Wednesday, July 23, 2008

ဈေးတန်းထဲကလူ...။

`မင်္ဂလာပါ´

ဆိုင်ခင်းမယ်တောင် မကြံသေး၊ လူရှေ့မှာ လာရပ်ပြီး ပြုံးပြနေတဲ့ ထိုပုဂ္ဂိုလ်ကို မြင်လိုက်တော့ လောက၀တ်အရ ပြန်ပြုံးပြလိုက်ရသည်။ နောက်တော့ သူလဲ ကိုယ့်ဆိုင်ကိုကိုယ် ပြင်ဆင်ခင်းကျင်းနေရတာနဲ့ အလုပ်နည်းနည်းရှုပ်သွား၏။ အနည်းငယ် အားလပ်စပြုလို့ ခဏအနားရချိန်မှာပင် စောစောက ပုဂ္ဂိုလ်လည်း သူ့ဆိုင်ရှေ့ကို ပြန်ရောက်လာပြန်တော့သည်။ အင်း…၊ ထုံးစံအတိုင်း ထိုပုဂ္ဂိုလ် ဈေးတပတ်ပြည့်အောင် လှည့်ခဲ့ပြီးပြီနဲ့ တူပါရဲ့…။

***

ဈေးတန်းကလေး…။

ဒီဈေးတန်းကလေးကို သူ စရောက်ခါစကတော့ ဈေးတန်းထဲမှာ ဆိုင်ခန်းတွေက ကျဲတိကျဲတဲ…။ ဟိုတစ ဒီတစ ဖွင့်ထားတဲ့ ဆိုင်နည်းနည်းကလေးမှာမှ ပုံမှန် ဆိုင်ခင်းနိုင်တာက ပိုလို့တောင် နည်းသေးသည်။ အဲဒီတုန်းက ဒီဈေးတန်းကလေးကို စိတ်ဝင်စားသူတွေကလဲ တယောက်စ၊ နှစ်ယောက်စမျှသာ…။ ပြောရမယ်ဆိုရင်တော့ ဒီဈေးတန်းကလေးမှာ ဆိုင်လာခင်းကြတဲ့လူ အချင်းချင်း တဆိုင်နဲ့တဆိုင် ကူးလူးအားပေးလိုက်၊ ဘေးဘီက မိတ်ဆွေတွေကို `ဟဲ့…၊ ငါ့ဆိုင်ကလေးကို လာအားပေးပါဦး´ လို့ ဆွဲလွဲခေါ်လိုက်နဲ့သာ လုံးလည်ချာလည် လိုက်နေခဲ့ရသည်။

နောက်တော့ ဇွဲကောင်းကောင်းနဲ့ ပုံမှန်ဆိုင်ခင်းသူတွေရဲ့ အားထုတ်မှုကြောင့် ဈေးတန်းကလေးက တစတစနဲ့ လူသိများလာ၏။ ဈေးတန်းကလေးက ဆိုင်တွေက ဆိုင်ကြီး၊ ကန္နားကြီး မဟုတ်သည့်တိုင် အရည်အသွေး မသေးလှတဲ့ ဆိုင်တင် ပစ္စည်းကလေးတွေက ဖြတ်သွားဖြတ်လာတွေကို ဆွဲဆောင်နိုင်လာသည်။ ဒီလိုနဲ့ ဈေးတန်းကလေးဆီကို ပုံမှန် လာအားပေး လည်ပတ်သူတွေ များလာသလို ဈေးတန်းကလေးမှာ ဆိုင်ခင်းဖို့ စိတ်ဝင်စားသူတွေလဲ ထုနဲ့ထည်နဲ့ ဖြစ်လာတော့သည်။

နောက်ပိုင်းမှာတော့ တခြားသော ဈေးကြီးတွေက နာမည်ကြီး ဆိုင်ရှင်များကပင် ဒီဈေးတန်းကလေးရဲ့ ကျော်ကြားမှုကို အသိအမှတ်ပြုလာရတော့သည်။ ထို နာမည်ကြီး ဆိုင်ရှင်တွေထဲက တချို့ ဒီဈေးတန်းကလေးမှာ ဆိုင်ခန်းတနေရာ လာဖွင့်လိုက်တော့ ဈေးတန်းကလေးမှာ ပိုလို့ စည်ကားမြိုင်ဆိုင်နေတော့သည်ပေါ့။

သူ့အနေနဲ့ကတော့ ဒါသည်ပင် သူ့အိပ်မက်…။ ဟောဒီဈေးတန်းကလေးကို သူ စရောက်ခဲ့စဉ် ကတည်းက ဒီဈေးတန်းကလေးမှာ ဆိုင်မျိုးစုံစုံလင်လင်နဲ့ စည်စည်ကားကားကြီး ဖြစ်နေရင် ဘယ်လောက်ကောင်းပါလိမ့်မလဲ လို့ သူ မကြာခဏ တမ်းတခဲ့ဖူးသည်။

ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ဈေးတန်းကလေးက သူ တမ်းတခဲ့ဖူးသလိုပင် စည်ကားလွန်းမက စည်ကားခဲ့လေပြီ။

***

လောကမှာ အဆိုးနဲ့အကောင်းက ကပ်လျက်ဒွန်တွဲနေတယ် ဆိုသည့် စကားက သွေးထွက်အောင် မှန်လွန်းလှ၏။

သူ စည်ကားစေချင်ခဲ့သော ဒီဈေးတန်းကလေးမှာ အခုဆိုရင် ဆိုင်ခန်းပေါင်း ဘယ်လောက်ရှိနေပြီ ဆိုတာ ရေတွက်လို့ မရနိုင်လောက်အောင် များပြားနေတာ မှန်ပေမယ့် တခါတလေကျတော့လဲ ဈေးတန်းကလေးကို ကြည့်ပြီး စိတ်ညစ်ညူးရတာတွေက ရှိလာပြန်သည်။

တချို့က ဈေးတန်းကလေးကို `အရက်စော်နံတယ်´ လို့ ပြော၏။ တချို့ကျတော့ `နပမ်းရုံကျနေတာပဲ၊ အမြဲတမ်း သတ်ပုတ်နေကြတယ်´ လို့ ပုတ်ခတ်၏။ ဒါပေမယ့် အရက်ဆိုင်ကို မရောက်ဘဲ တခြားတဘက်က ဆိုင်တန်းကောင်းတွေဘက်ကိုသာ ရောက်သူတွေကျတော့လဲ ဈေးတန်းကလေးကို ချီးမွမ်းလို့မဆုံး…။ ဆိုးတာတခုကတော့ တခါတလေကျရင် ဆယ်အိမ်ခေါင်းနဲ့ ရွာသူကြီးအမျိုး ခပ်ဆိုးဆိုးလူတချို့ ဈေးဆိုင်ထဲမှာ ရမ်းကားတတ်တာ တခုကတော့ အတော်ဆိုးလှ၏။

အင်းလေ…၊ လောကမှာ အကောင်းချည်းသက်သက်တော့ ဘယ်ရနိုင်ပါ့မလဲ…။

***

သူ့ဆိုင်ရှေ့မှာ စောစောတုန်းက လာပြုံးပြသွားတဲ့ ပုဂ္ဂိလ်သည်လည်း ဒီဈေးတန်းကလေးမှာ ဆိုင်ခန်းတခုတော့ ပိုင်ဆိုင်ထား၏။ ထိုပုဂ္ဂိုလ်ရဲ့ဆိုင်မှာ ဘာတခုမှတော့ မယ်မယ်ရရ တည်ခင်းမထားချေ…။ ဒါပေမယ့် ပုဂ္ဂိုလ်ကြီးက တခြားဆိုင်တွေကိုတော့ ဆိုင်ပေါက်စေ့ ရောက်နိုင်တယ်လို့ ပြောရမည်။ တခါတလေ သူ တခြားဆိုင်တွေကို ဟိုဟိုဒီဒီ လိုက်လည်ပလားဆိုတာနဲ့ ပုဂ္ဂိုလ်ကြီးကို အဲဒီဆိုင်ရှေ့မှာ ခပ်ပြုံးပြုံးကြီးနဲ့ အခန့်သားတွေ့ရပြီ။

ပုဂ္ဂိုလ်ကြီးကို သူ သတိထားမိတာ တခုကတော့ ပြုံးနိုင်လွန်းခြင်းပင်…။ သူမို့ သူ့ဆိုင်မှာ တခုခု အသစ် တည်ခင်းပြီလားဟေ့ ဆိုရင် ဆိုင်ရှေ့မှာ ပုဂ္ဂိုလ်ကြီးက ခပ်ပြုံးပြုံးနဲ့ သူများထက် အရင် ရောက်နှင့်နေပြီ။ သူ့ဆိုင်မှာ ခင်းကျင်းထားတာတွေကို သဘောကျလို့လား၊ ဒါမှမဟုတ် ဘာလို့ ပြုံးတာလဲ သူတကယ်မသိ…။ ဒီထက်ပို ထူးဆန်းတာက သူနဲ့ ပုံစံခြင်းမတူသော၊ တူသော တခြားဆိုင်တွေမှာလဲ ပုဂ္ဂိုလ်ကြီးက အမြဲလိုလို ပြုံးပြနေပြန်သည်။ နောက်တော့လဲ ` မိတ္တဗလ ပြည့်စုံဟန် တူပါရဲ့´ လို့သာ မှတ်ချက်ဖွဖွကို စိတ်ထဲကနေ ပေးရသည်။

အခုတော့ ဘာစိတ်ကူးပေါက်သည် မသိ…။ ပုဂ္ဂိလ်ကြီးက သူ့ဆိုင်ရှေ့က ခုံမှာ အခန့်သားထိုင်နေလေပြီ။

`ကျနော်တော့ ရွာပြန်တော့မယ်ဗျ´

`သြော်…၊ ဟုတ်ကဲ့၊ အပြီးပြန်မှာလား´

`ဟုတ်ကဲ့´

`ဟုတ်ကဲ့၊ ကောင်းပါတယ်ဗျာ´

အကြောင်းအရာ အလ္လာပ၊ သလ္လာပတွေနဲ့ စကားလုံးတောထဲကို နှစ်ယောက်သား မျောသွားကြပြန်သည်။ ခဏကြာတော့…

`ခင်ဗျားကိုတော့ လေးစားတယ်ဗျာ၊ လုပ်လဲလုပ်ကြပါ´

`ဟုတ်ကဲ့´

`သေချာလေးလဲ စံပြလုပ်ပြကြပါဗျာ၊ အပြောနဲ့ အလုပ်တလွဲတွေ မြင်နေရတာ အားမရဘူး´

`အင်း၊ ကျနော်လဲ စိတ်ထဲ ရှိသလိုတော့ လုပ်နေတာပဲ၊ စံပြရယ်တော့ မဖြစ်လောက်ပါဘူး။ ကိုယ့်ကိုယ်ကို အဲလိုပဲ ကျနော်မြင်တယ်´

နောက်တော့ သူကြီးအိမ်မှာ သူ နှစ်လလောက် နေဖူးတဲ့အကြောင်းတွေ၊ သူကြီးတို့ အမျိုးတွေက ဘယ်လိုဘယ်ပုံနဲ့ စကားတွေဖောင်ဖွဲ့ပြီး လေလှိုင်းတောမှာ လူးလွန့်ပြန်သည်။

`အားလုံးက ရွာကောင်းဖို့ လုပ်နေကြတာပဲလို့ ကျနော်မြင်ပါတယ်´

`ဒါပေါ့´

ကျောင်းတုန်းက သူ့ဆရာတယောက်က သူ့ကို သင်ပေးထားသည်။ လူတယောက် ကိုယ့်ကို စကားလာပြောနေရင် သူပြောနေတာကို စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ သူ့ကို သေချာစိုက်ကြည့်ပြီး အာရုံစိုက်နားထောင်ပေးပါ…တဲ့။ ဒါဟာ လူမှုဆက်ဆံရေးရဲ့ ယဉ်ကျေးမှု တခုပဲတဲ့…။ ဒီလိုနဲ့ပဲ `ဟုတ်ကဲ့´ တွေ ထပ်နေအောင် ပုဂ္ဂိုလ်ကြီးကို ဧည့်ခံရပြန်သည်။

`ကျနော် ငယ်ငယ်ကလေးတည်းက မဆဲပါဘူး၊ အမြဲကောင်းအောင်ပဲ ကြိုးစားနေတယ်၊ မိန်းမနဲ့တောင် ရန်မဖြစ်ဘူး၊ ပြောမရရင် မပြောဘဲနေတယ်၊ အမှန်တရားကိုတော့ အထိမခံဘူး၊ နောက်တော့ သူပဲ လာပြန်ကန်တော့ရတယ်´

`ဟုတ်ကဲ့´

`ဘယ်သူပဲ အုပ်ချုပ်ပါစေဗျာ၊ အဓိကက ရွာကောင်းဖို့ပါပဲ။ နောက်ပြီး ကိုယ့်တာဝန်ပိုင်းကို အကောင်းဆုံး အရိုးသားဆုံး လုပ်ကြဖို့ပါပဲ´

`ဟုတ်ပါတယ်၊ ကျနော်လဲ အဲဒီလိုပဲ မြင်ပါတယ်။ စေတနာမထားတဲ့လူကိုတော့ ဆန့်ကျင်ရမှာပေါ့´

`ပြောချင်တာကတော့ ကျနော်က ရွာလောက်တောင် မဟုတ်ဘူး၊ စကြာဝဠာကြီး တခုလုံးကိုတောင် ငြိမ်းချမ်းစေချင်တာ´

***

စကားစတွေ ဖြတ်ပြီးချိန်မှာတော့ ပုဂ္ဂိုလ်ကြီးလဲ တခြားဆိုင်ခန်းတွေဘက် ခြေဦးလှည့်သွားလေပြီ။ ဘယ်ဆိုင်မှာ သွားထိုင်ပြီး ဘာတွေ ပြောဖြစ်ဦးမယ်တော့ မသိ…။ သူကြီးတို့ အမျိုးတွေဆိုင်ကိုပဲ ရောက်လေမလား၊ ဒါမှမဟုတ် ဆိုင်ခန်းတိုင်းလိုလိုရဲ့ အရှေ့မှာ သွားပြုံးပြနေဦးမလားလဲ သူ မပြောတတ်ပါ။

မည်သို့ပင်ဖြစ်စေ…။

ဈေးတန်းကလေးကတော့ စည်ကားနေမြဲပင်…။

***


ကလိုစေးထူး

Monday, July 21, 2008

ပန်းခြံ ညနေ...။

ဒီနှစ်မှာတော့ နွေရာသီရက်တွေက တရွေ့ရွေ့နဲ့ ရှေ့ကို တိုးလို့သွားနေပေမယ့် လူက အေးအေးဆေးဆေး နေရတဲ့ ရက်တွေက မနှစ်ကထက်စာရင် အတော်ကြီးကို ပိုနည်းလာသလိုပါပဲ။ မနှစ်ကတုန်းကမှ မနက်၊ နေ့လယ်၊ ညနေ ဆိုပြီးတော့ စာတွေ ရေးနိုင်သေးတယ်။ ဒီနှစ်မှာတော့ အဲဒီလိုမျိုး ပတ်ဝန်းကျင် သရုပ်ဖော် ပို့စ်လေးတွေ မရေးဖြစ်ခဲ့တာ တော်တော် ကြာခဲ့ပါပြီ။

ဒီနေ့ညနေမှာတော့ သွားစရာရှိတဲ့ အပွိုင့်မန့် တခုက ပျက်သွားတာကြောင့် မရောက်တာကြာတဲ့ ပန်းခြံဘက်ကို ထွက်ဖြစ်ခဲ့ပါတယ်။




ညနေဆိုပေမယ့်လဲ အချိန်အားဖြင့်ကတော့ ၇ နာရီကျော်ပြီမို့ ညဘက်ကို ချဉ်းနင်းနေပြီပေါ့…။ နေ၀င်နောက်ကျနေတဲ့ နွေညနေရဲ့ လမ်းမပေါ်မှာကတော့ တောမြို့ကလေးမို့ ကားတွေက ခပ်ကျဲကျဲနဲ့ပဲ ဟိုတစီး၊ ဒီတစီး တဖျောဖျော တသောသော မောင်းလို့…။ စူးရှတဲ့ ဥသြသံတွေပေးပြီး တချက်တချက် ပေါ်လာတတ်တဲ့ ရဲကားတစီးတလေကြောင့်တော့ လမ်းပေါ်ကနေ အလန့်တကြားနဲ့ ဘေးကပ်ပေးရတာတော့ ရှိတာပေါ့။








ပန်းခြံထဲကိုရောက်တော့ တခြားနေရာတွေကို လိုက်မကြည့်ဖြစ်မီမှာ အရောင်အသွေးစုံလင်လှတဲ့ ဟောဒီပန်းခင်းကြီးရဲ့ အလှအပကို အရင်ဆုံး ခံစားဖြစ်ပါတယ်။ စီစီရီရီနဲ့ တသေတသပ် စိုက်ပျိုးထားတဲ့ ပန်းခင်းထဲမှာ စိမ်းတခါ၊ ၀ါတလှည့်၊ နီတမျိုး၊ ပြာတဖုံ ပန်းမျိုးစုံတွေကို ကြည့်ရင်းနဲ့ ကျနော်တို့ ဘလော့ဂ် လောကကြီးကို ကျနော်က `ဘလော့ဂ် မောင်မယ် စာပန်းခင်း´ လို့ တင်စားခဲ့ဖူးတာကိုတောင် ပြန်ပြီး အမှတ်ရမိတယ်။




ပန်းချီကားတချပ်လို လှချင်တိုင်းလှနေတဲ့ ပန်းခင်းတွေက ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်နဲ့ ခန္ဓာနှစ်ခုစလုံးကို လန်းဆန်းသွားစေတာကတော့ အမှန်ပါ။




ကျနော်ရဲ့ လမ်းကလေးကိုလဲ မမေ့မလျော့နဲ့ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါသေးတယ်။ ပန်းခြံထဲမှာမို့ ပန်းခြုံ အခြံအရံအပြည့်နဲ့ လမ်းကလေးရဲ့ ဟိုးဘက် ခပ်လှမ်းလှမ်းမှာကတော့ ကျနော် နည်းနည်း အငြင်ကပ်တဲ့ ဘေ့စ်ဘော ကစားပွဲ တခုရဲ့ အသံတွေ ဆူညံလို့နေလေရဲ့…။




ဒါကတော့ အမေရိကားရောက် မက္ကဆီကန် လူမျိုးတွေရဲ့ ဘော်လီဘော ကစားပွဲလေးပါ။ အမေရိကားမှာ မက္ကဆီကန် လူမျိုး ဦးရေ သန်း ၂၀ လောက် ရောက်ရှိနေထိုင်နေကြတယ်လို့ ဖတ်မှတ်ရဖူးပါတယ်။ အပြင်လောကမှာ လက်တွေ့ သိကျွမ်းဆက်ဆံဖူးတဲ့ မက္ကဆီကန် လူမျိုးတွေထဲမှာကတော့ ဆယ်ယောက်မှာ ခြောက်ယောက်လောက်က တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး အမေရိကားကို ရောက်နေကြသူတွေပါ။

ဒါပေမယ့် သူတို့ကို ကြည့်ရတာ အပူအပင်ကင်းလွန်းတယ်။ ရဲတယောက်ယောက်က `ဟေ့၊ လာစမ်းပါဦး၊ မင်း အိုင်ဒီပြစမ်း´ လို့ အလကားနေရင်း ခေါ်စစ်မခံရဘူး။ ဘာပြဿနာမှ မတက်အောင် နေနိုင်ရင် သူတို့ရဲ့ ကွန်မြူနတီနဲ့ သူတို့ အပူအပင် အကြောင့်အကြကင်းလှစွာနဲ့ ငွေရှာနိုင်တယ်။ ယုတ်စွအဆုံး အမေရိကားမှာ အင်္ဂလိပ်စကား တလုံးမှ မပြောဘဲနဲ့တောင် နေလို့ရနိုင်လောက်တဲ့ အထိ သူတို့ရဲ့ ကွန်မြူနတီတွေ ဒီမှာ အလွန်အားကောင်းပါတယ်။






