Tuesday, May 15, 2007

ယောက်ျားစိတ်ဓာတ် Vs မိန်းမစိတ်ဓာတ်



လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပါတယ်။

စာအုပ်ဘီရိုကို မွှေနှောက်မိရင်း အမျိုးသမီးစာစောင်လေး တခုရဲ့ နောက်ဖုံးက ကာတွန်းတကွက်ကို သတိထားမိသွားပါတယ်။

ကာတွန်းထဲမှာ ယောက်ျားကြီး လေးယောက်က စားပွဲဝိုင်းတခုခုမှာ အာပေါင်အာရင်း သန်သန်နဲ့ ပြောနေကြပုံ၊ တဖက်မှာတော့ မိန်းမနှစ်ယောက်က အကြော်ကြော်နေကြတဲ့ပုံပါ။

ယောက်ျားနှစ်ယောက်က တယောက်နဲ့ တယောက် အပြန်အလှန် ဒီလိုပြောပါတယ်-

`ဟိုဘက်လမ်းက ကောင်မလေ ဂဃနဏ ဘာမှ သိတာမဟုတ်ဘူး´

`ဟုတ်တယ်၊ ဒီမိုကရေစီကိုတောင်မှ ဓအောက်ခြိုက်နဲ့ ပေါင်းလိုပေါင်း၊ ဒါကြောင့် ငါပြောတယ် မဟုတ်လား၊ ဟိုကောင်နဲ့ တတွဲတွဲလုပ်နေတာလည်း မျက်စိနောက်စရာ..၊ ဟွန်း..´

အဲဒီမှာတင် ယောက်ျားတယောက်က ၀င်ပြောလိုက်ပါတယ်-

`တော်ကြပါတော့..၊ မင်းတို့ဟာက အတင်းပြောလို့ကို မဆုံးနိုင်တော့ဘူး၊ မိန်းမတွေကျနေတာပဲ´

***

ကျနော်တို့ အမျိုးသားတွေ (တချို့)မှာ အကျင့်ဆိုးကြီး တခုရှိတယ်လို့ ကျနော်မြင်မိတာ တခုကတော့ `မိန်းမကျင့် မိန်းမကြံ´ `မိန်းမလို မိန်းမရ´ `မိန်းမကျနေတာပဲ´ `မိန်းမ စိတ်ဓာတ်´ စသဖြင့် စကားတွေကို ယောက်ျားခြင်း အနိုင်ယူလိုလေ့ ရှိရာမှာ ခပ်ပေါ့ပေါ့ သဘောထားလေရော့သလား မဆိုနိုင်၊ အလွယ်တကူ ပြောပစ်လိုက်လေ့ရှိတဲ့ အကျင့်ဆိုးကြီးပါ။ တခါတလေမှာများ ဆိုရင်တော့ အမျိုးသမီးတချို့ ကိုယ်နှိုက်ကိုက ပြောလေ့ရှိနေပြန်ပါသေးတယ်။ ဘာဖြစ်လို့ပါလဲ..??။

ကျနော်တို့ နေထိုင်ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်လေ့လာကြည့်မိတဲ့အခါ ကျနော်တို့ အမျိုးသားတွေဟာ အမိဝမ်းထဲက ကျွတ်ပြီ ဆိုတာနဲ့ ယောက်ျားဖြစ်တာ တခုတည်းနဲ့တင် အလိုလိုနေရင်းနဲ့ ဦးစားပေးခံရလေ့ရှိပါတယ်။ ကလေးငယ်ငယ် တောက်တောက်ပြေးလွှား ဆော့ကစားကြတဲ့ အရွယ်ချင်းတူတူတောင်မှ ယောက်ျားလေးကို ဆိုရင် `ဟိုကောင်လေး။ ထဘီတန်းအောက်ကနေ ဖြတ်မပြေးနဲ့လေ၊ ဘုန်းနိမ့်မယ်´ ဆိုတာမျိုး လူကြီးတွေက တားမြစ်လေ့ ရှိပါတယ်။

ကလေးဘ၀ကနေ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့ ပညာသင်ကြရပါတယ်။ ပညာသင်ရတာခြင်း အတူတူမှာလည်း အမျိုးသားများက မိသားစုမှာ ဦးစားပေး ပုဂ္ဂိုလ် အဖြစ်ခံရလေ့ ရှိပြန်ပါတယ်။

