Saturday, April 18, 2009

ကားဆရာနဲ့ လင်္ကာဆရာ...

`မုဒုံ... မော်လမြိုင်ကို၊ မုဒုံ... မော်လမြိုင်ကို´
`အခုထွက်မှာနော်၊ သင်္ဘောစီးရင် တနေကုန်မှာ၊ ဘားအံကို နေ့ချင်းမီ အရောက်သွားချင်သူတွေ မော်တော်ကားနဲ့ တော်တော်သွားမှ အလုပ်ဖြစ်မှာ´
`လာ...၊ လာ အမ၊ မုဒုံသွားမလို့လား၊ တက်တက်၊ ခဏလေးနေရင်ထွက်တော့မှာပါ၊ သြော်... ဟိုဘက်က အဒိန်းတို့ ကွမ်းယာဆိုင်ကနေ စောင့်နေမယ်လား၊ ရတယ်ရတယ်၊ ကားထွက်တော့ လှမ်းခေါ်လိုက်မယ်´
`အကို မော်လမြိုင်ကိုလား၊ ခေါင်းခန်းလား၊ ရတော့ရတယ်၊ ဒါပေမယ့် ဘုန်းဘုန်းတပါးပါး တက်ရင်တော့ ဖယ်ပေးရမယ်နော်၊ ဟုတ်ကဲ့၊ ခဏနေရင် ထွက်မှာပါ´
`ကဲ...၊ ဆရာရေ ထွက်မယ်၊ မြို့အထွက်နားမှာ ကွမ်းသီးအိတ် ငါးလုံးတင်ရမယ်၊ ကွမ်းယာဆိုင်က ဟိုအမကြီးရေ၊ ကားထွက်တော့မယ်ဗျို့၊ လာလာ´

***

`ရွှေဒိုး အ၀င်ကျ အရှိန်နည်းနည်းလျှော့မယ် ဆရာရေ့၊ နွားအုပ်တွေက များပါသဘိနဲ့၊ ကားထဲက အကိုတို့အမတို့ ခေါင်းပေါ်မှာ ကျွတ်ကျွတ်အိတ်တွေ စွပ်ထားကြမလား၊ မပူနဲ့ မပူနဲ့ ဒီလမ်းအကြောင်း သိလို့ ခရီးသည်တွေ အဆင်ပြေအောင် ကျနော် ကျွတ်ကျွတ်အိတ်တွေ ဆောင်ထားတယ်၊ ရော့ ရော့၊ အင်း...၊ နွေရောက်ပြီဆိုတော့လဲ လမ်းက မြေသားလမ်းဆိုတော့ ဖုန်တွေက အရမ်းထူတာပဲကိုး၊ ကတ္တရာလမ်း ခင်းနိုင်တဲ့အခါကျ သက်သာမယ် ထင်တာပဲ´

`ဖြည်းဖြည်း ဆရာရေ...၊ ဒီနေရာက လှည်းလမ်းဟောင်းဆိုတော့ ထိန်းမောင်းမှ...။ ဟောဟော...၊ ရှေ့မှာ သံပုရာရွာအ၀င် မြစ်ကူးတံတားကို ရောက်တော့မှာပဲ၊ ကဲ...ကဲ၊ ခရီးသည်တွေ တံတားရောက်တဲ့အခါ အားလုံး ကားပေါ်က ဆင်းလျှောက်ပေးပါနော်၊ တံတားက သစ်သားတံတားဆိုတော့ ၀ိတ်မခံနိုင်ဘူး၊ ဆရာရေ့...၊ ဂိတ်ကြေး သုံးရာ အသင့်ပြင်ထား´

`ဟုတ်ကဲ့...၊ ခရီးသည်နဲ့ ကွမ်းသီးအိတ် လေးငါးဆယ်လုံးပဲ တင်လာတာပါ၊ အချိုမှုန့်တွေ ဆီပုံးတွေလား...၊ မတင်ရပါဘူး ဆရာရယ်၊ ဆရာ...၊ ဒီမှာနော် ဂိတ်ကြေး သုံးရာ၊ ကဲ...၊ ခရီးသည်တွေ ပြန်တက်လို့ရပါပြီ၊ ဆွဲ...ဆရာရေ့))))´

