ဒီနေ့တော့ ကျနော် သရုပ်ဖော် စာတပုဒ်ကြိုးစား ရေးကြည့်ထားပါတယ်။ ၀တ္တုတိုလဲ မဟုတ်၊ အက်ဆေးလဲမဟုတ် ဘာမှန်းမသိတဲ့ သရုပ်ဖော်စာတပုဒ်ပါ။ သင်္ဘောနဲ့ သွားခဲ့ရတဲ့ ခရီးစဉ်တခုကို ပုံဖော်ကြည့်တာပါ။ မော်လမြိုင်-မုတ္တမ ဇက်ကူးသင်္ဘောနဲ့ ခရီးသွားရတဲ့ အကြောင်းပေါ့။ ၁၉၉၉ ခုနှစ်လောက်က မြင်ကွင်းကို ခံစား ပုံဖော်ပါတယ်။ ဖတ်ကြည့်ပေးပါအုံး။
သမိန်ဗရမ်းနှင့် အတူ…
***
‘ကဲ.. ရောက်ပါပြီ။ ဈေးကြီးကို´
ကားစပယ်ရာလေးရဲ့ ခပ်ကျယ်ကျယ်အော်သံကြောင့် ငိုက်မြည်းနေတဲ့ ကျနော်တယောက် လန့်နိုးသွားပါတယ်။ ကျိန်းစပ်စပ်ဖြစ်နေတဲ့ မျက်လုံးကို ပွတ်သပ်ရင်း ကားပေါ်က ဆင်းလိုက်တော့ ပျားပန်းခတ် လှုပ်ရှားနေကြတဲ့ လူတွေနဲ့ မော်လမြိုင်ဈေးကြီးက ကျနော့်ကို မသိချင်ယောင်ဆောင်နေပါတယ်။ ဈေးသည်၊ ဈေးဝယ်တွေနဲ့ စီစီညံနေတဲ့ ဈေးကြီးကို ကျနော်ကလဲ ဂရုမစိုက်အားပါဘူး။ မုတ္တမကို ကူးဖို့ ဇက်ကို မှီနိုင်ဖို့အတွက် ‘ရွှေတောင်´ ဆိပ်ကမ်းကိုပဲ ခပ်သုတ်သုတ်နှင်ရပါတယ်။
ဈေးကြီးအရှေ့ကဖြတ်လို့ ဘေးကလမ်းကလေးကို အနည်းငယ် လျှောက်လိုက်တော့ ရွှေတောင်ဆိပ်ကမ်းကို ရောက်ပါပြီ။ ဒီဆိပ်ကမ်းမှာ မော်လမြိုင်-မုတ္တမ မြစ်ကူးဇက်တွေ ကပ်ပါတယ်။ ပဲ့ချိတ်လှေသမားတွေက ‘မုတ္တမ၊ မုတ္တမလို့´ တစာစာ အော်နေပေမယ့် ခရီးသည်အများစုကတော့ ဈေးသက်သာပြီး အန္တရာယ်လဲ ပိုကင်းတဲ့ ပြည်သူပိုင် ဇက်သင်္ဘောကိုသာ စောင့်ဆိုင်း စီးနင်းကြသူများပါတယ်။ ဈေးနှုန်းကလဲ ကွာတယ်၊ ပဲ့ချိတ်က တဆယ်ဆိုရင် ဇက်သင်္ဘောက တကျပ်။
ရန်ကုန်ကို သွားရတိုင်းမှာ ကျနော်တယောက် ဒီဆိပ်ကမ်းကို ရောက်ရလေ့ရှိပါတယ်။ ဒီဆိပ်ကမ်းကနေပဲ သံလွင်မြစ်ကို ဖြတ်၊ ဟိုမှာဖက် မုတ္တမကို ရောက်တော့ ရန်ကုန်ကို ညကား၊ ဒါမှမဟုတ် ရထားဆက်စီးပေါ့။ အများအားဖြင့်တော့ ကားနဲ့သွားတာပဲ များပါတယ်။
သင်္ဘောအလာကိုစောင့်ရင်း ဗောတံတားပေါ်မှာ ဟိုဟိုဒီဒီ လိုက်ငေးကြည့်မိပါတယ်။ တံတားပေါ်မှာတော့ ကျနော့်လိုပဲ သင်္ဘောအလာကို စောင့်ဆိုင်းတဲ့လူတွေနဲ့ မုန့်သည်အချို့၊ ကုန်ထမ်းသမားအချို့၊ တံတားရဲ့ ဟိုးအစွန်နားလေးမှာတော့ အေးအေးလူလူ ငါးထိုင်မျှားနေသူ တယောက်၊ အစိမ်းရောင် ၀တ်စုံဝတ် ပုဂ္ဂိုလ်တချို့ကိုလဲ ရှုတည်တည် မျက်နှာထားနဲ့ တွေ့ရတယ်။ ဟိုဘက်က ဈေးကြီးတံတားဘက်ကို မျှော်ငေးမိတော့ ကုန်တွေထမ်းချနေတဲ့ လူတချို့နဲ့ ငိုက်မြည်းနေတဲ့ သင်္ဘောတချို့ကို တွေ့လေရဲ့။
