ကျနော် ငယ်ငယ်ကပေါ့..။ (ဒီအကြောင်းကို `အားလုံးမင်္ဂလာပါ´ ဆိုတဲ့ ပထမဦးဆုံးသော ပို့စ်မှာ အရိပ်အမြွက် ရေးထားခဲ့ဖူးပါတယ်)။ မေမေက (အဲဒီတုန်းကတော့ ဘာကြောင့်မှန်း ကျနော် တကယ်မသိခဲ့ပါ) အိမ်တအိမ်မှာ ဖေဖေ ရှိမရှိ မကြာခဏ သွားအကြည့်ခိုင်းပါတယ်။ သွားကြည့်ခိုင်းလိုက်လို့ အဲဒီအိမ်မှာ ဖေဖေမရှိတဲ့နေ့ဆိုရင်တော့ ပြဿနာ သိပ်မရှိလှပေမယ့် ဖေဖေရှိနေခဲ့လို့ `ဖေဖေ ရှိနေတယ် မေမေ´ လို့ ပြန်ပြောမိတဲ့နေ့ ဆိုရင် မေမေနဲ့ ဖေဖေ ရန်အကြီးအကျယ် ဖြစ်ပါတယ်။ မိဘတွေ ရန်ဖြစ်ကြတော့ ကျနော်တို့ ကလေးတွေက ဘယ်နေသာပါ့မလဲ။ အိမ်နောက်ဖေးက ကန်ဇွန်းခင်းတွေနားမှာ ညီအကို နှစ်ယောက် တိတ်တိတ်လေး ငိုခဲ့ရပါတယ်။် မိဘတွေ အဲဒီလို ရန်ဖြစ်ကြတဲ့နေ့တွေမှာ အပြစ်သေးသေးလေး လုပ်မိပေမယ့် အခန့်မသင့်ရင် အရိုက်ခံရတတ်သေးပါတယ်။ အဲဒီလိုမျိုးတွေ မကြာခဏ ဖြစ်ဖြစ်လာတော့ နောက်ပိုင်းတွေမှာ မေမေ ကျနော့်ကို သွားကြည့်ခိုင်းတိုင်း ဖေဖေ အဲဒီအိမ်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မရှိဘူးလို့ပဲ ကျနော် ညာပါတယ်။ ဒါပေမယ့် အကင်းပါးလှတဲ့ မေမေက ကျနော်ညာနေတာကို နောက်ပိုင်းမှာ သိသွားပါတယ်။ အဲဒီကစလို့ မေမေ့ယုံကြည်မှုတွေ ကျနော့်အပေါ် လျော့နည်းခဲ့ပါတယ်။ ကျနော်ဟာ ဖေဖေ့လူ၊ ဖေဖေ့သား လို့ စွပ်စွဲပြီး ညီအကို နှစ်ယောက်မှာ ကျနော့်ကို ပယ်ထား၊ ကြဉ်ထားပါတယ်။ မိဘဆိုတာ သားသမီးကို မချစ်ဘူးဆိုတာ မရှိ လို့ နားလည်ထားပေမယ့် ငယ်စဉ်ဘ၀ မသိမနားလည်သေးတဲ့ အချိန်မှာ ဒီလို အကြဉ်ခံရတာဟာ စိတ်ရဲ့ ဒဏ်ရာဒဏ်ချက် တခု ဖြစ်ခဲ့ရတာတော့ အသေအချာပါပဲ။ ကျနော် ငယ်ငယ်က ခဏခဏ အရိုက်ခံရပါတယ်။ ညီလေးထက်စာရင် ကျနော်က ပိုပြီးကို အရိုက်ခံရတာပါ။ မေမေ့လို ပညာတတ် ကျောင်းဆရာမ တယောက်ဟာ ဘာကြောင့်များ ကျနော့်ကို ဒီလောက်တောင် ရိုက်ရပါလိမ့်လို့ မကြာခဏ စဉ်းစားဖူးပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးကတော့ ကျနော်တို့ ကလေးတွေက မိသားစုတွင်း အဆင်မပြေဖြစ်မှုရဲ့ ဓားစာခံ ဖြစ်ခဲ့ရတာပါ။ အဲဒီလို မကြာခဏ အရိုက်ခံရခြင်းရဲ့ အကျိုးဆက်ကတော့ လူလိမ္မာလေး