မြစ်ဘက်ကို လမ်းဆက်လျှောက်ဖြစ်ခဲ့တော့ မြစ်ထဲမှာ လာမယ့် ဗုဒ္ဓဟူးနေ့ Water Ski Show အတွက် လေ့ကျင့်နေကြတာကို တွေ့ရတယ်။ စက်အားကောင်းကောင်းနဲ့ ရှေ့ကနေ မောင်းနေတဲ့ မော်တော်ဘုတ်ရဲ့ အနောက်မှာ ရေလွှာစီးသူတွေက ဖျောခနဲ ဖျောခနဲ ပါသွားလိုက်၊ တချက်တချက်မှာ ရေထဲကို ၀ရုန်းသုန်းကား ပြုတ်ကျလိုက်နဲ့ သူတို့လိုချင်တဲ့ ပြကွက်ကို အထပ်ထပ်အခါခါ ကျင့်နေကြတာ ကြည့်လို့တောင် ကောင်းသေးတော့…။

မြစ်ကမ်းဘေး တလျှောက် လေတဖြူးဖြူးနဲ့ လမ်းလျှောက်ရတာ အရသာတော့ အတော်ရှိပါတယ်။ ဘေးနားကနေ တဖြတ်ဖြတ်နဲ့ ပြေးသွားကြတဲ့ အပြေးလေ့ကျင့်သူ တချို့…၊ တဂတ်ဂတ်နဲ့ အော်နေတဲ့ မြစ်ထဲက ဘဲအုပ်ရဲ့ အသံ…၊ မြစ်ရဲ့ ဟိုမှာဘက်ကမ်းက ၀ါသနာရှင် ကိုတံငါတစု…၊ မြစ်ကို ဖြတ်ပြီးဆောက်ထားတဲ့ တံတားပေါ်က အလောတကြီး နိုင်လွန်းနေကြတဲ့ ကားရောင်စုံတွေ…၊ အဲဒါတွေကို လိုက်ငေးရင်းနဲ့ပဲ အမှောင်ပျိုးစ ပြုလာတော့ အိမ်ကို ပြန်ဖို့ ခြေလှမ်းပြင်ရပြန်တယ်။




အိမ်အပြန်လမ်းမပေါ်ကို ရောက်တော့ လောကတခွင်မှာ အမှောင်က ချက်ကျလက်ကျ နေရာယူစပြုနေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ညနေခင်းအတွက်ကတော့ ရေးစရာ ပို့စ်တခု ရခဲ့ပြန်ပြီပေါ့။



ကလိုစေးထူး

Sunday, July 20, 2008

စိတ်ညစ်နေလား…(၃)

နှစ်ပတ်တခါ တင်ဆက်မယ်လို့ ရည်ရွယ်ထားတဲ့ စိတ်ညစ်နေလား... ပို့စ်တွေက နည်းနည်းတော့ အဆက်ပြတ်သွားပါတယ်။ ဒီတပတ် ပိတ်ရက်နှစ်ရက်စလုံး အိမ်မှာ မရှိတာက တချက်၊ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းက အစီအစဉ်တွေထဲမှာ သိပ်ပြီး သဘောကျလောက်စရာ အသစ်တွေ သိပ်ပြီးတော့ မတွေ့မိသေးတာကြောင့် မတင်ဆက်ဖြစ်ခဲ့သေးတာပါ။

ဒါပေမယ့် အရင့်အရင် အစီအစဉ်တွေကို တင်တော့ ရုပ်သံဖိုင်တွေကို တင်လို့လားတော့ မပြောတတ်၊ တချို့ အစီအစဉ်တွေက ကြည့်ဖို့ အဆင်မပြေတာကြောင့် ဖြုတ်ထားခဲ့လိုက်ရပါတယ်။ အဲဒီဖြုတ်ထားတဲ့ အစီအစဉ်တွေထဲကမှ နှစ်သက်စရာတချို့တွေကို စိတ်ညစ်နေလား…(၃) အဖြစ် တင်ဆက်ပါရစေ။




အရင်ဆုံးကတော့ အပယ်ခံရတဲ့ ပြိုင်ပွဲဝင်တွေကို ကြည့်ကြရအောင်။ သူတို့သည်လည်း တမျိုးတော့ ရယ်ရွှင်စရာဖြစ်စေတာမို့ပါ။ စိတ်ကျေနပ်လောက်စရာ ဆွဲဆောင်မှု မရှိကြပေမယ့်လဲ ကြည့်ရင်း၊ ကြည့်ရင်းနဲ့ အူနှိပ်ရယ်ချင်လာလောက်စေတာမို့ ဒါသည်လဲ သူတို့ရဲ့ အစွမ်းအစ တမျိုးလို့ ပြောရမလိုပါပဲ။




ကြိုးစားအားထုတ်မှု ကောင်းလွန်းတဲ့ မောင်နှမနှစ်ယောက်ရဲ့ အကတင်ဆက်မှုကိုလဲ ရှုစားကြည့်ပါဦး။




America’s got talent မှာပဲ ဖြစ်ဖြစ်၊ British’s got talent မှာပဲဖြစ်ဖြစ် မျက်လှည့် အစွမ်းအစ ပြပြီး ၀င်ပြိုင်သူ အများစုဟာ အပယ်ခံရတာများပါတယ်။ မျက်လှည့်ဆရာ အတော်များများရဲ့ မလိုအပ်ဘဲ ပေရှည်တတ်တဲ့ အကျင့်နဲ့ တချို့သော မျက်လှည့်အဖွဲ့တွေရဲ့ မပီပြင်တဲ့ မျက်လှည့်ပြကွက်၊ ရိုးစင်းလွန်းတဲ့ ပြကွက်တွေကြောင့် ဒိုင်တွေက တော်ရုံ မနှစ်သက်တတ်ပါဘူး။ ဒါပေမယ့် အခု မျက်လှည့်ဆရာ စုံတွဲကတော့ အချိန်တိုတိုအတွင်းမှာ ပီပြင်တဲ့ မျက်လှည့်ပြကွက်ကို အားလုံး အံ့သြသွားရအောင် ပြသနိုင်ခဲ့တဲ့ အတွက် နောက်ထပ်တဆင့်အတွက် လာ့ဗေးဂက်စ်မြို့မှာ ထပ်မံ သွားရောက် ယှဉ်ပြိုင်ခွင့်ကို ရသွားခဲ့ပါတယ်။





ဒီညီအကိုက အဆိုတော့ သိပ်မကောင်းပါဘူး။ ဒါပေမယ့် ငယ်ဂုဏ်လေးတွေနဲ့ နှစ်သက်ဖွယ် တင်ဆက်မှုကတော့ ကျေနပ်စရာပါ။





အဲဒီ လူမည်းကြီးရဲ့ ရင်သပ်ရှုမောဖွယ်ရာ ပြကွက်ကိုလဲ ရှုစားလှည့်ပါဦး။




ကောင်းဘွိုင် အကအဖွဲ့လေးရဲ့ တင်ဆက်မှုကလဲ နှစ်သက်စရာ…။





ဒီတယောက်ကတော့ အဲလ်ဗစ် ပရက်စလေ အတုပေါ့…။ ကောင်မလေးတွေကတော့ တော်တော်ကြီးကို သည်းသည်းလှုပ် အားပေးကြပါတယ်။ ရှုစားကြည့်လိုက်ပါဦး…။

ကျနော့် မိတ်ဆွေများ ရွှင်လန်းပျော်ရွှင်ကြပါစေ…။



ကလိုစေးထူး

Thursday, July 17, 2008

မပျောက်ပြယ်သော...။

ဒီနေရာမှာ ကျုပ် ရပ်နေခဲ့တာ ကြာပါပြီ။ ဒီလို ရပ်ဖို့ကိုလဲ ကျုပ်ကို လူတွေကပဲ ဖန်တီးပေးခဲ့တာလေ…။ အမှတ်ရရ ရှိနေစေဖို့၊ သူတို့ နောင်မျိုးဆက်တွေအတွက် စံနမူနာပြဖြစ်ဖို့၊ အောက်မေ့ဖွယ် ဖြစ်နေစေဖို့ ရည်ရွယ်ချက်တွေ တပုံတပင်နဲ့ လူတွေက ကျုပ်ကို ဒီနေရာမှာ ရပ်ခိုင်းခဲ့တာ…။

ညက မှောင်လွန်းလိုက်တာဗျာ…။ အနောက်ဘက်က `မင်းကျောင်း စာသင်တိုက်´ က သံဃာတပါးတလေရဲ့ မေတ္တာပို့ အမျှဝေသံ တချက်ချက်က ကျုပ်ရပ်နေတဲ့ နေရာအထိ ပျံ့လွင့်လာနေတယ်။ ငြိမ်းအေးလိုက်ပါဘိ…။

ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ပြည်သူ့ဆေးရုံက မီးရောင် မှိတ်တုတ်တုတ်ထဲမှာရော လူတွေ ဘာလုပ်နေကြမလဲ မသိဘူး။ အင်းလေ…၊ ဆေးရုံဆိုမှတော့ ဝေဒနာ ခံစားရသူနဲ့ ဝေဒနာကို ကုစားပေးသူတွေက သူတို့ အလုပ်နဲ့ သူတို့ ရှုပ်နေမှာပေါ့…။

အရှေ့တည့်တည့်…။ အင်း…၊ ကျုပ် မကြည့်ချင်ဆုံး နေရာက ကျုပ်ရဲ့ အဲဒီ အရှေ့တည့်တည့်ပဲ…။ ချောက်ကမ်းပါး တခုနဲ့ တူနေတဲ့ အဲဒီ အရှေ့တည့်တည့်မှာ `မထီမဲ့မြင်မှု´ ရဲ့ သရုပ်သကန်တွေ အများကြီးရှိနေတယ်။

ဇူလိုင်လရဲ့ မိုးစက်တချို့က ညမှောင်မှောင် အောက်မှာ လေနဲ့အတူ ရောပြီး ဝေါခနဲ ရွာချပစ်လိုက်တယ်။ မိုးစက်မိုးပေါက် တချို့က ကျုပ်ရဲ့ ခန္ဓာကိုယ်ပေါ်ကို အလန့်တကြား စီးယိုကျသွားလေရဲ့…။

***

ဟောဒီနေရာလေးမှာ ကျုပ် စပြီး ရပ်ခွင့်ရခဲ့တုန်းကတော့ ကျုပ်ပုံစံက အခုလို ဘယ်ဟုတ်လိမ့်မတုန်း….။ ဖြူဖွေး တောက်ပြောင်နေတဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ် တလျှောက်လုံးက သစ်လွင်ခြင်းနဲ့ ပြည့်စုံရုံတင် မကဘူး ကျုပ်ကို မြင်လိုက်တာနဲ့ လူတွေက အလိုလို ဦးညွှတ်ကြရတယ်။ ကုန်းမို့မို့ထက်မှာ ရပ်နေတဲ့ ကျုပ်ရဲ့ ရှေ့မှာ မြက်ခင်းစိမ်းစိမ်းလေးနဲ့ အတူ အတန်အသင့် ကျယ်ပြန့်တဲ့ ကွင်းပြင်ကလေးလဲ ရှိသေးတယ်။ အဲဒီ ကွင်းပြင်ကလေးထဲမှာ လူတွေက တနှစ်တခါ လာလာစုရုံးပြီး ကျုပ်ကို ဦးညွှတ်ကြတာပေါ့…။

စံထားခြင်း၊ အောက်မေ့သတိရခြင်း၊ လေးစား အောက်မေ့ခြင်း…။ အဲဒီအရာတွေ အားလုံးကို ကိုယ်စားပြုဖို့ ကမ္ဗည်းစာတန်းကိုတောင် ကျုပ်ခန္ဓာကိုယ်ပေါ်မှာ သူတို့ ရေးခဲ့ကြသေးတယ်…။

`အာဇာနည်နေ့ အထိမ်းအမှတ် ကျောက်တိုင်´ …တဲ့။

***

တချိန်တုန်းကတော့ ဇူလိုင် ၁၉ ရက်နေ့ ရောက်ပြီလား ဆိုရင် ကျုပ်ရှေ့ကို လူတွေ အများကြီး ရောက်လာလေ့ရှိတယ်။ ပန်းခွေတွေ၊ ပန်းခြင်းတွေကို သေသေသပ်သပ် ပြင်ဆင်လို့ ကျုပ်ရှေ့မှာချပြီးရင် တလေးတစား ဦးညွှတ် အလေးပြုလိုက်ကြတာများ သူတို့တတွေ အောက်မေ့ သတိရနေတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ၀ိညာဉ်တွေဟာ ကျုပ်ကိုယ်ထဲမှာ ပူးကပ်တည်ရှိနေသလားတောင် မှတ်ရတယ်။

ဘာမှမရှိတဲ့ ဟောဒီ ကျောက်တိုင်ကြီးကို သူတို့ အလေးထားခဲ့ကြတယ်။ အုတ်စိုင်အုတ်သားတွေနဲ့ ဆောက်ထားတဲ့ ဟောဒီကျောက်တိုင်ကြီးဟာ သူတို့သိပ်ချစ်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သူတို့ အမြဲတမ်း သတိရနေတယ်ဆိုတာကို ပြသချင်တဲ့ အထိမ်းအမှတ်နဲ့ သူတို့ တည်ဆောက်ခဲ့ကြတယ်။

လွမ်းဆွေး နာကျင်သံနဲ့ ဆိုညည်းနေတဲ့ အာဇာနည်နေ့ တေးသံတွေနဲ့လဲ သူတို့ရဲ့ အလွမ်းကို ဖော်ကျူးခဲ့ကြတယ်။ အာဇာနည် ခေါင်းဆောင်ကြီး မှာကြားခဲ့တဲ့ မိန့်ခွန်း မှာတမ်းတွေကို ပြန်နားထောင်ကြပြီးတော့လဲ သတိရခြင်းကို ပုံဖော်ကြတယ်။

***

ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုစာလောက်ကနေ စပြီးတော့ လူတွေရဲ့ ပြောင်းလဲမှုကို ကျုပ် သတိထားမိလာတယ်။

လူတချို့ရဲ့ အမိန့်ကြောင့် ဆိုပြီး လူတချို့က သူတို့ အလေးထားခဲ့ကြတဲ့ ဟောဒီ အာဇာနည်ကုန်းရှိတဲ့ နေရာကို ထိပါးကျူးကျော်စ ပြုလာတယ်။

ကျုပ်ရှေ့က မြက်ခင်းပြင်နေရာက မြေတွေကို တူးယူပြီးတော့ မြေကြီးတွေကို ကန်ထရိုက်ယူ ရောင်းစားတဲ့လူက ရောင်းစားတယ်။ အဲဒီလိုနဲ့ မြေတွေကို တတိတတိနဲ့ တူးလာလိုက်တာ အရင်က ကုန်းမို့မို့နေရာမှာ ချောက်ကမ်းပါးပုံစံ ဖြစ်လာပြီးတော့ အဲဒီကမ်းပါးက ကျုပ်ရှိတဲ့ နေရာကို ရောက်လုရောက်ခင် ဖြစ်တော့မှပဲ မြေကြီးတွေ တူးယူကြတာကို ရပ်တော့တယ်။ နောက်တော့ အဲဒီနေရာကို မြေကွက်ရိုက်ပြီး အိမ်တွေဆောက်ကြပြန်တော့ အခုဆိုရင် ကျုပ်ရဲ့ အရှေ့တည့်တည့်ဟာ အဲဒီ အိမ်တွေရဲ့ အိမ်နောက်ဖေး ဖြစ်နေပြီ။

ပြုပြင်မွမ်းမံခြင်း မရှိကြတော့လို့ တချို့နေရာ ဆွေးမြေ့ပဲ့ကြွေစ ပြုနေတဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေညှိချေးညှော်တွေလဲ တက်နေတာ ကြာပါပကောလား…။ မြက်ပင်ရိုင်းတွေ ပိန်းပိတ်အောင် ပေါက်နေတဲ့ ကျုပ်ရဲ့ အောက်ခြေတ၀ိုက်မှာ ဘာမှန်းမသိတဲ့ နွယ်ပင်ရိုင်းတချို့တောင် ပေါက်လို့ တွယ်ကပ်စပြုနေပြီ။

ဇူလိုင်လ ၁၉ ရက်နေ့ရဲ့ မနက်ခင်းတွေဟာလဲ လာရောက် ဦးညွှတ်အလေးပြုသူတွေ တဖြည်းဖြည်းနဲ့ လျော့ပါးလာလိုက်တာ အခုဆိုရင် ကျုပ်ရပ်နေတဲ့ ဟောဒီ အာဇာနည်ကုန်းကို ဘယ်သူမှ ရောက်မလာတဲ့ နှစ်တချို့တောင် ရှိလာခဲ့ပြီလေ။

လူသားတွေကို လူသားတွေက အသာစီးရချင်မှုက မမေ့စကောင်းတဲ့ နေ့ရက်တွေနဲ့ အဖြစ်အပျက်တွေကို မေ့လျော့သွားစေအောင် တွန်းပို့နေတာလား။ ဒီနေ့ဒီရက်ကို လူတွေက သတိရနေတယ်။ ဒါပေမယ့် လူတွေထဲက လူတချို့ကပဲ ဒီနေ့ဒီရက်ရဲ့ အတိတ်သမိုင်းကြောင်းကို မေ့ပျောက်ပစ်ဖို့ကို ကြိုးစားနေကြပြန်တယ်။ ကျုပ်က ကျုပ်ရပ်နေတဲ့ နေရာမှာ မားမားရပ်နေပေမယ့် ကျုပ်လို မားမားရပ်နိုင်တဲ့ စိတ်ထားမရှိတဲ့ လူတွေက လူတွေကို နှိပ်စက်ရင်းနဲ့ပဲ ကျုပ်ရှေ့မှာ လူတွေ ဦး လာလာညွှတ်နေတာကို မရှုစိမ့်တော့ဘူး။ မမြင်ချင်တော့ဘူး။

***

အခုရော…။

မနက်ဖြန်မနက်ဆိုရင် အာဇာနည်နေ့ကို ရောက်လာပြန်တော့မယ်။ ကျုပ်ရှေ့ကို ဘယ်သူတွေ ရောက်လာကြဦးမှာလဲ။ ဒါမှမဟုတ် ဘယ်သူမှ ရောက်မလာတဲ့ နှစ်တနှစ်ရော ဖြစ်နေဦးမလား။ မနက် ၁၀ နာရီ ၃၇ မိနစ်ဆိုရင်ရော…၊ ဟိုးအရင်ကလိုပဲ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဥသြသံတွေ ကြားရဦးမှာလား။ ဒါမှမဟုတ် မသိလိုက်မသိဘာသာနဲ့ပဲ မနက်ဖြန်မှာ ပြီးဆုံးသွားတော့မှာလား…။

ဟောဒီနေရာမှာ ကျုပ် ဘယ်လောက်ကြာကြာ ဆက်ရပ်ခွင့် ရဦးမှာလဲ…။ ဒီနေရာမှာ ကျုပ် ရှိနေခြင်းရဲ့ အဓိပ္ပာယ်တွေ ပြည့်စုံတဲ့ နေ့တွေကရော ဘယ်တော့ ပြန်ရောက်လာမှာလဲ….။

***

ဒီနေရာမှာ ကျုပ်ရပ်နေဆဲပါပဲ။

သင်္ခါရရဲ့ သဘောတရားအရ ကျုပ်ဟာလဲ တနေ့နေ့ တချိန်ချိန်မှာ ပျက်စီးသွားရဦးမှာပဲ။ ဒါပေမယ့် သေချာတာ တခုရှိတယ်။ ကျုပ် ပျက်စီးပြိုလဲသွားရင်တောင် ဟောဒီနေရာမှာ ဟောသလို ကျောက်တိုင် ဘာကြောင့် ပေါ်လာရတယ်ဆိုတဲ့ သမိုင်းကြောင်းက ပျက်စီးမသွားဘူး။ ကျောက်တိုင်ထက် ခိုင်မာတဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ စိတ်ဓာတ်တွေက ပျောက်ပြယ်သွားမှာ မဟုတ်ဘူး။


ကလိုစေးထူး

Wednesday, July 16, 2008

စစ်တပ်နဲ့ စစ်ဗိုလ် ...(နိဂုံး)

