ဒီတခါ တင်ပြချင်တာကတော့ ဧရာဝတီအင်တာနက် မဂ္ဂဇင်းနဲ့၊ မြန်မာပြည် ပြင်ပ အမျိုးသမီးစာစောင်များမှာ ဖော်ပြခဲ့ဖူးတဲ့ ကျနော့်ရဲ့ နောက်ထပ် ဆောင်းပါးတပုဒ် ဖြစ်ပါတယ်ခင်ဗျာ။ ကျနော့်ရဲ့ ပထမဦးဆုံးသော အင်တာနက်ဆောင်းပါးပါ။
ဒီဆောင်းပါးမှာ ကျနော့်အနေနဲ့ ထဘီဆိုတဲ့ သတ်ပုံကို သုံးစွဲဖို့ မနှစ်သက်တာကြောင့် ထမိန်လို့ပဲ အသံထွက်အတိုင်း အားရပါးရကြီး သုံးထားပါတယ်။ ဖတ်ပြီး ဝေဖန်ပေးကြပါအုံးခင်ဗျာ။ ဆောင်းပါး ဖော်ပြခဲ့တဲ့ အချိန်တုန်းကတော့ တချို့ အမျိုးသား သူငယ်ချင်းတွေက ကျနော့်ကို ကောင်းကောင်းကြီး မေတ္တာပို့ခဲ့ပါသေးတယ်။
ကျနော်နှင့် ထမိန်(ထဘီ) များ..
သတ္တလောက ကမ္ဘာကြီး၌ ရှိကြသော သတ္တ၀ါအားလုံးတွင် `လူ´ဟူသည့် သတ္တ၀ါသည် စဉ်းစားဆင်ခြင် ဉာဏ်အရာတွင် အခြားသော သတ္တ၀ါများထက် သာသလောက် ပြဿနာများရာတွင်လည်း မည်သည့်သတ္တ၀ါမှ လူသတ္တ၀ါကို မမှီနိုင်ပေ။ နယ်မြေပြဿနာ၊ အာဏာလုယူမှုပြဿနာ၊ လူမျိုးရေး ခွဲခြားမှု ပြဿနာမှသည် ဆင်းရဲချမ်းသာ ခွဲခြားသော ပြဿနာ၊ မျိုးရိုးအနိမ့်အမြင့် ခွဲခြားမှုပြဿနာနှင့် လိင်ခွဲခြားဆက်ဆံမှု ပြဿနာဟူ၍ များပြားလှစွာသော ပြဿနာပေါင်းစုံတို့သည် လူ့လောကကြီးတွင် ဗီလိန်ဇာတ်ကောင် တကောင်နှယ် မပါမပြီး ပါဝင်နေရသည်။ အချို့သော ပြဿနာများသည် ဖြေရှင်းရန် လွယ်ကူသည်။ ဖြေရှင်းရန် ခက်ခဲသော ပြဿနာအချို့ကိုပင် လူသားတို့၏ ဆင်ခြင်ဉာဏ် စွမ်းအားတိုးတက်လာမှုအပေါ် မူတည်ကာ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်များ မြောက်မြားစွာရှိခဲ့၏။
ဥပမာအားဖြင့် နိုင်ငံအချို့တွင် နှစ်ပေါင်းကာလရှည်ကြာစွာ တည်ရှိခဲ့သော သက်ဦးဆံပိုင် ဘုရင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ ကျင့်သုံးလာနိုင်မှု၊ ဆိုးဝါးလှသော ကျွန်စနစ်အား ဖျက်သိမ်းပစ်နိုင်မှု၊ မနှစ်မြို့ဖွယ်ကောင်းလှသော လူဖြူ၊လူမည်း ခွဲခြားဆက်ဆံမှုအား ချေဖျက်ပစ်နိုင်မှု စသည် စသည်တို့သည် လူသားတို့၏ ဆင်ခြင်ဉာဏ် စွမ်းအား မြင့်မားလာမှုတို့ကို ပြသနေသည့် အချက်များပင် ဖြစ်သည်။
