Wednesday, October 03, 2007

အတွေးထဲမှ စို့များ...

မနေ့က ကျနော် `ဆွံ့အခြင်း´ ဆိုတဲ့ ပို့စ်ကို ရေးပြီးတော့ မှတ်ချက်ရေးလာကြတဲ့ စာဖတ်သူများရဲ့ ရင်တွင်းစကားတွေက ၀မ်းနည်းပူဆွေးနေတဲ့ ကျနော့်စိတ်တွေကို တပ်လှန့်ခဲ့ပါတယ်။

`နည်းလမ်းကောင်းတွေ မရှိကြတော့ဘူးလား´

အဲဒီ မေးခွန်းကို ကျနော့်ကိုယ်ကျနော်လဲ အထပ်ထပ်အခါခါ ပြန်မေးနေမိပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်တွေကို အသေအချာ ပြန်စဉ်းစား၊ လက်ရှိဖြစ်နေတာကို သိမှီသလောက် သုံးသပ်ကြည့်ရင်းနဲ့ အတွေးတချို့ ထွက်လာပါတယ်။

***

တကယ်တော့ …။

အခုလို ပက်ပက်စက်စက် လူမဆန်စွာ နှိမ်နင်းခံလိုက်ရတာဟာ ကျနော်တို့အားလုံးက `ဒီလောက်တော့ သူတို့ မလုပ်ဝံ့လောက်ပါဘူး´ လို့ တွေးဆခဲ့မိကြတာက အချက်တချက်ပါပဲ။ ဒီတခါတော့ဖြင့် သူတို့ ရှုံးလောက်ပြီ၊ မြန်မာပြည် အရေးမှာ ဘုန်းဘုန်းတွေက အစ မနေသာတော့ဘူးဆိုပြီး အားလုံးကလည်း အားတက်သရော ဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ ရတနာသုံးပါးမှာ တပါးအပါအ၀င်ဖြစ်တဲ့ သံဃာတော်တွေကိုတော့ `သူတို့ မထိဝံ့လောက်ပါဘူး´ လို့ ကိုယ့်ရဲ့ နူးညံ့တဲ့ စိတ်မျိုးနဲ့ သူတို့ကို ယှဉ်တွေး တွက်ဆခဲ့မိကြပါတယ်။ အဲဒီတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ ပုံစံနဲ့ အခုလို ဗြုန်းစားကြီး အနှိမ်နင်းခံလိုက်ရချိန်မှာ အခုလို ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတွေနဲ့ ကြုံကြိုက်လိုက်ရတော့တာပါပဲ။

အခုဆိုရင် ဆန္ဒပြပွဲတွေဟာ ငြိမ်သက်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ မီးကို ရေနဲ့ ငြိမ်းသတ်လိုက်လို့ ငြိမ်နေတဲ့ အငြိမ်မျိုးတော့ မဟုတ်ပါဘူး။ မီးကျီခဲရဲရဲတွေကို ဖွဲတွေ အများကြီး အုပ်ပစ်လိုက်လို့ အခိုက်အတန့်အားဖြင့် ဘာမီးခိုးမှ မထွက်တော့ဘဲ ငြိမ်းသွားသလို ထင်နေရတဲ့ အငြိမ်ပါ။ ဒီတော့ အဲဒီ မီးကျီခဲတွေ ပြန်အရှိန်ကောင်းလာအောင် ကျနော်တို့ ဘယ်လို နည်းလမ်းတွေနဲ့ အထောက်အပံ့ပြုသင့်ပါသလဲ။

သက်တမ်းရင့် သစ်မြစ်တုံးကြီးကို အစိတ်စိတ်အမြွှာမြွှာ ကွဲအောင် ပေါက်ဆိန်နဲ့ ခွဲဖို့ ခဲယဉ်းလွန်းတော့ စို့တွေနဲ့ ဟိုနေရာမှာ ထုစိုက်လိုက်၊ ဒီနေရမှာ ထု စိုက်လိုက်နဲ့ ခွဲတာကို မြင်ဖူးကြမှာပါ။ တကယ်တော့ လက်ရှိ စစ်တပ်ဟာ အဲဒီလို သစ်မြစ်တုံးကြီးနဲ့ တူပါတယ်။ ကောင်းသော မြဲမြံခြင်း မဟုတ်တဲ့ မြဲမြံခြင်းနဲ့ တော်ရုံပေါက်ဆိန်ကို သူတို့ မတိုးတော့ပါဘူး။ ဒီတော့ ကျနော်တို့က စို့တွေနဲ့ တချက်ခြင်း ထုစိုက်ရပါမယ်။