အပွင့်ဆိုသည်မှာ…

ပုခုံးပေါ်မှာ အပွင့်သေးသေး တပွင့် စပြီး ရလိုက်တယ် ဆိုတာဟာ တကယ်တမ်း သေသေချာချာ စဉ်းစားလိုက်မယ်ဆိုရင် အဲဒါဟာ `ပြည်သူ့ဝန်´ ဆိုတဲ့ ထမ်းတံပိုးကို သူတို့ ပုခုံးပေါ် တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ တပွင့်ကနေ နှစ်ပွင့်၊ နှစ်ပွင့်ကနေ သုံးပွင့်၊ သုံးပွင့်ကနေ တခွေ…၊ အဲဒီလိုနဲ့ အပွင့်အရောင် ပိုပြောင်လာလေလေ၊ အပွင့်တွေ ပိုများလာလေလေ ပုခုံးပေါ်က ထမ်းတံပိုးကြီးက ကြီးလာလေလေဆိုတာမျိုးပဲ ဖြစ်ရမှာပါ။ အခုကတော့ ပုခုံးပေါ်က အပွင့်ကို ထမ်းတံပိုးလို့ သဘောထားတဲ့ စစ်ဗိုလ်တွေ အစား `တန်ခိုး အရှိန်အ၀ါ´ လို့ သဘောထားကြတဲ့ စစ်ဗိုလ်တွေပိုများနေရတာကြောင့် စစ်တပ်မှာ နာမည်ပျက်ရပါတယ်။ အဲဒီ နာမည်ပျက်မှုတွေကို ပြန်ပြီး အဖတ်ဆယ်ဖို့ဆိုတာကလဲ ပုခုံးပေါ်မှာ အပွင့်တွေ ပိုင်ဆိုင်ထားတဲ့ အဲဒီ စစ်ဗိုလ်တွေမှာပဲ တာဝန်ရှိပါတယ်။

ယနေ့ခေတ် လူငယ် စစ်ဗိုလ်ပေါက်စတွေဟာ အရင့်အရင် သူတို့ရဲ့ နောင်တော်စစ်ဗိုလ်တွေထက်စာရင် ပိုပြီး မျက်စိပွင့်၊ နားပွင့်တဲ့ အခွင့်အလမ်းတွေ ရှိနေတာကို ကျနော် အထူးအထွေ ရေးနေစရာတောင် မလိုပါဘူး။ ပြည်သူတွေရဲ့ အသံအစစ်ကို ကြားခွင့်ရနေပါလျက်နဲ့၊ အခြေအနေအမှန်တွေကို ပကတိအတိုင်း မြင်နေပါလျက်နဲ့ နားလည်ရကောင်းမှန်း မသိတဲ့ အပြင် ဆရာထက် တပည့်လက်ဝါးစောင်းကို တလွဲဆံပင်ကောင်း ထက်ချင်နေကြတဲ့၊ မောက်မာရိုင်းစိုင်းလွန်းလှတဲ့ ဗိုလ်ပေါက်စတွေ အတွက်ကတော့ သူတို့ ပုခုံးပေါ်က အပွင့်တွေဟာ အဆိပ်ပန်းတွေနဲ့ ထပ်တူထပ်မျှ ကျနေမှာ အသေအချာပါ။

စစ်တပ်နဲ့ စစ်ဗိုလ်…

`စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ် အဖွဲ့အစည်း´ ဆိုတာကို စစ်ဗိုလ်တိုင်းက ပြောလေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီလိုသာ ပြောလိုက်တယ် စစ်တပ်သိက္ခာတက်အောင် ဘာလုပ်သင့်သလဲဆိုတာကိုတော့ စစ်တပ်ရဲ့ အကြီးအကဲဆိုသူ ခေါင်းဆောင် စစ်ဗိုလ်က အစ ကောင်းစွာ သဘောပေါက်ခြင်း မရှိပါဘူး။ အဲဒီလို ခေါင်းဆောင်ရဲ့ သစ္စာတော်ကို ခံနေရတဲ့ စစ်ဗိုလ် အယုတ်အလတ် အမြတ်မရွေးတွေကရော နောင်တချိန်ချိန်မှာ သူတို့တတွေရဲ့ လက်ထဲကို စစ်တပ်ရောက်လာခဲ့ရင် ဘာဆက်လုပ်ကြမလဲ….။

အထက်မှာ ကျနော် တင်ပြခဲ့သလို `ငါတို့မှာ ဒီအဆင့်ရဖို့ မနည်းကြိုးစားလာရတာ… အခု ငါတို့ အလှည့်ရောက်ပြီ၊ ကျန်တဲ့ကောင်တွေ နာဖို့သာပြင်ထား´ ဆိုတဲ့ အတွေးမျိုးနဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ များသထက်များလာတာကိုတော့ မလိုလားတာ အမှန်ပါ။

စစ်တပ်ထဲက စစ်သားဟောင်းကြီး တဦးရဲ့ စကားတခွန်းကို ဖတ်မှတ်ဖူးခဲ့တာ မှတ်သားစရာ ကောင်းလှတာမို့ ပြန်လည် ဖောက်သည်ချပါရစေ…။

`ငါ့သားများ စစ်ထဲဝင်ရင်လေ…၊ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာဟာ တကယ်သာလိုက်နာနိုင်ရင်* ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့´

စစ်တပ်ဟာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီး ဖြစ်တာ ဟုတ်မဟုတ်ဆိုတာကို သက်သေအနေနဲ့ ကျနော်တို့က စစ်တပ်ထဲမှာ အသီးသီးအသက ပါဝင်လှုပ်ရှားနေကြသူတွေရဲ့ စရိုက်တွေကို အကဲခတ်ယုံမှတပါး တခြား မရှိပါဘူး။ ဒီတော့ စစ်တပ်ထဲမှာကမှ ခေါင်းဆောင်မှု နေရာမှာ ပါဝင်နေပါတယ်ဆိုတဲ့ ပြန်တမ်းဝင် အရာရှိ စစ်ဗိုလ်တွေ အနေနဲ့ မိမိရဲ့ အပြုအမူ၊ အပြောအဆိုတွေအနက်က တခုခုကြောင့် အထက်က စစ်သားဟောင်းကြီးရဲ့ စကားကို ပြောင်းပြန် မှတ်ယူရမလို ဖြစ်အောင်တော့ မလုပ်သင့်ပါဘူး။

နိဂုံး…

တကယ်တော့ စစ်တပ်နဲ့ ပက်သတ်ပြီး ရေးခဲ့တာတွေဟာ အကြောင်းအရာပေါင်း များလှပါပြီ။ `တဆိတ်ရှိ စစ်တပ်ကိုပဲ ဝေဖန်ချင်နေလို့´ လို့ အဝေဖန်ခံရလွန်းလို့ အရေထူနေပေမယ့် မောက်မာရိုင်းစိုင်းလွန်းတဲ့ စစ်ဗိုလ်တချို့ကို တွေ့တော့ ရေးဖို့ တွန်းအားတခု ဖြစ်ဖြစ်လာရပြန်ပါတယ်။ ဒီလူတွေ ဘာလို့ မောက်မာနေရသလဲ၊ ဘာကြောင့် ဒီလောက်တောင်မှပဲ အတွေးအခေါ်ပိုင်းအရ၊ စာနာမှုပိုင်းအရ၊ လူသားဆန်မှုပိုင်းအရ စုတ်ပြတ်သတ်အောင် ချွတ်ချော်တိမ်းပါးနေရသလဲ ဆိုတာကို ဆန်းစစ်ကြည့်ချင်တဲ့ သဘောအရ ဒီလိုစာမျိုးကို ရေးမိပြန်ပါတယ်။

မောက်မာနေတဲ့ တချို့ စစ်ဗိုလ်ပေါက်စတွေ ကျနော်တို့ ပြည်သူထဲက ပြည်သူတွေက သူတို့ အဲဒီလို မောက်မာတဲ့ အချိန်မှာ စိတ်ထဲမှာ ဘယ်လိုခံစားသွားရတယ်ဆိုတာကို သိစေချင်တယ်။ ဒီဆောင်းပါးကြောင့် ယဉ်ကျေးသွားတာမျိုးကို မျှော်လင့်တယ် ဆိုတာထက် `ငါတို့လုပ်နေတာဟာ ဘာတွေဖြစ်နေလဲ၊ ငါတို့ စစ်တပ်ထဲမှာ ဘာတွေ ဖြစ်နေလဲ´ ဆိုတာကို ပြည်သူက ဘယ်လိုမြင်နေပြီလဲ ဆိုတဲ့ အသိတရားလေးတော့ သူတို့စိတ်ထဲကို ၀င်သွားစေချင်လို့ ဒီဆောင်းပါးကို ရေးပါတယ်။


ကလိုစေးထူး


(စာကြွင်း။ ဆောင်းပါးထဲက စစ်သားဟောင်းကြီး ပြောတဲ့ စကားမှာ `တကယ်သာ လိုက်နာနိုင်ရင်´ ဆိုတဲ့ အဓိက စကားလုံးတခု ကျနော် မေ့လျော့သွားတာကို စီဘောက်စ်ကနေ တဆင့် ဖြည့်စွက်ပေးတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။)

Monday, July 14, 2008

တံခါးခေါက်သံ...။

စနေနေ့ရဲ့ မနက်ခင်းတခု…။

သောကြာညတုန်းက တော်တော်နဲ့ မအိပ်ဖြစ်လိုက်တာကြောင့် စနေမနက်ခင်းမှာတော့ သူ့အိမ် တအိမ်လုံးကို အိပ်စက်အနားယူခြင်းကသာ မောင်ပိုင်စီးထား၏။ တီဗွီပိတ်၊ ကွန်ပျူတာပိတ်၊ ဖုန်းပလပ်ဖြုတ်၊ အိမ်တံခါးပိတ်…ဂျိတ် ဆိုပါတော့…။ အပြင်မှာ ရွာနေတဲ့ မိုးသံ တဝေါဝေါကလဲ အိပ်နေတဲ့လူကို ဇိမ်ပိုရှိအောင် ပံ့ပိုးနေသယောင်ယောင်…။

သို့သော်…။

***

`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´

နားထဲကို စက်သေနတ် အတွဲလိုက် လာပစ်ထည့်နေသလား ထင်ရလောက်တဲ့ တံခါးခေါက်သံက အိပ်လို့ကောင်းနေတဲ့ အာရုံကို ကန်ကျောက်လှုပ်နှိုး ပစ်လိုက်သည်။ ကြားကြားဖူးသမျှ တံခါးခေါက်သံတွေထဲမှာ ဒီတခါ တံခါးခေါက်သံကတော့ တကယ်ကို `အားမနာလျှာမကျိုး´ တံခါးခေါက်သံ…။ တံခါးကို ခပ်ကြမ်းကြမ်း ခေါက်ရုံနဲ့တင် အားမရသေးလို့လား မသိ…၊ တချက်တချက်မှာ တံခါးသော့ပေါက် လက်ကိုင်ဘုကို ဆွဲလှည့်နေတဲ့ အသံ တကလစ်ကလစ် ကိုပါ ကြားနေရသေးသည်။

`ကျွတ်…၊ ဘယ်သူလဲ မသိဘူး။ မဖွင့်ဘူးကွာ´

အိမ်ကို လာလာခေါက်တဲ့ တံခါးခေါက်သံတွေကို ခေါက်တဲ့ အသံပုံစံကို မူတည်ပြီး သူက အမျိုးအစားခွဲထား၏။ တချို့က တံခါးကို ဖွဖွလေး ခေါက်သည်။ တံခါးလာခေါက်ရတာကိုတောင် တော်တော်အားနာနေရတဲ့ အသံမျိုး။ များသောအားဖြင့်ကတော့ ကရင်အကိုကြီးတို့ လင်မယား လာခေါက်ရင် ဒီလို အသံမျိုး ကြားရသည်။ အကူအညီ တခုခု လိုပေမယ့် အင်မတိအင်မတန် အားနာတာကြောင့် တံခါးကို မရဲတရဲ ခေါက်တဲ့ပုံစံ။

ထူးထူးခြားခြား တံခါးခေါက်တတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဒီကိုရောက်လာတာ လေးငါးခြောက်လလောက်ပဲ ရှိသေးသော `ကိုမိုးဇက်´ ဆိုတဲ့ လူ…။ သူ တံခါးခေါက်တာကတော့ သူများတွေလို လက်ခေါက်နဲ့ ခေါက်တာ မဟုတ်ဘဲ လက်ချောင်းထိပ်ဖျားလေးတွေနဲ့ တံခါးအပေါ်မှာ ကြွက်ဖြတ်ပေးတဲ့ အသံမျိုး တံခါးကို တောက်တာမို့ သူ့တံခါးခေါက်သံက သူများတွေနဲ့ မတူ။ မြန်မာပြည်မှာဆိုရင်တော့ ရဲစခန်းတို့၊ ဆေးရုံတို့မှာ လက်ချောင်းလေးတွေကို စားပွဲပေါ်မှာ အဲဒီလို ခေါက်တဲ့လူတွေ အတော် အဟောက်ခံရ၏။

အနီးအနားက မြန်မာမိသားစု တချို့ရဲ့ ကလေးတွေ အိမ်ကို လာလည်တာဆိုရင်တော့ တံခါးခေါက်သံက မိုးချုန်းသည့်အလားပင်…။ သူတို့ လက်သီးဆုပ်ကလေးတွေနဲ့ တဒုန်းဒုန်း ထုတဲ့အပြင်ကို အပြင်ကနေ `ဦးဦး၊ တံခါးဖွင့်´ လို့ အော်သံ သဲ့သဲ့ကိုပါ ကြားနိုင်သေးသည်။ အဲဒီ မောင်မင်းကြီးသားလေးများကတော့ သူ အကြောက်ရဆုံး…။ တံခါးမဖွင့်မချင်း တံခါးကို အားရပါးရထုသေးတဲ့အပြင် တံခါးဖွင့်ပေးလိုက်ရင်လဲ တီဗွီရှေ့မှာ တချို့ထိုင်၊ တချို့ကတော့ သူ့ကွန်ပျူတာကို ပြဿနာရှာလေတော့၏။ ခပ်တည်တည်နဲ့ စာထိုင်ရေးဖို့တော့ မကြံစည်လေနှင့်…။ `ဦးဦး…၊ သားဂိမ်းကစားမယ်လေ´ ဆိုပြီး ကွန်ပျူတာကို အာဏာသိမ်းပြီသာမှတ်…။

ဒီနိုင်ငံက တခြားသော လူမျိုးခြား တယောက်ယောက် လာခေါက်တဲ့ အသံကိုတော့ သူက `ကိန်းကြီးခန်းကြီး တံခါးခေါက်သံ´ လို့ ကိုယ့်ဘာသာကိုယ် အမည်ပေးလိုက်၏။ သူတို့ကတော့ တံခါးကို အသံခပ်ကျယ်ကျယ်နဲ့ ခပ်ပြင်းပြင်းလေး သုံးလေးငါးချက် ကို နှစ်ခါလောက် ခေါက်လို့မှ တံခါးမဖွင့်ပေးရင်တော့ နောက်ကြောင်း ပြန်လှည့်သွားကြပြီ။ လာခေါက်လေ့ရှိတာကတော့ များသောအားဖြင့် ဖုန်း၊ ခရက်ဒစ်ကဒ်၊ သတင်းစာ၊ ကေဘယ်လ်လိုင်း ကြော်ငြာသမားတွေနဲ့ တခါတလေမှာ လာတတ်လေ့ရှိတဲ့ သူ့ စပွန်ဆာ…။

***

အခုတံခါးခေါက်သံကတော့ ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာ မခန့်မှန်းတတ်…။ ဒါပေမယ့် တော်တော်တော့ အားမနာလျှာမကျိုး နိုင်လွန်းတဲ့ တံခါးခေါက်သံဟု ထင်မိ၏။ ပိုင်စိုးပိုင်နင်းကလဲ နိုင်သေး…။ တံခါးလက်ကိုင်ဘုကို ဆွဲလှည့်လိုက်…၊ တံခါးကို ခပ်ကြမ်းကြမ်းခေါက်လိုက်…။ ခဏငြိမ်သွားလိုက်…၊ နည်းနည်းလေး ကြာရင် ပြန်ခေါက်လိုက်နဲ့…။

သာမန်အချိန်ထက် အဆပေါင်းတရာလောက် လေးလံနေသလို ခံစားရတဲ့ ဦးခေါင်းက ဘယ်လိုမှ မထူချင်သေးတာမို့ ဘေးနားက ခေါင်းအုံးကို နားနားကပ်အောင် ဆွဲယူပြီး ပြန်အိပ်ပစ်လိုက်သည်။ တော်တော်ကြီးကြာမှ တံခါးခေါက်သံက ငြိမ်သွား၏။

`ပြန်သွားပြီထင်တယ်၊ ပြန်လဲ အေးတာပဲ၊ ဘယ့်နှယ်ကွာ၊ ဒီမှာအိပ်နေမလား ဘာလားတောင် မတွေးဘူး၊ မနက်အစောကြီး တံခါးလာခေါက်ရတယ်လို့´

ဘာပဲဖြစ်ဖြစ် စပ်စုချင်စိတ်ကလဲ ရှိသေးတာမို့ အိပ်ရာကနေ ကြုံးရုန်းထ..၊ ခြေကို အသာလေး ဖွဖွနင်းပြီး တံခါးရဲ့ ချောင်းကြည့်ပေါက်ကတဆင့် အပြင်ကို ချောင်းလိုက်တော့ ဘယ်သူမှ မရှိ…။ `ကောင်းတယ်´ လို့ စိတ်ထဲမှာ အားရပါးရတွေးပစ်လိုက်၏။ ဒါပေမယ့် ပြန်အိပ်လို့တော့ ဘယ်လိုမှ မရတော့…။ နာရီကို ကြည့်လိုက်တော့ မနက်ကိုးနာရီသာသာ…။

ဒီလိုနဲ့ပဲ အိပ်ရာထ၊ မျက်နှာသစ်၊ အစာစား၊ ပလုတ်ကျင်း၊ ကျောင်းသွား…၊ (အဲ… ဟုတ်ပေါင်) အပြင်ထွက်…။ :D

***

စနေနေ့ ညနေ…။

တီဗွီ အစီအစဉ်က ကောင်းနေတာနဲ့ ဇိမ်ကျနေတုန်း မနက်ကလို တံခါးခေါက်သံက ထပ်ပေါ်လာပြန်သည်။

`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ဒေါက်…၊ ဒေါက်…၊ ဒေါက်…´
`ကလစ်…ကလစ်´

တံခါး ခေါက်ပြီးတာနဲ့ တံခါးလက်ကိုင်ဘုကို ပိုင်စိုးပိုင်နင်း ဆွဲလှည့်နေတာကို လူက တော်တော် အူယားလာသည်။

`ဘယ်သူမို့လို့ ဒီလောက်တောင်…၊ ကဲ… ဒီလောက်တောင် ဖြစ်လှတာ သိကြသေးတာပေါ့ကွာ´

ခပ်တိုတို ဖြစ်ချင်လာတဲ့ စိတ်ကြောင့် ချောင်းကြည့်ပေါက်ကနေတောင် အရင်ဆုံး မကြည့်အားတော့ဘဲ တံခါးကို အလျင်စလို ဆွဲဖွင့်ပစ်လိုက်၏။ တံခါးဝမှာ ရပ်နေတာက…

`ဟင်…အမိုး´

လက်ထဲမှာ လက်နှစ်လုံးသာသာလောက် ငါးအကင်လေးတွေထည့်ထားတဲ့ ပန်းကန်ပြားလေး တချပ်နဲ့ အမိုးက သူ့ကို တွေ့တော့ အမိုးအပေါ် စီးမိုးနေတဲ့ သူ့အရပ်ကြီးကို မော့ကြည့်ပြီး ပြုံးပြသည်။ ပြီးတော့…

`ဖိုးခွား၊ နေကောင်းရဲ့လား´
`ဟုတ်ကဲ့၊ ကောင်းပါတယ်၊ အမိုး ဘာလိုလို့လဲ၊ ကျနော် ဘာလုပ်ပေးရမလဲ အမိုး´ (စိတ်ထဲမှာ အမိုးတယောက် တခုခု လိုအပ်လို့ လာတာလို့ ထင်နေတုန်း)
`ဘာမှ မလိုပါဘူး၊ အမိုးညက အိပ်မက်သိပ်မကောင်းလို့ ဖိုးခွားတယောက် နေလို့မှ ကောင်းရဲ့လား မသိဘူး ဆိုပြီး လာကြည့်တာ´

သူ ခေတ္တခဏတော့ ဆွံ့အသွား၏။ နှုတ်က အာစေးထည့်ထားသလိုလို ဘာစကားမှ မထွက်နိုင်သေးခင်မှာပဲ အမိုးက ဆက်ပြီး…

`မနက်ကလဲ အမိုးလာသေးတယ်၊ ဖိုးခွားအိပ်ပျော်နေတာလား၊ တံခါးဖွင့်မပေးတာနဲ့ စိတ်ပူပြီး ပြန်သွားရတယ်´
`ဟုတ်…၊ ဟုတ်ကဲ့´
`ဒီငါးတွေက အဘိုးသွားမျှားထားတာလေ´

ထမင်းစားပွဲပေါ်မှာ ငါးကင် ပန်းကန်လေးကို သွားတင်ရင်း ပြောနေတဲ့ အမိုးကို သူ အကြောင်သားဖြင့် လိုက်ငေးနေမိ၏။

`ကဲ…၊ ပြန်မယ်နော်၊ နေကောင်းတယ်ဆို အမိုး စိတ်ပျော်ပြီ´

တုံးတိတိသာ ပြောသွားပေမယ့် စကားထဲက မေတ္တာတရားတွေက ခွင့်လွှတ်နားလည်ခြင်း များစွာကို ကိုယ်စားပြုဖို့ သူ့အခန်းထဲတွင် အမိုးချန်ထားခဲ့၏။

***

စနေနေ့ည…။

တံခါးခေါက်သံ ခွဲခြားသူ စပယ်ရှယ်လစ် လို့ ကိုယ့်ကိုယ်ကို ထင်ထားသူ လူတယောက်ကို သူ့အိမ်တံခါးက လှောင်ပြုံးပြုံးပြီး ကြည့်နေလေ၏။



ကလိုစေးထူး

Sunday, July 13, 2008

အမေရိကား သို့ မလာမီ ဒါဖတ်ပါ...(၂)။


Chruch ကျောင်းတွေရဲ့ တိုက်ရိုက် ကူညီထောက်ပံ့ခံရတဲ့ မိသားစုတွေဟာ အေဂျင်စီရဲ့ ပံ့ပိုးမှုကိုပဲ ရတဲ့ မိသားစုထက်စာရင် ပိုပြီးတော့ ဂရုစိုက်ခံရလေ့ရှိပါတယ်။ အေဂျင်စီဆိုတာကတော့ အဖွဲ့အစည်း သဏ္ဍာန် လှုပ်ရှားရလေတော့ တခါတရံမှာ သူတို့အေဂျင်စီက ခေါ်ထားတဲ့ မိသားစုတွေအိမ်မှာ အစားအသောက် ပြတ်လပ်နေတာကိုတောင် မသိလိုက်တဲ့ အထိ လစ်ဟာမှုတွေ ဖြစ်လေ့ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ဆိုရင် အရင်က ရောက်နှင့်နေတဲ့ မြန်မာမိသားစု အချင်းချင်းကပဲ တတ်နိုင်သလောက် ၀င်ရောက် ဖြည့်ကူရတာမျိုးတွေ လုပ်ပေးရလေ့ရှိပါတယ်။ Chruch ကျောင်းရဲ့ အထောက်အပံ့ရတဲ့ မိသားစုတွေကတော့ အဲဒီလို ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ Church ကျောင်းတွေရဲ့ အထောက်အပံ့ရခြင်း မရခြင်း ဆိုတာကတော့ ကုသိုလ်ကံလို့သာ ပြောရမှာပါပဲ။

ဟိုသယ် ဒီသယ်တွေ…

အမေရိကန်ကို လာဖို့အတွက် Departure Date ရပြီဆိုတာနဲ့ အတော်များများက မြန်မာအစားအစာများကို တနိုင်တပိုင် သယ်သွားကြဖို့ စိတ်ကူးလေ့ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ အမေရိကန်ကို အစားအသောက်တွေ သယ်လာတာနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းပြထားတဲ့ ဒီဆောင်းပါးကို ဖတ်စေချင်ပါတယ်။

အကောင်းဆုံး အကြံပေးချင်တာကတော့ ဖြစ်နိုင်မယ်ဆိုရင် မြန်မာအစားအစာတွေ မသယ်တာကတောင် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်သယ်လာတဲ့ စားစရာတွေအနက် တခုခုက သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ငြိစွန်းတာမျိုး ဖြစ်မယ်ဆိုရင် ခရီးစဉ်မှာ မလိုအပ်ဘဲနဲ့ နှောင့်နှေးတတ်ပါတယ်။ တချို့ဆိုရင် ငါးပိကြော်က အစ သယ်လာတော့ (စည်းကမ်းချက်အရ မသယ်ရဘူးလို့ မသတ်မှတ်ထားပေမယ့်) အနံ့အသက် မလုံခြုံမှုကြောင့် အဲဒီ ငါးပိကြော်ကိစ္စကို စစ်ဆေးနေရတာနဲ့တင်ကို အချိန်တွေ အတော်ကုန်ပါတယ်။ နောက်ပြီးတော့ ဒီနိုင်ငံမှာ အစားအစာနဲ့ပတ်သက်ရင် ကျနော်တို့ မြန်မာတွေ ပါးစပ်နဲ့ တည့်တဲ့ အာရှဈေးဆိုင်တွေ အများကြီးပါ။ မြန်မာ စားစရာတွေကလဲ ပြည်နယ်တိုင်းလိုလိုမှာ သူ့အချိတ်အဆက်နဲ့သူ ၀ယ်စားလို့ရနေတာမို့ စားစရာတွေကို မသယ်လာတာ ပိုကောင်းတယ်လို့တောင် မြင်ပါတယ်။

တတ်နိုင်ရင်တော့ မြန်မာရိုးရာအ၀တ်အထည် တချို့၊ မြန်မာစာအုပ်တချို့ကို သယ်တာကို ပိုအားပေးချင်ပါတယ်။ အဲဒါတွေက ဒီမှာ ရနိုင်သည့်တိုင်အောင် တော်တော်ဈေးကြီးတာမို့ အဲဒါတွေ သယ်တာကမှ ပိုသင့်တော်ပါဦးမယ်။

အဓိက ပြင်ဆင်ထားသင့်တာ…

ဒီကိစ္စကို `နိုင်ငံခြား သွားတော့မယ် ဆိုရင်…´ ပို့စ်တွေထဲမှာလဲ လူအတော်များများက ထည့်သွင်း ဆွေးနွေးခဲ့ကြဖူးပါတယ်။ အမေရိကားကို လာရတော့မယ်ဆိုတာ သေချာပြီဆိုရင် အဓိက ပြင်ဆင်ရမှာကတော့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကို ကြိုတင်သင်ယူထားဖို့ပါပဲ။

တခါတရံမှာ အမေရိကန်ကို ရောက်ပြီးမှ ကိုယ်သွားရမယ့် ပြည်နယ်နဲ့ မြို့ကို ဆက်သွားဖို့အတွက် IOM (International Organization for Migration) ၀န်ထမ်းရဲ့ အကူအညီ မပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး ခရီးဆက်ရတာတွေ ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ကြားခံလေဆိပ်တခုကို ရောက်တဲ့အချိန်မျိုးကျရင် အင်္ဂလိပ်စကား တလုံးမှ မတတ်ထားသူတွေ အဖို့ အတော်လေး ဒုက္ခရောက်ရလေ့ရှိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်စကားကိုတော့ ရနိုင်သလောက် သင်လာကြဖို့ လိုအပ်ပါတယ်။

ဒီကိုရောက်တဲ့အခါမှာလဲ အင်္ဂလိပ်စကားကို မဖြစ်မနေ သင်သင့်ပါတယ်။ သင်ဖို့အတွက်လဲ ESL (English Second Language) Class တွေ ရှိပါတယ်။ မိမိမှာ ရှိတဲ့ အင်္ဂလိပ်စာ စွမ်းရည်အလိုက် Level ခွဲပြီးတော့ သင်ပေးတာမို့ သင်ချင်စိတ် ရှိဖို့ပဲ လိုပါတယ်။ တချို့က `ငါတို့က အသက်ကြီးပြီ၊ စာသင်ရမယ့် အရွယ်မဟုတ်တော့ဘူး´ လို့ တလွဲတွေးပြီး နေရာတကာမှာ ဘာသာပြန်ကိုပဲ အလွယ်တကူ သုံးပြီး နေလေ့ရှိပါသေးတယ်။ ဒါပေမယ့် ဒီမှာနေတာ အချိန်ကြာလာတဲ့အခါ၊ အလုပ်တကယ်တမ်း လုပ်ကြပြီဆိုတဲ့အခါမှာ အင်္ဂလိပ်စကား လုံးဝမပြောနိုင်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ကောင်းကောင်းကြီး ခံရတာမို့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်စကားကိုတော့ ဒီမှာနေနေသမျှကာလတွေအတွက် သေချာပေါက် လိုအပ်ပါတယ်။

အလုပ်အကိုင်…

များသောအားဖြင့်ကတော့ တတိယနိုင်ငံ အခြေချမိသားစုဝင်အနေနဲ့ အမေရိကန်ကို ရောက်လာသူ အတော်များများအတွက် အောက်ခြေလုပ်ငန်းတွေပဲ လုပ်ရတာများပါတယ်။ အင်္ဂလိပ်စာ အခြေခံ အင်မတန်ကောင်းသူတွေကတော့ သူတို့ကြိုးစားရင် ကြိုးစားသလို လခကောင်းတဲ့ အလုပ်တွေ ရလေ့ရှိပါတယ်။ ကျန်တဲ့ အများစုကတော့ အောက်ခြေအလုပ်ပေါ့…။

အမေရိကန်ကို ရောက်တဲ့အခါမှာ ကိုယ့်ဘ၀ကို ကိုယ့်ဘာသာကိုယ် ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ဆိုတာက အလုပ်ကောင်းကောင်း ရဖို့ပါပဲ။ မိသားစု တချို့က `အလုပ်ရှာပေးတာဟာ စပွန်ဆာရဲ့ အလုပ်´ လို့ တွက်ဆပြီးတော့ တော်တော်ကြီးကို အေးအေးလူလူနိုင်လွန်းတာကို တွေ့ရဖူးပါတယ်။ စပွန်ဆာက ရှာပေးလာတဲ့ အလုပ်ကိုကျတော့လဲ လခက ဘယ်လိုနည်းနေသေးလို့၊ ဟိုဟာဖြစ်လို့ ဒီဟာ ဖြစ်လို့ဆိုပြီး ဂျီးများတတ်သေးတာမျိုး ရှိပါသေးတယ်။

ဒီနိုင်ငံကို ရောက်တဲ့အခါမှာ ကိုယ်က အင်္ဂလိပ်စကား ကောင်းကောင်းမတတ်သေးလို့ အလုပ်ကို ဘယ်လိုရှာရမှန်းလဲ မသိဘူး၊ စပွန်ဆာကလဲ အလုပ်ရှာပေးနေတာ အဆင်မပြေဖြစ်နေတယ် ဆိုရင်တော့ အကောင်းဆုံးတခုကတော့ နီးစပ်ရာ အရင်ရောက်နှင့်နေတဲ့ မြန်မာမိတ်ဆွေတွေရဲ့ အလုပ်တွေမှာ ၀င်လျှောက်တာမျိုး၊ ရင်းနှီးတဲ့ မြန်မာသူငယ်ချင်း တယောက်ယောက် အကူအညီနဲ့ အလုပ်ရှာဖွေရေး အေဂျင်စီတွေက တဆင့် အလုပ်ရှာတာမျိုးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။

အလုပ်ရတဲ့အခါမှာလဲ ဒီနိုင်ငံမှာက Work History ဆိုတာ ရှိတော့ ကိုယ့်ရဲ့ အလုပ်သမိုင်းကြောင်း ကောင်းဖို့အတွက် အလုပ်ကို အချိန်မှန်သွားတာ၊ ပုံမှန်ကြိုးစားတာတွေနဲ့ Work History ကောင်းကောင်းရအောင် ထိန်းရပါမယ်။ Work History ကောင်းမှလဲ လက်ရှိ လုပ်နေတဲ့ အလုပ်ထက် ပိုကောင်းတဲ့ အလုပ်ကို ရှာတဲ့အခါမျိုးမှာ ပိုပြီးလွယ်ကူပါတယ်။ အလုပ်တခုမှာ တလနှစ်လ လုပ်လိုက်၊ နောက်တခုကို ထပ်ပြောင်းလိုက်ဆိုတာမျိုးက သိပ်များလွန်းရင်တော့ မကောင်းလှပါဘူး။

ကျနော်နေတဲ့ ပြည်နယ်က အေဂျင်စီတွေနဲ့ Church တွေဟာ သူတို့ခေါ်ယူထားတဲ့ မိသားစုတွေရဲ့ တာဝန်ကို သုံးလအထိပဲ တာဝန်အပြည့်အ၀ ယူပေးလေ့ရှိတာမို့ အဲဒီ သုံးလအတွင်းမှာ အလုပ်ရဖို့က သူတို့ကိုချည်း အားကိုးနေလို့ မရတာအမှန်ပါ။

အဖိုးတန်သော လေလုံးများ…

အမေရိကန်ကို ရောက်လာပြီဆိုရင် အများစုက Home Sick ဒဏ်ကို ခံရတာက တကြောင်း၊ ဟိုဘက်ဒီဘက် အသီးသီးရောက်နေကြတဲ့ တခြားသော ပြည်နယ်တွေဆီက မိတ်ဆွေတွေဆီမှာ အခြေအနေ စနည်းနာလို့တာက တကြောင်းကြောင့် Home Phone ရပြီဆိုတာနဲ့ အသားကုန် ဖုန်းပြောတော့တာပါပဲ။

ပြောနေတုန်းကတော့ ကိစ္စမရှိသေးပေမယ့် လကုန်ပြီဟေ့ဆိုတာနဲ့ လေလုံးတွေရဲ့ အဖိုးတန်ပုံကို ကောင်းကောင်းကြီး သိစေမယ့် Bill တွေ လာတဲ့အခါမှာ၊ ကိုယ်ကလဲ အလုပ်အကိုင်ကောင်းကောင်း မရသေးတဲ့အချိန်မျိုးဆို အခက်တွေ့လေ့ရှိတတ်ပါတယ်။ အဆိုးဆုံးကတော့ International Call တွေကို Phone card မပါဘဲ သုံးကြတာပါ။ မြန်မာပြည်လိုနိုင်ငံကို အဲဒီလိုခေါ်မိရင် တမိနစ်ကို နှစ်ဒေါ်လာခွဲလောက် အထိ ကျတတ်တယ်လို့ အကြိမ်ကြိမ် သတိပေးပေမယ့် ဘာကြောင့်မှန်းမသိ (လက်တွေ့စမ်းချင်တာလဲ ပါမယ်ထင်တယ်) တချို့မိသားစုတွေက ဖုန်းကဒ်ကို မသုံးဘဲ တိုက်ရိုက်ခေါ်တတ်ကြလို့ Bill လာတဲ့အခါမှာ တော်တော် ဒုက္ခများရပါတယ်။

တတိယနိုင်ငံမှာ…

တကယ်တော့ တတိယနိုင်ငံရောက် မိသားစုတွေကို အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ ခေါ်ယူတယ်ဆိုတာက ဘ၀တခုကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကြိုးစားခွင့်ရဖို့ပါပဲ။ သူတို့နိုင်ငံရဲ့ လိုအပ်ချက်တခုကို ဖြည့်ဆည်းချင်တာလဲ တချက်ပါတယ်ဆိုတာ မှန်ပေမယ့် ဒီနိုင်ငံကို ရောက်ခွင့်ရတဲ့ အခွင့်အရေးကို ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ အသုံးချသင့်ပါတယ်။

`ငါတို့ရဲ့ အရင်တုန်းက ဆင်းရဲဒုက္ခတွေဟာ ဒီနိုင်ငံမှာ ရောက်တာနဲ့ အားလုံး ပြီးသွားပြီ။ တခုခုဆို စပွန်ဆာတွေက ကူညီလိမ့်မယ်၊ အလုပ်မရှိရင် Food Stamp ထိုင်စားလို့ရတာပဲ´ လို့ တယောက်ယောက်ကများ ပြောလာပြီဆိုရင် အဲဒါဟာ အချက်အလက် အမှားတွေပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကိုရောက်တဲ့ တချို့ ပုဂ္ဂိုလ်များက မရောက်လာသေးတဲ့ မိသားစုတွေကို ပေးတဲ့အချက်အလက်တွေက (ဘာကြောင့်မှန်းမသိ) မှားနေတာတွေ၊ ပြီးတော့ အပိုဆာဒါးတွေ ပါတာမျိုးတွေ ရှိတတ်ပါတယ်။

အဓိကကတော့ ကိုယ်ကိုယ်တိုင်ကလဲ ကြိုးစားမယ်၊ ကိုယ်ကြိုးစားတာကိုမှ အခက်အခဲတချို့ရှိလာရင် အထောက်အပံ့ပေးသူ စပွန်ဆာ ဒါမှမဟုတ် နီးစပ်ရာ မိတ်ဆွေကို အကူအညီတောင်းတာမျိုးက ဒီမှာပို အဆင်ပြေပါလိမ့်မယ်။

တကယ်တမ်းကတော့ အချက်အလက်တွေ၊ သိစေချင်တဲ့ အရာတွေက အများကြီးပါပဲ။ ဒါပေမယ့် စာမျက်နှာပေါ် တင်ပြီး ရေးပြဖို့ကို စာစီရတာက (တခြားသော ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်စရာတွေကို ဆင်ခြင်နေရတာနဲ့ပဲ) အကန့်အသတ် အများကြီး ရှိတာမို့ ဒီဆောင်းပါးကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။

အမေရိကန်ကို Resettlement Agency ရဲ့ အထောက်အပံ့နဲ့ လာရဖို့လဲ သေချာနေပြီ၊ သိချင်တဲ့ အချက်အလက်တွေလဲ ရှိနေတယ်ဆိုရင်တော့ ကျနော့်ရဲ့ အီးမေးလ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျနော် တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်မယ့် အချက်အလက်တွေကို ရှာပြီး ပြန်ဖြေပေးပါမယ်။


ကလိုစေးထူး

Saturday, July 12, 2008

အပျင်းကြွေး... အကြွှေးပျင်း...။

မနက် မိုးလင်းလို့ ခြောက်နာရီ ထိုးတာနဲ့ နှိုးစက်ရဲ့ မြည်သံကြောင့် အိပ်စက်ခြင်းကို အဖြိုခွင်းခံရတော့တာပါပဲ။ အဲဒီမှာတင် နေ့တနေ့တာရဲ့ `ပျင်းရိခြင်း´ က အစပြုတာ…။ စောပါသေးတယ်လို့ တွေးပြီး စောင်ခြုံထဲမှာ ပြန်ကွေးလိုက်၊ ဒါပေမယ့် မသိစိတ်ရဲ့ စေ့ဆော်မှုက ပျင်းရိခြင်းကို ခပ်ကြာကြာ ဇိမ်မကျခိုင်းတော့ အလွန်ဆုံး နာရီဝက်လောက် ထပ်မှိန်းပြီးပြီ ဆိုတာနဲ့ လူက အိပ်ရာကနေ ၀ုန်းခနဲထပြီး မျက်နှာကို ၀ရုန်သုန်းကားသစ်၊ မနက်စာကို ကမန်းကတန်းစားပြီး အလုပ်ထဲကို အချိန်မှီ ပြေးရတော့တာပဲ။

`ပျင်းတာက နာမည်ပဲ ဆိုးတာ၊ လူသက်သာတယ်´ လို့ ဘယ်သူက စပြောတာလဲတော့ မသိဘူး။ ဒါပေမယ့် အဲဒီစကားက တယ်လဲ မှန်တာပဲကိုး…။ ပျင်းရိမှုကြောင့် ဆုံးရှုံးသွားတာတွေ၊ နောက်ကျသွားတာတွေ အများကြီး ရှိပေမယ့် ဒီအသက်ဒီအရွယ် ရောက်တဲ့အထိ ကျနော်ကတော့ ကိုယ့်သဘောနဲ့ကိုယ် ပျင်းလို့ ကောင်းတုန်း…။

အသက်အရွယ် ဆိုလို့ ကျနော့်ရဲ့ ပျင်းရိခြင်းတွေက ဘာတွေကို ပျင်းတာလဲ လို့ ပြောရမယ်ဆိုရင် ဟိုးငယ်ငယ်တုန်းက ပျင်းတာနဲ့ အခုပျင်းတာကို ခွဲပြောရမယ်ထင်တယ်။ အပျင်းကဏ္ဍ ပိုင်းခြားခြင်းပေါ့…။ :D

ငယ်ငယ်ကနဲ့ အခု ထပ်တူထပ်မျှ အပျင်းခြင်းတူတာ တခုတော့ရှိတယ်။ အဲဒါကတော့ မနက်စောစော အိပ်ရာထရမှာကို ကျနော် သိပ်ပျင်းတယ်။ ငယ်ငယ်ကဆို ပိုဆိုးတာပေါ့…၊ အိပ်ရာစောစောထရမှာကို ပျင်းပါတယ်ဆိုမှ နောက်ထပ် အပျင်းတမျိုး ဖြစ်တဲ့ စာကျက်ရတာကိုပါ ပေါင်းပြီးတော့ မေမေက အစောကြီး အိပ်ရာနှိုးပြီး စာကျက်ခိုင်းတတ်တော့ တော်တော်လေးကို ပင်ပန်းဆင်းရဲကြီးခဲ့ရဖူးတယ်။ တခါတလေဆို အိပ်ငိုက်ငိုက်နဲ့ ဘာတွေ အော်ကျက်နေမှန်း မသိလို့ မေမေက တဟားဟားနဲ့ ထရယ်ဖူးသေးတယ်။

နောက်တခုက ကျနော် အ၀တ်လျှော်ရမှာကို သိပ်ပျင်းတယ်။ ဟိုးငယ်ငယ်ကတော့ ဒါက မေမေ့တာဝန်…။ ကလေးဆိုတော့ ကျနော်တို့ လျှော်လဲ မစင်မှာကို သိနေတော့ မေမေကပဲ ဒိုင်ခံလျှော်ပေးရတယ်။ ဒါပေမယ့် ကိုယ့်ဘ၀ ကိုယ်ကျောင်းရတဲ့ အရွယ်ကို ရောက်စပြုလာတော့ ဒါကြီးက ကျနော့်အတွက် တော်တော်ကြီးကျယ်တဲ့ ကိစ္စဖြစ်လာတယ်။ အ၀တ်လျှော်ရပျင်းပြီး ပစ်ထားမိလို့ အချိန်မတန်ခင် ပစ်လိုက်ရတဲ့ အ၀တ်တွေ အများကြီးပဲ…။ အခု ဒီနိုင်ငံမှာတော့ အ၀တ်လျှော်စက်ထဲ ထည့်လိုက်ရုံဆိုတော့ အပျင်းတဒုက္ခ ငြိမ်းရတယ်။

နှုတ်တိုက် အလွတ်ကျက်ရတာမျိုးဆိုလဲ ကျနော် အရမ်းပျင်းတယ်။ အဲဒါကတော့ ဟိုးငယ်ငယ် ကလေးပေါက်စတုန်းက သိပ်မသိသာပေမယ့် ခြောက်တန်းသာသာလောက်က စပြီးတော့ စာတွေကို ၏၊သည် မရွေး အလွတ်ကျက်မှတ်ရတာကြီးကို ကျနော် ပျင်းလာတယ်။ မှတ်မှတ်ရရ ကျနော် မြန်မာစာကို အဲဒီကတည်းက တခါမှ ခက်ဆစ်နဲ့ သဒ္ဒါကလွဲရင် တခါမှ အလွတ်မကျက်ခဲ့ဘူး။ စကားပြေတွေ၊ ကဗျာတွေဆိုရင် စိတ်ထဲတွေ့ရာတွေ လျှောက်လျှောက်ရေးတာပဲ။ ဆရာမက လိုက်ရေးခိုင်းတဲ့ စာတွေကို ၏၊သည် မရွေး ကျက်ရတာလောက် ပျင်းတာ မရှိဘူး။ အဲဒီ အကျင့်ကြောင့် ဆယ်တန်းရောက်တော့ ဇီဝဗေဒလို ဘာသာမျိုးက အဓိက ဒုက္ခပေးတော့တာပဲ။

ငယ်ငယ်တုန်းက ထမင်းစားပြီးရင် ပန်းကန်ဆေးရမှာ၊ ထမင်းစားပွဲ သိမ်းရမှာ အရမ်းပျင်းတယ်။ ဒါပေမယ့် အဲဒါကြီးက အခုလို အရွယ်မှာကျတော့ တဖြည်းဖြည်းနဲ့ ကိုယ်ကျင်လည် ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်က ထိန်းကျောင်းပေးလိုက်လို့လားတော့ မပြောတတ်ဘူး။ မပျင်းတော့ဘူး။ အဲဒါကို ပျင်းနေရင်လဲ လူတွေ ကဲ့ရဲ့မှာ စိုးတာကြောင့်လဲ ပါမယ်ထင်တယ်။

အခုလဲ အပျင်းကောင်းလို့ အကြွေးတင်နေခဲ့တာ ကြာပါပြီကော…။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ ရွှေဂျမ်း Tag ထားတဲ့ `အပျင်းဆုံး အလုပ်´ ပို့စ်ကို ရေးဖို့ နှောင့်နှေးနေခဲ့တာလေ။ အကြောင်းပြချက်တွေ များစွာနဲ့အတူ အပျင်းရောဂါကိုပါ ပေါင်းပြီးတော့ ဟိုရွှေ့ဒီပို့နဲ့ မရေးဖြစ်ခဲ့တာ ဧပြီကတည်းက Tag ထားတဲ့ ပို့စ်ကို အခုမှပဲ ရေးပေးဖြစ်တော့တယ်။ ရွှေဂျမ်းတယောက်တော့ လာဖတ်ဖို့ ပျင်းနေဦးမလားတော့ မပြောတတ်ဘူး။ ကျနော်ကတော့ ဒီကနေ့မှာ တခြားအကြောင်းအရာတွေ ရေးရမှာကို ပျင်းတာနဲ့ပဲ အပျင်း Tag ကြွေး ဆပ်လိုက်တယ် ဆိုပါတော့…။

နောက်နေ့တွေကျရင်တော့ ရေးဖို့ ပျင်းလို့ မဖြစ်ဘူးထင်တယ်နော…။

ကလိုစေးထူး
(ရွှေဂျမ်းရေ…။ အခုမှပဲ အကြွေးဆပ်ဖြစ်တာ စိတ်မရှိနဲ့နော်။ ဘယ်လောက်ပျင်းတယ်ဆိုတာ အခု သိပြီမှတ်လား) :D

Wednesday, July 09, 2008

စစ်တပ်နဲ့ စစ်ဗိုလ် ...(၂)


မမြင်ဖူး မူးမြစ်ထင်...

မြန်မာ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲမှာတော့ အလွန်အင်မတန်မှ ဆင်းရဲသူတယောက် ပိုက်ဆံ အရမ်းချမ်းသာလာတဲ့ အခါ၊ ငွေတွေအများကြီးကို တွေ့မြင်လာတဲ့အခါ လောဘဇောတိုက်တတ်ကြတာကို ပညာပေး သင်ခန်းစာအနေနဲ့ ရိုက်ကူးပြသလေ့ ရှိတတ်ကြပါတယ်။ တကယ့်တကယ်တမ်းမှာတော့ အဲဒီ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေထဲက `ငွေ´ထက် ကြောက်စရာကောင်းတဲ့ အရာကတော့ `အာဏာ´ ပါပဲ။

ပင်ကို အခြေခံစိတ်ဓာတ် မရင့်ကျက်သူအတွက် `ငွေ´ ဟာ သူ့ဘ၀ကို ပျက်စီးစေနိုင်တာ မှန်ပေမယ့် အဲဒီလူလက်ထဲကို `အာဏာ´ သာ ရောက်သွားရင်တော့ သူ့တယောက်ထဲတင်ကိုသာမက သူနဲ့ ပတ်သက်လှုပ်ရှားရတဲ့ ပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်မှုတွေ ရှိလာတော့တာပါပဲ။

အရပ်ထဲမှာနေတုန်းက အလွန်အင်မတန် ရိုးရိုးကုပ်ကုပ်နေတတ်ပေမယ့် ဗိုလ်သင်တန်းအောင်လို့ သင်တန်းဆင်းလို့ အရာရှိ ပေါက်စ ဖြစ်လာပြီ ဆိုရင်ပဲ `အာဏာ´ ဆိုတဲ့ တံလှပ်က တော်ရုံတန်ရုံ စိတ်ဓာတ်မခိုင်မာသူတွေရဲ့ စိတ်ကို စတင် မြူဆွယ်လိုက်ပါတယ်။ စစ်တပ်ရဲ့ စည်းကမ်းကျနတဲ့ စစ်စည်းကမ်းအရ လမ်းသွားရင်းနဲ့ ဆုံမိရင်တောင် အခြားအဆင့် ဖြစ်သူက အရာရှိကို အလေးပြု အရိုအသေပေးရတာမို့ ပင်ကိုစိတ်ဓာတ် မခိုင်မာသူရဲ့ မြောက်ကြွကြွ စိတ်ကို အဲဒါလေးက အစ လှုပ်နှဲ့ယူပါတယ်။
မတထောင်သားတွေ များလှတဲ့ စစ်တပ်ထဲမှာ တခါတရံမှာ အခြေအနေအရ အောက်လက်ငယ်သား တယောက်ယောက်ကို ပါးရိုက်၊ နားရိုက် ကန်ကျောက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ယနေ့လက်ရှိ မြန်မာ့တပ်မတော် ဆိုတာက အလွန်အင်မတန် လူပေါင်းစုံလှတာမို့ တချို့သော ညာဉ်ခပ်ဆိုးဆိုး စစ်သားတွေကို အရာရှိတွေအနေနဲ့ (စစ်စည်းကမ်းဥပဒေတွေ ဘာတွေနဲ့ အရေးမယူချင်လို့ တပည့်လက်သားကို ဆုံးမတဲ့ သဘောမျိုး) ကိုယ်ထိလက်ရောက် ရိုက်နှက် ဆုံးမရတာကို စစ်တပ်သဘောသဘာဝမို့ ပြောစရာ မရှိပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ စစ်ဗိုလ်ဆိုး တချို့ဟာ အဲဒါကို အရသာတွေ့သွားတတ်တာပါပဲ။ တကယ်တော့ လက်ရှိ မြန်မာစစ်တပ်ထဲမှာ `စစ်ပြေးမှု´ တွေ အရမ်းများနေရတာဟာ အဲဒီလို စစ်ဗိုလ် ခပ်ညံ့ညံ့တွေရဲ့ လက်ချက်လဲ ပါပါတယ်။

ဒီလို ပြောလို့၊ ရေးလို့ `ဒါဖြင့် စစ်တပ်ထဲမှာ စစ်ဗိုလ်တိုင်းက အဲဒီလိုပဲ ဖြစ်နေတယ်လို့ ပြောချင်သလား´ လို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး။ အာဏာတွေ ဘယ်လိုပဲ ရလာရလာ၊ ရာထူးတွေ ဘယ်လိုပဲ ကြီးလာကြီးလာ ပင်ကိုယ်စိတ်ဓာတ် အခြေခံကောင်းသူဟာ သူတို့ စစ်တပ်ထဲမှာလဲ အလွန်အင်မတန် အရိုသေခံရတဲ့ ခေါင်းဆောင်ကောင်း ဖြစ်သလို အရပ်ဘက် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမှာလဲ နမူနာယူစဖွယ် ဖြစ်အောင် နေထိုင်လေ့ရှိပါတယ်။ ခက်တာက အဲဒီလို စစ်ဗိုလ်မျိုး လက်ရှိ မြန်မာ့တပ်မတော်ထဲမှာ ပါးရှားသထက် ပါးရှားလာတာပါပဲ။

စစ်တပ်ထဲက စစ်သားတွေရဲ့ တချို့သော စိတ်ဓာတ်ကို အလွန်တရာ အံ့သြမိတာ တခုရှိပါတယ်။ ကိုယ်က နိမ့်ပါးနေတဲ့ အချိန်မှာ …၊ ဥပမာ- အခြားအဆင့် ဆိုရင်လဲ တပ်သားသစ်ဘ၀၊ အရာရှိဆိုရင်လဲ ဗိုလ်လောင်းဘ၀မှာ မိမိရဲ့ အထက်က အဆင့်ဆင့်သော ပုဂ္ဂိုလ်များရဲ့ တရားသော၊ မတရားသော နှိပ်ကွပ်မှုတွေကို ငြိမ်ခံနေလိုက်ပါတယ်။ ဒါပေမယ့် သူတို့တတွေ တဖန်ပြန်ပြီးတော့ တပ်သားသစ်ကနေ ဒုတပ်ကြပ်၊ တပ်ကြပ် ဖြစ်တဲ့လူကလဲ အဲဒီအလျှောက်၊ ဗိုလ်လောင်း ပဲကတုံးကလဲ ဗိုလ်ကြီးဖြစ်လာတဲ့ လူအလျှောက် လုပ်ပိုင်ခွင့် ရှိလာပြီဆိုတော့တာနဲ့ အရင့်အရင်တုန်းက သူတို့ ခံခဲ့ရတာနဲ့ ထပ်တူထပ်မျှ ကျအောင် အောက်လက်ငယ်သားကို နှိပ်ကွပ်ပြန်တော့တာပါပဲ။ တရားမျှတစွာ အုပ်ချုပ် စီမံတဲ့ အထက်အရာရှိရဲ့ အကျင့်ကောင်းကို နမူနာယူပြီး အဲဒီလိုမျိုး အရာရှိလို လိုက်လုပ်တာမျိုးဆိုရင်တော့ ဘာမှပြောစရာ အကြောင်းမရှိပါဘူး။ ကိုယ် နိမ့်ပါးနေတုန်းက မတရားလုပ်တာကို သိသိကြီးနဲ့ ငြိမ်ခံခဲ့ရတယ်၊ ဒါပေမယ့် ကိုယ် ရာထူးအာဏာ ရှိလာတဲ့အချိန်ကျရင် မတရားတော့ မလုပ်ဘူးဆိုတဲ့ စိတ်ဓာတ်ကို ဘာကြောင့် မမွေးနိုင်ရတာလဲ ဆိုတာကတော့ တော်တော် အံ့သြဖွယ်ရာ ကောင်းပါတယ်။

အဲဒီလို စိတ်ဓာတ်ပိုင်ရှင်တွေက စစ်တပ်ထဲမှာကတော့ `ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့´ ဆိုတဲ့ မူအတိုင်း အဆင်ပြေသလိုလို ရှိနေပေမယ့် ပြင်ပက ပြည်သူတွေကို အဲဒီ စိတ်ဓာတ်တွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ တွေ့သမျှလူကို ကိုယ့်လက်အောက်ငယ်သားလို သဘောထားပြီး `ဒီကောင်က ဘာကောင်မို့လဲ၊ ငါတို့မှာ ဒီအဆင့်ရဖို့အတွက် မနည်းကြိုးစားလာရတာ၊ ငါ့ကို ဘာကောင်ထင်နေလဲ´ ဆိုတဲ့ အပေါက်မျိုး ချိုးဖို့ကို ၀န်မလေးတော့ဘူး။ ကိုယ်နဲ့ အမြင်ချင်းမတူညီတဲ့ တဘက်လူကို အထင်သေးပစ်ဖို့ကတော့ ငှက်ပျောသီး အခွံနွှာစားတာထက်တောင် သူတို့အတွက် လွယ်ကူလွန်းသွားပါပြီ။ အခု ကျနော်တို့ နိုင်ငံ ဒီအခြေအနေဆိုက်နေရတာဟာ အဲဒီလို လူစားတွေက နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ရယူထားလို့ပါပဲ။

ဒါဟာ ဘာလဲဆိုတော့ ငွေထက်ကြောက်စရာကောင်းတဲ့ `အာဏာ´ ကို မမြင်ဖူးမူးမြစ် ထင်ကြတာပါပဲ။


လူပါး စစ်ဗိုလ်...

`လူပါး´ လို့ သုံးနှုန်းတာဟာ တကယ်တော့ လှောင်ပြောင်တဲ့ သဘောမဟုတ်ပါဘူး။ ပါးရည်နပ်ရည် ရှိတာ၊ အထက်ကိုဆိုလဲ အထက်ကို၊ အောက်ကိုဆိုလဲ အောက်ကို အလျောက် လိုက်လျောညီထွေ ဖြစ်အောင် အလိုက်သင့် နေထိုင်တတ်တဲ့ စစ်ဗိုလ်မျိုးကို ရည်ညွှန်းလိုတာကြောင့် လူပါး လို့ သုံးတာပါပဲ။

ဘာမှ မစဉ်းစား မဆင်ခြင်တဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ မြောက်မြားစွာ ရှိနေသလို အခြေအနေအမှန်ကို ကောင်းစွာ သဘောပေါက်တဲ့ အနည်းငယ်သော လူပါးစစ်ဗိုလ်တွေလဲ မြန်မာစစ်တပ်ထဲမှာ ရှိနေတာ အမှန်ပါ။ ခက်တာက အဲဒီလို စစ်ဗိုလ်တွေ မြန်မာ့တပ်မတော်မှာ ဘယ်လောက်များများ နေရာရလာမှာလဲ၊ အဲဒီစစ်ဗိုလ်တွေကရော `အာဏာ´ ရဲ့ လှုပ်နှဲ့မှု ဒဏ်ကို ဘယ်လောက်ကြာကြာအထိ စစ်တပ်ထဲမှာ တောင့်ခံနိုင်မလဲ ဆိုတာက မေးခွန်းထုတ်စရာပါ။

ကျနော်ရဲ့ ဇာတိမြေ ကရင်ပြည်နယ်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိလေတော့ ရတခ တိုင်းမှူးပေါင်းစုံ တာဝန်ယူဖူးတဲ့အနက် ထူးခြားတဲ့ လူပါးစစ်ဗိုလ် တိုင်းမှူးနှစ်ယောက်ကို ကြုံဖူးပါတယ်။

တယောက်ကတော့ ဗိုလ်ချုပ် ကက်စိန်ပါ။ သူ တိုင်းမှူးဖြစ်တဲ့ အချိန်မှာပဲ ကြံ့ဖွတ်အသင်းတွေကို စတင်ဖွဲ့စည်းကြတာမို့ ကျနော်တို့မြို့ရဲ့ ကြံ့ဖွတ်အသင်းရုံးဆိုင်းပုဒ်တင်ပွဲကို သူကိုယ်တိုင် လာပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သလို မြို့နယ်ခန်းမမှာလဲ အသင်းဝင်တွေကို သူ့ရဲ့ သြ၀ါဒကို ခံဖို့အတွက် နယ်မြေခံတပ်ရင်းမှူးက ကျောင်းသူကျောင်းသားတွေကို စုစည်းထားပါတယ်။ တိုင်းမှူးရောက်လာတော့ နေ့လည် ၁၁ နာရီကျော်ပါပြီ။ သူက `သားတို့ သမီးတို့ ထမင်းစားပြီးကြပြီလား´ လို့ မေးပါတယ်။ အားလုံး တညီတညွှတ်တည်းပဲ `မစားရသေးပါဘူး´ လို့ဖြေတော့ သူက တပ်ရင်းမှူးကို `မင်း ကလေးတွေကို ဘယ်အချိန်ကတည်းက ခန်းမထဲကို ခေါ်ထားတာလဲ၊ အလကား ဒုက္ခပေးထားတယ်´ လို့ ဆူပါတယ်။ ပြီးတော့ အစည်းအဝေးကို မစသေးဘဲ ကျောင်းသူကျောင်းသားတွေကို ထမင်းပြန်အစားခိုင်းပြီးတော့ နေ့လည် ၁၂ နာရီခွဲမှ ပြန်စပါတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူးလို့ ထင်နိုင်ပေမယ့် တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်ရဲ့ အဲဒီ အပြုအမူလေးကိုပဲ ကျနော်တို့ မြို့သားတွေမှာ ချီးမွမ်းလို့ မဆုံးပါဘူး။

