ကျနော့်ကို တယောက်ယောက်က မင်းဘာလူမျိုးလဲ မေးရင် အတော်ဖြေရ ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော့် မေမေဘက်က အဘိုးက ကရင်၊ အဘွားက ကရင်-ဗမာ ကပြား၊ အဲဒီတော့ မေမေ့ဆီမှာက ကရင်သွေး သုံးမတ်လောက် ပါတယ်။ ဖေဖေတို့ကတော့ အညာသား မျိုးရိုးတွေဆိုတော့ ဗမာပဲ ထားပါတော့။ အဲဒီတော့ ကျနော်က ကရင်လား၊ ဗမာလား ဘာကောင်ကြီးမှန်း မသိတဲ့ တိုင်းရင်းသား တခုခု ဖြစ်နေတာပေါ့။ ဗမာဘက်ကို ပိုများတယ်လို့ ယူဆမိတော့ သူများမေးလာရင် ဗမာလို့ပဲ အလွယ်ဖြေဖြစ်ပါတယ်။ ကျနော် ငယ်ငယ်တုန်းက ကရင်ဒုံးအကကို ကောင်းကောင်းကြီး ကတတ်တာကို ခပ်ရေးရေး မှတ်မိနေပါသေးတယ်။ ဖေဖေမေမေက ဖြစ်ဖြစ်၊ အဘိုးက ဖြစ်ဖြစ် ကျနော့်ကို မြှောက်ပင့်ပြီး ကရင် ဒုံးအကခိုင်းရင် ကပြလေ့ရှိပါတယ်။ အမြှောက်ကြိုက်ပုံများ ငယ်ငယ်ကတည်းက ဗီဇကလေးနဲ့ လာတာ။ တကယ်လို့များ ကျနော်တို့ မိသားစု ရန်ကုန်ကိုသာ မပြောင်းဖြစ်ခဲ့ကြရင် ကျနော်ဟာ ကိုယ့်ကိုယ်ကို ဗမာသွေးပါတယ်ဆိုတာ လုံးဝကြီး မေ့သွားစရာရှိပါတယ်။ မိဘတွေရဲ့ အလုပ်အကိုင်အခြေအနေအရ ရွှေမြို့တော် ရန်ကုန်ကို ပြောင်းလာပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်တယောက် ကိုယ့်ကိုယ်ကို ကရင်သွေးပါတယ်ဆိုတာတောင် မေ့သွားလောက်အောင် ဗမာတော တိုးခဲ့ပါတော့တယ်။ တနည်းအားဖြင့် ပြောရရင် ဗမာပါးဝတယ်ပေါ့။ ဗမာမျိုး၊ ဗမာနွယ်၊ ဗမာဝန်းကျင်ကြားမှာ ဆယ်စုနှစ် တခုကြာအောင် ကောင်းကောင်းကြီးကို မြို့ကြီးသားကြီး လုပ်ခဲ့တာပေါ့။ ကရင်စကားဆိုတာလဲ တလုံးမှကို မသိတော့ပါ။ ၁၉၉၀ ပြည့်နှစ်မှာ မေမေနဲ့ အတူ ကျနော်တို့ မြို့လေးကို ပြန်ပြောင်းခဲ့ရတော့ ဇာတိမြို့က သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေက ကျနော့်ကို ရန်ကုန်သားလို့ ကျီစယ်ပြီး ခေါ်ကြပါတယ်။ သူတို့တတွေ့ရဲ့ နားထဲမှာ ကျနော်ပြောတဲ့ လေသံက ရန်ကုန်သံ ပေါက်နေသတဲ့၊ အမှန်က ကျနော့်နားထဲမှာလဲ သူတို့လေသံက ၀ဲနေပါတယ်။ ကျနော် ကျောင်းစတက်တဲ့နေ့က ဆိုရင် အတန်းထဲမှာ ဆရာမက နာမည်စာရင်းခေါ်တော့ ကျောင်းသား တယောက်ယောက်ကို ခေါ်ရင် ရှိပါတယ်ခင်ဗျ လို့ ထူးရမှာကို စကားသံ ၀ဲတဲတဲ မပီတပီနဲ့ ဆိပါတယ်ခင်ဗျ၊ ကျောင်းသူဆိုရင် ဆိပါတယ်ဆင့် လို့ ထူးကြတာကို စိတ်ထဲကတောင် ကြိတ်ရယ်နေမိခဲ့ ပါသေးတယ်။ နောက်များတော့လဲ အဲဒီ ပတ်ဝန်းကျင်မှာပဲ ကျနော်လဲ မွေ့လျော်ရင်းနဲ့ပဲ ရှ နဲ့ ဆ ကို မပီတော့တဲ့ အဲဒီ လေသံ ၀ဲတဲတဲ ဖြစ်လာပါတော့တယ်။ ကျနော်တို့မြို့လေးက ကျနော်နေတဲ့ ရပ်ကွက်မှာ မွန်တိုင်းရင်းသားတွေ အတော်များပါတယ်။ တခါတလေ မြို့ခံတပ်ကို ပုန်ကန်သူ တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်ကြတဲ့ အခါ အိမ်နီးနားချင်းက မွန်မိသားစုတွေ သူတို့ အချင်းချင်း ကလိန်းညော့၊ ကလိန်းညော့ (လာလာ) လို့ မွန်လိုခေါ်ရင်း ဗုံးခိုကျင်းတွေထဲ ပြေးဝင်သွားကြတတ်ပါတယ်။ အဲဒီနောက်မှာတော့ ကျနော်လဲ မွန်သူငယ်ချင်းတွေ အထိုက်အလျောက် ရလာတော့ မွန်တယောက်ယောက်ကို တွေ့ရင် “ဟေ့၊ ပြတ်၊ အာ့လော့ဒေါ်” (သူငယ်ချင်း၊ ဘယ်လဲကွ) လို့ နှုတ်ဆက်တတ် လာပါတယ်။ ကရင်သူငယ်ချင်းတွေနဲ့ ဆုံတော့လဲ ဒီလိုပါပဲ။ ဝေး၊ ကျော် လို့ အစချီ နှုတ်ဆက်ရင်း မူးနော်လေးတွေရဲ့ အိမ်သွားသွားလည်၊ နအဲ့ရာ အော့လဗုံနော် လို့ မပီတပီပြောရင်း ကရင်သားလေး လုပ်ခဲ့ပြန်တာပါပဲ။ စိတ်ထားဖြူစင်လှပြီး အမြဲတမ်း ကြည်စင်စွာ ပြုံးနေတတ်တဲ့ ကရင် လူမျိုးတွေကို ခင်မင်လှပါတယ်။ အဲဒီလိုပဲ ကျနော့်ကို မွေးဖွားခဲ့တဲ့ ကရင်ပြည်နယ်ကိုလဲ ပိုချစ်တတ်လာပါတယ်။ ဇာတိမြို့လေးမှာ အနေကြာလာတာနဲ့ အမျှ တိုင်းရင်းသား သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပိုထိတွေ့လာရတော့ သူတို့ တတွေရဲ့ စိတ်ကို နားလည်လာသလို သူတို့တတွေရဲ့ ခံစားချက် တခုကို သတိထားမိလာပါတယ်။ အဲဒါကတော့ ဗမာလူမျိုးနဲ့ ပတ်သက်တဲ့ ခံစားချက်တခုပါ။ ဗမာဟေ့ ဆိုတာနဲ့ သူတို့က သတိကြီးစွာထားပြီးတော့ကို ဆက်ဆံပါတယ်။ တချို့များဆိုရင်တော့ ဗမာဆိုတာနဲ့ မုန်းနေတဲ့ အဆင့်ထိတောင် ရောက်နေတာကို ၀မ်းနည်းဖွယ် တွေ့လာရပါတယ်။ တကယ်တော့ သူတို့တတွေ အခုလိုကြီး ဖြစ်ပျက် ခံစားနေတာဟာ အသားလွတ်ကြီး သက်သက်တော့ မဟုတ်ပါဘူး။ ကိုလိုနီခေတ်က