Monday, January 29, 2007

မြန်မာ့ ခြင်းလုံး..


မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ်ရာ ရိုးရာ အားကစားတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ စည်းလုံး ညီညွှတ်ခြင်းကို အသွင်ဆောင်တဲ့ မြန်မာ့ ရိုးရာခြင်းလုံး အကြောင်းကို တင်ပြချင်ပါတယ်။

ကျနော် ငယ်စဉ်တုန်းကတည်းက တွေ့တဲ့ နေရာမှာ ရပ်ပြီး တငေးတမောနဲ့ ကြည့်မိတတ်တာ ၀ိုင်းခြင်းတွေပါပဲ။ ခြင်းလုံးကို မြေပေါ်မကျအောင် ၀ိုင်းဝန်းထိန်းသိမ်းရင်း လှလှပပကစားကြတာဟာ ရင်သပ်ရှုမောစရာပါ။ တဦးတယောက်တည်းက အလှပြကစားနေရင်လဲ ၀ိုင်းခြင်းဟာ ကြည့်မကောင်းပါဘူး။ အားလုံးက ညီညီညာညာနဲ့ ဇွဲရှိရှိနဲ့၊ စည်းလုံး ညီညွှတ်မှသာလျှင် ကြည့်လို့ကောင်းတဲ့ ၀ိုင်းခြင်း ဖြစ်လာပါတယ်။

မြန်မာ့ခြင်းလုံး သက်တမ်းဟာ နှစ်ပေါင်း ၁၅၀၀ကျော် ရာဇ၀င်ရှိခဲ့ပြီးပါပြီ။ အသင်းလိုက် အားကစားဖြစ်ပေမယ့် အင်တိုက်အားတိုက် ယှဉ်ပြိုင်ရတဲ့ အားကစားမဟုတ်သလို အနိုင်အရှုံးကလဲ အဓိကမဟုတ်ပါဘူး။ ခြင်းပညာကို ဘယ်လောက်အထိ လှလှပပ ခတ်ကစားနိုင်တယ်ဆိုတာကသာ ပဓာန ဖြစ်ပါတယ်။

ကနေဒါလူမျိုး Greg Hamilton ဟာ Mystic Ball အမည်ရှိ မြန်မာ့ခြင်းလုံး မှတ်တမ်းရုပ်ရှင်ကားကို ရှစ်နှစ်ကျော်ကြာ အချိန်ယူ ရိုက်ကူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အခြေစိုက် Black Rose Productions က ထုတ်လုပ်ခဲ့တဲ့ အဲဒီရုပ်ရှင်ကားဟာ ၂၀၀၆ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့မှ မေလ(၇)ရက်နေ့ အထိ ပြုလုပ်ခဲ့တဲ့ Hot Docs ကနေဒီယံ အပြည်ပြည်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ အထူးဂျုရီဆု ရရှိခဲ့ပါတယ်။

Greg Hamilton ဟာ လျှို့ဝှက် နက်နဲတဲ့ မြန်မာ့ခြင်းခတ်ပညာကို လေ့လာလိုက်စားဖို့အတွက် မြန်မာပြည်ကို နှစ်ပေါင်း နှစ်ဆယ်အတွင်း အခေါက်အခေါက်အခါခါ ရောက်ရှိခဲ့ပါတယ်။ ခြင်းခတ်ကစားခြင်းဟာ အားကစား၊ တရားမှတ်ခြင်းနဲ့ ဟန်ချက်ညီညီကရတဲ့ အကတို့နဲ့ ရောသမမွှေထားတယ်လို့ သူက တင်စားပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်နဲ့ မြန်မာပြည်သူများရဲ့ လှိုက်လှိုက်လှဲလှဲ အားပေးမှုတို့ကြောင့် သူဟာ လုံးဝခြင်းမခတ်တတ်တဲ့ အခြေအနေဘ၀ကနေ မြန်မာပြည်ရဲ့ အကောင်းဆုံး ခြင်းခတ်အသင်း တသင်းဖြစ်တဲ့ `အိပ်မက်ချစ်သူများ´ အသင်းမှာ မြန်မာပြည် ဆယ့်နှစ်လရာသီ ခြင်းခတ်ပွဲတော်များရဲ့ တဦးတည်းသော နိုင်ငံခြားသားအဖြစ် တွဲဖက် ခြင်းခတ်ခွင့် ရခဲ့ပါတယ်။

ပြသချိန် ၈၃ မိနစ်ကြာတဲ့ Greg Hamilton ရဲ့ Mystic Ball ရုပ်ရှင်ကြောင့် မြန်မာ့ခြင်းလုံးဟာ ကမ္ဘာမှာ အတော်အတန် လူသိများသွားခဲ့ပါတယ်။ Mystic Ball ရုပ်ရှင်ရဲ့အကြောင်းနဲ့ Trailer ကို ကြည့်ချင်သူများအနေနဲ့ ဒီမှာ ကြည့်နိုင်ကြပါတယ် ခင်ဗျာ။ အံ့သြလောက်စရာ မြန်မာ့ခြင်းခတ်ပညာကို ကြည့်ရှုခံစားကြပါစို့။

ကလိုစေးထူး

ဝန်ခံချက်။ လော့စ်အိန်ဂျလိစ်မြို့မှ မြန်မာများထုတ်ဝေသည့် ရတနာပုံနေပြည်တော် သတင်းစာ (ဇူလိုင်၊၂၀၀၆) မှ မင်းသွေးသစ်၏ ဆောင်းပါးကို အခြေခံ ရေးသားပါသည်။


No comments: