Friday, January 12, 2007

ဇာတ်ပေါင်းခန်း...

***

အခန်း(၁)

လေယာဉ်ပြေးလမ်းနှင့် ဘီးထိခတ်မှုနှင့်အတူ လေယာဉ်က သိမ့်ကနဲဖြစ်သွားသည်။ ရိပ်ကနဲ ရိပ်ကနဲ ပြေးနေသော မြင်ကွင်းတွေကို ကြည့်ရင်း အမိမြန်မာပြည်ကို ပြန်ရောက်ပြီပဲ ဟူသော အသိနှင့်အတူ ရင်ခုန်နှုန်းတို့က မြန်ဆန်လာ၏။ ရောက်ခဲ့ပြီပေါ့… ခွဲခွာခဲ့ရတာကြာသော အမိနိုင်ငံ၊ ကျနော့်မွေးရပ်မြေ နိုင်ငံ။

`သားကြီး၊ မေမေတို့ ဒီမှာ´
များစွာသော စောင့်ကြိုနေသူထဲမှ အသံတသံ။ မေမေ…….။ ဖေဖေ….။ ပြီးတော့ ညီလေးနှင့် ညီမလေး။
မေမေနှင့် ဖေဖေက ခွဲခွာရချိန်ကထက်စာလျှင် အတန်ငယ် အိုစာသွားသယောင်။ သို့သော် သူတို့ အပြုံးတွေက သားကြီးကျနော်၏ အိမ်အပြန်လမ်းအတွက် လတ်ဆတ်နေ၏။ တက်ကြွနေ၏။ နွေးထွေးနေ၏။

ဘေးဘီဝဲယာမှာလည်း ခွဲခွာခဲ့ရခြင်းများ၏ အဆုံးသတ် အပျော်မြစ်များ မပြတ်စီးဆင်းနေ၏။ သူတို့တွေ၏ မျက်နှာတွင် မျက်ရည်များ စိုစွတ်နေကြသည်။ ဒါပေမယ့် အပျော်မျက်ရည်၊ ကြည်နူးခြင်း စမ်းချောင်းများသာတည်း။ လူတိုင်း လူတိုင်း၏ မျက်နှာတွေကား အိပ်မက်ဆိုးမှ လွန်မြောက်လာသူတွေလို ဖိစီးခြင်းကင်းစွာ၊ အကြောက်တရား မဲ့စွာ အားလုံး ပျော်နေကြ၏။

ကျနော်တို့ စောင့်စားခဲ့ရသော ဒီနေ့။ ကျနော်တို့ ကြိုးစားခဲ့ရသော ဒီနေ့။ ကျနော်တို့ ဖြစ်စေချင်ခဲ့သော ဒီနေ့ ရောက်လာပြီပဲ။ ဒီနေ့အတွက် ပေးလိုက်ရတဲ့ အချိန်တွေ၊ အသက်တွေ၊ နာကျည်းမှုတွေ၊ ဆုံးရှုံးမှုတွေ၊ ဘ၀တွေ၊ …..။ အခုတော့ အရာရာအားလုံးက ဇာတ်ပေါင်းခန်းကို ရောက်လာခဲ့ပေပြီ။ ပြုံးရွှင်စွာ စောင့်ကြိုနေသော မိဘနှစ်ပါးဆီ အပျော်တွေ အပြည့်ဖြင့် ခပ်သွက်သွက်လေး လှမ်းလိုက်ရင်း အားရပါးရကြီး ခေါ်ပစ်လိုက်သည်။

`ဖေဖေ´
`မေမေ´

အခန်း(၂)

`၀ုန်း´ကနဲ ကုတင်ပေါ်မှ ပြုတ်ကျသွားသော အသံကြောင့် တဖက်အခန်းမှ သူငယ်ချင်းက အလန့်တကြားဖြင့် အခန်းထဲ ပြေးဝင်လာ၏။
`ခင်ဗျား အိပ်မက် မက်နေတာလား´
`ဟုတ်တယ်ဗျာ´
ခေါင်းတရမ်းရမ်းဖြင့် ပြန်ထွက်သွားသော သူငယ်ချင်း၏ နောက်ကျောကို လိုက်ကြည့်ရင်း မကျေမချမ်းဖြင့် ရေရွတ်မိ၏။
`အိပ်မက်တဲ့လားကွာ…၊ ဒါဟာ အိပ်မက်တဲ့လား´

***

ကလိုစေးထူး

2 comments:

Anonymous said...

ko gyi...
a yan kan sar ya dae..now i am crying for you naw..
pp

Maydarwii said...

သြော် … အိပ်မက်လား …
မသိပါဘူး … စိတ်ကူးယဉ်တာမှတ်လို့ …