`မိန်းကလေးပဲ၊ သေစာရှင်စာတတ်ရင် တော်ရောပေါ့´

`အချိန်တန်တော့လည်း ယောက်ျားတယောက် ရမှာပဲဟာ၊ လင်ကောင်းသားကောင်း ရဖို့သာ အဓိက´

ဒီလိုနဲ့ပဲ ပညာသင်ချင်ပေမယ့် အမျိုးသားဦးစားပေး မိသားစုရဲ့ အမှုမဲ့အမှတ်မဲ့ ခွဲခြားမှုကြောင့် သင်ခွင့်မရတဲ့ အမျိုးသမီးငယ်တွေ မြန်မာနိုင်ငံမှာ မနည်းလှပါဘူး။

ကျနော်စဉ်းစားကြည့်မိပါတယ်။ အတင်းပြောတာခြင်း အတူတူ မိန်းမပြောတော့ အတင်း၊ ယောက်ျားပြောတော့ သတင်းပါ..တဲ့။ ပွစိ ပွစိနဲ့ တတွတ်တွတ်ပြောနေတဲ့ ယောက်ျားကိုတော့ မိန်းမပါးစပ်တဲ့။ ဒါပေမယ့် အဲဒီလိုပြောတဲ့ လူတွေဟာ သူမတူအောင် ထူးချွန်တဲ့ အမျိုးသမီးတွေကိုတော့ `ဟာ၊ တယ်တော်ပါလား၊ အမျိုးသားများထက် သာလွန်ပါပေ့´ လို့ ချီးကျူးစကား ပြောဖို့ရန် တော်တော်နဲ့ နှုတ်ဆွံ့အလေ့ ရှိပါတယ်။ တချို့များကတော့ တော်တော်ဆိုးပါတယ်။ `မိန်းမဟာ မိန်းမပါပဲကွာ၊ ဘယ်လောက်ပဲ ပညာတတ်တတ်၊ တော်တော်၊ မိန်းမဆိုတာ နောက်ဆုံးတော့ ယောက်ျားအတွက်ပါ၊ ယောက်ျားကို အလုပ်အကျွေးပြုရတာပါပဲ´ တဲ့။ ဘယ်လောက်များ ဆိုးဝါးလိုက်ပါသလဲ။

`အမျိုးသမီး အခွင့်အရေး´ ဆိုတဲ့ စကားလုံးဟာ ကျနော်တို့ မြန်မာ လူ့ပတ်ဝန်းကျင်ကို စတင်ရောက်ရှိလာစကတော့ အသစ်အဆန်း ဖြစ်နေခဲ့ပါတယ်။ မြန်မာ အမျိုးသား အတော်များများက `ငါတို့ မြန်မာ အမျိုးသမီးတွေ ဘာများ အခွင့်အရေး ဆုံးရှုံးနေလို့လဲ´ လို့ အထွန့်တက်ကြပါတယ်။ လက်ရှိအုပ်ချုပ်နေသူတွေ ကိုယ်တိုင်ကိုက `မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားနည်းတူ အခွင့်အရေး အပြည့်ရှိပါတယ်´ လို့ မကြာခဏ ကြွေးကြော်လေ့ရှိပါတယ်။

ဒါပေမယ့် အတော်များများ သတိမထားမိတာကတော့ ကျနော်အထက်က တင်ပြခဲ့တဲ့ အမျိုးသားတွေရဲ့ အမျိုးသမီးတွေ အပေါ်ထားတဲ့ စိတ်တချို့ပါ။ ယောက်ျားများ ပွေရှုပ်တော့ `ယောက်ျားကောင်း မောင်းမတထောင်´ တဲ့။ သူမတူအောင် ပွေရှုပ်တဲ့ အမျိုးသားတယောက်က သူ့ဘ၀အတွက် အိမ်ထောင်ပြုချင်ရင်တော့ ပြစ်မျိုးမှဲ့မထင် အပျိုစင်ကလေး ဆိုတာမျိုးမှပါ။ `ရည်းစား တထောင် လင်ကောင်တယောက်´ ဆိုတဲ့ မိန်းကလေးမျိုးဟာ တကယ့်တကယ်တမ်းမှာတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုတ်ချမှုဒဏ်ကို အမျိုးသားတွေထက် အဆပေါင်းများစွာ ပိုမိုခံရလေ့ရှိပါတယ်။

