Thursday, February 28, 2008

စပ်မိစပ်ရာ… (၂၀)

စပ်မိစပ်ရာကို မရေးဖြစ်ခဲ့တာ အတန် ကြာခဲ့ပါပြီ။

မရေးဖြစ်ခဲ့တဲ့ ကာလတွေမှာ အတော်ကြီးကို စိတ်ဆင်းရဲစရာ ကောင်းတဲ့ သတင်းဆိုးတွေက ဆက်တိုက် ဆိုသလို ကြားခဲ့ရပါတယ်။ ကေအင်န်ယူ အဖွဲ့ရဲ့ အထင်ကရ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ဖဒိုမန်းရှာ လုပ်ကြံ ခံရတဲ့ သတင်း၊ အခု ရက်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို လောင်နေတဲ့ မြန်မာပြည်က မီးဘေးသတင်းတွေဟာ အမင်္ဂလာ သတင်းဆိုးတွေပါ။

ဖဒိုမန်းရှာ လုပ်ကြံခံရတာနဲ့ ပတ်သက်လို့ သုံးသပ်ချက်၊ ထင်မြင်ချက် အတော်များများကို ဖတ်ခဲ့ရပါတယ်။ ကျနော့် အမြင်မှာကတော့ ဒါဟာ အင်မတန်မှ ပိုင်စိုးပိုင်နင်း ဆန်လှသလို တော်လှန်ရေး အင်အားစုတွေရဲ့ ခံတပ်တခုလို တင်စားလို့ရတဲ့ မဲဆောက်မြို့ဟာ တကယ့်တကယ်တမ်းမှာ လုံခြုံမှုနဲ့ ပက်သက်ရင် ပစ်စလက်ခတ် နိုင်လွန်းစွာ ကင်းမဲ့နေတယ်လို့ မြင်မိပါတယ်။ ထိုင်းရဲတွေရဲ့ `တရားခံတွေကို ဖော်ထုတ်ပေးပါမယ်´ ဆိုတဲ့ ကတိစကားကရော၊ ဘယ်လောက်အထိများ အားကိုးနိုင်စရာ ရှိနေပါသလဲ ဆိုတာဟာ မေးခွန်းထုတ်စရာပါပဲ။

ဆက်တိုက်ဆိုသလို လောင်နေတဲ့ မီးဘေး သတင်းတွေကို မြင်ရ၊ ဖတ်ရတာ စိတ်ဆင်းရဲလွန်းလှတာကြောင့် နီးစပ်ရာ မိတ်ဆွေ၊ မောင်နှမတွေနဲ့ တိုင်ပင်ပြီးတော့ တနိုင်တအား အနေနဲ့ ကူညီတာမျိုး လုပ်ဖို့ စီစဉ်မိပါတယ်။ ကျနော် လုပ်နိုင်တဲ့ အရာလေး တခုက ပိစိကွေးလေးလဲ ဖြစ်ချင်ဖြစ်မယ်။ အားငယ်နေတဲ့ မိသားစု တခုခုကို တစုံတရာ အားအင်လေး ဖြစ်ဖြစ် ပေးနိုင်ရင်ပဲ ဖြေသိမ့်စရာ တခုခု ရတန်ကောင်းပါရဲ့။ ဒါပေမယ့် … `အခု မြန်မာပြည်မှာ မညံ့လွန်း၊ မကောင်းလွန်းတဲ့ ဆန်တအိတ်ကို ဘယ်လောက် ပေးရပြီလဲ´ လို့ မေးကြည့်မိတော့ `နှစ်သောင်း´ …တဲ့။ ကျနော် လှူနိုင်တဲ့ ငွေပမာဏနဲ့ ဆန်အိတ်တန်ဖိုးကို တွက်ချက်ပြီး ပင့်သက် တချက်တော့ ချမိပါတယ်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေအရ ဆန္ဒခံယူပွဲကို တခုခု ဝေဖန်မိသူဟာ ထောင်ဒဏ် ၃ နှစ်နဲ့၊ ဒဏ်ငွေ ကျပ်တသိန်းအထိ ပြစ်ဒဏ် ချမှတ်ခံရပါမယ်။ ယခင်ကလည်း အမျိုးသား ညီလာခံကို ဝေဖန်ရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ အမိန့်အမှတ် ၅/၉၆ ဆိုတာ ရှိခဲ့ပြီးသားပါ။ နောက်များဆိုရင်တော့ ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ပေးရင် ဘယ်နှယ့်ပြုမယ်၊ ဒီ့နှယ့်ပြုမယ်ဆိုတဲ့ ဥပဒေတွေ ထပ်ထွက်လာနိုင်စရာ အကြောင်း ရှိပါတယ်။

