Friday, July 04, 2008

စစ်တပ်နဲ့ စစ်ဗိုလ်…

လက်ရှိ မြန်မာပြည် နိုင်ငံရေး အနေအထားအရ စစ်တပ်ကို ပြည်သူလူထုဘက်ကို ပါလာအောင်၊ တနည်း စစ်တပ်နဲ့ပြည်သူ တသားတည်း ရှိလာအောင် စစ်တပ်ထဲက စစ်သားတွေရဲ့ အခြေအနေတွေနဲ့ ရပ်တည်ရမှု အနေအထားကို တစေ့တစောင်း လေ့လာနိုင်ဖို့အတွက် `စစ်တပ်ထဲမှာ´ ဆိုတဲ့ ဆောင်းပါးကို ကျနော် ရေးခဲ့ဖူးပါတယ်။

လတ်တလော နှောင်းပိုင်း ကာလတွေထဲမှာ အထူးသဖြင့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းကာလတွေနဲ့ နာဂစ်မုန်တိုင်း အဖြစ်ဆိုး နောက်ပိုင်းကာလတွေမှာ အမှတ်ရရ သတိထားစရာအဖြစ်ကတော့ အင်တာနက် စာမျက်နှာတွေပေါ် (အထူးသဖြင့် မြန်မာဘလော့ဂ် စာမျက်နှာတွေပေါ်မှာ) အယူအဆရေးရာအရပဲ ဖြစ်ဖြစ်၊ ရပ်တည်ချက်အရပဲ ဖြစ်ဖြစ်၊ အင်မတန် မောက်မာရင့်သီးလွန်းလှတဲ့ မြန်မာစစ်တပ် အရာရှိငယ် တချို့ (တချို့)တွေ ထပ်မံ ပေါ်လာတာပါပဲ။ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ပြောပုံဆိုပုံ၊ သူတို့ ရေးတဲ့စာတွေထဲက သူတို့ရဲ့ ရပ်တည်ပုံတွေဟာ စကားလုံးတွေနဲ့သာ ချခင်းပြသကြရတဲ့ စာမျက်နှာတွေပေါ်မှာတင်ကိုပဲ အင်မတန်မှ စက်ဆုပ်စရာ၊ အော့နှလုံးနာစရာ ကောင်းလှတဲ့ အပြင် ဒီထက်ပိုပြီး ပြောရရင် သူတို့ကိုယ် သူတို့ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ အရိုက်အရာကို နောင်တချိန်ချိန်မှာ ကျိန်းသေပေါက် ဆက်ခံရတော့မယ့်အလား ပိုင်စိုးပိုင်နင်း ဆန်လှပါတယ်။

ဒီတော့ စစ်တပ်ထဲက အရာရှိခြင်းအတူတူ အဲဒီလူ တချို့(တချို့)က ဘာလို့များ အဲဒီလောက်တောင် မောက်မာရိုင်းပျနေရသလဲ၊ သူတို့လိုရော တခြားသော အရာရှိတွေက ဘာကြောင့် မရိုင်းပျတာလဲ။ အဲဒီလို မရိုင်းပျဘဲ ယဉ်ကျေးပြီး အယူအဆရေးရာအရပဲ ဖြစ်ဖြစ်၊ မိမိနဲ့ ထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အလွန်အင်မတန် လိုက်လျောညီထွေ ဖြစ်လှစွာ နေထိုင်တတ်တဲ့ အရာရှိတွေလို စစ်တပ် အရာရှိတိုင်း ဘာကြောင့် မနေထိုင်နိုင်တာလဲ။ အဲဒီ ရိုင်းပျ မောက်မာနေတဲ့ စစ်အရာရှိတွေကို အဲဒီစိတ်ထားတွေ သူတို့ရဲ့ အဇ္ဈတ္တမှာ စွဲမြဲနေအောင် ဘယ်အချက်တွေက တွန်းအားပေး ပံ့ပိုးနေခဲ့တာလဲ ဆိုတာလေးကို လေ့လာကြည့်ချင်တာနဲ့ အခု ဒီစာကို ရေးမိပါတယ်။