နောက်တယောက်ကတော့ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင်ပါ။ ခေတ်အဆက်ဆက်က တိုင်းမှူးတွေ လက်ထက်တုန်းက ဘယ်တော့မှ မပြီးခဲ့တဲ့ မော်လမြိုင်သွား ကားလမ်းကို အဲဒီတိုင်းမှူး တက်ပြီး သိပ်မကြာခင်မှာပဲ ကတ္တရာကျောက်ခင်းလမ်းအဖြစ် သပ်သပ်ရပ်ရပ် ဖွင့်လှစ်လိုက်တော့ မြို့ခံပြည်သူတွေက သူ့ကို အလွန်သဘောကျကျပါတယ်။ ဒါ့အပြင် သူ့ရဲ့ စစ်တပ်ထဲမှာလဲ လက်အောက်ငယ်သားတွေကို ကျောသားရင်းသာ မခွဲခြား အင်မတန်မှ စောင့်ရှောက်တတ်လို့ စစ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုလဲ တခြားတိုင်းမှူးတွေထက် ပိုရပါတယ်။ မော်လမြိုင်မြို့ပေါ်မှာဆိုရင်လဲ မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို (ပြည်သူတွေကို မထိခိုက်စေရဘဲ) တကယ် အလုပ်လုပ်ခဲ့တာတွေ ရှိတာကြောင့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အတူတူ ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ ဗိုလ်ချုပ်စစ်မောင် ပါသွားတော့ မော်လမြိုင် ဈေးကြီးက လူတွေ တော်တော်ငိုကြတယ်လို့ ကြားသိရဖူးပါတယ်။

တကယ်တော့ လူပါးစစ်ဗိုလ်တွေကို သူတို့ရဲ့ လက်အောက်ငယ်သားတွေ လေးစားနေတာ၊ ပြည်သူတွေကလဲ မုန်းမနေတာဟာ သိပ်ခက်ခဲ နက်နဲနေတဲ့ သော့ချက်တော့ မဟုတ်ပါဘူး။ လက်ထဲမှာ ရှိနေတဲ့ `အာဏာ´ ဆိုတဲ့ အရာကို တချို့အချိန်တွေမှာ ခေတ္တခဏမေ့ထားပြီးသော် လည်းကောင်း၊ အဲဒီ အာဏာကို အလွဲသုံးစား မလုပ်တာဟာ လည်းကောင်း အစရှိတဲ့ ပါးနပ်မှုတွေကြောင့်ပါပဲ။

ဆက်ရန်…

Tuesday, July 08, 2008

အမေရိကား သို့ မလာမီ ဒါဖတ်ပါ...။

အမေရိကန် နိုင်ငံရဲ့ နွေရာသီကို ရောက်ခဲ့ပြန်ပါပြီ။

ကျနော်နေထိုင်တဲ့ ပြည်နယ်မှာကတော့ အခုလို ပွင့်လင်းရာသီကို ရောက်လာပြီဆိုရင် Resettlement Agency တွေအနေနဲ့ အလုပ်များလေ့ရှိပါတယ်။ ဆိုးဝါးစွာ အေးခဲလွန်းလှတဲ့ ဆောင်းရာသီမှာ Resettlement လုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ဘယ်လိုမှ အခြေအနေမပေးတာမို့ အခုလို နွေရာသီကို ရောက်ပြီ ဆိုတော့မှပဲ ဒီလုပ်ငန်းတွေကို အားစိုက် လုပ်ဆောင်လေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ ထိုင်း၊ မလေးရှား၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံတွေကနေ အမေရိကန် နိုင်ငံကို တတိယနိုင်ငံအဖြစ်နဲ့ ရောက်ရှိ အခြေချမယ့် မိသားစုသစ်တွေ တဖွဲဖွဲ ရောက်လာလေ့ ရှိပါတယ်။

ဟိုမှာဘက် အရင့်အရင် နေထိုင်ခဲ့ရတဲ့ အမိရွှေပြည်ကြီးနဲ့ တကွ အခြားနိုင်ငံတွေမှာ ဘယ်လိုပဲ နေခဲ့ရသည် ဖြစ်စေ၊ အမေရိကန် နိုင်ငံကို တတိယနိုင်ငံအဖြစ် ရောက်လာပြီ ဆိုတာဟာ ဘ၀ကို အသစ်ကနေ တဖန်ပြန်စရတာနဲ့ အတူတူပါပဲ။ အဲဒီလို အသစ်ပြန်စဖို့အတွက် အမေရိကန်နိုင်ငံကို မလာခင်မှာ သိထားသင့်တဲ့ အချက်တွေ၊ ဒီနိုင်ငံကို ရောက်လာတဲ့အခါ တွေ့လာရမယ့် အခြေအနေတွေ၊ တချို့အခက်အခဲတွေ Sharing လုပ်ချင်တဲ့ ဆန္ဒနဲ့ ဒီစာကို ရေးလိုက်ပါတယ်။

ဒါပေမယ့် အခု စာကို မရေးမီမှာ အနည်းငယ်တော့ စကားပလ္လင်ခံလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ `တတိယနိုင်ငံ သို့ ပြောင်းရွှေ့ ထွက်ခွာသူ မြန်မာများ´ အနေနဲ့ တကယ်လို့များ အမေရိကန်ကို အခြေချခွင့် အခြေအနေကြုံလာတဲ့အခါမှာ မလိုလားအပ်တဲ့ သတင်းမှားတွေကြောင့် ဒီရောက်ပြီးမှ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရလေ့ ရှိတာကြောင့် ဒီစာကို ရေးလိုရင်းသာ ဖြစ်ပါတယ်။ တခြားသော ရည်ရွယ်ချက် ဘာမှမပါရှိပါဘူး။

အခု ရေးမယ့် စာစုမှာ Green Card Lottery ပေါက်ပြီး အမေရိကန်မှာ အခြေချခွင့် ရမယ့်လူတွေအတွက်လဲ အသုံးဝင်နိုင်မယ့် အချက်အလက်တွေ ပါနိုင်သေးတာကြောင့် `အမေရိကန် မလာခင် ဒါဖတ်ပါ´ လို့ပဲ အခုစာစုကို အမည်ပေးပါရစေ။ နောက်တခုက ကျနော်အခု ရေးမှာက လက်ရှိ ကျနော်ရောက်ရှိနေတဲ့ ပြည်နယ်က အတွေ့အကြုံကိုသာ အခြေခံရေးသားမှာမို့ တခြားသော ပြည်နယ်တွေမှာ အခြေချနေထိုင်ခွင့်ရသူ မိသားစုဝင်တွေအနက် တယောက်ယောက်ကနေပြီး အချက်အလက်တွေ အားဖြည့် ကူမယ်ဆိုရင် အထူးကျေးဇူးတင်မှာပါပဲ။ အဓိကကတော့ ဟိုကနေ ဘာမှ မသိ၊ ဒါမှမဟုတ် အချက်အလက် အမှားတွေကို သိပြီး ထွက်လာကြတာထက်စာရင် အခုရေးလိုက်တဲ့ စာကြောင့် တခုခု အကျိုးရှိစေချင်တဲ့ ဆန္ဒပါပဲ။

သူတို့ ဘာကြောင့် ခေါ်သလဲ…။

လက်ရှိ အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုကြောင့် နေရပ်တိုင်းပြည်တွေမှာ ဆက်လက်နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ မွေးရပ်ကို စွန့်ခွာလာရသူတွေ အနက် တကမ္ဘာလုံးမှာ ရှိတဲ့ နေရပ်စွန့်ခွာသူ မိသားစု အားလုံးရဲ့ ၅၀% ကို အမေရိကန် နိုင်ငံက သူ့နိုင်ငံမှာ အခြေချနေထိုင်ဖို့ ခေါ်ယူပါတယ်။ ဒါဟာ ဒုက္ခရောက်နေသူတွေကို ကူညီလိုတဲ့ ဆန္ဒအပြင် တခြားတဘက်မှာလဲ သူတို့ နိုင်ငံရဲ့ အခြေခံအလုပ်တွေမှာ အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းလိုတဲ့ ရည်ရွယ်လိုရင်းလဲ ပါရှိပါတယ်။

အမေရိကန် နိုင်ငံကို ရောက်လာကြမယ့် မိသားစုဝင်တွေ သိထားသင့်တဲ့ အချက်ကတော့ ဒီနိုင်ငံက ကူညီတယ်ဆိုတာဟာ မိမိဘ၀ကို ကိုယ့်ခြေထောက်ပေါ် ကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ဖို့အတွက် အထောက်အပံ့သာ ပေးတယ် ဆိုတာပါပဲ။ တချို့သော နိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန် နိုင်ငံရောက် မိသားစုတွေကို သက်ဆိုင်ရာ အစိုးရတွေက အလုပ်မလုပ်နိုင်ရင်လဲ ဆက်လက်ထောက်ပံ့ပေးနေလေ့ ရှိတယ်လို့ တဆင့်စကား ကြားရပေမယ့် အမေရိကန် နိုင်ငံရောက် မိသားစုဝင်တွေကိုတော့ အစိုးရက သုံးလကနေ များသောအားဖြင့် ငါးလ အထိသာ ထောက်ပံ့ပေးလေ့ရှိပါတယ်။ ဒါကြောင့် တယောက်ယောက်ကများ `မင်း အမေရိကားရောက်ရင် အားလုံး အေးဆေးပဲ၊ ဘာမှပူစရာ မလိုတော့ဘူး´ လို့ ပြောလာခဲ့ရင် အဲဒါဟာ သတင်းမှား လို့ မှာပါရစေ။ တကယ်က အမေရိကန်ကို ရောက်သူတိုင်း အလုပ်လုပ်မှ၊ အလုပ်ရမှ လူလူသူသူ နေထိုင်ရပ်တည်နိုင်ပါလိမ့်မယ်။

ဘယ်ပုံဘယ်နည်း ခေါ်သလဲ…။

အမေရိကန်မှာ အခြေချနေထိုင်ဖို့အတွက် သက်ဆိုင်ရာ သံရုံးတွေကနေ အတည်ပြုပေးလိုက်တဲ့ မိသားစုဝင်တွေရဲ့ ကိုယ်ရေးအချက်အလက် အားလုံးကို နယူးယောက်မှာ လစဉ်ပုံမှန်ထိုင်လေ့ရှိတဲ့ Resettle Programs အစည်းအဝေးတွေမှာ ပြည်နယ်အသီးသီးက Resettle Agency တွေက သူတို့ တာဝန်ယူနိုင်တဲ့ မိသားစုတွေကို ခွဲဝေ တာဝန်ယူကြပါတယ်။ အဲဒီ အေဂျင်စီတွေကပဲ ဒီကိုခေါ်ဖို့ ကိစ္စအ၀၀ကို အသေးစိတ် စီမံတာမို့ အေဂျင်စီ မတူတဲ့အပေါ်မှာ ဆောင်ရွက်တဲ့ ပုံစံခြင်း အတန်ငယ်ကွာခြားမှုရှိပါတယ်။

မိသားစုတွေကို ခွဲတမ်းချ တာဝန်ယူကြတဲ့ နေရာမှာ နောက်ထပ် ရောက်လာမယ့် မိသားစုတွေရဲ့ မိဘ၊မောင်နှမ ဆွေမျိုးသားချင်းတွေအနက် တဦးဦးဟာ ပြည်နယ်တခုခုမှာ ရောက်နှင့်နေပြီးသားဆိုရင် အဲဒီ ရောက်နှင့်တဲ့ ပြည်နယ်ကိုပဲ နေရာချထားလေ့ရှိပါတယ်။ ဥပမာအားဖြင့် သမီးဖြစ်သူက နယူးယောက်မြို့မှာ အခြေချနေထိုင်နေတယ် ဆိုရင် နောက်ထပ် လာရောက်မယ့် အမေဖြစ်သူကိုလဲ သမီးရှိရာ နယူးယောက်မှာသာ နေရာချထားပေးတာမျိုးပါ။ မိသားစုဝင် တဦးဦး အမေရိကန်ကို ရောက်နှင့်နေခြင်း မရှိတဲ့လူတွေကတော့ အဆင်ပြေရာ ပြည်နယ်တခုခုမှာ အခြေချစေပါတယ်။

အေဂျင်စီတွေဟာ သူတို့ခေါ်ယူရမယ့် မိသားစုဝင် စာရင်းကို ရပြီးတဲ့အခါမှာ သူတို့ အခြေစိုက်ရာ ပြည်နယ်တွေမှာ ရှိတဲ့ Church ကျောင်းတွေမှာ စည်းရုံး အလှူခံလေ့ရှိပါတယ်။ ဘယ်မိသားစုဝင်ကိုတော့ တာဝန်ယူ ကူညီထောက်ပံ့ပေးနိုင်မလား ဆိုတာမျိုး စည်းရုံးတာပါ။ Church တချို့က တချို့သော မိသားစုဝင်တွေကို သူတို့ကျောင်းအနေနဲ့ ကူညီစောင့်ရှောက်ပါမယ် လို့ တာဝန်ယူပေးတဲ့အခါမှာတော့ အဲဒီ မိသားစုရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကူညီမယ့် Church ကျောင်းကို လွှဲအပ်ပေးလိုက်ပါတယ်။ ကျန်တဲ့ မိသားစုဝင်တွေကိုတော့ အေဂျင်စီတွေကပဲ တိုက်ရိုက်သဘော ကူညီပံ့ပိုးပါတယ်။

ရောက်ရောက်ခြင်း…။

အမေရိကန် အစိုးရက Resettlement Agency ကနေတဆင့် (ကျနော်နေတဲ့ ပြည်နယ်မှာတော့) စတင်ရောက်လာသူ မိသားစုဝင်တိုင်းကို အမေရိကန် ဒေါ်လာ တယောက် ၄၀၀ နှုန်းပေးပါတယ်။ အဲဒီငွေကိုပဲ ရောက်လာသူ မိသားစုတွေနေဖို့ အိမ်ငှားစရိတ်နဲ့ အထွေထွေ အသုံးစရိတ် အဖြစ် သုံးစွဲရတာမို့ များသောအားဖြင့် အေဂျင်စီတွေကပဲ အဲဒီငွေတွေကို ထိန်းသိမ်းထားလေ့ရှိပါတယ်။ အေဂျင်စီအနေနဲ့ ရောက်လာသူ မိသားစုအသစ်အတွက် ထောက်ပံ့ကြေးငွေ ပေးဖို့ သီးခြားရန်ပုံငွေဆိုတာ မရှိပါ။ ဒါကြောင့် အဲဒီ ငွေလေးရာကိုပဲ အိမ်ငှားစရိတ်အဖြစ်သုံးပါတယ်။

အဲဒီမှာ ကွာခြားသွားတာကတော့ အထက်မှာ ကျနော် တင်ပြခဲ့တဲ့ Church တွေကနေ တိုက်ရိုက် ကူညီထောက်ပံ့ခံရတဲ့ မိသားစုဝင်တွေနဲ့ အေဂျင်စီရဲ့ ပံ့ပိုးမှုကိုသာ ရတဲ့ မိသားစုဝင်တွေရဲ့ အခြေအနေပါပဲ။

ဆက်ရန်…

Monday, July 07, 2008

နတ်ဝင်သည်...။

တနေကုန် တစိမ့်စိမ့်ရွာနေတဲ့ မိုးကြောင့် အကာလ မိုးညအခါက ချမ်းစိမ့်စိမ့်ဖြင့် နေရထိုင်ရသည်မှာ စည်းစိမ်ရှိလှသည်…။ ဂျင်းသား ဂျာကင်အင်္ကျီကို ခပ်စေ့စေ့ဝတ်လို့ မောင်သွင်ယုတယောက် ဖယောင်းတိုင်မီးရောင် အားကိုးဖြင့် စာဖတ်ရသည်မှာ အေးအေးလူလူ နိုင်လှပါဘိ…။ မိုးဖွဲမိုးစက်လေးများက တချက်တချက်တွင် တဖျောက်ဖျောက်ဖြင့် အင်ဖက်မိုးကို ရိုက်ခတ်နေသည့် အသံက ဂီတသံစဉ် တခုအလား…။ ထိုအခိုက်…

`ဟင်းဟင်းဟင်းဟင်း…၊ ဟင်းဟင်းဟင်းဟင်း´

ခနိုးခနဲ့သံလိုလို၊ မရယ်ချင့်ရယ်ချင်သံလိုလို ရယ်သံတခုက ခြေရင်းအိမ်ဘက်ဆီမှ ထွက်လာတာမို့ အသံလာရာကို နားစွင့်လိုက်မိ၏။

`ကဲ…၊ ဘာကိစ္စလဲဟေ့၊ ကိုယ်တော့်ကို လျှောက်တင်စမ်း၊ ဟင်းဟင်းဟင်းဟင်း´
`မှန်ပါ့ ကိုယ်တော်´

အင်း…၊ ခြေရင်းအိမ်က ဒေါ်ဝတုတ် တယောက် နတ်ဝင်နေပြန်ပြီပဲ…။ ခဏနေရင် အသံတွေကျယ်လာတော့မှာမို့ ဖတ်လက်စ စာအုပ်ကို ဘေးချပြီး ဒီတခါ ဘာနတ်များပါလိမ့်လို့ အသာ နားဆက်စွင့်နေလိုက်သည်။

***

မောင်သွင်ယုတို့ ခြေရင်းအိမ်က နေထိုင်သူ အပြောင်းအလဲ အတော်များလှသည်။ အိမ်ရှင်ဖြစ်သူက ဒီမြို့မှာ အိမ်ဝယ်ထားပေမယ့် တခြားမှာ စီးပွားရေးလုပ်နေတာမို့ သူ့အိမ်ကို အိမ်ငှားများ တင်ထားလေ့ရှိ၏။ အိမ်ငှားတယောက်က လေးငါးခြောက်လနေလိုက်၊ ပြောင်းသွားလိုက်၊ နောက်ထပ် အိမ်ငှားလာလိုက်၊ ထပ်ပြောင်းလိုက်နှင့် မောင်သွင်ယုတို့ ရန်ကုန်မြို့ကနေ ပြောင်းလာသည့် သုံးနှစ် မရှိတရှိအတွင်းမှာတင်ကို အိမ်ငှား မိသားစု ၆ စုလောက် အပြောင်းအလဲ လုပ်ပြီးလေပြီ။

ခြေရင်းအိမ်မှာ ဒီတခါလာနေတဲ့ အိမ်ငှားကတော့ ဒေါ်ဝတုတ်…။ နာမည်ကသာ ၀တုတ်သော်လည်း ပိန်လှီလှီခန္ဓာကိုယ်က ခြောက်ကပ်ကပ် အသားအရေနဲ့ တွဲလိုက်တော့ ကြည့်ရသည်မှာ ဘယ်လိုမှ အဆင်မပြေလှ…။ ၀မ်းစာရေးအတွက် ကျပန်းအလုပ်လုပ်ရလို့ ပုံမှန်အသက်အရွယ်ထက် ပိုမို အိုစာဟန်ပေါက်နေတဲ့ ဒေါ်ဝတုတ်က အိမ်တွေမှာ တခါတရံ အ၀တ်အငှားလိုက်လျှော်တာလဲ တွေ့ဖူးသည်။ တခါတရံလဲ တောနယ်ဘက်ဆင်းပြီး ရှောက်သီး၊ သံပုရာသီး အငှားသွားပိုးတတ်သေးသည်။ ယောက်ျားဖြစ်သူက ဆုံးတာကြာပြီ။ ၁၂ နှစ်အရွယ် သားကလေးတယောက်နှင့်အတူ မောင်သွင်ယုတို့ ခြေရင်းအိမ်မှာ လာနေနေသည်မှာ ၇ လခန့်တော့ ရှိပါပြီ။