`ယောက်ျားက ယောက်ျားစကားပြော၊ တည်တည်တံ့တံ့ပြော၊ ပြောတဲ့တိုင်းလဲ တည်အောင်လုပ်´

တကယ်တော့ စကားကို တည်တည်တံ့တံ့ပြောတဲ့ အမျိုးသမီးတွေ၊ အပြောနဲ့ အလုပ်နဲ့ တည်အောင်နေတဲ့ အမျိုးသမီးတွေ တပုံကြီးပါ။ ဒါပေမယ့် အမျိုးသားကမှပဲ တည်တံ့ခန့်ငြားသယောင်ယောင်၊ ယောက်ျားစကားကမှသာလျှင် ခိုင်မာသယောင်ယောင်။ ဒီကြားထဲကမှ အပြောနဲ့ အလုပ်မညီညွတ်တဲ့ ယောက်ျားကို မှတ်ချက်ပေးလိုက်ပြန်တာက `ဒီကောင် မိန်းမကျင့် မိန်းမကြံ သိပ်နိုင်တယ်´..တဲ့။

`ယောက်ျားက ယောက်ျားစိတ်ဓာတ်မွေးစမ်းပါ´ `ယောက်ျားပီပီ သတ္တိရှိစမ်းပါ´

တကယ်တော့ ယောက်ျားထက် သာလွန်မြင့်မြတ်တဲ့ စိတ်ဓာတ်ပိုင်ရှင် အမျိုးသမီးတွေ အများကြီးပါ။ ယောက်ျားစိတ်ဓာတ်ကမှ ကြီးမားနေသယောင်ယောင်၊ မိန်းမစိတ်ဓာတ်က ယောက်ျားထက် နိမ့်သယောင်ယောင်။ တော်ရုံယောက်ျားတွေ လုပ်နိုင်ခဲတဲ့ အလုပ်ကို အများအကျိုးအတွက် သတ္တိကောင်းကောင်းနဲ့ လုပ်နိုင်စွမ်း ရှိကြတဲ့ အမျိုးသမီးအာဇာနည်တွေကလဲ ကမ္ဘာအနှံ့ ဒုနဲ့ဒေးပါပဲ။

မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ ဒါထက်ပိုပြီး ပြည်ရွာနိုင်ငံ၊ ဒါထက်ပိုပြီး ကမ္ဘာလောက တိုးတက်ဖို့ သာယာဖို့အတွက် အဓိက စိန်ခေါ်နေတာဟာ့ `ခွဲခြားဆက်ဆံမှု ပြဿနာ´ပါ။ လူမည်းကို လူဖြူက ခွဲခြားတာ၊ ဇာတ်နိမ့်ကို ဇာတ်မြင့်က ခွဲခြားတာ၊ ဆင်းရဲသူကို ချမ်းသာသူက ခွဲခြားတာ စသဖြင့် ခွဲခြားမှုပေါင်း မြောက်မြားစွာမှာမှ အမျိုးသမီးကို အမျိုးသားက ခွဲခြားဆက်ဆံတာကတော့ လူ့ပတ်ဝန်းကျင်နဲ့ အနီးစပ်ဆုံးသော ပြဿနာ တခုဖြစ်နေပါတယ်။

`အမျိုးသမီးအခွင့်အရေး တန်းတူပေး´ တဲ့။ သိပ်တော့ ခက်လှတဲ့ ကိစ္စ မဟုတ်ပါ။ လောကကောင်းကျိုးကို အမျိုးသားတွေနည်းတူ တတပ်တအားပါဝင်ခွင့်လို့ ပြောရင် ပိုမှန်မလားပါပဲ။ လူချင်းမတူလို့ စွမ်းဆောင်ရည်ချင်း ကွာတာကို အမျိုးသမီးနဲ့ အမျိုးသား ကွာဟမှုလို့ မြင်နေတဲ့ အမြင်ကို ဖယ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

အမျိုးသမီးတွေက ဒီစကားတွေကို ထပ်ခါထပ်ခါ ဘယ်လောက်ပင် ပြောနေပါစေ၊ ကျနော်တို့ အမျိုးသားတွေက တုတ်တုတ်မှ မလှုပ်ရင်တော့ `တန်းတူရေး´ ဆိုတာက အလှမ်းဝေးနေဆဲ ဖြစ်မှာပါ။ အမျိုးသမီးနဲ့ အမျိုးသားအကြား `တန်းတူရေး´ အမြင် ရှိပါတယ်လို့ မိမိကိုယ်ကို သတ်မှတ်ထားတဲ့ အမျိုးသားတွေ မြောက်မြားစွာ ရှိနေသော်လည်း တချို့သော အမျိုးသားများရဲ့ စိတ်ပိုင်းဆိုင်ရာ မသိစိတ်တချို့ကတော့ စကားလေး တခွန်းနဲ့အရ ဖြစ်စေ ခွဲခြားချင်စိတ်ကလေးက ပေါ်နေပါသေးတယ်။