***

အပွင့်နဲ့ အရစ်…

အပွင့်နဲ့ အရစ်ဆိုတာက တခြားတော့ မဟုတ်ပါ။ စစ်ဗိုလ်နဲ့ အခြားအဆင့် စစ်သားတွေကို ရည်ညွှန်းချင်တာပါပဲ။ စစ်ဗိုလ်နဲ့ အခြားအဆင့်ရဲ့ ကွာခြားချက်ပေါင်း မြောက်များစွာ ရှိတဲ့အနက် အဓိက အကျဆုံး ကွာခြားချက် တခုကို ပြပါဆိုရင် `မျှော်လင့်ချက်´ ပါပဲ။ စစ်တပ်ထဲကို တိုင်းပြည်ကို ချစ်လွန်လွန်းလို့ပဲ ဖြစ်ဖြစ် အသည်းကွဲလို့ပဲ ဖြစ်ဖြစ်၊ အိမ်က နှင်ချလိုက်လို့ပဲဖြစ်ဖြစ်၊ အိမ်ကို အရွဲ့တိုက်လို့ပဲ ဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲ ရောက်လာရောက်လာ ဘယ်အဆင့်နဲ့ တပ်ထဲကို ၀င်လာတာလဲ ဆိုတာဟာ စစ်သားတွေရဲ့ မတူညီတဲ့ `မျှော်လင့်ချက်´ တွေရဲ့ အစပါပဲ။ အဲဒီ မတူညီတဲ့ မျှော်လင့်ချက်တွေကို အခြေခံရင်းနဲ့ပဲ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ အရာရှိဆိုး ပေါက်စတွေရဲ့ ရိုင်းစိုင်းတဲ့ အတွေးအခေါ် အကျင့်ဆိုးတွေ အစပျိုးပါတယ်။

စစ်ဗိုလ်ခြင်း အတူတူမှာတောင်မှာ အခြားအဆင့်ကနေ တဆင့် စစ်ဗိုလ်ဖြစ်လာတဲ့ လူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်း စစ်ဗိုလ်တွေရဲ့ စစ်တပ်တွင်း နေရာရမှုဟာ မသိမသာဖြစ်စေ၊ သိသိသာသာကြီး ဖြစ်စေ ခြားနားချက်တွေ ရှိပါတယ်။ ဒါက တချက်ပါ။ ဒါကို `စစ်တပ်ထဲမှာ´ ဆောင်းပါးမှာ ကျနော် တင်ပြခဲ့ပြီးပါပြီ။

စစ်တပ်ထဲမှာ အခြားအဆင့် ဆိုတာက စစ်ဗိုလ်ဖြစ်ဖို့ လမ်း ရှိတယ်ဆိုတာ မှန်ပေမယ့် သေသေချာချာ တွက်ဆလေ့လာကြည့်ရင် အဲဒီ စစ်ဗိုလ်ဖြစ်ဖို့လမ်းဟာလဲ အရာရှိစစ်ဗိုလ်နဲ့ ပလဲနံသင့်ခြင်းဟာ အဓိကအချက် ဖြစ်နေပြန်တာပါပဲ။ စစ်ဗိုလ် မဖြစ်နိုင်တဲ့ အခြားအဆင့်တယောက်ကတော့ နှေးကွေးလွန်းလှတဲ့ ရာထူးတိုးမြင့်ခံရမှုတွေနဲ့သာ ဘ၀ရဲ့ အချိန်အတော်များများကို စစ်တပ်ထဲမှာ ကုန်ဆုံးရလေ့ ရှိတာ များပါတယ်။ ဒီတော့ စစ်စည်းကမ်းအရ ဘာပြစ်မှုမှ မရှိတာနဲ့တင်ကို အချိန်ကာလအပိုင်းအခြား အလိုက် ရာထူးတိုးမြှင့်ခံရတဲ့ စစ်ဗိုလ်တွေရဲ့ မျှော်လင့်ချက်ဟာ စစ်တပ်ထဲမှာ အတောက်ပကြီး တောက်ပလို့ နေပါတော့တယ်။