ဤမျှခက်ခဲသော ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သော လူသားများအကြားတွင် တခါတရံ သတိမပြုမိကြသော်လည်း သတိထားသင့်သော ပြဿနာများစွာ ရှိနေပေသေးသည်။ အချို့သော ပြဿနာကိစ္စများသည် သာမန်အားဖြင့် အရေးမကြီးဟု ထင်ကောင်းထင်နိုင်စရာ ရှိသော်လည်း ပြောင်းလဲ တိုးတက်လာသော ယနေ့ကမ္ဘာကြီးတွင် မရှိသင့်၊ မဖြစ်ထိုက်သော အရာများဖြစ်၏။ ရှိနေရင်လည်း ကောင်းကျိုးထက် ဆိုးကျိုးပေးနိုင်မှုက ပိုများနေပေဦးမည် ဖြစ်သည်။
`ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်းမကြွယ်နှင့်´ ဟူသော မြန်မာစကားပုံ တခုရှိ၏။ ဈေးသုံးကြွယ်လျှင် ၀င်ငွေနှင့် ထွက်ငွေမညီမျှမှုကြောင့် အခက်အခဲ ဖြစ်နိုင်သဖြင့် ဈေးသုံးမကြွယ်နှင့် ဟူသောစကားသည် အပြည့်အ၀ မှန်ကန်သော်လည်း ယနေ့ခေတ်ကာလနှင့် မကိုက်ညီ၊ မဆီလျော်တော့သော အချို့ ရှေးထုံးများကတော့ဖြင့် မပယ်မဖြစ် ပယ်ဖို့ကောင်းပြီဟု ကျနော်ထင်မြင်မိပါသည်။
မကြာသေးခင်က ဖတ်ရှုမိခဲ့သော အမျိုးသမီးစာစောင်တခုတွင် `မခင်နှင်းဆီရဲ့ ဟိုအကိုကြီးသို့ အိတ်ဖွင့်ပေးစာ´ ဟူသော ဆောင်းပါးတပုဒ်အား ဖတ်ရှုခဲ့ရသည်။ တင်ပြပုံ အနည်းငယ် အားနည်းသယောင်ရှိသော်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ကို သူ့အမြင်အတိုင်း ဆောင်းပါးရှင်က ရိုးရိုးရှင်းရှင်းပင် ဖော်ပြထားသည်။ နှစ်သက်စရာ ဆောင်းပါးတပုဒ်ဟု ကျနော်ထင်မိသည်။ သို့သော် တချို့သော ကျနော့်မိတ်ဆွေ အမျိုးသား လူငယ်များအကြားတွင်မူ မည်သို့မည်ပုံ နားလည်မှုလွဲသည် မသိ၊ အနည်းငယ် ဝေဖန်သံများ ကြားနေရ၏။ ထို့ကြောင့် မတူညီသော ဘက်နှစ်ဘက်အကြားတွင် ကျနော်၏ စဉ်းစားထင်မြင်ပုံကို တင်ပြလိုပါသည်။
အရိုးသားဆုံး ၀န်ခံရလျှင် ကျနော်လေ့လာဖတ်ရှုခဲ့ရသော မည်သည့်ကျောင်းစာ၊ မည်သည့် ပြင်ပစာပေများတွင်မှ မိန်းမထမိန်ကို ကိုင်မိ၊ထိမိသော ယောက်ျားများ ဘုန်းခံနိမ့်တတ်သည်ဟူ၍ မလေ့လာ၊ မသင်ကြားခဲ့ရဖူးပါ။ (သို့သော် အချို့သော ဒဏ္ဍာရီ၊ ပုံပြင်များတွင်တော့ ချွင်းချက်အားဖြင့် ရှိသော်လည်း တိကျခိုင်မာသော အထောက်အထားအနေဖြင့်တော့ မည်သည့်စာအုပ်များကမှ ထိုသို့ မဖော်ပြထားပါ။) ကျနော့်မိဘများကလည်း ထိုသို့ မညွှန်ပြခဲ့ကြပါ။ သို့သော် ကျနော်တို့ ကျင်လည်ခဲ့ရသော ပတ်ဝန်းကျင်တွင်မူ ထိုသို့သော ပြောသံဆိုသံများ ကြားခဲ့ဖူးပါသည်။