‘ဘော် …..´
ဥသြရှည်ဆွဲသံတခုကြောင့် မြစ်ထဲကို လှမ်းကြည့်မိတော့ ‘သမိန်ဗရမ်း´ မြစ်ကူးသင်္ဘောကြီးက ကျနော်တို့ ရှိရာကို တရွေ့ရွေ့နဲ့ ချဉ်းကပ်လာနေပါပြီ။ သံလွင်မြစ်ထဲမှာ တနေကုန် ကူးချည်သန်းချည်နဲ့ ခရီးသည်တွေကို တင်ဆောင်နေရလို့ ထင်ပါရဲ့၊ ဥသြသံက ညည်းညူသံ ပါနေသယောင်ယောင်။ ဗောတံတားကို ကပ်မိလို့ သင်္ဘောလက်ရန်း တံခါးကို ဂျိန်းကနဲ ဖွင့်လိုက်တယ်ဆိုရင်ပဲ သင်္ဘောထဲက လူတွေ အောင့်အီးခြင်းမဲ့စွာ စုပြုံတိုးဝှေ့ထွက်လာကြပါတယ်။ အဆင်းလူတွေကို မစောင့်နိုင်တဲ့ တချို့ အတက်ခရီးသည်တွေကလဲ တိုးတိုးဝှေ့ဝှေ့ပေါ့။ အပေါ်ထပ်မှာ ထိုင်ခုံနေရာ မရမှာစိုးလို့ထင်ပါရဲ့။
ကျနော် သင်္ဘောပေါ်ရောက်တော့ အပေါ်ထပ်က ထိုင်ခုံတွေက လူပြည့်လုနီးပါး ဖြစ်နေပါပြီ။ ထိုင်မနေတော့ဘဲ လက်ရန်းဘေးမှာပဲ ရပ်ရင်းနဲ့ ဘေးဘီကို အကဲခတ်မိပါတယ်။ ကျနော့်လိုပဲ ရန်ကုန်ကို ခရီးဆက်မယ့် ပုံစံရှိတဲ့ လူတချို့၊ ရုံးပြန်ကျောင်းပြန် တချို့၊ ဈေးသည်တချို့၊ အလှူခံတချို့၊ ဟိုးရှေ့က သီးသန့်သတ်မှတ်ထားတဲ့ ထိုင်ခုံတွေမှာတော့ သံဃာတော်တချို့။ ခပ်လှမ်းလှမ်းမှာတော့ ချစ်သူစုံတွဲတူပါရဲ့။ ဘေးပတ်ဝန်းကျင်ကို ရှိတယ်တောင် မထင်အားဘဲ တွတ်ထိုးနေပါကလား။
သင်္ဘောစထွက်ပါပြီ။ ဒီသင်္ဘောကြီးနဲ့ ခရီးသွားရတိုင်းမှာ ကျနော်အနှစ်သက်ရဆုံး အခိုက်အတန့်ကလေးပါ။ ဝေးပြီးကျန်ခဲ့တဲ့ မော်လမြိုင်ဆိပ်ကမ်းနဲ့ မော်လမြိုင်အလှ။ ဈေးကြီးဘေးနားက စည်းစိမ်ရှင် တည်းခိုခန်းဆိုတဲ့ စာလုံးလေးတွေကို တလုံးစီ လိုက်ဖတ်ရတာလဲ အရသာ တခု။ ဟိုးတောင်ပေါ်ကို လှမ်းမျှော်ကြည့်တော့ ကျိုက်သံလံ စေတီတော်။ အောက်ဖက်ကို ကြည့်မိတော့ ဆိပ်ခံတံတားတွေနဲ့ ကမ်းနားလမ်း။ ဘယ်သူမှ ကျနော့်ကို လက်ပြနေမှာ မဟုတ်မှန်းသိပေမယ့် အားရပါးရကြီးကို လက်တွေဝှေ့ယမ်း နှုတ်ဆက်ပစ်လိုက်ပါတယ်။ မြစ်ထဲကို ရောက်လာလို့လာပဲ မသိ၊ ရှုသွင်းလိုက်ရတဲ့ လေကလဲ ပိုမိုလတ်ဆတ်နေသလိုလို။
