ပြီးခဲ့တဲ့ သောကြာနေ့က ဒီမှာ ဒီနှစ်ဆောင်းရာသီအတွက် ကျနော်တို့ ပြည်နယ်ရဲ့ ပထမဆုံး အကြိမ်အဖြစ် နှင်းကျပါတယ်။ အဲဒီနေ့က မနက်စောစော အိပ်ရာ နိုးတော့ ပြတင်းတံခါးကနေ အပြင်ကို ချောင်းကြည့် လိုက်တာ ပတ်ဝန်းကျင် တခုလုံး နှင်းတွေ ဖွေးဖွေးလှုပ် ကျနေတယ်။ ကျနော်ကတော့ အလုပ်သွားဖို့ကို ရင်မောသွားတယ်။ အမြင်လှပြီး အရမ်းအေးတဲ့ နှင်းတွေကြားမှာ လမ်းသွားရလဲ ခက်တော့မယ်။
အဲဒါနဲ့ အနွေးထည်ကို ထူထူဝတ်၊ လက်အိတ်က နှစ်ထပ်နဲ့ အလုပ်သွားရတာပေါ့။ အပြင်ကိုရောက်တော့ နှင်းတွေက သည်းကြီးမည်းကြီးကို ကျနေတာ။ လေကလဲ တိုက်တော့ နှင်းဖတ်တွေက မျက်စိထဲ ၀င်ရင် စပ်ဖျဉ်းဖျဉ်းကြီး။ မနက် သုံးနာရီလောက်ကတည်းက စပြီးကျနေတော့ ကျနော် အလုပ်သွားတဲ့ အချိန်ကျတော့ ခြောက်လက်မ နီးပါးလောက် ကျပြီးနေပြီလေ။ ပထမဦးဆုံး ကျတဲ့အကြိမ်မို့ထင်ပါရဲ့။ မြေကြီးကို ခြေတလှမ်း နှင်းလိုက်တိုင်း ဇွိဇွိနဲ့ ခြေလှမ်းတွေက နှင်းတွေထဲကို ကျွံကျွံသွားတာ ပျော်စရာ ကောင်းသလိုတော့ ရှိသား။ လမ်းဘေးက ယုန်ကလေး တချို့လဲ နှင်းတောထဲမှာ ချမ်းရှာနေကြတယ် ထင်ပါရဲ့။ ဟိုပြေး ဒီပြေးတဲ့ အကောင်နဲ့၊ ငြိမ်ကုပ်နေတဲ့ အကောင်နဲ့။ ကားတွေ၊ အိမ်တွေကလဲ ဦးထုပ်ဖြူဖြူ ဆောင်းပေးထားသလို တမျိုးတောင် လှနေသေးရဲ့။
နှင်းတောကို ခက်ခက်ခဲခဲ ဖြတ်နေရတော့ အလုပ်ကို သုံးမိနစ်လောက် နောက်ကျသွားပါတယ်။ အ၀တ်အစားတွေက နှင်းဖတ်တွေ အဖွေးသားနဲ့ ကျနော့်ကို အလုပ်ရှင်က သဘောတွေကျလို့။ ဘယ်လိုလဲကွ၊ နှင်းရဲ့ အရသာက အိုကေရဲ့လားလို့ အရွှန်းလှမ်းဖောက် နေပါသေးတယ်။ ကျနော်ကတော့ ပုခုံးပဲ အသာတွန့် ပြလိုက်ပါတယ်။ ဒီလိုနဲ့ပဲ နှင်းတောကြားက မာန်ဖီနေတဲ့ ဆူဆူညံညံ အလုပ်ရုံမှာ သူ့ဆန်စားဖို့ ရဲရတော့တယ်။ မတ်တတ်ရပ်တဲ့ အခါ ရပ်၊ ထိုင်ရတဲ့အခါ ထိုင်နဲ့ပေါ့။ လူက အလုပ်ထဲမှာ လုပ်နေပေမယ့် စိတ်တွေကတော့ ဘယ်သူ့ကိုမှ ခွင့်မတောင်းပဲ ကမ္ဘာ အနှံ့ကို ရောက်နေလေရဲ့။ မြန်မာပြည်ကို ရောက်တာ ပိုများပါတယ်။
ညနေ စောင်းတော့ သောကြာနေ့များရဲ့ ထုံးစံအတိုင်း လုပ်ခချက်လက်မှတ် လာပေးတယ်။ အသာ ဖောက်ကြည့်တော့ လခက တိုးမလာသေးဘူး။ ကျနော် ဒီမှာလုပ်တာ တနှစ်နဲ့ လေးလရှိပြီ။ အမှန်က သူတို့ လုပ်ခတိုးပေးသင့်တာ တနှစ်ပြည့်ကတည်းကပါ။ ကျနော်က သူတို့က စပေးလာနိုးနိုး စောင့်ရင်းနဲ့ လေးလကျော်လာတာတောင် မတိုးလာတော့ ဒီနေ့တော့ ပြောမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ ညနေ အလုပ်သိမ်းတော့ ကျနော့်ကို လခတိုးတဲ့ အကြောင်း နည်းနည်း ရှင်းပြပါလားလို့ အလုပ်ရှင်ကို ပြောလိုက်ပါတယ်။
တကယ်တော့ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ်၊ အလုပ်ရှင်တွေကတော့ သူတို့ ရနိုင်သလောက် ရတတ်သလောက် အရင်းရှင် ဆန်ကြတာပါပဲ။ အခုလဲ ပြောခါမှပဲ ကျနော့်ကို တိုးပေးဖို့ မေ့နေတာပါလို့ ပြောတယ်လေ။ ပြီးတော့ သူတို့က အလုပ်သမား အားလုံးကို နှစ်စဉ် မတ်လရောက်တိုင်းမှသာ လုပ်ခတိုးပေးလေ့ ရှိကြောင်း ဟိုဟိုဒီဒီ လျှောက်ပြောပါတယ်။ အခုနေ မင်းအနေနဲ့ လုပ်ခတိုးယူရင် မတ်လကျရင် တိုးတဲ့ အစီအစဉ်ထဲမှာ မပါနိုင်ဘူးလို့ ပြောပြန်ပါတယ်။ ကျနော်ကတော့ အခုပဲ တိုးယူချင်တယ်လို့ ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ သူတို့ ညီအကို နှစ်ယောက် ပြန်တိုင်ပင်ပြန်ပီး နောက်တမျိုး ပြန်ပြောပြန်ပါရော။ ဒီလိုဆို အခုလောလောဆည်ကို တနာရီ ဆင့်ငါးဆယ်ပဲ လခတိုးယူဖို့နဲ့ မတ်လကျမှသာ နောက်ထပ် တဒေါ်လာ ထပ်ယူဖို့ ပြောပြန်ပါတယ်။ ဦးနှောက်ကို အမြန် အလုပ်ပေးပြီးတွက်ချက်ကြည့်တော့ ဒါလဲမဆိုးဘူးလို့ တွက်ပြီး သဘောတူလိုက်တယ်။ မပြောပဲနေရင် လခ အဟောင်းနဲ့ ဘယ်လောက်တောင် ဖျံကျပြီး ခိုင်းနေဦးမလဲ ဆိုတာတော့ မသိနိုင်ပါ။ ဘာပဲဖြစ်ဖြစ် နောက်အပတ်က စပြီးတော့ တနာရီ ဆင့်ငါးဆယ်တော့ တိုးပြီပေါ့။ (ကြွားတာ)
ညနေကို ပြန်ဖို့က ချောမွတ်နေတဲ့ ကျနော့်ရဲ့ လမ်းကလေးမှာ ဘယ်လိုမှ ပြန်ဖို့ အဆင်မပြေတာနဲ့ သူငယ်ချင်းကားနဲ့ ကပ်စီးပြီး ပြန်ရပါတယ်။ လမ်းကလေးနားက ကားကဖြတ်သွားတော့ လမ်းကလေးက ဖြူရော်ရော်နဲ့ ညှိုးနွမ်းတဲ့ မျက်နှာထားနဲ့။ တဖွဲဖွဲကျနေတဲ့ နှင်းတွေကြားမှာ သူငယ်ချင်းက ကားကို အတော်ဂရုစိုက် မောင်းနေရတာ သတိထားမိတယ်။ မြင်ကွင်းတွေက တမျိုးတော့ အလှသား။ ခြောက်သယောင်းနေတဲ့ အပင်တွေလဲ အခုတော့ လက်တံဖြူဖြူနဲ့ ဖြစ်ကုန်တယ်လေ။ အလုပ်ထဲမှာဆိုရင် ဒီပြည်နယ်မှာ ပထမဦးဆုံး နှင်းများများကျတဲ့ အတွက်တဲ့၊ အားလုံးကို ပီဇာ ၀ယ်ကျွေးလိုက်သေးတယ်။ တတ်လဲ တတ်နိုင်တဲ့ လူတွေ။
