ အုန်းသီးတွေကို အမျှင်မျှင်အတောင့်လေးတွေ လှီးပြီး ကြော်ထားတဲ့ အုန်းကြော် ပါတာပါပဲ။ အဲဒီ အုန်းကြော် ကြော်ဖို့အတွက် ကိုမိုးက မနက်တိုင်း မနက်တိုင်း အုန်းသီးတွေ ခွဲရတယ်။ အုန်းသီး ခပ်ရင့်ရင့်တွေကို အခွံခွာ၊ ပြီးရင် အုန်းသီးအသားလုံးချည်း ကျန်အောင် အပေါ်က အခွံမာကို ခွာထုတ်ရတယ်။

ပြီးရင် ကျန်တဲ့ သမီးတွေဖြစ်တဲ့ မခင်ယုကြည်၊ ခင်ယုမော်၊ ခင်ယုလွင်နဲ့ သူဇာယု ဆိုတဲ့ ညီအမလေးယောက်က အုန်းသီးလှီးသူကလှီး၊ လက်ဖက်ကို ဆုံအကြီးကြီးထဲမှာ ညက်နေအောင် ထောင်းသူကထောင်း၊ ပဲကြော်တွေကို သန့်စင်အောင် ခဲရွေးထုတ်တဲ့လူကထုတ်၊ လက်ဖက်ထုပ် ထုပ်တဲ့လူက ထုပ်နဲ့ အလုပ်ရှုပ်တော့တာပဲ။

မွေးထားတဲ့ သမီးလေးယောက်စလုံးကလဲ အချောတွေချည်းပဲဆိုတော့ ဒီသမီးတွေကို လာပိုးပြီး လက်ဖက်သုပ်လာဝယ်တဲ့ ကာလသားတွေကလဲ မနည်းပါဘူး။

ဒေါ်ငွေကြည်ရဲ့ အသင့်စား လက်ဖက်ထုပ်တွေ ဆိုတာက အခုခေတ် အရောင်းတွင်နေကြတဲ့ လက်ဖက်ထုပ်ပုံစံတွေလို မဟုတ်ဘူး။ ကျွပ်ကျွပ်အိတ် ခပ်သေးသေးလေးထဲမှာ ပဲကြော်၊ နှမ်း၊ မြေပဲ၊ အုန်းကြော်၊ ကြက်သွန်ဖြူစိတ် တွေကို နည်းနည်းစီရောထည့်၊ ပြီးတော့ ပလတ်စတစ်အိတ်သေးသေးလေးနဲ့ လုံနေအောင် ထုတ်ထားတဲ့ လက်ဖက်သား ဆီစိမ်အထုပ်ကလေး တထုပ်နဲ့...၊ ဒါပါပဲ။ အရသာကတော့ ထုံးစံအတိုင်း ချဉ်စပ်နဲ့၊ ရိုးရိုးပေါ့။

ဟိုးအစတုန်းကတော့ ဒီလိုပဲ ဆိုင်မှာ အစမ်းသဘောမျိုး လက်ဖက်သုပ် တင်ရောင်းဖြစ်ခဲ့ပေမယ့် စိတ်ကူးကောင်းကောင်းနဲ့ အဲဒီလို အထုပ်ကလေးတွေ ထုပ်ရောင်းတော့ တော်ရုံတန်ရုံ အခြေခံစားသုံးသူတွေအတွက် အတော်လေး အဆင်ပြေတဲ့ စားစရာ တမျိုးဖြစ်သွားတယ်။ နောက်ပိုင်းမှာတော့ လက်ဖက်သုပ်အပြင် ဂျင်းသုပ်ကိုပါ ထည့်ရောင်းတယ်။ သြော်...၊ ပြီးတော့ လူကြီးသုပ်ဆိုတာလဲ ရှိပါသေးတယ်။ မြေပဲ၊ ကြက်သွန်ကြော်၊ နှမ်း လက်ဖက်အသား...၊ အဲဒါတွေပဲ ပါတာကို လူကြီးသုပ်တဲ့။ ဘာဖြစ်လို့ အဲဒီလို ခေါ်တာလဲဆိုတာတော့ မသိပါဘူး။

