Tuesday, January 02, 2007

လမင်းကြီး သိပါတယ်...

ဒီနေ့ လဆန်း(၂)ရက်နေ့ ဆိုတော့ အလုပ်က ပြန်ရောက်တာနဲ့ အိမ်လခ သွားပေးဖြစ်ပါတယ်။ အိမ်ငှားရုံးရောက်တော့ ရုံးက အဖိုးကြီးနဲ့ လေပေါနေတာနဲ့ နည်းနည်းကြာသွားပါတယ်။

အိမ်အပြန်မှာတော့ မိုးချုပ်စပြုနေပါပြီ။ ချမ်းချမ်းအေးအေးးနဲ့ လမ်းလျှောက်လာရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိတော့ လမင်းကြီးကို ကြည်လင်စွာ တွေ့လိုက်ရတယ်။ တကယ်ပါ၊ ဒီနိုင်ငံရောက်တဲ့ တနှစ်ကျော် အတွင်းမှာ ဒီတခါပဲ လမင်းကို ကြည်ကြည်လင်လင် တွေ့ဖူးပါသေးတယ်။ ကောင်းကင်မှာ မိုးရိပ်၊ လေရိပ် လုံးဝမရှိတဲ့ အခိုက်နဲ့ အခုလို ကြုံကြိုက်တဲ့ အခိုက်မှာ ၀ိုင်းစက်နေတဲ့ လမင်းကို တွေ့လိုက်တော့ စိတ်ထဲမှာလဲ အလိုလို ကြည်လင်လာသလို ဖြစ်သွားပါတယ်။ အိမ်ရောက်တော့ သေချာအောင်လို့ မြန်မာပြက္ခဒိန်ကို လှန်ကြည့်လိုက်တော့ ဒီနေ့ ပြာသိုလပြည့်နေ့ကိုး။

လပြည့်နေ့ဆိုတော့ လပြည့်နေ့နဲ့ ပတ်သက်တဲ့ စာတပုဒ်ရေးမှပဲလို့ စိတ်ကူးမိပါတယ်။ ဟိုဘက်က မမေဓာဝီကလဲ ပုံပြင်မပြောတာ ကြာပြီဆိုတော့ သူ့အလစ်မှာ သူ့စိတ်ကူးကို ခိုးချပြီး ကျနော်လဲ ကျနော့်ဖေဖေ ပြောဖူးတဲ့ လပြည့်ညနဲ့ ပတ်သက်တဲ့ ပုံပြင်တပုဒ်ကို ပြောပြချင်ပါတယ်။ နားထောင်မကောင်းရင်လဲ သည်းခံပြီးသာ နားထောင်ပေတော့ …။ :D

ပုံပြင်လေး နာမည်က `လမင်းကြီး သိပါတယ်´ တဲ့။

***
တခါတုန်းကပါ။ တောရွာဇနပုဒ်လေး တခုမှာ မောင်ရွှေနဲ့ မောင်မြဆိုတဲ့ ဆင်းရဲလှတဲ့ သူငယ်ချင်း နှစ်ယောက် ရှိသတဲ့။ ဇနီးမယား ကိုယ်စီနဲ့ သူတို့ နှစ်ယောက်ဟာ ဆင်းရဲလွန်းတဲ့ ဘ၀က လွတ်မြောက်ချင်တော့ စီးပွားရေး ကောင်းမွန်တဲ့ တနယ်တကျေးမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ အချင်းချင်း တိုင်ပင်ကြသတဲ့။ သူများရပ်ရွာမှာ အတူတူ စီးပွားသွားရှာကြမယ်၊ ပြီးတော့ ရသမျှ အသပြာငွေကို စုဆောင်းကြလို့ ရည်မှန်းချက်ပြည့်တဲ့နေ့မှာ အဲဒီငွေတွေနဲ့ အရင်းအနှီးပြုလို့ မိမိရပ်ရွာမှာ ပြန်လည်လုပ်ကိုင် စားသောက်ကြမယ် ဆိုတဲ့ အိပ်မက် စိတ်ကူးတွေနဲ့ပေါ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ဇနီးမယားတွေကို နေရပ်မှာ ထားရစ်ခဲ့ပြီး စီးပွားရေး ကောင်းမွန်တဲ့ တရပ်တကျေးကို ထွက်ခဲ့ကြသတဲ့။