***

`ရှေ့က ငါးအိမ်စုမှာ ခရီးသည်သုံးယောက် ရပ်စောင့်နေတယ် ဆရာရေ့၊ ဖြည်းဖြည်းလှိမ့်ထားမယ်။ လာလာ၊ ညီလေးတို့၊ ဘယ်လဲ မော်လမြိုင်လား၊ သြော... ရန်ကုန်အထိ သွားကြမယ်လား၊ အေးအေး... ကောင်းတာပေါ့ကွာ၊ တက်တက်၊ ခေါင်မိုးပေါ် တက်လို့ရတယ်၊ ကဲ...၊ အထဲက ကျားကျားယားယား အမျိုးသားတွေလဲ ၀ါသနာပါရင် ဒီစီတန်း ခေါင်မိုးပေါ်ကနေ လိုက်လို့ပြီနော်၊ ဖုန်ထူတဲ့ ဘ၀တွေက ရွှေဒိုးမှာ ကျန်ခဲ့ပြီ´

`ဟ...ဟ၊ ရှေ့က ချောင်းကူးတံတားလေးက ကျိုးနေတာလား မသိဘူး၊ ကားဆရာရေ၊ ရပ်ရပ်...၊ ကျနော် ဆင်းပြီး အရင်ပြေးကြည့်လိုက်ဦးမယ်၊ ဟာ...၊ သေချာတာပေါ့ ကျိုးနေတယ်၊ ကားကြီးတွေ လက်ချက်ပဲနေမှာ၊ အဲ...၊ ဟိုဘက်မှာ လမ်းလွှဲရှိသဗျ။ ခရီးသည်တွေ အောက်ခဏဆင်းလျှောက်ပေးပါဦး´

`အကိုရေ ဖြည်းဖြည်း၊ ဖြည်းဖြည်း၊ ချောင်းအတက်ကျမှ အရှိန်ယူ ရုန်းမယ်၊ နင်းထား...၊ လီဗာကို တော့တော့ပြီး နင်းပေး၊ ဂျမ်းတုံးလား၊ ခု ပါတယ်ဗျ၊ ဟာ... မရဘူးဗျို့၊ ခရီးသည် အကိုတို့ရေ၊ လုပ်ပါဦးဗျာ၊ မုန့်ဟင်းခါးစားလေး ကြွပါဦး၊ ဟဲဟဲ၊ ဒီလိုပဲပေါ့ဗျာ။ တခရီးတည်းသွားရတာ မှတ်လား၊ ကဲ...၊ တွန်းကြမယ်ဗျို့၊ တစ်...နှစ်...၊ သုံးးးးး´

`ဟေးးးး၊ ရပြီကွ´

` အားလုံးပဲ တက်တက်၊ ဆက်ထွက်ကြမယ်´

***

`ကဲ...၊ ခရီးသည်တွေ၊ ရှေ့မှာ ချောင်းနှစ်ခွရွာရောက်တဲ့အခါ ကားက ဇက်နဲ့ကူးရမှာမို့ နာရီဝက်တနာရီတော့ အချိန်ရတယ်၊ အားလုံး ထမင်းစားလို့ရပါတယ်။ ကားခလေးတွေ အဲဒီရောက်မှ ပေးကြပေါ့ခင်ဗျာ´

`ဟော...၊ ထင်တဲ့အတိုင်းပဲဗျို့၊ ဇက်က ဟိုဘက်ကမ်းရောက်နေတယ်၊ ကားဆရာရေ့၊ အညိုတို့ ထမင်းဆိုင်ရှေ့မှာ ရပ်မယ်´

`ဟဲ့...၊ အညို၊ ငါ့ကို ၀က်သားနဲ့ တပွဲပြင်ပေး၊ ကားဆရာက ဘာနဲ့စားမလဲ၊ ငါးကြင်းနဲ့တဲ့ဟဲ့၊ အေး၊ မြန်မြန်လေး လုပ်ဟာ၊ ဗိုက်က ဆာလှပြီ၊ လမ်းမှာလဲ ကားကနစ်နေသေးတယ်´

`ဒါနဲ့အညို...၊ မော်လမြိုင်က အတက်သင်္ဘော ဆိုက်သွားပြီးပလား၊ သြော်၊ အေးအေး၊ ချောင်းစပ်မှာလဲ သခွားသီးလှေတွေ တယ်များပါလားဟ၊ သခွားသီးတွေ ဈေးကောင်းနေလို့လား။ အင်းအင်း၊ လိုက်ပွဲ တပွဲပေးစမ်းပါဦးဟာ၊ ဘယ်လောက်ကျလဲပါ တွက်လိုက်၊ သြော်...၊ ကားဆရာအတွက် လန်ဒန်တဘူးလောက်ပါ ယူခဲ့ဟာ´

