Thursday, March 08, 2007

အလုပ်ဆိုသည်မှာ…

***

`ဟေး..ထူရိန်း´

အလုပ်ထဲမှာ အာရုံနစ်မျောနေတုန်းမှာ ကျနော့်နာမည်ကို မပီမသနဲ့ ခေါ်နေတဲ့ အသံကြားလို့ လှည့်ကြည့်မိတော့ အလုပ်ရှင် ဖြစ်နေပါတယ်။ ပြီးတော့ သူက ဆက်ပြောပါတယ်။

`Take safety glass´

`အင်း..၊ ငါ့ကို ဂရုစိုက်ရှာသား´ လို့ တွေးပြီး ကျေးဇူးတင်မလား စဉ်းစားတုန်းရှိသေး၊ ခပ်တိုးတိုးနဲ့ သူဆက်ပြောတဲ့ စကားကြောင့် ဒင်းနဖူးပြောင်ပြောင်ကို နံပြားဖုတ်သလို ဖတ်ကနဲ ရိုက်ချင်စိတ် ပေါက်သွားပါတယ်။

`ဟိုးမှာ ရောက်နေတဲ့လူက အလုပ်ခွင် ထိခိုက်မှု အာမခံ ကုမ္ပဏီကကွ၊ အဲဒါ အခု မင်းမျက်မှန် မတပ်ဘဲ လုပ်နေတာတွေ့ရင် အာမခံကြေး တိုးတောင်းမှာ´

သြော်…။ သေစမ်း နန္ဒိယ။ ဖြစ်ရလေ…။

***

ကျနော် ဒီအလုပ်ခွင်ထဲ ရောက်ခဲ့တာ တနှစ်ခွဲကျော်လောက် ရှိပါပြီ။ တနင်္လာနေ့ မနက်ဆိုရင် ပျင်းတွဲတွဲနဲ့ အလုပ်သွားလိုက်၊ သောကြာနေ့ ညနေကျရင်တော့ သီချင်းလေး တညည်းညည်း၊ လေသံလေး တချွန်ချွန်နဲ့ အလုပ်က ပြန်လိုက်နဲ့ အရှေ့တိုင်းသား ကျနော် အနောက်တိုင်းမှာ ဘ၀သံသရာ လည်နေတာပါ။

အမေရိကန်…တဲ့။ တိုးတက်မှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ လူတော်တော်များများကို ဖမ်းစားနိုင်တဲ့ ဒီနိုင်ငံဟာ `ဟင်းလေးအိုးကြီး´ လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ကမ္ဘာ့နိုင်ငံအစုံက လူမျိုးပေါင်းစုံ နေထိုင်ပြီး အလုပ်မျိုးစုံ အသီးသီး အသက လုပ်လို့ ငွေရှာကြပါတယ်။ အဲဒီ လူတွေထဲက လူတယောက် ကျနော်ဟာလည်း ပရိယေသန ၀မ်းစာရေးအတွက်၊ ၀မ်းဝပြန်တော့ ခါးလှရေးအတွက်၊ ဒီထက်ပိုပြီး လောကအလယ် လူလုံးလှလှ နေနိုင်ရေးအတွက် ငွေရှာရပါတယ်။ အလုပ်လုပ်ရပါတယ်။

ကျနော် အခုလုပ်နေတဲ့ အလုပ်ရုံကတော့ သံမဏိစက်ရုံ တမျိုးပါ။ ကာဗိုဒ်တွေ၊ သံချောင်းတွေကို ဖြတ်ရ၊ သွေးရပါတယ်။ အဲဒီအပြင် သေနတ်ပြောင်းကာတွေကို မူလီတပ်ပေးတဲ့ အလုပ်လဲ လုပ်ရပါသေးတယ်။ အဲဒီသေနတ်တွေကတော့ တချို့ကို မရိန်းတပ်တွေ၊ တချို့ကိုတော့ ဘဏ်လုံခြုံရေးမှာ သုံးတယ်လို့ သိရပါတယ်။

ဒီက အလုပ်ရှင်တွေနဲ့ အလုပ်ရှာဖွေရေး အေးဂျင့်တွေက မြန်မာ အလုပ်သမားတွေနဲ့ ပတ်သက်လို့ မှတ်ချက်ချတာ တခုရှိပါတယ်။ `မြန်မာ တော်တော်များများဟာ အလုပ်အရမ်းရွေးပါတယ်´ တဲ့။ အမှန်တော့ အဲဒါက မြန်မာတိုင်းတော့ ဟုတ်မယ်လို့ ကျနော်မထင်ပါ။ ဒါပေမယ့် ဒီလို မှတ်ချက်ချရတဲ့ အကြောင်းရင်းကို ကျနော် လက်လှမ်းမီသလောက် မှန်းဆကြည့်မိပါတယ်။

ဒီနိုင်ငံကို ရောက်လာကြတဲ့ မြန်မာတွေထဲမှာ ရောက်လာကြတဲ့ ပုံစံတွေ မတူကြပါဘူး။ တချို့က ရေရှည်နေမယ့်သူ၊ တချို့ကတော့ နှစ်နှစ်တန်သည်၊ သုံးလေးနှစ် တန်သည်၊ အဲဒီလောက်ပဲ နေမယ့်သူ၊ အဲဒီလိုတွေ မတူတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်အလုပ်ကို လုပ်မလဲ ဆိုတာကို စဉ်းစားကြပုံ ကွာသွားတယ်လို့ ထင်မိပါတယ်။ ရောက်လာတဲ့ ပုံစံ ဘယ်လိုပင် မတူပါစေ၊ တွေးတောပုံတူတာ တခုတော့ ရှိပါတယ်။ ဒီနိုင်ငံရဲ့ အနိမ့်ဆုံး လုပ်ခဖြစ်တဲ့ တနာရီ ခြောက်ဒေါ်လာ (ပြည်နယ်အလိုက် ကွာခြားမှုရှိပါတယ်၊ ဒါက ပျှမ်းမျှပါ) ၀င်ငွေနဲ့ ၀င်လုပ်ဖို့တော့ လူတိုင်း လက်တွန့်ပါတယ်။ အိမ်ငှားခ၊ စားသောက်စရိတ်၊ သွားစရိတ်/လာစရိတ်၊ ဒါတွေကို ထည့်တွက်ပြီးတော့ အဲဒီလို အလုပ်မျိုးကို ၀င်မလုပ်လိုကြတာကို အဲဒီလို မှတ်ချက်ချလေသလားတော့ မသိပါ။ ထားပါတော့.. အဲဒါကို။

အလုပ်နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ အလုပ်ချိန်ကို လေးစားမှုရှိဖို့ ဆိုတာကလည်း မေ့ထားလို့ မရပါဘူး။ ကုမ္ပဏီအကြီးအသေး ဘယ်လိုပဲ ကွာပါစေ၊ အလုပ်ရှင်တိုင်းက အလုပ်သမားတွေကို အလုပ်အချိန် အတိအကျ လာတာလိုချင်သလို အလုပ်ချိန်စေ့ရင်လည်း အတိအကျပဲ ပြန်ရပါတယ်။ အဲ..၊ အချိန်ပို ခိုင်းချင်ရင်တော့ အလုပ်သမား ဥပဒေအရ သာမန်လုပ်ခထက် တဆခွဲ ပိုပေးရပါတယ်။ ဥပမာ၊ သာမန်ချိန်မှာ တနာရီ ဆယ်ဒေါ်လာရတဲ့ အလုပ်သမား တယောက်ကို အချိန်ပိုခိုင်းရင် အလုပ်ရှင်က တနာရီ ဆယ့်ငါးဒေါ်လာ ပေးရပါတယ်။ အဲဒီတော့ အလုပ်သိမ်းချိန်စေ့နေရဲ့သားနဲ့ အလုပ်သမားကို အလုပ်ရှင်က ညစ်ပတ်ပြီး အပိုခိုင်းနေတာမျိုး လုပ်လို့ မရတော့ပါဘူး။

လူတိုင်းမှာ ကိုယ်ရေးရာဇ၀င် ရှိပါတယ်။ ကိုယ့်ရာဇ၀င် ကိုယ်လှအောင်ရေး ဆိုတဲ့စကားဟာ ဒီနိုင်ငံရောက်မှ ပိုမှန်လေရော့သလားလို့ တခါတခါ စဉ်းစားမိပါတယ်။ “Work History” ဟာ ဒီနိုင်ငံက အလုပ်သမားတွေ အတွက် အလွန်အရေးကြီးလှပါတယ်။ အလုပ်တခုကို လက်ကြောတင်းအောင် မလုပ်လို့၊ ဒါမှမဟုတ် အလုပ်ထဲမှာ ရန်ဖြစ်လို့၊ ပြဿနာများလို့ အလုပ်ထုတ်ခံရပြီ ဆိုတာနဲ့ နောက်ထပ် အလုပ်ကောင်းကောင်း ရဖို့က တော်တော်ကို မလွယ်တော့ပါဘူး။ အလုပ်ရရင်တောင် လုပ်ခကို အနှိမ်ခံရလေ့ရှိပါတယ်။

အလုပ်ကို အကြောင်းမဲ့ ပျက်ကွက်ခွင့် မရှိပါဘူး။ နေမကောင်းလို့ အလုပ်မသွားနိုင်ရင် ဆရာဝန် ထောက်ခံချက် ပါရပါမယ်။ အကြောင်းမဲ့ အလုပ်ပျက်ကွက်ရင် သူသတ်မှတ်ထားတဲ့ အမှတ်တွေ ရှိပါတယ်။ အဲဒီ အမှတ်တွေ ကုန်ဆုံးသွားရင် အလုပ်ထုတ်ခံရပါလိမ့်မယ်။ ကျနော့် အလုပ်မှာတော့ အဲဒါနဲ့ ပတ်သက်လို့ ကံအားလျော်စွာပဲ ပျော့ပျောင်းပါတယ်။ အလုပ်မသွားနိုင်ရင် ဖုန်းလေးတော့ ဆက်ပေးပါလို့ အလုပ်ရှင်က နားလည်စွာနဲ့ ခွင့်ပြုပေးပါတယ်။

အလုပ်ဝင်ပြီး သုံးလ မပြည့်မချင်း အမြဲတမ်း အလုပ်သမား (Permanent Worker) မဖြစ်သေးပါဘူး။ သုံးလကျော်လွန်မှသာ အမြဲတမ်းအလုပ်သမား ဖြစ်ပါမယ်။ အမြဲတမ်း အလုပ်သမား မဖြစ်သေးသူများဟာ Holidays အတွက် လုပ်ခ မရပါဘူး။ သုံးလ ပြည့်မြောက်လို့ အလုပ်ရှင်က သဘောတော်မကျရင်လဲ ထုတ်ပယ်ခံရနိုင်ပါတယ်။ တချို့ ကုမ္ပဏီတွေ အဲဒီအချက်ကို အသုံးချပြီး လူလည်ကျတတ်တယ်လို့ ပြောသံကြားဖူးပေမယ့် များသောအားဖြင့်ကတော့ တကယ်တမ်း အလုပ်လုပ်တဲ့ အလုပ်သမားကို သူတို့ လက်လွှတ် အဆုံးရှုံးခံလေ့ မရှိပါဘူး။ အလုပ်ချိန်ကလည်း မမှန်၊ အလုပ်ထဲမှာလည်း ပျင်းတင်းတင်း အလုပ်သမားဆိုရင်တော့လည်း ဘိုင့်ဘိုင်ပေါ့။

တနှစ်တာအတွက် ခွင့်ရက် ငါးရက် ယူခွင့်ရှိပါတယ်။ နှစ်ကြာလာတာနဲ့အမျှ ခွင့်ရက်က ကုမ္ပဏီအပေါ် မူတည်ပြီး တိုးလာလေ့ရှိပါတယ်။ တကယ်လို့ အဲဒီ ခွင့်ရက်တွေကို အနားမယူဘဲ အလုပ်လုပ်ခဲ့ရင်တော့ အဲဒီရက်နဲ့ ညီမျှတဲ့ လုပ်ခငွေကို အပိုထပ်ဆောင်း ပေးလေ့ရှိပါတယ်။ နားခဲ့ရင်လည်း သာမန်အတိုင်း လုပ်ခပေးပါတယ်။

ဒီနိုင်ငံမှာ လူတရာမှာ ၉၄ယောက်က ကားတစီးပိုင်တယ်လို့ မှတ်သားရဖူးပါတယ်။ ကားဟာ ဒီနိုင်ငံရဲ့ လိုအပ်ချက်တခုပါ။ ရာသီဥတုအခြေအနေ၊ အလုပ်နဲ့အိမ် အကွာအဝေး၊ စတဲ့အချက်တွေကြောင့် ကားတစီးတော့ ရှိဖို့လိုအပ်တဲ့အတွက် ဒီနိုင်ငံကို ရောက်တာနဲ့ လူတော်တော်များများဟာ ကားလိုင်စင်ရဖို့ ကြိုးစားဖို့ လိုပါတယ်။ ကားမရှိတဲ့အတွက် လုပ်အားခ ကောင်းကောင်းပေးတဲ့ နေရာကို သွားဖို့ အလှမ်းဝေးလွန်းလို့ လက်လွှတ်လိုက်ရသူတွေ တွေ့ဖူးပါတယ်။

အမေရိကန် အလုပ်ရှင်တော်တော်များများဟာ သူတို့ နိုင်ငံသားတွေထက် နိုင်ငံခြားသား အလုပ်သမားတွေကို အသုံးပြုရတာကို ပိုသဘောကျလေ့ရှိပါတယ်။ အကြောင်းပြချက်က ဒီလိုပါ။ အမေရိကန် နိုင်ငံသားစစ်စစ်တွေက အလုပ်လုပ်ဖို့ထက် အစိုးရဆီက အထောက်အပံ့ကို ဘယ်လို ရှာကြံယူရမလဲ ဆိုတာလောက်ပဲ စဉ်းစားနေတာ များလို့ပါတဲ့။ ဟုတ်မဟုတ်တော့ မသိနိုင်ပါ။ အဲဒီတော့ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ရှင်တွေက မှာတာ တခုရှိပါတယ်။ `အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားတော့ သင်လာပါ´ တဲ့။

တကယ်တော့ ဘယ်နိုင်ငံကိုပဲ ရောက်ရောက်၊ မိမိရောက်နေတဲ့ နိုင်ငံရဲ့ ဘာသာစကားကို တတ်ကျွမ်းဖို့က အရေးပါလှပါတယ်။ ဘာသာစကားကြောင့် အလုပ်ကောင်းကောင်း မရတဲ့ သာဓကတွေ၊ လူလည်ကျခံရတဲ့ သာဓကတွေ မနည်းလှပါဘူး။ ကျနော်တို့ အင်ဒီယားနား ပြည်နယ်ရောက် ကျနော်တို့ရွှေတွေထဲမှာ ရောက်တာ လေးငါးနှစ်ကြာတာတောင် အင်္ဂလိပ်စကားကို မပြောတတ်သေးတဲ့ လူတွေ တပုံတပင်ကြီး ရှိနေတာကို တအံ့တသြ တွေ့ဖူးပါတယ်။ ဒါပေမယ့် အိုကေနေကြတာပါပဲ။ အဲဒီပြည်နယ်က တနာရီကို ခုနှစ်ဒေါ်လာပေးတဲ့ စက်ချုပ်ရုံမှာ မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီပြီး လုပ်နေကြပါတယ်။

အမေရိကန်မှာ မြန်မာတွေကို ၀င်ငွေကောင်းကောင်း ပေးထားတဲ့ `ဆူရှီ´ အကြောင်းကိုလဲ မေ့ထားလို့ မရပြန်ပါဘူး။ ဂျပန် အစားအစာ တမျိုးဖြစ်တဲ့ ဆူရှီဟာ အမေရိကန်လူမျိုးတွေကို အတော်ဆွဲဆောင်နိုင်သလို အမေရိကန်ရောက် မြန်မာတွေကိုလဲ ငွေရပေါက် ဖြစ်စေပါတယ်။ အရင်းအနှီးနည်းပေမယ့် အပင်ပန်းခံနိုင်ရင် အကျိုးများပါတယ်။ ဆူရှီအကြောင်း အသေးစိတ် ဆောင်းပါးကိုတော့ ဒီမှာ ဖတ်ပါ။ တခြားရေးတဲ့လူတွေလည်း တော်တော်လေး ရေးဖူးကြပါတယ်။ ဆရာမ ပတ္တမြားမိုမိုလည်း ဆူရှီအကြောင်းကို မဟေသီမှာ ရေးဖူးတယ်လို့ ထင်ပါတယ်။

အလုပ်နဲ့ ဆက်စပ်ပြီးတော့ ဒီနိုင်ငံရဲ့ အခွန်အတုပ် ကိစ္စကိုလည်း မေ့ထားလို့ မရပြန်ပါဘူး။ လူတိုင်းဟာ သေခြင်းတရားကို ရှောင်လွှဲလို့မရသလို ဒီနိုင်ငံမှာတော့ အခွန်ကို ဘယ်သူမှ ရှောင်လို့ မလွတ်ပါဘူး။ ဈေးဝယ်လည်း အခွန်ပေးရ၊ ဈေးရောင်းလည်း အခွန်ပေးရနဲ့ နေရာတကာ ပေးရတဲ့ အခွန်က အလုပ်လုပ်ခထဲကလဲ နှုတ်ယူပါသေးတယ်။ နှုတ်ယူပုံ ယူနည်းကလည်း အမျိုးမျိုးအစားစားပါ။ အများအားဖြင့်ကတော့ လူပျို/အပျို/လူလွတ် များဟာ အိမ်ထောင်ရှင်များထက် အခွန်ပိုပေးရပါတယ်။ ကလေးများများမွေးထားတဲ့ အိမ်ထောင်ရှင်များကတော့ အခွန်အခ အတော်သက်သာလေ့ရှိပါတယ်။ ဒါကြောင့်ပဲလားမသိ၊ ဒီနိုင်ငံမှာ မိန်းမယူရင် ကလေးသုံးယောက်အမေကို ယူရင် အလုပ်ပိုဖြစ်မယ်လို့ ရယ်သွမ်းသွေးလေ့ ရှိတာကို ကြားဖူးပါတယ်။


***

`ကလင်((((((((((((´

ညနေခင်းမို့လို့လား မသိ၊ အချိန်စေ့ ခေါင်းလောင်းသံက နားထဲမှာ ချိုသာနေပါတယ်။ ခေါင်းလောင်းသံကြားတာနဲ့ တောထဲကသစ်ဆွဲတဲ့ ဆင်များလိုပဲ ရောက်ရာအရပ်မှာ လုပ်လက်စအလုပ်ကိုရပ်၊ စက်သတ်ပြီး လက်ဆေးခန်းထဲကို လေလေးတချွန်ချွန်နဲ့ ၀င်ပါတယ်။

အလုပ်ရုံအပြင်ကို ထွက်လိုက်တော့ အေးမြတဲ့လေပြေက မျက်နှာကို လာရောက် ရိုက်ခတ်တယ်။ ကျနော့်ရဲ့ လမ်းကလေးကို လှမ်းမျှော်ကြည့်လိုက်တော့ မျက်နှာထား မသာမယာနဲ့ ကျနော့်ကို လွမ်းဆွတ်နေသယောင်ယောင်။

အလုပ်ရုံကို ပြန်လည်စောင်းငဲ့ကြည့်လိုက်တော့ `မင်း၊ ငါနဲ့ မကင်းနိုင်ပါဘူးကွာ၊ နောက်နေ့ ပြန်လာရအုံးမှာပါပဲ´ လို့ လှောင်ပြုံးပြုံးပြနေတဲ့ သခင်တယောက်လိုလို မြင်ယောင်မိတယ်။ အို..။ ဘယ်လိုပဲဖြစ်ဖြစ်၊ ယနေ့အဖို့ကတော့…။

“Bye buddy, have a good night”

စိတ်နာနာနဲ့ ဆီးယူတူမောရိုး ဆိုတာတော့ ထည့်မပြောတော့ဘူးဗျာ။

***

ကလိုစေးထူး

Monday, March 05, 2007

တနင်္ဂနွေနေ့မှ ဘောလုံးပွဲ…

တနင်္ဂနွေ မနက်က ဖြစ်သည်။

တခြားလည်း ဘယ်ကိုမှ သွားချင်စိတ် မရှိသည်နှင့် တီဗွီဖွင့်လိုက်ရာ ဘောလုံးပွဲ လာနေ၏။ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုးံပွဲ။ ကန်နေကြသော အသင်းများသည်ကား နာမည်ကြီး ထိတ်ထိတ်ကြဲ ကလပ် အသင်းများ မဟုတ်။ ၀က်စ်ဟမ်းနှင့် တော့တင်ဟမ်စပါး။ သို့သော် ပျင်းပျင်းရှိသည်နှင့်ပင် ထိုင်ကြည့်ဖြစ်သည်။

ထိုနှစ်သင်းမှာ နာမည် မကြီးလှသော်ငြားလည်း ခြေရည်တော့ အတန်ငယ် ကွာသည်။ စပါးအသင်းက အဆင့် ၉ မှာ ရှိနေပြီး ၀က်စ်ဟမ်းကတော့ ဇယား အောက်ခြေ အဆင့် ၁၉ မှအသင်း။ ဒီတော့ ၀က်စ်ဟမ်း အသင်းအနေဖြင့် နောင်နှစ်ရာသီမှာ ပရီးမီးယားလိဂ်မှာ ထင်ကျန်နေလိုလျှင် အနိုင်ပွဲများစွာ လိုအပ်နေသည့် သဘောဖြစ်၏။ ယခင်အပတ်တွင်လည်း ချာလ်တန်အသင်းအား အဝေးကွင်းတွင် လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားလေရာ နည်းပြ ကားလ်ဘစ်ရှ်လေ အပေါ်တွင် ဖိအား တစုံတရာ သက်ရောက်နေ၏။