အဲဒီစို့တွေကို ပြည်တွင်းကလူတွေရော ပြည်ပက လူတွေပါ ထုစိုက်လို့ ရပါတယ်။ မီဒီယာစို့၊ စည်းရုံးသိမ်းသွင်းခြင်းစို့၊ ဖယ်ကျဉ်ပစ်ပယ်ခြင်းစို့ အစရှိတဲ့ စို့တွေဟာ ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ ပြည်ပရောက်ပဲ ဖြစ်ဖြစ် ထုရိုက်ရမယ့်နေရာ မှန်မှန်နဲ့ ဟန်ချက်ညီညီ ထုရိုက်သွားရင် အာဏာရှင် သစ်မြစ်တုံးကြီး ပြိုကွဲမှာပါပဲ။

ပြည်ပမှာဆိုရင် အားလုံး သိကြတဲ့အတိုင်း အနာဂတ်ရဲ့ စစ်ခေါင်းဆောင်လောင်းလေးတွေ ရုရှနိုင်ငံမှာ ပညာတော်သင်နေကြတာ ရှိပါတယ်။ တချို့လည်း ခပ်အေးအေး၊ တချို့ကျတော့ ခပ်ဆူဆူ၊ တချို့ကတော့ ဆင်ခြင်တုံအပြည့်၊ တချို့ကျတော့ မာန်ပြည့်ဟန်ပြည့်၊ တချို့ကတော့ ယဉ်ကျေး၊ တချို့ကျတော့ မယုံနိုင်လောက်အောင် ရိုင်းပျ စသဖြင့် အရောအရော အပြွန်းပြွန်းဖြစ်နေတဲ့ အာဏာသစ်မြစ်ကြီးရဲ့ မဏ္ဍိုင်လေးတွေကို ကျနော်တို့က ပေါက်ဆိန်နဲ့ သွားပေါက်နေလို့ အလုပ်မဖြစ်ပါဘူး။ အထက်က တင်ပြခဲ့တဲ့ စည်းရုံးသိမ်းသွင်းခြင်း စို့နဲ့ ဖယ်ကျဉ်ပစ်ပယ်ခြင်းစို့တွေကို ထိုက်သင့်အားလျော်စွာ အသုံးချပြီး ပြည်သူဘက်ပါအောင် လုပ်ဆောင်သင့်ပါတယ်။

ဘယ်လိုလုပ်ဆောင်မလဲလို့ မေးစရာ ရှိပြန်ပါတယ်။ သူတို့ကို `မင်းတို့တွေ ငါတို့ ပြည်သူတွေဘက်က နေပြီး မင်းတို့ အထက်အရာရှိတွေကို ပြန်တွန်းလှန်ပါကွာ´ လို့ သွားပြောရမယ်လို့ မဆိုလိုပါဘူး။ အဲဒီလိုလဲ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ အဓိက အလုပ်နိုင်ဆုံး အရာက ကျနော်တို့ တိုင်းပြည်အတွက် အဓိက လိုအပ်နေတာက ဘာလဲ၊ ကျနော်တို့ ပြည်သူတွေ တကယ်လိုလားနေတာက လက်ရှိအနေအထားကို မဟုတ်ဘူးဆိုတာကို သူတို့ သိသွားအောင် လုပ်နိုင်ပါတယ်။ ကျနော်တို့ရဲ့ လိုလားခံစားချက်တွေကို နားလည်လာအောင် စည်းရုံးနိုင်ပါတယ်။ ဘာလုပ်သင့်လဲ ဆိုတာကို သူတို့ရဲ့ ကိုယ်ပိုင် အသိတရားက ဆုံးဖြတ်ပါလိမ့်မယ်။

ဘယ်လိုပြောပြော၊ ဘာတွေပဲ စည်းရုံးစည်းရုံး `စစ်တပ်ကိုတော့ လာမထိနဲ့ကွ၊ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ဖြစ်လာတာ၊ မနာလိုမရှိကြနဲ့´ ဆိုတဲ့ စစ်ဘိုတွေအတွက်ကိုတော့ စည်းရုံးသိမ်းသွင်းခြင်း စို့ထက် ဖယ်ကျဉ် ပစ်ပယ်ခြင်း စို့ကိုသာ အသုံးပြုသင့်ပါတယ်။ အရေးကြီးတာက အဲဒီလို စစ်ဘိုတွေ ဒီထက်ပို မများလာဖို့ ကျနော်တို့ ပါးနပ်ရပါလိမ့်မယ်။