မလေးရှား နိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မယ့် မြန်မာနိုင်ငံသားတွေကို တင်ဆောင်လာတဲ့ ကားကို ထိုင်းရဲတွေက ပစ်ခတ်တဲ့အတွက် မြန်မာကလေးငယ် တဦး သေဆုံးပြီးတော့ သုံးဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ လူကယ်ရီ ဈေးကွက်ရဲ့ ကယ်ရီခ ပေါက်ဈေးကလဲ ကြောက်ခမန်းလိလိပါတယ်။ ဘတ်ငွေ ၁၄၀၀၀ (မြန်မာငွေ ၄ သိန်းကျော်) ပေးရတဲ့အပြင် အသက်ကိုပါ ဖက်နဲ့ထုပ်လို့ ရေကြည်ရာ မြက်နုရာ ရှာရင်း ကံဆိုးခဲ့ကြရရှာတာပါ။

ကျနော် အားပေးတဲ့ ချဲလ်ဆီး အသင်းကတော့ ကားလင်းဖလား ဖိုင်နယ်မှာ ကံဆိုးလှစွာနဲ့ပဲ စပါး အသင်းကို ရှုံးနိမ့်သွားပါတယ်။ မိနစ် ၇၀ ရောက်မှ ပေးလိုက်ရတဲ့ ပယ်နယ်တီနဲ့ အချိန်ပို ၄ မိနစ်မှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် ကံဆိုးသွားရတဲ့ ချဲလ်ဆီးအသင်း လာမယ့် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့မှာတော့ ကံကောင်းပါစေလို့ ဆုတောင်းရမှာပါပဲ။ ဂိုးသမားက ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့ မစ်ဒယ်ဘရော့နဲ့ ရှက်ဖီးယူနိုက်တက်တို့ရဲ့ ပွဲကလည်း ထူးခြားချက် တခုပါပဲ။ မိနစ် တရာကျော်တိုင်အောင် လက်စွမ်းပြလာတဲ့ ဂိုးသမားက တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို အလောတကြီးနဲ့ လှမ်းပုတ်ခိုက်ခါမှ ဂိုးထဲကို ယက်သွင်းမိလျက်သား ဖြစ်သွားပါတော့တယ်။

ကျနော့်ရဲ့ ဘလော့ဂ်နာမည် `ကလိုစေးထူး´ ဆိုတဲ့ အမည်ဟာ ကျနော့်မွေးရပ် ကရင်ပြည်နယ်ကို ချစ်တဲ့စိတ်၊ ဖြောင့်မတ် ဖော်ရွေတဲ့ ကရင်လူမျိုးတွေကို နှစ်လိုစိတ်နဲ့ ပေးခဲ့တဲ့ နာမည်ပါ။ ဒါကို `ဗမာ တယောက်က ကရင်နာမည် ယူရကောင်းလား´ ဆိုတဲ့ အမြင်မျိုးနဲ့ အထင်မလွဲစေချင်မိပါဘူး။ အဲဒီလိုမျိုး ထင်စရာ ဖြစ်နေတယ်ဆိုရင်တော့ ကျနော် တော်တော်လေး စိတ်မကောင်းဖြစ်မိမှာပါ။