ဖြစ်လာတာတော့ မဟုတ်ပါ။ ဥပမာ တခုပြောရရင် ကျနော် အပြင်မှာ တခြားကလေးနဲ့ ရန်ဖြစ်ခဲ့ရင် ကျနော်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အိမ်ရောက်ရင် အရိုက်ခံရပါတယ်။ အပြစ်က ရန်ဖြစ်လို့ပါတဲ့။ အဲဒီတော့ နောက်ပိုင်းမှာ ကျနော်က ဒီလို စဉ်းစားပါတယ်။ ရန်ဖြစ်လို့ အရိုက်ခံရမယ့် အတူတူတော့ ငါနဲ့ ရန်ဖြစ်တဲ့ကောင်ကို နိုင်အောင်ချပြီးမှ အရိုက်ခံတာကမှ တန်သေးတယ် ဆိုတဲ့ အတွေးပါ။ ဒီလိုနဲ့ ကျနော်ဟာ ရန်ဖြစ်ခြင်းမှာ မွေ့လျော်လာပါတယ်။ အိမ်မှာ အပယ်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းရဲ့ ထွက်ပေါက်အတွက် ဒေါသတွေဟာ ရန်ဖြစ်ခြင်းအပေါ် စုပုံကျရောက်ပါတော့တယ်။ ကျနော့်ကို မေမေ မကြာခဏ လုပ်လေ့ရှိတဲ့ အထိအနာဆုံး ဒဏ်ပေးမှု တခုရှိပါသေးတယ်။ အဲဒါကိုတော့ ကျနော် လူပျိုပေါက်အရွယ်လောက် ရောက်မှ စသုံးပါတယ်။ အဲဒီနည်းကတော့ ကျနော့်ကို မရိုက်ပါဘူး။ သူလက်မခံနိုင်တာ တခုခုလုပ်မိရင် ကျနော့်ကို စကားလုံးဝ မပြော၊ မှားနေရင်လဲ မဆုံးမ၊ မသွန်သင်ပဲ ဥပေက္ခာပြုထားတဲ့ နည်းပါ။ အဲဒီလိုနဲ့ပဲ အပစ်ပယ်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းဟာ ကျနော့်အတွက် အိပ်မက်ဆိုး ဖြစ်ခဲ့ရပါတယ်။ ဆယ်တန်းအောင်တဲ့ အချိန်ကျတော့ ကျနော့်အတွက် အိမ်စည်းကမ်းတွေရဲ့ တင်းကျပ်မှုတွေ အတော်အတန် လျော့သွားပါတယ်။ ဂစ်တာကို လွတ်လပ်စွာ တီးနိုင်သလို စတေ့ရှိုး အပျော်ပွဲတွေလဲ လွတ်လွတ်လပ်လပ် တက်ဆိုခွင့်ရပါတယ်။ ဒါပေမယ့် ကျနော့်အတွက် မေမေ အရမ်းစိတ်ညစ်ရတဲ့ ကိစ္စတခုကတော့ မကြာခဏ ရန်ဖြစ်တတ်တဲ့ ကျနော့်အကျင့်ပါ။ ရဲစခန်းမှာ အချုပ်ခံရလောက်အောင် ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် ခဏခဏကို ကျနော် ရန်ဖြစ်ပါတယ်။ သည်းခံနိုင်စွမ်းအား အင်မတန်နည်းတဲ့လူဟာ ကျနော်ပါ။ ဒီကြားထဲကမှ မတရားဘူးလို့ ထင်ရင်၊ မဟုတ်ဘူးလို့ ထင်ရင် သူရဲကောင်း ထလုပ်တတ်တဲ့ အကျင့်က ရှိပါသေးတယ်။ စိတ်တို၊ စိတ်ဆတ်လွန်းတဲ့ ဒီအကျင့်ကြောင့် ကျနော့်မှာ အပေါင်းအသင်း သိပ်မရှိလှပါဘူး။ လူကသာ စိတ်တိုတယ်၊ အပယ်ခံရရင်လဲ တော်တော် ၀မ်းနည်းတတ်ပါသေးတယ်။ ဒီလိုနဲ့ပဲ လူ့ပတ်ဝန်းကျင်နဲ့ ကျနော်နဲ့ နီးလျက်နဲ့ ဝေးဝေးလာပါတယ်။ တခါတလေများဆိုရင် မူးအောင်သောက်ပြီး လယ်ကွင်းပြင်ထဲမှာ ဂစ်တာတလက်နဲ့ သီချင်းတွေ တပုဒ်ပြီး တပုဒ် အော်ဆိုပါတယ်။ စိတ်ရဲ့ ထွက်ပေါက်ပေါ့။ အခုလက်ရှိရော ..