တခါတလေမှာ ဟင်းချက်ဖို့ အချိန်မရလိုက်သူတွေအဖို့ ဒေါ်ငွေကြည့် လက်ဖက်ထုပ်က အတော်အဆင်ပြေတယ်။ လက်ဖက်အသားထုပ် သေးသေးလေးထဲမှာ ထည့်ထားတဲ့ ဆီက နောက်ထပ်ဆီထပ်ထည့်စရာ မလိုအောင် အလုံအလောက် ဖြစ်ပြီးသားမို့ ပန်းကန်ထဲဖောက်ထည့်၊ ရောနယ်ပြီး ထမင်းဖြူနဲ့စားလိုက်ရင် ကမန်းကတန်း ထမင်းတနပ်တော့ ကိစ္စပြီးတယ်လေ။ အိမ်ကို လာလည်တဲ့လူတွေကို လက်ဖက်နဲ့ ဧည့်ခံချင်တယ် ဆိုတော့လဲ အဲဒီ လက်ဖက်ထုပ်ကိုပဲ နီးရာအိမ်ဆိုင်က ပြေးဝယ်၊ ပုဇွန်ခြောက်လေး၊ ခရမ်းချဉ်သီးလေး ထပ်ရောပြီး သုပ်ကျွေးလို့ရတာပဲ။

မနက် နေရောင်လေး လင်းပျပျ ဖြစ်လာပြီ ဆိုရင်ပဲ ဒေါ်ငွေကြည့် ဆိုင်ရှေ့ကို လက်ဖက်ထုပ် အမှာသမားတွေက ရောက်နေပြီ။ တချို့ကျတော့လဲ လှည်းနဲ့၊ တချို့ကတော့ စက်ဘီးနဲ့၊ အဲဒီလူတွေထက် နည်းနည်းလေး ပိုခေတ်မီတဲ့ လူတချို့ကတော့ ဖွတ်ချက်ဆိုင်ကယ်လေးနဲ့ပေါ့။ ကားနဲ့လာအယူသမားတော့ မရှိပါဘူး။ မြို့ကလေးက ပိစိကွေးကလေးကိုး။

နေ့လည်ကျရင်တော့ ဟိုသမီးလေးယောက်ကို လာပိုးပြီး လက်ဖက်တပန်းကန်ကို တနာရီလောက်ကြာအောင် ထိုင်စားတဲ့ ကာလသားတချို့ ရှိတတ်တယ်။ ဒေါ်ငွေကြည့်ဆိုင် ဟိုဘက်ဘေး ပြည်သူ့ဆေးရုံက နပ်စ်မတွေလဲ တခါတလေ လာစားတတ်သေးတယ်။

ညဘက်ဆိုရင်တော့ နယ်မြို့ဖြစ်တာမို့ ည ၈ နာရီသာသာဆိုရင် ဆိုင်ကပိတ်ပြီ။ ဒါပေမယ့် မနက်မှာ လက်ဖက်ထုပ်လာယူဖို့ အော်ဒါ မှာထားကြသူတွေအတွက် သားအမိ မောင်နှမတွေ ဖယောင်းတိုင်မီးထွန်းပြီး လက်ဖက်ထုပ် ထုပ်ကြရတယ်။ သူတို့အိမ်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်က အုတ်ခုံကနေ လှမ်းငေးရင် အဲဒီမီးရောင် မှိတ်တုတ်တုတ်ကို မြင်နေရလို့ အဲဒီအုတ်ခုံမှာ ထိုင်ပြီး ကိုမွန်းအောင်ရဲ့ `ယု´ သီချင်းကို သွားဟစ်တတ်ကြသူတွေကလဲ ရှိသေးတယ်။

***

တလောက ဆူညံပွက်လောရိုက်သွားတဲ့ သတင်းတွေက လက်ဖက်တွေထဲမှာ ဆိုးဆေးတွေ ပါနေသတဲ့။ သတင်းစာထဲမှာ ဆိုးဆေးပါတဲ့ လက်ဖက်စာရင်းတွေကို ကြေညာလိုက်ပြီးတာနဲ့ နောက်ပိုင်းမှာ လက်ဖက်ထုပ်တွေကိုပါ ဈေးကွက်ထဲမှာ ပြန်သိမ်းကြ၊ နောက်ထပ် လက်ဖက်တွေကိုလဲ ထပ်စစ်ကြ၊ဆေးကြပေါ့။