ပထမပိုင်းတွင် ၀က်စ်ဟမ်းက နှစ်ဂိုး သွင်း၏။ ၀က်စ်ဟမ်းပရိသတ်များမှာ တပြုံးပြုံး၊ သူတို့အသင်းကို တခဲနက် အားရပါးရ အားပေးကြသည်။ တိုက်စစ်မှူးတီဗက်စ်မှာ အပျော်လွန်ပြီး အင်္ကျီချွတ် အောင်ပွဲခံမိသဖြင့် အ၀ါကဒ်ပြ သတိပေးပင် ခံလိုက်ရ၏။ ကျနော့် စိတ်အထင်တွင်လည်း ဒီတပွဲတော့ ၀က်စ်ဟမ်း နိုင်လေပြီဟု ထင်လိုက်မိသည်။ နိုင်လဲ နိုင်စေချင်၏။ သူတို့ ရှုံးခဲ့သည်က များလှသည်ကိုး။ သို့သော်….။

ဒုတိယပိုင်း ပွဲအစ ခြောက်မိနစ်အကြာတွင် ၀က်စ်ဟမ်း အသင်းက ပယ်နယ်တီ ပေးလိုက်ရသည်။ စပါးမှ ဒီဖိုး ကန်သွင်းသည်။ ဂိုး၏။ ၀က်စ်ဟမ်း အသင်းသားတွေ ပျာယာခတ်ကုန်၏။ စပါးအသင်းသားများ အားတက်လာ၏။ သို့နှင့်ပင် နောက်ဆယ်မိနစ် အကြာတွင် အရှုံးသမား စပါးအသင်းက ချေပဂိုးသွင်းယူသွားသည်။

အနိုင်ပွဲကို ဆာလောင်ပြင်းပြနေသော ၀က်စ်ဟမ်း အသင်းသားများ တရစပ် တိုက်စစ်ဆင်ပြန်သည်။ သူတို့ ပရိသတ်တွေကလဲ တအုန်းအုန်း၊ သူတို့ ကန်သွင်းသော ကန်ချက်တွေကလဲ တဗုန်းဗုန်းနှင့် တီဗွီမှ တဆင့် ထိုင်ကြည့်နေသော ကျနော်သည်လည်း ရင်ခုန်သံ တဒုန်းဒုန်း ဖြစ်လာသည်။ စိတ်ထဲမှလည်း ဆုတောင်းပေးမိ၏။ ၀က်စ်ဟမ်း နိုင်ပါစေ…။

ထောင့်ကန်ဘောမှ တဆင့် ၀က်စ်ဟမ်း တိုက်စစ်မှူး ဇာမိုရာက ခေါင်းတိုက် ဂိုးသွင်းယူလိုက်သည့် အချိန်တွင်မတော့ ပွဲကစားချိန် ၈၅ မိနစ် ရှိလေပြီ။ ဂိုး….. ဟု အော်ဟစ်သံ ကွင်းလုံးညံသွား၏။ အသင်းပိုင်ရှင် ကတုံးကြီးမှာလည်း ပြုံးဖြီးဖြီး ဖြစ်လာသည်။ အင်း.. ငါးမိနစ်ပဲ ကျန်တော့တယ်ဆိုတော့ သူတို့ နိုင်လောက်ပြီ ထင်ပါရဲ့။

အနိုင်ကို ငါးမိနစ်တာ ထိန်းသိမ်းထားလျှင် အောင်ပွဲရတော့မည့် ၀က်စ်ဟမ်း အသင်းသားများ တကယ့်လက်တွေ့တွင်တော့ စပါးအသင်း၏ တိုက်စစ်တွင် ပျာယာခတ်ကြပြန်သည်။ ယင်းအတွက်ကြောင့်ပင် ၈၉ မိနစ်၌ ဂိုးရှေ့ ဘီးကုပ်စက်ဝိုင်း အစပ်လို အလွန်အန္တရာယ် များသည့်နေရာတွင် ပြစ်ဒဏ်ဘော လုပ်မိ၏။ အလွတ်တည်ကန်ခွင့် ပေးလိုက်ရ၏၊ စပါး တိုက်စစ်မှူး ဘာဘာတော့ဗ် ကန်သွင်းသည်။ ဂိုးပြန်သည်။ ဒီလိုနှင့် သုံးဂိုးစီ သရေ။

ပွဲကစားချိန် မိနစ် ၉၀ စေ့လေပြီ။ ဒဏ်ရာရ နာကျင် အပိုချိန်အတွက် လေးမိနစ် ထပ်ဆောင်းပေး၏။ အနိုင်ပွဲကို မွတ်သိပ်နေသော ၀က်စ်ဟမ်းတို့ တသင်းလုံး တိုက်စစ်ဆင်သည်။ တိုက်စစ်မှူး တီဗက်စ်၏ အပိုင်ကန်သွင်းချက် ဂိုးဘေးမှ ကပ်ထွက်သွားသည်။ အချိန်စေ့ရန် နီးလာလေလေ ပွဲရှိန်က မြင့်တက်လာလေလေ။ စပါးအသင်းသားတို့မှာ ၀က်စ်ဟမ်း တိုက်စစ်ကို အလူးအလဲ ခုခံနေရသည်။

ပွဲချိန်စေ့ရန် စက္ကန့်ပိုင်းအလို….။

နိုင်ချင်ဇောဖြင့် တရစပ် တိုက်စစ်ဆင်နေသော ၀က်စ်ဟမ်းတို့ သူတို့ နောက်တန်းတွင် ဟာကွက် ဖြစ်နေသည်ကို သတိမမူမိလေရော့သလား..။ သူတို့ ကန်ခွင့်ရသော ထောင့်ကန်ဘောမှ ကျွံလာသော ဘောလုံးကို စပါးတိုက်စစ်မှုး ဒီဖိုးက မနားတမ်း ဆွဲယူပြေး၍ ကန်သွင်းလိုက်သည်။ ဂိုးသမား… ဒိုက်ပစ်သည်။ ပုတ်ထုတ်သည်။ သို့သော် စွဲမြဲစွာ မမိ။ အံထွက်လာသော ဘောလုံးကို စပါးတိုက်စစ်မှူးတယောက်က ပြေးပိတ်သည်။ သွားပြီ……..။ ဂိုးပြန်လေပြီ။ ဂိုးသွင်းအပြီး ပွဲချိန်လည်း စေ့၏။ ၀က်စ်ဟမ်းတို့ ရှုံးပြန်လေပြီ။

ကစားပွဲကြေညာသူက `မယုံနိုင်စရာဂိုး´ ဟု မှတ်ချက်ချသည်။ ၀က်စ်ဟမ်း ပရိသတ်များ ငြိမ်ကျသွားသည်မှာ ကရုဏာသက်စဖွယ်ပင် ကောင်းနေသေးတော့…။ အသင်း ပိုင်ရှင်ကတုံးကြီးမှာလဲ သူ့ဦးပြည်းပြောင်ပြောင်ကို ပွတ်သပ်လျက် ခေါင်းငိုက်စိုက်ကျနေလေ၏။ ကစားသမားတချို့ မျက်ရည်စို့၏။ ပရိသတ်တချို့ ငိုပွဲဆင်၏။ ယင်းပွဲကို အမှတ်မထင် ကြည့်မိသော ကျနော်မှာလည်း ရင်မောရလေ၏။

ပြိုင်ပွဲ တခု၏ အဆုံးအဖြတ်သည်ကား အနိုင်အရှုံးဖြစ်လေသည်။ ပွဲချိန်အတွင်း မိမိအသင်း အနိုင်ရအောင် ဘတပြန်၊ ကျားတပြန်ကစားရသည်ကတော့ ပြိုင်ပွဲက ပေးသော ရသဖြစ်သည်။ သို့သော် အနိုင်၏ တည်မြဲမှုကို ပွဲပြီးသည် အထိ ထိန်းသိမ်းရန်ကား ခက်လှတော့သည်။ ပွဲချိန်အတွင်း အသာရနေမှုကို အနိုင်ဟု မဆိုနိုင်၊ နောက်ဆုံး စက္ကန့်ပိုင်းအလိုတွင်ပင် ဖြစ်စေ၊ မဆုတ်မနစ်ဇွဲဖြင့် ကြိုးစားသူတို့မှာ အောင်ပွဲဆင်ရ၏။ အခွင့်ရသည့် အခိုက် လက်မလွတ်စတမ်း အသုံးချနိုင်သူတို့ အနိုင်ရကြ၏။

နိုင်လိုဇောနှင့် ရှေ့ကိုသာ လောနေချိန်တွင်လည်း လစ်ဟာနေသော အနောက်မှ ဟာကွက်ကြောင့် တဖက်လူ၏ တန်ပြန်တိုက်စစ် အောက်တွင်လဲ အချိန်မရွေး မျောသွားနိုင်ပြန်သည်။

တကယ်တော့ ဘ၀ဆိုသည်မှာလည်း ဘောလုံးပွဲ တခုနှင့် အလားသဏ္ဍာန် တူလေရော့သလား မသိ။ ရုန်းကန်ရ၊ လှုပ်ရှားရသည်မှာ ဘတပြန်၊ ကျားတပြန်။ သတိလက်လွတ် ဖြစ်သည်နှင့် ဂိုးပေးရသလို အရှုံးနှင့် တရစပ်ကြုံသွားရမည်။ သို့သော် ဇွဲမလျှော့စတမ်း သတိနှင့်ယှဉ် အားထုတ်လျှင်တော့ အရှုံးဂိုးကို ချေပနိုင်ရုံသာမက အနိုင်ဂိုးပါ သွင်းနိုင်မည်မှာ မြေကြီး လက်ခတ်မလွဲပင်။ တခုတော့ ရှိ၏။

အရှုံးဂိုးတွေ ပေးရပါများလျှင်တော့ ဂိုးပြတ်နှင့် ရှုံးသည့် ပွဲတပွဲ ဖြစ်သွားနိုင်လေသည်။

ကလိုစေးထူး

Sunday, March 04, 2007

အလေးပြုသည် ဆိုရာတွင်…

နားထောင်သည်။ မကျေနပ်။ ဒါဟာ ဘာသဘောပါလိမ့်။ ဘာအဓိပ္ပာယ်ပါလိမ့်။ နောက်ထပ် တကြိမ်နားထောင်သည်။ ဒီလိုပဲ အသံထွက်နေသည်။ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လွန်းလှသဖြင့် တခြား၊ တခြားသော လက်လှမ်းမှီသမျှ မှတ်တမ်း ဗီဒီယိုတွေမှာ ရှာ၏။ နားထောင်၏။ ဟုတ်ပါပြီ။ သူတို့ ဒါကို ပြောင်းလဲပစ်လိုက်ကြပါပြီ။

ကျနော့်စိတ်ထဲတွင် စနိုးစနောင့်နှင့် မကျေမချမ်း ဖြစ်နေရသည်ကား တခြားတော့ မဟုတ်ပါ။ ယနေ့ခေတ် မြန်မာပြည်တွင်းရှိ အခမ်းအနားတချို့နှင့် စစ်ရေးပြ အခမ်းအနားများမှ အလေးပြု အစီအစဉ်၏ ပြောင်းလဲသွားသော အသုံးအနှုန်း ဖြစ်ပါသည်။

နိုင်ငံတိုင်းတွင် သမိုင်းကိုယ်စီရှိကြပါသည်။ မိမိနိုင်ငံအလိုက် ဖြတ်သန်းခဲ့ရသော သမိုင်းကို အခြေခံပြီး နိုင်ငံ့အတွက် စွန့်လွှတ် အနစ်နာခံသွားသော ခေါင်းဆောင်များလည်း ရှိကြစမြဲပင် ဖြစ်ပါသည်။ အများအကျိုး၊ နိုင်ငံအကျိုးအတွက် ကိုယ်ကျိုးကို မငဲ့ဘဲ အသက်ပေးသွားကြသော ထိုခေါင်းဆောင်ကြီးများကို `အာဇာနည် ခေါင်းဆောင်ကြီးများ´ ဟု ပြည်သူများက လှိုက်လှိုက်လှဲလှဲ သတ်မှတ်လေ့ရှိပါသည်။

ယုံကြည်မှုတခုကို နှလုံးသွင်း နားလည်ကြသည့် လူများစွာထဲမှာမှ အများအကျိုးအတွက် အသက်ကို စွန့်လွှတ် အနစ်နာခံသွားကြသည့် `အာဇာနည်´များကို ဦးညွှတ်ကြသည်မှာ နိုင်ငံကြီးသားပီသသော၊ ယဉ်ကျေးသော နိုင်ငံများ၏ အလေ့အထပင် ဖြစ်ပါသည်။

ထို့အတွက်ကြောင့်ပင် နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများ၊ စစ်ရေးပြ အခမ်းအနားများတွင် နိုင်ငံတော် အလံအား အလေးပြုပြီးသည့် အစီအစဉ် အပြီးတွင် အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုသော အစီအစဉ်ကို ထည့်သွင်းထားပါသည်။ ဂုဏ်ပြုခြင်းလည်း မည်သော၊ လေးစားအောက်မေ့ခြင်းလည်း မည်သော အစီအစဉ် တခု ဖြစ်ပါသည်။

ကျနော်တို့ နိုင်ငံတွင် `အာဇာနည် ခေါင်းဆောင်ကြီးများ´ ဟု ပြည်သူများက သတ်မှတ်ထားကြသည်မှာ မည်သူတွေ ဆိုသည်ကို ကျနော် အထူးအထွေ ပြောစရာ လိုမည်မထင်ပါ။ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသော `ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများ´ ဆိုသည်မှာ အများ အသိပင်ဖြစ်ပါသည်။

`ကျဆုံးလေပြီးသော…၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ အာဇာနည် ခေါင်းဆောင်ကြီးများအား…. အလေး………. ပြု´

ထိုစကားရပ်လေးမှာ တိုတောင်းပါသည်။ ယင်း တိုတောင်းသည့် စကားရပ်လေး၏ နောက်ကွယ်တွင် ကျနော်တို့ နိုင်ငံအတွက် အသက်ပေးသွားကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏့ သမိုင်းပုံရိပ် ရှိနေပါသည်။ ၎င်း သမိုင်းပုံရိပ်များနှင့် အတူ အာဇာနည်ကြီးများကို မမေ့စေသောငှာ ကျနော်တို့ အလေးပြုကြပါသည်။ သို့သော် အဆိုပါ အလေးပြု စကားရပ်နေရာ၌ တခြားသော စကားရပ် တခုက မသိမသာ ပြောင်းလဲလာနေရာမှတဆင့် ယခုတော့ လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ပါသည်။

ရှုပါ။

`ကျဆုံးလေပြီးသော.. ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေး………ပြု။´ ဟူ၏။

စကားရပ် နှစ်ခုမှာ ရုတ်တရက်ကြည့်လျှင်မူ့ ဆင်သယောင်ယောင် ဖြစ်ပါသည်။ သို့သော် မဆင်ပါ။ တူလည်း မတူပါ။ `ကျဆုံးလေပြီးသော… ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ အာဇာနည် ခေါင်းဆောင်ကြီးများ…´ နှင့် `ကျဆုံးလေပြီးသော… ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများ´။ လက်စသတ်တော့ ဆင်သလိုလိုနှင့် ပုံမှားရိုက်နေကြပါပကောလား။

ကျနော်တို့က ကျဆုံးလေပြီးသည့် မည်သည့် ခေါင်းဆောင်များကို အလေးပြုရမည်နည်း။ ခေါင်းဆောင်များမှာ များပြားလွန်းလှပါသည်။ ပြောကြစတမ်းဆိုလျှင် သွားလေသူ ဗိုလ်ချုပ်ကြီးနေ၀င်းသည်လည်း ခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်သည်လည်း ခေါင်းဆောင်။ ယုတ်စွအဆုံး မြန်မာနိုင်ငံတွင် (၁၇)ရက်တည်းသာ သမ္မတလုပ်သွားသည့် ဦးစိန်လွင်သည်လည်း ခေါင်းဆောင်ပင် ဖြစ်ပေ၏။ သို့သော် သူတို့သည်ကား ဦးညွှတ် အလေးပြုထိုက်သော ခေါင်းဆောင်များ မဟုတ်ပါ။ စစ်အာဏာရှင် ခေါင်းဆောင်ကြီးများသာ ဖြစ်ပါသည်။ ကျနော်တို့က သူတို့ကို အလေးပြုရမည်လော။

ကျနော်တို့ ယခုအလေးပြုနေသည်မှာ၊ ယခင်က အလေးပြုခဲ့သည်မှာ၊ နောင်လည်း အလေးပြုသွားမည်မှာ `အာဇာနည် ခေါင်းဆောင်ကြီးများ´ ဖြစ်ပါသည်။ အတိအကျ ပြောရလျှင် `ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ´ ဖြစ်ပါသည်။ ဘာ့ကြောင့် အလေးပြုနေပါသနည်း။ အာဇာနည်များ၊ နိုင်ငံအတွက် အသက်ကိုပင် စွန့်လွှတ်အနစ်နာခံသွားသော ပုဂ္ဂိုလ်ထူးများ၊ သူတထူးများ ဖြစ်သောကြောင့် ရင်ထဲ အသည်းထဲမှ လှိုက်လှဲသော ဆန္ဒဖြင့် အလေးပြုပါသည်။ ဦးညွှတ်ပါသည်။

သို့သော် အာဏာရှင် ခေါင်းဆောင်များကိုတော့ ဦးမညွှတ်နိုင်ပါ။ အလေးလည်း မပြုနိုင်ပါ။ အနှီပုဂ္ဂိုလ် အာဏာရှင်ခေါင်းဆောင်ကြီးများ သည်ကား အလေးပြုထိုက်သော ပုဂ္ဂိုလ်များလည်း မဟုတ်ကြပါ။ ခေါင်းဆောင်ဆိုသော နေရာကို မတရား သိမ်းပိုက်ရယူထားသော သူတို့ကို အလေးပြုစရာ အကြောင်းလည်း မရှိပါ။

ယခုတော့ သူတို့ မလိမ့်မပတ် လုပ်နေလေပြီ။ `ခေါင်းဆောင်ကြီးများ´ ဟူသော စကားလုံးကို မလိမ့်တပတ်လုပ်၍ ကျနော်တို့ အမှန်တကယ် လေးစားရသော အာဇာနည်ကြီးများကို သမိုင်းမှ ပယ်ဖျောက်ပစ်ရန် ကြိုးစားနေလေပြီ။ ယင်းစကားလုံးကို အသုံးချ၍ သူတို့ကို၊ သို့တည်းမဟုတ် သူတို့နောက်တွင် ဆက်လက်ပြီး အပါယ်ငရဲလားကုန် လတ္တံ့သော စစ်ခေါင်းဆောင်ကြီးများကို မလိမ့်တပတ်ဖြင့် သူတို့ အလေးပြုခိုင်းနေပါပြီ။

မသိမသာမှသည် တဖြည်းတဖြည်းနှင့် သိသိသာကြီးကို ပြောင်းလဲရာမှ ယခုတော့ဖြင့် ကျနော်တို့ ချစ်ခင်လေးစား၊ အတုယူခဲ့ရတော့ အာဇာနည် ခေါင်းဆောင်ကြီးများသည်ကား အလေးပြု အစီအစဉ်မှ လူမသိ သူမသိ ဖယ်ရှားခံနေရပါပြီတကား။

တကယ်တော့လည်း သေသေချာချာ သတိပြုမိလျှင် ကျနော်တို့နိုင်ငံ၏ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍကို မှေးမှိန်သထက် မှေးမှိန်အောင် သူတို့ လုပ်နေကြသည်မှာ ဒီတခုတည်းတော့ မဟုတ်ပါ။ အာဇာနည်နေ့တိုင်း နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရေဒီယိုတွင် ကြားရနေကျ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဥသြရှည်သံများ၊ အာဇာနည်နေ့တိုင်း ထုတ်လွှင့်ပေးနေကျ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်းများ လေလှိုင်းထဲတွင် လွင့်ပျောက်သွားခဲ့လေသလော မသိနိုင်အောင်ပင် သူတို့ ဖျောက်ဖျက်ထားခဲ့ပါပြီ။

ငွေစက္ကူများပေါ်မှ ဗိုလ်ချုပ်ရုပ်ပုံများတွင်လည်း ဘာသတ္တ၀ါမှန်း မသိသော အကောင်တကောင်က ခန့်ခန့်ကြီး နေရာယူနေလေပြီ။ အစိုးရရုံးများတွင် ယခင်က မြင်နေကျ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနေရာတွင်လည်း သူတို့က အလေးပြုစေချင်သော မကျဆုံးသေးသော အတ္တဘောကြီးက ဘေးတစောင်းတမျိုး၊ တည့်တည့်တဖုံ အိုက်တင်အမျိုးမျိုး၊ ဘာမှန်းမသိသော တံဆိပ်တွေ တပုံတပင် ရင်ဘတ်တွင် ချိတ်လျက် အပူဇော်ခံနေလေပါပြီ။

သမိုင်းမှန်ဆိုသည်မှာ ဖျောက်ဖျက်ကောင်းသော အရာ မဟုတ်သလို သူယုတ်မာဆိုသည်မှာလည်း လေးစားထိုက်သော ပုဂ္ဂိုလ်မဟုတ်ပါ။ ဆင်သယောင်ယောင်၊ တူသယောင်ယောင် စကားလုံးဖြင့် ဘယ်လိုပင် အစားထိုး၍ အပူဇော်ခံနေပါစေ၊ အလေးပြုခံချင်နေပါစေ။ ကျနော်တို့ တကယ် လေးစားသည်မှာ တကယ့် အာဇာနည်ကြီးများနှင့် နိုင်ငံ့သည်းချာ ခေါင်းဆောင်ကြီးများသာလျှင် ဖြစ်ပါသည်။

ထို့ကြောင့်…

ရင်ထဲ အသည်းထဲမှ ခိုင်ကျည်စွာဖြင့် အလေးပြုအပ်ပါသည်။ ဦးညွှတ်အပ်ပါသည်။

`ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ အာဇာနည် ခေါင်းဆောင်ကြီးများအား၊ အလေး…………. ပြု´

ကလိုစေးထူး

Friday, March 02, 2007

ကျနော့်အကြိုက်..