။ ဒီလိုပါပဲဗျာ ………..။ လူတွေနဲ့နီးအောင်…..။ ကြိုးစားရင်းနဲ့ပဲ ………..။ လူတွေနဲ့ ဝေးသထက်…..။ ဝေးကွာ ……………………..။ ကလိုစေးထူး |
Friday, December 29, 2006
အပယ်ခံရခြင်း > ဒေါသတရား > အပယ်ခံရခြင်း...
Labels:
ခံစားချက်စာစု
Subscribe to:
Post Comments (Atom)
7 comments:
အကို့စာဖတ်ရတာ စိတ်မကောင်းဘူး။ အနော်ငယ်ငယ်ကလည်း ခဏခဏ အရိုက်ခံရတယ်။ ငပွကြီးပေါ့။ အဖေက ဒေါသကြီးတယ်။ အနော်က ဂျစ်ကန်ကန်နိုင်တယ်။ သားအဖနှစ်ယောက် မကြာခဏဆိုသလို ထိပ်တိုက်တွေ့ကြတယ်။ ဟဲ ဟဲ ။ ကလေးတွေကို ရိုက်တာ မကောင်းဘူးလို့ ထင်တယ်။ အနော်ငယ်ငယ်က အပြစ်တစ်ခု လုပ်မိလို့ အရိုက်ခံရတယ်။ ဖေဖေက ရိုက်ပြီးမှ အပြစ်ကို ၀န်ခံလို့ Reward ပြန်ပေးမယ်တဲ့ ဘာယူမလဲတဲ့ ကဲ အနော်ကလည်း ဘာရမလဲ အဲဒိရိုက်တဲ့ ပေတံကို ချိုးမယ်လို့ ပြောလိုက်တာပေါ့။ ဘာပြောကောင်းမလဲ ထပ်အရိုက်ခံရတာပေါ့ ဟားဟား။ အနော်ငယ်ငယ်က စဉ်းစားဖူးတယ်။ သားသမီးနဲ့မိဘ မပြေလည်ကြရင် သားသမီးဘက်က အရှုံးချည်းပဲလို့ သူတို့က ဒေါသထွက်လို့ ကိုယ်ကလည်း အရိုက်ခံရသေး သူတို့ကို ပြန်ဒေါသထွက်ရင် ကိုယ်ကလည်း ငရဲကြီးသေးတယ်လေ။ ဟီး ဟီး။ ခုတော့ သူတို့ကို နားလည်ပေးလို့ရလာပါပြီ။ အပယ်ခံရတာတော့ တကယ်ခါးတယ် အနော့်အမေလည်း တခါတလေ အဲဒိလိုလုပ်တတ်တယ်။ အဲဒါတော့ ရေလည်ခံရခက်တယ်။
ဒီလိုပါပဲ လူတွေအားလုံးမှာ မတူညီတဲ့ စိတ်အမျိုးမျိုးအဖုံဖုံ ရှိပါတယ်။ ရှု့ဒေါင့်အမျိုးမျိုးကနေလည်း စဉ်းစားယူလို့ရနိုင်ပါတယ်။ ကျွန်တော် နားလည်ပေးပါတယ်။
ကိုတိုး
Hi Bro,
Happy New Year too. I will try to post the things. But now I have been moving my apt.I also need to wait a week to get Internet connection in my new apt.What u gonna do tonight? Which state are from?