ပြည်တွင်းက လူတွေကတော့ လုပ်ဆောင်နိုင်စရာတွေ ပိုများပါတယ်။

တကယ်တော့ စစ်တပ်တခုလုံးက စစ်သားအားလုံးက သူတို့ အထက်အရာရှိတွေကို ကြည်ဖြူနေကြတာတော့ မဟုတ်ပါဘူး။ စစ်ထဲဝင်မိမှတော့ ပေါက်တဲ့ နဖူး မထူးပါဘူးကွာ ဆိုတဲ့ အတွေးတွေနဲ့ ဘ၀ကို အလိုက်သင့်မျောနေရတဲ့ စစ်သားတွေ အများကြီးပါ။ အခုလက်ရှိ စစ်တပ်လုပ်နေတာဟာ တိုင်းပြည်တပြည်လုံး ကောင်းစားဖို့ မဆိုထားနဲ့ `စစ်တပ်ထဲက ရဲဘော်တွေကိုတောင် ကောင်းကောင်း ထားနိုင်တာ မဟုတ်ဘူး´ ဆိုတဲ့အတွေးက စစ်သည် အတော်များများမှာ ရှိနေပြီးသားပါပဲ။ အဲဒီအတွေးတွေ စစ်သည်အားလုံးမှာ ၀င်လာနိုင်ဖို့ကိုလည်း ကျနော်တို့တွေ စို့တွေကို အလျဉ်းသင့်သလို သုံးရပါမယ်။

အခုလို ဘုန်းဘုန်းတွေကိုပါ မချန် ရက်ရက်စက်စက် ဖြိုခွင်းခံရတာမျိုး ကျနော်တို့ နောက်တကြိမ် ထပ်မရင်းနိုင်တော့ပါဘူး။ အဖိုးတန် အာဇာနည်တွေ နှမြောစရာကောင်းလှပါတယ်။ ဒီတော့ ကျနော်တို့ သတိရှိရှိနဲ့ နောက်ထပ် တိုက်ပွဲ တခုကို ထပ်မံ ဖော်ဆောင်ကြရပါမယ်။

အခု တကြိမ်မှာ ကျနော်တို့ဟာ အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို ရပ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့တာဟာလဲ သူတို့ အသာစီး ရသွားတဲ့ အဖြေတခုပါပဲ။ ဒီတော့ နောင်တကြိမ်မှာ သူတို့ရဲ့ ယန္တရားတခုလုံး ရပ်တန့်သွားနိုင်လောက်တဲ့ အထိ ကြိုးစားရပါမယ်။ ဥပမာ လမ်းပေါ်ထွက် ဆန္ဒမပြဘဲ ၀န်ထမ်းအားလုံး အလုပ်မဆင်းဘဲ အိမ်မှာနေပြီး ဆန္ဒပြတဲ့ နည်းလမ်းမျိုးကို ချဉ်းကပ်ကြည့်သင့်ပါတယ်။ အဲဒီ ၀န်ထမ်းတွေ အဲဒီလို ဆန္ဒပြချင်လာအောင်တော့ စို့တွေကို လိမ္မာပါးနပ်လှစွာ သုံးရပါမယ်။

အခုပို့စ်ဟာ ကျနော့်ရဲ့ စဉ်းစားမိချက်တွေကို တခြားလူတွေလဲ ဝေဖန်သုံးသပ်ရင်းနဲ့ ကျနော် စဉ်းစားတာထက် သာလွန်ကောင်းမွန်တဲ့ အဖြေတွေ ထွက်လာဖို့ ရည်ရွယ်ပြီး ရေးပါတယ်။ ဖတ်ရှုမိတဲ့ မိတ်ဆွေအားလုံးရဲ့ စဉ်းစားမိတဲ့ အချက်အလက်တွေကိုလည်း အလေးထား စောင့်မျှော်ပါမယ်။ အားလုံးရဲ့ အမြင်တွေထဲကမှ လက်ရှိ အနေအထားနဲ့ လိုက်လျောညီထွေ အဖြစ်နိုင်ဆုံး အချက်အလက်တွေကို ထုတ်နှုတ်ယူပြီး မိမိနဲ့ နီးစပ်ရာအလိုက် တဆင့်တဆင့် မိမိတတ်နိုင်သလောက် အကောင်အထည်ဖော်ကြမယ်ဆိုရင် ကျနော်တို့ လိုလားနေတဲ့ ပြည်သူ့ဆန္ဒ အစစ်အမှန် ပြည့်ဝလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ဒီနေရာမှာ မလိုလားအပ်တဲ့ အနှောက်အယှက်တွေ ရှိလာနိုင်ပါတယ်၊ အသားလွတ် လာရောက် ဆဲဆိုတာတွေ ပေါ်လာနိုင်ပါတယ်။ အဲဒါတွေကို လစ်လျူရှုပြီး အကောင်းဆုံး အဖြေတခုကို ၀ိုင်းဝန်းစဉ်းစား ပေးကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။