အထက်က ကျနော်ရေးထားတာတွေကို `မင်းက စကားအကျ ကောက်တာပဲ´၊ `ဘာမဟုတ်တာလေးကို လာပြောနေတယ်´ လို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်ပါသေးတယ်။ ခွဲခြားရာ၊ ချိုးနှိမ်ရာ သက်ရောက်တဲ့ အဲဒီလိုစကားမျိုးကို အသေးစိတ်က မစ မပြောမိအောင် ထိန်းသိမ်းကြတော့ ပိုမကောင်းပေဘူးလားခင်ဗျာ။

`ပြောင်းလဲမှု´ ဆိုတဲ့ စကားသုံးလုံးက တကယ့်လက်တွေ့မှာ ပုံဖော်လုပ်ဆောင်ရတာ အင်မတန်ခဲယဉ်းလေ့ ရှိပါတယ်။ အသားကျနေတဲ့ ပုံသေကားချပ်တချို့၊ အရိုးစွဲနေတဲ့ အယူအဆတချို့၊ အမြစ်တွယ်နေတဲ့ ရိုးရာတချို့ ဒါတွေကို ကျော်ဖြတ်ပြီးမှ ကောင်းမွန်သော ပြောင်းလဲမှုဆီကို ရောက်စေနိုင်ပါလိ့မ်မယ်။ `အရေးမပါလောက်ပါဘူးကွာ´ ဆိုပြီးတော့ မျက်ကွယ်ပြုလို့ အဟောင်းထဲမှာပဲ နစ်မျောနေရင်တော့ အကောင်းကို ပြောင်းလာမယ် မထင်ပါဘူး။

အဲဒီအမျိုးသမီးစာစောင်ရဲ့ အယ်ဒီတာ အမှာစကားတခုကိုပဲ ယူသုံးချင်ပါသေးတယ်။ `ဒီနေ့လုပ်ရပ်မှန်သမျှဟာ မနက်ဖြန်ကောင်းဖို့ ဖြစ်သင့်ပါတယ်´။ ဒီနေ့အတွက် မနက်ဖြန်မှာ ငြင်းနေရတာဟာ မကောင်းလှပါဘူး။

ခွဲခြားမှု တခုကြောင့် တိုးတက်မှု အညွှန့်ကို တုံးစေပါတယ်။ နှိမ့်ချမှု တခုကြောင့် အနာဂတ်တခုကို ပျက်စီးစေပါတယ်။ ဒီတော့ ခွဲခြားနှိမ့်ချတာ မှန်ရင် အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ အမှတ်ရရနဲ့ ဖြစ်စေ ဆင်ခြင်သင့်လှပါတယ်။ ယောက်ျားစိတ်ဓာတ်၊ မိန်းမစိတ်ဓာတ် စသဖြင့် ဘယ်လိုပင်ခွဲခြားနေပါစေ။ အဲဒီစိတ်ဓာတ်က ဦးတည်ချက်ကောင်းဖို့ အဓိကပါပဲ။

အဲဒီတော့..။

ကျနော် အရင့်အရင် ဆောင်းပါးတချို့မှာ ရေးခဲ့တုန်းကလို ထပ်မံဆုတောင်းလိုက်ပါတယ်။

စစ်မှန်သော ထက်မြက်သော အတွေးအမြင်များ၊ အမျိုးသမီးတိုင်း အမျိုးသားတိုင်းတွင် ပိုမိုရင့်သန်ပြီး တိုင်းပြည်၏ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ။

ကလိုစေးထူး

13 comments:

Anonymous said...

bro yay!
thank you for writing such kinda post. yeah ppl need to be more aware of this issue. I sometimes can't stand the stereotype view on us just because we are girls. Some of the Asian guys think they are superior than girls in every aspect though they are nothing and they also reluctant on praising girls when the girls do better job then they do. All we want is the equal right and respect.

Anonymous said...

