Wednesday, January 10, 2007

နောက်ဆုံး အစာ...

မနေ့ကပါ။ အပြင်က ပြဿနာလေး တခုကြောင့် လူက ဖုတုတုနဲ့ စိတ်မကြည်မလင် ဖြစ်နေတုန်း ဂျီတော့ခ်ကိုရောက်တော့ သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်ပါတယ်။ အကြောင်းအရာကတော့ အီရတ်မှာ တလောတုန်းက ကြိုးမိန့်ပေး၊ ကွပ်မျက်ခံလိုက်ရတဲ့ ဆက်ဒမ်ဟူစိန်အကြောင်း ပြောဖြစ်တာပါ။

အာဏာရှင်ကြီး ဆက်ဒမ်ဟူစိန်ဟာ သူကြိုးစင်ပေါ်ကို တက်တဲ့အချိန်မှာရော ကြိုးစင်ကို ဖြုတ်ချလိုက်တဲ့ နောက်ဆုံးအချိန်အထိမှာပါ (တကယ်တမ်း ပြောရရင်) တည်ငြိမ်ပါတယ်။ သူ့ကို ကြိုးကွင်း စွပ်လိုက်တဲ့ အခိုက်အတန့်မှာတော့ လုံးဝကြီး လက်လျှော့လိုက်တဲ့ မျက်နှာထားမျိုး ဖြစ်သွားတာ တခုပါပဲ။ ဒါကတော့ ပုထုဇဉ်လူသားပီပီ တကယ်တမ်း အသက်သေရတော့မယ် ဆိုတာ သေချာသွားတော့ ဒီလိုပဲ ဖြစ်မှာပါ။ ကျနော်တို့ နိုင်ငံက သတ္တိခဲ အာဏာရှင်ကြီးတွေ အလှည့်ကျရင်သာ အဲဒီလောက်တောင် တည်ငြိမ်နိုင်ပါ့မလား စဉ်းစားစရာ။

သတ္တိခဲလို့ ပြောလို့ တမျိုးမထင်လိုက်ပါနဲ့။ တကယ်ကို သတ္တိကောင်းကြတာပါ။ လက်နက်မဲ့ အမျိုးသမီးတယောက်ကိုတောင် လွတ်လပ်စွာ လှုပ်ရှားသွားလာ ပြောဆိုခွင့် မပေးတာက သူတို့ရဲ့ သတ္တိကို ဖော်ပြနေတာပါ။ ဆက်ဒမ်လိုများ ဇာတ်သိမ်းရမယ်ဆိုရင်တော့ ခြေထောက်ကို တရွတ်တိုက်ဆွဲပြီး ခေါ်တင်ရမလားမသိလို့ တွေးလိုက်မိပါသေးတယ်။

ဆက်ဒမ်ကြီးက သူကြိုးစင်မတက်မီမှာ နောက်ဆုံး အစားအစာအဖြစ် ထမင်းနဲ့ကြက်သား၊ ရေနွေးအဖြူထည်နဲ့ ပျားရည် စားသွားပါသတဲ့။ အဲဒါက ကျနော်နဲ့ စကားပြောဖြစ်တဲ့ သူငယ်ချင်းက ပြောပြတာပါ။ ခင်ဗျားဘယ်လိုသိတုန်း ဆိုတော့ သူက ၀က်ဘ်ဆိုက် လင့်ခ်တခုပေးပါတယ်။ အင်တာနက် ကမ္ဘာရဲ့ ကျေးဇူးကတော့ ကြီးပါပေ့။ သူပေးတဲ့ ၀က်ဘ်ဆိုက်လင့်ခ်ကို ဖတ်လိုက်တော့ လားလား။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်အလက်တွေ အများကြီးတွေ့ရပါတော့တယ်။

ကျနော်စိတ်ဝင်စားမိသလောက် တင်ပြရရင် နာဇီစစ်အာဏာရှင် အဒေါ့ဖ် အိုက်ခ်မန်းဟာ သူ့ရဲ့ နောက်ဆုံး အစာအဖြစ် ဂျူးဝိုင်အရက်ကို ပုလင်းဝက် သောက်သွားပါသတဲ့။ ဟစ်တလာလက်အောက်မှာ နေခဲ့ရစဉ်တုန်းက သောက်ချင်ရက်နဲ့ အောင့်အီးပြီး နေခဲ့ရသလား မသိနော်။ ရောဘတ်အယ်လ်တန် ဟားရစ်စ် ဆိုတဲ့ လူသတ်သမား၊ ဓားပြ ပုဂ္ဂိုလ်ကတော့ သူသေခါနီးကို ပက်ပ်စီကိုလာ ခြောက်ဗူး၊ ပီဇာအကြီး နှစ်ချပ်နဲ့ ကင်တပ်ကီ ကြက်ကြော် ၂၁ ခုကြီးများတောင် စားသွားပါသတဲ့။ အံ့သြလောက်စရာ။

ကိုကာကိုလာရဲ့ လူကြိုက်များပုံကလဲ အံ့မခန်းစရာပါ။ ၀ီလီယံဘိုနင်ဆိုတဲ့ လူသတ်သမားဟာ သူ့ရဲ့ နောက်ဆုံးအစာမှာ ကိုကာကိုလာ ဆယ့်ငါးဗူးကြီးများတောင် သောက်သွားပါတယ်။ လီယွန်ဂျာရိုမီ မိုဆာ ဆိုတဲ့ ပုဂ္ဂိုလ်ဆိုရင်လဲ နှစ်လီတာဆန့် ကိုကာကိုလာပုလင်းကြီး နှစ်ပုလင်းကုန်အောင် သောက်ပါသတဲ့။ ကိုကာကိုလာကို သေခါနီး သောက်သွားကြတဲ့ တခြားသော လူတွေလဲ မနည်းပါဘူး။

ဗစ်တာဖာဂူအာ ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သူသေဆုံးခါနီးကို သံလွင်သီး တလုံးတည်း စားသွားပါသတဲ့။ ယောက်ျား ခုနှစ်ယောက်ကို သတ်ခဲ့တဲ့ အမျိုးသမီး လူသတ်သမား အီလီယမ်ကာရိုးလ်ကတော့ တကယ်တမ်း သူသေရတော့မယ် အချိန်မှာ ကော်ဖီတခွက်သာ တောင်းဆိုခဲ့ပါတယ်။

တခြားသော ပုဂ္ဂိုလ်များရဲ့ သေဒဏ်ကျခံအံ့ဆဲဆဲ စားသောက်သွားကြတဲ့ အစားအသောက်စာရင်းတွေကို စိတ်ဝင်စားလို့ ဖတ်ချင်ကြတယ်ဆိုရင်တော့ ဒီမှာ ဖတ်ပါခင်ဗျာ။ ဗဟုသုတပေါ့။ ကျနော်တို့ နိုင်ငံက သတ္တိရှင် အစိမ်းရောင်ဝတ်ကြီးတွေများသာ ဒီလိုနေရာမျိုးကို ကြုံကြိုက်ရင် ဘာများစားမှာပါလိမ့်လို့ ကျနော် လျှောက်တွေးနေမိတယ်။ အင်း.. ကျနော့်အထင်တော့ ဒီလူတွေ ဘာမှကို စားနိုင်တော့မယ် မထင်ဘူး။




No comments: