Monday, January 22, 2007

ဈေးဝယ်ရခြင်း...

ဘာရယ်ကြောင့်လဲတော့ မသိပါ။ ယောက်ျားများဟာ ဈေးဝယ်ခြင်း အလုပ်မှာ မိန်းမတွေထက် မွေ့လျော်မှု နည်းလေ့ရှိပါတယ် (အနည်းအကျဉ်းက လွဲရင်ပေါ့)။ တချို့ စာရေးဆရာတွေဆိုရင် သူတို့ရဲ့ အိမ်သူဇနီးမယား မအားလပ်ခိုက်၊ ဒါမှမဟုတ် ကျန်းမာရေးမကောင်းခိုက်မှာ အခိုက်အတန့်အားဖြင့် ဈေးဝယ်ထွက်ရတာကို စာတတန်ပေတဖွဲ့နဲ့ ညည်းညူလေ့ ရှိတတ်ပါသေးတယ်။

ကျနော့် အသက် ဆယ့်လေးငါးနှစ် အရွယ်တွေတုန်းကဆိုရင် မေမေက ကျနော့်ကို သူနဲ့အတူတူ ဈေးသွားဖို့ ခေါ်သွားရင် အတော်စိတ်ညစ်လေ့ရှိပါတယ်။ ဒီကြားထဲမှာမှ မေမေက ဟိုဆိုင်ဝင်လိုက်၊ ဈေးဆစ်လိုက်၊ မ၀ယ်သေးပဲ ထွက်လာလိုက်၊ နောက်တဆိုင် ၀င်လိုက်၊ ဒီလိုပဲ ဟိုမေးဒီမေးနဲ့ ဈေးဆစ်၊ မ၀ယ်ဘဲ ပြန်ထွက်လာလိုက်နဲ့ ဈေးတခုလုံးကို ချာလပတ်လည်အောင် ပတ်နေပြီဆိုရင်တော့ ကျနော်က မေ့မေ့နောက်ကနေ မျက်နှာသုန်သုန်မှုန်မှုန်နဲ့ နှုတ်ခမ်းကြီး စူပြီးလိုက်လေ့ ရှိပါတယ်။ ဖေဖေရော မေမေပါ ဈေးသွားတဲ့နေ့မှာ လိုက်ရရင်တော့ ကျနော့်အတွက် ပွဲတော်ပါပဲ။ ဖေဖေက မေ့မေ့ကို ညာတာပါတေးနဲ့ သားအဖတတွေ လက်ဖက်ရည်ဆိုင်ကနေ မေမေ့ရဲ့ ဈေးခန်းလှည့်လည်တာကို အခန့်သား ထိုင်စောင့်ရလို့ပါပဲ။

လေကြောတွေတော့ ရှည်နေမိပြန်ပါပြီ။ အမှန်ကတော့ ဒီတပတ် တနင်္ဂနွေမှာ ဈေးနည်းနည်း လိုက်ဝယ်ဖြစ်တာကို ရေးချင်တာပါ။ ကားမောင်းသင်ဖို့ ရည်ရွယ်ထားပေမယ့် မာန်နတ်နှင်းတွေကြောင့် ဖြူဖွေးနေတဲ့ လမ်းပေါ်မှာ ဘယ်လိုမှ မသင်လိုက်ရပါဘူး။ ဒီလိုနဲ့ပဲ သူငယ်ချင်းမောင်းတဲ့ ကားပေါ်မှာ ခပ်ငူငူငိုင်ငိုင်နဲ့ လိုက်သွားရင်း ဈေးဝယ်ထွက်ဖြစ်ပါတယ်။


တွေ့ကြတဲ့အတိုင်း၊ အမြင်ကတော့ အင်မတန်လှပါရဲ့။ ဒါပေမယ့် လမ်းသွားရတာတော့ တော်တော်စိတ်ညစ်စရာ ကောင်းလှပါတယ်။ လမ်းတွေကလဲ ချောကချောနဲ့၊ သူငယ်ချင်းဟာ ကားကို အတော်ကြီးကို ထိန်းပြီးမောင်းနေရပါတယ်။

ဦးထုပ်ဖြူဖြူ ဆောင်းထားကြတဲ့ ကားလေးတွေ နှင်းမှုန်ကြားက ကားပတ်ကင်မှာ လူတွေအလိုရာကို လိုက်ပို့ပေးဖို့ အသင့်စောင့်ဆိုင်း နေကြလေရဲ့။

ကျနော်နေတဲ့ ပြည်နယ်မှာက မြန်မာဈေးဆိုင်မရှိတော့ မြန်မာအစားအစာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ်တွေ ရောင်းတဲ့ဆိုင်မှာ ဈေးဝယ်စားရပါတယ်။ တချို့ အသားတွေကိုတော့ မက္ကဆီကန်ဆိုင်တွေမှာ ၀ယ်ရပါတယ်။ ကျနော်တို့ အခုသွားခဲ့တာက အာရှဆိုင်နဲ့ မက္ကဆီကန်ဆိုင်တွေပါ။

`လာနော်၊ လာနော်၊ ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်လေးတွေ ဈေးပေါပေါနဲ့ ရောင်းနေတယ်´
ပလတ်စတစ် ပက်ကင်တွေ သေသေသပ်သပ်၊ 1.79$ ဆိုတဲ့ ဈေးနှုန်းနဲ့ ရေခဲသေတ္တာထဲက ဒီခရမ်းချဉ်သီးတွေကို မြင်တော့ မေမေ့နောက်က ဈေးခြင်းတောင်းဆွဲပြီး လိုက်ရတုန်းက ကျနော်တို့ အမိမြေရဲ့ ဈေးကို သတိရလိုက်မိပါတယ်။

ကရင်ပြည်နယ်မှာ နေခဲ့စဉ်တုန်းကတော့ မိုးဦးကျလောက်ဆိုရင် ဆိုင်းထမ်း ကြီး၊ငယ်တွေနဲ့ တောနယ်ဘက်ကနေ လာရောင်းတတ်တဲ့ ဒူးရင်းသီးလတ်လတ် ဆတ်ဆတ်တွေကို ရင်တွေပူနေအောင် ပယ်ပယ်နယ်နယ်ကြီး တွယ်ခဲ့ပေမဲ့ အခု ဒီဒူးရင်းသီးတွေကတော့ `လာမထိနဲ့ ကိုယ့်လူ၊ တလုံး ဆယ်ဒေါ်လာကွ´ လို့ မထီတရီ ပြောနေသလိုလို။ အင်းပေါ့လေ…။ သူလဲ လေယာဉ်ပျံကြီး စီးပြီးလာခဲ့ရရှာတာကိုး။

ပိန္နဲသီးစားလိုသလား၊ မင်းဂွတ်သီး စားချင်သလား၊ ဒါမှမဟုတ် ထန်းသီး စားချင်သေးတယ်လား၊ အကုန်ရပါတယ်။ ဒါပေမယ့် စည်သွတ်ဘူးတွေပါ။ စည်သွတ်ဘူး ဖန်တီးရာမှာ ကျွမ်းကျင်လှတဲ့ တရုတ်နဲ့ ထိုင်းတွေဟာ မျှစ် အချိုအချဉ်၊ မန်ကျည်းရွက်၊ တို့စရာ ချဉ်ပတ်စုံကအစ ငုံးဥပြုတ်အထိ အဆုံး စည်သွတ်ဘူးတွေနဲ့ ဒေါ်လာရှာပါတယ်။ ကျနော့်လို အချက်အပြုတ် ခပ်ပျင်းပျင်းကောင်တွေကို ပစ်မှတ်ထားသလားတော့ မသိပါ။

သူတို့လူမျိုး သန်း၂၀ ရောက်ရှိနေထိုင်နေကြတာမို့လို့ မက္ကဆီကန်လူမျိုးတွေဟာ သူတို့ရဲ့ လူ့အဖွဲ့အစည်းကို အမေရိကန်နိုင်ငံမှာ ကောင်းကောင်းကြီး အခြေချထားနေနိုင်ကြပါပြီ။ အမေရိကန်နိုင်ငံရဲ့ Second Language ဟာ စပိန်ဘာသာစကားလို့ ပြောရလောက်အောင်ကို အခိုင်အမာ ဖြစ်နေပါပြီ။ အင်္ဂလိပ်စကား မတတ်ချင်နေပါစေ၊ စပိန်စကားပြောတတ်ရင် အမေရိကန်မှာ နေလို့ရတဲ့အထိပါပဲ။ အခုမြင်ရတာက မက္ကဆီကန် ဈေးဆိုင်ထဲက စားသောက်ဆိုင်ငယ်လေး တခုပါ။ ဈေးသက်သာတာကြောင့် တချို့သော လူဖြူ၊ လူမည်းတွေလဲ လာရောက် စားသောက်လေ့ ရှိပါတယ်။

ဒီပုံကို ရိုက်တော့ ခပ်လှမ်းလှမ်းက မြင်နေရတဲ့ အင်္ကျီအနီနဲ့ ပုဂ္ဂိုလ်က `ဟေး´လို့ လှမ်းအော်ပါသေးတယ်။ ကျနော်လဲ ရိုရိုသေသေနဲ့ပဲ ဘုကြည့်ပြန်ကြည့်လိုက်တော့ ပုခုံးတွန့်ပြီး ပြန်ထွက်သွားပါတယ်။

ဘာမဆို ရပ်စောင့်ရတယ် ~~~~ ကျနော့်ရဲ့ ဘ၀ကကွယ်~~~~ ပျော်ပျော်ကြီး ရပ်စောင့်မယ် ~~~~ အားလုံးရဲ့ နောက်ဝယ်~~~~

အိမ်အပြန်လမ်းမှာလဲ အဖြူရောင်ပင်လယ်မြေကို ကူးခတ်ရပြန်ပါတယ်။ တွံတေးသိန်းတန်ရဲ့ ဟိုသီချင်းလေး တပုဒ်ကိုတောင် သတိရမိပါသေးရဲ့။ ~~~~ ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်~~~~။

ပိတ်ရက်တွေမှာ ဘယ်တွေကိုပဲ သွားသွား၊ ဘာတွေပဲလုပ်လုပ် တနင်္လာနေ့ ရောက်ပြီဆိုရင်တော့ ကျနော့်ရဲ့ လမ်းကလေးရဲ့ နံဘေးက ဟောဒီစမ်းချောင်းငယ်ကလေးက ခပ်ပြုံးပြုံးနဲ့ ကြိုနေလျက်ပါပဲ။ ဒီချောင်းကလေးကနေ ဟိုဘက်က မြစ်ထဲကို စီးဆင်းနေသလို အဲဒီမြစ်ကလဲ တခြားမြစ်၊ ဒါမှမဟုတ် ပင်လယ်ထဲကို စီးဆင်း၊ ပင်လယ်က တဆင့် သမုဒ္ဒရာထဲကို စီးဆင်းလို့ ….။ ကဲ၊ ဟိုတွေးဒီတွေးနဲ့ အလုပ်နောက်ကျတော့မယ်၊ ခပ်သုတ်သုတ်လေး လျှောက်မှပါ။

ကလိုစေးထူး

2 comments:

Maydarwii said...

ကိုသံလွင်က စာရေးတဲ့ စတိုင်ပြောင်းသွားပြီပေါ့လေ …
ခုလို ဓာတ်ပုံတွေနဲ့ ပုံဖော်ပြီးတော့ ရေးတော့လဲ တမျိုးတော့ ဖတ်လို့ ကောင်းသား။
ဈေးဝယ်ခြင်း ပီးရင် ဟင်းချက်ခြင်းလဲ လုပ်ပါအုံး ကိုသံလွင် …
ဆရာကြီးသံလွင်၏ “ပုံပြ ချက်နည်းပြုတ်နည်း” ဆိုပြီး စာအုပ်ထုတ်ရအောင်လို့။ :P

ကလိုစေးထူး said...

စိတ်ကူးတည့်ရာတွေ လျှောက်လုပ်နေတာပါ အမရာ..
အခုတလော စာရေးဖို့လဲ ဦးနှောက်ကို အရည်ညှစ်လို့ မထွက်တာလဲ ပါတယ်.. :D
ကျနော့်ချက်နည်း ပြုတ်နည်းဖတ်ရင်တော့ အမျိုးသမီးတွေ ထိုင်ငိုချင်စိတ်ပေါက်လိမ့်မယ်.. ဟဲဟဲ