`ဟဲ့ကောင်လေး၊ ဘုန်းတွေကံတွေ နိမ့်ကုန်အုံးမယ်၊ ထမိန်တန်းအောက်က မသွားနဲ့လေ´ ဟူသည်မှာ ကျနော်ငယ်စဉ်က မကြာခဏ ကြားခဲ့ဖူးသော အသံဖြစ်ပြီး ယနေ့ထက်တိုင်ပင် တည်ရှိနေသေးသော စကားသံ ဖြစ်ပါသည်။ အကျိုးဆက်ကတော့ အများစုသော လူငယ်မျိုးဆက်သစ်များ ဒီအတိုင်းပင် ခေါင်းထဲရိုက်သွင်းလိုက်သလို စွဲမှတ်သွားကြပါသည်။
ရှင်မွေ့နွန်းနှင့် မင်းနန္ဒာ ဇာတ်တော်ကိုဖတ်ပြီးမှ သူ့ဇနီးသည်ကို သူ့ညာဘက်လက်မောင်းပေါ် အအိပ်မခံတော့ဘူးဟု ဆိုလာဖူးသော ခပ်ကြောင်ကြောင် သူငယ်ချင်းတယောက်ကိုလည်း ကျနော်ကြုံခဲ့ရဖူးပါသည်။ ဘာကြောင့်လဲဟု ပြန်မေးသောအခါတွင် သူက `ယောက်ျားတို့ဘုန်း၊ လက်ရုံးတဲ့ကွ၊ ညာလက်ရုံးမှာ ယောက်ျားတွေရဲ့ ဘုန်းကံရှိတယ်´ဟု ပြန်ဖြေပါသည်။
ဘုန်းကံ ဟူသည်ကို `မရှိ´ဟု ကျနော်မဆိုလိုပါ။ မြင့်မြတ်သော အကျင့်ကို ကျင့်ကြံသူ မည်သည့်ယောက်ျား၊ မိန်းမမဟူ ဘုန်းကံရှိနိုင်ပါသည်။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားတွင် ဘုန်းကံရှိသလို ရဟန်းအမ ၀ိသာခါတွင်လည်း ဘုန်းကံရှိပါသည်။ ဘုန်းကံ ရှိခြင်း၊ မရှိခြင်းဟူသည်မှာ မိမိ၏ ကျင့်ကြံလုပ်ကိုင်သော အမူအကျင့်၊ ကိုယ်ကျင့်တရားပေါ်တွက် မူတည်သည်ဟု ကျနော် ထင်မြင်ပါသည်။
`ဘုန်းကံ´ဟူသည့် စကားရပ်၏ အဓိပ္ပာယ်ကိုက `မြင့်မြတ်ခြင်း´ဟု အဓိပ္ပာယ်ရသည် ဖြစ်ရာ မြင့်မြတ်သော အကျင့်ကို ကျင့်ကြံသူ မည်သည့်ယောက်ျား၊ မိန်းမဖြစ်စေ ဘုန်းကံရှိမည် ဖြစ်ရာ ယောက်ျားများမှ ဘုန်းကံ ရှိသည်၊ ယောက်ျားများက မိန်းမများထက် ဘုန်းကံမြင့်သည်ဟူသော အယူအဆများမှာ ရာဇ၀င်ထဲမှာ ထားခဲ့သင့်ပြီဖြစ်သော အယူအဆများ ဖြစ်ပါသည်။
ကျနော် စဉ်းစားမိသည့် အရာတခု ရှိပါသည်။ ကျနော်တို့ ယောက်ျားတွေ မိန်းမထမိန်အောက် ဖြတ်တိုင်းသာ ယုတ်ညံ့ရတော့မည် ဆိုလျှင် ကျနော်သည် ယုတ်ညံ့သော လူတယောက်ဖြစ်နေပြီလော။ အဘယ်ကြောင့်ဆိုသော် နှစ်ထပ်ထက်ပိုမြင့်သော အဆောက်အဦးများတွင် ကျနော်က အောက်ထပ်တွင် ရှိနေချိန်တွင် ထမိန်ပေါင်း မြောက်များစွာ ကျနော့်ခေါင်းပေါ် အပေါ်ထပ်များတွင် ဥဒဟို လှုပ်ရှားသွားလာ နေကြပါသည်။ ဒါဆိုရင် ကျနော်က အလိုလို ယုတ်ညံ့ရတော့မည်လော၊ ကျနော် မပြောတတ်တော့ပါ။
ထမိန်ကိုကိုင်တိုင်း ယုတ်ညံ့ရတော့မည်ဆိုလျှင် သူငယ်ချင်း အမျိုးသမီး ကျောင်းသူများနှင့်အတူ ခရီးအတူတူ သွားခဲ့ရစဉ်အခါက ကူညီသယ်ပေးခဲ့သော သူတို့၏ ခရီးဆောင်အိတ်များအထဲမှ ထမိန်များက ကျနော့်ကို ယုတ်ညံ့စေတော့မည်လော။ ကျနော်ကပင် အတွေးတိမ်သလား မပြောတတ်ပါ။ ထိုသို့သော အယူအဆများကို ကျနော်တဦးတည်း၏ အမြင်ကတော့ လက်မခံနိုင်ပါ။
နောက်ထပ်အတွေးတခု တင်ပြချင်ပါသေးသည်။ အကယ်၍များ စာဖတ်သူ အနေဖြင့် ယောက်ျားတယောက် ဖြစ်ခဲ့ညားအံ့၊ သင့်နောက်တွင် သင့်အားတွေ့ရာ သင်္ချီုင်း ဓားမဆိုင်းသတ်မည့် လူသတ်သမားများက လိုက်လာ၍ သင်ကလည်း အသက်လု၍ ပြေးနေရပြီ ဆိုကြပါစို့။ ပြေးနေရင်းနှင့်များ အတန်ငယ်မြင့်သော ထမိန်တန်းတတန်းနှင့် ရုတ်တရက်တိုးပြီ ဆိုပါစို့။ ရွေးစရာလည်း လမ်းမရှိပါက သင်မည်သို့ ပြုလုပ်မည်နည်း။
`ငါသည် ထမိန်တန်းအောက်က ဖြတ်လျှင် ယုတ်ညံ့ပေလိမ့်မည်၊ ဒါကြောင့် ကျော်ကို ကျော်မှဖြစ်မည်´ ဟုများ တွေးနိုင်မည်လော၊ ကျနော်ဆိုရင်တော့ ကျနော်၏အသက် လောလောဆည် လွတ်မြောက်ရေးအတွက် ခုန်မကျော်နိုင်ရင်တော့ ၎င်းထမိန်တန်းအောက်က ဖြတ်မှာ အသေအချာပင် ဖြစ်ပါသည်။ ခုန်ကျော်၍များ မလွတ်ခဲ့လျှင် မှောက်လျက်သားလဲပြီး လူသတ်သမားက ကျနော့်အား သတ်မှာ သေချာပါသည်။ ယင်းမှာ ကျနော် လက်တွေ့ကျကျ စဉ်းစားကြည့်မိသော အချက်များ ဖြစ်ပါသည်။
ကျနော် ဤကဲ့သို့ တင်ပြနေရခြင်းသည် ကျနော်တို့ ယောက်ျားများအနက်မှ အချို့သော နားလည်မှု လွဲသူများကို တည့်မတ်ပေးလိုသော သဘောအရင်းခံသာ ဖြစ်ပါသည်။ သဘာဝ၏ ဖန်တီးပေးထားချက်အရ မိန်းမများတွင် အာဝနိကဒုက္ခများ ရှိသည်ကို အကြောင်းပြုပြီး ၀တ်ဆင်သော အ၀တ်အစားချင်းအတူတူ ခွဲခြားဆက်ဆံ၍ အမြင်ကျဉ်းမြောင်းခြင်းကို မသင့်လျော်ဟု ထင်မြင်ခြင်းသည် ကျနော်၏ ပကတိအမြင်ပင် ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ကျနော်၏ ဘ၀အစသည် ကျနော့်အမေ၏ ထမိန်နှင့် မကင်းနိုင်ခဲ့သည်က တကြောင်း ဖြစ်ပါသည်။ တခါ ကျနော့်ညီမ အငယ်ဆုံးအား မေမေမွေးထုတ်သောအချိန်တွင် အကြီးဆုံးသားဖြစ်သူ ကျနော်က ကျနော့်မေမေ၏ မီးတွင်းမှ ထမိန်များကို ကျေကျေနပ်နပ်ကြီး ကိုင်တွယ်လျှော်ဖွတ်ခဲ့ဖူးပါသည်။ ထိုသို့ ထမိန်ကိုင်ခဲ့ရခြင်းကိုလည်း သူငယ်ချင်းများနှင့် စကားစပ်မိတိုင်း `ငါက ငါ့အမေရဲ့ ထမိန်ကို ကောင်းကောင်း လျှော်ပေးဖူးတယ်ကွ´ လို့ ဂုဏ်ယူ ၀ံ့ကြွားစွာ ပြောခဲ့သည်ချည်းသာ ဖြစ်ပါသည်။ ကျနော့်အတွေးထဲတွင်လည်း ကျနော့်မေမေကို ထိုသို့ ကူညီနိုင်ခဲ့ခြင်းကို ယခုတိုင်အောင်ပင် ကျေနပ်မဆုံးအောင် ခံစားနေရဆဲ ဖြစ်ပါသည်။ နောက်ထပ်လည်း ကျနော့်မေမေ၏ ထမိန်ကို ကိုင်တွယ်လျှော်ဖွတ်ခွင့် ရသေးလျှင် လျှော်ဖွတ်ပေးအုံးမှာ ဖြစ်ပါသည်။
ယနေ့ခေတ်ကာလသည် လူဖြူလူမည်းမရွေး၊ အမျိုးသား အမျိုးသမီးမရွေး၊ မိမိတို့၏ ကမ္ဘာလောကကြီး တိုးတက်သည်ထက် တိုးတက်အောင် မိမိတိုင်းပြည်၊ မိမိလူမျိုး သူများထက် နောက်ကျမကျန်နေရအောင် အပြိုင်အဆိုင် ကြိုးပမ်းနေသော ခေတ်ဖြစ်ပါသည်။ လူဖြူလူမည်း ခွဲခြားသော၊ လူ့အခွင့်အရေး ချိုးဖောက်သော၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံသော နိုင်ငံများ နိုင်ငံတကာအလယ်တွင် မျက်နှာပန်း မလှကြတော့ပါ။ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အမျိုးသားများက လစ်လျူရှုထား၍ ဘယ်လိုမှ မရတော့သော အချိန်ကာလ ဖြစ်ပါသည်။
အမျိုးသမီးများကလည်း တချိန်က အဖိနှိပ်ခံခဲ့ရသမျှ၊ တချိန်က အလစ်လျူရှုခံခဲ့ရသမျှ ယခုလို ကိုယ်စွမ်းကိုယ်စ ပြခွင့် ရသည့်အချိန်တွင် အတိုးချ၍ ကြိုးစားဆောင်ရွက်နေကြသည်ဟု ထင်မြင်မိပါသည်။ ဒါကို ကျနော်တို့ အမျိုးသားများက လက်ခံကြိုဆိုရမည် ဖြစ်ပါသည်။ သို့မှသာလျှင် ကျနော်တို့တတွေသည် သူများနောက် ပြတ်မကျန်ခဲ့မှာ ဖြစ်သည်။ အမျိုးသမီး အခွင့်အရေးများကို လေးစားလိုက်နာကြသည်ဆိုသော ကျနော်တို့ ယောက်ျားများသည် အမျိုးသမီးတို့၏ ထမိန်များကို တကယ့်အရေးကြီး ကိစ္စများသဖွယ် ဘာများ ဇီဇာ ကြောင်နေစရာ ရှိနေအုံးမည်နည်း။
ယနေ့ နိုင်ငံတကာမှာ သူများတိုင်းပြည်တွေ အသီးသီးတိုးတက်နေကြပေပြီ။ ကျနော်တို့ နိုင်ငံကတော့ အနောက်ဘက်ကို ပြန်ဆုတ်နေသည့်အလား မတိုးတက်နိုင်ပဲ ဆုတ်ယုတ်မှုတွေကသာ များပြားလာနေသည်။ ဉာဏ်ထက်မြက်သော၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော ကျနော်တို့ ညီမငယ် မျိုးဆက်သစ် အမျိုးသမီးငယ်များ မြန်မာပြည်တွင်းရှိ လစာနည်းပါးလှသော၊ အမျိုးသားများ မလုပ်ချင်သော အလုပ်များမှာ လုပ်နေကြရတုန်းပင် ဖြစ်ပါသည်။
စစ်အုပ်စုကတော့ သူတို့ဇနီးများကို ခေါင်းဆောင်လုပ်စေသော ဟန်ဆောင်ဗန်းပြ အမျိုးသမီးစောင့်ရှောက်မှု အဖွဲ့ဖြင့် ပြည်သူကို၊ ကမ္ဘာကို အရှက်ကင်းမဲ့စွာ လိမ်ညာနေသည်။ မိဘကို အမှန်စင်စစ် လုပ်ကျွေးချင်သော အမျိုးသမီးငယ်များနှင့် စားဝတ်နေရေး အခက်အခဲကြောင့် မြန်မာနိုင်ငံမှ တရားမ၀င် ထွက်ခွာ အလုပ်လုပ်ကိုင်နေရသော အမျိုးသမီးများ သူတပါးနိုင်ငံမှာ ဘယ်လောက် ဒုက္ခရောက်နေရသည်ဆိုသည်ကို သူတို့မသိ၊ သူတို့သိသည်မှာကား သူတို့၏ အာဏာတည်မြဲရေး တခုတည်းသာတည်း။
ဒါကြောင့် ဒီလိုဆိုးဝါးတဲ့ အာဏာရှင်များ ပြုတ်ကျရေးသည် ကျနော်တို့ရဲ့ အဓိက အရေးကြီးသော ရည်မှန်းချက် ဖြစ်လာပါသည်။ ရဲရင့်သော၊ မြင့်မြတ်သော၊ စိတ်ဓာတ်ခိုင်မာသော အာဇာနည် အမျိုးသမီးကောင်းများကို ကျနော်တို့နှင့်အတူ ပန်းတိုင်အရောက် ချီတက်နိုင်ရေးအတွက် ကျနော်တို့ ယောက်ျားများက ပုခုံးပေါ် ထမ်းခေါ်သင့်လျှင် ထမ်းခေါ်ရပါတော့မည်။ ဇီဇာကြောင်နေ၍ အမြင်ကျဉ်းမြောင်းနေ၍ မရတော့ပါ။
ထို့ကြောင့်ပင် ကျနော်ကတော့ ကျနော့်မေမေ၏ ထမိန်စကို လက်မောင်းတွင် အမြတ်တနိုးပတ်ပြီး ကျနော့်ထက် မြင့်မြတ်ထက်မြက်သော အမျိုးသမီး သူရဲကောင်းများကို ပုခုံးပေါ်ထမ်း၍ မတရားမှုကို တိုက်ပွဲဝင်ရန် အသင့်ပါပဲဟု တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။ စစ်မှန်သော၊ ထက်မြက်သော အတွေးအမြင်များ အမျိုးသမီးတိုင်း အမျိုးသားတိုင်းတွင် ပိုမိုရင့်သန်ပြီး တိုင်းပြည်၏ ကောင်းရာကောင်းကျိုး ဆောင်ရွက်နိုင်ကြပါစေ။
ကလိုစေးထူး

6 comments:
ဟိုလူကြီး..
မင်း ဘယ်ဆိုးလို့လဲကွ.. gender justice ရှိသားပဲ.. မိုက်တယ်ကွ..