***

`ကဲ...၊ ခရီးသည်တွေ အားလုံး၊ ဇက်ပေါ် တက်ကြမယ်ဗျို့၊ ဇက်ထွက်တော့မယ်၊ ဇက်ဆရာရေ့...၊ ခဏလေး၊ ခဏလေး၊ သြော်ဗျာ...၊ ဒီလမ်းဒီခရီး ဒီကားသမားနဲ့ ဒီခရီးသည်တွေနဲ့ ဒီဇက်ပဲဟာဗျာ၊ ကိုယ့်ချင်းကိုယ့်ချင်းတွေပဲ အကိုကြီးကလဲ စောင့်ပေးပါဗျာ၊ ဟော...၊ ပြောရင်းဆိုရင်းနဲ့ လူစုံပါပြီဗျ၊ ဇက်ထွက်လို့ရပြီ´

`အင်း...၊ တက်ကြ၊ တက်ကြ၊ အမိုးပေါ်က ရွှေညီအကိုများ၊ ခလယ်တံခွန်တိုင်ဂိတ် ဟိုဘက်ကျရင်တော့ ကားထဲပြန်ဝင်ပေးပါဦးဗျာ၊ အင်း...၊ အဲဒီဂိတ်ကလူတွေက အရမ်းရစ်လို့ပါဗျာ၊ ကားခလေးတွေလဲ ကူညီကြပါဦး´

***

`လမ်းတော့ ကောင်းလာပြီ ဆရာရေ့၊ ဒါပေမယ့် အလှူခံမဏ္ဍပ်တွေတော့ များတယ်၊ တချို့အလှူခံတဲ့ ကလေးတွေက လမ်းမပေါ် အတင်းတက်တယ်ဗျာ၊ ရွာဝင်ရွာထွက်တွေမှာ သတိထားမှ´

`ရှေ့မှာ ခုနှစ်ခွေတောင် တက်မယ် ဆရာရေ၊ အကွေ့မှာ ဟွန်းတီးထား၊ ဟာ...၊ ဟာ...၊ ဟိုပေါ်က ဆင်းလာတဲ့ကား၊ အတက်ကားကို ဦးစားပေးရမယ် ဆိုတာ မသိဘူးလား၊ ဟေ့...၊ ဘယ်လိုမောင်းတာလဲကွ၊ ကားသမားဖြစ်ပြီး ဒါလေးတောင် နားမလည်ဘူးလား၊ ဆရာရေ့ တင်ထားမယ်၊ ဟုတ်ပြီ´

`ကဲ...၊ ဒီတခါတော့ ကျနော်တို့က အဆင်းလမ်း ပြန်ဖြစ်ပြီ၊ ဖြည်းဖြည်း ဖြည်းဖြည်း၊ ဟော...၊ တက်လာတယ်၊ အတက်ကားလာနေတယ်၊ ဘေးကို ကပ်ထားပေးမယ်၊ ဟွန်းသံပေးထားမယ် ဆရာရေ၊ ခရီးသည်တွေ သေချာကိုင်ထားပါ´

`ဟူး...၊ အခုမှပဲ စိတ်အေးရတော့တယ်ဗျို့၊ ကဲ...၊ ခုနှစ်ခွေတောင်ကို လွန်လာပြီဆိုတော့ အရှေ့မှာဆို မုဒုံရောက်ပါပြီဗျာ။ မုဒုံခရီးသည်တွေ ဂိတ်ဆုံးပါပြီ၊ မော်လမြိုင်ခရီးသည်တွေကတော့ ကားပြောင်းစီးရပါမယ်၊ သြော်၊ ကားခလား၊ ထပ်မပေးရပါဘူးခင်ဗျာ၊ မုဒုံမော်လမြိုင်လမ်းအတွက် ကားသမားအချင်းချင်း ခရီးသည် ကူတင်လာတဲ့ သဘောပါ၊ ကဲ...၊ အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ´

