Thursday, December 14, 2006

ကျနော်... သီချင်း.. ဂစ်တာ..

သီချင်းတွေ ရေးပြီး သံစဉ်ဖော်နေကျ ဂစ်တာလေးကို သူ့ပိုင်ရှင်က ကျနော့်ဆီကနေ မနေ့က လာပြန် ယူသွားပါတယ်။ အဲဒါနဲ့ပဲ ရေးလက်စ ခရစ်စမတ် သီချင်းလေးလဲ သံစဉ်မဲ့စွာနဲ့ စာသားသက်သက် ဖြစ်နေတာပေါ့။ ဂစ်တာဝယ်မှ ဖြစ်တော့မှာပါလို့ တွေးမိရင်း ကျနော်တယောက် ဂီတနဲ့ ပတ်သက်လို့ အရူးအမူးဖြစ်ခဲ့တာတွေကို ပြန်သတိရလာပါတယ်။

ကျနော်တို့ မိသားစုမှာ ဖေဖေနဲ့ မေမေက သီချင်းတွေကို တော်တော်နှစ်သက်တတ်ပါတယ်။ ကျနော်ငယ်ငယ်က ဖေဖေက သူ့အသံသြသြနဲ့ ဟင်္သာတ အောင်တင်ဝင်းရဲ့ သီချင်းတွေ မကြာခဏ ဆိုညည်းတတ်ပါတယ်။ မေမေကရော ဘာထူးသေးလဲ၊ ရေဒီယိုမှာ လာတဲ့သီချင်း တော်တော်များများကို မြတ်မြတ်နိုးနိုးနဲ့ကို လိုက်ဆိုတတ်လေ့ ရှိပါတယ်။ ဖေဖေနဲ့ မေမေ ကက်ဆက်ခွေထဲမှာ အသံသွင်းပြီး ကျနော်တို့ တတွေနဲ့ သီချင်းတွေ ဆိုခဲ့တာ မှတ်မိပါသေးတယ်။

ကျနော် စတီရီယို သီချင်းကို ပထမဆုံး နားထောင်ဖူးတာကတော့ ကိုမွန်းအောင်ရဲ့ လွမ်းရတဲ့ညတွေ လွန်ပါစေ ဆိုတဲ့ ခွေပါ။ အသံအေးအေးနဲ့ အဲဒီ သီချင်းတွေကိုတောင် ဖေဖေကတော့ အဲဒီတုန်းက မကြိုက်လို့ဆိုပြီး တခြားခွေနဲ့ လဲပစ်ပါတယ်။ ကျနော့်စိတ်ထင် ကျနော် စတီရီယို သီချင်းတွေကို စပြီးကြိုက်ခဲ့တာ ကိုမွန်းအောင်ခွေကလို့ပဲ ထင်ပါတယ်။

ဂစ်တာပိုးထခဲ့တာက ကိုးတန်းနှစ်မှာပါ။ မေမေက ကျနော် စာကြည့်စားပွဲရှေ့ထိုင်နေရင် စာကျက်နေတယ်၊ ဒါမှမဟုတ် သင်္ချာတွက်နေတယ်လို့ ထင်ပြီး တခြားအိမ်အလုပ်တွေ ဘယ်သောအခါမှ ခိုင်းလေ့ မရှိပါဘူး။ တကယ်တော့ ကျနော်က သူငယ်ချင်းတွေဆီက ငှားလာတဲ့ သီချင်းစာအုပ်တွေထဲက သီချင်းတွေကို စာအုပ်ထူထူ တအုပ်နဲ့ ကူးနေတာပါ။ နောင်တချိန် ဂစ်တာတီးတတ်ရင် တီးနိုင်အောင်လို့ ရည်ရွယ်ပြီး ဂစ်တာ လက်ကွက်တွေကိုပါ ကူးတာပါ။ အဲဒီတုန်းက ကျနော် ကူးခဲ့တာ အပုဒ်ရေ ငါးရာလောက် ကျော်မယ် ထင်ပါတယ်။ နောက်တော့ မေမေသိသွားပါတယ်။ ထုံးစံအတိုင်း အရိုက်ခံရတာပေါ့။

တနေ့မှာတော့ ဗီဒီယိုသွားကြည့်ပြီး အပြန်မှာ အတန်းထဲက သူငယ်ချင်းတွေရဲ့ လမ်းဘေးအုတ်ခုံ ဂစ်တာဝိုင်းကို ထိုင်မိပါတယ်။ သီချင်းတွေ ဟိုဟိုဒီဒီ ဆိုကြရင်းနဲ့ သူငယ်ချင်းတယောက်က ကျနော့်ကို မင်း၊ အခုလာမယ့် တန်ဆောင်တိုင်မှာ စတေ့ရှိုးဆိုမလားလို့ ပြောတော့ ဘာရမလဲ၊ ကျနော်ကလဲ ဖိုးကျိုင်းတုတ်ပေါ့ မနက်ဖန်ပဲ အဆိုတော်ဖြစ်တော့မလိုလို အားတက်သရောနဲ့ ဆိုမယ်ကွာလို့ ပြော၊ အိမ်ရောက်တာနဲ့ ဆိုဖို့ သီချင်းရေး တော့တာပါပဲ။ အဲဒီတုန်းကတော့ ဂစ်တာ မတီးတတ်သေးတော့ ကိုအက်စ်ကဲနက်ရဲ့ ပန်းမေ့ဆေး သီချင်းအလိုက်နဲ့ ကျနော့်စာသား ကော်ပီ သီချင်းတက်ဆိုခဲ့တာပါ။ သီချင်းဆိုတဲ့ ဆုလာဘ်ကတော့ အဲဒီ စတေ့ရှိုးပွဲလဲ ပြီးရော မေမေက ကျနော့်ကို ရက်တော်တော်ကြာကြာ စကားမပြောပဲနေတဲ့ အပြစ်ပေးတာပါပဲ။

အဲဒီလိုနဲ့ သီချင်းရူး၊ အဆိုတော်ရူး လုပ်လိုက်တာ ဆယ်တန်းကို ဘုန်းကနဲနေအောင် တနှစ်ကျသွားပါတယ်။ ဆယ်တန်း ဒုတိယနှစ် တက်တော့ မေမေက ဒီနှစ်တော့ အဲဒါကို အောင့်ထားလိုက်ပါ သားရယ်လို့ ချော့ချော့ မော့မော့ ပြောရှာပါတယ်။ ဒါတောင် မေမေ လစ်ရင် လစ်သလို ဂစ်တာတီး သင်လိုက်တာ ဟိုတပုဒ် ဒီတပုဒ် တီးတတ်လာပါတယ်။ ကျောင်းပိတ်ခါနီး ခရစ်စမတ်ပွဲအနေနဲ့ ကျောင်းစတေ့ရှိုးလုပ်တော့ မနေနိုင်လွန်းတာနဲ့ မေမေမသိအောင် ဟော်လိုဂစ်တာတွေနဲ့ သီချင်းခိုးတိုက်ပါတယ်။ မေမေက ကျနော် သီချင်းတက်ဆိုမှာစိုးလို့ ရှက်ပြီး မဆိုရအောင်ဆိုပီး ကျနော့်ကို ကတုံးတုံးထားပါတယ်။ ဒါပေမယ့် ပွဲလုပ်တဲ့နေ့မှာတော့ ကျနော်တယောက် ကတုံးပြောင်ကြီးနဲ့ သီချင်းဆိုရင်းနဲ့ စင်အောက်က မေ့မေ့ကို မရဲတရဲ လှမ်းကြည့်တော့ မေမေမျက်ရည်တွေ အ၀ဲသားနဲ့ ကြည့်နေပါတယ်။ စင်ပေါ်က ဆင်းလာတော့ ကျနော့်ကို ပြုံးပြီး ကဲ၊ ဘယ်လိုလဲ ကျေနပ်ပြီလားလို့ မေးပါတယ်။ အဲဒီနှစ်က ကျနော် ဆယ်တန်းအောင်ခဲ့ပါတယ်။ ကြိုးစားပမ်းစားနဲ့ကို ဓာတုဗေဒ အောင်မှတ် လေးဆယ်ရအောင် နှစ်နှစ်ကြီးများတောင် ဖြေခဲ့ရပါတယ်။

