Tuesday, February 13, 2007

နေ့တွေထဲမှာ….

`ကျန်းမာခြင်းသည် လာဘ်တပါး ´ ဆိုတဲ့ စကားရဲ့ အဖိုးတန်မှုကို ဖျားနာဖူးမှပဲ သိကြမယ်ထင်ပါတယ်။ ကျနော်ကတော့ ရာသီဥတုကြောင့်နဲ့ ပေပေတေတေ နေမိတဲ့ ဒဏ်ကြောင့် ဖျားလိုက်တာ သုံးရက်လောက် အီစိမ့်သွားပါတယ်။ အလုပ်လဲ နှစ်ရက်ပျက်၊ ဘလော့မှာလဲ ပို့စ်အသစ်မတင်နိုင်နဲ့။ အခုတော့ ပုံမှန်ပြန်ဖြစ်လောက်ပါပြီ။

ဖေဖော်ဝါရီလဟာ တော်တော်ထူးခြားပါတယ်။ နှစ်တွေထဲမှာဆိုရင် ရက်အနည်းဆုံး ပိုင်ဆိုင်တဲ့လ၊ လေးနှစ်မှာ တကြိမ် တရက်ပိုတိုးခွင့်ရတဲ့လ။

အဲဒီလို ထူးခြားတဲ့ ဖေဖော်ဝါရီလထဲမှာမှ အမှတ်ရစရာ နေ့တွေက ရှိနေပြန်ပါသေးတယ်။ အားလုံး သိပြီးသား အဲဒီရက်တွေကို ကျနော့်အမြင်၊ ကျနော်ခံစားချက်လေးကို တင်ပြပါရစေ။

“ဖေဖော်ဝါရီလ (၁၂)ရက်”
ဟိုးငယ်စဉ် မူလတန်း၊ အလယ်တန်း ကျောင်းသားဘ၀ ရန်ကုန်မှာနေခဲ့စဉ်တုန်းကတော့ ဒီနေ့ကို မရောက်ခင် တလခန့်အလိုလောက်မှာကတည်းက စပြီး ရန်ကုန်မြို့တော် ခန်းမမှာ တနှစ်တာ နားခိုနေတဲ့ ပြည်ထောင်စု အလံတော်ကို မြန်မာပြည် အနှံ့ သယ်ဆောင်ပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှု သရုပ်သကန်ကို ပေါ်လွင်စေခဲ့တဲ့ ပင်လုံစာချုပ်ကို တပြည်လုံးက တိုင်းရင်းသားပြည်သူတွေက မမေ့စေအောင် လုပ်ဆောင်တာလို့ မှတ်သားရဖူးပါတယ်။ (ဒီထက်ပိုတဲ့ ရည်ရွယ်ချက်တွေလဲ ရှိကောင်း ရှိပါလိ့မ်မယ်၊ သိသူများ ပြောပြရင် အထူး ကျေးဇူးပါ)

ရန်ကုန်မြို့ရဲ့ ကျိုက္ကဆံကွင်းမှာတော့ ပြည်နယ်နှင့် တိုင်းအလိုက်၊ ၀န်ကြီးဌာနအလိုက် ပြခန်းတွေကို ပြည်ထောင်စုနေ့ မရောက်မီ တလလောက် အလိုကတည်းက ဖွင့်လှစ်ပြသပါတယ်။ အဲဒီ ပြခန်းတွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ၊ ၀န်ကြီးဌာနတွေရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဖော်ပြနေတာကြောင့် ကျောင်းတွေကလဲ ကျောင်းသားတွေကို လိုက်ပို့ပေးလေ့ရှိပါတယ်။

အခုတော့ အဲဒါတွေ မရှိတော့ပါ။ ဘာဖြစ်လို့ မရှိတော့တာလဲ ဆိုတာကတော့ …?