စစ်တပ်ထဲမှာ ရာထူးအဆင့်အလိုက် စနစ်တကျ စီမံကွပ်ကဲရတာမို့ အခြားအဆင့် စစ်သည်တွေဟာ အရာရှိတွေရဲ့ အုပ်ချုပ်ခံ လူတန်းစား ဖြစ်ရတာဟာ ပြောစရာကိစ္စ မဟုတ်ပေမယ့် အဲဒီ လုပ်ပိုင်ခွင့်အာဏာအပေါ်မှာ တလွဲဆံပင်ကောင်း ယစ်မူးပြီးတော့ လူတွေအပေါ် သဟောက်သဟမ်း လုပ်လိုတဲ့စိတ်၊ ဘာမှပြန်မပြောသာတဲ့လူကို အထက်စီးကနေ နိုင့်ထက်စီးနင်း ပြောတတ်တဲ့ ဓလေ့၊ ကြီးနိုင်ငယ်ညှင်းစိတ်တွေဟာ ပင်ကိုအခြေခံစိတ်ဓာတ် မကောင်းတဲ့ စစ်ဗိုလ်တွေဆီမှာ ကိန်းဝပ်သွားတာမျိုး ရှိပါတယ်။ အဲဒီလို စစ်ဗိုလ်မျိုးဟာ သူတို့ရဲ့ တပ်တွင်းမှာလဲ လက်အောက်ငယ်သားတွေရဲ့ ရိုသေလေးစားမှု အစစ်အမှန်ကို ရလေ့မရှိပါဘူး။ ပြန်မပြောသာလို့၊ ပြဿနာတက်မှာစိုးလို့သာ ငြိမ်ခံနေရတယ် စိတ်ထဲမှာတော့ မြွေတကောင်ကို ရွံကြောက် ဖြစ်သလို စိတ်မျိုးသာလျှင် လက်အောက်ငယ်သားတွေက သဘောထားလေ့ရှိပါတယ်။ အဲဒီထက် ပိုဆိုးတဲ့ ဆိုးကျိုးကတော့ အဲဒီလို စစ်ဗိုလ်တွေ စိုင်ကော်လို့ခြုံပေါ်ရောက်ပြီး ရာထူးဌာနန္တရ ခပ်ကြီးကြီး၊ နေရာကောင်းကောင်းရတဲ့အခါမျိုးမှာ၊ ပြီးတော့ အရပ်သားပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမျိုးမှာ သူတို့ရဲ့ မောက်မာဝံ့ကြွားတဲ့ စိတ်က မဖုံးနိုင်မဖိနိုင် ပေါ်လာတော့တာပါပဲ။ အဓိကကတော့ ပင်ကို အခြေခံစိတ်ဓာတ်ပါပဲ။

စစ်တပ်ထဲမှာ စစ်သည်တော်တို့ လိုက်နာပြုကျင့်အပ်တဲ့ ကျင့်ဝတ် (၆၀) ဆိုတာ ရှိပါတယ်။ စစ်တပ်ထဲက မည်သည့်အဆင့်အတန်း ရာထူးမျိုးကိုမဆို စစ်စည်းကမ်းအရ အရေးယူဖို့ ကိစ္စပေါ်လာရင် အဲဒီ စစ်သည်တော်ကျင့်ဝတ် (၆၀) စာအုပ်ထဲမှာပါတဲ့ စစ်စည်းကမ်း ဥပဒေပုဒ်မတွေနဲ့ အရေးယူလေ့ရှိပါတယ်။ ဒါပေမယ့် စစ်စည်းကမ်း ဖောက်ဖျက်တာခြင်း အတူတူ အရာရှိစစ်ဗိုလ်များဟာ တော်ရုံတန်ရုံနဲ့ အရေးယူခံရလေ့ မရှိတတ်ပါဘူး။ သာမန်ပြစ်မှုကိစ္စမျိုးကို ဆိုရင် သူတို့အခေါ် `အကိုကြီး၊ ညီလေး´ တွေနဲ့အသာ အချင်းချင်း လက်ဝါးရိုက် လက်သိပ်ထိုး ဖြေရှင်းလိုက်လေ့ရှိပါတယ်။ အင်မတန့်အင်မတန် မဖုံးနိုင်မဖိနိုင် ပေါ်လာတဲ့ ပြစ်မှုကိစ္စမျိုးတွေကျမှပဲ အရာရှိတွေကို စစ်စည်းကမ်းအရ အရေးယူလေ့ရှိသလို အရေးယူတဲ့အခါမှာလဲ အတတ်နိုင်ဆုံး လျှော့ပေါ့တဲ့ ပြစ်ဒဏ်ကိုသာ ပေးလေ့ရှိပါတယ်။ ယုတ်စွအဆုံး အရပ်ဘက် ထောင်တန်းကျသွားရင်တောင် အဲဒီ ထောင်ကျသွားတဲ့ စစ်ဗိုလ်ဟာ စစ်တပ်ထဲက ရာထူးအရှိန်လက်ကျန်လေးကို လာဘ်ငွေ အတန်အသင့် ဖြည့်တင်းပြီးတော့ ထောင်မင်းသား လုပ်လို့ရပါသေးတယ်။ အဲဒီလိုမျိုး တော်ရုံတန်ရုံနဲ့ စစ်ဗိုလ်တွေ အရေးယူခံရလေ့ မရှိတာဟာလဲ အခြေခံ စိတ်ဓာတ်မကောင်းတဲ့ အရာရှိဆိုးတွေကို အဆိပ်ပင်ရေလောင်းသလို ဖြစ်စေတော့တာပါပဲ။

