Thursday, January 18, 2007

အရသာ တခုလေလား... အရိုးစွဲမှုလား..

မြန်မာသူငယ်ချင်း တယောက်ရဲ့ အိမ်ကို တလောက အလည်ရောက်ဖြစ်ပါတယ်။ အလုပ်တခုတည်း အတူတူ လုပ်နေတဲ့ သူငယ်ချင်းက သူ့အိမ်က ကွန်ပြူတာထဲမှာ မြန်မာရုပ်ရှင်တွေ ကြည့်လို့ရတဲ့ ၀က်ဘ်ဆိုက်တွေ ရှာပြီး သိမ်းပေးပါဆိုလို့ ရောက်သွားတာပါ။

သူငယ်ချင်းမှာ ကလေးနှစ်ယောက်ရှိပါတယ်။ အဲဒီနှစ်ယောက်အနက်က အကြီးကောင် လေးနှစ်သာသာအရွယ် ယောက်ျားလေးက အတော်လေးကို ဆော့ပါတယ်။ သူ့အဖေက ဟန့်လဲမရ၊ သူ့အမေတားလဲ မရ တအိမ်လုံး ဗြောင်းဆန်အောင် ပြေးလွှားပြီး ဆော့ပါတယ်။ သူငယ်ချင်းက သူ့ကလေးကို ချော့တခါ ခြောက်တလှည့်နဲ့ ထိန်းလဲ ဟိုသကောင့်သားလေးက ဧည့်သည်ရှိနေရင် သူ့အဖေကို ကြောက်ပုံ မပေါ်ပါဘူး။ မီးကြိုးတွေ သွယ်ထားတဲ့နေရာကိုလဲ ၀င်ပြီး ကြိုးတွေဆွဲဖြုတ်လိုဖြုတ်၊ အရုပ်တွေနဲ့လဲ ဟိုပေါက်ဒီပေါက်နဲ့ လုပ်နေတော့ တကြိမ်မှာတော့ သူ့အဖေက ထရိုက်ပါတော့တယ်။

ရေးခဲ့ဖူးပါပြီ။ ကျနော်ဟာ ငယ်ငယ်က ခဏခဏ အရိုက်ခံရပါတယ်။ အခုလဲ ကလေးတယောက် ကျနော့်အရှေ့မှာ အရိုက်ခံရတာ တွေ့ရပြန်တော့ စိတ်ထဲမှာ နင့်ကနဲ ဖြစ်သွားပါတယ်။ ဟိုလူကလဲ ရိုက်တာက ကလေးနဲ့ မတန်လောက်အောင် နားရင်းပါးရင်းတွေကို ရိုက်တာပါ။ မနေသာတာနဲ့ `တော်ပါတော့ဗျာ´ လို့ မျက်နှာမသာမယာနဲ့ ၀င်ပြောတော့မှ ကျနော့်ကို သတိရသွားပုံပေါ်ပြီး ရပ်ပါတယ်။

တကယ်တော့ အခုလက်ရှိ ကျနော်ရောက်နေတဲ့ နိုင်ငံဟာ မိန်းမနဲ့ ကလေးများကို ရိုက်နှက်ရင် ရာဇ၀တ်မှု တခုအဖြစ် ထိထိရောက်ရောက် သတ်မှတ် အရေးယူတဲ့နိုင်ငံ ဖြစ်ပါတယ်။ မိန်းမကို ရိုက်တာထက် ကလေးကို ရိုက်တာက ပိုလို့တောင် အပြစ်ကြီးလေးပါတယ်။ အရေးယူပြီးရင်လဲ မှတ်တမ်းမှတ်ရာတွေနဲ့ အသေအချာကို စောင့်ကြည့်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ကလေးတွေကို မရိုက်ရဲကြပါဘူး။ ဒါပေမယ့် ကျနော်တို့ ရွှေမြန်မာတချို့ကတော့ မြွှေမကြောက်၊ ကင်းမကြောက်နဲ့ ရိုးရာကို မပယ်နိုင်စွာ ကလေးကို ရိုက်နှက်ဆုံးမရတာကို အရသာတွေ့နေကြတုန်းပါပဲ။