ကျနော်ကလဲ တိုက်တိုက်ဆိုင်ဆိုင် အဲဒီသတင်းတွေ မပေါ်လာမီလေးတင်ပဲ ယုဇနလက်ဖက်ထုပ် အကြီးကြီး နှစ်ထုပ်ကို သူများ လက်ဆောင်ပေးလို့ ရထားတယ်။ ဆိုးဆေးပါတဲ့ စာရင်းထဲ ယုဇန မပါဘူးကွ ဆိုပြီး အားရပါးရတွယ်နေတာ အခုဆို အထုပ်ကြီးတထုပ်ကုန်ပြီ။ စင်္ကာပူက ထုတ်တဲ့စာရင်းထဲ ယုဇန နာမည်ပါလာတော့လဲ လက်ဖက်ထုပ်တွေက အမှိုက်ပုံးထဲ မရောက်သေးဘဲ အစာအိမ်ထဲပဲ ရောက်နေတုန်းပါပဲ။ တော်တော် အကြောက်တရား နည်းတဲ့ သဘောပေါ့။ :D

ဒါပေမယ့် အခုတလောတော့ အဲဒီ ယုဇနလက်ဖက်ထုပ် တထုပ်ဖောက်စားတိုင်း ဒေါ်ငွေကြည့် လက်ဖက်ထုပ်လေးတွေကို မျက်စိထဲမှာ သွားသွားပြီး မြင်ယောင်မိတယ်။ ဒေါ်ငွေကြည့် လက်ဖက်ဆိုင်ရော အဆင်ပြေပါ့မလား၊ သူတို့လက်ဖက်ထုပ်တွေထဲမှာလဲ ဆိုးဆေးပါနိုင်တယ်ဆိုပြီး ဆိုင်ရာပိုင်ရာတွေက မရောင်းနဲ့လို့များ တားလေမလား။

ဒေါ်ငွေကြည်ကတော့ လက်ဖက်ထဲကို ဆိုးဆေးတွေ ထည့်မဆိုးတာ သေချာတယ်။ ဒါဖြင့် ဆိုးဆေးတွေ ထည့်ဆိုးနေတာက ဘယ်သူပါလိမ့်။

***

ကလိုစေးထူး

Thursday, April 02, 2009

နောက်တခေါက်...

စာရေးဆရာကြီးတယောက်က သူ့စာအုပ်တအုပ်ထဲမှာ ရေးဖူးတာ တခုရှိပါတယ်။

`ကိုယ်ရေးတဲ့ စာတပုဒ်ကို နောက်ခြောက်လ၊ တနှစ်လောက်အကြာကျရင် တခါပြန်ဖတ်ကြည့်၊ အဲဒီလို ပြန်ဖတ်ကြည့်တဲ့အချိန်မှာ ကိုယ့်စိတ်ထဲမှာ တယ်ဟုတ်တဲ့ ငါပါလားလို့ အတွေးဝင်တယ်ဆိုရင် ကိုယ်ဟာ အဲဒီခြောက်လ၊ တနှစ်ကာလ အတွင်းမှာ ဘာမှ မတိုးတက်လာသေးဘူးလို့ မှတ်၊ ဒါမှမဟုတ် အင်း...၊ ငါတော့ဖြင့် အဲဒီတုန်းက ရေးခဲ့တာတွေက ဘယ်နေရာမှာတော့ လိုသွားတာပဲ၊ နောက်နောင် ဒါမျိုး မဖြစ်အောင် လေ့လာဆင်ခြင်မှလို့ အတွေးဝင်ရင်တော့ တိုးတက်လာတယ်လို့မှတ်´ ...တဲ့။

***

ဘလော့ဖော် `ကိုရင်နော် ခင်လေးငယ်´ ရဲ့ ကောင်းမှုကြောင့် ဒီနေ့တော့ ကျနော် ရေးခဲ့ပြီးသမျှ စာတွေကို နောက်ကြောင်း ပြန်လှည့်ပြီး ဖတ်ဖြစ်တယ်။

အပေါ်က ဆရာကြီးရဲ့ စကားအတိုင်းအရဆိုရင်တော့ ကျနော်ဟာလဲ ဘာမှမတိုးတက်လာသေးတဲ့ လူထဲမှာ ပါနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု နောက်တကြိမ် ထပ်မံဖော်ပြမယ့် ပို့စ်ကို ကိုယ့်ဘာသာကိုယ်တော့ ကျေနပ်မိ၊ အားရမိဆဲ ဖြစ်နေလို့ပါပဲ။

ပို့စ်နာမည်က `လမ်းနဲ့ ခလုတ်´ ...တဲ့။ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တုန်းက တင်ဖြစ်ခဲ့တာပါ။ ဖတ်ပြီးသူများ ပြန်လည်ခံစားနိုင်သလို မဖတ်ရသေးသူများအတွက် ပြန်လည်ဆားချက် တူးဖော်လိုက်ပါတယ်။

***


လမ်းနဲ့ ခလုတ်...