ဒီဘလော့ကို စရေးကတည်းက ရည်ရွယ်ခဲ့တာ တခုရှိခဲ့ပါတယ်။ အဲဒါကတော့ ကျနော်ဖတ်မိသမျှ စာကောင်းပေမွန်တချို့ကို တင်ပြချင်တာပါ။

အခုတင်ပြမယ့် ၀ထ္တုတိုလေးကတော့ ၂၀၀၆ခုနှစ်၊ အောက်တိုဘာလထုတ်၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ဖော်ပြပြပါရှိတဲ့ ဆရာမ ခင်နုယဉ်ရဲ့ `တယ်လီဖုန်းလေးရဲ့ တစ်နေ့တာ´ ဆိုတဲ့ ၀ထ္တုတိုလေးပါ။

ဒီဝထ္တုတိုမှာ ကျနော် နှစ်သက်မိတာက အကြောင်းအရာ ရိုးရိုးလေးကို ဖွဲ့ဆိုနိုင်စွမ်းပါ။ ဟာသရသနှောလို့ သရုပ်ဖော်ထားတဲ့ ဒီဝထ္ထုတိုလေးမှာ အခြေခံလူတန်းစားတွေရဲ့ စရိုက်ကိုလဲ ပြသလို့နေပါတယ်။ ကဲ.. ခံစားကြည့်ကြပါစို့။ သတ်ပုံကိုတော့ မူရင်းအတိုင်းပဲ ရိုက်ထားပါတယ်။


တယ်လီဖုန်းလေးရဲ့ တစ်နေ့တာ

`ကြီးကြီး၊ သမီးကျောင်းသွားတော့မယ်´ ဟူသော တူမလေး၏ အသံကို ကြားလိုက်ရသဖြင့် ရှစ်နာရီထိုးပြီးပြီကောဟု သတိပြုမိသွားသည်။ ရှစ်တန်းကျောင်းသူ တူမလေးမှာ သည်အချိန် ကျောင်းသွားနေကျ ဖြစ်ပေသည်။

စားပွဲတစ်လုံး၊ ဖုန်းတစ်လုံးနှင့် တကုန်းကုန်း အလုပ်ရှုပ်နေကျ ကျွန်မသည် PCO ဟု အများခေါ်နေကြသော ဖုန်းအငှားဆိုင်ရှင်တဦး ဖြစ်ပေသည်။ နံနက်မိုးလင်းသည်နှင့် စားပွဲတစ်လုံးနှင့် ဖုန်းလေးချကာ ဆက်မည့်သူ မျှော်ရမြဲဖြစ်သည်။

`လာကြပါ…. လာကြပါ။ များများဆက်ကြပါ။ ငါးဆယ်ကျော် အန်တီအပျိုကြီး ၀၀လင်လင် စားနိုင်အောင် စောင်မတော်မူကြပါ´ ဟု စိတ်ထဲမှ တိုးတိုးလေး ရွတ်နေမိသည်။

မျှော်တုန်း မျှော်ဆဲမှာပင် စားပွဲရှေ့သို့ ဆိုင်ကယ်တစ်စီး ထိုးရပ်လာသည်။ ဆိုင်ကယ်ပေါ်က ကလေးပေါက်စနနှင့် စုံတွဲမှာ မိသားစု ဖြစ်ဟန်တူ၏။ မင်္ဂလာနံနက်ခင်းမှာ သူလေးတို့၏ မျက်နှာများ ရွှင်မြူးလန်းဆန်းလျက်….။

ဖုန်းခွက်ကို ယောက်ျားပျိုက အရင်ကိုင်လိုက်သည်။ `မေမေ သားတို့ ဒီနေ့မလာဖြစ်ဘူးဆိုတာ ဖုန်းလှမ်းဆက်တာပါ။ ဒီဥပုသ် ကိုတာတို့ အလှူရှိလို့ စစ်ကိုင်းလိုက်သွားမလို့ မေမေ´။ ယောက်ျားလေးက ဖုန်းခွက်ကို မိန်းကလေးလက်သို့ ကမ်းပေးလိုက်ပြန်သည်။ `မေမေ၊ ကောင်းမှုတော်က သနပ်ခါးတုံး ၀ယ်ခဲ့ရမလား။ သမီး သေချာရွေးဝယ်ခဲ့မယ်နော်´ ဟု ကောင်မလေးက ဆိုပြန်သည်။

သူတို့တွေ ပြောလို့ ၀ပြန်တော့ ဖုန်းခွက်ကို ကလေးလေးပါးစပ်နား ကပ်ပေးကြပြန်သည်။

`ပြောလိုက် သားသား၊ ဘွားဘွားနေကောင်းလားလို့၊´ ကလေးက မ၀ံ့မရဲနှင့် မပီ့တပီ စကားထွက်လာတော့ လင်မယားနှစ်ယောက် သဘောခွေ့ကာ တခစ်ခစ် ရယ်နေကြလေသည်။ (သြော်.. မင်္ဂလာရှိလိုက်တာ)။

သူတို့ ပြန်သွားပြီးနောက် တစ်ဦးစ နှစ်ဦးစ ထပ်ရောက်လာကြသည်။ ပြောလိုရာများကို တိုတိုရှင်းရှင်းနှင့် လိုရင်း အမြန်ပြောကြသည်မှာ ပါးစပ်များ မော်တာတပ်ထားကြလေရော့သလားဟု အောက်မေ့ရသည်။ ဒုံးပျံခေတ်ပေကိုး။

ကျွန်မ၏ ဖုန်းဆိုင်လေးမှာ ချောင်ကျကျ မြို့သစ်ရပ်ကွက်လေးတွင် ဖွင့်ထားသည်မို့ လူလာကြဲလှသည်။ လူအလာကို စောင့်ရင်းပင် ထမင်းဆာလာသည်။

အိမ်တွင်း အမြန်ဝင်ပြီး ခပ်သုတ်သုတ် ထမင်းစားရသည်။ ထမင်းစားနေစဉ် အိမ်ရှေ့သို့လဲ မကြာခဏ လှမ်းကြည့်ရသေးသည်။ တူမလေးက ထမင်းဘူး သူ့ဘာသာ ထည့်ယူသွားရှာသည်။ စားလို့မှ ကောင်းပါလေစ။ မနက်က မီးမလာ၍ ဖယောင်းတိုင်မီးနှင့် မမြင်မကန်း ချက်ခဲ့သည်မို့ ထမင်းက သိပ်မနပ်လှပါ။

`အန်တီကြီး… အန်တီကြီး၊ ဖုန်းဆက်ချင်လို့´ ဟူသော အသံကြောင့် `လာပြီ… လာပြီ´ဟုပြောကာ ထမင်း အမြန်လက်စသတ်ရသည်။

`သာကော…. ပစ္စည်းသစ် ထပ်ရောက်လာတယ်။ ယူမလား။ စိတ်ချသန့်တယ်။ ဘယ်ကိုလာပို့ရမလဲ။ စားသောက်ဆိုင်။ ဟုတ်ပြီ…။ ဟုတ်ပြီ။ ခုလာပို့ပြီနော်´

`ငါ့တူမ၊ စိတ်ချပေတော့။ ညည်းကြိုက်သလောက် တောင်းလိုက်စမ်း။ အဘိုးကြီးက ရက်ရောတယ်အေ့´

မိန်းမနှစ်ယောက်ရဲ့ ပုံစံကြည့်ရတာ သိပ်မဟုတ်ချင်ဟု ထင်မိသားပင်။ လက်စသတ်တော့ သူတို့က…။ ရှိပါစေ။ ဘာတတ်နိုင်မည်လဲ။ ဘယ်သူတော့ ဆက်ပါ။ ဘယ်သူဖြင့် မဆက်လေနှင့်ဟု တားမြစ်သင့်သည်မှ မဟုတ်တာ။ ရှိပါစေတော့။

နေတဖြည်းဖြည်း မြင့်လာသည်။ ထီးတိုင်အောက်မှာ နေရသော်လည်း မန္တလေးနေက ကျွန်မကို ချွေးတပြိုက်ပြိုက် ကျစေသည်။ သိပ်ပူလာသဖြင့် အိမ်အဖီအောက်က ပက်လက်ကုလားထိုင်မှာ သွားနားရသည်။ လမ်းဘက်ကို မျှော်ကြည့်ရင်း ပုတီးစိတ်နေမိသည်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ-တ-တ-တ…. ၀ုန်း။

လက်စသတ်တော့ အိပ်ငိုက်သွားမိပေသကိုး။ ၀ုန်းကနဲ အသံကြောင့် နိုးလာသော ကျွန်မမှာ ၀ဖိုင့်သော ခန္ဓာကိုယ်နှင့်မလိုက်အောင် စွေ့ကနဲ ဖုန်းစားပွဲဆီ ရောက်သွားသည်။ ကျွန်မ ထိုင်နေကျ ကုလားထိုင်မှာ လဲလျက် ဖုန်းခွက်လေးမှာ ကြိုးတွဲလောင်းနှင့် အောက်ကျလျက်။ ညစ်ပေတူးသော ကလေးငယ်တစ်ယောက်က စားပွဲဘေးမှာ ခွေခွေလေးကျလျက် စသည့် စိတ်ပျက်စဖွယ် ရှုခင်းကို တွေ့မြင်လိုက်ရသည်။

ဒေါသစိတ်နှင့် ရိုက်လိုက်မည် ရွယ်ပြီးမှ စိတ်ထိန်းကာ ပေတူးလေးကို ဆွဲထူပေးလိုက်ရသည်။ မျက်နှာချင်းဆိုင်အိမ်မှ မိသန်းသားလေးပါလား။

`မိသန်းရေ… ညည်းသားလေး လာခေါ်ဦး၊ ငါ့ဖုန်းယူဆော့နေလို့။´

ကလေးကို သူ့အမေခေါ်သွားတော့မှ ကိုယ့်ဖုန်းကို ပြန်စစ်ကြည့်ရသည်။ အိုကေသည်။ ဘာမှ မဖြစ်ပါ။ သို့သော် ဖုန်းဖြူဖြူလေး ညစ်မည်းသွားရှာသည်။ ထို့ကြောင့် အိမ်တွင်းမှ တစ်ရှုးစ သွားယူကာ သုတ်ပေးလိုက်ရာ လုံးဝ ပြန်ဖြူသွားပါတော့သည်။

စိတ်ရှုပ်ရှုပ်နှင့် စားပွဲပြန်ထိုင်ကာ ဖုန်းဆက်သူအလာ ထပ်မျှော်ရပြန်သည်။ ငိုက်စိုက်ငိုက်စိုက်နှင့် ဖြူဖြူပိန်ပိန် မိန်းမတယောက် လျှောက်လာသည်ကို တွေ့ရသည်။ (ငါ့ဆီ လာတာဖြစ်ပါစေ)။

ဆုတောင်းပြည့်သွားသည်။ ထိုမိန်းမ ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်မဆီ ရောက်လာသည်။ မိန်းမငယ်မှာ စိတ်ညစ်နေပုံပေါ်သည်။ ရုပ်ကလေးက ချောလိုက်တာ။ အရွယ်ကောင်းကလေး။ ဘာများ စိတ်ဆင်းရဲစရာ ရှိရှာပါလိမ့်ဟု တွေးနေမိသည်။

တဖြည်းဖြည်း ငါးမိနစ်မှ ဆယ်မိနှစ်မှ မိနစ် နှစ်ဆယ်… နာရီဝက်ရှိလာတော့ ကျွန်မ လန့်လာသည်။ ဘုရား… ဘုရား၊ အဝေးပြောဆိုတော့ ဖုန်းခ တော်တော်တက်နေပြီ။ ပိုက်ဆံ အကုန်မှ ပေးပါ့မလားဟူသော သံသယဖြင့် စိတ်မောလာသည်။

ငိုပြောလေး ပြောနေသော မိန်းမမှာ မိနစ်လေးဆယ်အရောက်တွင်မှ ဂွပ်ကနဲ ဖုန်းချလိုက်ပါသည်။

`အန်တီ၊ ဘယ်လောက်ကျသလဲ´ ဟု မေးသဖြင့် …

`နှစ်ထောင် ကျပါတယ်ကွယ်။ အန်တီ နှစ်ရာလျှော့ပါမယ်။ ထောင့်ရှစ်ရာပေါ့´ ဟု ကျွန်မ ဖြေလိုက်ရသည်။

ကျွန်မ၏ ဖြေသံအဆုံးမှာ သူငယ်မ အုံးကနဲ ငိုပွဲဆင်လိုက်ကာ သူ့မှာ ပိုက်ဆံမပါကြောင်း ပြောတော့သည်။ ယောက်ျား မယားငယ် ယူသွားသဖြင့် ပိုက်ဆံ မပို့တော့ကြောင်း၊ အိမ်မှာ ဆန်မရှိတော့သဖြင့် ယောက်ျားထံ ဖုန်းဆက်တောင်းသော်လည်း အချည်းနှီး ဖြစ်ရကြောင်း၊ အန်တီ့ ပိုက်ဆံ မပေးဘဲ နေမှာ မဟုတ်ကြောင်း၊ နားကပ်ပေါင်၍ ဈေးရောင်းထွက်မည့် အကြောင်း၊ အန်တီ့ ပိုက်ဆံ ဆက်ဆက်လာပေးမည့် အကြောင်း၊ တသီတတန်းကြီး ပြောပါသည်။ စကားအများကြီး ပြောနေသော်လည်း အနှစ်ချုပ်ကတော့ ဖုန်းခ မပေးနိုင်ပါ ဟူ၍ ဖြစ်သည်။ (ငါအဘွားကြီး အပေါ်မှာ ရက်စက်ပါပေ့ ကလေးမရယ်)။

(တစ်အိမ်လုံး ပြေးရေမှ နှစ်ယောက်ရှိတာ။ တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ရုံးရောက်၊ ဂတ်ရောက်- ဘာလုပ်မည်လဲ။ တရားစွဲလို့ကော သူငယ်မထံမှ ပိုက်ဆံ ထွက်လာမည်တဲ့လား။ ထိုသို့ ဆင်ခြင်ပြီး တရားကိုသာ နှလုံးသွင်းရတော့သည်။ သြော်… အနိစ္စ၊ ဒုက္ခ၊ အနတ္တ။)

တရားဆင်ခြင်နေဆဲမှာပင် ဖုန်းသံ တတီတီ ထွက်ပေါ်လာသည်။ ကောက်ယူ နားထောင်လိုက်သောအခါ တစ်အိမ်ကျော်မှ ဒေါ်မြမြကို ခေါ်ခိုင်းသည့် ဖုန်းဖြစ်နေသည်။

မုဆိုးမ ဒေါ်မြမြမှာ အဝေးရောက် သားလိမ္မာတစ်ယောက် ရှိလေသည်။ မိခင်ပြီး မတောင့်မတ မကြောင့်ကြရလေအောင် သားလူပျိုကြီးက အဝေးတနေရာမှ လစဉ်မှန်မှန် ငွေအမြဲပို့ပေးသည်။ လိမ္မာလိုက်တဲ့ ကောင်လေး… သာဓု၊ သာဓု၊ သာဓု။

ကျွန်မ သွားခေါ်တော့ ဒေါ်မြမြ အိမ်နောက်ဘက် ရောက်နေဟန်တူသည်။ တော်တော်နှင့် မကြား။ လေးငါးခွန်းခေါ်မှ ကြားပြီး အပြေးတစ်ပိုင်းနှင့် လိုက်လာခဲ့သည်။

ဒေါ်မြမြ၏ မေတ္တာတေးသံက ကျွန်မရင်ကို ချမ်းမြေ့စေသည်။ လိမ္မာလှသည့် သားနှင့် မေတ္တာပြည့်လွန်းသော မိခင်တို့၏ ဆက်ဆံရေးမှာ သာယာဖြောင့်ဖြူးလှပါသည်။

အဘွားကြီး ဖုန်းပြောသည်ကို နားဆင်နေရင်း ကျွန်မစိတ်ထဲမှာ တစ်စုံတစ်ရာ စနောင့်စနင်း ဖြစ်လာသည်။ ခပ်လှမ်းလှမ်းမှ ဝေ့၀ိုက်ရောက်လာသည့် မြောင်းပုပ်နံ့ပေပဲ။

အဘွားကြီး ပြန်သွားသည့်တိုင် ပုပ်နံ့က မပျောက်နိုင်။ စိတ်ထဲမှာ မသင်္ကာသဖြင့် ဖုန်းကို အနံ့ရှူကြည့်မိတော့ အလိုလေးလေး။ မစင်နံ့ပေပဲ။ ဖြူစင်သန့်ရှင်းသော ဖုန်းလေးမှာ ဖြူတော့ ဖြူမြဲပါ။ သို့သော် မစင်နံ့လေးက တသင်းသင်း။

ရေအိမ်ဝင်နေသော ဒေါ်မြမြတယောက် အိမ်ရှေ့မှ ကျွန်မခေါ်လိုက်သဖြင့် အပြေးတစ်ပိုင်း လာခဲ့ရာမှ လက်ကို ဆပ်ပြာတိုက်ဆေးခဲ့ရဟန် မတူပါ။ ဆပ်ပြာတစ်ခါတိုက်နှင့်ပင် အနံ့မပျောက်တတ်ပါ။ ကျွန်မဖုန်းဖြူဖြူလေးမှာ အနံ့မစင်သော ဒေါ်မြမြကြောင့် မပေကျန်သော်လည်း သင်းသင်းမွှေးနေပါပြီ။

ညစ်နေတာ မဟုတ်လို့ တစ်ရှူးနှင့် သုတ်လည်း ထူးမည်မထင်ပါ။ ရေဆေးရလျှင် ဖုန်းပျက်သွားနိုင်သည်။ မည်သို့ လုပ်ရပါ့။

တွေးရင်းနှင့်ပင် အကြံပေါ်လာသည်။ လမ်းထောင့် စတိုးဆိုင်သို့ အပြေးလေးသွားကာ စနိုးတာဝယ် (မျက်နှာသုတ် တစ်ရှူးမွှေး) နှစ်ခု သွားဝယ်ရသည်။ အိမ်တွင်းပုန်း အဘွားကြီးနှင့် လားလားမျှ မဆိုင်သော စနိုးတာဝယ်ကြောင့် စာရေးမလေးပင် အံ့သြသွားသည်။ အန်တီကြီး ခရီးထွက်မလို့လားဟုပင် မေးလိုက်ပါသေးသည်။

ဖုန်းလေးကို စနိုးတာဝယ်တစ်ခုနှင့် အကြိမ်ကြိမ် ပွတ်တိုက်ပြီး နောက်ထပ်တခုနှင့် ထပ်မံပွတ်တိုက်လိုက်သောအခါ သန့်ရှင်းမွှေးကြိုင်သော ဖုန်းဖြူဖြူလေး ဖြစ်သွားပါတော့သည်။

`ကြီးကြီး… သမီးပြန်လာပြီ။ ဒီတခါ ငါးကြင်းခြစ်နှင့် ကိုက်လန် ၀ယ်လာတယ်´ ဟု ပြောရင်း၊ လွယ်အိတ်တဖက်၊ ကြွှပ်ကြွပ်အိတ် တစ်ဖက်နှင့် တူမလေး ပြန်လာသည်။ တူမလေးမှာ ကျောင်းအဆင်းမှာ အင်္ဂလိပ်စာ ကျူရှင်ဆက်သွားပြီး ကျူရှင် အပြန်မှာ ဈေးတန်းလေးမှ ဟင်းချက်စရာ ၀ယ်လာလေ့ရှိသည်။

တူမလေးပြန်လာပြီ ဆိုတော့ ငါးနာရီကျော်လောက်ပြီ။ မစောတော့ပါ။ နောက်ထပ်မှ လူလာပါဦးမလား။ ညစာစားရဦးမည်။ ကိုရီးယားကား ကြည့်လိုသေးသည်။ ဖုန်းဆိုင်ကို ခြောက်နာရီထက် နောက်ကျပြီး မပိတ်လိုပါ။

`အန်တီကြီး၊ ဖုန်းဆက်ချင်လို့ပါ။ ယောက်ျားသံနဲ့ဆိုရင် သူတို့အိမ်က ခေါ်ပေးမှာ မဟုတ်လို့။ အန်တီကြီးပဲ ခေါ်ပေးပါ။ ကောင်မလေး နာမည်က မခိုင်တဲ့´

သူပြောသည့် နံပါတ်အတိုင်း နှိပ်ပြီး ကျွန်မခေါ်ပေးလိုက်ရာ ကလေးမလေးနှင့် တန်းတွေ့ပြီး အဆင်ပြေသွားသည်။

`သည်ကမ္ဘာမှာ အပျော်ဆုံးလူက ငါပဲမခိုင်ရ။ ဘာလို့တုန်း သိလား။ ငါငါးသိန်းထီ ပေါက်တယ်ကွ။ မင်းဘာမှ စိတ်ညစ်မနေနဲ့တော့။ အဲဒီအိမ်မှာ ဆက်လုပ်မနေနဲ့။ ထွက်ခဲ့တော့ကွာ။ ငါဆိုက်ကား အပိုင်ဝယ်မယ်လေဟာ။ တို့လက်ထပ်ပြီးရင် ဖိုးထူးတို့ အိမ်နားမှာပဲ ငှားနေကြမယ်။ မကောင်းဘူးလား´

တတွတ်တွတ်နှင့် အားရပါးရ ပြောနေသော သူငယ်လေးက သူ့စကားအဆုံးမှာ ဖုန်းကလေးကို အားရပါးရ နမ်းချလိုက်ပါတော့သည်။

`ဟီး… ဟီး ရှက်လိုက်တာ အန်တီကြီးရယ်။ ကျွန်တော် မုဒ်ဝင်သွားလို့ဗျ´

အလွှာပေါင်းစုံရဲ့ လက်တွေထဲမှာ တစ်လက်ပြီးတစ်လက် ပြောင်းကိုင်ခံရတဲ့ ကျွန်မရဲ့ တယ်လီဖုန်းကလေး။ ရွှံ့ပေလိုက်၊ မစင်နံ့နံလိုက်၊ ရေမွှေးဆွတ်ခံလိုက်ရနှင့် ကျွန်မရဲ့ ဖုန်းလေးဟာ ဒီတခါတော့ ခေတ်မီမီ ဆိုက်ကားလူငယ်တယောက်ရဲ့ အဖြည့်ခံ ချစ်သူ ကိုယ်စား အနမ်းခံလိုက်ရပြန်ပြီ မဟုတ်ပါလား။

ခင်နုယဉ်

Thursday, March 01, 2007

ဓာတ်ပုံများ၏ ထင်ဟပ်မှု..