အဲဒီစိတ်ထားတွေကို လက်ကိုင်ထားပြီး ပြည်သူတွေနဲ့ ထိတွေ့ရတဲ့ အခါမှာဆိုရင်လဲ သူတို့ရဲ့ စိတ်ဓာတ်ဆိုးတွေက ရွံရှာမုန်းတီးဖွယ်ရာ ပေါ်လာတော့တာပါပဲ။ `ငါလို တပ်မတော်အရာရှိကို…၊ မင်းလိုကောင်က…´ `ငါ့ကို ဘာကောင်မှတ်နေလဲ၊ ဗိုလ်ကြီးကွ၊ ဗိုလ်မှူးကွ´ ဆိုတဲ့ အပြောမျိုးတွေ၊ ရိုင်းပျမှုမျိုးတွေကို ကြားခဲ့ရဖူးတာတွေဟာ သူတို့ စစ်တပ်ထဲမှာ အပစားပေးခံရတာကြောင့်လဲ ပတ်သက်နေတာပါ။

လက်ရှိ အနေအထားအရ အခြားအဆင့် စစ်သားတွေမှာ သာမန်ရိုးရိုးအရပ်သား၊ ကျောင်းသားလဲရှိ၊ သူခိုးလဲရှိ၊ ဓားပြလဲရှိ၊ ရာဇ၀တ်ကောင်လဲရှိ၊ ယုတ်စွအဆုံး စစ်ပြေးလဲရှိ ဆိုတော့ လူပေါင်းစုံလှတဲ့ အဲဒီ မတထောင်သားတွေထက်စာရင် ပညာအရည်အချင်း၊ ကြံ့ခိုင်မှုစွမ်းရည်၊ ဉာဏ်ရည်တွေအပြင် အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကအစ စိစစ်ရွေးချယ်ထားတဲ့ အရာရှိ စစ်ဗိုလ်တွေအတွက် စစ်တပ်ဟာ `မျှော်လင့်ချက်တွေ တလှေကြီးနဲ့ နေရာ´ လို့တောင် ပြောလို့ရပါတယ်။ ကုန်ကုန်ပြောရရင် အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်ကြီးဘ၀ကနေ အဆင့်ထပ်မတက်နိုင်တော့တဲ့ စစ်ဗိုလ်ကလဲ ထောက်ပို့တပ်ရင်းလို၊ လေ့ကျင့်ရေးတပ်ရင်းလိုမျိုး ၀င်ငွေဖြောင့်တဲ့ တပ်ရင်းတွေမှာ သက်တောင့်သက်သာ တာဝန်ထမ်းခွင့်က ရှိနေပါသေးတယ်။ ဒါကြောင့် အခြေခံစိတ်ဓာတ် မကောင်းတဲ့ စစ်ဗိုလ်တချို့ဟာ သူတို့ကိုယ်သူတို့ ဒီဘ၀မှာ မြန်မာပြည်စစ်တပ်ရဲ့ စစ်ဗိုလ်ဖြစ်ရခြင်းကို အင်မတန်မှ ၀ါကြွားဂုဏ်ယူလေ့ရှိပါတယ်။ သာမန်အားဖြင့် အရပ်သားသူငယ်ချင်းနဲ့ စကားနိုင်လုတဲ့ နေရာလေးမှာတောင် `စစ်ဗိုလ် ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ မဟုတ်ဘူး သူငယ်ချင်း´ လို့ ခပ်ကြွားကြွားပြောနိုင်တာဟာ ဒီလိုဒီလို အခွင့်ထူးကောင်းတွေ ရှိနေခြင်းရဲ့ အချက်တချက်ကြောင့်ပါပဲ။