***

ဆရာမ မေငြိမ်းရဲ့ မှတ်ချက်စကားက လစ်ဟာသွားတဲ့ ကျနော့်ရဲ့ အတွေးကွက်လပ်ကို နေရာဖြည့်ပေးခဲ့ပါတယ်။

`ဖြောင်း´ ဆိုတဲ့ အသံဟာ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်တဲ့ အသံလို့ ကျမ မထင်ပါ။ မတရားမှုကို သိသိသာသာ ၀န်ခံလိုက်တဲ့ အသံ၊ ပြီးတော့ လူတွေ ငြိမ်ဝပ်နေမှုကို လှုပ်နှိုးလိုက်တဲ့ အသံ

ဟုတ်ပါတယ်။ သူတို့ ရိုက်ချိုးလိုက်တဲ့ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေ တကယ်တော့ မပျက်ကျိုးသွားပါဘူး။ ဘယ်တော့မှလဲ ပျက်ကျိုးမှာ မဟုတ်ပါဘူး။


ကလိုစေးထူး

6 comments:

Anonymous said...

ဆင်ခြင်တုံ တရားရှိပြီး၊ ယဉ်ကျေးတဲ့ စစ်ဗိုလ်တွေကိုဆိုရင် ပျော့ညံ့တယ်။ စစ်သားလုပ်ဖို့မတန်ဘူး၊ အလကား ပုတီးသမား။ လူပျော့ဆိုပြီး လူထုကိုယ်တိုင်ကော (အထူးသဖြင့် စီးပွားရေးသမားတွေပါ၊ အနှိမ်ခံတွေကို မဆိုလိုပါဘူး) တပ်ထဲက လူတွေကပါပြောကြတာတွေ နောက်ဆုံးကျဉ်ခံထိကြတာတွေအများကြီးပါ။

ယူနီဖောင်း တကားကားနဲ့ လက်နက်ကိုင်ပြီးမော်နေတာကို သူရဲဘောကြောင်ခြင်းလို့ မထင်ပဲ ထက်မြက်တဲ့ စစ်ဗိုလ်ဆိုပြီး ဖားနေတာ၊ ဦးချနေကြတော့ ဘာဆက်လုပ်ကြမလဲ။

သူတို့တပ်ထဲမှာ ဆင်ခြင်တုံတရားသမားတွေ အများကြီးပါ။ ဒါပေမယ့် လှုပ်မရအောင် အဆင့်၂ထောက်ထားတယ်ထင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာမှာတော့ ဒီတစ်ခါ ၀က်ဝက်ကွဲပဲ။ မငြင်းနိုင်တော့ပါဘူး။ ဒါကို မှားတယ်တောင် မထင်ကြတော့ဘူးလား။

ကလူသစ် said...

ကလို ပြောတာတွေကောင်းတယ်။ ဒီထက်ကောင်းထက်အကြံတော့ မစဉ်းစားမိသေးဘူး။
လိမ်မာပါးနပ်ဖို့ လိုတယ်ဆိုတာနဲ့ ပက်သက်ပြီး နဲနဲဆွေးနွေးချင်တယ်။ အစကထဲက ကလိုရယ် ကဖိုးဇေရယ် ကဒေါင်းရယ်ကို မေးလ်နဲ့ ဆွေးနွေးဖို့ စဉ်းစားထားတာ။ အခုအတော်ပဲဖြစ်သွားတယ်။ ကလို့ဘလော့ဘ်မှာ မေးလ်လိပ်စာရှိမတွေ့ဘူးဖြစ်နေတယ်။ ကလူသစ် မေးလ်ကိုဆက်သွယ်ပေးပါလား။

ခင်မင်းဇော် said...

