Monday, December 04, 2006

မြေကြီးထဲမှ နတ်ဆိုး..


မြေကြီးဆိုတာဟာ လူတွေအသက်ရှင် ရည်တည်ဖို့အတွက် မရှိမဖြစ်သော အရာပါ။ မြေကြီးပေါ်မှာ လူတွေဟာ စိုက်ပျိုး စားသုံးကြတယ်။ မြေကြီးပေါ်မှာ လူတွေဟာ ဆောက်လုပ် နေထိုင်ကြတယ်။ မြေကြီးပေါ်မှာ လူတွေဟာ သွားလာ လှုပ်ရှားကြတယ်။ ဒါပေမယ့်လဲ မြေကြီးပေါ်မှာ လူတွေဟာ အချင်းချင်း တိုက်ခိုက် သတ်ဖြတ်လာကြတဲ့ အခါကျတော့ ၀မ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးတွေက မြေကြီးပေါ်မှာ ဖြစ်ပျက်စေခဲ့ ပါတယ်။ အဲဒီ တိုက်ခိုက်ပွဲတွေရဲ့ ခေတ်မီတိုးတက်လာမှု နောက်ကွယ်မှာ မြေကြီးကို ရဲရဲ မနင်းရဲတော့တဲ့ အခြေအနေတွေက ကမ္ဘာ အနှံ့မှာ ပေါ်ပေါက် လာခဲ့ရပါတော့တယ်။

မြေမြုပ်မိုင်းတွေဟာ ဒီဘက် ခေတ်ပိုင်းတွေမှာ စစ်ပွဲတွေရဲ့ မရှိမဖြစ် ဇာတ်လိုက်လို အရေးပါနေခဲ့တာ အတော် ကြာခဲ့ပါပြီ။ အုပ်ချုပ်သူတွေရဲ့ တပ်ဖွဲ့တွေဘက်ကရော၊ ပုန်ကန်သူတွေရဲ့ တပ်ဖွဲ့တွေကပါ မိမိခြေကုပ်ရယူ စိုးမိုးထားတဲ့ နယ်မြေကို ပိုမို ထိန်းချုပ်နိုင်ဖို့နဲ့ တဖက်ရန်သူကို အထိနာစေရန် ရည်ရွယ်ချက်တွေနဲ့ မြေမြုပ်မိုင်းတွေကို အဆင်ပြေ အလျဉ်းသင့်သလို သုံးစွဲကြပါတယ်။ အဲဒီလိုနဲ့ပဲ လူသားတွေရဲ့ အချင်းချင်း ရန်လိုမှုတွေရဲ့ ပြယုဂ်အဖြစ် မြေမြုပ်မိုင်းတွေဟာ လူတွေရဲ့ ခြေထောက်တွေ၊ ဘ၀တွေကို ပိုင်းဖြတ်၊ ချိုးဖျက်ပစ်ဖို့ အသုံးတော်ခံ ဖြစ်လာ ခဲ့ပါတော့တယ်။

မြေမြုပ်မိုင်းရဲ့ ထိရောက်တဲ့ ခြိမ်းခြောက်မှုကို စတင်သိခဲ့တာကတော့ ကျနော် ပေါ်တာအဖြစ် လိုက်ခဲ့ရစဉ်တုန်းကပါ။ ခရီးသွားနေတဲ့ စစ်ကြောင်းတခု တန့်သွားစေဖို့ မြေမြုပ်မိုင်းကို သုံးကြတဲ့ အခါကျတော့ လမ်းသွားရင် အတော်ကြီးကို သတိထားရပါတယ်။ တယောက် မိုင်းနင်းမိရင် သူ့ကို ထမ်းဖို့ အနည်းဆုံး နောက်ထပ် လေးယောက်လိုအပ်ပါတယ်။ အခန့်မသင့်ရင် တခါတည်းလဲ အသက်ပါ ပါသွားစေနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီတုန်းကဆိုရင် ကျနော်ဟာ ဘေးဘီကို ဘယ်ကိုမှ မကြည့်ရဲပဲ ရှေ့ကလူ နင်းသွားတဲ့ ခြေလှမ်းကို ထပ်ချပ်မခွာ အတတ်နိုင်ဆုံး ရအောင် လိုက်နင်းခဲ့ပါတယ်။