အခု ကျနော်တင်ပြမယ့် ပုံများဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သွားတဲ့ ကမ္ဘာလှည့် ခရီးသည်တွေက သူတို့ အမြင်၊ သူတို့ရှုထောင့်ကနေ ရိုက်ကူးသွားကြတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။ သူတို့ ကျနော်တို့ နိုင်ငံကို ဘယ်လိုမြင်ကြပါသလဲ။ ရှုစားကြပါစို့..။

ဒီဈေးတန်းလေးကို ရိုက်ကူးခဲ့သူကတော့ ဘယ်လိုအမြင်နဲ့ ခံစား ရိုက်ကူးခဲ့တယ် ဆိုတာ မပြောတတ်ပေမယ့် ဈေးသည်၊ ဈေးဝယ်တွေနဲ့ ဆူညံနေတတ်တဲ့ မြန်မာပြည် ဈေးကို လွမ်းဆွတ်မိသွားမိပါတယ်။ ဈေးဗန်းကိုကြည့်ပြီး စိတ်ပျက်ပျက်နဲ့ ခေါင်းကုတ်နေတဲ့ အမယ်ကြီး၊ ခပ်လှမ်းလှမ်းက ဈေးတန်းနဲ့ ဓာတ်ပုံရိုက်တာကို လှမ်းကြည့်နေကြတဲ့ ဈေးသည်တချို့ရဲ့ အပြုံး။


ဒီပုံမှာ ဆန့်ကျင်ဘက်နှစ်ခုကို သတိထားမိပါတယ်။ ကျောင်းသူဖြစ်ဟန်တူတဲ့ လုံမပျိုရဲ့ တက်ကြွတဲ့ ခြေလှမ်းနောက်မှာ ခရီးသွားတယောက်တလေဆီက ငွေအကြွေကို စောင့်မျှော်နေတဲ့ တတိယအရွယ် အဖိုးအို။ ဒါသည်ပင် ကျနော်တို့ နိုင်ငံရဲ့ ပြယုဂ်လေလား..။


မြန်မာ စကားပုံတခုရှိပါတယ်။ `မောင်တထမ်း၊ မယ်တရွက်´တဲ့။ ဒါပေမယ့် အခုရွက်နေရတဲ့ မယ်ကတော့ မသက်သာလှပါဘူး။ စက်ဘီးလက်ကိုင်ကို မထိန်းနိုင်ဘဲနဲ့ အနောက်က ကားနဲ့ တိုက်မိလေမှ ဒုက္ခလို့ တွေးပူမိပါရဲ့။


ဒီပုံကိုတွေ့တော့ မမေဓာဝီ ရေးခဲ့တဲ့ 'ဘယ်သူ့လက်ထဲမှာလဲ' ဆိုတဲ့ ပို့စ်ကို သတိရမိပါတယ်။ သူ့ခေါင်းပေါ်က ရွက်ထားတာ စပါးတွဲများလား၊ ဘာများပါလိမ့်လို့ ခန့်မှန်းတွေးမိရင်းနဲ့ လက်ဖြန့်တောင်းနေရတဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေကို မြင်တော့ စိတ်မသက်မသာ ဖြစ်ရပါတယ်။


မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ အခွင့်အရေးတွေ ရနေပါပြီ။ ရင်ဘောင်လဲ တန်းနေပါပြီဆိုတာကို ဒီပုံက ပြနေပါတယ်။ ဒါပေမယ့် အခြေအနေ သိပ်မကောင်းပါ။


ဒီပုံကို ရိုက်ကူးခဲ့တဲ့ တိုးရစ်က ပုံရဲ့အောက်မှာ ဒီလိုဖော်ပြခဲ့ပါတယ်-

Yep, this is a whack load of cash here in Burma! The highest denomination was 1000 kyat, which is equal to $1 CAN. We went through it pretty fast. In order to get it we had to use the "Black Market". Our taxi driver from the airport to our hotel arranged it for us. Luckily we weren't caught. The exchange rate "officially" is, 6 kyat to $1 CAD. HA! It's pretty whacked!


ဦးသူတော်လဲ မဟုတ်၊ ရသေ့လဲမမည်တဲ့ ဒီပုဂ္ဂိုလ်က ဘာကျင့်စဉ်တွေကို ကျင့်ပါလိမ့်။ ရုပ်ရှင်ထဲက အရည်းကြီးတွေနဲ့ အလားသဏ္ဍာန်တူတဲ့ ဒီပုဂ္ဂိုလ်ကြီး သူ့ရှေ့တည့်တည့်ကနေ နိုင်ငံခြားသားက ဓာတ်ပုံရိုက်ယူသွားတာတောင် သိလိုက်ပုံ မရပါဘူး။ သိပ်တော့လဲ မပြောရဲပါ။ မြန်မာပြည်မှာက သူ့လိုလူတွေ ကောင်းစားနေတော့လဲ ခက်သားလား။

မှိုင်တွေ ငိုက်မြည်းနေတဲ့ အဲဒီ အနှေးယာဉ် လုပ်သားကြီးနဲ့ အတူ မြန်မာအလံငယ်လေးကလဲ စိတ်ဓာတ်တွေ ကျနေတယ်ထင်ပါ့။


တခြားပုံတွေကို ကြည့်ရင်း ရင်မောမိခိုက်မှာ ဒီပုံထဲက ကလေးငယ်လေးတွေကို တွေ့တော့ စိတ်ထဲမှာ အေးချမ်းသွားပါတယ်။ အပြစ်ကင်းလိုက်တဲ့ ကလေးငယ်လေးတွေ၊ ဒီကလေးလေးတွေထဲက တယောက်သောသူဟာ ကျနော်တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ ၀င့်ကြွားစေနိုင်တဲ့ နိုင်ငံတခုဖြစ်လာအောင် စွမ်းဆောင်နိုင်သူ၊ ငြိမ်းချမ်းခြင်းတွေကို ဆောင်ကြဉ်းပေးလာနိုင်သူ ဖြစ်လာပါစေသားလို့ ဆုတောင်းရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။

ကလိုစေးထူး


Monday, February 26, 2007

ဆန္ဒတမ်းချင်း…

အခုရက်ပိုင်းတွေမှာ စာရေးရတာ နည်းနည်းတော့ လက်ပမ်းကျချင်သလိုလို ဖြစ်လာပါတယ်။ အလုပ်ထဲမှာ အလုပ်လုပ်နေရင်းနဲ့ တွေးမိတဲ့ စာကုန်ကြမ်းကလေးတွေကလဲ အိမ်ပြန်ရောက်လို့ စက်ရှေ့ ထိုင်ပြီလားဆိုရင် ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်ပါတယ်။

အဲဒါနဲ့ စာအုပ်ပုံကို မွှေနှောက်မိပြန်တော့၊ စာအုပ်ငယ်လေး တအုပ်ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေကို စုစည်းထားတဲ့ စာအုပ်ငယ်လေးပါ။ အဲဒီစာအုပ်လေးကို ထိုင်ဖတ်ရင်းနဲ့ တွေးမိတာက အမေဒေါ်စု နေလို့မှ ကောင်းပါလေစ ဆိုတဲ့ အတွေးပါ။ နေအိမ်အကျယ်ချုပ်ဆိုတဲ့ သတ်မှတ်ချက်အောက်မှာ အမေ နေသာပါလေစ..။

ဒီလိုနဲ့ ကဗျာတပုဒ် ဖော်ကျူးမိပါတယ်။ ကဗျာနာမည်က ဆန္ဒတမ်းချင်း…..တဲ့..။

“ဆန္ဒတမ်းချင်း…”

ဒေါ်လာ၊ ရွှေငွေ ဆောင်ယောင်တွေက
အောင်မြင်ခြင်းတဲ့လား… (သွားစမ်းပါ)
ဆန်းစစ် စေ့ငုံလိုက်တော့….. ဟာဟ
စုဘူးထဲမှာ အတ္တတွေပဲ ရှိတယ်။
ကြည်လင်နေတဲ့ ဘ၀တွေလဲ
သက်တမ်း မစေ့ခင်၊ အကွက်ကြမ်းရွှေ့ခံရလွန်းလို့
တော်သူတွေ ဘေးထိုင်လို့ ရှော်သူတွေ မော်နေကြပေါ့
ရာဇနီတိနဲ့လဲ သူတို့တွေ ညီသတဲ့ (တော်စမ်းပါ)
ကျော်လွှမ်းတာက နာမည်ဆိုးကြီးနဲ့ပါလား.။
ရှည်လျားလိုက်တဲ့ ငရဲရက်တွေမှာ
ပါလာသမျှ ရိုးသားခြင်းတွေကို ချခင်းနေလေတော့
စေစားနိုင်သူတွေသာ ပိုင်ကြွားနေပါပေါ့လား.။

ကလိုစေးထူး

Saturday, February 24, 2007

နှုတ်အားဖြင့် ဖြစ်စေ…

ပြီးခဲ့တဲ့ အပတ်က ကြည့်လိုက်ရတဲ့ ဒီဗွီဘီ ရုပ်သံသတင်းမှာ သတင်းတခုကို သတိထားမိပါတယ်။ အဲဒါကတော့ `မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB)´ က နယ်စပ်တလျှောက်က ဒုက္ခသည် စခန်းတွေမှာ အမျိုးသမီးတွေကို အိမ်တွင်း အကြမ်းဖက် ခံနေရခြင်း အကြောင်းကို ပညာပေး ဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတဲ့ သတင်းပါ။

တကယ်တော့ WLB အနေနဲ့ အိမ်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုတာကို လုပ်နေခဲ့တာဟာ ပြောမယ်ဆိုရင် သူတို့ အဖွဲ့ကို စတင် တည်ထောင်ကတည်းကလို့ ဆိုရမှာပါ။ ဒါပေမယ့် အခုတခါ သတင်းမှာတော့ ထူးခြားတာ တခုကို သွားသတိထား မိပါတယ်။

အဲဒါကတော့ အိမ်တွင်း အကြမ်းဖက်မှု ဆိုတာဟာ ထိုးကြိတ်၊ ကန်ကျောက်၊ ရိုက်နှက် အစရှိတဲ့ ကိုယ်ကာယအားနဲ့ နှိပ်စက်ကလူ ပြုတာကိုတင် ဆိုလိုတာ မဟုတ်ဘဲ နှုတ်အားဖြင့် အနိုင်ကျင့်တာဟာလဲ အိမ်တွင်းအကြမ်းဖက်တာ၊ တနည်းအားဖြင့် အမျိုးသမီးများကို ဖိနှိပ်၊အကြမ်းဖက်ခြင်း တမျိုးဖြစ်တယ်ဆိုတာပါ။ ကာယကံအားဖြင့် နှိပ်စက်ကလူ မပြုသည့် တိုင်အောင် ၀စီကံအားနဲ့ အမျိုးသမီးတယောက်ကို ထိခိုက် နာကျင်အောင် ပြောဆိုတာဟာလဲ အကြမ်းဖက်ခြင်း သက်ရောက်နေတယ်ဆိုတဲ့ အချက်ကို သူတို့ ပညာပေးပါတယ်။

အဲဒီ သတင်းကို ကြည့်ပြီးတော့ ကျနော့် စိတ်ကူးထဲကို တွေးစရာတွေ အများကြီး ရလာခဲ့ပါတယ်။ ကျနော်တွေးမိတာက `အိမ်တွင်း´ဆိုတဲ့ နယ်ပယ် ကျဉ်းကျဉ်းလေးတင် မကဘဲ ကျနော်တို့တတွေ နေထိုင်ရှင်သန်နေတဲ့ လူ့ပတ်ဝန်းကျင်မှာ အမျိုးသမီးနဲ့ အမျိုးသားတွေ အကြားမှာ ကျနော်တို့ သတိမထားမိသော၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံနေသော စကားအသုံး တချို့တွေ အကြောင်းကို တွေးမိတာပါ။ ကဲ.. ဘယ်လို စကားမျိုးတွေပါလိမ့်။ လေ့လာကြည့်ကြပါစို့..။

`မိန်းမလို မိန်းမရ သိပ်ဆန်တာပဲ´

အထက်ပါ စကားလေးကို ကြည့်လိုက်ရင် တိုတောင်းပါတယ်၊ ဒါပေမယ့် အဲဒီ တိုတောင်းတဲ့ စကားရဲ့ နောက်ကွယ်မှာ အမျိုးသမီးတွေဟာ နေရင်းထိုင်ရင်းနဲ့ကို အမျိုးသားများထက် နိမ့်ကျနေသယောင်ယောင် အဓိပ္ပာယ်ဆီကို ဦးတည်နေပါတယ်။ ကြည့်ပါ..။ အမျိုးသား တယောက်ယောက်က နည်းလမ်းမကျတဲ့ အရာတခုခုကို ပြောဆိုနေရင်၊ လုပ်ကိုင်နေရင် အဲဒီလို ပြောလိုက်ပါတယ်။ `မိန်းမကြီး ကျနေတာပဲ၊ တဖျစ်တောက်တောက် ပြောနေလိုက်တာ´ `ထဘီ ၀တ်ထားပါလား´ စတဲ့ စတဲ့ စကားတွေကို ကြည့်ရင် အသုံးမကျသော၊ ဒါမှမဟုတ် အမှားလုပ်သော ယောက်ျား တယောက်ဟာ မိန်းမနဲ့ တူတယ် ဆိုတဲ့ သဘောကို ဆိုလိုနေသလို ဖြစ်နေပါတယ်။

ကဲ.. ဒါဖြင့်၊ ကျနော်တို့ ယောက်ျားတွေက မိန်းမတွေထက် အလိုလိုများ သာနေပြီတဲ့လား။ ကျနော်တော့ သိပ်မထင်ပါ။ အမေရိကန်နိုင်ငံက အိမ်မဲ့ယာမဲ့ အခြေအနေမဲ့ ယောက်ျားတယောက်က ကွန်ဒိုလီဇာရိုက်လို မိန်းမ တယောက်ထက် ဘယ်လိုမှ မသာနိုင်ပါ။ အဲဒီလိုပါပဲ။ ဥဒုမ္မရဒေ၀ီဟာလဲ ပိင်္ဂုတ္တရ လုလင်ထက် များစွာသာပါတယ်။ အဓိကက လူပါ။ လူတဦးချင်းစီရဲ့ စွမ်းဆောင်ရည်ကသာလျှင် အရေးအကြီးဆုံးပါ။ ဒီလိုဆိုရင် ဘာဖြစ်လို့များ ဒီလိုစကားတွေကို လွယ်လွယ်နဲ့ ပြောလိုက်ရအောင်၊ ပြောနေရအောင် တွင်ကျယ်နေရပါသလဲ။ လေ့လာကြည့်ရအောင်…။

ကျနော်တို့ တတွေဟာ အမိဝမ်းထဲက ထွက်လာပြီဟေ့ဆိုတာနဲ့ မိမိကိုမွေးဖွားပေးရာ ပတ်ဝန်းကျင်အလိုက် အဲဒီ ပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို လက်ခံသင်ယူကြရလေ့ ရှိပါတယ်။ ဥပမာအားဖြင့်.. အ၀တ်အစားတွေမှာ ဆိုရင် မိန်းကလေးက ဒီအရောင်။ ယောက်ျားလေးက ဒီအရောင် သတ်မှတ်ပေးလေ့ရှိပါတယ်။ အနီးစပ်ဆုံး ပြောရရငတော့် ပန်းရောင်ကို ဆင်မြန်းဝတ်ဆင်တဲ့ ယောက်ျားတယောက်ဟာ `မိန်းမအရောင်ကြီး ၀တ်လာတယ်´ ဆိုပြီး အလှောင်ပြောင် ခံရလေ့ရှိပါတယ်။

အဲဒါအပြင် မိန်းမတွေရဲ့ ထဘီတွေကို ထိမိကိုင်မိရင်ပဲ ဘုန်းကံနိမ့်တော့မယောင်ယောင် သင်ကြားပေးတဲ့ ပတ်ဝန်းကျင်ထဲမှာလဲ ကျနော်တို့တတွေ ကြီးပြင်းလာရလေ့ ရှိပါတယ်။ အဲဒီလို အသေးစိတ်ကလေးများကနေ ခွဲခြားလာလိုက်တာဟာ တဆင့် တဆင့်နဲ့ စစ်သားဆိုရင် ယောက်ျားအလုပ်၊ ရက်ကန်းရက်တာက မိန်းမအလုပ်၊ အဲဒီကတဆင့် နောက်ထပ် နောက်ထပ်နဲ့ ခွဲခြားလာလိုက်တာဟာ အမျိုးသမီးတွေဟာ နေရင်းထိုင်ရင်းနဲ့ အမျိုးသားတွေရဲ့ အောက်တဆင့်နိမ့်ကို ရောက်နေရာ ကျနေပါတော့တယ်။

အဲဒီလိုနဲ့ ခွဲခြားလိုက်ရင်းနဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ အကြား စိတ်စွမ်းရည်ကိုလဲ ဒီလို သတ်မှတ်ပစ်လိုက်ပါတယ်။

ယောက်ျားဆိုတာ သတ္တိရှိတယ်၊ ရဲရင့်တယ်၊ တည်ငြိမ်တယ်၊ စဉ်းစား ဆင်ခြင်နိုင်စွမ်းလဲ ရှိတယ်။ မိန်းမများကတော့ ပျော့ညံ့တယ်၊ မူယာမာယာများတယ်၊ စဉ်းစားဆင်ခြင်စွမ်းလဲ နည်းတယ် စသဖြင့် စသဖြင့်တွေ သတ်မှတ်ပစ်လိုက်ပါတယ်။ အဲဒီ အမြင်တွေဟာ အချိန်တွေကြာလာလေလေ ခိုင်မာလာလေလေ ဖြစ်ပြီးတော့ လိင်ကွဲပြားမှု တခုတည်းနဲ့တင်ကို အဲဒီ ပုံစံခွက်ကြီးနဲ့ တိုင်းတာ ပြောဆိုကြပါတော့တယ်။

ပိုဆိုးတာက အမျိုးသမီးတွေကို ခပ်နှိမ်နှိမ်ပြောတဲ့ သဘောသက်ရောက်တဲ့ အထက်ပါ စကားတွေကို အမျိုးသားတွေသာမက တချို့ အမျိုးသမီးတွေကပါ သတိမမူဘဲ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို သုံးနေကြတာပါ။ ဥပမာအားဖြင့် အမျိုးသမီးတယောက်က သူနဲ့ အချေအတင် ဖြစ်တဲ့ အမျိုးသားတယောက်ကို နာအောင်ရည်ရွယ်ပြီး `ယောက်ျားကြီးဖြစ်ပြီး မိန်းမလို မိန်းမရ၊ ကက်ကက်လန် ရန်တွေ့နေလိုက်တာ၊ ထဘီဝတ်ထားပါလား´ လို့ ပြောပစ်လိုက်ပါတယ်။ နစ်နစ်နာနာ နာပါစေတော့ပေါ့၊ ပြောပစ်လိုက်တာပါပဲ။ ဒါပေမယ့် အဲဒီလို ပြောပစ်လိုက်တဲ့ တခဏမှာတင် သူဟာ သူနဲ့တကွ အမျိုးသမီးထု တရပ်လုံးဟာ အမျိုးသားများထက် အောက်တဆင့်နိမ့်နေသယောင်ယောင် ပြောမိသွားပါတယ်။

တကယ်တော့ မြန်မာစကားပုံမှာ `နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ´ ဆိုတဲ့ အဖိုးတန် စကားပုံ တခုရှိပြီးသားပါ။ စကားတခွန်းရဲ့ ထိရောက်နိုင်မှုစွမ်းအားဟာ လက်နဲ့ ရိုက်ပုတ်လိုက်တာထက် ပိုလို့ နာကျင်စေပါတယ်။ စိတ်ကို အနာရစေပါတယ်။ အတွေးတွေကို ပျက်စီးစေပါတယ်။ စကားတခွန်းဟာ လူတယောက်ရဲ့ အနာဂတ်ကို မဲ့သွားစေနိုင်လောက်အောင် ထိရောက်စေပါတယ်။ ပြင်းထန်စေပါတယ်။ လက်နဲ့ ရိုက်ပုတ်မှ နာကျင်စေတာ မဟုတ်ပါ။ စိတ်မှတ်သည်းခြေကို ထိခိုက်နာကျင်စေတဲ့ မြားအစင်းပေါင်းများစွာလို အစွမ်းထက်တဲ့ စကားတွေဟာလဲ ခွဲခြားဆက်ဆံရာ၊ ဖိနှိပ်ရာ ကျနေပါတယ်။

ကျနော့်ကို အမျိုးသမီးတယောက်ယောက်က သူ စိတ်ဆိုးတဲ့ အချိန်မှာ `နင် ထဘီဝတ်ထားပါလား´ လို့ပြောရင် ကျနော် ပြုံးမိပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လုံချည်ဝတ်ထားတဲ့ ကျနော်က အချိန်တိုင်း မြင့်မြတ်နေမယ့်သူ မဖြစ်နိုင်လို့ပါ။ ကျနော့်ထက် မြင့်မြတ်သော အမျိုးသမီးတွေ ဒီကမ္ဘာပေါ်မှာ မြောက်မြားစွာ ရှိနေမှာ အသေအချာ ဖြစ်လို့ပါ။ အဲဒီလိုပဲ ထဘီဝတ်ထားတဲ့ အမျိုးသမီးတွေဟာလဲ နေရင်းထိုင်ရင်းနဲ့ နိမ့်ကျမနေပါဘူး။ အဓိက အရေးကြီးဆုံးက လူရယ်လို့ ဖြစ်လာရင် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ ဒီထက်ပိုပြီး မိမိနိုင်ငံ၊ ဒီထက်ပိုပြီး မိမိကမ္ဘာကြီးမှာ ကျနော်တို့တတွေ အကျိုးရှိတဲ့အလုပ်တွေ ဘယ်လောက်လုပ်နိုင်ပြီလဲ ဆိုတဲ့ `လူ့အရင်းအမြစ်´ပါ။

အဲဒီ လူ့အရင်းအမြစ်ကို မထည့်တွက်နိုင်အားဘဲ အမျိုးသမီးဖြစ်တာတခုတည်းနဲ့တင် ခွဲခြားပစ်လိုက်တဲ့ `လိင်ပုံသေကားချပ် ဖြစ်မှုကြီး´ကို တကယ်တော့ ရာဇ၀င်ထဲမှာ ထားခဲ့သင့်နေတာ ကြာပါပြီ။

အမျိုးသမီးတွေက `အမျိုးသမီးအခွင့်အရေး´ ဆိုပြီး ဘာကြောင့် ကျယ်ကျယ်လောင်လောင် ပြောနေခဲ့ပါသလဲ။ ပြောနေဆဲပါလဲ။ ပြောနေအုံးမှာပါလဲ။ ရှင်းပါတယ်။ သူတို့ အဖိနှိပ်ခံခဲ့ရလို့ပါ။ သူတို့ အခွဲခြား ခံခဲ့ရလို့ပါ။ သူတို့ နှိမ့်ချဆက်ဆံခံခဲ့ရလို့ပါ။ သူတို့ လိုလားတဲ့ အမျိုးသမီး အခွင့်အရေးဆိုတာက သိပ်တော့လဲ ထူးခြားနေတဲ့ အရာကြီး မဟုတ်ပါဘူး။ လူ့အသိုင်းအ၀ိုင်းမှာ အများနည်းတူ သာတူညီမျှ ပူးပေါင်းပါဝင် ပတ်သက်ခွင့်သာလျှင် ဖြစ်ပါတယ်။

အဲဒီတော့ ဘာမဟုတ်တဲ့ စကားလေးတွေနဲ့ ခပ်နှိမ်နှိမ်ပြောပစ်တာက အစ ကျနော်တို့ အမျိုးသားတွေက ဆင်ခြင်သင့်လှပါတယ်။ ဒီထက်ပို အရေးကြီးတာက ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်ကိုကလဲ ဒါကို နားလည်စွာနဲ့ အဲဒီလို စကားအသုံးတွေ မသုံးမိဖို့ သတိထားရပါမယ်။ သုံးလိုက်တာနဲ့ နဂိုကတည်းကမှ အမျိုးသမီးများကို ခွဲခြားဆက်ဆံချင်တဲ့ ပုရိသတွေ အကြိုက် ဖြစ်သွားပါလိ့မ်မယ်။

`မိန်းကလေးပဲ၊ သေစာရှင်စာတတ်ရင် တော်ရောပေါ့´ လို့ ကျနော်တို့ အဘိုးအဘွားတွေရဲ့ လက်ထက်က စကားအမှားကြီးကိုလဲ ဒီဘက်ခေတ်ကို ဆက်မသယ်ကြပါစို့။ `နင်ဟာ မိန်းမ၊ မိန်းမဟာ မိန်းမလိုနေ၊ ငါရှာကျွေးတာကိုစား၊ ယောက်ျားဆိုတာ အိမ်ရဲ့အိမ်ဦးနတ်ဆိုတာ မြဲမြဲမှတ်ထား´ ဆိုတဲ့ သာမန်အားဖြင့် မြန်မာ့ အိမ်ထောင်မှု နယ်ပယ်မှာ အသုံးများနေတဲ့ ဒီစကားကိုလဲ ပယ်ဖျောက်ကြပါစို့။ မိန်းမလဲလူ၊ ယောက်ျားလဲ လူ၊ လူသည်သာလျှင် အဓိက၊ လူ့စွမ်းအားသည်သာလျှင် ပဓာန ဆိုတာကို နားလည်လက်ခံပြီး သာတူညီမျှ အခွင့်အရေးရှိတဲ့ ကမ္ဘာကြီးတခုကို ဖန်တီး တည်ဆောက်ကြပါစို့။

စစ်မှန်သော၊ ထက်မြက်သော အတွေးအမြင်များ အမျိုးသမီးတိုင်း အမျိုးသားတိုင်းတွင် ပိုမိုရင့်သန်ပြီး တိုင်းပြည်၏ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ။

ကလိုစေးထူး

(ဒီစာကို နယ်စပ်က အမျိုးသမီးစာစောင်ကို ပို့ပေးဖို့ ရည်ရွယ်ရေးဖြစ်ခဲ့တာပါ။ သူတို့စာစောင် ထွက်ရှိချိန်က ကြာမှာကြောင့် ကျနော့်ဘလော့မှာ အရင်ဆုံး တင်လိုက်ပါတယ်။)

Thursday, February 22, 2007

ခေတ်သစ် ကျီးပုံပြင်

တရံရော အခါက တောအုပ်ကလေး တခုတွင် ဒေါင်းတို့ ကျက်စားနေထိုင်ကြ၏။ အရောင်အသွေး လှပ ဝေဆာသော အတောင်များကို ပိုင်ဆိုင်ကြသော ထိုဒေါင်းတို့သည် သူတို့၏ အတောင်များကို ဖြန့်ကျက်ကပြကြသော အခါ မြင်ရသူအပေါင်းမှာ မျက်စိပသာဒ ဖြစ်လှစွာဖြင့် နှစ်ထောင်းအားရ ဖြစ်ကြကုန်၏။ ကကွက် အမျိုးမျိုးကို ဖော်ကျူးတတ်ပြီး အသံသာသော ဒေါင်းတို့ကိုလဲ ချီးမွမ်းကြလေသည်။

ဤသို့ဖြင့် စိမ်းလန်းသော တောအုပ်လေးမှာ ဒေါင်းတို့၏ အက၊ အလှဖြင့် ပနံတင့်နေပေတော့၏။

သို့သော်….

တနေ့တွင် ထူးဆန်းသော သတ္တ၀ါတကောင်သည် ယင်းတောအုပ်ကလေးသို့ ရောက်လာလေ၏။ အတောင်အလက်များက ဒေါင်းတောင်များကို ဆင်မြန်းထားသော်လည်း ယင်းသတ္တ၀ါမှာ ဒေါင်းကဲ့သို့ မကတတ်ရှာ။ တခါတရံတွင်လဲ သူ့ကိုယ်မှာ ဆင်မြန်းထားသော ဒေါင်းတောင်များက ကျွတ်ထွက်ကုန်လေ၏။ ယင်းသတ္တ၀ါကား ဒေါင်းယောင်ဆောင်ထားသော ကျီးပင်တည်း။


ဟိုဆရာ ရေးဟန်နည်းနည်း ဒီဆရာရေးဟန်နည်းနည်း စုတုကူး၊ အဲ စုတုပြုပြီးတော့ ငယ်ငယ်က သင်ရတဲ့ ဒေါင်းယောင်ဆောင်သောကျီး ပုံပြင်ကို စကားပြေရေးဟန်နဲ့ ရေးကြည့်မိတော့ ကိုယ့်ဘာသာ ကိုယ်တောင် ပြန်ဖတ်ရတာ အဆင်မပြေလှပါလား။ ကဲ.. မထူးပါဘူး။ စကားပြောဟန်နဲ့ပဲ ခေတ်သစ် ဒေါင်းယောင်ဆောင်သော ကျီး ပုံပြင်ကို ဆက်ပြောကြတာပေါ့။

အဲဒီလို ဒေါင်းတွေကြားထဲကို ကျီးကန်းတကောင် ရောက်လာတော့ ဒေါင်းတွေက သိတာပေါ့။
ဒါနဲ့`ဟာ…ဟေ့ ကျီးကန်း၊ မင်းကိုယ်က အတောင်တွေက အတုတွေပဲကွ၊ ဘယ်က ရလာတုန်း´ ဆိုတော့ `ကောက်ရလာတာလေ၊ မလှဘူးလား´ လို့ မခိုးမခန့် ပြန်ဖြေပါသတဲ့။

ဒီတော့ ဒေါင်းတွေက အချင်းချင်း တိုင်ပင်ကြရတော့တယ်။ ဒီကျီးကန်းတော့ ခက်ချေပြီ။ ကောက်ရပါတယ် ခပ်လွယ်လွယ်ပြောပြီး သူ့ကိုယ်မှာ ဒေါင်းတောင်တွေ ဆင်လာပေမယ့် သူက ဒေါင်းမှ မဟုတ်တာ။ ခက်တာက သူက ဒေါင်းက မကတတ်ဘဲ အတောင်တွေကို တဖျတ်ဖျတ်ခတ်တော့ သူ့ကိုယ်က ဒေါင်းတောင် အတုတွေက ကျွတ်ကျနေတာ မြင်မကောင်းတော့။ အင်း..ရှေးရှေးတုန်းက ပုံပြင်လို ၀ိုင်းထိုးဆိတ်လို့လဲ မဖြစ်ချေဘူး။ သံတမန်နည်းနဲ့ ဖြောင်းဖြမှလို့ တိုင်ပင်ကြရင်း ကျီးကန်းကို ဒီလိုပြောသတဲ့…။

`ကဲ..၊ ကိုရွှေကျီးလေးရေ၊ မင်းက လှမယ်ထင်ပြီး ကောက်ရတဲ့ ငါတို့ အတောင်တွေကို မင်းကိုယ်မှာ ဆင်မြန်းလာပေမယ့် မင်းအတောင် အစစ်မှမဟုတ်တာကွယ်၊ ဘယ်လိုမှ မလိုက်ပါဘူး၊ နောက်ပြီးတော့.. မင်းက ငါတို့ ဒေါင်းတွေလိုလဲ မကတတ်၊ ကဲကဲ.. ကျီးက ကျီးလို တော်ရာနေပါကွယ်´

ဒေါင်းတွေက ငြိမ်းချမ်းရေးနည်းကို သုံးပြီး ဖြောင်းဖြလိုက်တော့ ကျီးကန်းက ပြေလည်သွားရမယ့် အစား ဒီလိုတွေးပါသတဲ့..။

`ဟားဟား..၊ ဒေါင်းအို ဒေါင်းစုတ်တွေတော့ ငါ့အလှကို မနာလိုတွေဖြစ်ပြီး အချိုသတ်နေကြပြီ။ ဘယ်ရမလဲ၊ ဟိုရှေးက ပုံပြင်ထဲက ကျီးစုတ်က ငတုံး၊ ငါ့လို ၂၁ ရာစုကျီးကို ဒီလိုလာလုပ်လို့ မရဘူးဆိုတာ အကြောင်းပြမှ´

အဲဒီလိုတွေးပြီး တောအုပ်ထဲက အခြားသော သတ္တ၀ါတွေကို ဒီလို အော်ပြောလိုက်ပါတယ်…။

`အားလုံး..အားလုံး..။ သတ္တ၀ါကြီးငယ် အပေါင်းတို့ခင်ဗျာ။ ကျနော်ဟာ တကယ်တော့ ကျီးကန်းပါ၊ ဒေါင်းမဟုတ်ပါဘူး၊ ဒါဆို အားလုံး သိကြပါတယ်၊ ဒါပေမယ့် ကျနော်ဟာ ကောက်ရလာတဲ့ ဒေါင်းအတောင်များကို ကျနော့်ကိုယ်မှာ တန်ဆာဆင်ပြီးတော့ ကကွက်ဆန်းကို ဖော်ကျူးသူဖြစ်ပါတယ်၊ အမြင်သစ်အောင် ဆန်းထွင်သူဖြစ်ပါတယ်၊ ဒါကို ဟိုဒေါင်းအိုတွေက သူတို့အတောင်တွေကို ခိုးပြီး အယောင်ဆောင်နေပါတယ်လို့ မတရား စွပ်စွဲနေပါတယ်´

ကျီးကန်းရဲ့ အဲဒီစကားအဆုံးမှာ သူနဲ့ အမျိုးတူကျီးကန်းတွေရဲ့ သြဘာပေးသံ တအာအာက တတောလုံး ဟိန်းထွက်လာပါတယ်။ ထောက်ခံတဲ့ လင်းတတွေက အတောင်ပံ တဖျပ်ဖျပ်ခပ်ရင်း ခုန်ဆွခုန်ဆွလုပ်ပါတယ်။

အဲဒီမှာတင် ဒေါင်းတွေဟာ အံ့သြတကြီး ဖြစ်ကုန်ပါတော့တယ်။ ဟာ.. ဘယ်လို ဖြစ်ရတာပါလိမ့်။ သူ… ငါတို့အတောင်တွေကို ငါတို့မသိဘဲ ယူတာလေ..။ ငါတို့အယောင်ဆောင်တာလေ။ ဒေါင်းယောင်ဆောင်နေတာလေ..။

ဒေါင်းတွေက အံ့သြနေတဲ့ အချိန်မှာပဲ အနှီ ကျီးကန်းကတော့ ဒေါင်းတောင် အတုတွေကို သူ့ကိုယ်မှာ ဆင်ရင်း၊ တချက်တချက်မှာ သူ့အတောင် အစစ်မည်းညစ်ညစ်ကို လှစ်ဟာပြရင်းနဲ့ပဲ ကျီးမကျ ဒေါင်းမကျ အကကို ဖော်ကျူးလို့ နေပါတော့တယ်။ တားမယ့်သူ မရှိ၊ ဆူညံစွာ အာတတ်တဲ့ ကျီးအုပ်ရဲ့ စူးရှတဲ့ အသံကို ကြောက်ရွံ့နေလေရော့သလား။ ကျီးကန်းပြောတဲ့ ခေတ်သစ်မော်ဒန် အကမှာပဲ နစ်မျောနေလေရော့သလား။ ကျီးကန်းကတော့ ဒေါင်းတောင် အတုတခု ကျွတ်ကျလိုက်၊ နောက်အတောင်သစ်တွေ (ဘယ်ကမှန်းမသိ) သူ့ကိုယ်မှာ ဆင်လာလိုက်..။ သူပြောတဲ့ ကကွက်ဆန်းတွေကို ကိုးရို့ကားယားကလိုက်။

ဒီလိုနဲ့ပဲ..၊ တောအုပ်လေးထဲမှာ ဒေါင်းတွေက ဒေါင်းအကကရင်း၊ ကျီးတွေကလဲ ဒေါင်းအကကရင်း …။

ကလိုစေးထူး

Wednesday, February 21, 2007

သင်ကြိုက်ရာ ရွေးချယ်ပါ …

`စာ´ ဆိုတဲ့ စကားလုံးကို သိဖို့အတွက် ကျနော် စတင်ကြိုးစား ခဲ့ရတာတော့ အသက်ငါးနှစ်သား အရွယ်ကပါ။ ၀လုံးကလေး ၀ိုင်းအောင်ရေးလို့က စလို့ က-ကလေးငယ် ချစ်စဖွယ်၊ ညအခါလသာသာ စသည် စသည် အစပျိုးလို့ စာနဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့ရပါတယ်။

ဟိုးကလေးဘ၀ ငယ်ငယ်ကတော့ စာသင်ခဲ့ရတာဟာ မိဘက ကျောင်းကိုပို့ပေးလို့ပါ။ စာတတ်စေချင်တဲ့ မိဘကြောင့် စာသင်ရပါတယ်။ စာသင်တော့ စာတွေဖတ်ရပါတယ်။ ဘယ်လိုစာတွေလဲ။ ကျောင်းစာတွေပါ။ ကျောင်းကဗျာတွေပါ။

အရွယ်ကလေး ရောက်လာတော့ ကျောင်းစာအပြင် တခြားစာတွေကိုလဲ စိတ်ဝင်စားတတ်လာပါတယ်။ ကျနော် ငယ်ငယ်က ပထမဦးဆုံး ဖတ်ဖူးခဲ့တဲ့ ပြင်ပစာကတော့ ရွှေသွေးနဲ့ တို့ကျောင်းသား စာစောင်တွေပါ။

ကျနော် ငါးတန်းလောက်ရောက်တော့ ကျနော့်ဦးငယ်က (သူတို့ခေတ်အခေါ်) အဆင့်မြင့်တန်း ကျောင်းသားကြီးပါ။ ဦးငယ်ရဲ့ မြန်မာစာ ပြဋ္ဌာန်းစာအုပ်ကို အဲဒီကတည်းက ကျနော် စိတ်ဝင်တစားနဲ့ ဖတ်တတ်နေပါပြီ။ အဲဒီစာအုပ်ထဲက `မောင်ဘစီ´၊ `ကိုဇော်ဝိတ်နှင့် တိုင်းလုံးကျော်၏ လက်ဝှေ့ပွဲ´၊ `စလောင်းဖုံးတချပ်´၊ `လှည်းဆရာနှင့် လင်္ကာဆရာ´ စကားပြေတွေဟာ ယနေ့ထိတိုင်အောင် စိတ်ထဲစွဲနေတဲ့ စာကောင်းတွေပါ။

ကျနော် ခုနှစ်တန်းကျောင်းသားလောက်မှာ စာအုပ်အငှားဆိုင်က စာအုပ်တွေကို စဖတ်ဖြစ်ပါတယ်။ ကလေးသာသာဆိုတော့ ကာတွန်းတွေအဖတ်များပါတယ်။ ပြာလောင်၊ ပြာဂလောင် ပြာလချောင်၊ စံရွှေမြင့် အစရှိတာတွေပါ။ နောက်.. ကာတွန်း ဦးအောင်ရှိန်ရဲ့ ဦးစိတ်တိုနှင့် မျောက်ညို။

နောက်ပိုင်းမှာတော့ မြန်မာခေတ်ပေါ် ၀ထ္ထုတွေကို ဖတ်ဖြစ်လာပါတယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ `သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်´ ၀ထ္ထုကို တော်တော်ကြိုက်ခဲ့ဖူးပါတယ်။ စွယ်တော်ရွက်ဝါ၀ါလေးတွေကို သိမ်းထားတတ်တဲ့ မောင်နဲ့ ခိုင် …။ နောက်ပိုင်းတွေမှာတော့ ၀ထ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ် တော်တော်များများကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်ခဲ့ပါတော့တယ်။

ကျနော်တို့ လူပျိုပေါက်အရွယ် အသက် ၁၇၊ ၁၈ နှစ်လောက်တုန်းကဆိုရင် စောပြည့်ချမ်းသာ၊ စောပြည့်မာလာ အစရှိသူတွေရဲ့ စာတွေ တော်တော်လေးကို လူဖတ်များကြတာကို သတိရနေပါတယ်။ ဒီဘက်နောက်ပိုင်းမှာတော့ မီကိုဇူးဇင်၊ နိုကိုဇူးဇင်၊ လွန်းထားထား၊ လမင်းမိုမို သူတို့သူတို့တတွေဟာ ဘက်ဆဲလားခေါ် စာအုပ်အရောင်းရဆုံး စာရင်းဝင်တွေ ဖြစ်လို့နေပါတော့တယ်။

အဲဒီ ဘက်ဆဲလား စာရေးသူတွေရဲ့ စာတွေကို လေ့လာကြည့်တော့ မြန်မာစာပေ တိုးတက်မှုအရရော၊ ရသပိုင်းဆိုင်ရာရော၊ အဖွဲ့အနွဲ့သရုပ်ဖော်ပိုင်းဆိုင်ရာ ဘာတခုမှကို ပေးနိုင်စွမ်းရှိတာ မတွေ့ရပါဘူး။ နိုကိုဇူးဇင်ရဲ့ ၀ထ္ထုတအုပ်မှာဆိုရင် တံခါးခေါက်သံ `ဒေါက်´ ဆိုတဲ့ စာလုံး တလုံးတည်းကို တကြောင်းနှုန်းနဲ့ ခြောက်ကြောင်းတိတိ ရေးတာကို ဖတ်ဖူးပါတယ်။ ၀ါကျတိုတွေနဲ့ စာဖောင်မပြည့်ပြည့်အောင် ၀ထ္ထုတအုပ်စာ ရေးတတ်တဲ့ ဒီလိုလူတွေ ဘာလို့ ဘက်ဆဲလား ဖြစ်နေရပါသလဲ။

လွန်းထားထားဆိုရင်လဲ သရုပ်လွန် အဖွဲ့တွေနဲ့ ယောက်ျားမုန်းတီးရေးဆန်ဆန် ၀ထ္ထုတွေ၊ ကလဲ့စားချေ ၀ထ္ထုတွေသာ အရေးများပါလျက်နဲ့ ရောင်းတန်းဝင် ပထမတန်းစား ဖြစ်လို့နေတာ ဘာကြောင့်ပါလဲ။

တကယ်တော့ ကျနော်တို့ စာပေနယ်ဆိုတာ ဈေးတန်းကြီး တခုနဲ့ တူတယ်လို့ ကျနော်ထင်မိပါတယ်။ အဲဒီဈေးတန်းထဲမှာ ကော်ဖီဆိုင်လဲရှိ၊ ပန်းဆိုင်လဲရှိ၊ သစ်သီးဆိုင်လဲရှိ၊ အဲ.. အရက်ဆိုင်လဲ ရှိတာပေါ့။

ကော်ဖီကြိုက်သူက ကော်ဖီဆိုင်ဝင်၊ ပန်းဝယ်ချင်သူက ပန်းဆိုင်တန်းကိုသွား၊ သစ်သီးစားချင်သူက သစ်သီးဆိုင်ကို ရွေး၊ မူးယစ်လိုသူများကတော့ အရက်ဆိုင်ထဲသို့ ပေါ့ …။

အရက်သမားတယောက် အရက်သောက်ချင်နေတဲ့ အချိန်မှာ ကော်ဖီကောင်းကောင်းလေး တခွက် အတင်းတိုက်လဲ သူ သောက်မှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ …ကော်ဖီတခွက်ကို မက်မက်မောမော ရှိသူများကလည်း အရက်ကို အဖက်လုပ်မယ် မထင်ပါဘူး။ သေချာ စဉ်းစားကြည့်တော့ အရက်ကြိုက်သူတွေအတွက် အရက်ဆိုင်လိုအပ်သလို ကော်ဖီကြိုက်သူတွေအတွက် ကော်ဖီဆိုင် လိုအပ်ပါတယ်။

အဲဒီတော့ အနှီ စာရေးချာကြီးတွေ (စကားမပီတာ မဟုတ်ပါ၊ ခပ်ချာချာစာတွေ ရေးသူတွေဖြစ်လို့ စာရေးချာကြီးတွေလို့ သုံးလိုက်ခြင်းပါ)နေရာရခြင်းဟာ ဘယ်သူ့ကြောင့်ပါလဲ။

ကဲ.. ကျနော်တို့ ကော်ဖီဆိုင်ဝင်မလား…။ အရက်ဆိုင် ၀င်မလား…။ ဒါမှမဟုတ် ကော်ဖီဖျော်မလား.. ။ အရက်စပ်ရောင်းမလား..။ အရက်ဆိုင်မှာ လူစည်တာတော့ မကောင်းလှပါ။

ကလိုစေးထူး

Tuesday, February 20, 2007

သူတို့ ... သူခိုး ...

“ခိုးခြင်း အမျိုးမျိုးရှိလေသည်။ ကျမ်းဂန်များ၌မတော့ နှစ်ဆယ့်ငါးမျိုးတောင်ပင် ပြထားလေသည်။ ဥစ္စာ ပစ္စည်းခိုးခြင်းကိုတော့ ကိုယ့်မှာ မရှိလို့ ခိုးယူတာ၊ စားစရာ မရှိသဖြင့် ခိုးတာ စသဖြင့် ခွင့်လွှတ်မယ်ဆိုလျှင် ခွင့်လွှတ်ကောင်းပါ၏။

ယခု ခိုးခြင်းမျိုးကား………..”


အထက်မှာ ဖော်ပြထားတဲ့ စာသားတွေကတော့ ၂၀၀၆ခုနှစ်၊ အောက်တိုဘာလထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းက ဆောင်းပါးရှင် ဥက္ကာကျော်ရဲ့ `ခိုးရဲလိုက်တာ´ ဆိုတဲ့ ဆောင်းပါးရဲ့ နိဒါန်းပါ။
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းဟာ တခါတလေမှာ အဲဒီလိုပဲ သူခိုးဖော်ထုတ်တဲ့ ဆောင်းပါးတွေ၊ ခပ်စပ်စပ်ကလေး ဝေဖန်တဲ့ ဆောင်းပါးတွေ ဖော်ပြလေ့ရှိပါတယ်။ ဘယ်သူက ဘယ်သူ့စာတွေကို ခိုးနေတာပါလိမ့်…။

၂၀၀၁ ခုနှစ် မေလထုတ် Beauty မဂ္ဂဇင်းမှ ကိုအိမ့် ရဲ့ `အလွမ်းညနေ´ ကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလထုတ် Beauty Max မဂ္ဂဇင်းမှာ ကဗျာမင်းဝေ ဆိုသူက `ကျွန်တော်နှင့် ညနေခင်း´ ဆိုတဲ့ နာမည်နဲ့ ခိုးယူပါသတဲ့။ အဲဒီ ကဗျာမင်းဝေ ဟာ ကွယ်လွန်သူ ကဗျာဆရာ မောင်ချောနွယ်ရဲ့ ကဗျာတပုဒ်ကို ကိုယ့်နာမည် ခပ်တည်တည်တပ် ပေးပို့လို့ မဂ္ဂဇင်းတစောင်မှာ ပြဿနာ တက်ခဲ့ဖူးပါသတဲ့။ တခြားလူ ဘာသာပြန်ပြီးသား စာကို သူကိုယ်တိုင် ပြန်သလိုလို ခပ်တည်တည်လုပ် ဖော်ပြလို့ ပြဿနာ တက်ခဲ့ဖူးပါသတဲ့။
၂၀၀၆ခုနှစ်၊ ဇူလိုင်လထုတ် ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်းမှာတော့ ကဗျာ သူခိုး တယောက်ကို ဆောင်းပါးရှင် မီးအိမ်သစ်က ဖော်ထုတ်ထားပြန်ပါတယ်။

၂၀၀၅ခုနှစ်၊ အောက်တိုဘာလထုတ် နွယ်နီ မဂ္ဂဇင်းမှာ ပါဝင်တဲ့ ကဗျာဆရာ `မြေလတ် မောင်မြင့်သူ´ ရဲ့ `ယောင်´ အမည်ရ ကဗျာကို ၂၀၀၆ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက် သောကြာနေ့ထုတ် အလင်္ကာ ၀တ်ရည် ဂျာနယ်မှာ အိုင်ဗင်ဂျိုး(ကလေး) ဆိုသူက `ဥယျောဇဉ်´ နာမည်နဲ့ ခိုးယူ ဖော်ပြပြန်ပါသတဲ့။

နောက်ထပ် ဖတ်မိတာကတော့ တော်တော်ဆိုးပါတယ်။ ထူးလဲ ထူးဆန်းပါတယ်။ အံ့လဲ အံ့သြမိပါတယ်။ နာမည်ကြီး စုံထောက်ဝတ္ထုရေးဆရာ တယောက်က ကိုယ့်စာ ကိုယ်ပြန်ခိုးတာကို ဆောင်းပါးရှင် စစ်မင်းလျှံ(ရှမ်းမြေ) က ၂၀၀၆ခုနှစ်၊ မေလထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ `လူလိမ်တယောက်၏ စွန့်စားခန်း´ ဆိုပြီး ဖော်ထုတ်ရေးသားပါတယ်။ အဲဒီ နာမည်ကြီး စာရေးဆရာကတော့ တခြားလူ မဟုတ်ပါဘူး။ စာရေးဆရာ တက္ကသိုလ်တင်မြင့်ပါ..တဲ့။

တက္ကသိုလ်တင်မြင့်ဟာ သူရေးခဲ့တဲ့ `ပုခုံးပြောင်း၍ ထမ်းလိုက်သည်´ ၀ထ္ထုက စာသားတချို့ကို သူကိုယ်တိုင်ရေးတဲ့ `သူဌေးသား တယောက်၏ စွန့်စားခန်း´ ဆိုတဲ့ ၀ထ္ထုမှာ ပုံတူ ပြန်လည်ကူးချပြန်ပါတယ်။ စစ်မင်းလျှံ(ရှမ်းမြေ)ဟာ မြင်လဲ မြင်တတ်ပါပေတယ်။ သူ အဲဒီလို ဖော်ထုတ်တင်ပြတော့မှ ကျနော်ဖတ်ခဲ့ဖူးတဲ့ အဲဒီ နာမည်ကြီး စာရေးဆရာ တက္ကသိုလ်တင်မြင့်ဟာ ဒီလိုပါလား ဆိုတာ သိရပါတယ်။

ကဲ..။ ဒီလူတွေ ဘာဖြစ်လို့ အဲဒီ အဒိန္နဒါနာကံကို ကျူးလွန်နေကြပါသလဲ။ ဖော်ထုတ်တင်ပြသူတွေကတော့ ဒီလို ရေးထားကြပါတယ်။

ဥက္ကာကျော်က….

“လိမ်လည်မှုနှင့် ခိုးယူခြင်း၊ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းကို ရှိလေဟန်၊ မိမိ၌အသိဉာဏ်၊ ခံစားဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်း မရှိသည်ကို ရှိလေဟန်၊ ဟန်လုပ်ကြွားဝါ လိမ်လည်ခြင်း။ ထိုသို့ လိမ်လည်ရာ၌ သူတထူး၏ အနုပညာ ပစ္စည်းတရပ်အား မိမိအနုပညာ ပစ္စည်းတရပ် အဖြစ် ခိုးယူကြွားဝါခြင်း။ ထိုခိုးယူမှုသည် ကံနှစ်ပါးကို တစ်ပြိုင်တည်း ချိုးဖောက်ရုံတင်မဟုတ်၊ ကိုယ့်မရှိသော ဂုဏ်ကို အထင်ကြီးခံလိုမှု၊ အလေးစားခံလိုမှု၊ အရိုသေခံလိုမှု၊ ထိုမှ အဆင့်ဆင့် လိမ်စားလိုမှုအထိ အဆင့်ဆင့် စိတ်အညစ်အကြေးတွေ ပါနေသည်။”

မီးအိမ်သစ်ကတော့ ဒီလိုပြောပါတယ်…

“ငါးပါးသီလတွင် ဒုတိယ သီလကျိုးတာနှင့် အတူတူပါပဲ။ ရှက်ဖို့ကောင်းပါသည်။ ………………….။ ဤမရိုးမသားမှုဖြင့် မလုံမလဲစိတ်ကို ဟန်လုပ်ပြီး ပုဆိုးပြဲနှင့် ဇွတ်အတင်း ကာနေမည်ဆိုလျှင် ကိုယ့်ကြောင့် စင်သွားတဲ့ တံတွေးစက် ဘယ်သူရှက်ဖို့လဲ ဟုသာ မေးလိုက်ချင်ပါသည်။”

စစ်မင်းလျှံ (ရှမ်းမြေ)ကတော့…

“ဒီလို တောင်ကူး၊ မြောက်ကူး ကိစ္စတွေကို နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ စာပေအသိုင်းအ၀ိုင်းမှ စာရေးဆရာကြီးများကရော ဘယ်လို သဘောရကြလဲ မသိဘူးခင်ဗျ။ ဒီလို လူလိမ်လူကောက်တွေကို ထိရောက်စွာ ဟန့်တားအရေးမယူရင် တစ်ယောက်ပြီး တစ်ယောက် ပွားများလာမယ့် အန္တရာယ်ကိုရော ကျွန်တော်တော့ တွေးရင်း တွေးရင်းကို ချမ်းလာပြီ။ `အို…၊ မင်းကလည်း ကိုယ်မဟုတ်ရင်ပြီးတာပဲ၊´ လို့ မနေကြဘဲ အားလုံးမှာ တာဝန်ရှိတယ်၊ ဖြေရှင်းသင့်တယ်လို့ ထင်မိတာပဲ ခင်ဗျာ။”

အထက်ပါ စာတွေကို ဖတ်ပြီးတော့ ကျနော် တခုတွေးမိပါတယ်။ ကျနော်တို့ တတွေ အဲဒီလိုမျိုး ခိုးရာပါ စာတွေကို မသိခင်က ဖတ်မိနေရင် ထားပါတော့။ သိသိကြီးနဲ့ ဖတ်ရင်၊ အားပေးနေရင် ဒါဟာ အဆိပ်ပင်ခပ်ကြီးကြီးကို ရေလောင်းရုံတင်မက မြေသြဇာပါ ထည့်ပေးနေသလို ဖြစ်နေပါရောလား။

ပလေးဘွိုင် သန်းနိုင် သီဆိုခဲ့ပြီး လူကြိုက်အင်မတန်များခဲ့တဲ့ `ညမွှေးပန်း´ သီချင်းဟာ လမ်းပေါ်က ကောက်ရခဲ့တာပါတဲ့။ အဲဒီသီချင်းကို ထုတ်ဝေခဲ့သူကရော၊ သီဆိုသူကပါ ဒါဟာ သူတို့ပဲ ဖန်တီးသယောင်ယောင် ဘယ်သူကမှ ငြိမ်မနေခဲ့ကြပါဘူး။ ဒါဟာ လမ်းပေါ်က ကောက်ရတဲ့ သီချင်းစာသားပါ။ မူရင်းရေးသူကို ဂုဏ်ပြုပါမယ်လို့ လူကြီးလူကောင်းပီသစွာ (လူမသိခင်ကတည်းက)ဖော်ပြခဲ့ကြပါတယ်။ အလွန်ကို လေးစားစရာ ရိုးသားတဲ့ ဂုဏ်ပါ။

ကျနော့်ကို လူတယောက်က အရသာ ထူးကဲလှတဲ့ စားဖွယ်တခုခုကို လာကျွေးနေရင် ကျနော်ကတော့ အရင်ဆုံးတော့ စားလိုက်မိမှာပါပဲ။ တခုပါပဲ။ ကျနော် ခိုးရာပါကိုတော့ ဘယ်လောက် အရသာကောင်းပါစေ မစားချင်ပါဘူး။ ထမင်းကြမ်းခဲကိုသာ စိတ်သန့်သန့်နဲ့ ယပ်ခပ်စားရင်း ကျေနပ်နေချင်ပါတယ်။

ကလိုစေးထူး

Monday, February 19, 2007

ကွန်ပြူတာ Vs မြန်မာနိုင်ငံ Vs အင်တာနက်

`ဟဲ့၊ ကီးဘုတ်ကို ဖြည်းဖြည်းနှိပ်လေ၊ ပျက်ကုန်အုံးမယ်´

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်ပါတယ်။ ကျနော်တို့ မြို့ရဲ့ ပထမဦးဆုံးသော ကွန်ပြူတာ သင်တန်းမှာ ကျနော်တို့ကို မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ ကွန်ပြူတာ အခန်းစောင့် ဆရာမက လာဟန့်တာပါ။

တကယ်ပါ။ ကျနော် ဆယ်တန်းအောင်တဲ့ အထိ ကွန်ပြူတာကို (အပြင်မှာ) မမြင်ဖူးပါဘူး။ ကမ္ဘာတဖက်ခြမ်းမှာ ကွန်ပြူတာဟာ လူတွေရဲ့ မရှိမဖြစ် ဖြစ်လာတဲ့ အချိန်မှာ အဲဒီအချိန်က ကျနော်ကတော့ ကွန်ပြူတာကို တီဗွီနဲ့ လက်နှိပ်စက် ပေါင်းထားတဲ့ အရာတခုလို့ပဲ မြင်နေခဲ့ပါတယ်။ ခေတ်ကို အမီလိုက်ချင်လွန်းတော့လဲ ဟိုစာစောင်ဖတ်၊ ဒီမဂ္ဂဇင်းဖတ်နဲ့ ကွန်ပြူတာကို မြည်းစမ်းကြည့်ချင်စိတ် ပေါက်လာပါတယ်။

ကျနော်ဆယ်တန်း အောင်ခါစ အချိန်တုန်းက ကျနော်တို့ နိုင်ငံရဲ့ အုပ်ချုပ်သူ လူကြီးမင်းများမှာ ရောဂါတခု စွဲကပ်ပါတယ်။ အဲဒီရောဂါကတော့ မာလ်တီမီဒီယာဂရုပ် ရောဂါပါ။ မြို့တကာက ကျောင်းတွေမှာ ကွန်ပြူတာခန်းတွေ ဖွင့်စေပြီး စာခပ်တော်တော် ကလေးတယောက်ယောက်ရဲ့ ကြက်တူရွေး စာအံသံကို မြိန့်မြိန့်ကြီး နားထောင်၊ ပြီးရင်တော့ သူတို့ပုံ ပြူးတူးပြဲတဲနဲ့ မြန်မာနိုင်ငံလောက် တိုးတက်နေတဲ့ နိုင်ငံ ကမ္ဘာပေါ်မှာ မရှိတော့သယောင် အကြွားရောဂါ ထတော်မူကြပါတယ်။

အဲဒီ ရောဂါဂယက်ကြောင့် ကျနော်တို့ မြို့လေးမှာ ဘုရားပွဲအမည်ခံ လောင်းကစားဝိုင်း များစွာက အကောက်ငွေတွေနဲ့ ကွန်ပြူတာ လေးလုံးဝယ်ပြီးသကာလ အစိမ်းရောင်ဝတ် လူကြီးမင်းများက တပင်တပန်းနဲ့ ဖဲကြိုးဖြတ်တော်မူပြီး ကွန်ပြူတာခန်းမ ဖွင့်နိုင်ခဲ့ပါတယ်။ အဲဒီကမှ တဆင့် ကွန်ပြူတာ သင်တန်းပေါ့။ အဲဒီတုန်းက တယောက်ကို သင်တန်းကြေး ငါးထောင်ပေးရပါတယ်။

ကွန်ပြူတာကို မမြင်ဖူးတဲ့ ကျနော့်အတွက်ကတော့ သင်ပေးသမျှ အရာရာဟာ ထူးဆန်းနေပါတယ်။ တိုက်ပင်းကျူတာမှာ အပေါ်က ကျလာတဲ့ စာလုံးတွေကို မလွတ်တမ်း ရိုက်ရတာကိုလဲ ထူးဆန်းသလို မိုက်ခရိုဆော့ဝါ့ဒ်မှာ ပုံလေးတွေ ဟိုပြောင်းဒီပြောင်း၊ စာတန်းလေးတွေ ဟိုပြောင်းဒီပြောင်း ပြောင်းရတာကိုလဲ သိပ်ဆန်းနေပါတယ်။

တနေ့မှာ ကျနော်က မြန်မာ့ဓန မဂ္ဂဇင်းမှာ သတင်းတပုဒ် ဖတ်မိပါတယ်။ `မြန်မာနိုင်ငံတွင် အီး-မေးလ် သုံးလို့ရပြီ´ ဆိုတဲ့ သတင်းပါ။ ဖတ်သာ ဖတ်လိုက်ရတယ်။ အီးမေးလ်ဆိုတာ ကွန်ပြူတာနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်စပ်သုံးစွဲတယ်ဆိုတာ ကျနော် တကယ် မသိပါဘူး။ အဲဒါနဲ့ သင်တန်းဆရာကို မေးတော့ (တကယ်ပါ) သူလဲ မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့။

အဲဒီတုန်းက ကွန်ပြူတာ သင်တန်း တလပြီးသွားတော့ ကျနော် ဘာတတ်ခဲ့လဲ ဆိုတော့ တိုက်ပင်းကျူတာ ကောင်းကောင်း ရိုက်တတ်လာပါတယ်။ ဟိုစမ်းဒီစမ်းနဲ့ စာနည်းနည်း ရိုက်တတ်ပါတယ်။ မိုက်ခရိုဆော့ဝါ့ဒ်မှာ ပုံတွေကလိတတ်ပါတယ်၊ ဒါပါပဲ။

အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ ကွန်ပြူတာရဲ့ အရေးပါမှု၊ အင်တာနက်ရဲ့ အရာရောက်မှု အခန်းကဏ္ဍဟာ တနေ့တခြား ကျယ်ပြန့်လာပါပြီ။ ဒါဟာ အုပ်ချုပ်နေတဲ့ လူကြီးမင်းတွေ တော်လို့ မဟုတ်ပါ။ ခေတ်ရဲ့ တောင်းဆိုမှုနဲ့ လူငယ်တွေရဲ့ အားထုတ်မှုတွေကြောင့်လို့ ကျနော်မြင်မိပါတယ်။ ဒါဖြင့် အုပ်ချုပ်သူ လူကြီးမင်းတွေက ဒီအတွက် ဘာများ လုပ်ပေးနိုင်ပါလိမ့်။

ဟောဒီ ပို့စ်လေးကို ဖတ်ကြည့်ပါ။

မခံချင် ဖြစ်စရာလဲ ကောင်း၊ ရယ်ချင်စရာလဲ ကောင်းတဲ့ အဲဒီ စည်းကမ်းချက်တွေကို ဖတ်ပြီးတော့ ဟိုလူကြီးတွေကိုလဲ မေတ္တာ ပို့မိပါရဲ့။ တင်ပေးတဲ့ ဘလော့ရှင်ကိုလဲ သိခွင့်ပေးလို့ ကျေးဇူးတင်မိပါတယ်။

သူများတွေနိုင်ငံက လှမ်းနေတဲ့ ပြည်သူတွေရဲ့ ခြေလှမ်းကို သွက်သထက် သွက်အောင် အစိုးရက အားပေးပါတယ်။ အထောက်အကူ ပေးပါတယ်။ ကျနော်တို့နိုင်ငံကတော့ လှမ်းနေတဲ့ ခြေလှမ်းတွေကို တန့်အောင်လုပ်ပါတယ်။ ရပ်အောင် ချုပ်ပါတယ်။ ဒီလိုနဲ့ပဲ အချိန်တွေက ကြာလာ..။ သွားတော့ သွားနေပါရဲ့ ..။ ဒါပေမယ့် အရှေ့ကို မဟုတ်ဘဲ အနောက်ကိုသာ ဖြစ်နေပါတော့တယ်။

ကလိုစေးထူး

Friday, February 16, 2007

ကွာခြားမှု..

ရာဇ၀င်ထဲက မောင်ရစ်
မင်းစေကို သူထတောင်း
ကောင်းရာကောင်းကြောင်း ဖြစ်သတဲ့
အော်.. ကိုမောင်ရစ်ရယ်
ခင်ဗျားတို့ ခေတ်မို့လို့သာပေါ့ဗျာ..။

ကလိုစေးထူး

Wednesday, February 14, 2007

လမ်းနှင့် ပန်းတိုင်

လွန်ခဲ့တဲ့ သောကြာနေ့ ညနေကပေါ့…။

လေးလံတဲ့ ခြေလှမ်းတွေနဲ့ အတူ အိမ်အပြန်လမ်းမှာ တစုံတရာကို ၀မ်းနည်းသလိုလို ခံစားနေမိခဲ့ပါတယ်။ ဘေးဘီကို ငဲ့ကြည့်တော့ သစ်ပင်တွေက ဖြူဖတ်ဖြူရော် မျက်နှာထားတွေနဲ့ ငိုတော့ မယောင်ယောင်။

မြစ်ကူးတံတားနားက ထိုင်နေကျ ထိုင်ခုံလေးကိုရောက်တော့ အေးစိမ့်စိမ့် ရာသီဥတုကို ဂရုမစိုက်ချင်တော့ဘဲ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ အပေါ်ကို မော့ကြည့်တော့ ကျနော့်ရဲ့ လမ်းကလေး..။ တခုခုများ ပြောချင် နေလေရော့သလား..။ အားရပါးရကြီး အော်ဟစ် ပစ်ချင်လာတယ်။

`ဟေး………….´

တောတန်းလေး တခုလုံး ပဲ့တင်ထပ်သွား အပြီးမှာ ခေါ်သံတခု ထွက်လာတယ်။ လမ်းကလေး….။ ကျနော့်ရဲ့ လမ်းကလေး…။

`ကောင်လေး..´
`ဗျာ´
`မင်း.. ငါ့ကို ခွဲသွားတော့မယ်ပေါ့၊ ဟုတ်လား´
`…………´

လမ်းကလေးရဲ့ သက်ပြင်း ရှိုက်သံလေလား မသိ။ လေပြင်းတချက်က ၀ူးကနဲ တိုက်ခတ်သွားတယ်။

`မင်းကို ငါနည်းနည်းတော့ မှာချင်တယ်ကွာ´
`ဟုတ်ကဲ့´
`တကယ်တော့ကွာ၊ လူတွေ အားလုံးဟာ မတူညီတဲ့ ပန်းတိုင် ကိုယ်စီနဲ့ လမ်းကိုယ်စီ သွားနေကြတာပါ´
`အင်း´
`သွားနေကြတဲ့ လမ်းက တူနေရင်တောင် ပန်းတိုင်က မတူတတ်ပြန်ဘူးကွ´
`…………´
`အခု မင်းငါ့ကို ခွဲသွားတော့မယ်၊ ဒါပေမယ့် မင်းသွားချင်တဲ့ ပန်းတိုင်ကတော့ နဂိုပန်းတိုင်ပဲ မဟုတ်လား´
`ဟုတ်ကဲ့´
`အေး၊ အဓိကက အဲဒါပါပဲကွာ၊ ပန်းတိုင်ရောက်ဖို့ပါပဲ´
`…………..´
`ဒါပေမယ့် ကိုယ့်လူ၊ အခု မင်းသွားရမယ့် လမ်းသစ်ကတော့ ငါ့လို မအေးချမ်းဘူးဆိုတာ မမေ့ပါနဲ့၊ သူများ လမ်းကြောင်းပေါ် ရောက်သွားရင် မင်းကို ခေါင်းချင်းဆိုင် တိုက်ပစ်မယ့် ကောင်တွေ မနည်းသလို၊ မင်းလမ်း မင်းသွားနေတာတောင် မထိတထိ စတတ်တဲ့ ကောင်တွေလဲ ရှိမှာပဲ´
`…………….´
`ဟွန်းသံ တတီတီနဲ့ ဆဲတတ်တဲ့ စည်းမရှိ ကမ်းမရှိ ယာဉ်မောင်းတွေကလဲ မင်းသွားနေတဲ့ လမ်းမှာ စိတ်အနှောင့်အယှက် ပေးကြအုံးမှာပဲ´
`ဟုတ်ကဲ့´
`ကဲ.. မိုးချုပ်တော့မယ်၊ သွားတော့ ကောင်လေး၊ မင်း ခလုတ်တိုက်တုန်းက ငါမှာတာကိုလဲ မမေ့ပါနဲ့၊ မင်းလျှောက်မယ့် ပန်းတိုင် မရောက်မီ သတိလက်လွတ် မဖြစ်ပါစေနဲ့ကွာ´

အပေါ်ကို မော့ကြည့်လိုက်တော့ ပြာလဲ့လဲ့ မိုးကောင်းကင်က နေ၀င်ချိန် ဆည်းဆာအလှကို သရုပ်ဖော်ရင်း ပြုံးပြနေလေရဲ့။ ကုန်းမို့မို့လေးပေါ် အရောက်မှာတော့ နှင်းဖြူဖြူ ဆုပ်တွေကို လမ်းကလေးအပေါ် ပစ်ကျဲ ချလိုက်တယ်။ အပြာရောင် မိုးသားအောက်မှာ အဖြူရောင် ကြယ်ပွင့်တွေနဲ့ လမ်းကလေးဟာ ကျနော့်ကို ပြုံးကြည့်နေရင်း ……..။

ကလိုစေးထူး

Tuesday, February 13, 2007

နေ့တွေထဲမှာ….

`ကျန်းမာခြင်းသည် လာဘ်တပါး ´ ဆိုတဲ့ စကားရဲ့ အဖိုးတန်မှုကို ဖျားနာဖူးမှပဲ သိကြမယ်ထင်ပါတယ်။ ကျနော်ကတော့ ရာသီဥတုကြောင့်နဲ့ ပေပေတေတေ နေမိတဲ့ ဒဏ်ကြောင့် ဖျားလိုက်တာ သုံးရက်လောက် အီစိမ့်သွားပါတယ်။ အလုပ်လဲ နှစ်ရက်ပျက်၊ ဘလော့မှာလဲ ပို့စ်အသစ်မတင်နိုင်နဲ့။ အခုတော့ ပုံမှန်ပြန်ဖြစ်လောက်ပါပြီ။

ဖေဖော်ဝါရီလဟာ တော်တော်ထူးခြားပါတယ်။ နှစ်တွေထဲမှာဆိုရင် ရက်အနည်းဆုံး ပိုင်ဆိုင်တဲ့လ၊ လေးနှစ်မှာ တကြိမ် တရက်ပိုတိုးခွင့်ရတဲ့လ။

အဲဒီလို ထူးခြားတဲ့ ဖေဖော်ဝါရီလထဲမှာမှ အမှတ်ရစရာ နေ့တွေက ရှိနေပြန်ပါသေးတယ်။ အားလုံး သိပြီးသား အဲဒီရက်တွေကို ကျနော့်အမြင်၊ ကျနော်ခံစားချက်လေးကို တင်ပြပါရစေ။

“ဖေဖော်ဝါရီလ (၁၂)ရက်”
ဟိုးငယ်စဉ် မူလတန်း၊ အလယ်တန်း ကျောင်းသားဘ၀ ရန်ကုန်မှာနေခဲ့စဉ်တုန်းကတော့ ဒီနေ့ကို မရောက်ခင် တလခန့်အလိုလောက်မှာကတည်းက စပြီး ရန်ကုန်မြို့တော် ခန်းမမှာ တနှစ်တာ နားခိုနေတဲ့ ပြည်ထောင်စု အလံတော်ကို မြန်မာပြည် အနှံ့ သယ်ဆောင်ပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှု သရုပ်သကန်ကို ပေါ်လွင်စေခဲ့တဲ့ ပင်လုံစာချုပ်ကို တပြည်လုံးက တိုင်းရင်းသားပြည်သူတွေက မမေ့စေအောင် လုပ်ဆောင်တာလို့ မှတ်သားရဖူးပါတယ်။ (ဒီထက်ပိုတဲ့ ရည်ရွယ်ချက်တွေလဲ ရှိကောင်း ရှိပါလိ့မ်မယ်၊ သိသူများ ပြောပြရင် အထူး ကျေးဇူးပါ)

ရန်ကုန်မြို့ရဲ့ ကျိုက္ကဆံကွင်းမှာတော့ ပြည်နယ်နှင့် တိုင်းအလိုက်၊ ၀န်ကြီးဌာနအလိုက် ပြခန်းတွေကို ပြည်ထောင်စုနေ့ မရောက်မီ တလလောက် အလိုကတည်းက ဖွင့်လှစ်ပြသပါတယ်။ အဲဒီ ပြခန်းတွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ၊ ၀န်ကြီးဌာနတွေရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဖော်ပြနေတာကြောင့် ကျောင်းတွေကလဲ ကျောင်းသားတွေကို လိုက်ပို့ပေးလေ့ရှိပါတယ်။

အခုတော့ အဲဒါတွေ မရှိတော့ပါ။ ဘာဖြစ်လို့ မရှိတော့တာလဲ ဆိုတာကတော့ …?

ကျနော် ငယ်စဉ်က ပြည်ထောင်စုနေ့ကို နှစ်တိုင်း သတိရပါတယ်။

“ဖေဖော်ဝါရီလ (၁၃) ရက်နေ့”
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ … အစချီ ကဗျာလေးရဲ့ ကျေးဇူးကြောင့် ဒီနေ့ဟာ ကျနော်တို့ နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးကို လူ့လောကထဲ စတင်ပို့ဆောင်ခဲ့တဲ့ နေ့လို့ သိခွင့်ရခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဟာ ကလေးများနေ့လို့တော့ ငယ်ငယ်က ကြားဖူးပါတယ်။ ဒါပေမယ့် အဲဒီနေ့ကို ထိန်းသိမ်းတဲ့လူတွေက ထိန်းသိမ်းနေသလောက် ပျောက်ကွယ်အောင် မေ့ထားတဲ့ လူတွေကလဲ မေ့ထားလို့ နေကြပြန်ပါတယ်။ အဲဒီလိုနဲ့ မေ့တဲ့လူကလဲ သူ့တာဝန်အရ အတင်းမေ့၊ ကြိုးစားထိန်းသိမ်းသူတွေကလဲ ထိန်းသိမ်းနဲ့ ဗိုလ်ချုပ်မွေးနေ့ (၉၂)နှစ်မြောက်ခဲ့ပါပြီ။

“ဖေဖော်ဝါရီ (၁၄) ရက်နေ့”
ဒီနေ့ဟာ ဘာနေ့ဆိုတာကို ကျနော်စတင် သိခဲ့တာ ဆယ်စုနှစ်ကျော်ထက် မပိုလောက်သေးပါဘူး။ ဒီနေ့ဟာ ချစ်သူတွေအတွက် သီးသန့်မဟုတ်ဘဲ မိဘ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ အတွက်လဲ ပါဝင်တယ်လို့ ဆိုကြပေမယ့် စီးပွားရေး သမားတွေရဲ့ လက်ချက်ကြောင့် အဲဒီနေ့ကို ရောက်တော့မယ်ဆိုတာနဲ့ လူငယ်တွေရဲ့ အတွေးထဲမှာ အရင်ဆုံး သတိရလိုက်တာက သူတို့ရဲ့ ချစ်သူရည်းစားတွေပါ။

ချစ်သူများနေ့မှာ ချစ်သူတွေ ဘယ်လောက်အထိ အချစ်ပိုသွားကြတယ်ဆိုတာ အတတ်မသိနိုင်ပေမယ့် ငွေရှာတတ်တဲ့ စီးပွားရေးသမားတွေကတော့ အတော်အလုပ်ဖြစ်ပါတယ်။

ကျနော့်ချစ်သူကို ချစ်သူများနေ့ ရောက်ခါမှ ထူးထူးခြားခြားနဲ့ `ချစ်တယ်´လို့ ကျနော် မပြောချင်ပါ။ ကျနော်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ချစ်သူများနေ့ မရောက်လဲ သူသိပါလိမ့်မယ်။ သူကျနော့်ကို ဘယ်လောက်ချစ်တယ်ဆိုတာလဲ ချစ်သူများနေ့မဟုတ်ပေမယ့် ကျနော်သိပါတယ်။

ကျနော့် ချစ်သူကို ချစ်သူများနေ့ ရောက်ခါမှ `လက်ဆောင်´ ဆိုပြီး ကျနော်မပေးချင်ပါ။ သူတကယ်လိုအပ်နေတဲ့ အချိန်မှာ သူ့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့သာ ကြိုးစားချင်ပါတယ်။ အဲဒီ ဖြည့်ဆည်းပေးခြင်း လက်ဆောင်က ချစ်သူများနေ့ အထိမ်းအမှတ် ကဒ် တခုထက် ကျနော့်ချစ်သူကို ပိုလို့ နှစ်လိုဖွယ်ကောင်းစေပါလိ့မ်မယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ချစ်သူများနေ့မှာ လူသားတိုင်း ချစ်ခြင်းမေတ္တာတွေ အပြန်အလှန် တကယ် ထားနိုင်ကြရင်တော့ ဒါဟာ ငြိမ်းအေးသာယာမှု တခုပါပဲ။


(တိုက်ဆိုင်ပါတယ်။ ဒီစာကို ရေးနေတုန်းမှာ ကျနော့်ဘလော့မှာ ကွန်မန့် တခုတက်လာပါတယ်။ ဘလော့ကို စရေးရေးချင်းရက်ပိုင်းတွေမှာ တင်ခဲ့တဲ့ `ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ´ ပို့စ်အတွက် အမည်မသိစာဖတ်သူရဲ့ ကျေးဇူး စကားပါ။ သေချာတာကတော့ အဲဒီပို့စ်ကို ကျနော်တင်တုန်းက ဗိုလ်ချုပ်မွေးနေ့ မဟုတ်ပါဘူး။ တကယ်တော့ နေ့တွေက လူရဲ့ စိတ်လောက် အရေးကြီးတယ်လို့ ကျနော်မထင်ပါခင်ဗျား။)

ကလိုစေးထူး

Saturday, February 10, 2007

အမှတ်တမဲ့များမှသည် .....

`နင်ငါ့ကို တကယ်ချစ်ရင်၊ ရော့ ဟောဒီမှာ ထောက်စူးချွန်၊ အဲဒါနဲ့ နင့်လက်ပေါ်မှာ ငါ့နာမည်ကို ရေးပြ´

`ဘုရားမြတ်စွာ´ လို့ အလန့်တကြား တလိုက်မိပါတယ်။ ကောင်လေးကလဲ မထီတရီ အပြုံးတချက် ပြုံးလိုက်ရင်း ကောင်မလေး ကမ်းပေးတဲ့ ထောက်စူးချွန်နဲ့ သူ့လက်ဖျံပေါ်မှာ `မိုးဝဿန်´ ဆိုတဲ့ နာမည်ကို ရေးလိုက်တော့ ကောင်မလေးက မျက်လုံးလေး အ၀ိုင်းသားနဲ့ ကောင်လေးလက်ကို ဖြတ်ကနဲ ဆွဲလို့..။ နောက်တော့ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပါတယ်။

တကယ်တော့ အပေါ်မှာ ကျနော်ရေးပြခဲ့တာက မြန်မာဗွီဒီယို ဇာတ်ကားတခုက ဇာတ်ဝင်ခန်းလေး တခုပါ။ အဲဒီ ဇာတ်ကားကို ကြည့်အပြီးမှာတော့ အတွေးတစ ၀င်လာတာမို့ ဒီစာကို ချရေးဖြစ်ပါတယ်။

မြန်မာ ရုပ်ရှင်/ဗွီဒီယိုတွေနဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသား သူငယ်ချင်း တယောက် ရင်ဖွင့်ဖူးတာကို အရင်ပြောပြပါရစေ။

`ငါ မင်းတို့ ဗမာကားတွေကို မကြည့်ချင်ဘူး´`ဘာဖြစ်လို့လဲ သူငယ်ချင်းရ´`ဘာဖြစ်ရမလဲ၊ ဗမာကားတွေမှာ လူဆိုးတွေဟာ အမြဲပဲ ရှမ်းဘောင်းဘီ ၀တ်တယ်၊ တကယ်တော့ ရှမ်းဘောင်းဘီဆိုတာ ငါတို့ အမြတ်တနိုးထားတဲ့ ရိုးရာဘောင်းဘီကွ၊ အခုတော့ လူဆိုးခန်း ရိုက်တော့မယ်ဆိုရင် ရှမ်းဘောင်းဘီကို အမြဲဝတ်နေကြတော့ ငါတို့ရိုးရာ ဘောင်းဘီက လူဆိုးဘောင်းဘီ ဖြစ်နေတယ်´

နောက်တယောက်ကတော့ ဒီလိုပြောပါတယ်။

`ဗမာကားတော်တော်များများမှာ လူဆိုးဂိုဏ်းတွေဟာ ပြင်ဦးလွင်မှာ ရှိတာများတယ်၊ တကယ်တော့ ပြင်ဦးလွင်မြို့က အင်မတန်နေလို့ကောင်းတာ လူတိုင်းသိတာပဲ၊ အခုတော့ ဗမာကားတွေကို ကြည့်မှပဲ ပြင်ဦးလွင်ဟာ လူဆိုးအခြေစိုက် မြို့လို့ ပြောရမလို ဖြစ်နေပြီ´

ခရစ်ယာန်ဘာသာဝင် လူငယ်တယောက်က တနေ့မှာ ကျနော့်ကို ဒီလိုမေးပါတယ်။

`ခရစ်ယာန်တွေကို ဘယ်လိုမြင်လဲ၊ ဥပမာ- အနေအထိုင်ပေါ့´

ကျနော်က

`အနေအထိုင်က ခရစ်ယာန်ဖြစ်ခြင်း ဗုဒ္ဓဘာသာဖြစ်ခြင်းနဲ့ မဆိုင်ဘူးလေ..လူနဲ့ပဲ ဆိုင်တာ´

အဲဒီမှာ သူက ဒီလို ရင်ဖွင့်လာပါတယ်။

`မြန်မာ ရုပ်ရှင်တွေမှာ ခရစ်ယာန်အကြောင်း ရိုက်တော့မယ်ဆိုရင်၊ နာမည်က အင်္ဂလိပ်နာမည်တွေ၊ ပုံစံတွေက ခပ်ရှုပ်ရှုပ်တွေ ရိုက်ကြတယ်လေ၊ အဲဒါတွေကို တော်တော်ခံစားရတယ်´
သူက ရင်ဖွင့်တယ်ဆိုပေမယ့် ဒါဟာ သူ့ရဲ့ ခံစားချက် တစွန်းတစသာ ဖြစ်ပါလိမ့်မယ်။ သူပြောချင်တဲ့ သူ့ခံစားချက်တွေ ဒီထက်မက ရှိနေအုံးမှာ သေချာပါတယ်။ စိတ်ဝင်စားစရာက သူ့လို ခံစားနေရတဲ့လူဘယ်လောက်များများ ရှိနေပြီလဲ ဆိုတာပါ။

ကျနော်တို့ နိုင်ငံမှာ ဗမာက လူမျိုးစုကြီးပါ။ ဗုဒ္ဓဘာသာဝင်က မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀%ကျော်ရှိပါတယ်။ ကျနော်တို့တတွေ အမှတ်တမဲ့ ဖြစ်နေခဲ့တာတွေက တခြားသော လူမျိုးစုတွေ၊ တခြားသော ဘာသာဝင်တွေ အတွက် ထိခိုက်ခံစားစရာ ဖြစ်နေတာကို အထက်ပါ စကားတွေက သက်သေပြနေပါပြီ။

တခါတုန်းက တိုင်းရင်းသူ တယောက်က ကျနော့်ကို ဒီလိုပြောဖူးပါတယ်။ အဲဒီပြောစကားကို ထိခိုက်ခံစားခဲ့မိလို့ `ကျနော်နှင့် တိုင်းရင်းသားများ´ ဆိုတဲ့ စာတပုဒ်ကိုတောင် ရေးဖြစ်လိုက်ပါသေးတယ်။

`ဗမာတွေ အကျင့်ကိုမကောင်းဘူး၊ အထူးသဖြင့် ဗမာစစ်စစ် မိန်းကလေးတွေ´

ကျနော် သူ့ကို အပြစ်မတင်လိုပါ။ သူလဲ သူခံစားထားရတာ ရှိလို့နေမှာပါ။ တခုတော့ သိလိုက်ရပါတယ်။ လူများစု စာရင်းထဲမှာ ပါနေတဲ့ ကျနော်တို့တတွေ အပြောအဆို၊ အနေအထိုင် ပိုမိုဆင်ခြင်သင့်တယ်ဆိုတဲ့ အတွေးကို ရလိုက်တာပါ။ အထက်ဖော်ပြပါ မြန်မာရုပ်ရှင်ကားတွေရဲ့ ရိုက်ချက်တချို့ကနေ တဆင့် သူ့စိတ်ထဲကို အဲဒီအတွေး သန္ဓေတည်ခဲ့သလားဆိုတာကတော့ တွေးစရာပါ။

`တိုင်းပြည် တပြည်ရဲ့ အဆင့်အတန်းကို အဲဒီတိုင်းပြည်ရဲ့ ရုပ်ရှင်အရည်အသွေးကလဲ ပြတယ်´ လို့ လေ့လာ မှတ်သားရဖူးပါတယ်။ အဲဒီတော့.. ရုပ်ရှင်တွေကိုယ်တိုင်က အဲဒီလို ခွဲခြားနှိမ့်ချတဲ့ ရိုက်ကူးတင်ပြမှုမျိုးတွေ၊ အတုယူမှားစရာတွေ လုပ်ပြနေရင်တော့ ဒါဟာ……..။

ကလိုစေးထူး

Tuesday, February 06, 2007

အိမ်ပြန်ချိန်...

အိမ်ကို မင်းလွမ်းနေသားနဲ့ တေပေပြီး…
အခုလောက်ထိအောင် မင်းမခွဲစဖူး…..

အမှတ်တမဲ့နဲ့ ဖွင့်မိလိုက်တဲ့ သီချင်းကို နားထောင်ပြီး လူက ငိုင်ကနဲ ဖြစ်သွားပါတယ်။ အင်း… အိမ်ကိုခွဲခဲ့တာတောင် အတော်ကြာပါပကော…။ ဒီအချိန်ဆို မေမေဘယ်လို နေရှာမလဲ၊ ဖေဖေရော နေကောင်းပါ့မလား၊ ညီလေး ညီမလေးတွေရော အဆင်ပြေရဲ့လားမသိ၊ ဟုတ်ပါရဲ့ ကျနော် အခုလောက်အထိ အကြာကြီး အိမ်ကို မခွဲဖူးသေးဘူး..။ အတွေးစနဲ့အတူ မျက်ရည်တို့က စို့တက်လာမိပါရဲ့။

ဟိုအရင်တုန်းက တို့အိမ်လေးထဲ….
တခေါက်လောက် ပြန်ခဲ့တော့ဟေ့……..