ကျနော် အလုပ်မှာ ဒီနေ့ အချိန်ပို ဆင်းရပါတယ်။ အလုပ်ကနေ ညနေ ငါးနာရီကျော်မှ ပြန်ရတော့ မှောင်စပျိုးလို့ နေပါပြီ။ ဟိုကရင် အကိုကြီးက ပုံမှန် အလုပ်နားချိန် သုံးနာရီခွဲကတည်းက ပြန်နှင့်တော့ ကျနော်တယောက်ထဲ ပြန်လာရပါတယ်။ ဟိုတွေးဒီတွေးနဲ့ ပြန်လာရင်းနဲ့ မြစ်ကူးတံတား အတက်နားမှာ ခလုတ်တိုက်မိပါလေရော။ ခြေထောက်က မျက်ကနဲ နာသွားတော့ စိတ်တိုသလိုလို ဖြစ်သွားပါတယ်။ အဲဒါနဲ့ လမ်းဘေးက ခုံတန်းလေးမှာ ၀င်ထိုင်ရင်း ခြေထောက်ကို ငုံ့ကြည့်ပြီး စိတ်ထဲကနေ လမ်းကို မကျေမနပ်ဖြစ်လာပါတယ်။

`တောက်.. ဒီလမ်းကြောင့် ဖြစ်ရတာ´
`အသုံးမကျလိုက်တဲ့လမ်း၊ အခုကြည့်စမ်း.. ခလုတ်တိုက်မိတာ နာလိုက်တာ´
`ကားဝယ်ဖြစ်ရင်တော့လား.. ဒီလိုလမ်းမျိုး လုံးဝမလာဘူးကွာ´

အားရပါးရကြီး လမ်းကို ကျိန်ဆဲရင်း မော့ကြည့်မိတော့ လမ်းက ကျနော့်ကို မျက်မှောင်ကြီး ကုတ်ပြီး ငုံ့ကြည့်နေသလိုပဲ။ နောက်တော့ သူကလဲ ကျနော့်ကို တဖြည်းဖြည်းနဲ့ မကျေမနပ် ရေရွတ်သံတွေ ထွက်လာတယ်လို့ ခံစားလာရပါတယ်။ ဘယ်ရမလဲ.. ကျနော်ကလဲ သူ့ကို မကျေမနပ်နဲ့ ပြန်ပြောတာပေါ့။ ဒီလိုနဲ့ ကျနော်နဲ့ လမ်းနဲ့ စိတ်ကူးထဲမှာ စကားအချေအတင် များကုန်ပါတော့တယ်။