လက်ကျန် အမွေဆိုးတချို့ရယ်ကြောင့်တွေနဲ့ ယခုလက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံပုံ မူမမှန်တာတွေ၊ ရက်စက်ကြမ်းကြုတ်တာ တွေကြောင့် ဗမာလူမျိုးစုတွေဟာ အခြား အခြားသော တိုင်းရင်းသားလူမျိုးတွေ အတွက် သတိထား ဆက်ဆံစရာနဲ့ မုန်းတီးစရာ လူမျိုးတွေ ဖြစ်လာရပါတော့တယ်။ ပိုဆိုးတာက ဗမာလူမျိုးက မြန်မာနိုင်ငံမှာ အင်အားအကြီးမားဆုံး လူမျိုးဖြစ်နေတဲ့ အတွက် တခုခု ပြောမိလုပ်မိတိုင်းမှာ လက်လွတ်စပယ် ပြောဆိုမိ၊ လုပ်ဆောင်မိတာနဲ့ လူနည်းစု တိုင်းရင်းသားများအနေနဲ့ ဒါဟာ သူတို့ကို ခွဲခြားတယ်၊ု ဖိနှိပ်တယ်လို့ အထင်ရောက်ခဲ့ ပါတော့တယ်။ ကြုံတုန်း တကယ့် အဖြစ်အပျက် တခုကို ပြောပြချင်ပါ သေးတယ်။ ဟိုး ကရင် တောနယ်ရွာလေး တရွာကနေ ကျနော်တို့ မြို့လေးမှာ ကရင်လုလင်လေး တယောက် ကျောင်းလာတက်ပါတယ်။ တနှစ်တာ ကျောင်းတက်၊ စာမေးပွဲတွေ ဖြေပြီးတော့ သူ့ဇာတိ ကရင်ရွာလေးကို ပြန်သွားတော့ သူ့အမေက သူ့ကို ဗမာတောမှာ ကျောင်းသွားတက်တာ ဗမာလေသံ ၀ဲလာပါတယ်ဆိုပြီး စကားကောင်းကောင်း မပြောပါဘူးတဲ့။ ပြီးတော့ ပြောပါသေးတယ်တဲ့၊ နင်ဟာ ဗမာတောမှာ သွားနေလာတော့ ဗမာ အကျင့်တွေ ကူးလာပြီလို့ ပြောသတဲ့။ တကယ်တော့ အဲဒီ ကရင် အမယ်ကြီးမှာ အလွန် မရှိပါဘူး။ သူတို့ ရွာလေးကို စစ်ဆင်ရေးထွက်ကြတဲ့ စစ်တပ်တွေ ၀င်လာကြတိုင်း ကြက်ယူ၊ နွားယူ၊ ဆန်ယူ၊ ဆီယူ အကုန်ယူလွန်းလို့ သူ့စိတ်ထဲမှာ ဒါတွေဟာ ဗမာ စစ်တပ်တွေ၊ ဗမာတွေဟာ ဒီလိုပဲ အနိုင် သိပ်ကျင့်တဲ့ လူတွေလို့ စွဲနေအောင် ခံစားနေရလို့ပါ။ ကျနော် ဆယ်တန်းအောင်လို့ ဘားအံမှာ အဝေးသင် တက္ကသိုလ် လေးနှစ်တက်ရတုန်းကလဲ ဒီလိုပါပဲ။ တိုင်းရင်းသား လူမျိုးစု သူငယ်ချင်းတွေက ကျနော်တို့ကို သတိကြီးစွာ ထားပြီး ဆက်ဆံတာကို ၀မ်းပန်းတနည်း ခံစားရပါတယ်။ ဒီကြားထဲ ဗမာလူမျိုး ကျောင်းသားတယောက်ယောက်က တိုင်းရင်းသား သူငယ်ချင်း တယောက်ယောက်ကို အမှားလုပ်မိရင်တော့ ပိုဆိုးပါတော့တယ်။ ဗမာဆိုတဲ့ လူတွေ တော်တော် ဆိုးတာပဲ၊ တို့နိုင်ငံမှာ သူတို့က လူများစုဆိုပြီး ငါတို့ကို ဒီလို လုပ်ကြတာလို့ ထင်တဲ့အထိကို ဖြစ်ကုန်ပါတော့တယ်။ လူမျိုးစွဲလို့ လဲ မစွပ်စွဲရက်တာတော့ အမှန်ပါ။ သူတို့တတွေ ခမျာမှာလဲ ထောက်ပြစရာ အဖြစ်အပျက်ဆိုးတွေက ရှိနေမှာပါ။ အခုဆိုရင်ဖြင့် ၂၁ ရာစုရဲ့ ခြောက်လှမ်းမြောက် ခြေလှမ်း ၂၀၀၆ကို လွန်လို့ ၂၀၀၇ ကို မျက်စပစ်နေပါပြီ။ ကျနော်တို့ နိုင်ငံက ဆင်းရဲတုန်း၊ နိုင်ငံတကာမှာ မျက်နှာငယ်တုန်းပါပဲ။ မင်းဘယ်က လာတာလဲ မေးလို့ ဘားမားကလို့ မေးတာနဲ့ မသိဘူးကွလို့ ဖြေတာကမှ တော်ပါသေးတယ်။ အော်၊ အဲဒါ ဆင်းရဲပြီး အာဏာရှင် အုပ်ချုပ်နေတဲ့ နိုင်ငံပဲကွလို့ ခဏ ခဏ အဖြေခံရလွန်းလို့ အသည်းနာရပေါင်းလဲ များပါပြီ။ ဒီကြားထဲကမှ ရေစက်ဆုံလို့ မိတ်ဆွေဖြစ်ခွင့်ရတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ဗမာလူမျိုးဆိုပြီး ထပ်မံခွဲခြား၊ သတိထား ဆက်ဆံခံရရင်တော့ ပိုလို့ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ လူဆိုတဲ့ သတ္တ၀ါဟာ အခြားသော သတ္တ၀ါတွေထက် အသိဉာဏ်မြင့်မားသလို ပြသနာတွေကို ဖန်တီးတဲ့ နေရာမှာလဲ လူကို ဘယ်သတ္တ၀ါမှ မမှီပါဘူး။ ဒါပေမယ့် ပြသနာတွေကို ဖန်တီးတာဟာ ဘယ်သူလဲ ဆိုတာတော့ ခွဲခြား သိစေချင်လှပါတယ်။ မောင်လှ မကောင်းရင် မောင်လှ၊ မောင်မြ မကောင်းရင် မောင်မြ ဖြစ်သင့်ပါတယ်။ မောင်လှနဲ့ မောင်မြဟာ ဒီလူမျိုးစု ဖြစ်တဲ့ အတွက် အဲဒီလူမျိုး တခုလုံးက လူတွေကို သတိထားသင့်တယ်၊ ဒီလူမျိုးတွေ မကောင်းဘူးလို့ စွဲမှတ်ထင်လိုက်တာဟာ သိပ်ဝမ်းနည်းစရာ ကောင်းလှပါတယ်။ အဲဒီလို ခွဲခြား သိမြင်ခြင်း အားနည်းလို့ပဲ ထင်ပါတယ်။ အရင်က နိုင်ငံ ၉၀ ကျော်သာ ရှိခဲ့တဲ့ ကမ္ဘာ့မြေပုံပေါ်မှာ အခုဆိုရင် နိုင်ငံ ၂၀၀ နီးပါး နေရာယူနေပါပြီ။ နောက်ထပ်လဲ ထပ်တိုးလာကောင်း တိုးလာအုံးမှာပါ။ တကယ်လို့များ ကျနော့်ကို မွေးဖွားတဲ့ ဖေဖေနဲ့ မေမေဟာ ဗမာတွေ မဟုတ်တဲ့ တခြားသော တိုင်းရင်းသား တခုခုဖြစ်ခဲ့ရင်လဲ ကျနော်ဟာ အဲဒီ တိုင်းရင်းသား ဖြစ်ခဲ့မှာ အသေအချာပါ။ ကျနော့်မိဘတွေက ဟိုးအာဖရိက တိုင်းပြည်က လူမည်းတွေ ဖြစ်ခဲ့ရင်ရော??