Tuesday, December 19, 2006

စာ အသစ်မရေးဖြစ်သော ဒီနေ့မှာ..

ပို့စ်အသစ် မတင်ဖြစ်တာလဲ ကြာပြီဆိုတော့ ဒီနေ့တော့ စာတပုဒ်ကို ဖြစ်အောင်ရေးမှပဲလို့ စဉ်းစားမိပါတယ်။ ဘာရေးရင် ကောင်းမှာပါလိမ့်။

ဒီအတွေးကို တွေးလာတာ အိမ်ကနေ အလုပ်ကို စထွက်ကတည်းကပါ။ အခုတလော သိပ်လဲ မအေးလှတာရယ် ပြီးခဲ့တဲ့ အပတ်ကမှ ကျနော်နဲ့ အတူတူ အလုပ်စ၀င်တဲ့ ကရင် အကိုကြီးကို ၀င်ခေါ်နေရတာရယ်ကြောင့် စက်ဘီးကို မသုံးဖြစ်ဘဲ အေးအေးလူလူ လမ်းလျှောက်ပြီးတော့ပဲ အလုပ်သွားတာများပါတယ်။ အဲဒီ အကိုကြီးကို ၀င်ခေါ်ပြီးတော့လဲ လမ်းလျှောက်ရင်း စဉ်းစားလာပါတယ်၊ ဘာရေးရင် ကောင်းမလဲ။ သိပ်မအေးဘူးသာ ဆိုတယ်၊ လေက တ၀ူးဝူးတိုက်နေတာကြောင့် နှာသီးဖျား၊ နားရွက်ဖျားတွေ အေးလာတာနဲ့ တွေးလို့မရပြန်ပါဘူး။

ဒီလိုနဲ့ အလုပ်ထဲကို ရောက်လာပါတယ်။ အချိန်မှတ်တဲ့ ကဒ်ပြားကို ကမန်းကတန်းနှိပ်၊ အနွေးထည်ထူထူတွေ ချွတ်၊ ပြီးတော့ ကျနော်လုပ်ရတဲ့ နေရာကို သွားပါတယ်။ စပြီပေါ့၊ တနေ့တာ။ ပျင်းတွဲ့တွဲ့ စက်သံကြားမှာ Tools တွေကို တချောင်းပြီးတချောင်း တဂျွီးဂျွီး ဖြတ်ရင်း ထပ်စဉ်းစားပါတယ်။ ငါဒီနေ့ ဘာရေးရပါလိမ့်။ မနက်က ဘာမှ ဟုတ်တိပတ်တိ မစားလာရတော့ ဗိုက်ကလဲ စောစောစီးစီး ဆာသလိုလို ရှိနေတော့ အာရုံက မရပြန်ပါဘူး။ အင်း၊ Break Time ရောက်လို့ တခုခု စားပြီးမှပဲ တွေးတော့မယ်ကွာ လို့ ဆုံးဖြတ်မိပြန်ပါတယ်။

အတွေးအာရုံက မရရတဲ့အထဲ အလုပ်ရှင်ကလဲ မကြာခဏဆိုသလို စကားလာလာ ပြောနေပါသေးတယ်။ တော်ကြာနေ ဟို ကရင် အကိုကြီးကို အလုပ်ကိစ္စ ရှင်းပြခိုင်းလိုက်၊ တော်ကြာနေ ခရစ်စမတ်ကျရင် ဘယ်သွားမလဲ လာလာမေးလိုက်နဲ့ ကျနော် အလုပ်လုပ်ရင်း အတွေးနယ်ချဲ့နေတာကို ခဏခဏ လာလာ နှောင့်ယှက်ပြန်ပါတယ်။ ဒီလိုနဲ့ပဲ မနက်ပိုင်း သုံးနာရီပြည့်လို့ ခေတ္တနားချိန်ကိုသာ ရောက်သွားတယ်။ စာရေးဖို့ အိုင်ဒီယာ မရခဲ့ပါဘူး။

ဆယ့်ငါးမိနစ် နားချိန်ပြီးတော့ စိတ်အတွေးတွေကို နောက်တခါ အလုပ်ထပ်ပေးမိပြန်ပါတယ်။ ဘာရေးရပါလိမ့်။ ကဗျာစာသားတချို့ ရွတ်ကြည့်တယ်။ အဆင်က မချော။ သီချင်းပဲ ရေးရင် ကောင်းမလားမသိ စဉ်းစားပြီး သံစဉ် တချို့ကို ဒါဒါဒီဒီရွတ်ရင်း လိုက်ဖမ်းကြည့် ပြန်ပါတယ်။ ဘာသံစဉ်မှ မထွက်လာပါဘူး။ စာရွက်အလွတ် တရွက်ကို သွားယူလာ၊ ဘောလ်ပင်တချောင်း ဘေးမှာချ၊ Tools တွေကို ဖြတ်လိုက်၊ ခေါင်းထဲရောက်လာတဲ့ စာသားတချို့ကို ချရေးလိုက်၊ စိတ်တိုင်းမကျတော့ တခါပြန်ဖျက်လိုက်၊ နောက်ထပ် Tool တချောင်း ထပ်ဖြတ်၊ စာတွေ ချရေး၊ ပြန်ဖျက်။ ဒီလိုနဲ့ နေ့လည် ၁၂ နာရီ ထိုးသွားပါတယ်။

ကျနော်က မနက်စာကို ဆယ်နာရီ ခေတ္တအားလပ်ချိန် ဆယ့်ငါးမိနစ်မှာ စားလေ့ရှိတော့ နေ့လည်စာစားချိန် နာရီဝက်ကျတော့ အချိန်တွေ ပိုနေပါတယ်။ အဲဒါနဲ့ ကုလားထိုင်တလုံးကို ဆွဲယူ၊ မျက်လုံးမှိတ် ပက်လက်လှန် အိပ်ရင်း စဉ်းစားပြန်ပါတယ်။ အတွေးတွေက ဘယ်လောက် စဉ်းစားမိတယ်တော့ မသိပါဘူး။ အချိန်စေ့ ခေါင်းလောင်းသံက မကောင်းဆိုးဝါး အော်သံလို နားထဲကို စူးစူးရှရှဝင်လာတော့မှပဲ ၀ုန်းကနဲ ထရပ်မိပါတော့တယ်။ ကျိန်းစပ်စပ် ဖြစ်ချင်နေတဲ့ မျက်လုံးကို မျက်နှာသွားသစ်ပစ်ပြီး အလုပ်ထဲကို ၀ရုန်းသုန်းကား ပြန်ဝင်ရပြန်ပါတယ်။

နေ့လည်ပိုင်း အလုပ်ချိန်မှာတော့ ကျနော့်အတွေးတွေလဲ လွတ်လပ်ခွင့် မရရှာတော့ပါဘူး။ ဘာဖြစ်လဲ ဆိုတော့ Finish Grinding လို့ ခေါ်တဲ့ အချောသတ် သွေးတဲ့ အလုပ်က ဒီဂရီ အတိအကျနဲ့ တိုင်းတာ သွေးရတာ ဖြစ်တော့ အတွေးတွေက ဟိုရောက် ဒီရောက် ရောက်နေရင် Tools တွေ သေးသွားတာတို့၊ လိုအပ်တဲ့ အရွယ်အစားနဲ့ မကိုက်တာတို့ ဖြစ်မှာဆိုတော့ အလုပ်ထဲကို စိတ်မပါလက်မပါနဲ့ပဲ အတွေး အချုပ်ချရပါတယ်။ သံမှုန်တွေကို ကာကွယ်ဖို့ မျက်နှာဖုံးကို စွပ်ထားရင်း လုပ်ရတော့ အသက်ရှုရတာလဲ ကသိကအောင့်နဲ့ တွေးဖို့လဲ အရသာ ရှိတော့မယ် မထင်ပါဘူး။ အဲဒီလိုနဲ့ပဲ ညနေသုံးနာရီလဲ ခွဲရော ငယ်ငယ်က မြန်မာ့အသံမှာ ကြားနေကြ နားဝင်ပီယံ သူ့လက်သံနဲ့ ဆင်ဆင်တူတဲ့ အလုပ်သိမ်းခေါင်းလောင်းသံလေးက နားထဲကို ချိုချိုမြိန်မြိန် ၀င်လာပါတယ်။ အဲဒါနဲ့ သစ်ဆွဲဆင်များလိုပဲ ခေါင်းလောင်းသံကြားတာနဲ့ လုပ်လက်စ အလုပ်ကို အားလုံးရပ်။ လက်ကို ပျော်ပျော်ကြီး သွားဆေးပြီး လေသံလေး တချွန်ချွန်နဲ့ အိမ်ပြန်ပါတယ်။ ဟိုကရင် အကိုကြီးကတော့ နောက်ကနေ ငိုက်စိုက် ငိုက်စိုက်နဲ့ တိတ်တိတ်လေး လိုက်လာပါတယ်။ သူလဲ တွေးရင်တွေးနေမှာပေါ့။