တခါတုန်းကလဲ ကျနော်တို့ မြို့ကလေးရဲ့ နယ်မြေခံ စစ်တပ်အနီးမှာ နွားသွားကျောင်းမိတဲ့ ကောင်လေးတယောက် မိုင်းနင်းမိတာ အသက်ပါ ဆုံးရှုံးခဲ့ရဖူးပါတယ်။ သားကို ဆုံးရှုံးသွားလို့ ငိုကြွေးနေတဲ့ သူ့အမေရဲ့ အငိုမျက်နှာကို အခုထိတိုင်အောင် မမေ့နိုင်ပါဘူး။ ပြောချင်တာက ဒီမြေမြုပ်မိုင်းဆိုတဲ့ မိစ္ဆာဟာ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကိုလဲ ချမ်းသာမပေးခဲ့ပါဘူး။ သူ့ကို နင်းမိတဲ့ မည်သူ့ကိုမဆို အသက်တွေကို တိမ်းပါးအောင်၊ ဘ၀တွေကို ဆုံးရှုံးအောင် ပေါက်ကွဲပစ်ဖို့ ၀န်မလေးခဲ့ပါဘူး။

မိုင်းနင်းလို့ အသက်မသေပဲ ကျန်ခဲ့တဲ့ လူတွေကရော …???။ ခြေထောက် တဖက်ဆုံးရှုံးသွားတဲ့ လူနဲ့၊ နှစ်ဖက် စလုံး ဆုံးရှုံးသွားတဲ့ လူနဲ့၊ တချို့များဆို မျက်လုံးပါ အလင်းကွယ်လို့ ဘ၀တလျှောက်လုံး ဒုက္ခိတ ဘ၀နဲ့ ခက်ခက်ခဲခဲ လျှောက်လှမ်းရတော့မယ်။ မိဘမွေးထုတ်ပေးလိုက်စဉ်က ခြေလက်အစုံ ပါလာပေမယ့် မြေမြုပ်မိုင်းကြောင့် ပြန်လည် အစားမရနိုင်တော့တဲ့ ကိုယ်လက် အင်္ဂါတွေ ဆုံးရှုံးသွားရတော့မယ်။ ဘ၀မှာ တွဲကူ ဖေးမမယ့်လူ ရှိနေရင် တော်ပါသေးရဲ့။ နားလည် စာနာမယ့်သူ ရှိနေသေးရင် တော်ပါသေးရဲ့။ ဒီလိုမှ မဟုတ်ရင်တော့ သိမ်သိမ်ငယ်ငယ်နဲ့ ဘ၀ တလျှောက်လုံးကို ရပ်တည်သွားရတော့မယ်။

အခုဆိုရင် နိုင်ငံတကာမှာ မြေမြုပ်မိုင်း ဆန့်ကျင်ရေးတွေကို ဂရုတစိုက် လုပ်လာနေကြပါပြီ။ သို့တိုင်အောင် ကျနော်တို့ နိုင်ငံမှာတော့ မြေမြုပ်မိုင်းတွေရဲ့ အန္တရာယ်တွေဟာ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေမှာ နှစ်ဖက်စလုံးက စစ်သားတွေကိုသာမက ဒေသခံ အရပ်သားတွေရဲ့ ဘ၀တွေကိုပါ ခြိမ်းခြောက်နေဆဲပါ။ ဒီသီချင်းလေး ကို နားထောင်ရင်းနဲ့ မြေမြုပ်မိုင်း အသုံးချမှုကြောင့်  ဓားစာခံ ဖြစ်ကြရရှာတဲ့ လူတွေရဲ့ ဘ၀ကို စာနာပေးနိုင်ကြပါစေ။ ဒီဗွီဘီ သတင်းဌာန ၀က်ဘ်ဆိုက်ကနေ ကူးယူတင်ဆက်ပါတယ်။



ကလိုစေးထူး


1 comment:

မေဓာဝီ said...

မြေကြီးကို မှီတင်းနေထိုင်သူတွေဟာ မြေကြီးကြောင့်လဲ တခါတရံ ဘေးဖြစ်တတ်တယ်။ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ငလျင်လှုပ်တာမျိုး မီးတောင်ပေါက်တာမျိုးကြောင့် လူတွေအသက်ဆုံးရှုံးရသလို … ခုလို လူတွေဖန်တီးထားကြတဲ့ မိုင်းတွေကြောင့်လဲ လူတွေသေဆုံးရ ကိုယ်လက်အင်္ဂါချို့တဲ့ကြရတယ်။
အဲဒါကို … “ကိုးကွယ်ရာမှ ဘေးဖြစ်တယ်” လို့ ခေါ်ပါတယ်။
ကျမတို့အနေနဲ့ ကိုးကွယ်ရာမှ ဖြစ်သောဘေးတွေကို မြေကြီးတခုထဲမှာတွင်မဟုတ်ဖူး … တခြားနေရာတွေမှာလဲ ကြုံနေကြရတာပါပဲ။
မမြင်ရတဲ့ မြေကြီးထဲက မိစ္ဆာနတ်ဆိုးရန်အပြင် မြင်ရတဲ့ မြေကြီးပေါ်က မိစ္ဆာနတ်ဆိုးတွေရဲ့ ရန်ကပါ ကင်းလွတ်ပါစေကြောင်း … ဆုတောင်းလိုက်ပါရဲ့။