လူဆိုတာက စိတ်အမျိုးမျိုး အထွေထွေ ရှိလေတော့ ဆင်းရဲတာခြင်း အတူတူ မောင်မြက ဆင်းရဲတွင်းက လွတ်အောင် သူများရပ်ရွာမှာ အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး ရသမျှ အသပြာငွေကို စုဆောင်းပေမယ့် မောင်ရွှေကတော့ ရေသာခို၊ အချောင်လိုက်ချင်တဲ့ စိတ်ကလေးကလဲရှိ၊ အသောက်အစား လောင်းကစားကလဲ ဖက်သေးတော့ မစုဆောင်းမိဘူးပေါ့။ ဒီလိုနဲ့ အိမ်ကထွက်လာတဲ့ သုံးနှစ်အကြာမှာ မောင်မြက မောင်ရွှေကို ဒီလိုပြောသတဲ့ …။

`မောင်ရွှေရေ´
` အေး၊ ပြောလေ သူငယ်ချင်း မောင်မြ´
` ငါတို့ ရောင်းရင်း နှစ်ယောက် ရွာကနေ ထွက်လာတာလဲ သုံးနှစ်ကြာခဲ့ပြီ။ ငါ့မလဲ စုဆောင်းထားတဲ့ ငွေအသပြာလေး အတန်အသင့်လဲ ရှိလာပြီဆိုတော့ ငါတော့ မွေးရပ်ကို ပြန်ပြီး အခြေချချင်တယ် သူငယ်ချင်းရာ၊ အိမ်မှာ ကျန်နေခဲ့တဲ့ မိန်းမကိုလဲ လွမ်းလှပြီကွ၊ ဒါနဲ့ မင်းရော ဘယ့်နှယ့်လဲကွ၊ အတော်စုဆောင်းမိပလား´

တကယ်တော့ လူသိမ်လူဖျင်း မောင်ရွှေဟာ ခြူးတပြားမှ မစုဆောင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မောင်မြက အခုလို တိုင်ပင်တဲ့ အချိန်မှာ သူ့စိတ်ထဲကို ကောက်ကျစ်တဲ့ အတွေးတခုက ၀င်လာတော့ အခုလို ပြန်ဖြေသတဲ့။

`အေး၊ ငါလဲ ထိုက်သင့်သလောက်တော့ စုဆောင်းမိပါတယ် သူငယ်ချင်းရ၊ မင်းပြန်ချင်ပြီဆိုလဲ ငါတို့ ပြန်ကြတာပေါ့´

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ မွေးရပ်မြေကို ပြန်ခဲ့ကြတာပေါ့။ မောင်မြမှာတော့ စုဆောင်းလာတဲ့ ငွေအသပြာတွေနဲ့ မျှော်လင့်ချက် တပုံတပင် ပါလာပေမယ့် မောင်ရွှေဆိုတဲ့ သကောင့်သားကတော့ ကောက်ကျစ်စဉ်းလဲမှုတွေသာ ရင်ထဲမှာ ပါလာသတဲ့။ ဒီလိုနဲ့ လမ်းခုလတ် တနေရာ အရောက်မှာ ညမိုးချုပ်လာတာနဲ့ ညအိပ်ရပ်နားကြရသတဲ့။

အဲဒီညမှာ လမင်းကြီးကလဲ ထိန်ထိန်သာနေခဲ့ပါတယ်။ ရိုးသားတဲ့ မောင်မြဟာ သူ့သူငယ်ချင်းကို ယုံကြည်စိတ်ချစွာနဲ့ အေးမြတဲ့ လရောင်အောက်မှာ ပါလာတဲ့ ငွေအသပြာထုပ်ကို ခေါင်းအုံးပြီး အိပ်မောကျနေမေယ့် အကြံသမား မောင်ရွှေကတော့ မအိပ်နိုင်သေးပါဘူး။ မောင်မြအိပ်ပျော်တာ သေချာအောင် စောင့်နေရင်း မအိပ်နိုင်ဘူးလေ။ မောင်မြ အိပ်ပျော်နေတာ သေချာလောက်ပြီလဲ ထင်ရော သူ့အကြံအတိုင်း မောင်မြကို ဓားနဲ့ ခုတ်သတ်ဖို့ ကြံစည်တော့တာပေါ့။

မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့် လန့်နိုးလာတဲ့ မောင်မြဟာ သူ့ကို သတ်ဖို့ ဓားမိုးထားတဲ့ မောင်လှကိုတွေ့တော့ အံ့အားလဲသင့်၊ ထိတ်လဲ ထိတ်လန့်သွားသတဲ့။ အဲဒါနဲ့….။

`ဟင်၊ သူငယ်ချင်း၊ မောင်ရွှေ၊ မင်းငါ့ကို သတ်မလို့လား´
`အေး၊ ဟုတ်တယ်၊ တကယ်တော့ ငါ့မှာ ငွေအသပြာ တပြားမှ မစုဆောင်းမိဘူး၊ အဲဒီတော့ မင်းကို သတ်ပြီး မင်းရဲ့ အသပြာငွေတွေကို ယူသွားမှ ငါရွာပြန်ဖို့ လူလုံးလှမှာ´
`မသတ်ပါနဲ့၊ သူငယ်ချင်းရာ၊ ငါ့မှာပါတာကို တယောက်တ၀က် ခွဲယူလေ´
`ငါဆုံးဖြတ်ပြီးပြီ၊ သတ်ကို သတ်ရလိမ့်မယ်၊ တ၀က်နဲ့လဲ မကျေနပ်နိုင်ဘူး´

မောင်မြက ထပ်တလဲလဲ တိုးလျှိုးတောင်းပန်ပေမယ့် ယုတ်မာလှတဲ့ မောင်ရွှေကတော့ တွင်တွင်ငြင်းပါတယ်။ ဒီလိုနဲ့ ဘယ်လိုမှ တောင်းပန်လို့ မရတဲ့ အဆုံးမှာတော့….။

`ကဲ၊ မောင်ရွှေ၊ မင်းငါ့ကို သတ်လိုက သတ်ပါတော့၊ ဒါပေမယ့် ငါ့ကို တခုပဲ လိုက်လျောပေးပါ´
`ဘာကို လိုက်လျောရမလဲ´
`ငါ့ကို ကွမ်းတယာညက်လောက် အချိန်ပေးပြီး ဟောဟိုက သာနေတဲ့ လမင်းကြီးနဲ့ စကားပြောခွင့်ပေးပါ´
`ဟ.. မင်းအရူးပဲ၊ လမင်းနဲ့ စကားပြောလို့ ရလို့လားကွ´
`ငါပြောတဲ့ အတိုင်းသာ ခွင့်ပြုပေးပါ သူငယ်ချင်း´
`ကဲ.. ပြောကွာ´

အဲဒီလိုနဲ့ ထိန်နေအောင်သာနေတဲ့ လမင်းကြီးရဲ့ အလင်းရောင်ကို မော့ကြည့်ရင်း မောင်ရွှေရဲ့ ဓားသွားအောက်က မောင်မြဟာ အခုလို တိုင်တည်သတဲ့..။

`လမင်းကြီး ခင်ဗျာ၊ မောင်ရွှေဟာ အခုဆို ကျနော့်ကို သတ်ပြီး ငွေအသပြာတွေကို ယူလို့ မွေးရပ်မြေကို ပြန်ပါတော့မယ်၊ ကျနော်ဟာ သူ့အပေါ်နဲ့ တကွ အားလုံးအပေါ် ရိုးသားခဲ့ပါတယ်။ ဒီသစ္စာစကားကြောင့် အခုလို မောင်ရွှေက ကျနော်မျိုးအပေါ် ကောက်ကျစ်ရက်စက်တာတွေကို ကျနော့်အိမ်သူနဲ့တကွ ရွာသူရွာသား အားလုံးကို လမင်းကြီးက ပြောပြပေးပါခင်ဗျာ´