အခု ၂၀၀၈ ခုနှစ်အတွက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း တယောက်ယောက်ကသာ အနိုင်ရမယ်လို့ ခန့်မှန်းသူ များနေပါတယ်။ ကျနော်နဲ့ အတူ အလုပ်တွဲလုပ်ရတဲ့ Troy ဆိုတဲ့ ဘော်ဒါကြီးကို `ခင်ဗျား ဘယ်ပါတီကို ကြိုက်လဲ´ မေးတော့ သူက မဆိုင်းမတွနဲ့ပဲ `ရီဗတ်ဗလီကင်´ လို့ ဖြေပါတယ်။ `ဘာကြောင့်လဲ´ လို့ ထပ်မံ လျှာရှည်ကြည့်မိတော့ `ဒီမိုကရက်တွေ နိုင်သွားရင် အခွန်ပိုဆောင်ရမယ်၊ အကြမ်းဖက်ကောင်တွေ ငါတို့ နိုင်ငံထဲတောင် ရောက်လာနိုင်တယ်´ လို့ ပြန်ဖြေပါတယ်။

သတင်းတွေ လိုက်ဖတ်လိုက်၊ စာရေးလိုက်လုပ်ရတာ ညောင်းတာနဲ့ သီချင်းခွေတခွေ ဖွင့်ကြည့်မိပါတယ်။ အဲဒီ အခွေထဲမှာ စည်သူလွင်နဲ့ ဟေမာနေ၀င်း စုံတွဲဆိုထားတဲ့ `ရုန်းတော်လွှတ်တော်´ သီချင်းကို နားထောင်ရင်းနဲ့ အထက်ပါ စာတန်းကို တွေ့တော့ မျက်လုံးပြူးသွားပါတယ်။ :D သီချင်းစာသား အမှန်က `ထောက်ဆကာ ညှာကွယ်… ခင်မင်သူ မောင်ရယ်´ ပါ။ အခုတော့ `ထောက်စက ညှာကွယ်… ခင်မင်သူမောင်ရယ်´ …တဲ့။ လွဲချက်က နာပါပေ့။

ဒီတပတ် စပ်မိစပ်ရာကိုတော့ ဒီလောက်နဲ့ နားပါရစေ။ နောက်အပတ်တွေမှာ ပြန်ဆုံကြပါစို့။


ကလိုစေးထူး

4 comments:

Anonymous said...

"နားထောင်ရင်းနဲ့ အထက်ပါ စာတန်းကို တွေ့တော့ မျက်လုံးပြူးသွား..."
The mistake also made me smile :) :)

I totally agree with your about America and 'some' Americans. It's not the best place in the world. However, I did enjoy my 5 years there as a student. It sure is a land of opportunity for those who try hard to follow their dreams.

Best,
Lwin Moe

Anonymous said...

စပ်မိစပ်ရာ သတင်းစုံစုံလင်လင်လာဖတ်သွားပါတယ် အစ်ကိုကြီးရေ့............။
မဲဆောက်မြို့ဟာ တကယ့်တကယ်တမ်းမှာ လုံခြုံမှုနဲ့ ပက်သက်ရင် ပစ်စလက်ခတ် နိုင်လွန်းစွာ ကင်းမဲ့နေတယ်လို့ မြင်မိပါတယ် ၊ မမြင်နဲ့ ဗျ တကယ်တကယ်း) လုပ်၇တဲ့အလုပ်သမားတွေ နေနဲ့ ပြောရ၇င် ကျီးလန့် စာစား ဆိုသလိုလေ။ ဘာမှကိုလုံခြဲုံမှုမရှိတာ.. ။

တန်ခူး said...

စပ်မိစပ်ရာကတော့ ထုံးစံအတိုင်း ရယ်မိ၊ မဲ့မိ၊ ငိုမိ၊ ပြုံးမိ...။

စူး said...

မြတ်နိုးတို့ကတော့ သတိမထားမိပါဘူး။
သီချင်းဆို လိုက်ဆိုလိုက်တာပဲ အဓိပ္ပါယ်လဲ သေချာသိဘူးလေ ။
ကိုစေးထူး ရေးတဲ့စာတွေ အရမ်းကြိုက်တာပဲ။ မြတ်နိုးလဲ ဘလော့လုပ်ဖို့ ကြိုးစားနေတယ် ။
ကိုစေးထူးကို လင့်ချိတ်ခွင့်ပေးပါနော်။
မြတ်နိုး ဘလော့ကို လုပ်ပေးတဲ့သူ လုပ်ပီးသွားရင် အကြောင်းလာကြားပါ့မယ်။