***

ကလိုစေးထူး


မှတ်ချက်။ (ဟိုးတုန်းက ဖတ်ခဲ့ရတဲ့ `လှည်းဆရာနဲ့ လင်္ကာဆရာ´ ဆိုတဲ့ စကားပြေကို ကျနော် အရမ်းကြိုက်ခဲ့ဖူးပါတယ်။ ရေးသူကတော့ သိပ္ပံမောင်ဝ လို့ ထင်ပါတယ်။ လှည်းမောင်းသူတယောက်၊ သူရဲ့ လှည်းလမ်းခရီးတလျှောက်မှာ နွားတွေကို အော်ငေါက်ရင်း၊ နွားလှည်းကို ထိန်းကျောင်း မောင်းနှင်သွားရင်း ပြောတဲ့ စကားတွေဟာ လင်္ကာဆရာတယောက် လင်္ကာစပ်သလိုပါပဲလို့ စာရေးသူက တင်စားပြီး အဲဒီစကားပြေကို ရေးခဲ့ပါတယ်။

ကျနော်လဲ အဲဒီ စကားပြေကို နှစ်သက် အားကျစိတ်နဲ့ လှည်းသမားနေရာမှာ ကားစပယ်ရာ အသွင် ဖန်တီး သရုပ်ဖော် ရေးစမ်းကြည့်မိတာပါ။ လမ်းခရီးကတော့ ကျနော်တို့ မြို့ကလေးနဲ့ မုဒုံကို အသွားခရီးကို ပုံဖော်ပါတယ်၊ အရေးအသား လိုအပ်ချက်ရှိနေတာတွေ့ရင် အားမနာစတမ်း ထောက်ပြဝေဖန်ပေးပါဦး)

28 comments:

ကိုပေါ said...

ကောင်းတယ်၊ သိပ္ပံမောင်ဝအောက် မလျော့ဘူး။ ခေတ်ကိုလည်း ထင်ဟတ်တယ်။

သိပ္ပံမောင်ဝတ္ထုထဲမှာ ချောင်းကူးတော့ နွားအမြီးခတ်တာကြောင့် လှည်းဆရာက “လာကြစမ်း၊ အမြီးတွေ” ဆိုပြီး နွားအမြီးနှစ်ခုကို လက်ထဲမှာ စုကိုင်ပုံ၊ “ဘယ်ဖက်ခြမ်းက ဆူးခြုံပုတ်တွေကို သူကြီးကလည်း မခုတ်ခိုင်းဘူးထင်ပါရဲ့” လို့ ပြောတဲ့အတွက် မောင်လူအေး ညာဖက်ကို ရွှေ့ထိုင်ရတာတွေကို ပြန်ပြောင်းသတိရမိတယ်။

ဒါထက် အဝေးပြေး အမြန်ကားလေးတွေမှာ ကျန်းမာရေးအတွက် လမ်းဘေးမှာ ရပ်ပေးတာ ရှိပုံမရဘူးနော်။ ဟီးနိုးကားကြီးတွေမှာတော့ “ကျန်းမာရေးဗျိုး” ဆိုပြီး လမ်းဘေးထိုးရပ်တာ ထုံးစံလိုပဲ။

:P said...

ကျေးဇူးပြု၍ မြို့ဝင်ဂိတ်ကြေးလေး မစပါ ကားဆရာ....။

Lwin Moe said...

I am from Mudon. And I can relate to your ကားဆရာ :)

Anonymous said...

မော်လမြှိုင်သူလာလည်သွားပါသည်။

Bino said...

I flashed back in my childhood after reading.
Bino

ကလူသစ် said...

အားတော့မနာဘူး ဒါပေမဲ့ ဘယ်နားဝေဖန်ရမလဲမသိအောင် အကွက်စေ့နေလို့ ငြိမ်ပြန်သွားတယ် :)

ကလိုစေးထူး said...

ကိုပေါ...၊ မှတ်ချက်အတွက် ကျေးဇူးပါဗျာ။ သိပ္ပံမောင်ဝ အရေးကိုတော့ ကျနော် ဘယ်လိုမှ မမှီနိုင်သေးပါဘူး။ ကျနော်ရေးတဲ့ အမြန်ယာဉ်လိုင်းကျတော့ ထမင်းဆိုင်မှာ နားတဲ့အခါ အပေါ့အလေး ကိစ္စပြီးကြတာမျိုး၊ ပြီးတော့ တခါတလေ လမ်းမှာ ကားနစ်တဲ့အခါ `ခဏဗျို့´ ဆိုပြီး ချုံထဲပြေးကြတာမျိုးတော့ ရှိပါတယ်။ ပထမတော့ အဲဒါလေး ထည့်ရေးမလား စဉ်းစားသေးတယ်။ မရေးဖြစ်လိုက်တာ။ :)

sin dar lar ဆရာတို့ကလဲ ကားဘီးသံကို ကြားလို့မရဘူး။ ဂိတ်ကြေးက ကောက်တော့တာပဲကိုး။ :D