***

`ဟေ့ကောင် ´
`ဘာတုန်းဗျ´
`မင်းက အခုတော့ ငါ့ကို အပြစ်မြင်တယ်ပေါ့လေ၊ ဟုတ်လား´
`ဟာ၊ ဒီမှာကြည့်လေ ကျုပ်ခြေထောက် နာသွားတယ်၊ ခင်ဗျားလမ်းကိုက မကောင်းလို့ပေါ့ဗျ´
`အဲဒါပဲ၊ မင်းတို့ လူတွေ သိပ်ခက်တဲ့ကောင်တွေပဲ´
`ဘာဖြစ်လို့တုန်းဗျ´
`နေစမ်းပါအုံး၊ မင်းကို ငါမေးပါအုံးမယ်၊ ဒီလမ်းကို လျှောက်ဖို့ မင်းကို ဘယ်သူကများ အတင်းအကျပ် တိုက်တွန်းခဲ့လဲ၊ မင်းသဘောနဲ့မင်း လျှောက်ခဲ့တာ မဟုတ်ဘူးလားကွ၊ မင်းပဲ ဒီလမ်းက သာယာသလေး ဘာလေးနဲ့ ပြောခဲ့သေးတယ်လေ´
`ဒါတော့ ဒါပေါ့ဗျ၊ ဒါပေမယ့် အခု ကျုပ်ခလုတ်တိုက်တာ တော်တော်နာတယ်ဗျ´
`အင်း၊ မင်းဆိုတဲ့ကောင် လူဖြစ်ပြီး လောကနိယာမကိုတောင် ဘာမှ နားမလည်သေးဘဲကိုးကွ´
`ဟမ်၊ ဘာဖြစ်လို့တုန်းဗျ၊ ခလုတ်တိုက်တော့ နာတယ်ဗျာ၊ ဒီတော့ ခင်ဗျားကို ကျိန်ဆဲချင်စိတ် ပေါက်လာတယ်ဗျာ၊ ဘာဖြစ်သလဲ၊ ဒါက လူတွေရဲ့ ခံစားချက် တမျိုးပဲမဟုတ်ဘူးလား´
`ဒီလိုဆိုရင်တော့ မင်းကို ငါပြောရသေးတာပေါ့´
`ပြောစမ်းပါအုံး´
`ဟောဒီ လမ်းပေါ်မှာ လူပေါင်းစုံ သွားလာဖူးတယ်ကွ၊ စက်ဘီးလမ်းဆိုပေမယ့်၊ စကိတ်စီး အပန်းဖြေတဲ့ လူတွေ၊ လမ်းလျှောက် လေညှင်းခံတဲ့လူတွေ၊ အပြေးလေ့ကျင့်တဲ့လူတွေ ပြီးတော့ မင်းတို့လို အလုပ်သွား အလုပ်ပြန်ကောင်တွေလဲ ပါတာပေါ့´
`အင်း´
`တလောကဆိုရင် စကိတ်စီးတဲ့ ငနဲတကောင် ချော်လဲတာ အတော်နာသွားပုံရတယ်ကွ၊ ဒူးခေါင်းမှာလဲ သွေးတွေကို ရဲနေတာပဲ´
`အင်း´
`တခါတုန်းကဆိုရင်လဲ ပြိုင်ဘီးစီး လေ့ကျင့်တဲ့ ကောင်မလေးတယောက် စက်ဘီးမှောက်သေးတာပဲ´
`အင်း´
`ဟိုတခါကတော့ တော်တော်ဆိုးသကွ၊ မျက်စိမမြင်တဲ့ အဘွားကြီးကွာ၊ တောင်ဝှေး တဒေါက်ဒေါက်နဲ့ စမ်းတမ်းစမ်းတမ်း လမ်းလျှောက်တာ မှောက်ရက်လဲပါလေရောလား´
`အင်း´
`ဒါပေမယ့် သူတို့က မင်းလိုတော့ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်အပြစ်ပြန်မတင်ဘူးကွ´
………….
`စကိတ်စီးတဲ့ကောင်လဲ ချော်သာလဲတာ၊ စပ်ဖြီးဖြီးနဲ့ ပြန်ထပြီး သူ စကိတ်စီးတာကို ပိုကျွမ်းကျင်အောင် ထပ်စီးတာပဲ´
…………..
`စက်ဘီးစီးတဲ့ ကောင်မလေးလဲ ဒီလိုပဲ၊ မိန်းကလေးသာဆိုတယ်၊ တချက်မမဲ့ဘူးကွာ၊ လဲသွားတဲ့ စက်ဘီးကို ပြန်ထူပြီး သူ့အလုပ်သူဆက်လုပ်တာပဲ၊ ဟိုအဘွားကြီးကရော ဘာထူးသေးလဲ၊ လဲကျသွားတော့လဲ သူလမ်းလျှောက်နေတာကို ဆက်လျှောက်တာပဲကွ´
……………
`အေး၊ မင်းကို ငါပြောချင်တာက၊ လမ်းဆိုတာ လူတိုင်းသွားတယ်၊ သွားတဲ့လူတိုင်း တကြိမ်မဟုတ် တကြိမ်တော့ ခလုတ်တိုက်မယ်၊ လဲကျမယ် ဒါ လောကရဲ့ သဘာဝတရား၊ နိယာမ တရားပဲကွ´
……………
`ဒါကိုပဲ မင်းက ခလုတ်လေး တခါလောက်တိုက်မိတာနဲ့ ဒီလမ်းကြောင့် ဖြစ်သလေးဘာလေးနဲ့´
`ကျနော် နာသွားတဲ့ ခံစားချက်ကြောင့်ပါဗျာ´
`အေး၊ မင်းက ဒီလမ်းကိုလျှောက်လို့ ခလုတ်တိုက်မိတာကို ညည်းညူနေတယ်၊ စောစော မင်းပြောနေတာ ငါကြားလိုက်ပါတယ်၊ မင်းကားဝယ်ရင် ဒီလမ်းကို မလျှောက်တော့ဘူးဆို၊ ဟုတ်လားကွ´
`ဟုတ်တယ်လေ´
`မှတ်ထားကွ၊ ကားလမ်းမှာ အမှားတချက်တွေ့ရင်တော့ မင်းအသက်ပါ ဇီဝိန်ကြွေသွားမယ်´
`ဗျာ´
`မဗျာနဲ့၊ မင်းသေသေချာချာ စဉ်းစားစမ်းပါ´
`ဟုတ်ကဲ့´
`အခု မင်းခလုတ်တိုက်မိတာကို စိတ်မပျက်ပဲ မင်းသွားချင်တဲ့နေရာကို ပျော်ပျော်ကြီး သွားစမ်းပါကွာ၊ ဒီတခါ တိုက်မိရင် နောက်တကြိမ် မတိုက်ရအောင် မင်းသတိထားပေါ့ကွ´
`ဟုတ်ကဲ့´
`နောက်တခု ထပ်ပြောလိုက်မယ် ကိုယ့်လူရေ၊ ခလုတ်ကိုကြောက်နေရင် မင်း ဘယ်လမ်းကိုမှ လျှောက်မနေနဲ့တော့´
`ဗျာ´