အင်း ဗမာပြည်သူနဲ့ ဗမာစစ်တပ်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တိုင်းဟာ
အာဏာရှင်စစ်တပ်ရဲ့ ကိုယ့်သေတွင်းကို ကိုယ်တိုင်နက်နက်တူးနေတာချည်းပါ ။ အချည်းနှီးဖြစ်တာ မဟုတ်ပါဘူး။
ထို့အတူပဲ ကိုယ့်အိမ်ထဲက မထွက်တဲ့ ဆန္ဒပြခြင်းဟာလဲ ဗမာပြည်သူတွေနဲ့ မရင်းနှီးတဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်။
ဘာ့ကြောင့်လမ်းပေါ်ထွက် ခဲ့ရတာလဲဆိုတာကတော့ လူထုအားလုံးစိတ်တက်ကြွလာစေချင်တယ် ကိုယ့်လိုလူတွေ အများကြီးပါလားလို့ သိစေချင်တယ်
အဲဒီနည်းကသာ မြန်မာပြည်သူတွေရဲ့ ငုံ့နေတဲ့ နိုးကြားမှုတွေကို နှိုးဆွပေးနိုင်တယ်။
အိမ်တွင်းပုန်းသပိတ်ကို ဘယ်တော့မှ မခေါ်စေချင်ပါဘူး
လမ်းတွေပေါ်မှာ ပြည့်ကျပ်နေတဲ့ လူမြင်သူမြင် လူထုအားကို ပြသခြင်းဟာ ထိခိုက်မှုတွေရှိမယ် အိမ်ပြင်မထွက်ရင် ထိခိုက်မှုမရှိဘူး ဆိုတဲ့ အတွေးကပါ မှားယွင်းတယ်လို့ မြင်မိပါသေးတယ်
ဘာ့ကြောင့်ဆို နအဖက ဘယ်နေရာကိုမဆို တံခါးမရှိ ဓါးမရှိ ၀င်ရောက်ဖမ်းဆီးနိုင်တယ် ဆိုတာကို မမေ့စေချင်လို့ပါ။
အသေးစိတ် ကိုမေးလ်နဲ့ဆွေးနွေးနိုင်ပါတယ်။

Anonymous said...

အကိုရေ ဆရာလုပ်တာတော.မဟုတ်ဘူးနော် အကြံလေးပေးချင်လို.ပါ စစ်အစိုးရကပြည်သူတွေကို ထွက်မလာရဲအောင် စိတ်ဓာတ် စစ်ဆင်ရေးအနေနဲ.လူတွေသတ်ပြနေပြီ ကျွန်မတို.လဲစိတ်ဓာတ်စစ်ဆင်ရေးပြန်လုပ်ကြရအောင်
နယ်ချဲ.ကိုသပိတ်မှောက်ခဲ.ကြသလို စစ်သားတွေကိုသပိတ်မှောက်ကြရအောင် မိသားစုတော်တော်များများမှာသားကစစ်သား ကျန်တဲ.လူတွေကတိုင်းပြည်ကိုချစ်တဲ.လူတွေ ဒါမျိုးတွေရှိကြပါတယ် စစ်သားတွေကပြည်သူတွေထဲမှာနေကြရတာပဲ
ပြည်သူတွေကကျဉ်ထားရင်မခံနိုင်ပါဘူး ဈေးသည်တွေကလဲ စစ်သားဆို တတ်နိုင်သလောက် ဈေးမရောင်းကြပါနဲ. မိသားစုဝင်ထဲမှာ စစ်သားရှိရင် တပ်ထဲကထွက်ချင်လာအောင်ဖျောင်းဖျကြ မရရင်ထမင်းတောင်တူတူမစားကြနဲ.
သူငယ်ချင်းတွေထဲမှာစစ်သားရှိရင် ချက်ချင်းအဆက်ဖြတ်ကြ စီဘောက်မှာစစ်ဘက်ကလာပြောရင် လုံးဝမတုံ.ပြန်ကြနဲ.
ဒီသပိတ်ကိုပြည်သူတိုင်းလုပ်နိုင်လောက်ပါတယ် ပြည်သူတွေမှာခံစားချက်ကရှိနေကြပြီလေ အစိုးရကလဲသပိတ်မှောက်သံဃာတွေသာဖမ်းနိုင်ပါမယ် သပိတ်မှောက်ပြည်သူတိုင်းကိုမဖမ်းနိုင်ပါဘူး ဒီသပိတ်ဟာ စနက်တံတစ်ခုပဲအကို
လူတိုင်းဟာလူ.အသိုင်းအ၀ိုင်းရှိကြတယ် လူ.အသိုင်းအ၀ိုင်းကကျဉ်လိုက်ရင်မခံနိုင်ကြပါဘူး အထူးသဖြင်.စစ်သားတွေဟာ ယောက်ကျားတွေလေ သူတို.ရဲ.မိန်းမတွေ အမေတွေ ရည်းစားတွေရဲ.ကျဉ်တဲ.ဒဏ်ကိုမခံနိုင်ကြပါဘူး
တပ်မတော်ကိုဘယ်သူမှဖြိုခွဲစရာမလိုပဲ အလိုလိုကွဲလာပါလိမ်.မယ် မျိုးချစ်တပ်မတော်နဲ. မျိုးမစစ်တပ်မတော်ကွဲပြားလာမှကိုဖြစ်မှာ ကိုနစ်နေမန်း ဆီကိုလဲစာပို.ထားပါတယ် အကိုတို.စဉ်းစားပေးကြပါလို.တောင်းဆိုချင်ပါတယ်
စစ်အစိုးရဟာ ဘုန်းဘုန်းတွေကျဉ်တာကို မခံနိုင်လို.ပေါက်ကွဲတာပါ ပြည်သူတစ်ရပ်လုံးကဒီသပိတ်ကိုဆင်နွဲရင် စစ်သားတစ်ယောက်ချင်းကိုထိစေပါတယ်