မောင်မြရဲ့ အဲဒီသစ္စာ တိုင်တည်စကားအပြီးမှာပဲ အေးမြတဲ့ လရောင်အောက်မှာ ရက်စက်ယုတ်မာတဲ့ သွေးစွန်းမှုနဲ့ အတူ မောင်ရွှေဟာ မောင်မြကို အဆုံးစီရင်ပစ်လိုက်တယ်။ အဲဒီနောက်မှာတော့ မောင်မြရဲ့ ငွေအသပြာတွေကိုယူလို့ မွေးရပ်ကို ကျော့ကျော့လေး ပြန်တော့တာပေါ့။

ရွာကိုပြန်ရောက်တော့ မောင်မြဟာ တပါးသူရပ်ရွာမှာ သောက်စားမူးယစ်ပြီး ငွေလဲ အခုထိမစုဆောင်းနိုင်သေးကြောင်း၊ သူ့ကို ရွာပြန်ဖို့ ခေါ်တာလဲ မလိုက်တဲ့ အတွက် ထားခဲ့ရကြောင်း သွားပုပ်လေလွင့် ပြောပြီး သူကတော့ မောင်မြရဲ့ ငွေအသပြာတွေကို ဇနီးမယားကို အပ်လို့ စီးပွားရေး ကောင်းကောင်းကြီး လုပ်တော့တာပေါ့။

မောင်ရွှေဟာ လပြည့်နေ့တွေ ရောက်ပလားဆိုရင် ထိန်ထိန်သာနေတဲ့ လမင်းကိုကြည့်ပြီး အမြဲပဲဟားတိုက် ရယ်မောလေ့ရှိတယ်။ ကြာလာတော့ မောင်ရွှေရဲ့ မယားက ဒါကို သတိထားမိတာပေါ့။ အဲဒီလိုနဲ့ လပြည့်ည တညအရောက်မှာ မောင်ရွှေနဲ့ သူ့မယားဟာ အိမ်ရှေ့က ကွပ်ပျစ်ကလေးမှာ လဲလျောင်း လေညှင်းခံရင်းနဲ့ သာနေတဲ့ လမင်းကြီးကို ကြည့်ပြီး မောင်ရွှေက ရယ်မောပြန်သတဲ့။ အဲဒီလိုရယ်တာကို မြင်ဖန်များလာတဲ့ သူ့မယားက မောင်ရွှေကို မေးတော့တာပေါ့။

`မောင်ရွှေ၊ သင်ဟာ ဟိုးတရပ်တရွာက ပြန်လာပြီးကတည်းက လပြည့်နေ့ရောက်တိုင်း လမင်းကြီးကို ကြည့်ပြီး အမြဲလိုလို ရယ်မောတာ ဘာကြောင့်လဲ၊ ကျမသိချင်လှတယ်´
`လမင်းကြီးကို ကြည့်ရတာ ရယ်ချင်စရာကောင်းလို့ပါ မိန်းမရာ´
`မဟုတ်နိုင်ဘူး၊ သင့်မှာ အကြောင်းတခုခု ရှိလို့ ရယ်တာပဲ ဖြစ်ရမယ်၊ လမင်းက ဘာများရယ်စရာ ကောင်းနေလို့လဲ´
`ဒါကတော့ ငါပြောပြလို့ မရဘူးကွ၊ ဒါပေမယ့် ရယ်ချင်စိတ်ကိုတော့ ထိန်းလို့မရဘူး´

အဲဒီလို မောင်ရွှေက ပြောပြဖို့ ငြင်းဆန်နေပေမယ့် သူ့မိန်းမကတော့ ငြင်းဆန်လေ ပိုသိချင်လာလေလော ဆိုတော့ မရမကမေးတော့တာပေါ့။ နောက်ဆုံးမှာတော့ မောင်ရွှေဟာ ဘယ်သူ့ကိုမှ မပြောပြဖို့ သူ့မိန်းမကို ကတိအထပ်ထပ်တောင်းပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်ပါလေရောတဲ့။