ကျနော့်ရဲ့ အိမ်ကလေး…။ ဘာမှ အဆင်တန်ဆာမရှိတဲ့ အိမ်ကလေး…။ ရေတွင်းကလေး တလုံးရယ်၊ ခြံထောင့်က ၀ါးရုံပင် အုပ်အုပ်လေးနဲ့ နောက်ဖေးက ပိန္နဲပင်အိုလေး၊ ရိုးဂုဏ်အပြည့်နဲ့ အိမ်ကလေး..။ အဲဒီအိမ်ကလေးပေါ်ကနေ ကျနော့်မေမေ ကျနော့်အပြန်လမ်းကို မျှော်နေလေမလား..။ အကိုကြီးကို သိပ်ချစ်တဲ့ ကျနော့်ညီမလေး ကျနော့်ကို လွမ်းနေလေမလား..။

တယ်လီဖုန်းစောင့်ရင်း…
မင်းအသံမျှော်နေတုန်း..
ပြန်ရောက်မယ့်နေ့တော့ ပြောလိုက်အုံး…
ဂစ်တာတီးပြီးတော့ ညည်းဆို ရေဒီယိုသီချင်း…
မင်းအကြိုက်တွေ မမေ့နိုင်ဘူး…

ဆယ်တန်း မအောင်မှာစိုးလို့ ဂစ်တာတီးတိုင်း ရိုက်တတ်တဲ့ မေမေ၊ ဆယ်တန်းအောင်တော့ ဂစ်တာတလုံး ဆုချတဲ့ ဖေဖေ၊ ကျနော်သီချင်းဆိုရင် အမြဲအနားမှာ အားပေးတတ်တဲ့ ညီမလေး
အားလုံးအားလုံးက ကျနော့်ကိုမျှော်နေမှာ သိပေမယ့် အိမ်ပြန်ရောက်မယ့် နေ့ကတော့ မရေရာသေးပါ။ ဒါပေမယ့် ကျနော် အားမလျှော့ပါ။ ကျနော် အိမ်ပြန်မှာပါ။ သံလွင်ခက်နဲ့ အတူပေါ့။

အိမ်ကိုပြန်ခဲ့တော့… နင်ဟိုမှာ မပျော်တဲ့ ခဏ…
အိမ်ကိုပြန်ခဲ့တော့.. အတူတူပြန်ဆုံနိုင်အောင် ကြိုးစား….
မမေ့နိုင်ဘူး မင်းအရိပ်များနဲ့… အိမ်မှာ အရင်လိုကျန်ရစ်ခဲ့..
တွေဝေနေအုံးမလား..

ကျနော် မပျော်ပါဘူး။ ပျော်စရာအကြောင်းလဲ မရှိပါဘူး။ အပြုံးတုတွေ၊ စက်တပ်ထားတဲ့ လူတွေကြားမှာ ၀င်ကစွပ်တကောင်လို နေနေရတာကို မုန်းတီးလှပါပြီ။ စိတ်ဓာတ်တွေကို ခိုင်မာအောင် တည်ဆောက်ရင်း အားတင်းမိပါရဲ့။ လျှောက်မိတဲ့ လမ်းမှာ ခလုတ်တွေတိုက်မိတိုင်း အမိအကြိမ်ကြိမ် တမိပေမယ့် တွေဝေနေလို့တော့ မဖြစ်သေးပါ။ အမေနဲ့ အတူတူပြန်ဆုံဖို့ ကြိုးစားရင်း ယုံကြည်ချက်ကို အသက်ဆက်နေတဲ့ ကျနော့်လို သားပေါင်းများစွာ ကမ္ဘာအနှံ့ ရှိနေမှာပါ။ အဲဒီသားပေါင်းများစွာရဲ့ ယုံကြည်ချက် အင်အားတွေနဲ့ အမေတွေရဲ့ လွမ်းမျက်ရည်ကို တနေ့တော့ သုတ်နိုင်ကောင်းပါရဲ့။

ဝေးပြီးကတည်းက… တွေ့ဖို့မလွယ်..
အခု တို့အိမ်လေးထဲမှာ.. တွေ့ကြမယ်…
ငါတို့ရဲ့ မိသားစု ကမ္ဘာလေးထဲ…
မင်း ရောက်အောင် ပြေးလို့ ပြန်ခဲ့တော့…

မေမေ့ခြေဖမိုးကို ကျနော့်နဖူးနဲ့ ထိကပ် ရှိခိုးအပြီး မော့အကြည့်မှာ တွေ့ခဲ့ရတဲ့ မျက်ရည် အပြည့်နဲ့ မေမေ့မျက်နှာကို အခုထိမြင်ယောင်နေပေမယ့် အဲဒီခွဲခွာခြင်းဟာ အခုအချိန်ထိတိုင်အောင် ဆုံးခန်းမတိုင်သေးပါ။ ဒါပေမယ့် ထာဝရအတွက် ခွဲခွာရခြင်းလို့လဲ မယုံကြည်ပါဘူး။ ဝေးပြီးကတည်းက တွေ့ဖို့မလွယ်ပေမယ့် ငြိမ်းချမ်းမှုတွေက အနိုင်ရရှိခြင်းကို ဆောင်ကြဉ်းပေးတဲ့ နေ့မှာ ကျနော်တို့ရဲ့ မိသားစုကမ္ဘာလေးကို ကျနော်ပြန်ခဲ့မှာပါ။ အခု အချိန်မှာတော့ အတူတူ ပြန်ဆုံနိုင်ဖို့ ကြိုးစားနေရင်း…..။

မင်းနဲ့ တွေ့ချင်လို့… မင်းအိမ်ပြန်ခဲ့တော့…
မင်းနဲ့ တွေ့ချင်လို့.. မင်းအိမ်ပြန်ခဲ့တော့…

ကလိုစေးထူး

Monday, February 05, 2007

ဧည့်သည်ကြီး ကို ခံစားကြပုံများ...


ဘ၀ထဲက ရတနာ၊ ရင်ထဲကဗျာဆိုတဲ့ စာကို ခေတ်ပြိုင်ဝက်ဘ်ဆိုက်ထဲက ဆရာကြီးတင်မိုး အောက်မေ့ဖွယ်ကဏ္ဍမှာ ဖတ်ရှုလိုက်ရပါတယ်။ စာတပုဒ်၊ ကဗျာတပုဒ်ဟာ မက်ဆေ့အမျိုးမျိုးကို ပေးနိုင်ပုံနဲ့ ကဗျာ၊စာကို ဖတ်ရှုခံစားကြတဲ့ စာဖတ်သူတွေရဲ့ ခံစားဖွဲ့ဆိုပုံအမျိုးမျိုးကို ဒီဆောင်းပါး ဖတ်ပြီးရင် ပိုမို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီဆောင်းပါးမှာ ဆရာကြီးတင်မိုးဟာ သူ့ရဲ့ နာမည်ကျော် `ဧည့်သည်ကြီး´ ကဗျာကို မည်သို့မည်ပုံ ရေးဖြစ်တယ်ဆိုတာ ရှင်းပြထားပါတယ်။ ခေတ်ပြိုင်လင့်ခ်ကို ပေးပြီး ဖော်ပြချင်ပေမယ့် ခေတ်ပြိုင်ကို ၀င်ရောက်ဖတ်ခွင့်မရတဲ့ မြန်မာပြည်မှ မိတ်ဆွေများ အဆင်ပြေစွာဖတ်နိုင်အောင် ဒီထဲမှာပဲ ဖော်ပြလိုက်ပါတယ်။ ဖတ်ရတာ ပိုမိုအရသာ ရှိစေအောင် ဆရာကြီး ကိုယ်တိုင်ရေး စာမူကိုပါ ခေတ်ပြိုင်ဝက်ဘ်ဆိုက်မှ တဆင့် ကူးယူဖော်ပြပါတယ်။ ခေတ်ပြိုင်တာဝန်ရှိသူ တဦးဦးမှ ဒီဘလော့ခ်ကို ဖတ်ရှုဖြစ်ပါက နားလည်ခွင့်ပြုပေးနိုင်မည်ဟု မျှော်လင့်ကြောင်းပါ ခင်ဗျာ…။

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁)

“ဧည့်သည်ကြီး”
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။

ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲဝင်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။

၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်းအရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြ တယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာစာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။

ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေနေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီ ထင်ပါရဲ့။ ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။ သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့ မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။

ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။ ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။

တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက်ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။

ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။

ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။

သူတပိုဒ်၊ ကိုယ်တပိုဒ် တလှည့်စီကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။

ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။

ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။

အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။

ဆေးလိပ်လည်းတို
နေလည်းညိပြီ
င့ါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့

ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။

ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။ “ဧည့်သည်ကြီး” ကဗျာကိုတွေ့တော့ မောင်စွမ်းရည်က … “ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့တောင်းဆိုတယ်။ မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။

ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။ “ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။ ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။

ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။“ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။

“လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူကဖွင့်တယ်။ ဘ၀ရဲ့ ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲမနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်ကမြင်တယ်။

ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။

တင်မိုး
(ခေတ္တ ၀ါရှင်တန်ဒီစီ)၂၇၊ ၇၊ ၂၀၀၀

Sunday, February 04, 2007

ဟိုရေးဒီရေး.. ဟိုတွေး ဒီတွေး...

ဒီတပတ် အလုပ်နားရက်ကတော့ အိမ်တွင်းပုန်း ကုလားလုပ်ရတဲ့ အပတ်ပါပဲခင်ဗျာ။ ရာသီဥတုကလဲ သုညအောက် ငါးဒီဂရီ ဖာရင်ဟိုက်ဆိုတော့ ဘယ်မှကို သွားချင်စိတ်လဲ မရှိလှပါဘူး။ တံတွေးထွေးလိုက်ပြီး နောက်ဆယ်မိနစ်လောက်နေလို့ သွားကြည့်ရင် ခဲနေလောက်အောင်ကို အေးတယ်ဆိုတော့ အိမ်မှာပဲ နေပြီး ကွန်ပြူတာနဲ့ နှစ်ပါးသွားရပါတယ်။

တခြားဘလော့ကာတွေတော့ ဘယ်လိုနေတယ် မသိပါဘူး။ ကျနော့်အတွက်ကတော့ ဘလော့ရေးရတာဟာ ဘ၀တခုလို ဖြစ်မှန်းမသိ ဖြစ်လာပါပြီ။ ကျနော် ခံစားရတာတွေကို ဟိုရေး ဒီရေးနဲ့ တင်ပြနေရတာကို တော်တော်ပျော်မွေ့နေပါပြီ။ ဒီခံစားချက်ကတော့ ဘလော့ကာတော်တော် များများမှာ ထပ်တူထပ်မျှ ရှိနေကြမယ်လို့ ထင်ပါတယ်။ ဘယ်မှ မသွားဖြစ်တဲ့ ဒီအပတ်မှာ အဓိက လုပ်ဖြစ်တာက စာအဟောင်းအမြင်းလေးတွေ ရှာကြံဖတ်တာနဲ့ သတင်းဝက်ဆိုက်တွေကို လိုက်ဖတ်တာပါ။

လူကြီးတွေ ပြောဖူးတာကို ငယ်ငယ်တုန်းက ကြားဖူးပါတယ်။ သတင်းစာ တရက်မဖတ်ရင် တခေတ်နောက်ကျပါတယ်တဲ့။ ဟုတ်မှာပါပဲ။ ဒါပေမယ့် ခက်တာက ကျနော်တို့ ဘယ်သတင်းစာမျိုးကို ရွေးဖတ်မလဲ၊ ဘယ်သတင်းစာမျိုးကို ဖတ်ရင် သတင်းမှန်ကို သိနိုင်မလဲဆိုတာက ပြဿနာတခုပါ။ သတင်းမှားတွေကိုပဲ ဖော်ပြနေတဲ့ သတင်းစာတွေကို ဖတ်ရင်ရော တခေတ် နောက်မကျနိုင်ပေဘူးလားလို့ အထွန့်တက် တွေးမိပါတယ်။

စာနယ်ဇင်းသမားတွေဟာ ဘက်မလိုက်ပါဘူးလို့ ပြောရင် အဲဒါဟာ လိမ်တာပါလို့ ဆရာမကြီး လူထုဒေါ်အမာက အင်တာဗျုးတခုမှာ ပြောခဲ့ဖူးတာကို မှတ်သားရဖူးပါတယ်။ စာနယ်ဇင်း တခုစီ တခုစီမှာ သူတို့ကိုင်စွဲတဲ့ မူအရ တဘက်ဘက်ကိုတော့ မလွဲမသွေ လိုက်ရလေ့ရှိပါတယ်။ ဘယ်ဘက်မှာနေမလဲ ဆိုတာကတော့ အဲဒီ စာနယ်ဇင်းရဲ့ ရွေးချယ်မှုပါ။ ကျနော်တို့ စာဖတ်သူတွေကလဲ ဘယ်သတင်းစာဖြစ်ဖြစ် ဖတ်တာကတော့ ဖတ်ရမှာပါပဲ။

အကျဉ်းထောင်ထဲက အကျဉ်းသားတွေကို စစ်ဆင်ရေး အထမ်းသမား အဖြစ် အသုံးချနေပုံနဲ့ ထွက်ပြေးလွတ်မြောက်လာတဲ့ အထမ်းသမားတချို့ရဲ့ ပြောပြနေတာကို သတင်းမှာ တွေ့ရတော့ စိတ်မသက်မသာ ဖြစ်ရပါတယ်။ `ကျနော်ပေါ်တာ အထမ်းသမား´
ဆိုတဲ့ပို့စ်ကို ရေးဖြစ်တုန်းက သူငယ်ချင်းတယောက်က ကျနော့်ကို ပြောတဲ့စကား တခွန်းကို အခုထက်ထိ မမေ့နိုင်ပါဘူး။ `တခြားပေါ်တာတွေကတော့ ခင်ဗျားလိုမျိုး ရင်ဖွင့်ခွင့် မရကြရှာဘူးဗျာ´တဲ့။ ဟုတ်ပါတယ်၊ `အသက်ရှင်ရပ်တည်ခွင့်´ ဆိုတဲ့ လူ့အခွင့်အရေးကိုတောင် လူမသိသူမသိ ချိုးဖောက်ခံနေရတဲ့ လူသားတော်တော်များများ ကျနော်တို့ နိုင်ငံမှာ ရှိနေပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ပြီးတော့ ကိုဖီအနန်ဟာ ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ အနားယူသွားခဲ့ပါတယ်။ မွေးရပ်မြေကို ပြန်ရောက်လာတဲ့ သူ့ကို သူ့ပြည်သူ ဂါနာနိုင်ငံသားတွေနဲ့ တကွ သမ္မတ ဂျွန်ဟူဖာကလဲ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက ဦးသန့်ရဲ့ အိမ်အပြန်မှာရော အဲဒီအချိန်က အစိုးရက အဲဒီလို သဘောထားခဲ့လား တွေးမိပါတယ်။

ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီး ယာနာဂီဆာဝါက သူ့နိုင်ငံရဲ့ မွေးဖွားနှုန်း ကျဆင်းနေမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ အမျိုးသမီးတွေကို `လူသား ထုတ်လုပ်သောစက်´ လို့ ပြောဆိုသုံးနှုန်းခဲ့ပါသတဲ့။ တိုးတက်နေတဲ့ နိုင်ငံတခုရဲ့ ဒီလိုရာထူးကို ရယူထားသူ တယောက်က သုံးတဲ့ အသုံးအနှုန်းက ဒီလောက်တောင် ရိုင်းပြသလားလို့ အံ့သြမိပါတယ်။ သူက ပြန်တောင်းပန်ခဲ့တယ် ဆိုပေမယ့်လဲ `စကားကျွံရင် နှုတ်မရ´ ဆိုတဲ့ အတိုင်း ဒီစကားကတော့ ကမ္ဘာကျော်သွားခဲ့ပါပြီ။

တရုတ်နိုင်ငံရဲ့ နိုင်ငံတည်ငြိမ်ရေးကို ကာကွယ်ဖို့နဲ့ ကောင်းမွန်တဲ့ အွန်လိုင်းယဉ်ကျေးမှုကို တိုးတက်ဖို့အတွက် အင်တာနက်စည်းမျဉ်းတွေကို အရင်ထက် ပိုတင်းကျပ်တော့မယ်လို့ တရုတ်သမ္မတ ဟူကျင်းတောင်က ဆင်ဟွာသတင်းဌာနကတဆင့် ကြေညာခဲ့ပါတယ်။ ဒီနေရာမှာ ဆရာထက် တပည့်လက်စွမ်းထက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက် ၀က်ဘ်ဆိုက်ပိတ်ပင်မှုကို စကားစပ်လို့ ဒီက သူငယ်ချင်းတယောက်ကို ပြောပြဖြစ်တော့ သူက အံ့သြခြင်းကြီးစွာ ဖြစ်သွားပါတယ်။ ကျနော်ကတော့ ဒီလောက်ပိတ်ပင်ထားတဲ့ ကြားက ရတတ်သမျှနဲ့ ဖြစ်အောင်သုံးပြီး အပိတ်ခံရတဲ့ မျက်လုံးတွေကို ဆွဲဖွင့်နေကြတဲ့ မြန်မာလူငယ်တွေကိုသာ လေးစားနေမိပါတယ်။

မြန်မာနိုင်ငံ သတင်းတွေကို ဖတ်မိတိုင်း သတိမထားဘဲ နေလို့မရတာ တခုရှိပါတယ်။ အဲဒါကတော့ မြန်မာလူမျိုးတွေရဲ့ `အပြုံး´ပါ။ ကျနော်တို့ လူမျိုးတွေရဲ့ ဘယ်လောက်ပဲ ပြဿနာဖြစ်ဖြစ် ပြုံးနေတတ်တဲ့ ချစ်စရာအကျင့်ပါ။ မြေမြုပ်မိုင်းကြောင့် ခြေထောက် တဖက်ဆုံးရှုံးသွားတဲ့ အပြစ်မဲ့ မြန်မာသမီးငယ်ကလဲ သူ့ဘ၀ဖြစ်စဉ်ကို ခပ်ပြုံးပြုံးနဲ့ ပြောနိုင်ပါတယ်။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခံရတဲ့ အမယ်အိုကြီးကလဲ သူတို့ဒုက္ခကို ခပ်ပြုံးပြုံးနဲ့ ပြောနိုင်ပါတယ်။ ဒုက္ခတွေကို ညည်းညူနေရတဲ့ ကြားကပဲ ပြုံးနေနိုင်တဲ့ သူတို့ကိုတွေ့တော့ လေးစားနှစ်ခြိုက်မိရပြန်ပါတယ်။

ကွယ်လွန်သွားရှာသူ ဆရာကြီးဦးသုခဟာ သူရေးခဲ့တဲ့ `ဂုဏ်´ သီချင်းကို လူငယ်တွေက ပုံစံတမျိုးနဲ့ ခံစားပြီး သီဆိုနေတာကို ကြားရတိုင်း ဒီသီချင်းကို ရေးခဲ့မိခြင်းရဲ့ နောက်ကျ နောင်တကို ရမိကြောင်း ပြောခဲ့ဖူးတယ်လို့ မှတ်သားရဖူးပါတယ်။ ကျနော်တို့ ကိုယ်တိုင်လဲ ယစ်ရွှေရည်လေး ထွေလာရင် ကာရာအိုကေဆိုင်မှာ အဲဒီ `ဂုဏ်´သီချင်းကို အပီဟဲခဲ့ဖူးပါတယ်။ ကျော်ကြားသူတဦးရဲ့ သြဇာတက္ကိမ ကြီးမားမှု ရလဒ်တခုပါပဲ။ ဒါပေမယ့် သူ့ရဲ့အမှားကို ၀န်ခံတာဝန်ယူမှုကတော့ အတုယူစရာပါ။

မိုးချုပ်လာပါပြီ။ နေ၀င်ပါတော့မယ်။ နေ၀င်ပြီးရင် ညနက်ပါဦးမယ်။ အမှောင်မိုက်ဆုံး ကာလကို ဖြတ်ရမှာပေါ့။ အမှောင်ဆိုတာကြီးကို မကြိုက်တဲ့ လူသားတွေက အမှောင်ကို အန်တုတဲ့ အလင်းများစွာကို ဖန်တီးတီထွင်ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကျတော့လဲ မှောင်နေတာကိုမှ သဘောကျ နှစ်ခြိုက်တတ်ပါသတဲ့။ ရှုံးတလှည့် နိုင်တလှည့် ဒီလောကကြီးမှာ အမှောင်ကြိုက်လူသားတွေသာ အမြဲ အနိုင်ရနေတော့မှာလားလို့ တွေးတောရင်းနဲ့ပဲ ……..။

ကလိုစေးထူး

Saturday, February 03, 2007

မြန်မာပြည် လျှို့ဝှက်စစ်ပွဲ


ဒီဗွီဒီယို ရုပ်သံ မှတ်တမ်းလေးကို ကျနော်တင်ချင်နေတာ နော်ဝေ ဒီဗွီဘီမှာ တင်ထားတာကို ကြည့်ပြီး ကတည်းကပါ။

အီဗန်ဝီလျံ ရိုက်ကူး တင်ဆက်တဲ့ မြန်မာပြည် လျှို့ဝှက်စစ်ပွဲဆိုတဲ့ အဲဒီ ရုပ်သံမှတ်တမ်းမှာ ကျနော် စိတ်အထိခိုက်ရဆုံး နေရာကတော့ `ကျနော့်သားလေးက ကျနော့်အတွက် လက်တဖက် ချန်ပေးသွားတယ်ဗျာ´လို့ စိတ်ထိခိုက်စွာနဲ့ ပြောနေတဲ့ ကရင် အမျိုးသားကြီးရဲ့ စကားပါ။

၄၈ မိနစ်ကြာ တင်ဆက်တဲ့ ဒီမှတ်တမ်းမှာ ဆရာကြီး လူထုစိန်ဝင်းရဲ့ သတ္တိကိုလဲ လေးစားမိပါတယ်။ ခံစား ကြည့်ရှုကြည့်ပါ ခင်ဗျာ။

ကလိုစေးထူး