ဟုတ်တယ် ကိုသံလွင်ရေ …
ယောက်ျား မိန်းမ ခွဲခြားပြီးပြောတာတွေ ကျမလည်း အလွန်မုန်းတယ်။
ကိုသံလွင်ရဲ့ အရင်ပို့စ်မှာလည်း ကျမ ကွန်မန့် ရေးခဲ့ဖူးပါတယ်။
အခုဒီစာမှာတော့ ရှည်ရှည်ဝေးဝေး မရေးတော့ပါဘူး။
နငယ်ကို အမြီးတပ်သလို ဖြစ်မှာစိုးလို့ပါ … ။
ကိုသံလွင်ကဲ့သို့ပဲ ကျမလည်း ဆုတောင်းလိုက်ပါတယ်။

မေဓာဝီ
၁၇၊ မေ၊ ၂၀၀၇
နေ့ ၁၁ နာရီ ၂၅

Hteink Min said...

အမ မေ မသိလို့ မေးမယ်နော်။ နငယ်ကို အမြီးတပ် တယ်ဆိုတာ ဘာလဲဟင်၊ ကျွန်တော် မသိလို့ပါဗျာ..ကျွန်တော့ မျက်လုံးထဲတော့ နငယ်ကို အမှီးတက်ကြည့်တာ န-- (သို့) ---န ဒီပုံစံပဲ သွားမြင်တယ်။ ကျွန်တော်ကလဲ တုံးပါတယ်လေ။

ကျေးဇူး

Hteink Min said...

ဟုက်ပါတယ်။ ကျွန်တော် နေတဲ့ နိုင်ငံမှာတော့ မိန်းမ အုပ်ချုပ်တဗျ။ တစ်ခါ တစ်ခါ မိန်မတွေ ကို ဂရုဆိုက်တာပိုနေတဲ့အတွက် လွန်လွန်းတယ်လို့ မြင်မိတယ်။ ကလေး တစ်ယောက်မွေးတာ ၃ နှစ် အိမ်မှာ အလကားနေ လို့ ရတယ်ဗျာ။ ကျွန်တော်တို့ ယောင်္ကျားတွေကြတော့ ၁လတောင် မနဲ ခွင့်ယူရတဲပုံ။ လကုန်ဆို ကလေးအမေသုံးဘို့ နိုင်ငံတော်က ပိုက်စံ ဘဏ်အကောင့်ထဲ ရောက်နေလေရဲ့။ တကယ်တော့လဲ ကလေးမွေးရတဲ့ မိန်းကလေးတွေ တာဝန်ဟာ လဲ မလွယ်ဘူးဗျ။ အမေဆို ကျွန်တော့်ကို မွေးလို့ မရလို့ ဗိုက်တောင် ခွဲရတယ်တဲ့။ ကျွန်တော်တို့ အရမ်းချမ်းသာခဲ့ဘူးတဲ့ မြန်မာနိုင်ငံကြီး ဒီလို မိန်းမသားတွေကို အခွင့်အရေးပေးရင် မကောင်းဘူးလာဗျာ။..

koko2009 said...

To ma min min

i am very interesting about ur current country . what country is it ?


jimmy

koko2009 said...

to ko min min

sorry . pyar

i think " u r girl.


respetfully
jimmy

Hteink Min said...

ကို ဂျင်မီလား မဂျင်မီလား

ဂျင်မီဆိုတာ ကြားဘူးနားဝ ယောင်္ကျားနာမည်မို့ ၊ ကို ဂျင်မီလို့ပဲ ခေါ်တော့မယ်။ ကိုစေးထူး ဘလော့ ထဲမှာ Topic တွေ လွဲကုန်တာ မကောင်းဘူးထင်တယ်ဗျ။ ကျွန်တော့်တို့ ပြောရမှာ မိန်းမသားတွေကို ဦးစားပေးရေးလေ။ ဟုတ်ပါတယ်ဗျာ နဲနဲတော့ ဆက်နွယ်နေတာမို့၊ Human right နဲ့ ပါတ်သက်လို့
ကျွန်တော် ရှာပြီးပေးလိုက်ပါတယ်။

Transparency International ရဲ့ Corruption Perceptions Index မှာ ဖင်လန်နိုင်ငံဟာ ၂၀၀၆ မှာ နိုင်ငံပေါင်း ၁၆၃နိုင်ငံထဲမှ နံပါတ် (၁) ဖြစ်ပါသတဲ့။ သူ့လိုပဲ Iceland နှင့် New Zealand လဲ ရခင်နှစ်မှာ နံပါတ် (၁)ဖြစ်နေပါတယ်။