အိမ်ကိုရောက်တော့ ရေကို ကမန်းကတန်းချိုး၊ ဘဏ်ကိုသွားဖို့ ပြင်ဆင်ရပြန်တယ်။ ဒီမှာ ကျနော် တခု သဘောကျတာ ရှိပါတယ်။ ဘတ်စ်ကားတွေက သူ့အချိန်နဲ့သူ မှတ်တိုင်တွေကို ရောက်တော့ အခုလို အေးခဲလွန်းလှတဲ့ ဆောင်းရာသီမှာ အဆင်ပြေပါတယ်။ နို့မို့ရင် ဘယ်အချိန်ရောက်မယ်မှန်း မသိတဲ့ ဘတ်စ်ကားကို ခိုက်ခိုက်တုန်အောင် အေးလွန်းတဲ့ ဒီလိုအချိန်မှာသာ စောင့်နေရရင်တော့ မသက်သာလှပါဘူး။ အခုတော့ ဘတ်စ်ကားရောက်ဖို့ ငါးမိနစ်အလိုလောက်မှ အိမ်ကနေ ကားဂိတ်မှာ ထွက်ရပ်စောင့်ရင် အိုကေပါတယ်။ ဒီတပတ်ရတဲ့ လုပ်ခကိုတော့ အိမ်ငှားခပေးရဦးမှာမို့ ဒိုင်စားတဲ့ အပတ်လို့ လောင်းကစား ဆန်ဆန် တွေးမိပါတယ်။
အလုပ်ပိတ်ပီလားဆိုရင် အိမ်မှာ အေးအေးဆေးဆေး ဘယ်လိုမှ နေလို့မရတာကလဲ ပြသနာတခုလိုပါ။ ကိုယ့်ကို လာခေါ်ရင်ခေါ်၊ မခေါ်အိမ်မှာ ၀ိုင်းဖွဲ့ရင်ဖွဲ့နဲ့ ကျနော်ကိုယ်တိုင်ကလဲ အဲဒီ ပြသနာကိုပဲ လိုလိုလားလားကြီးကို ပျော်မွေ့နေတော့လဲ အခက်သား။ ဒီလိုနဲ့ ရုံးပိတ်ရက်တွေက အလုပ်လုပ်တဲ့ ရက်တွေထက်တောင် ပိုပင်ပန်းလေ့ ရှိပါတယ်။ အိပ်ချိန်မမှန်၊ စားချိန်မမှန်၊ ဆုံးမမယ့်သူမရှိတိုင်း ကလေးမဟုတ် ဘာမဟုတ် ပျော်ပျော်ကြီးကို မူးရူးလေ့ ရှိပါတယ်။
ပိတ်ရက် နှစ်ရက်တာကတော့ ပြီးသွားပြန်ပီပေါ့။ နက်ဖန် မနက်ဆိုရင် အမြဲတမ်းဆူညံနေတတ်တဲ့ အလုပ်ရုံကို မချစ်မနှစ်သက်စွာနဲ့ ရှစ်နာရီကြာ သွားနေရဦးမယ်။ အပြင်ကို လှမ်းကြည့်တော့ နှင်းကျထားလို့ ဖွေးပြီးချောနေတဲ့ ကုန်းဇောင်းမှာ လျှောစီးတမ်း ကစားနေတဲ့ ကလေး တချို့ကို တွေ့ရတယ်။ အပူအပင် ကင်းမဲ့လိုက်ကြတာ။ ပျင်းပျင်းရှိတာနဲ့ သီချင်းနားထောင်မယ် တွေးပြီး မြန်မာသီချင်းခွေ တချပ် စက်ထဲထည့်လိုက်တော့ ပထမဆုံး ပေါ်လာတာက “ နိုင်ငံရေး ဦးတည်ချက် (၄)ရပ်” တဲ့။ လိုလိုလားလားကြီးကိုပဲ Next ခလုတ်ကို နှိပ်ပစ်လိုက်တယ်။
ကလိုစေးထူး
|
3 comments:
ချက်ဘူးလား
လာကြွားနေတယ်
ဆင့်၅၀လေးကိုပဲ
မရှက်လို့ ကြွားတာပေါ့ကွ.. ကြည့်ရတာ မနာလိုဖြစ်နေပုံပဲ… :P
နှင်းဖွေးဖွေး လမ်းကလေးမှာ လျှောက်ချင်လိုက်တာ။ နှင်းတွေထဲ ဇွိဇွိနဲ့လဲ နင်းကြည့်ချင်တယ်။ လမ်းဘေးက ယုန်လေးတွေလဲ ကြည့်ချင်ပါဘိ။
ကိုသံလွင်က မြင်ကွင်းကို မျက်စိထဲ မြင်ယောင်အောင် ရေးတတ်တယ်။
နောက်ပီး ကိုသံလွင် ကျမကိုပဲ ခဏခဏ ပြောနေတယ်နော် ... ကျမ စာရေးရင် ထုတ်ဝေသူလုပ်မယ်လို့။
ကိုသံလွင်စာရေးဆရာလုပ်မယ်ဆိုရင် … ကျမ ထုတ်ဝေသူ ရှာပေးပါမယ်။ ကိုယ်တိုင်တော့ မထုတ်ရဲဘူး .. :P
Post a Comment