ကိုယ့်ကို နားလည်မှုမရှိသူတွေအများကြီးဆုံးရှုံးတာကို ၀မ်းနည်းစရာမလိုပါ။ ကိုယ့်ကို နားလည်တဲ့သူ တယောက်ပဲ ရှိပါစေ … ကိုယ့်အတွက် အထီးမကျန်ပါဘူး။
အပယ်ခံရတာကို စိတ်မပျက်ဝမ်းမနည်းပါနဲ့၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် … ။
မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ … ဒေါသနဲ့ ရန်ဖြစ်ခြင်းများ ကင်းဝေးပြီး အားလုံးကို မေတ္တာထားနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
ကျွန်တော် အခုမှ ပြန်ဖတ်မိတဲ့ ပို့ (စ)တွေ..
ကိုစေးထူး နဲ့ ကျွန်တော့် နဲ့ ကြုံခဲ့ရတဲ့ ဘ၀ လမ်းကြောင်း၊ စိတ်ခံစားမှု၊ စိတ် ဆတ်မှု တော်တော်ကြီးကို ဆင်တာဘဲ
စိတ်တိုတယ်..စိတ်ဆတ်တယ်..ခုရော..
အပယ်ခံမဟုတ်ပါဘူး...
မြတ်စွာဘုရားက မြင်းထိန်းယောက်ျားကို မေးဖူးတယ်။
မြင်းတကောင်ကို လိမ္မာယဉ်ကျေးအောင် ဘယ်လို ဆုံးမသလဲ .. တဲ့။
မြင်းထိန်းယောက်ျားက .. ပထမတော့ ချိုချိုသာသာနဲ့ ဆုံးမတယ် ... ။
မရရင်ရောလို့ ဘုရားက ထပ်မေးတဲ့အခါ ...
မရရင် ရိုက်နှက် ဆုံးမပါသတဲ့ (အရှိုးရာထင်ချင်ထင်မှာပေါ့လေ)
ရိုက်နှက်လို့မှ မရရင်ရောတဲ့ ... ဘုရားကထပ်မေးတော့ .. သတ်ပစ်လိုက်ပါတယ် ...လို့ ပြန်ဖြေပါတယ်။
ဘုရားက ဒီတော့ .. ငါဘုရားလည်း ဆုံးမလို့ မရတဲ့သူကို သတ်ပစ်တယ်လို့ ဆိုတယ်။
ဘုရားတို့မည်သည် သူ့အသက်ကို သတ်ရိုးထုံးစံ မရှိဘူးမဟုတ်လားလို့ ဆိုတော့ ...
ငါဘုရားသတ်တယ်ဆိုတာ ... လစ်လျူရှုလိုက်တာကို ဆိုလိုတာတဲ့။
မြတ်စွာဘုရားရဲ့ လစ်လျူရှုခြင်းကို ခံရသူဟာ တဘ၀ မဟုတ်ဘူး .. ဘ၀ပေါင်းများစွာ သေသလိုပါပဲ ... ။
နောက်နောင် ... ဘယ်တော့မှ နားလည်မှုရှိသူ တဦးဦးရဲ့ ပစ်ပယ်ခြင်းကို မခံစားရပါစေနဲ့လို့ ဆုတောင်းပါတယ် ... ။
ဒါမှမဟုတ်လဲ ... တစုံတယောက်နဲ့ ထပ်မံ အစားထိုးနိုင်ပါစေ ... လို့ ... ။
Post a Comment