ဒေါ်ဝတုတ်တို့ အိမ်ဘက်ဆီကနေ ညနေစောင်း၊ ဒါမှမဟုတ် အခုလိုပဲ ညဦးပိုင်း အချိန်တွေဆိုရင် ဒီအသံတွေကို ကြားကြားနေသည်မှာ သိပ်တော့ မကြာလှသေးပါ။ မောင်သွင်ယုရဲ့ ညီ အပြောကတော့ ချဲဂဏန်း လာတောင်းတဲ့ တယောက်ကို ဒေါ်ဝတုတ် နတ်ပူးပြီး ပေးလိုက်တဲ့ ချဲဂဏန်းက ဒဲ့ပေါက်သွားလို့ အခုနောက်ပိုင်းမှာ နတ်မေးတဲ့လူ ပိုများလာတာ…တဲ့။ `သူက ဘာနတ်တွေ ၀င်ပူးတာလဲ´ လို့ မေးကြည့်တော့ `အစုံပဲ´…တဲ့။

အခုလဲ ဘာနတ်ဝင်ပြန်ပြီ မသိ…။

***

`ကိုယ်တော် ပြောတဲ့အတိုင်း လုပ်ကဲ့လားဟေ့´
`လုပ်ပါတယ် ကိုယ်တော်´
`အေး၊ စီးပွားလာဘ်လာဘရော အရင်ထက် တက်လာတယ် မဟုတ်လားကွဲ့´
`ဟုတ်ပါတယ်၊ ဒါကြောင့်လဲ ကိုယ်တော့်ကို လာပင့်ရတာပါ´
`ဟင်းဟင်းဟင်းဟင်း၊ ဟင်းဟင်းဟင်းဟင်း´

အသံကို ဟိန်းအောင် တမင်လုပ်ယူထားရတဲ့ အသံနဲ့ တဟင်းဟင်းရယ်သံကို ကြားရပြန်သည်။

`ကဲ…၊ ကိုယ်တော်ပျော်မယ်ကွယ်၊ ဖွာတော်နဲ့ သောက်တော် ဆက်စမ်းကွဲ့´
`မှန်ပါ ကိုယ်တော်´
`သယ်…၊ ညံ့လိုက်တဲ့ ဖွာတော်၊ သုခိတာကိုမှ ဆက်ရလား၊ ဖွာတော်လန်ဒန်လေး ဘာလေး မပါဘူးလားကွဲ့´

ဗုဒ္ဓေါ…၊ ဘာကိုယ်တော်လဲတော့ မသိ၊ သူက လန်ဒန် မှ ကြိုက်တယ်ဆိုပဲ…။ မအောင့်နိုင်တာနဲ့ တခွီးခွီးရယ်သံ ထွက်မိသွားတော့ အသံတွေက တခဏ ငြိမ်သွား၏။

`ဟိုကောင်လေး…၊ လန်ဒန် ၂၀ ဖိုးသွားဝယ်ချေ´

နတ်လာမေးသူရဲ့ တယောက်ယောက်ကို လှမ်းခိုင်းလိုက်သံကို ကြားပြီး ခဏအကြာမှာတော့ ဒေါ်ဝတုတ်ရဲ့ ပုံမှန် စကားသံပြန်ထွက်လာသည်။

`ဘာတွေပြောသွားသေးလဲ…ဟေ´

***

ဒီဓလေ့က ဘယ်လိုက ဘယ်လို စပေါ်လာသလဲဆိုတာ ပြောရအတော်ခက်လှပေမယ့် နတ်မေးသူနဲ့ နတ်ဝင်သူတွေကတော့ သူ့အရပ်နဲ့ သူ့ဇာတ် စည်းဝါးအတော် ကိုက်လှ၏။ ချဲဂဏန်းလာတောင်းသူ၊ ဈေးရောင်း ကောင်းချင်သူ၊ ရှမ်းပြည် (မောင်သွင်ယုတို့ဘက်မှာ ထိုင်းနိုင်ငံကို ရှမ်းပြည်လို့ ခေါ်ကြသည်) မှာ အလုပ် သွားလုပ်ရင် အဆင်ပြေမပြေ သိချင်တဲ့လူ၊ ယုတ်စွအဆုံး အသုဘအိမ် ဖဲဝိုင်းမှာ နိုင်အောင် လာဘ်လာဘ၀င်အောင် နတ်လာမေးသူနှင့် ခိုးရာလိုက်ပြေးသော သမီးအကြောင်း နတ်လာမေးသူက အစ ရှိကြသည်။

နတ်ကိုးကွယ်မှုကို ယုံသလားလို့ မောင်သွင်ယုကို မေးရင် `မယုံ´ ဟု ဖြေမိတဲ့ အဖြေကြောင့် လူအတော်များများနှင့် အငြင်းအခုန် ဖြစ်ရဖူးသလို ရှေးရိုးစွဲ အတန်ငယ်ဆန်သော လူကြီးတချို့ရဲ့ `ဂျစ်ကပ်ကပ်ကောင်ပဲ´ လို့ မှတ်ချက် အပေးကိုလဲ ခံရလေသည်။ သို့သော် နတ်မေးလိုသူနဲ့ နတ်ဝင်သည်တို့ရဲ့ အပြန်အလှန် ချိတ်ဆက်မှုနဲ့ ယုံကြည်ကိုးကွယ်မှုတွေကို စိတ်ဝင်စားမိတာတော့ အမှန်ပင်။

တခါတော့ ဒေါ်ဝတုတ်ကို မေးကြည့်မိ၏။

`ဒေါ်ဝတုတ် နတ်ပူးရင် ကိုယ့်ကိုယ်ကို တကယ်ကို ဘာမှ မသိတော့ဘူးလား´
`ကောင်လေး၊ နင်က မယုံလို့လား´
`သိချင်လို့ပါ´
`နင် မေးစရာကိစ္စပေါ်လာရင် လာခဲ့၊ အဲဒီအခါမှ သိလိမ့်မယ်´

အဲဒါမှ ဒုက္ခ…၊ ကိုယ်က နတ်သွားမေးစရာ ဘာအကြောင်းကိစ္စမှလဲ ရှိတာမဟုတ်…။ ဒါပေမယ့် ဒေါ်ဝတုတ် နတ်ပူးတာကို အသံပဲကြားဖူးထားတော့ ဘယ်လို နတ်ခေါ်လဲ ဆိုတာကိုလဲ သိချင်သေးသည်။ ဘာကိစ္စကို သွားမေးရပါ့…။ စဉ်းစားစမ်း…။

သြော…၊ ဟုတ်ပြီ။

***

ဒီလိုနဲ့ တညနေ…။

ဒေါ်ဝတုတ် အိမ်ပေါ်ကို ရောက်တော့ ခပ်မြင့်မြင့် ဘုရားစင်ကို နောက်ခံထားပြီး ဘုရားစင်ရဲ့ ရှေ့မှာ ခုံတန်းပုလေးတခုနဲ့ အစီအရီတင်ထားသော နတ်ရုပ်တချို့က ဆီးကြိုနေ၏။ အမွှေးတိုင်တချို့က အငွေ့တလူလူ အနံ့တသင်းသင်းဖြင့် ထွန်းထားသေးသည်။ အသက်ခပ်ရွယ်ရွယ် အဒေါ်ကြီးတယောက်နှင့် ဒေါ်ဝတုတ်တို့ နတ်စင်ရှေ့မှာ ထိုင်ပြီး စကားကောင်းနေကြ၏။ မောင်သွင်ယုကို မြင်တော့…

`လာလာ၊ ကောင်လေး´
`ဒါ ခေါင်းရင်းအိမ်က ဆရာမသားလေ´

ဒေါ်ဝတုတ်က မောင်သွင်ယုကိုလဲ ခေါ်ရင်း အဒေါ်ကြီးနဲ့ပါ မိတ်ဆက်ပေးသည်။

`ကောင်လေး၊ နတ်မေးမလို့လား´
`ဟုတ်ကဲ့၊ ကျနော် မေးချင်တာက နတ်ဝင်လို့ရမရတော့ မသိဘူး´
`နင်က ဘာကိစ္စမေးမှာတုန်း´
`ဟို…၊ ဟို…´ (ရှက်သလိုလို ကြောက်သလိုလိုက ဖြစ်လိုက်သေး)
`ဘာတုန်းဟဲ့´
`အချစ်ရေး ကိစ္စပါ´
`ဒါများဟယ်၊ ရတယ်၊ ငါပင့်ပေးမယ်´

အချစ်ရေး ကိစ္စကို ဘယ်နတ်ကို ပင့်မှာပါလိမ့်လို့ တော်တော်တော့ စိတ်ဝင်စားသွားတာ အမှန်…။ ဒေါ်ဝတုတ် ဘာများဆက်လုပ်မလဲ လို့ အသာစောင့်ကြည့်မယ် ပြင်တုန်း…

`ဟဲ့ကောင်လေး၊ ဟောဟိုမှာ ဘုရားသွားရှိခိုး၊ ဘုရားကို အရင်ဦးတိုက်ပြီးမှ ကိုယ်တော်တွေကို စောင့်ရှောက်ပေးတော်မူပါလို့ တိုင်တည်ရတယ်´

ဒေါ်ဝတုတ် ခိုင်းသလို ဘုရားကိုတော့ ရှိခိုးလိုက်ပေမယ့် တကယ်စိတ်ထဲမှာ ဆုတောင်းတာက `ကောင်မလေး တပည့်တော်ကို ပြန်ကြိုက်ပါစေ ဘုရား´ လို့ ဆုတောင်းတာ…။ ခဏအကြာမှာတော့ ဒေါ်ဝတုတ်တယောက် ဇော်စိမ်းပန်း သုံးလေးခက်ကို လက်ခုပ်နှစ်ဖက်မှာ ညှပ်ပြီး နတ်ရုပ်တွေရှေ့မှာ နဖူးပေါ် လက်တင်ပြီး မျက်လုံးကို အသာမှေးပြီး ပါးစပ်က ဘာတွေမှန်း မသိ ပွစိပွစိ ရွတ်တော့သည်။ ရွတ်နေရင်းနဲ့မှ လက်တွေက တဆတ်ဆတ်တုန်ယင်လာပြီး နဖူးနဲ့ လက်ဖ၀ါးစောင်းတွေကို တဇတ်ဇတ်ရိုက်ခတ်နေ၏။ ပြီးမှ မောင်သွင်ယု ထိုင်နေရာဘက်ကို လှည့်ထိုင်ပြီး ခန္ဓာကိုယ်က ကတုန်ကယင်ဟန်ဖြင့်…

`သောကြာသား၊ ဘာကိစ္စနဲ့ လာသလဲဟေ့´
`အချစ်ရေး ကိစ္စနဲ့ပါ´
`မောင်မင်း ရည်ငံနေတာက ဘာနေ့သမီးလဲကွယ့်´
(လေသံ ခပ်အုပ်အုပ်ဖြင့်)… `ညိုညိုဦး ကိုပါ´
`သောကြာနဲ့ အင်္ဂါ တွဲဘက်ညီပေတာပဲ၊ ကိုယ်တော့်ဆီ ရောက်လာမှတော့ အားလုံးအဆင်ပြေစေရမယ်´

အဆင်ပြေစေရမယ် ဆိုတာက အသာထား…။ အခုဝင်နေတာက ဘာနတ်လဲဆိုတာကို မောင်သွင်ယု အတော်သိချင်လှသည်။ မေးလို့ကောင်းပါ့မလား…၊ တော်ကြာ မရိုမသေ လုပ်ရာကျမှဖြင့် အခက်…။ တွေ့နေရတာကတော့ ဒေါ်ဝတုတ်ရဲ့ တဆတ်ဆတ်တုန်နေတဲ့ ခန္ဓာကိုယ်…။ လူက ထိုင်လျက်သားနဲ့ မျက်လုံးကို မှေးလို့ ဟိုဒီယိမ်းထိုးနေလိုက်သေးသည်။ နောက်တော့ `မေးကြည့်မယ်ကွာ´ လို့ စိတ်ကို ပိုင်းဖြတ်ပြီး ကြားဖူးတဲ့ ဇာတ်ထဲက လေသံဖြင့်…

`မှန်ပါ၊ ကိုယ်တော့်ရဲ့ နာမည်ကို သိလိုပါတယ်´
`သောကြာသား မောင်မင်း၊ နတ်တွေမှာ နာမည်ဆိုတာ မရှိဘူး ဘွဲ့တော်ပဲ ရှိတယ်´
`မှန်ပါ့´ (ဟုတ်သလိုလိုတော့ ရှိလာပြီ)
`အေး၊ ငါကတော့ ဖူးစာရေးနတ်မင်းပဲ မောင်မင်း´

၁၁၁ ပါးသော နတ်မင်းတွေထဲမှာ ဖူးစာရေးနတ်ပါလား မပါလား မောင်သွင်ယု တကယ်မသိ…။ စိတ်ထဲမှာတော့ တော်တော် ဇဝေဇ၀ါ ဖြစ်သွားသည်။ အို…၊ ပါချင်ပါမှာပေါ့၊ ကိုယ်သိတာမှ မဟုတ်တာ…။

`အင်္ဂါသမီးကို ရည်ငံရင် စနေနေ့မှာ ချစ်ရေးမဆိုမိစေနဲ့ မောင်မင်း´
`မှန်ပါ ကိုယ်တော်´ (ဘာဖြစ်လို့လဲတော့ မသိ)
`တောင်အရပ်မှာလဲ ချစ်ရေး မဆိုမိစေနဲ့´
`မှန်ပါ´
`ချစ်ရောင်လင်းဖို့အတွက် ချစ်ရေးဆိုတဲ့နေ့မှာ ဖယောင်းတိုင်ငါးတိုင်ကို အိတ်ထဲဆောင်သွား´
`မှန်ပါ´
`ကဲကဲ…၊ ကိုယ်တော် ပြန်ကြွတော့မယ်၊ မောင်မင်း ချစ်ရေးဆိုတဲ့နေ့မှာ ကိုယ်တော့်ကို အာရုံမှတ်ကွယ့်၊´
`မှန်ပါ´

နောက်တော့ ဒေါ်ဝတုတ်တယောက် နတ်စင်ဘက် ပြန်လှည့်ပြီး ဦးချရှိခိုးပြန်သည်။ ရှိခိုးပြီးတော့ မောင်သွင်ယုဘက်ကို လှည့်…၊ ၀ါးခနဲ တချက်သမ်းလိုက်ပြီး…

`ကိုယ်တော်က ဘာတွေ ပြောသွားသေးလဲ ကောင်လေး´
`အစုံပဲ ဒေါ်ဝတုတ်´

ပြောပြောဆိုဆိုနဲ့ အိတ်ကပ်ထဲမှာ အသင့်ပါလာတဲ့ လန်ဒန်ဘူးကို ဒေါ်ဝတုတ်ဆီ ကမ်းပေးလိုက်ရင်း…

`ဖွာတော်…၊ ဒေါ်ဝတုတ်´
`ငါက မသောက်တတ်ပါဘူး၊ ကိုယ်တော်တွေ ကြိုက်တာကိုသာ ဆက်ရတာ´
`ဘယ်လောက်ပေးရမလဲ´
`မပေးပါနဲ့၊ ပွဲဆက်ဖို့သာ ကိုယ်တော့်အတွက် ငါးဆယ် အုန်းပွဲကြားမှာ ကပ်ခဲ့´
`ဟုတ်ကဲ့…၊ ဟုတ်ကဲ့´

***

နောက် ခြောက်လ အကြာ…။

ဒေါ်ဝတုတ်တယောက် ရှမ်းပြည်မှာ အလုပ်သွားလုပ်ဖို့ အိမ်ပြောင်းသွားသည်။ မောင်သွင်ယု ပိုးနေတဲ့ ညိုညိုဦးလဲ ဒေါ်ဝတုတ် ပြောင်းသွားပြီး သိပ်မကြာခင်မှာပင် စက်လှေသူဌေးတယောက်နှင့် ယူလိုက်လေ၏။ ဘယ်ဆီမှာ နေတယ် မသိရတဲ့ ဖူးစာရေးနတ်သည်လည်း မကယ်နိုင်သလို ဒေါ်ဝတုတ်ရဲ့ နတ်ပင့်သံလဲ မကြားရတော့ပါ…။ တခါတလေတော့ မောင်သွင်ယုမေမေက ဒေါ်ဝတုတ်ကို သတိတရနဲ့ ပြောရှာသား…။

`အင်း…၊ ဒေါ်ဝတုတ် နဲ့ ဖူးစာရေးနတ်ကိုတော့ သတိရတယ်ဟေ့´

***


ကလိုစေးထူး

Friday, July 04, 2008

စစ်တပ်နဲ့ စစ်ဗိုလ်…

လက်ရှိ မြန်မာပြည် နိုင်ငံရေး အနေအထားအရ စစ်တပ်ကို ပြည်သူလူထုဘက်ကို ပါလာအောင်၊ တနည်း စစ်တပ်နဲ့ပြည်သူ တသားတည်း ရှိလာအောင် စစ်တပ်ထဲက စစ်သားတွေရဲ့ အခြေအနေတွေနဲ့ ရပ်တည်ရမှု အနေအထားကို တစေ့တစောင်း လေ့လာနိုင်ဖို့အတွက် `စစ်တပ်ထဲမှာ´ ဆိုတဲ့ ဆောင်းပါးကို ကျနော် ရေးခဲ့ဖူးပါတယ်။

လတ်တလော နှောင်းပိုင်း ကာလတွေထဲမှာ အထူးသဖြင့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းကာလတွေနဲ့ နာဂစ်မုန်တိုင်း အဖြစ်ဆိုး နောက်ပိုင်းကာလတွေမှာ အမှတ်ရရ သတိထားစရာအဖြစ်ကတော့ အင်တာနက် စာမျက်နှာတွေပေါ် (အထူးသဖြင့် မြန်မာဘလော့ဂ် စာမျက်နှာတွေပေါ်မှာ) အယူအဆရေးရာအရပဲ ဖြစ်ဖြစ်၊ ရပ်တည်ချက်အရပဲ ဖြစ်ဖြစ်၊ အင်မတန် မောက်မာရင့်သီးလွန်းလှတဲ့ မြန်မာစစ်တပ် အရာရှိငယ် တချို့ (တချို့)တွေ ထပ်မံ ပေါ်လာတာပါပဲ။ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ပြောပုံဆိုပုံ၊ သူတို့ ရေးတဲ့စာတွေထဲက သူတို့ရဲ့ ရပ်တည်ပုံတွေဟာ စကားလုံးတွေနဲ့သာ ချခင်းပြသကြရတဲ့ စာမျက်နှာတွေပေါ်မှာတင်ကိုပဲ အင်မတန်မှ စက်ဆုပ်စရာ၊ အော့နှလုံးနာစရာ ကောင်းလှတဲ့ အပြင် ဒီထက်ပိုပြီး ပြောရရင် သူတို့ကိုယ် သူတို့ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ အရိုက်အရာကို နောင်တချိန်ချိန်မှာ ကျိန်းသေပေါက် ဆက်ခံရတော့မယ့်အလား ပိုင်စိုးပိုင်နင်း ဆန်လှပါတယ်။

ဒီတော့ စစ်တပ်ထဲက အရာရှိခြင်းအတူတူ အဲဒီလူ တချို့(တချို့)က ဘာလို့များ အဲဒီလောက်တောင် မောက်မာရိုင်းပျနေရသလဲ၊ သူတို့လိုရော တခြားသော အရာရှိတွေက ဘာကြောင့် မရိုင်းပျတာလဲ။ အဲဒီလို မရိုင်းပျဘဲ ယဉ်ကျေးပြီး အယူအဆရေးရာအရပဲ ဖြစ်ဖြစ်၊ မိမိနဲ့ ထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အလွန်အင်မတန် လိုက်လျောညီထွေ ဖြစ်လှစွာ နေထိုင်တတ်တဲ့ အရာရှိတွေလို စစ်တပ် အရာရှိတိုင်း ဘာကြောင့် မနေထိုင်နိုင်တာလဲ။ အဲဒီ ရိုင်းပျ မောက်မာနေတဲ့ စစ်အရာရှိတွေကို အဲဒီစိတ်ထားတွေ သူတို့ရဲ့ အဇ္ဈတ္တမှာ စွဲမြဲနေအောင် ဘယ်အချက်တွေက တွန်းအားပေး ပံ့ပိုးနေခဲ့တာလဲ ဆိုတာလေးကို လေ့လာကြည့်ချင်တာနဲ့ အခု ဒီစာကို ရေးမိပါတယ်။