အိမ်ပြန်ရောက်တော့ အလုပ်ထဲက သံမှုန်တွေက ယားကျိကျိနဲ့မို့ ရေချိုးခန်းထဲ အရင်ပြေးလို့ ရေကို အမြန်ချိုးရပါတယ်။ ရေမိုးချိုးပြီးတော့လဲ ဗိုက်ထဲက ဆန္ဒပြနေတဲ့ ပိုးမျိုးရှစ်ဆယ်ကို စေ့စပ်ဆွေးနွေးရေး လုပ်နိုင်ဖို့ ချက်ပြုတ်၊ ပြီးတော့ သူတို့ တောင်းဆိုနေတဲ့ အစာတွေကို သွတ်သွင်းလိုက်မှပဲ ငြိမ်းချမ်းရေး ရပါတယ်။ ထမင်းစားပြီး တီဗွီ ဖွင့်ကြည့်တော့ ကျနော်အားပေးတဲ့ ချဲလ်ဆီးက အဲဗာတန်ကို သုံးဂိုး နှစ်ဂိုးနဲ့ တီးလိုက်တဲ့ ပွဲ ပြန်လာနေတော့ စာရေးမယ့် ကိစ္စကို ခဏမေ့သွားပြီး အဲဒီ သွေးမထွက်တဲ့ မိနစ်ကိုးဆယ်ကြာ စစ်ပွဲမှာ နစ်မြော သွားပါတယ်။

ညနေ ငါးနာရီခွဲလောက်မှာ ကွန်ပြူတာရှေ့ကို ထိုင်ဖြစ်ပါတယ်။ ဘလော့ကို စစ်၊ မေးလ်တွေများ ရောက်နေသလား စစ်၊ ပြီးတော့ စာရေးဖို့ အတွက် စဉ်းစားပြန်ပါတယ်။ ဒီနေ့ ဘာရေးရပါလိမ့်။ မရေးတာလဲ သုံးလေးရက်ရှိပြီ။ တခုခုရေးမှပါ။ စဉ်းစားစမ်း။ ဘာရေးမလဲ၊ ဒီက အတွေ့အကြုံတချို့ ရေးမလား၊ မြန်မာပြည်က အတွေ့အကြုံရေးရင် ကောင်းမလား။ စာတကြောင်း ရေးလိုက်၊ မကြိုက်တော့ Back Space ပြန်ခေါက်လိုက်။ ဘာစာမှကို မဖြစ်လာပါဘူး။ အရေးထဲမှာ ဖုန်းကလဲ တဂွမ်ဂွမ်။

ဟဲလို၊ မစ္စတာ သူ လား
ဟုတ်ပါတယ်
ဟုတ်ကဲ့၊ ကျနော်က ဘာညာဘာညာ ကုမ္ပဏီကပါ
ခင်ဗျားအိမ်မှာ တီဗွီကေဘယ်လ်လိုင်း ဆင်ဖို့ စိတ်ဝင်စားပါသလား
နိုး၊ ကျနော် စိတ်မ၀င်စားပါဘူး၊ ကျနော်
ခင်ဗျားပြောတာလဲ အားလုံး နားမလည်ပါဘူး
ကျေးဇူးတင်ပါတယ်
ဂွပ်

မဖြစ်သေးပါဘူး။ စာရေးလို့မရသေးရင်လဲ သတင်းလေး ဘာလေး ဖတ်မှလို့ စဉ်းစားပြီး သတင်းတွေ ဟိုဖတ်ဒီဖတ် ဖတ်ပြန်ပါတယ်။ မြန်မာပြည်ထုတ် သတင်းစာကိုဖတ်တော့ မွဲပြာပုဆိုး သတင်းတွေနဲ့ မမြင်ချင်တဲ့ မင်းသားအယောင်ဆောင်တဲ့ လူကြမ်း ဘီလူးပုံတွေပဲ တွေ့ပါတယ်။ ခေတ်ပြိုင်ကို ဖတ်တော့ မြန်မာ အမျိုးသမီးငယ် (၁၂)နှစ်သမီးလေးကို ထိုင်းဆိုင်ကယ်သမားက ကိုယ်ထိလက်ရောက် စော်ကားသတဲ့။ တောက် တချက်ကို ခပ်ပြင်းပြင်း ခေါက်မိပါတယ်။ ဒီကောင် တော်တော်မိုက်ရိုင်းပါလား။ ငါတို့ မြန်မာမလေးကိုကွာ။ စိတ်ထဲကနေလဲ ပျစ်ပျစ်နှစ်နှစ် ဆဲရေးမိပါတယ်။ ဒါပေမယ့် ဘာမှလဲ မတတ်နိုင်ပါ။

အားကစားသတင်းတွေ လိုက်ဖတ်မိပြန်ပါတယ်။ မြန်မာ ယူ-၂၃ အသင်းက မလေးရှား ယူ-၂၃ အသင်းကို တဂိုး ဂိုးမရှိနဲ့ နိုင်သတဲ့၊ မြန်မာ အသင်းက အင်ဒို ယူ-၂၃ အသင်းကို နှစ်ဂိုး တဂိုးနဲ့ နိုင်သတဲ့။ ဗထူးအားကစားကွင်းမှာ ပရိသတ် နှစ်သောင်းလောက် လာကြည့်ပြီး ပရိုဂျက်တာကြီးနဲ့လဲ ဘောလုံးပွဲကို ပြထားသတဲ့။ အလဲ့၊ တယ်ဟုတ်ပါလား လို့ တွေးလိုက်မိပါတယ်။ ၂၀၀၄ တုန်းက ထင်ပါတယ်။ ကျနော်တို့ မြန်မာ အသင်း စင်ကာပူနဲ့ တိုင်းဂါးဖလား အကြိုဗိုလ်လုပွဲ ကစားကြတော့ နိုင်လုခင်ခင်လေးမှာ ရန်တွေဖြစ်၊ လူသုံးယောက် အထုတ်ခံရ၊ မြန်မာ အရန် ဂိုးသမားလေးကလဲ ကွင်းဘေးကနေ စင်ကာပူ ကစားသမားတယောက်ကို ရေသန့်ဘူးနဲ့ ပစ်ပေါက်၊ အနီကဒ် ပြပြီး ကွင်းထဲက အထုတ်ခံရတော့ မဖွယ်မရာတွေ လုပ်ပြခဲ့တာကို မျက်စေ့ထဲ မြင်ယောင် မိပါတယ်။ အာဆီယံ ယူ-၁၈ ပြိုင်ပွဲကို ရန်ကုန်မှာ လုပ်တုန်းကလဲ ထိုင်းနဲ့ ကန်တော့ ထိုင်းဘောလုံးသမားလေးတွေ ထောင့်ကန်ဘော လာလာကန်ရင် စင်ပေါ်ကနေ ခဲ၊ ပြောင်းဖူးရိုးတွေနဲ့ ပစ်ပေါက်ကြပါသေးတယ်။ အခုပွဲရော ဒီလိုများ ဖြစ်နေသေးလား။ အေးအေးဆေးဆေးပဲလား ဆိုတာ မသိပါ။

ဒီလိုနဲ့ပဲ ညမိုးချုပ်လို့ မှောင်သာသွားတယ်။ ကျနော်တယောက် ဘာစာမှ ဟုတ်တိပတ်တိ မရေးဖြစ်လိုက်ပါဘူး။ ပြီးသွားပြန်ပေါ့ .. တနေ့တာ။ နောက်တနေ့ကျမှပဲ ပို့စ်အသစ်အတွက် အကြောင်းအရာ ကောင်းကောင်း တခု စဉ်းစားတော့မယ် လို့ ဆုံးဖြတ်လိုက်မိပြန်ပါတော့တယ်။

ကလိုစေးထူး

4 comments:

Maydarwii said...

အသစ်မရေးဖြစ်ပေလို့ပဲနော် ...ရေးများရေးဖြစ်ရင်တော့ ... :P

lalay said...

အောဒါကြောင့်ကိုး
ပျောက်ချက်သားကောင်းနေတာ

boedawgyi said...

ဗျိုးဖထီးရေးသာရေး..စကားမစပ်u18တုန်းကဗျာ.ပုဆိုးလှန်
ပြတဲ့ကောင်နဲ့ကျွပ်ကျွပ်အိပ်ထဲသေးပေါက်ထဲ့ပြီးပစ်တဲ့ကောင်က
လည်းရှိသေး ဟေးဟေး

Anonymous said...

အော် နာ့အကိုရေးစရာမရှိလို့ပဲနော် ရှိများရှိရင် လွယ်ဘူး
စာရေးဆရာ တွေငတ်သေမယ်ထင်တယ်နော်
ဟီး