ကျမလဲ အဲဒီလို ခွဲခြားခွဲခြားလုပ်တာ မကြိုက်ဖူး။
မိန်းမတွေ တကယ်တမ်းဘုန်းကံမြင့်မားတဲ့အခါ ယောက်ျားတွေခမျာ မခံနိုင်ရှာဘူးရှင့်၊ ဥဒုမ္မရဒေ၀ီနဲ့ ပိင်္ဂုတ္တရလုလင်ကိုကြည့်ပါလား။ လင်မယားဖြစ်ပါရက်နဲ့ တကုတင်ထဲ မအိပ်ရဲရှာလို့ ယောက်ျားက ကြမ်းပေါ်မှာဆင်းအိပ်ရတဲ့အဖြစ်လေ။ ပြီးတော့ နောက်ဆုံးမှာ စွန့်ခွါသွားရပါရောလား။ အဲဒီလို ယောက်ျားတွေလဲ အများကြီးရှိမှာနော် … ။
ကိုသံလွင် ပြောသလိုပါပဲ … ဘုန်းကံဆိုတာ ကျားမ မရွေးပါဘူး လူတဦးချင်းရဲ့ မြင့်မြတ်တဲ့အကျင့်နဲ့သာ ဆိုင်တယ်ဆိုတာကို အပြည့်အ၀ လက်ခံပါတယ်ရှင်။
ဒီပိုစ့်ကို ကြိုက်တယ်။ အစ်ကို အမြင်ကိုလည်း ထောက်ခံပါတယ်။
ကျွန်တော်တို့  ပတ်ဝန်းကျင်မှာ မိန်းမထမိန်ကို ရွံ့ စရာ၊ လန့် စရာ ထင်တဲ့ ယောက်ျားတွေ အများ အပြားတွေ့ ဖူးပါတယ်။ တစ်ချို့ ဆို မိန်းမ အ၀တ်တွေ လျှော်ထားတဲ့ အ၀တ်လျှော်စက်ကိုတောင် ထမိန်တွေ ဘာတွေ ပါတယ်၊ လျှော်ထားတယ် ဆိုပြီး သူတို့ အ၀တ်တွေကို မလျှော်ချင်ဘူး ပြောသူများလည်း ကြုံဖူးပါတယ်။ အဲ့လို လူတွေကို ဘာမှ မပြောချင်တော့လို့  သူဟာသူ လျှော်ချင်လျှော် မလျှော်ချင်နေဆိုပြီး မသိချင်ယောက်ပဲ ဆောင်နေလိုက်တယ်။ နောက်ဆိုရင်တော့ အဲ့လို လူတွေကို ဒီပိုစ့် လာဖတ်ခိုင်းလိုက်မယ်။
ကိုကလိုစေးထူးရဲ့ ဘလော့ဂ်တွေပုံမှန်ဝင်ဖတ်ပါတယ်။ အရမ်းစာရေးကောင်းတာပဲ။ အတွေးအခေါ်လည်းပါတယ်။ ဧရာဝတီမှာ ပေါ်တာအထမ်းသမား အကြောင်းဖတ်ရကတည်းက မှတ်မှတ်ထင်ထင်ဖြစ်နေတာ။ ဆက်လက်အားပေးနေပါတယ် ခင်ဗျား။ ကျနော်လည်း သူများတွေကိုအားကျပြီး ဘလော့ဂ်တစ်ခုလုပ်နေပါတယ်။
မမေဓာဝီ.. အမည်မသိသူတယောက် နေနေ.. ကိုထွန်း..
အားပေးကြတာ အထူးကျေးဇူးပါပဲဗျာ.. တခုခု လိုအပ်တာရှိရင်လဲ အားမနာစတမ်း ဝေဖန်ပါ.. အခုလို အားပေးခြင်းဟာ နောက်ထပ် အသစ်အသစ်သော စာတွေ ရေးလာနိုင်စေဖို့ အားဆေးပါပဲ။ ကိုထွန်းရေ.. ကျနော်လဲ အကို့ဘလော့ကို သွားလည်ဖြစ်ပါတယ်.. မြန်မာအသင်းရှုံးပွဲမရှိနဲ့ အုပ်စုကထွက်ရတာတော့ စိတ်ထဲမှာ အီလည်လည်ဖြစ်တယ်ဗျာ.. ဒီအကြောင်း ပို့စ်တခုလောက်တော့ ရေးအုံးမယ်..
ကိုကလိုစေးထူးခင်ဗျား
မနက်ဖြန်မှာ ထိုင်းရုပ်ရှင်သမိုင်းမှာ အကုန်အကျအများဆုံးဖြစ်တဲ့ ထိုင်းသူရဲကောင်း King Naresuan ဆိုတဲ့ရုပ်ရှင် တစ်နိုင်ငံလုံးစပြပါပြီ။ ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေလက်လှမ်းမီသလောက် တင်ထားပါတယ်။ ကျနော်ကတော့ အရမ်းစိတ်ဝင်စားနေတယ်။ သွားကြည့်ပြီးရင် တစ်ခုခုတော့ ရေးဖြစ်ဦးမယ်ထင်တယ်။ ရုပ်ရှင်ဝက်ဘ်ဆိုက်က www.kingnaresuanmovie.com ဖြစ်ပါတယ်။
Post a Comment