သီတင်းစာ လွတ်လပ်ရေး Reporters without Border မှာ ဖင်လန်နိုင်ငံဟာ ၅ နှစ် ဆက်တိုက် နံပါတ် (၁) ဖြစ်နေပါတယ်။

ပညာရေးအရ ဖင်လန်နိုင်ငံ ပညာရေး System သည် Gov မှ ပိုက်ဆံ အခမဲ့ ဆိုက်ပေးနေပါကြောင်း..ဘယ်သူမဆို ကျောင်းတွင် အခမဲ့ ကျောင်းတက်နိုင်ကြောင့် ၊ သိသလောက်ရေးပေးလိုက်ပါတယ်။

Anonymous said...

ယောက်ျားတွေထဲက ယောက်ျားတယောက်ဖြစ်တဲ့ ကိုကလိုစေထူးမှာ ခုလိုခံစားချက်ရှိတာ မြင်ရတော့ ၀မ်းသားအားရ ဖြစ်မိပါကြောင်းး)

မင်းမင်းရေ.. စကားမစပ်... စင်္ကာပူမှာတော့ မိန်းမတွေဟာ family and career balance ရဖို့ သက်ခဲယဉ်းတယ်လို့ အော်နေကြတယ် ။ ဘာလို့လဲဆိုတော့ အလုပ်ရှင်တွေက ကလေးရှိတဲ့အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်တွေကို သိပ်မခန့်ချင်ကြလို့တဲ့ ။ ကလေးရှိတဲ့ အမျိုးသမီးတွေက အလုပ်ချိန်ပိုမလုပ်ပေးနိုင်ဘူး ၊ ကိုယ်ဝန်ဆောင်တွေက ကလေးမွေးပြီးရင် ခွင့် ၁လယူလို့ရတယ်လေ ။

Unknown said...

ko ko,

nice post. i like all of ur post.
i always respect to u.
don't give up !!

thubuddar said...

အကို..
လေးစားလို့ ကိုကို လို့ခေါ်ပါရစေ..
ဖတ်ရတာတော့ကြာပါပီ.. အခုမှ ကိုကို့ ဘလော့ကိုတွေ့တဲ့အပြင် ဗမာလိုလဲ ကြိုးစားရိုက်ရတာမို့
ကြာနေတာပါ။
ဒါ့ ကို ကိုကို လို့ခေါ်ခွင့်ပေးပါနော်..။
ကိုကို့ စာတွေကို ဒါ အရမ်းလေးစားလို့ပါ
ကိုကို..ဒါ့မေးလ်ကို ဆက်သွယ်နိုင်ပါတယ်။
ဒါ့မေးလ်က
thubuddar@gmail.com
လေးစားလျက်

tinmoelintun said...

There are a lot of guy who are useless than girl and they are not responsible than girl.

loat lel loat ma kwuay naing, hta bi nar lel kho ma sar chin del guy twe ka shi tay del.

pyaw byel yin lel yine yar kya mel

Anonymous said...

Your writings are very impressive. Thanks also for this post.

ပန်းနှင်းဆီ(ကြယ်ကလေး) said...

ကိုစေးထူးရေ...
အကို့ရဲ့ အယူအဆကို နှင်းဆီ အပြည့်အဝ ထောက်ခံပါတယ်....
နှင်းဆီလည်း မဝါဒီ မဟုတ်ပေမဲ့ ဒီလိုမျိုးမိန်းခလေးတွေကို နိုင်းယှဉ်ပြီးတော့ ဟိုလိုဒီလို ပြောတာတွေကို လုံးဝမကြိုကိနိုင်ပါဘူး...
အမျိုးသမီးလေးတွေကြောင့် တိုးတက်အောင်မြင်တဲ့ လုပ်ငန်း တိုင်းပြည်တွေအများကြီးရှီနေပါတယ်...
လေးစားပါတယ်ရှင် ဒီလိုမှန်မှန်ကန်ကန် စိတ်ထားလေးထားနိုင် တွေးနိုင်ပေးတာကို....
ဖြစ်နိုင်ရင် နှင်းဆီ အကို့ပိုစ့်လေးကို နှင်းဆီရဲ့ ဘလောက့်လေးမှာ ပြန်လည်မျှဝေပေးချင်ပါတယ်ရှင်....
ကျေးဇူးတင်နေမှာပါနော်....
အကို အစစအရာရာအဆင်ပြေပါစေရှင်....

ပန်းနှင်းဆီ