ကလေးကိုဆုံးမတာနဲ့ ပတ်သက်လို့ ပုံပြင်တပုဒ် ကြားဖူးပါတယ်။ တခါက သားအဖ နှစ်ယောက် ခရီးတခုကို အတူတူ သွားကြပါသတဲ့။ ကလေးလေးက ငါးနှစ်သားအရွယ်ပေါ့။ သူတို့သွားလိုတဲ့ မြို့ကို မရောက်မီ ကီလိုမီတာ ၂၀ လောက် အလိုမှာ ကားက ဘီးပေါက်ပါသတဲ့။ အဲဒါနဲ့ အဖေလုပ်သူက ပါလာတဲ့ အပိုဘီးနဲ့ လဲဖို့အတွက် ပေါက်သွားတဲ့ ဘီးကို ဖြုတ်နေတုန်းက သားဖြစ်သူက အပိုဘီးက လေတွေကို လျှော့ပစ်ပါလေရော။ အဖေက `သား၊ လေတွေကို မလျှော့ရဘူးလေ´ လို့ ပြောပေမယ့် သားက `လျှော့မှာပဲ´ ဆိုပြီး လျှော့မြဲလျှော့နေပါသတဲ့။

ဘယ်လိုမှ ပြောမရတဲ့ အဆုံးမှာ အဖေက `ကဲ၊ ဒါဆိုလဲ ငါ့သားစိတ်တိုင်းကျ လျှော့ကွာ´ဆိုပြီး ခပ်ပြုံးပြုံးနဲ့ သားလုပ်သမျှကို ထိုင်ကြည့်နေပါသတဲ့။ သားက လေတွေကို အကုန်ကုန်အောင် လျှော့ပြီးတဲ့အထိပေါ့။ လေတွေ ကုန်သွားတဲ့ အခါမှာတော့ `ကဲ၊ သား၊ ကျေနပ်ပြီမှတ်လား၊ အခုသားလေတွေ လျှော့ပစ်လိုက်တဲ့ အတွက် ဖေဖေတို့မှာ အပိုဘီးမရှိတော့ဘူး၊ ကားလဲ မောင်းလို့ မရတော့ဘူး၊ အဲဒီတော့ သားနဲ့ဖေဖေ လမ်းပဲလျှောက်ကြတာပေါ့´ ဆိုပြီး ကျန်တဲ့ခရီးကို လမ်းပဲလျှောက်ကြပါသတဲ့။ အဲဒီနောက်ပိုင်းမှာ အဲဒီကလေးဟာ မိဘစကားကို တသက်လုံး နားထောင်သွားပါတယ်တဲ့။ ကလေးကို မရိုက်ပဲ လက်တွေ့ကျကျ ဆုံးမသွားတာကို ပြောချင်တဲ့ ပုံပြင်လေးပါ။

နောက်တခုက သူတို့လူမျိုးတွေက ဥပဒေကြောင့်ပဲလား၊ ဒီလိုနေထိုင်မှု စနစ်မှာယဉ်ပါးသွားလို့ပဲလား မသိပါဘူး။ ကလေးကို မရိုက်ကြပါဘူး။ ဒဏ်ပေးတဲ့နည်းကို သုံးပြီး မိမိလိုရာ ပုံသွင်းတာမျိုးပဲ ရှိပါတယ်။ ဥပမာ ကလေးက တီဗွီကြိုက်တတ်ရင် တကယ်လို့ သူအပြစ်တခုခုလုပ်ရင် တီဗွီ ကြည့်ခွင့်ကို ကန့်သတ်လိုက်တာမျိုး၊ ကစားကွင်းကို လိုက်မပို့တဲ့ ဒဏ်ခတ်တာမျိုးလေးတွေကို သုံးပါတယ်။ ကျနော်တို့ ရွှေတွေကတော့ ကလေးတင်ပါးကို ခပ်စပ်စပ်ကလေး ရိုက်ပြီး ဆုံးမရတာကို ပိုပြီး အရသာတွေ့တတ်ကြပါတယ်။

တနေ့က တီဗွီ အစီအစဉ်မှာ American Funniest Videos အစီအစဉ်လာပါတယ်။ သဘာဝကျကျ ဟာသတွေကို ပြတဲ့ အစီအစဉ်ပါ။ သဘာဝလဲကျ၊ ဟာသလဲ အဖြစ်ဆုံးကို ဆုပေးပါတယ်။ အပတ်စဉ်ဆုကတော့ ဒေါ်လာ တသောင်းပေးပါတယ်။ ဒေါ်လာတသောင်းဆု ရပြီးသူတွေကိုမှ နောက်ထပ်တခါ ထုတ်နှုတ်ရွေးချယ်ပြီး ဒေါ်လာတသိန်းဆု ပေးပါသေးတယ်။ အဲဒီနေ့က ဒေါ်လာတသိန်းတန် ရယ်ရွှင်စရာ ဗီဒီယိုကို ရွေးပါတယ်။