။ ကျနော့်မှာ ရွေးချယ်ခွင့် မရှိပါ။ အာဖရိက တိုင်းရင်းသား လူမည်းလေး ဖြစ်နေအုံးမှာ အသေအချာပါပဲ။ ဒီတော့ ကျနော်တို့တတွေ လုပ်နိုင်တာ တခုပဲ ရှိပါတော့တယ်။ မတူတာကို တူအောင် ကြိုးစား ညှိကြပြီး လူ့ဘောင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်ဖို့ပါပဲ။ မြန်မာချင်း အတူတူ တိုင်းရင်းသား တယောက်ယောက်က ကျနော့်ကို နင်တို့ ဗမာတွေက မကောင်းဘူးလို့ ပြောတာ ခံရတိုင်း စိတ်ဆိုးရမယ့် အစား ကျနော်ဝမ်းနည်းပါတယ်။ ဗမာဆိုတဲ့ လူမျိုးအနေနဲ့ ၀မ်းနည်းခြင်း မဟုတ်ပါဘူး။ လူကို ခွဲခြားပြီး မမြင်ပဲ အတိတ်က အရိပ်ဆိုးကြီး ကပ်တွယ် ငြိနှောင်နေတာကို စဉ်းစားမိပြီး ၀မ်းနည်းတာပါ။ ဒါတွေ ဘယ်တော့များမှ ပျောက်ကွယ်မှာပါလိမ့်။ ကျနော်မသိပါ။ ဘယ်သူမှလဲ တိကျတဲ့ အဖြေ တခု ပေးနိုင်လိမ့်မယ် မထင်ပါ။ တချိန်ချိန်တော့ ဒါတွေ ပျောက်ကွယ်လောက်ပါရဲ့လို့ တွေးမိရင်း ဒီစာစုကို ရေးလိုက်ပါတယ်။ ကလိုစေးထူး |
Friday, December 08, 2006
ကျနော်နှင့် တိုင်းရင်းသားများ
Subscribe to:
Post Comments (Atom)
5 comments:
ဒီပုတ်ထဲက ဒီပဲ
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
ဒါတွေကတော ရှိနေအုံမှာပဲ။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာတော ကိုယ်တိုင်ပဲ အဖြေရှာကြတောပေါ့။ တိုင်းရင်းသားတွေ ဘက်က ကြည့်၇င်လည်း သူတို့ကို အပြစ်မဆိုသာပါဘူး သူတို့ ခံစားရတာကို။ မပြုလုပ်ပဲ အပြောခံ၇တဲ့ ဗမာတွေအတွက်ကျတောလည်း အခုလို တွေးကြပြန်ရော ဒါဟာ ဒီမိုကရေစီ ရလာတဲ့ တနေ့မှာ ပျောက်သွားနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
well, I have different experiences. Our friends met each other in one of Institute , Yangon. Most of friends are from minority groups (Shan, Kachin,Mon,Kayar,and Yakhine).Surely, many Bamar were in our group. We do not have any negative feeling each other (for each race). We still have strong relationship even after graduation.
ပြောင်းလဲချင်ရင် ဘယ်တော့မှ နောက်မကျဘူးတဲ့။ ဘယ်လိုလာမလဲ စောင့်ကြည့်ကြတာပေါ့ဗျာ။
very nice post..ko say htoo
Post a Comment