‘ခရီးသွား မိဘပြည်သူ အပေါင်းတို့ခင်ဗျာ´
ဇာတ်ထဲက ပြဇာတ်မင်းသား လေသံလိုလို ခပ်ကျယ်ကျယ်အသံတခုကြောင့် အပြင်က မြင်ကွင်းတွေကို မိန်းမောနေရာကနေ အသံကြားရာကို ခေါင်းငဲ့ကြည့်မိပါတယ်။ လူတယောက်၊ အိတ်ခပ်ကြီးကြီး တလုံးကို အနားမှာ ချထားပြီး လက်ထဲမှာလဲ ပုလင်းခပ်ငယ်ငယ် အရွယ်လေးငါးပုလင်းကို ကိုင်ထားလို့ တခုခုပြောဖို့ အစချီနေပါတယ်။ နားထောင်ကြည့်မိတော့ -
‘ကျနော်အခု မိတ်ဆက်တင်ပြမှာကတော့ ကချည်ပြည်နယ်က အစွမ်းထက်လှတဲ့ မရှော့မြစ် အကြောင်း ဖြစ်ပါတယ်၊ ဒီမရှော့မြစ်ဟာ ဆိုလို့ရှိရင်……
……………………………………………………..
………………………………………………………´
အဲဒီလို အစချီပြီး အဲဒီပုလင်းသေးသေးလေးတွေထဲက လိမ်းဆေးဖြူဖြူတွေကို တခမ်းတနားကြီး ကြော်ငြာပါတော့တယ်။ သူညွှန်းတဲ့အတိုင်းသာဆိုရင် လေဖြတ်ပြီး အိပ်ရာထဲ လဲနေတဲ့ လူမမာတောင် သူ့ဆေးကို မှန်မှန်လိမ်းရင် ငေါက်ကနဲ ထထိုင်နိုင်သတဲ့။ အကြောပေါင်းတထောင်ကို သန်စွမ်းစေနိုင်သတဲ့၊ တတ်လဲ တတ်နိုင်တဲ့လူပေပဲ။ အဲဒီလို ကြော်ငြာပြီးတာနဲ့ သူ့ဆေးပုလင်းတွေကို လိုက်ရောင်းပါတော့တယ်။ အာဝဇ္ဖန်းကရွှင်ရွှင်၊ မျက်နှာထားက ချိုချို၊ မှင်မောင်းက ကောင်းကောင်းနဲ့ ကြော်ငြာလိုက်လို့ ထင်ပါရဲ့။ တချို့လူတွေ တော်တော်အားပေးကြတယ်။ တချို့ကျတော့လဲ မသိလိုက် မသိဘာသာ။ ကျနော်ကတော့ ငေးလို့။
သူရောင်းလို့ ပြီးသွားမလားမှတ်တယ်။ နောက်တယောက်က တစခန်းထလာပြန်ပါတယ်။ အမယ်၊ သူကျတော့ စတိုင်လ်တမျိုးပါ။ သူ့ကြည့်ရတာတော့ မြန်မာလူမျိုး စစ်စစ် ဟုတ်ဟန်မတူ။ အသားက ညိုတဲ့ဘက်ကို လွန်လို့ အနက်နုရောင်ခေါ်ရမလားမသိ၊ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသား တယောက်ထင်ပါရဲ့။ ၀တ်ထားတဲ့ အင်္ကျီက အဖြူရောင်၊ အောက်က ဘောင်းဘီက စတိုင်လ်ဘောင်းဘီ၊ ရှုးဖိနပ်ကိုလဲ ပြောင်နေအောင် တိုက်ထားလို့ သူ့ဟာနဲ့သူကတော့ ဟုတ်နေတာပါပဲ။ ခေါင်းမှာလဲ ခေါင်းလိမ်းဆီလူးလို့ ဆံပင်တွေကို သေသေသပ်သပ် ဖြီးထားလိုက်ပါသေးတယ်။ လက်ထဲမှာ အတက်ချီကေ့စ် တလုံးကို ဆွဲထားလိုက်ပြန်တော့ ကျနော်သူ့ကို စောစောက တွေ့တုန်းကဆိုရင် ဒီလို ဈေးသည်လို့ကို မထင်ခဲ့တာ အမှန်ပါ။ သူဘာတွေ ကြော်ငြာအုံးမှာပါလိမ့်။