အဲဒီနေ့က ဒေါ်လာတသိန်းရသွားတဲ့ ဗီဒီယိုကို ပေးပို့တဲ့ မိသားစုကတော့ တော်တော်လေး ဂျီကျတတ်တဲ့ သားငယ်ရဲ့ မိဘတွေပါ။ အဲဒီ သားငယ်လေး ဂျီကျပုံက သူ့ကို မိဘတွေက မြင်လောက်တဲ့ နေရာကို နောက်က လိုက်ချောင်း၊ ပြီးရင် ကြမ်းပြင်မှာ လူးလိမ့်ငိုပြပါတယ်။ မိဘတွေက မချော့ပဲ မသိချင်ယောင်ဆောင်ပြီး တခြားအခန်းကို အသာလေး ထွက်သွားရင် သူက အငိုတိတ်ပြီး အနောက်ကနေ လိုက်လာပါတယ်။ ပြီးရင် မိဘတွေ ရှိမရှိ ချောင်းကြည့်ပြီး ကြမ်းပေါ်လူးလိမ့် ငိုပြန်ပါတယ်။ အဲဒါကို မိဘတွေက စိတ်မဆိုးပဲ ပျော်စရာအဖြစ် ဗီဒီယို ရိုက်ထားပြီး အဲဒီ အစီအစဉ်ကို ပို့လိုက်တော့ ဒေါ်လာတသိန်းတန် ဆုကို ရသွားပါတယ်။

တကယ်တော့ ကလေးတွေရဲ့ အတွေးအာရုံဟာ အင်မတန် နုနယ်လှပါတယ်။ ရိုက်နှက်ခံရတဲ့ ကလေးတယောက်ဟာ သိမ်မွေ့တဲ့ စိတ်ထားကို ပိုင်ဆိုင်ဖို့ တော်တော်ခဲယဉ်းသွားပါတယ်။ ပေါက်ကွဲလိုမှု၊ သည်းခံစိတ် အားနည်းမှုတို့ကသာ အရွယ်ရောက်လာလေလေ ပိုမိုများလာလေလေ ဖြစ်လာပါတယ်။ အရွယ်ရောက်လာတဲ့ လူငယ်တယောက်ရဲ့ ရွယ်တူတွေအကြားမှာ ဂုဏ်ချင်ယူစရာ စကားတခွန်းက `ငါငယ်ငယ်က တခါမှ အရိုက်မခံရဖူးဘူး´ ဆိုတဲ့ စကားပါ။ ကျနော်ကတော့ အဲဒီ အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

ဥပဒေက ကလေးမရိုက်ရ သတ်မှတ်ထားပေမယ့်လဲ သူတပါးနိုင်ငံမှာ နေရတာ အသားမကျသေးလို့ပဲလား၊ ဒါမှမဟုတ် ရိုက်ပြီးဆုံးမတာကိုမှ အရသာတွေ့နေလား မသိတဲ့ သူငယ်ချင်းကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့ ဒီစာကို ရေးမိပါရဲ့။

ကလိုစေးထူး

6 comments:

မေဓာဝီ said...