ဆက်ရန်…

7 comments:

ကိုပေါ said...

အဲလို ငါးခုံးမတွေကြောင့် တပ်မတော်ဆိုတဲ့ တလှေလုံး အပုတ်နံ့တွေ တထောင်းထောင်း ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီကော...ကိုစေးထူးရေ။

Anonymous said...

there are a lot of such kind of people inside the army. so really no hope.

ကလူသစ် said...

အမှန်အတိုင်း ၀န်ခံပြီး အမှန်အကန်စားဝါးနေကြတာကမှ လူမြင်ကောင်းအုန်းမယ်ဗျာ

Anonymous said...

I once had a car accident when I was in 8th grade, my family car was bumped by a drunk guys from behind and that chap tried to abuse us saying Who do you think we are, I am from DSA batch blah blah blah, I was hot blooded and brought a 2"x1" stick (Burmese version of baseball bat) kept inside the car for just in cases and seeing me a hot head with a 2x1 in hand, that fag ex-officer was cowed like a chicken.

In my life, next encounter with such guys who want to abuse power was when I run a beer shop (for 5 days) in a festival. So I cashed the table who were heavy spenders and one of them said, you know who this guy is,a 3 star in local police station, I said "Wow good to see you A Ko and thanks for arr paying us and your table cost this amount and pay now" and let the sucker pay without losing a kyat for my revenue.

That is how you deal with them.

Yan said...

သိပ်ကောင်းတဲ့ ရေးသားတင်ပြချက်တွေပဲ ကိုစေးထူးရေ.

ရေးထားတာလေးတွေက သင့်မြတ်တယ်. သမာသမတ်ကျတယ်. သွေးထွက်အောင် မှန်တယ်.

နောက်ဆက်ရေးမယ့် အကြောင်းအရာတွေကို စောင့်ဖတ်နေပါမယ်...

ခင်မင်လေးစားလျက်

ရန်အောင်

Unknown said...

ဘာတွေဆက်ရေးမလဲ စောင့်နေမယ် အစ်ကို :)

mg kyi poae said...

မင်းတို့ဟာယောက်ျား ယောက်ျားထဲမှာမှ စစ်သားကွ၊ အခြောက်တွေပါရင်-င်+လိုက်မယ်
ရင်ဘတ်သာ ဖွင့်ထားရင်တပေပဲကျယ်တယ်၊ စောင်းလိုက်ရင် ခြောက်လက္မပဲရှိတယ် ဘာမှကြောက်စရာမလိုဘူး... အဲဒီလို ဗိုလ်လုပ်တဲ့သူက တပ်သားတွေကို သြ၀ါဒပေးတုန်း တဖက်က လက်နက်ကြီးကျည်က ခပ်လှမ်းလှမ်းမှာ ၀ုန်းကနဲကျ တော့ ဗိုလ်လုပ်တဲ့ကောင်က မြေကြီးပေါ်ကို ပြားပြားဝပ် မှောက်ချတာများ ခုနကသူပြောခဲ့တဲ့မိန့်ခွန်းတော်ကြီးတောင် အားမနာ၊ ဒါကိုဝိုင်းရယ်တဲ့ စစ်သားတွေက တန်းစီပြီးပါးရိုက်ခံထိ သတဲ့၊ ၀မ်ခတိုက်ပွဲတုန်းက တကယ့်အဖြစ်အပျက်လေးပါခင်ဗျ