အနှီပုဂ္ဂိုလ် သူ့ရဲ့ အတက်ချီကေ့စ်ထဲက ထုတ်လိုက်တာကတော့ ဓာတ်ပုံတချို့နဲ့ အဖြူရောင် အမှုန့်တွေထည့်ထားတဲ့ ပုလင်းငယ် တချို့ပါ။ ဓာတ်ပုံတွေကတော့ သွားပိုးစားထားတဲ့ လူတချို့ရဲ့ သွားပုံတွေ။ တချို့ဆို လူက ချောချောလေး သွားတွေက အလှဖျက်နေတဲ့ပုံတွေ။ ပုံတွေကို ဟိတ်ဟန်ကောင်းကောင်း၊ မှင်သေသေနဲ့ ဖြန့်ပြပြီး လူတွေအားလုံးကို သူက အားရပါးရ ပြုံးပြပါတယ်။ ပြုံးတာက အဓိပ္ပာယ်ရှိသော အပြုံးလို့ ပြောရပါမယ်။ သူ့ရဲ့ ဖြူဖွေးနေတဲ့ သွားတွေပေါ်အောင် ပြုံးပြတဲ့ အပြုံးကိုး။
ပြုံးပြပြီးတာနဲ့ သူသည်လဲ သူ့ရဲ့ ဈေးကွက်ကို အကောင်အထည်ဖော်ပါတော့တယ်။ စတိုင်လ်ကောင်းကောင်း၊ မှင်သေသေနဲ့ စကားကလဲ ကြွယ်ပါပေ့။ သူ့ဆေးကိုများ မ၀ယ်မိရင် တသက်လုံး သွားဒုက္ခိတပဲ ဖြစ်တော့မယောင်ယောင်၊ သူ့ဆေးကို လိမ်းလိုက်ရင် ခံတွင်းက ကြာညိုနံ့သင်းလို့ သွားတွေမြင် လူချစ်ခင် ဖြစ်မယ့်အကြောင်း စုံလို့ပါပဲ။ ပြောနေရင်းနဲ့ တချက်ချက်မှာ လူအုပ်ထဲကို လက်လှမ်းပြပြီး ‘လာမယ် အမရေ၊ ခနလေးပါနော်´ လို့ လှမ်းပြောလိုက်ပါသေးတယ်။ (အမှန်က သူ့ကို ဘယ်သူမှ မခေါ်ပါဘူး။ ဖိန့်တာပါ)။ နောက်ဆုံးတော့လဲ သူ့အပြောမှာ မျောသွားတဲ့ ခရီးသည်တချို့ရဲ့ အိပ်ကပ်ထဲက ငွေယားတချို့ သူ့ဆေးပုလင်းဖြူဖြူနဲ့ လဲလှယ်ခြင်း ခံလိုက်ရပါတယ်။
ဆေးရောင်းသူတွေရဲ့ အာရုံဖမ်းစားမှုမှာ နစ်မြောနေရင်းကနေ နံဘေးမြင်ကွင်းကို ပြန်ကြည့်မိတော့ သင်္ဘောက ခေါင်းဆေးကျွန်းနားကို ဖြတ်သန်းလို့နေပါပြီ။ စင်ရော်ငှက်ကလေးတွေက ကျီကျီကျာကျာ အသံပေးလို့ သင်္ဘောကြီးနဲ့ အတူ ထပ်ချပ်မကွာ လိုက်ပါပျံသန်းရင်း လူတွေပစ်ပေးတဲ့ အစာတွေကို ရေထဲ မကျအောင် လှလှပပ ထိုးဟပ်စားသောက်လို့ နေပါတယ်။ အနားကို ရောက်လာတဲ့ စာကလေးခွေသည်ဆီက စာကလေးခွေ တထုပ်ဝယ်ပြီး စင်ရော်ကလေးတွေကို ပစ်ကျွေးလိုက်ပါတယ်။ လေထဲကို ပစ်လိုက်တဲ့ စာကလေးခွေ ရေထဲ မကျခင် ထိုးသုတ်လိုက်တဲ့ ဟန်က တိုက်လေယာဉ်တွေအလား ဟန်ချက်ညီပါပေ့၊ ကျွမ်းကျင်ပါပေ့။