ကျနော် ငယ်စဉ်က ပြည်ထောင်စုနေ့ကို နှစ်တိုင်း သတိရပါတယ်။

“ဖေဖော်ဝါရီလ (၁၃) ရက်နေ့”
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ … အစချီ ကဗျာလေးရဲ့ ကျေးဇူးကြောင့် ဒီနေ့ဟာ ကျနော်တို့ နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးကို လူ့လောကထဲ စတင်ပို့ဆောင်ခဲ့တဲ့ နေ့လို့ သိခွင့်ရခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဟာ ကလေးများနေ့လို့တော့ ငယ်ငယ်က ကြားဖူးပါတယ်။ ဒါပေမယ့် အဲဒီနေ့ကို ထိန်းသိမ်းတဲ့လူတွေက ထိန်းသိမ်းနေသလောက် ပျောက်ကွယ်အောင် မေ့ထားတဲ့ လူတွေကလဲ မေ့ထားလို့ နေကြပြန်ပါတယ်။ အဲဒီလိုနဲ့ မေ့တဲ့လူကလဲ သူ့တာဝန်အရ အတင်းမေ့၊ ကြိုးစားထိန်းသိမ်းသူတွေကလဲ ထိန်းသိမ်းနဲ့ ဗိုလ်ချုပ်မွေးနေ့ (၉၂)နှစ်မြောက်ခဲ့ပါပြီ။

“ဖေဖော်ဝါရီ (၁၄) ရက်နေ့”
ဒီနေ့ဟာ ဘာနေ့ဆိုတာကို ကျနော်စတင် သိခဲ့တာ ဆယ်စုနှစ်ကျော်ထက် မပိုလောက်သေးပါဘူး။ ဒီနေ့ဟာ ချစ်သူတွေအတွက် သီးသန့်မဟုတ်ဘဲ မိဘ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ အတွက်လဲ ပါဝင်တယ်လို့ ဆိုကြပေမယ့် စီးပွားရေး သမားတွေရဲ့ လက်ချက်ကြောင့် အဲဒီနေ့ကို ရောက်တော့မယ်ဆိုတာနဲ့ လူငယ်တွေရဲ့ အတွေးထဲမှာ အရင်ဆုံး သတိရလိုက်တာက သူတို့ရဲ့ ချစ်သူရည်းစားတွေပါ။

ချစ်သူများနေ့မှာ ချစ်သူတွေ ဘယ်လောက်အထိ အချစ်ပိုသွားကြတယ်ဆိုတာ အတတ်မသိနိုင်ပေမယ့် ငွေရှာတတ်တဲ့ စီးပွားရေးသမားတွေကတော့ အတော်အလုပ်ဖြစ်ပါတယ်။

ကျနော့်ချစ်သူကို ချစ်သူများနေ့ ရောက်ခါမှ ထူးထူးခြားခြားနဲ့ `ချစ်တယ်´လို့ ကျနော် မပြောချင်ပါ။ ကျနော်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ချစ်သူများနေ့ မရောက်လဲ သူသိပါလိမ့်မယ်။ သူကျနော့်ကို ဘယ်လောက်ချစ်တယ်ဆိုတာလဲ ချစ်သူများနေ့မဟုတ်ပေမယ့် ကျနော်သိပါတယ်။

ကျနော့် ချစ်သူကို ချစ်သူများနေ့ ရောက်ခါမှ `လက်ဆောင်´ ဆိုပြီး ကျနော်မပေးချင်ပါ။ သူတကယ်လိုအပ်နေတဲ့ အချိန်မှာ သူ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့သာ ကြိုးစားချင်ပါတယ်။ အဲဒီ ဖြည့်ဆည်းပေးခြင်း လက်ဆောင်က ချစ်သူများနေ့ အထိမ်းအမှတ် ကဒ် တခုထက် ကျနော့်ချစ်သူကို ပိုလို့ နှစ်လိုဖွယ်ကောင်းစေပါလိ့မ်မယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ချစ်သူများနေ့မှာ လူသားတိုင်း ချစ်ခြင်းမေတ္တာတွေ အပြန်အလှန် တကယ် ထားနိုင်ကြရင်တော့ ဒါဟာ ငြိမ်းအေးသာယာမှု တခုပါပဲ။


(တိုက်ဆိုင်ပါတယ်။ ဒီစာကို ရေးနေတုန်းမှာ ကျနော့်ဘလော့မှာ ကွန်မန့် တခုတက်လာပါတယ်။ ဘလော့ကို စရေးရေးချင်းရက်ပိုင်းတွေမှာ တင်ခဲ့တဲ့ `ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ´ ပို့စ်အတွက် အမည်မသိစာဖတ်သူရဲ့ ကျေးဇူး စကားပါ။ သေချာတာကတော့ အဲဒီပို့စ်ကို ကျနော်တင်တုန်းက ဗိုလ်ချုပ်မွေးနေ့ မဟုတ်ပါဘူး။ တကယ်တော့ နေ့တွေက လူရဲ့ စိတ်လောက် အရေးကြီးတယ်လို့ ကျနော်မထင်ပါခင်ဗျား။)

ကလိုစေးထူး

3 comments:

Miss.Pollyanna said...