***

အေးစိမ့်စိမ့် လေပြင်းတချက် ၀ူးကနဲ တိုက်လိုက်တော့ ကျနော်တယောက် အတွေးထဲမှာ လမ်းနဲ့ စကားများနေရာကနေ လန့်နိုးပြီး လက်ရှိပစ္စုပ္ပန်ကို ပြန်ရောက်လာပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အတော်မှောင်နေပါပြီ။ လမ်းကလေးကို ပြန်ကြည့်တော့ အမှောင်တွေကြားထဲကပဲ ကျနော့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ ကြည့်နေသယောင်ယောင်။

ကျနော် လမ်းဆက်လျှောက် ရပါအုံးမယ်။ ခလုတ်တွေလဲ တိုက်ကောင်းတိုက်နေအုံးမှာပါပဲ။ ဒါပေမယ့် ကျနော် ဆက်လျှောက်ရမှာပါပဲ။ လမ်းနဲ့ ခလုတ်ဆိုတာက တွဲလျက်ရှိနေတာပဲလေ။

***

ကလိုစေးထူး

Wednesday, April 01, 2009

နွေဦး အေပရယ်လ်..

`ဖူး... ဟူးဟူး´

ပင့်သက်လေ တချက်ကို အားရပါးရ မှုတ်ထုတ်လိုက်ပြီး ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ဒီနေ့ အလုပ်ကပြန်လာရတာ ပင်ပန်းလိုက်ပါဘိတော့...။ ပြတင်းတံခါးမှ မြင်နေရတဲ့ အပြင်လောကကို ကြည့်လိုက်တော့ နေက ခြစ်ခြစ်တောက်အောင် ပူနေဆဲပင်။ အပင်တွေကို ကြည့်လိုက်တော့လဲ နွေလယ်အစ အေပရယ်လ်လရဲ့ သရုပ်သကန် ရွက်ကြွေတွေက တဖျောဖျော တသောသော။

ဒီလောက် ပူအိုက်နေတာကို သက်သာရအောင် ဘာလုပ်ရပါ့မလဲ လို့ စဉ်းစားနေခိုက်မှာပင်...။

***

ကျွိခနဲ တံခါးပွင့်သံနှင့်အတူ လော့ခ် မချထားတဲ့ တံခါးကို ပိုင်စိုးပိုင်နင်း တွန်းဖွင့်ပြီး ကော်လာဖိုးတယောက် အိမ်ထဲ ၀င်လာ၏။ လက်ထဲမှာလဲ ငါးမျှားတံနှင့်...။ အမယ်၊ ပလိုင်းသေးသေးလေး တလုံးကိုတောင် လွယ်ထားလိုက်သေးသည်။

`လာ...၊ ကိုတူလင် သွားရအောင်´
`ဘယ်သွားမလို့တုန်း´
`ချောင်းထဲသွားမယ်လေ၊ ငါးသွားမျှားမယ်´
`အာ...၊ မလိုက်ပါဘူးဗျာ၊ ပူကပူနဲ့၊ ဒီမှာ အခုလေးတင် အလုပ်ကနေ ပြန်လာတာ´
`လာပါဗျာ၊ ချောင်းဘေးရောက်ရင် အေးသွားမှာပေါ့ဗျ၊ အိမ်ထဲမှာနေရင် ပိုပူနေမှာပေါ့´

အင်း...၊ ဒါတော့လဲ ဟုတ်သား။ `ကဲ...သွားဗျာ´ ဆိုပြီး အလုပ်က ပြန်လာတဲ့ အ၀တ်အစားဖြင့်ပင် ကော်လာဖိုးနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တော့သည်။

***

မရောက်တာ ကြာဖြစ်တဲ့ လမ်းကလေးဆီကို ရောက်တော့ စက်ဘီးစီးသူတွေ ဖျောခနဲ ဖျောခနဲ ဖြတ်သွားလိုက်၊ အပြေးလေ့ကျင့်သူတွေက သောခနဲသောခနဲ ရယ်မောကျော်တက်သွားလိုက်နဲ့ သူတို့ကြည့်တော့လဲ ရာသီဥတုကို ပူတယ်လို့တောင် ထင်ပုံမရ...။ အင်းပေါ့လေ၊ သူတို့ကတော့ နေသားကျနေပြီ နေမှာပေါ့။



လမ်းကလေးရဲ့ ဘေးကို အနည်းငယ်မျှ ဖဲ့ဆင်းလျှောက်လိုက်တော့ ချောင်းစပ်ကို ရောက်၏။ ချောင်းစပ်ရောက်မှ ကော်လာဖိုး တယောက် ပါမလာပါလားလို့ သတိထားမိပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ဆရာသမားက လမ်းပုခုံးစပ်မှာ ပေါက်နေတဲ့ မြင်းခွာရွက်တွေကို ကုန်းကုန်း ကုန်းကုန်းနှင့် တဗြုတ်ဗြုတ် ဆွဲနှုတ်နေတာကိုး...။ `ဟေ့၊ လာလေဗျာ၊ အပြန်ကျမှ နှုတ်လဲရသားနဲ့´ လို့ လှမ်းအော်ပြောလိုက်တော့ ကသုတ်ကရက်နှင့် ပြေးဆင်းလာသည်။

ချောင်းစပ်ကိုရောက်တော့ ကြည်လင်နေတဲ့ ချောင်းရေက တဟဲဟဲ စီးဆင်းနေတာ ကူးခတ်ဆော့ကစားချင်စရာ...။ ချောင်းရေကြည်ကြည်နဲ့အတူ တဖြတ်ဖြတ် ကူးလူးနေကြတဲ့ ငါးသလဲထိုး သေးနုပ်နုပ်လေးတွေကို မြင်ရတာ အသဲယားလှသည်။ ယက်သဲ့ဇကာသာ ပါလာလို့ကတော့ ချောင်းထဲဆင်းပြီး လိုက်ထိုးဆယ် ဖမ်းမိမည်ထင်သည်။

`ဟိုးဘက်မှာ ငါးဘတ်သွားမျှားကြမလား၊ အဲဒီဘက်မှာက ကျောက်ဆောင်တွေရှိတော့ အဲဒီကြားထဲ ငါးဘတ်ခိုနိုင်တယ်´
`သွားနှင့်လေ၊ ကျနော် နောက်မှ လိုက်ခဲ့မယ်´
`အင်း၊ အင်း´

ငါးမျှားတံလေး တယမ်းယမ်းနဲ့ ကော်လာဖိုးတယောက် ချောင်းရိုးကွေ့ ဟိုဘက်ကို ဆက်လျှောက်သွားသည်။ သူကတော့ ငါးမျှားဖို့ထက် ပူအိုက်လွန်းလို့ ချောင်းထဲဆင်းလာတာဆိုတော့ ဟိုဟိုဒီဒီလိုက်ငေးရတာကို ပိုနှစ်သက်နေသည်။ အင်း...၊ ဇရစ်လေး တညွှန့်နှစ်ညွှန့်တော့ လိုက်ခူးမှလို့ တွေးပြီး ချောင်းစပ်မှာ ထိုးထိုးထောင်ထောင်ပေါက်နေတဲ့ ဇရစ်ညွှန့်တွေကို ဆတ်ခနဲဆတ်ခနဲ ခပ်သွက်သွက်လေး လိုက်ခူးလိုက်သည်။ ဇရစ်ချိုးရင်းနဲ့တွေ့တဲ့ ဍရင်ကောက် ညွှန့်တွေကိုပါ အလွတ်မပေးစတမ်း နှုတ်လိုက်သေးသည်။ ငါးပိရည်နှင့် တို့စားရမည်။

***



`ဟာ...၊ ခရုဖင်လိမ်လေးတွေ အများကြီးပါလား´

ဒီခရုလေးတွေက ဖင်တွန့်လိမ်လိမ် ချွန်ချွန်လေးနဲ့ ကြည့်တော့သာ ဘာမှမဟုတ်တယ်။ ဟိုးတနေ့တုန်းက ထိုင်းဈေးဆိုင်ရောက်တော့ တရုတ်ဘက်ကလာတဲ့ ခရုဖင်လိမ် တထုပ်ကို သုံးဒေါ်လာကျော်နဲ့ ရောင်းနေတာ တွေ့ခဲ့ရသေးသည်။ အခုလိုမျိုး ချောင်းထဲက လတ်လတ်ဆတ်ဆတ်ကို စားရမှတော့ အဲဒီဆိုင်ကဟာ ဘယ်ဝယ်လိမ့်မတုန်း။

ကျောက်ကြိုကျောက်ကြား၊ သဲကြိုသဲကြားမှာက ခရုဖင်လိမ်လေးတွေကို တလုံးပြီးတလုံးကောက်လိုက် လက်ထဲမှာ နည်းနည်းများလာရင် ချောင်းဘေးမှာ သွားပုံလိုက်လုပ်နေတုန်း...

"Hey buddy!, what are you doing?"

ချောင်းစပ်တနေရာကနေ စပ်စုဟန် လှမ်းမေးနေတဲ့ အသားနီစပ်စပ်နဲ့ ပုဂ္ဂိုလ်တယောက်...။

"I am picking ခရုဖင်လိမ်စ် up!" လို့ ပြန်အော်ပြောလိုက်သည်။ ဟုတ်တယ်၊ နားလည်ချင်လည် မလည်ချင်နေ..အေးရော။

***

`ကိုတူလင်...၊ ဒီမှာတွေ့လား´

ကော်လာဖိုးဆီကိုရောက်တော့ ဆရာသမားက လက်ထဲမှာ ကိုင်ထားတဲ့ ငါးဘတ်ခပ်ကြီးကြီးတကောင်ကို လှမ်းထောင်ပြပြီး ၀ံ့ကြွားနေသေးသည်။

`ဟာ...၊ တယ်ဟုတ်ပါလား၊ ညနေကျရင် ထမင်းစားလို့တော့ ကောင်းပြီ´
`ကိုတူလင်ရော...၊ ဘာတွေရလဲ´
`ဒီမှာလေ၊ ဇရစ်ရယ်၊ ဍရင်ကောက်ညွှန့်ရယ်၊ ခရုဖင်လိမ်တွေရယ်´
`ကောင်းတယ်၊ ကောင်းတယ်´

ညနေ နေအတော်စောင်းမှပင် နှစ်ယောက်သား ချောင်းထဲမှ ပြန်တက်လာဖြစ်ကြသည်။ လမ်းကလေးပေါ်ကို ရောက်တော့ လူသွားလူလာပင် အတော်အတန် ရှင်းစ ပြုနေလေပြီ။

အိမ်ကိုပြန်ရောက်ရင် ခရုဖင်လိမ်လေးတွေကို တဒုန်းဒုန်းခုတ်ပြီး ဖင်ဖြတ်ပစ်ရမည်။ ဇရစ်ဟင်းချိုထဲမှာ ခရုဖင်လိမ်တွေကို ရောထည့်၊ ငါးဘတ်မွှေဟင်းရယ်၊ ငါးပိရည်နဲ့ ဍရင်ကောက်ညွှန့် တို့စရာရယ်...။ အင်း...၊ ထမင်းစားတော့ မြိန်ဦးမယ်ထင်ပါရဲ့...။

သို့သော်... ... ...။

***

...


...


...














***

ဟဲဟဲ...၊ ဖတ်လို့ကောင်းကြလား။ တကယ်က အခုလက်ရှိ ကျနော်နေတဲ့ နေရာမှာ ချမ်းလို့အေးလို့ကောင်းတုန်းဗျ။ ချောင်းထဲဆင်း ငါးဖမ်းဖို့မပြောနဲ့၊ အပြင်မှာ အနွေးထည်မပါဘဲ ကြာကြာနေလို့မရသေးဘူး။ ဒါပေမယ့်...၊ ဒီနေ့က ကျနော့်ဆီမှာ ဧပြီလ (၁) ရက်နေ့လေ။ အရူးထကြည့်တာပေါ့။ :D တယောက်ထဲ အရူးထရုံနဲ့ အားမရသေးလို့ စာလာဖတ်သူ မိတ်ဆွေတွေကိုပါ အရူးလုပ်ကြည့်တာပါဗျိုးးးးးးးး။ သဲလွန်စ ပေးချင်လို့...၊ ထိပ်ဆုံးကစာလုံးကို ဖူးး(fool) လို့တောင် ရေးလိုက်သေးတယ်။ :P ယုံတဲ့လူခံ။ အဟီး။

အားလုံး ရွှင်လန်းကြပါစေဗျာ။


ကလိုစေးထူး