သင်္ဘောကြီးနဲ့ စင်ရော်နဲ့ ပတ်သက်လို့ သူများတွေ ပြောဖူးတဲ့ ဟာသတပုဒ်ရှိပါတယ်။ ညားခါစ လင်မယား နှစ်ယောက် သင်္ဘောကြီးနဲ့ ခရီးတခု အတူသွားတော့ အခုလိုပဲ စင်ရော်ကလေးတွေကို တွေ့သတဲ့။ အဲဒီအခါမှာ ဇနီးလုပ်သူက သူ့ရဲ့ ချစ်ခင်ပွန်းကို မေးသတဲ့။
‘မောင်ရေ၊ ဟိုးမှာ ဘာငှက်ကလေးတွေလဲဟင်´
ခင်ပွန်းသည်ကလဲ ချစ်ရည်ရွှမ်းတဲ့ အကြည့်နဲ့ ပြန်ကြည့်ရင်း
‘အချစ်ငှက်ကလေးတွေပေါ့ အချစ်ရယ်´ လို့ပြန်ဖြေသတဲ့။
ဒီလိုနဲ့ နောက်ငါးနှစ်လောက်ကြာတော့ အဲဒီဇနီးမောင်နှံ ဒီလိုပဲ သင်္ဘောကြီးနဲ့ ခရီးသွားရင် စင်ရော်ကလေးတွေကို တွေ့ပြန်သတဲ့။ ဒါပေမယ့် အဲဒီအချိန်မှာတော့ အခြေအနေတိုးတက်မှုတွေက ရှိလာပြီ။ ကလေးက နှစ်ယောက်ရလာပြီ။ ယောက်ျားကိုကြည့်တော့ ကမ္ဘာပေါ်မှာ သူ့လောက်ကံဆိုးတဲ့လူ မရှိတော့သယောင် ဟန်ပန်နဲ့။ မိန်းမကလဲ ပိုသီဖတ်သီ၊ ဖိုးရို့ဖားယားတွေ ဖြစ်နေပြီ။ ဒါပေမယ့် အဲဒီစင်ရော် ငှက်ကလေးတွေကို တွေ့တော့ မိန်းမလုပ်သူက ညားခါစက မေးခဲ့တာကို သတိရပြီး သူ့ချစ်လင်တော်မောင်ကို စိတ်ကူးလေး တယဉ်ယဉ်နဲ့ မေးပြန်သတဲ့။
‘ဟိုးမှာ ဘာငှက်ကလေးတွေလဲ၊ မောင်‘
ဒီတကြိမ်မှာတော့ ဟိုသကောင့်သားက အချစ်ငှက်ကလေးတွေလို့ မဖြေတော့ပါဘူး။
‘တယ်၊ ဒီကမြင်းမ စိတ်ညစ်ရတဲ့ကြားထဲ ငှက်စုတ်ကို လာပြနေသးတယ်၊ ဟိုမှာ ကလေးတွေကို သေချာထိန်း´ လို့ ပြန်မာန်မဲလိုက်ပါလေရောတဲ့။ ယောက်ျားနဲ့ မိန်းမ ချစ်ကြပုံခြင်းမတူတာကို ပြတဲ့ပုံပြင်လား မပြောတတ်ပါ။
နာရီဝက်သာသာလောက် ခုတ်မောင်းအပြီးမှာတော့ မုတ္တမဆိပ်ကမ်းကို လှမ်းမြင်ရပါပြီ။ သင်္ဘောကြီးက ‘ဘော်´ လို့ သံရှည်ဆွဲရင်း ငိုက်မြည်းနေတဲ့ခရီးသည်တွေ၊ စကားကောင်းနေတဲ့ ခရီးသည်တွေ၊ မှိုင်တွေနေတဲ့ ခရီးသည်တွေ၊ ငေးမောနေတဲ့ ခရီးသည်တွေကို သတိပေးလိုက်တော့ လူတွေအားလုံး လှုပ်လှုပ်ရွရွဖြစ်လာပါတယ်။ အထုပ်တွေအပိုးတွေ ပြင်တဲ့လူကပြင် စောစောက ဆေးသည်တွေလဲ ဘယ်ရောက်ကုန်ပြီမသိ။ သင်္ဘောကြီးကတော့ ကမ်းနားကို တရွေ့ရွေ့ ချဉ်းကပ်လို့လာပါပြီ။