အရင်ခေတ်က မိဘတွေဟာ သားသမီးတွေကို ဆရာတွေထံမှာ အပ်နှံရင် ကြိုက်သလို ရိုက်ပြီးဆုံးမပါ မကျိုးမကန်းရင် တော်ပါပြီလို့ ပြောလေ့ရှိကြတယ်။ ရိုက်နှက်ဆုံးမတဲ့ နေရာမှာတော့ ဘုန်းကြီးတွေကို ဘယ်ဆရာမှ မမီလောက်ဘူး လို့ ထင်တာပဲ။ ရတနာ့သုတ် ကျောလုံးပုပ် ဆိုလား .. ဘာသုတ်လဲတော့ သေချာမမှတ်မိတော့ပါဘူး .. အဲဒီသုတ်ကို သင်ရင် ကျောင်းသားတွေခမျာ တော်တော်နဲ့မရကြလို့ ကျောပြင်ကို ဗျောတင်ခံရတာ ပုပ်မတတ်ပဲ လို့ဆိုရာက ဒီစကား ပေါ်လာတာလို့ ထင်မိပါတယ်။
မှတ်သားလောက်အောင် အနည်းအကျဉ်း ရိုက်နှက်ဆုံးမတာကို ဘာမှ မပြောလိုပေမဲ့ ကျော တို့ ခေါင်းတို့ နားရင်းတို့ ပါးတို့ဆိုတဲ့ မရိုက်သင့်တဲ့ နေရာတွေကိုတော့ ရှောင်သင့်တယ်၊ ကျမရဲ့ အမေကတော့ ငယ်ငယ်က ကျမတို့ဆိုးလို့ ရိုက်တဲ့အခါ ခြေသလုံးနဲ့ လက်ဖ၀ါး တို့ကိုပဲ ရိုက်ပါတယ်။ ဒါကလည်း ပါးစပ်နဲ့ ပြောလို့မရလောက်အောင် ဆိုးလွန်းတော့မှ ရိုက်တာပါ၊ ဒါတောင် ခဏခဏ ရိုက်ခံခဲ့ရတယ်၊ လိမ်မာပုံများ …။
တချို့ကလေးတွေကျတော့လည်း ညဉ်ကိုကဆိုးလွန်းတာမျိုးရှိတယ်။ အကျိုးနဲ့အကြောင်းနဲ့ တခါပြောလည်း မရ နှစ်ခါပြောလည်းမရနဲ့ နောက်ဆုံး စိတ်ရှည်ပါတယ်ဆိုတဲ့ လူမျိုးတောင် ဒေါသဖြစ်ရပါရောလား။ အဲလိုကလေးမျိုးဆိုရင်တော့ ကျမသာဆိုလည်း အသည်းယားလို့ ဆော်ပလော်တီးမိမှာပါပဲ။
ဘာပဲဖြစ်ဖြစ်ပါ … လူကြီးနဲ့ ကလေးဆိုတော့ လူကြီးပြုသမျှ ကလေးက ခံရမှာဆိုတော့ အတတ်နိုင်ဆုံး လူကြီးက ဒေါသလျှော့ဖို့တော့ လိုတာပေါ့၊ ရိုက်ရင်လည်း တရားလွန်တရားမင်း မဟုတ်ဘဲ သူ့စိတ်ထဲ နောက်တခါ အပြစ်လုပ်ရင် ဒီလိုအသားနာမယ်လို့ မှတ်ရုံလောက်သာ ရိုက်ပေါ့။
ကိုသံလွင် ခေါင်းစဉ်လို အရသာတခု အနေနဲ့ ရိုက်တာတော့ မဟုတ်လောက်ပါဘူး။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ ယဉ်ကျေးမှုချင်းမတူတဲ့အတွက် ဆုံးမတဲ့ပုံစံချင်း မတူတာပါ။ အရိုးစွဲတယ်လို့တော့ ဆိုချင် ဆိုနိုင်ပါရဲ့။ ငယ်ငယ်က တခါမှ ရိုက်မခံရဘူး ဆိုတာလည်း ဂုဏ်ယူချင်စရာတော့ဖြင့် မဟုတ်ပါဘူး။ သူ့မိဘတွေက ဥပေက္ခာပြုထားတာများလား စဉ်းစားစရာပါ။
ကဲ ကွန်မန့်လည်း ရှည်နေပြီမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ မဟုတ်ရင် ပို့စ်တခု အသစ်သပ်သပ် တင်ရမလားပဲရယ်။

Anonymous said...

အခုလည်း မြန်မာပြည်မှာ.. child protection ဆိုပြီး NGO တွေ UNICEF တို့တော့.. ပညာပေးအစီအစဉ် ဆိုပီး လုပ်နေကြတယ်လေ.. အောင်မြင်မှု ဘယ်လောက်အတိုင်းအတာအထိရှိမရှိတော့ မသိဘူး.. ဘာပဲဖြစ်ဖြစ်လေ.. သူများကိုယ့်ရှေ့မှာဒီလိုလုပ်ရင် ခံစားရရင်.. ကိုယ့်ကလှည့်ကျတော့ မဖြစ်စေနဲ့ပေါ့နော်.. ဟီး.. ကိုယ့်ကလှည့် ရောက်ခဲ့ရင်ပေါ့.. ဟိ

Anonymous said...