ပြည်ထောင်စုနေ့က ကျွန်မတို့ရုံးပိတ်ပါတယ်၊၊ ကျောင်းတွေလဲ ပိတ်တော့ အိမ်ရှေ့မှာ ကလေးတွေလည်းလာကစားကြတာပေါ့၊၊အဲဒီမှာ ကျွန်မဦးလေးက ကလေးတစ်ယောက်ကိုမေးပါတယ်၊၊ ဒီနေ့ ဘာနေ့လဲတဲ့၊၊ ပြည်ထောင်စုနေတဲ့၊၊ဘယ်နှစ်ရက်နေ့လဲဆိုတော့ ကလေးကစဉ်းစာပိး မဖြေနိုင်ပါဖူး၊၊နောက်မှ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ပါတဲ့၊၊ ဒါဆို မနက်ဖန် ဘာနေ့လဲမေးပါတယ်၊၊ ကလေးက ခေါင်းကုတ်ပီး မသိဖူးလို့ပဲ ဖြေပါတယ်၊၊ ဦးလေးက မင်းတို့ကလေးတွေ ကျောင်းက ဗိုလ်ချုပ်ကဗျာမသင်ဖူးလား၊၊ မသိရင်မှတ်ထားနော်၊၊ ဗိုလ်ချုပ်မွေးနေ့လို့ ပြောလိုက်တာကို ကျွန်မကြားလိုက်ပါတယ်၊ အနာ၈တ်ရဲ့ကလေးတွေ ဒါကိုမသိတာ ၀မ်းနည်းစရာပါ၊၊
မနေ့က (၁၃)ရက်နေ့ပါ၊၊ ကျွန်မသူငယ်ချင်းက ဖုန်းဆက်ပါတယ်၊၊ကျွန်မလည်း သူငယ်ချင်း ဖေဖေါ်ဝါရီ(၁၄) ဘာနေ့လဲသိလားဆိုတော့ သိတယ်တဲ့၊၊ ဒါဆို ဒီနေ့ရော ဘာနေ့လဲ သိလားဆိုတာ့ မသိဖူးတဲ့၊၊စဉ်းစားလို့မရဖူးတဲ့...
ကျွန်မတို့လို့ အရွယ်တွေတောင် အမှတ်မဲ့နေကြတာများတော့ မေ့တဲ့လူမေ့နေကြပါတယ်၊၊
အဲဒီအတွက် ကျွန်မ အရမ်းခံစားလိုက်ရပါတယ်၊၊

Anonymous said...

ကသံလွင်ကြီး ငါ့ စိတ်နာတာလဲ အဲ့ဒါဘဲ ခု အစိုးရရုံးတွေမှာ ငါတို့ ဗိုလ်ချုပ်ပုံမရှိတော့တော့ဘူးးဒါလား သမိုင်းကြောင်းကို ထိမ်သိမ်တယ်ဆိုတာ ငါလေ ခုဆို ဗိုလ်ချုပ်ပုံဆိုလို့ ငါ့အခန်းရယ် ရုံမှာသိမ်းထားတဲ့ 10တန်တချပ်ဘဲ ရှိတော့တယ် ခု ကလေးတွေသင်နေတဲ့ သမိုင်းမှာ ဗိုလ်ချုပ်အကြောင်ား မပါဘူး အလောင်းမင်းတရားနဲ့ ထိုင်း စစ်တဲ့ ဘာလို့များ သမိုင်းတခေတ်ကို ပေါ်တင်ကြီး ဖျောက်ဖို့ အသဲသန်ဖြစ်နေရတာလဲ ဒီ ငရဲသားတွေက မင်းငါ့ကိုပြောခဲ့တယ် ငါက ငါက အကောင်း မြင်တတ်တယ်ဆို ငါလဲ လူသား တယောက်ပါဘဲကွာ

Anonymous said...

ဗိုလ်ချုပ်မွေးနေ့ကိုတော့ မမှတ်မိဘဲ ဖေဖော်ဝါရီ ၁၄ ကိုတော့ သိကြတယ်။ သိပ်ရင်လေးဖို့ကောင်းပါလားဗျာ။ ကလေးတွေရဲ့အပြစ်လား၊ သိအောင် ပြောမပြကြတဲ့ သူတွေရဲ့ အပြစ်လား၊ သိအောင် ကြိုးစားရကောင်းမှန်းမသိသူတွေကြောင့်လား .. လား... လား .....