…………………….
………………………….
……………………………..
`ကဲ.. အဲဒါပါပဲကွာ၊ မင်းပဲ စဉ်းစားကြည့်စမ်းပါအုံး မိန်းမရာ၊ လမင်းက စကားပြောတတ်မလားကွ၊ ငါက အဲဒါကို ပြန်စဉ်းစားမိတိုင်း ရယ်ချင်နေလို့ပါကွာ´

မောင်ရွှေအတွက် ရယ်ချင်စရာဖြစ်နေတဲ့ မောင်မြရဲ့ တိုင်တည်မှုဟာ အဲဒီမှာတင် အကောင်အထည်ပေါ်တော့တာပါပဲ။ မောင်ရွှေရဲ့ မယားဖြစ်သူဟာ ကောက်ကျစ်လှတဲ့ သူ့ခင်ပွန်းကို အဲဒီမှာတင် အရွံကြီး ရွံသွားပြီး နောက်တနေ့မှာ မောင်ရွှေမသိအောင် ရွာလူကြီးနဲ့ တကွ မောင်မြရဲ့ ဇနီးကိုပါ ဒီအကြောင်းတွေကို ပြောပြလိုက်ပါလေရောလား..။

အဆုံးသတ်မှာတော့ မကောင်းမှုဆိုတာဟာ ဆိတ်ကွယ်ရာ ဆိုသလိုပါပဲ။ လမင်းကြီးကို မောင်မြက တိုင်တည်ခဲ့တာဟာ လမင်းကြီးဆီက တဆင့်ပဲ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ယုတ်မာလှတဲ့ မောင်ရွှေဟာ နောက်ဆုံးမှာတော့ သူယုတ်မာခဲ့တဲ့ အပြစ်ဒဏ်အတိုင်း ခံရပါတော့တယ်။
***

ဒီပုံပြင်ကို လသာနေတဲ့ လပြည့်ညတညမှာ ကျနော်တို့ ညီအကိုကို ဖေဖေ တကယ်ပဲ ပြောပြခဲ့တာပါ။ ပုံပြင်ပြောပြခဲ့တဲ့ ဖေဖေ့ရဲ့ ဒီပုံပြင်ဟာ အဲဒီကတည်းကနေ အခုထိတိုင်အောင် မမေ့နိုင်ယုံမက ကြုံကြိုက်တိုင်းမှာ သူငယ်ချင်းတွေကို ကျနော် ပြန်ပြောပြတတ်ပါတယ်။ အခုလဲ လမင်းကြီး သာနေတာကို တွေ့တော့ ဒီပုံပြင်ကို သတိရမိတာနဲ့ ပြောပြမိတာပါ။ အားလုံး အေးမြတဲ့ ပြာသိုလပြည့်ညနဲ့ အတူ သာယာပျော်ရွှင်ကြပါစေဗျာ.။

ကလိုစေးထူး
ဇန်န၀ါရီလ (၂) ရက်၊ ၂၀၀၇ ခုနှစ်။
ည ကိုးနာရီခွဲ

2 comments:

Anonymous said...

ကိုကြီးရေ ဒီပုံပြင်လေးအတွက်ကျေးဇူးပါနော်
ပုံပြင်လေးက တကယ်ကိုကောင်းပါတယ်
ပညာရပါတယ် ဖြစ်နိုင်ရင်ပုံပြင်လေးတွေပြောပြနော်
ကျေးဇူးကိုကြီး

Maydarwii said...

ကိုသံလွင်လဲ ပုံပြောကောင်းတာပဲကိုး ..
ကိုသံလွင် မြန်မာပြည်ပြန်လာလို့ မဂ္ဂဇင်းထုတ်ရင် ဦးဦးပုံပြောမယ် ကဏ္ဍထည့်ပြီး ကိုယ်တိုင်ရေးပေါ့ … ၀င်းဦး စတိုင်လေ။ :P
ပုံပြောကောင်းတဲ့ ဦးဦးကို ညီမလေးတွေက အားပေးနေကြပြီ …
နောက်ထပ် ထပ်ပြောပါအုံး …