ကိုလွင်မိုးရေ...၊ မုဒုံသားဆိုတော့ ကျနော်နဲ့ မနီးမဝေးအရပ်ကပေါ့။ :)

မော်လမြိုင်သူ...၊ လာလည်တာ ကျေးဇူးပါ။

Bino...၊ ကျနော်လဲ အဲဒီလိုပဲ သတိတရဖြစ်လာတာနဲ့ ရေးမိတာပါပဲ။ :)

ကလူသစ်...၊ အဲဂလောက် မြှောက်နေမှတော့ ဘီယာတိုက်လွှတ်မှ ထင်တယ်။ ဟဲဟဲ။

ကိုရင်နော်ခင်လေးငယ် said...

ဖတ်ရတာ မြူးပါ့..
အသက်ဝင်လှတယ် အစ်ကိုရေ..း)

Moe Cho Thinn said...

ရေးတတ်ချက်တော့်.. :)

LMN said...

ကောင်းပါတယ်။
တခြားပြောစရာတော့ မတွေ့ပါဘူး။
တခုပဲ ...
နွားအုပ်တွေက များပါသဘိနဲ့* ... လို့ ရေးထားတာမြင်လို့။
နွားအုပ်တွေက များပါဘိသနဲ့* ... လို့ သုံးကြတယ်ထင်တာပဲ။

Bugs said...

It reminds me of Nay Win Myint's 'Thar Li Kar'.

တန်ခူး said...

ကိုစေးထူးရေ… ပြောစရာမရှိအောင် ကောင်းပါတယ်… အကွက်ကလဲ စေ့လွန်းလို့  အဲဒီကားပေါ်ကိုယ်တိုင်ပါသွားပြီး ကားစပယ်ရာစကားတွေ ကိုယ်တိုင်ကြားနေရသလိုပါပဲ… ပြီးတော့ ကားစပယ်ရာတယောက်ရဲ့ အာရုံဖြန့် ကျက်ထားရတဲ့၊ အန္တရာယ်တွေကို ကြိုတင်တွေးတောထားရတဲ့၊ ကိုယ့်ကားပေါ်မှာ ပါတဲ့ခရီးသည်တွေရဲ့ လုံခြုံမှုကို အမြဲသတိထားရတဲ့ အရေးကြီးပုံနဲ့ တန်ဖိုးကို သတိပိုထားမိသွားပါတယ်… လေးစားပါတယ် ကိုစေးထူးရေ… ဒီလို ပို့ စ်လေးတွေ အများကြီးဖန်တီးနိုင်ပါစေ… နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေလို့ ….

တောင်ပေါ်သား said...

အဟား အကိုမုဒုံသွား တောလား ဖတ်သွားတယ် ကျနော်တို့ ရှမ်းပြည်ဘက်လဲ ဒီလိုပါပဲ လမ်းတွေက သိပ်ကောင်းဘူးရယ်...

မီယာ said...

ဖတ်ရတာ ကောင်းလိုက်တာ ကိုစေးထူးရေ... ရသမျိုးစုံပဲ... မြန်မာလူမျိုးတွေရဲ့ ရိုင်းပင်းတတ်တဲ့စိတ်ကိုလည်း တွေ့ရတယ်... ပိုက်ဆံပေးပြီး ကားစီးလာတာ မုန့်ဟင်းခါးစားကြွပါဦးလို့ ပြောတာနဲ့ တပျော်တပါး ကားဆင်းတွန်းတာ မြန်မာတွေပဲရှိမယ် ထင်တာပဲ။

Unknown said...

ဆွဲဆရာရေ...။ ခရီးဆုံးရောက်တဲ့အထိ...။ Slowdown တွေ။ မီးပွိုင့်တွေ...။ လူကူးမျဉ်းကြားတွေ..။ လှည့်ကင်း တွေ...။ စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူတွေရှိတော့ သတိတော့ ထားမောင်းပေါ့...။

ZIN MINN said...

KO SAY HTOO
Congradulation for your post.
And happy new year to you.

ကျားကျား said...

http://mybestdiaryinworld.blogspot.com/

မောင်မျိုး said...

မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့း)

တောင်ငူကိုသွားတုန်းက ကားဆရာတွေက ပျဉ်းမနိုး ပျဉ်းမနိုးလို့အော်နေတော့ ထူးဆန်းပြီးဘာလဲလို့ အစ်မကိုမေးတာ အဲ့တာ ပျဉ်းမနားကိုပြောတာတဲ့ ဆန်းပါ့ အိုဘယ့် ကားဆရာ ။

mgngal said...

ကိုစေး အရေးလေး သွက်သဗျ ။ ဖတ်ရတာ စပယ်ရာ့ အသံကို တကယ်ကြားနေရသလို ။း)

Anonymous said...

Tag ထားတယ် အစ်ကိုရေ့း)

Nge Naing said...

ဒီကားထဲမှာ ကိုယ်တိုင်ပါရင်တောင် ကိုကလိုစေးထူးရေးတဲ့စာကို ဖတ်ရတာလောက် ရုပ်လုံးပေါ်အောင် ခံစားတတ်မယ်မထင်ဘူး။ စာရေးသိပ်ကောင်းတယ်။

ညီမလေး said...

အရေးအသားကောင်းလွန်းလို့ ကိုယ်ကိုတိုင် မုဒုံသွားတဲ့ ကားကိုစီးနေသလိုပါပဲ...
ကျောင်းသူဘ၀တုန်းက
မုဒုံကို ခဏခဏသွားခဲ့ဘူးတဲ့
အချိန်တွေကိုပြန်ပြီးသတိရမိပါတယ်

သမီးပျို said...

အသစ်တင်တယ်ထင်လို့လယချောင်းတာဗျို့

khine said...

ကလိုစေထူးက ကားစပယ်ယာတယောက်ရဲ့လှုပ်ရှားမှုကို အကွက်ကျကျသိရှိလေ့လာထားတာဘဲ။ အဲဒါကို ခင်ဗျားရဲ့စာရေးအတတ်ပညာနဲ့ပေါင်းစပ်လိုက်တော့ အင်မတန်မှ လှပတဲ့ စာတပုဒ်ဖြစ်သွားတယ်။ ဦးမောင်ဝ သာသက်ရှိထင်ရှားရှိနေရင်တော့ ငါ့ကိုမှီအောင်ရေးနိုင်သူပေါ်လာပြီဆိုပြီး ၀မ်းသာမှာဘဲဗျ။ မောင်လူးအေး လို ဇာတ်ကောင်နာမည်လေး ပေးဖို့အစီအစဉ်မရှိဘူးလား၊

Anonymous said...

ကိုစေးထူး
ဖတ်ရတာတော့ကောင်းပါတယ်။ ဒါပေမဲ့ ကိုစေးထူးဘလော့ကိုဖတ်ပြီးတိုင်း မျက်စေ့စူးတယ်ဗျာ။
နောက်ခံအရောင်က စူးပါ့။ ကျွန်တော်ပဲမျက်စေ့မှုန်လို့လားတစ်ခုခုပဲဗျို့။ :D

သစ်နက်ဆူး said...

ကိုစေးထူးရေ..
ကောင်းတယ်ဗျာ..
ဖတ်နေရင်းနဲ့ ကိုယ်ပါ ကွန်ပြူတာခုံပေါ်ဘဲ တက်ထိုင်ရတော့မလို ...
ကွန်ပြူတာခုံကိုဘဲ ဆင်းတွန်းရမလိုနဲ့ ....
ဖတ်သူကို တခရီးသွားထဲ ဖြစ်အောင်
အရေးသွက်လှပါတယ်ဗျာ...
တခုဘဲ ဗျ...
( ကဲ....ခရီးသည်တွေအားလုံး ရှေ့ ဂိတ်မှာ လမ်းဆင်းလျှောက်ရမယ်နော်...အားလုံးဘဲ
မှတ်ပုံတင်လေးတွေ အသင့်ထုတ်ထားမယ်)

ကိုရင်နော်ခင်လေးငယ် said...

ကိုစေးထူးရေ..
နားနေတာကြာပြီနော်.. သတိရလို့ လာကြည့်တာပါ..
အဆင်ပြေ ပျော်ရွှင်ပါစေ..

ဟိုး..... ရှေ့မှာ ပန်းတိုင်ရှိတယ်.. လာသွားကြစို့..

Anonymous said...

အသစ်ဖတ်ရမလားလို့ မျှော်ရတာ မောပြီဗျာ။