ကလိုစေးထူး said...

စီဘောက်စ်မှာ အရုဏ် ပြောသွားတာကို မပျောက်မပျက်သွားအောင် ကော်ပီကူးယူပြီး ဒီမှာ တင်လိုက်ပါတယ်။

ဝင်ရောက် ဆွေးနွေးသွားကြတဲ့ အကိုအမ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော် ဒီပို့စ်ကို တင်ရတဲ့ ရည်ရွယ်ချက်က အားလုံး စိတ်ထဲမှာ ရှိနေကြတဲ့၊ စဉ်းစားမိထားကြတဲ့ အချက်တွေကို ဆွဲထုတ်ကြည့်ချင်တဲ့ စိတ်နဲ့ပါပဲ။ အခု ကျနော် တင်ပြထားတဲ့ အချက်တွေနဲ့ တူချင်လဲ တူမယ်။ မတူတာလဲ ဖြစ်ကောင်းဖြစ်ပါမယ်။ တချို့ အချက်တွေဆိုရင် ယုံကြည်ရသူ အချင်းချင်းအတွင်းမှာသာ သီးသန့်ဆွေးနွေးချင်တာလဲ ရှိကောင်းရှိနိုင်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် စဉ်းစားမိတဲ့ အချက်တွေထဲက အကောင်းဆုံး အသင့်တော်ဆုံးလို့ ထင်တဲ့ အချက်တွေနဲ့ ကျနော်တို့ ထပ်ကြိုးစားကြည့်ချင်တာပါ။

နောက်တခု ကျနော် စဉ်းစားတာက အခု ကျနော်တို့ ပြောဆို ဆွေးနွေးနေတာကို တကယ့်တကယ်တမ်း အကောင်အထည်ဖော် လုပ်ဆောင်နေရတဲ့လူ တဦးဦးက အမှတ်တမဲ့ပဲ ဖြစ်ဖြစ် ဖတ်မိသွားလို့ သူနဲ့ အသုံးတည့် အဆင်ပြေမယ့် အချက် တခုခုကို တွေ့သွားလို့ အဲဒီအတိုင်း အသုံးချဖြစ်သွားတာဆိုရင်လည်း ရေးလိုက်ရကျိုး နပ်မယ်လို့ ထင်မိတာပါပဲ။ ဒီတိုင်းကြီး ထိုင်ပြီး ၀မ်းနည်းပူဆွေးနေတာထက်စာရင် အကြံထုတ်ကြည့်တာ၊ လုပ်နိုင်တဲ့ နေရာကနေ တတ်အားသရွေ့ လုပ်ကြည့်ဖို့ ကြိုးစားကြည့်တာ ပိုအဆင်ပြေမလား တွေးမိတာပါ။ လိုအပ်တာတွေ ရှိနေရင် အားမနာစတမ်း ထောက်ပြနိုင်ပါတယ်ခင်ဗျာ။ အပြုသဘောဆိုရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ။

ကလိုစေးထူး

nyeenyee2007 said...

i also agreed with Ar-yon,i also want to advise that we should ban the militry government and their relatives inside myanmar and outside ,S'pore Austrilia USA UK etc a lot of their generation are attending various class & some university, we should make a boycott them,