သင်္ဘောကြီးက ကမ်းကို အကပ်မှာ ရင်သပ်ဖွယ်ရာနဲ့ ၀မ်းနည်း စိတ်မချမ်းမြေ့စရာ တခုကို တွေ့လိုက်ရပါတယ်။ လူငယ်တချို့ သင်္ဘောကြီး ကမ်းကို အကပ်ကိုတောင် မစောင့်နိုင်အားဘဲ ဘောတံတားပေါ်ကနေ သင်္ဘောပေါ်ကို လှမ်းခုန်တက်ကြတာပါ။ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေရဲ့ အထုပ်အပိုးကို ကူလီအဖြစ် ထမ်းခွင့်ရဖို့ကို သူ့ထက်ငါ ဦးအောင်ပါ။ သင်္ဘောကို ခုန်အကူးမှာ ခြေချော်လက်ချော်နဲ့ ပြုတ်ကျသွားရင်ဖြင့် မတွေးရဲစရာ၊ ကျလဲ ကျဖူးတယ်လို့ တချို့လူတွေ ပြောဖူးပါတယ်။ ဒါပေမယ့် ငါ့ဝမ်းပူဆာ မနေသာတော့လဲ သူတို့ခမျာမှာ အသက်ဘေးကိုလဲ မငဲ့နိုင်ကြတော့ပါဘူး။ အထုပ်ခပ်ကြီးကြီး တထုပ်ထမ်းပိုးခွင့်ရရေးကိုသာ ရှေ့တန်းတင်လို့ ဘာကိုမှ မကြောက်နိုင်ကြတော့ပါ။
သင်္ဘောကြီးလဲ ကမ်းကပ်ပါပြီ။ မောပန်းလာတဲ့ သင်္ဘောကြီးထဲက လူတွေစုပြုံတိုးဝှေ့ပြီး ပွင့်အန်ထွက်ကျလာပါပြီ။ သင်္ဘောကြီးကတော့ နောက်ထပ် ခရီးစဉ်တွေအတွက် အားယူနေတယ် ထင်ပါရဲ့။ စီးမျောနေတဲ့ လူတန်းကြီးနဲ့အတူ လိုက်ပါရင်းနဲ့ ကမ်းနားပေါ်ရောက်တာ့ ခွဲခွာရခါနီး သင်္ဘောကြီးကို လှမ်းငေးကြည့်မိပါတယ်။ နောက်မှ ဆုံတာပေါ့လို့ လှမ်းနှုတ်ဆက်နေသယောင်ယောင်။ `ဘေးကို၊ ဘေးကို´လို့ ခပ်ကျယ်ကျယ် အော်သံကြောင့် အလန့်တကြားကြည့်မိတော့ အထုပ်ခပ်ကြီးကြီးကို ထမ်းပိုးထားတဲ့ အထမ်းသမား လူငယ်တယောက်။ ခပ်မြန်မြန်ပဲ ဖယ်ပေးလိုက်ရင်း ရှေ့ဆက်ရအုံးမယ့် ခရီးအတွက် ကားလက်မှတ်ရောင်းတဲ့ နေရာကို အသော့နှင်ရပါတော့တယ်။ နေရစ်ခဲ့အုံးတော့ သမိန်ဗရမ်းရေ…။
နှစ်တွေ ကြာခဲ့ပါပြီ။ အခုလောက်ဆိုရင် သမိန်ဗရမ်း သင်္ဘောကြီး ဘယ်ဆီမှာပါလိမ့်။ လူတွေကို တင်ဆောင်ရင်း တာဝန်ကျေနေဆဲပဲလား။ ဒါမှမဟုတ်.. ဘယ်ကိုများ ရောက်နေမှာပါလိမ့်။
***
ကလိုစေးထူး
Thursday, January 11, 2007
သမိန်ဗရမ်းနှင့် အတူ...
Subscribe to:
Post Comments (Atom)
2 comments:
ကိုသံလွင်ရဲ့ သမိန်ဗရမ်းနဲ့အတူ စီးမျောသွားရင်း ရသမျိုးစုံကို ခံစားရပါတယ်။
မျက်စိထဲ မြင်ယောင်လာအောင်လည်း သရုပ်ဖော်တတ်ပါပေတယ်။
ko gyi yay..
a yin a tin par pae..
pp
Post a Comment