Tuesday, December 05, 2006

ကဗျာ တပုဒ် ရေးမိပြန်ခြင်း..

မိသားစု တခုမှာ အိမ်သူအိမ်သားတွေ စိတ်အေးချမ်းသာ နေနိုင်ဖို့က မိသားစုဝင် တဦးချင်းဆီမှာ တာဝန်ကိုယ်စီ ရှိကြတာ မှန်ပေမယ့် အိမ်ထောင်ကို ဦးစီးဦးရွက် ပြုနေတဲ့ လူက ဖောက်လွဲဖောက်ပြန် လုပ်နေရင်၊ ဒါမှမဟုတ် အသုံးမကျ ဖြစ်နေခဲ့ရင် အဲဒီ မိသားစုဟာ လူ့ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရ ရှာပါတယ်။ ဒီလိုပါပဲ။ နိုင်ငံ တနိုင်ငံ တိုးတက်ဖို့၊ ကမ္ဘာ့ အလယ်မှာ မျက်နှာမငယ်ရဖို့က နိုင်ငံသားတွေ အားလုံးမှာ တာဝန်ရှိတာ မှန်ပေမယ့် အဲဒီ နိုင်ငံကို အဓိက ဦးစီးဦးရွက် ခေါင်းဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ အခန်းကဏ္ဍဟာလည်း အဓိက အရေးပါ လှပါတယ်။ ခေါင်းဆောင်တွေက ပညာမဲ့၊ အသိမဲ့နေရင်တော့ သွားရောပေါ့.. ဒီတိုင်းပြည်။

အကောင်းတွေ လုပ်နေပါတယ်လို့ တစာစာအော်နေတဲ့ ပုဂ္ဂိုလ်များရဲ့ ကောင်းကွက်ကို ရှာချင်လွန်းပေမယ့် ကောင်းကွက်က နတ္တိ၊ ရူးကြောင်ကြောင် အလုပ်တွေသာ လျှောက်လုပ်နေတဲ့ ပုဂ္ဂိုလ်များကို ချီးကျူးချင်စိတ် ပေါ်လာတာနဲ့ ကဗျာ တပုဒ်ရေးပြီး သူတို့အတွက် ဂုဏ်ပြုလိုက်ပါတယ်။ ကျနော် ရေးနေကြ စတိုင်လ် အတိုင်းပေါ့။ ကျနော်ပေးထားတဲ့ မက်ဆေ့က ကဗျာထဲမှာ မရှိပါဘူး။ ကဗျာနာမည်က အတွေးတစတဲ့။

အတွေးတစ..

နဝေတိမ်တောင် အူကြောင်ကြောင်နဲ့
လရောင်မဲ့တဲ့ အမှောင်ညက
ပိန်းပိတ်အောင် အရောင်ခနေလေရဲ့ ..။
တုံးအလွန်းတဲ့ ငါဆိုတဲ့ ငါကိုက
အလိုမကျမှု ပရပွနဲ့
သုံးမရမှုတွေ အနန္တ ဖြစ်နေခဲ့ပြီလား..။
မရမက ကြိုးစားလဲ
ကျရှုံးမှုတွေက များလွန်းလှတော့
နဂိုကတည်းက ပြိုလဲလုလုနဲ့ငါ
အခုတော့ …
ဖရိုဖရဲ ဘ၀များထဲမှာ ....။


ကလိုစေးထူး

3 comments:

နိုင်းနိုင်းစနေ said...

ဖတ်ဖူးပါတယ် ဒီကဗျာကို..
ဖော်ပေးလိုက်ရမလား...ဟီး..
ကောင်းတယ်..

မေဓာဝီ said...

တွေးလဲ တွေးတတ်ပါပေ့ …
ရေးလဲ ရေးတတ်ပါပေ့ … ကိုသံလွင်။
ကိုသံလွင်ပြောတာ ဟုတ်ပါတယ် …
အိမ်တအိမ်မှာ ခေါင်ကလုံဖို့အရေးကြီးတယ်နော် …
ခုအခြေအနေကြီးက
ခေါင်မလုံတဲ့ အိမ်အိုကြီးကို မပြိုလဲအောင် မနည်းကျားကန်နေကြသလိုပဲ …
တချိန်ချိန်ပြိုလဲသွားပြီး အသစ်တဖန်ပြန်လည်ထူထောင်တဲ့ အခါကျရင်တော့ ခေါင်ကလုံမှ ဖြစ်မှာ …နော်။

Anonymous said...

သြော် အခုမှ အဖြေရတောတယ် ဒီလိုကဗျာတွေ ကိုသံလွင် ရေးတာလား ကောင်းပါတယ် လေးစားပါတယ် စိတ်ကူး စွမ်းရည်ကို အားပေးနေပါမယ်

-----
oPeRa