ဆယ်တန်းအောင်စာရင်းထွက်ပြီး တလလောက်အကြာမှာ ဖေဖေကျနော်တို့မြို့ကို ပြန်အလာမှာတော့ ကျနော် သိပ်လိုချင်ခဲ့တဲ့ ဂစ်တာဝယ်လာပါတယ်။ စမ်းချောင်းကနေ သူကိုယ်တိုင် သေချာ အော်ဒါမှာလာတာလို့ ပြောပါတယ်။ သီချင်းစာအုပ် တချို့ပါ ၀ယ်လာပါသေးတယ်။ ပျော်လွန်းလို့ အဲဒီညကဆို ကျနော် အိပ်လို့တောင်မပျော်ပါဘူး။ ကျနော် ဂစ်တာတီးနေတဲ့ ပုံတွေကို ဖေဖေက ဓာတ်ပုံရိုက်ထားပါသေးတယ်။ အခုတော့ အဲဒီဂစ်တာလေးလဲ အတော်အိုလှပါပြီ။ အိမ်မှာ ဒီအတိုင်းထားခဲ့တာ ဆွေးများဆွေးနေမလားတောင် မသိပါ။ အဲဒီ ဂစ်တာနဲ့ ဟိုရေး ဒီရေး ရေးခဲ့တဲ့ သီချင်းလေးတွေလဲ အိမ်မှာပဲ ဒီတိုင်း ကျန်ခဲ့ပါတယ်။

မြန်မာပြည်မှာ ကာရာအိုကေတွေ ခေတ်စားလာတော့လဲ ကျနော် တော်တော် အရူးထလိုက်ပါသေးတယ်။ လိုက်ဆိုရုံ အရူးထတာ မဟုတ်ပါဘူး။ ကြိုက်တဲ့ သီချင်းတွေကို ရွေး၊ ပြီးရင် ကက်ဆက်ခွေနဲ့ အသံသွင်း၊ ခင်တဲ့ သူငယ်ချင်းတွေကို နားထောင်ချင်မှန်းမသိ၊ မထောင်ချင်မှန်းမသိ ဖွင့်ပြနဲ့ သူငယ်ချင်းတွေ ခမျာမှာ ကျနော့်ဒဏ်ကို အတော်ခံရပါတယ်။ အဲဒီအတွက်လဲ ငွေတော်တော်ကုန်ခဲ့ပါတယ်။

တကယ်တော့ သီချင်းတွေဟာ ကျနော့်အတွက်တော့ စိတ်ရဲ့ ထွက်ပေါက်ပါ။ ငယ်ငယ်က အရိုက်ခံရလို့ အရမ်း ၀မ်းနည်း ငိုကြွေးခဲ့ရရင်လဲ သီချင်းနားထောင်ရရင် ကျနော် စိတ်ပြေပါတယ်။ အခု အရွယ်ရောက်လာတော့လဲ စိတ်ညစ်တာကို သီချင်းနားထောင်ရင်း၊ အော်ဆိုပစ်ရင်းနဲ့ ဖြေဖျောက်ပစ်ရပါတယ်။ ဟိုရေး ဒီရေး ချရေးဖြစ်တဲ့ သီချင်းတွေကျတော့လဲ စိတ်ခံစားချက်ရဲ့ ထွက်အံလာတဲ့ စကားသံစဉ်တွေ ဖြစ်မလားပါပဲ။

အခုလောလာဆယ်တော့ သံစဉ်မရှိသေးတဲ့ ခရစ်စမတ် သီချင်းစာသားလေးတွေက သူ့အတွက် သံစဉ်ကို စောင့်မျှော်နေတယ်။ ဂစ်တာ မရှိလဲ ရှာကြည့်မယ်ကွာ ဆိုပြီး လိုက်ညည်းမိပါတယ်။ ~~~ ဆောင်းနှင်း ဖွေးဖွေး အအေးဓာတ်နဲ့ အတူ ~~~~ ခရစ်စမတ် ရောက်ခဲ့ပြီ ~~~။ ~~~ လာပါသူငယ်ချင်း ~~~ တို့အတူ ဆုံကာရယ် ~~~ လောကသားတို့ အေးချမ်းဖို့အတွက် ~~~ တောင်းဆုပြုလို့ရယ်~~ ။ ပျော်ရွှင်စွာနဲ့ ~~~ သီချင်းတွေ ဆိုကြမယ်။ ကဲ.. ဂစ်တာ ၀ယ်ဖြစ်မှ သီချင်းဖြစ်အောင် သံစဉ်ရှာတော့မယ်ဗျာ။ အားလုံး ကျေးဇူးပါ။


ကလိုစေးထူး

4 comments:

Maydarwii said...

ဂစ်တာဝယ်ပြီးပြီလားဗျို့ …
သီချင်းဘယ်တော့နားထောင်ရမှာလဲ … :P

Steve Evergreen said...

it's sensational.

Steve Evergreen said...

it's sensational.

Steve Evergreen said...

it's sensational.