ဒီပို့စ်မှာ comment ရေးပီးသားပါ.. ဒါပေမဲ့.. အကြောင်းတိုက်ဆိုင်တာတစ်ခုရှိလို့ ထပ်ရေးလိုက်ပါတယ်..မနေ့က ညီမလေးတစ်ယောက် သူ့ကလေးကို ဆုံးမနေတာကို ကိုယ်တိုင်ကြုံလိုက်ရတယ် သူ့ခမျာ တော်တော်ဒေသထွက်နေတယ်.. ကလေးကလည်း လူရှေ့မှာ သူ့ကကို အရှက်ခွဲသလိုဖ်ြစသွားပုံပဲ.. အရမ်းစိတ်ဆိုးပီး တင်ပါးကိုရိုက်တာ .. ဒေါသထွက်လွန်းလို့ အသားတောင်တုန်နေတယ်.. သူ့သားကို သူရိုက်တယ်.. စိတ်ဆိုးတယ်..ဒါပေမဲ့.. သူ့မှာလည်း အရမ်းဝမ်းနည်းတယ်.. သားကိုရိုက်ရလို့.. သူ့ရဲ့မိခင်မြစ်တာကို ခံစားလို့ရတယ် .. ဒါကြောင့်.. မိဘတွေက သားသမီးကိုရိုက်တာ.. အရာသာ၊ ရိုးရာလဲ ဖြစ်နိုင်ပေမဲ့.. ချစ်ခြင်းမြစ်တာတစ်ခုကိုလည်း မြင်လိုက်ရပါတယ်.. မိဘတွေရဲ့ ဖြစ်စေချင်တဲ့ စေတနာပေါ့လေ.. စာလုံးပေါင်းမှားရင် သီးခံပါနော်.. အကွက်တွေပဲပေါ်နေလို့ပါ

Thiha Kyaw Zaw said...

I had never beaten by my parents, but the teachers. :P

Anonymous said...

သူတို့နိုင်ငံတွေမှာ ကလေးရိုက်တာ ရာဇဝတ်မှုတစ်ခုလို့သတ်မှတ်ရတဲ့အကြောင်းအရင်းတွေရှိဦးမှာပါ။
ကိုယ့်ကလေးကို အထိန်းအကွတ်နဲ့တော့ ရိုက်ပြီးအပြစ်ပေးဆုံးမတာ ကတော့ အနည်းအကျဉ်းလိုအပ်မယ်ထင်တယ်။ ကိုယ်က အပြစ်မပေးရင် ကိုယ့်ကလေးဆိုးသွမ်းသွားလို့သူများကအပြစ်ပေးတဲ့အခါကျတော့မှ စိတ်မကောင်းဖြစ်ရမယ်။ ကလေးရဲ့ Typeတွေအမျိုးမျိုးရှိတယ်လို့မှတ်သားဘူးတယ်။ လွယ်လွယ်နဲ့အေးအေးဆေးဆေး ပြောဆိုဆုံးမလို့မရတဲ့ကလေးမျိုးရှိတယ်။ ဒေါသစိတ်မွှန်ပြီးအန္တရာယ်ရှိလောက်အောင် အပြစ်ပေးတာ ကိုယ့်ရဲ့ဒေါသကိုကလေးပေါ် ပုံချလိုက်တာမျိုးတော့မဖြစ်သင့်ဆုံးပါဘဲ။
ကျွန်တော့အမြင်တစ်ပိုင်းတစ်စကို တင်ပြတာပါဗျာ။ အားလုံးရဲ့မှတ်ချက်တွေက လက်ခံကျင့်သုံးနိုင်စရာတွေလို့ထင်မိပါတယ်။

Anonymous said...

မမွန်အမေက မရိုက်ပါဘူး.
ပါးစပ်နဲ့ပဲဆုံးမတာပါ..
အဖေရိုက်တာခံခဲ့ဖူးတယ်
၆တန်းတုန်းက Mathsသင်ပေးရင်းနဲ့
သုံးထပ်ကိန်းရင်းရှာတာ
မရရကောင်းလားဆိုပြီး
တီးထည့်လိုက်တာပါ..
အဲဒီအတန်းမှာအဲဒါကိုမသင်ပါဘူး
သူကမသိပဲနဲ့ ညံ့ရကောင်းလားဆိုပြီး
နားရင်းအုပ်လိုက်တာ... အတော်ပြင်းပါတယ်
ပါးအထိပါယောင်လာပါတယ်..
အမေဆိုစိတ်ဆိုးလွန်းလို့
မမွန်ကိုလက်ဆွဲပြီး
အိမ်ပေါ်ကနေဆင်းပါတယ်..
ဒါပေမယ့်နောက်ပိုင်းမှာ
Mathsပိုတော်လာပါတယ်..
ရလာဒ်ကတော့ အဖေနဲ့ခုချိန်ထိ
မရင်းနှီးတော့ပါဘူး..