***

အပွင့်နဲ့ အရစ်…

အပွင့်နဲ့ အရစ်ဆိုတာက တခြားတော့ မဟုတ်ပါ။ စစ်ဗိုလ်နဲ့ အခြားအဆင့် စစ်သားတွေကို ရည်ညွှန်းချင်တာပါပဲ။ စစ်ဗိုလ်နဲ့ အခြားအဆင့်ရဲ့ ကွာခြားချက်ပေါင်း မြောက်များစွာ ရှိတဲ့အနက် အဓိက အကျဆုံး ကွာခြားချက် တခုကို ပြပါဆိုရင် `မျှော်လင့်ချက်´ ပါပဲ။ စစ်တပ်ထဲကို တိုင်းပြည်ကို ချစ်လွန်လွန်းလို့ပဲ ဖြစ်ဖြစ် အသည်းကွဲလို့ပဲ ဖြစ်ဖြစ်၊ အိမ်က နှင်ချလိုက်လို့ပဲဖြစ်ဖြစ်၊ အိမ်ကို အရွဲ့တိုက်လို့ပဲ ဖြစ်ဖြစ် ဘယ်လိုကြောင့်ပဲ ရောက်လာရောက်လာ ဘယ်အဆင့်နဲ့ တပ်ထဲကို ၀င်လာတာလဲ ဆိုတာဟာ စစ်သားတွေရဲ့ မတူညီတဲ့ `မျှော်လင့်ချက်´ တွေရဲ့ အစပါပဲ။ အဲဒီ မတူညီတဲ့ မျှော်လင့်ချက်တွေကို အခြေခံရင်းနဲ့ပဲ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ အရာရှိဆိုး ပေါက်စတွေရဲ့ ရိုင်းစိုင်းတဲ့ အတွေးအခေါ် အကျင့်ဆိုးတွေ အစပျိုးပါတယ်။

စစ်ဗိုလ်ခြင်း အတူတူမှာတောင်မှာ အခြားအဆင့်ကနေ တဆင့် စစ်ဗိုလ်ဖြစ်လာတဲ့ လူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်း စစ်ဗိုလ်တွေရဲ့ စစ်တပ်တွင်း နေရာရမှုဟာ မသိမသာဖြစ်စေ၊ သိသိသာသာကြီး ဖြစ်စေ ခြားနားချက်တွေ ရှိပါတယ်။ ဒါက တချက်ပါ။ ဒါကို `စစ်တပ်ထဲမှာ´ ဆောင်းပါးမှာ ကျနော် တင်ပြခဲ့ပြီးပါပြီ။

စစ်တပ်ထဲမှာ အခြားအဆင့် ဆိုတာက စစ်ဗိုလ်ဖြစ်ဖို့ လမ်း ရှိတယ်ဆိုတာ မှန်ပေမယ့် သေသေချာချာ တွက်ဆလေ့လာကြည့်ရင် အဲဒီ စစ်ဗိုလ်ဖြစ်ဖို့လမ်းဟာလဲ အရာရှိစစ်ဗိုလ်နဲ့ ပလဲနံသင့်ခြင်းဟာ အဓိကအချက် ဖြစ်နေပြန်တာပါပဲ။ စစ်ဗိုလ် မဖြစ်နိုင်တဲ့ အခြားအဆင့်တယောက်ကတော့ နှေးကွေးလွန်းလှတဲ့ ရာထူးတိုးမြင့်ခံရမှုတွေနဲ့သာ ဘ၀ရဲ့ အချိန်အတော်များများကို စစ်တပ်ထဲမှာ ကုန်ဆုံးရလေ့ ရှိတာ များပါတယ်။ ဒီတော့ စစ်စည်းကမ်းအရ ဘာပြစ်မှုမှ မရှိတာနဲ့တင်ကို အချိန်ကာလအပိုင်းအခြား အလိုက် ရာထူးတိုးမြှင့်ခံရတဲ့ စစ်ဗိုလ်တွေရဲ့ မျှော်လင့်ချက်ဟာ စစ်တပ်ထဲမှာ အတောက်ပကြီး တောက်ပလို့ နေပါတော့တယ်။

စစ်တပ်ထဲမှာ ရာထူးအဆင့်အလိုက် စနစ်တကျ စီမံကွပ်ကဲရတာမို့ အခြားအဆင့် စစ်သည်တွေဟာ အရာရှိတွေရဲ့ အုပ်ချုပ်ခံ လူတန်းစား ဖြစ်ရတာဟာ ပြောစရာကိစ္စ မဟုတ်ပေမယ့် အဲဒီ လုပ်ပိုင်ခွင့်အာဏာအပေါ်မှာ တလွဲဆံပင်ကောင်း ယစ်မူးပြီးတော့ လူတွေအပေါ် သဟောက်သဟမ်း လုပ်လိုတဲ့စိတ်၊ ဘာမှပြန်မပြောသာတဲ့လူကို အထက်စီးကနေ နိုင့်ထက်စီးနင်း ပြောတတ်တဲ့ ဓလေ့၊ ကြီးနိုင်ငယ်ညှင်းစိတ်တွေဟာ ပင်ကိုအခြေခံစိတ်ဓာတ် မကောင်းတဲ့ စစ်ဗိုလ်တွေဆီမှာ ကိန်းဝပ်သွားတာမျိုး ရှိပါတယ်။ အဲဒီလို စစ်ဗိုလ်မျိုးဟာ သူတို့ရဲ့ တပ်တွင်းမှာလဲ လက်အောက်ငယ်သားတွေရဲ့ ရိုသေလေးစားမှု အစစ်အမှန်ကို ရလေ့မရှိပါဘူး။ ပြန်မပြောသာလို့၊ ပြဿနာတက်မှာစိုးလို့သာ ငြိမ်ခံနေရတယ် စိတ်ထဲမှာတော့ မြွေတကောင်ကို ရွံကြောက် ဖြစ်သလို စိတ်မျိုးသာလျှင် လက်အောက်ငယ်သားတွေက သဘောထားလေ့ရှိပါတယ်။ အဲဒီထက် ပိုဆိုးတဲ့ ဆိုးကျိုးကတော့ အဲဒီလို စစ်ဗိုလ်တွေ စိုင်ကော်လို့ခြုံပေါ်ရောက်ပြီး ရာထူးဌာနန္တရ ခပ်ကြီးကြီး၊ နေရာကောင်းကောင်းရတဲ့အခါမျိုးမှာ၊ ပြီးတော့ အရပ်သားပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမျိုးမှာ သူတို့ရဲ့ မောက်မာဝံ့ကြွားတဲ့ စိတ်က မဖုံးနိုင်မဖိနိုင် ပေါ်လာတော့တာပါပဲ။ အဓိကကတော့ ပင်ကို အခြေခံစိတ်ဓာတ်ပါပဲ။

စစ်တပ်ထဲမှာ စစ်သည်တော်တို့ လိုက်နာပြုကျင့်အပ်တဲ့ ကျင့်ဝတ် (၆၀) ဆိုတာ ရှိပါတယ်။ စစ်တပ်ထဲက မည်သည့်အဆင့်အတန်း ရာထူးမျိုးကိုမဆို စစ်စည်းကမ်းအရ အရေးယူဖို့ ကိစ္စပေါ်လာရင် အဲဒီ စစ်သည်တော်ကျင့်ဝတ် (၆၀) စာအုပ်ထဲမှာပါတဲ့ စစ်စည်းကမ်း ဥပဒေပုဒ်မတွေနဲ့ အရေးယူလေ့ရှိပါတယ်။ ဒါပေမယ့် စစ်စည်းကမ်း ဖောက်ဖျက်တာခြင်း အတူတူ အရာရှိစစ်ဗိုလ်များဟာ တော်ရုံတန်ရုံနဲ့ အရေးယူခံရလေ့ မရှိတတ်ပါဘူး။ သာမန်ပြစ်မှုကိစ္စမျိုးကို ဆိုရင် သူတို့အခေါ် `အကိုကြီး၊ ညီလေး´ တွေနဲ့အသာ အချင်းချင်း လက်ဝါးရိုက် လက်သိပ်ထိုး ဖြေရှင်းလိုက်လေ့ရှိပါတယ်။ အင်မတန့်အင်မတန် မဖုံးနိုင်မဖိနိုင် ပေါ်လာတဲ့ ပြစ်မှုကိစ္စမျိုးတွေကျမှပဲ အရာရှိတွေကို စစ်စည်းကမ်းအရ အရေးယူလေ့ရှိသလို အရေးယူတဲ့အခါမှာလဲ အတတ်နိုင်ဆုံး လျှော့ပေါ့တဲ့ ပြစ်ဒဏ်ကိုသာ ပေးလေ့ရှိပါတယ်။ ယုတ်စွအဆုံး အရပ်ဘက် ထောင်တန်းကျသွားရင်တောင် အဲဒီ ထောင်ကျသွားတဲ့ စစ်ဗိုလ်ဟာ စစ်တပ်ထဲက ရာထူးအရှိန်လက်ကျန်လေးကို လာဘ်ငွေ အတန်အသင့် ဖြည့်တင်းပြီးတော့ ထောင်မင်းသား လုပ်လို့ရပါသေးတယ်။ အဲဒီလိုမျိုး တော်ရုံတန်ရုံနဲ့ စစ်ဗိုလ်တွေ အရေးယူခံရလေ့ မရှိတာဟာလဲ အခြေခံ စိတ်ဓာတ်မကောင်းတဲ့ အရာရှိဆိုးတွေကို အဆိပ်ပင်ရေလောင်းသလို ဖြစ်စေတော့တာပါပဲ။

အဲဒီစိတ်ထားတွေကို လက်ကိုင်ထားပြီး ပြည်သူတွေနဲ့ ထိတွေ့ရတဲ့ အခါမှာဆိုရင်လဲ သူတို့ရဲ့ စိတ်ဓာတ်ဆိုးတွေက ရွံရှာမုန်းတီးဖွယ်ရာ ပေါ်လာတော့တာပါပဲ။ `ငါလို တပ်မတော်အရာရှိကို…၊ မင်းလိုကောင်က…´ `ငါ့ကို ဘာကောင်မှတ်နေလဲ၊ ဗိုလ်ကြီးကွ၊ ဗိုလ်မှူးကွ´ ဆိုတဲ့ အပြောမျိုးတွေ၊ ရိုင်းပျမှုမျိုးတွေကို ကြားခဲ့ရဖူးတာတွေဟာ သူတို့ စစ်တပ်ထဲမှာ အပစားပေးခံရတာကြောင့်လဲ ပတ်သက်နေတာပါ။

လက်ရှိ အနေအထားအရ အခြားအဆင့် စစ်သားတွေမှာ သာမန်ရိုးရိုးအရပ်သား၊ ကျောင်းသားလဲရှိ၊ သူခိုးလဲရှိ၊ ဓားပြလဲရှိ၊ ရာဇ၀တ်ကောင်လဲရှိ၊ ယုတ်စွအဆုံး စစ်ပြေးလဲရှိ ဆိုတော့ လူပေါင်းစုံလှတဲ့ အဲဒီ မတထောင်သားတွေထက်စာရင် ပညာအရည်အချင်း၊ ကြံ့ခိုင်မှုစွမ်းရည်၊ ဉာဏ်ရည်တွေအပြင် အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကအစ စိစစ်ရွေးချယ်ထားတဲ့ အရာရှိ စစ်ဗိုလ်တွေအတွက် စစ်တပ်ဟာ `မျှော်လင့်ချက်တွေ တလှေကြီးနဲ့ နေရာ´ လို့တောင် ပြောလို့ရပါတယ်။ ကုန်ကုန်ပြောရရင် အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်ကြီးဘ၀ကနေ အဆင့်ထပ်မတက်နိုင်တော့တဲ့ စစ်ဗိုလ်ကလဲ ထောက်ပို့တပ်ရင်းလို၊ လေ့ကျင့်ရေးတပ်ရင်းလိုမျိုး ၀င်ငွေဖြောင့်တဲ့ တပ်ရင်းတွေမှာ သက်တောင့်သက်သာ တာဝန်ထမ်းခွင့်က ရှိနေပါသေးတယ်။ ဒါကြောင့် အခြေခံစိတ်ဓာတ် မကောင်းတဲ့ စစ်ဗိုလ်တချို့ဟာ သူတို့ကိုယ်သူတို့ ဒီဘ၀မှာ မြန်မာပြည်စစ်တပ်ရဲ့ စစ်ဗိုလ်ဖြစ်ရခြင်းကို အင်မတန်မှ ၀ါကြွားဂုဏ်ယူလေ့ရှိပါတယ်။ သာမန်အားဖြင့် အရပ်သားသူငယ်ချင်းနဲ့ စကားနိုင်လုတဲ့ နေရာလေးမှာတောင် `စစ်ဗိုလ် ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ မဟုတ်ဘူး သူငယ်ချင်း´ လို့ ခပ်ကြွားကြွားပြောနိုင်တာဟာ ဒီလိုဒီလို အခွင့်ထူးကောင်းတွေ ရှိနေခြင်းရဲ့ အချက်တချက်ကြောင့်ပါပဲ။


ဆက်ရန်…

Wednesday, July 02, 2008

စိတ်ညစ်နေလား...(၂)

အလုပ်တွေ သိပ်ပင်ပန်းပြီး နွမ်းနယ်နေတဲ့ အခါ၊ စိတ်ဖိစီးမှုတွေကြောင့် မပျော်မရွှင် ဖြစ်တဲ့အခါ အခုလို တီဗွီ အစီအစဉ်လေးတွေက ကျနော်တို့တွေရဲ့ စိတ်ကို အထိုက်အလျောက်တော့ ကြည်လင်ပေါ့ပါ့စေတာ အမှန်ပါပဲ။ အခုလဲ အမှတ်မထင်ကြည့်မိတဲ့ America’s got talent အစီအစဉ်ရဲ့ နှစ်သက်စရာကောင်းတဲ့ တင်ဆက်ပုံတွေကြောင့် `စိတ်ညစ်နေလား…´ ပို့စ်ကို ထပ်မံတင်ဆက်ဖြစ်ပါတယ်။ တွေးတောနေရတာတွေ၊ စိတ်ပူနေရတာတွေ၊ အလိုမကျဖြစ်နေရတာတွေ၊ မောပန်းနေရတာတွေကို တခဏလေး မေ့ထားလိုက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ပဲ အဲဒီ အစီအစဉ်လေးတွေကို ကြည့်ကြရအောင်လား။

America’s got talent ကို ကျနော် နှစ်သက်မိတဲ့ ပထမဆုံး အချက်ကတော့ `လွတ်လပ်မှု´ ပါပဲ။ မိမိ တတ်ကျွမ်းတဲ့ အစွမ်းအစကို အသက်အရွယ်မရွေး၊ တတ်ကျွမ်းမှု မရွေး လွတ်လပ်စွာ တင်ဆက်နိုင်ပါတယ်။ မိမိတင်ဆက်လိုက်တာကို လူအများက လက်ခံ၏၊ လက်မခံ၏ အပေါ်မှာ မူတည်ပြီးတော့ ဒိုင်သုံးယောက်က မှတ်ချက်ပေး အကဲဖြတ်ပါတယ်။ ဒါကြောင့်လဲပဲ ကြံကြံဖန်ဖန် လျှာအရှည် လာပြိုင်တဲ့လူကိုတောင် တွေ့ဖူးလိုက်ပါသေးတယ်။ အမျိုးသမီး တယောက်က ကြီးမားလှတဲ့ သူ့ရင်သားတွေနဲ့ အချိုရည် ဗူးခွံတွေကို ဖိညှစ်ပြတာ၊ သစ်သားပြားကို ရင်သားနဲ့ ရိုက်ခွဲပြတာတွေလဲ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ မှန်ကန်တဲ့ အစွမ်းအစမဟုတ်တာကြောင့် ပထမအဆင့်မှာတင်ပဲ သူတို့တွေ အပယ်ခံရတာပါပဲ။
လာရောက် ယှဉ်ပြိုင်ကြတာမှာလဲ ပြိုင်ပွဲဝင်ပုံစံ အမျိုးအမျိုးအစားစားပါပဲ။ သီချင်းဆို၊ အက၊ မျက်လှည့်၊ စတန့်၊ ထူးဆန်းထွေလာ၊ အစသဖြင့် ပုံစံမျိုးစုံ လာပြိုင်ကြတာမို့ မကောင်းတဲ့လူ တယောက်ယောက် လာပြိုင်ရင် မကောင်းသလို ပရိသတ်က သြဘာပေးသလို တကယ့်ကို အားစိုက်ပြီး ကြိုးစားယှဉ်ပြိုင်တဲ့ ထက်မြက်သူတွေကိုတော့ ပရိသတ်တင်မက ဒိုင်တွေကပါ အားပါးတရ ချီးကျူးပါတယ်။

ဒီအစီအစဉ်ကို Final ဆုပေးပွဲ မရောက်ခင် အထိ ကောင်းနိုးရာရာလေးတွေ ရွေးချယ်ပြီး ကျနော့် ဘလော့ဂ်မှာ နှစ်ပတ် တခါ တင်ဆက်သွားပါမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဒီပို့စ်လေးကို ကြည့်ရှုပြီးကြရင် ကျနော့် မိတ်ဆွေများရဲ့ စိတ်တွေ အခိုက်အတန့်လေးပဲ ဖြစ်ဖြစ် ပေါ့ပါးကြည်လင်သွားစေတဲ့ ဆန္ဒပါ။ ကဲ…၊ ဒီ နှစ်ပတ်တာ အတွင်းမှာ တင်ဆက်သွားတဲ့ အစီအစဉ်တွေထဲက တချို့ကို ကြည့်ရှုခံစားကြည့်ကြပါစို့…။




Russian bar trio လို့ အမည်ပေးထားတဲ့ ဒီအဖွဲ့မှာ အရပ်ညီတဲ့ အမျိုးသားနှစ်ယောက်နဲ့ ရုပ်ရည် ပြေပြစ်တဲ့ အမျိုးသမီး တယောက် ပါပါတယ်။ ပေ ၃၀ အရှည် ရှိတဲ့ ဘားတန်းကို အမျိုးသားနှစ်ယောက်က တဘက်တချက်စီကနေ ထမ်းထားပြီး အဲဒီ ဘားတန်းပေါ်မှာက ကျွမ်းဘား ကစားပြတဲ့ အမျိုးသမီးရဲ့ စွမ်းရည်ဟာ အံ့ဘနန်း ရင်သပ်ရှုမောစရာမို့ ဒိုင်တယောက်က `အိုလံပစ်ထက် ပိုကောင်းတဲ့ တင်ဆက်မှု´ လို့ ချီးမွမ်းခဲ့ရပါတယ်။




Eli Mattson လို့ အမည်ရတဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်လေးရဲ့ နှစ်သက်စရာကောင်းတဲ့ အချက်ကတော့ မိမိကိုယ်ကို ယုံကြည်မှု ရှိတဲ့ ဟန်ပန်နဲ့အတူ ၀ါရင့် အဆိုတော်ကြီးတယောက်နှယ် သီဆိုတီးခတ်ဟန်ပါပဲ။ ကြိုးစားအားထုတ်ပြီး ဖျော်ဖြေတင်ဆက်မှု အပြီး ဒိုင်သုံးယောက်လုံးရဲ့ ထောက်ခံအားပေးမှုကို ကြားရတဲ့ အခိုက်အတန့်က သူ့မျက်နှာထားဟာလဲ ဒီပြိုင်ပွဲကို သူ ပေါ့ပေါ့တန်တန် သဘောထားပြီး ၀င်ပြိုင်ခဲ့တာ မဟုတ်ဘူး ဆိုတာကို ပေါ်လွင်စေပါတယ်။




ဒီကောင်မလေးရဲ့ တင်ဆက်မှုကို ကြည့်ပြီးတော့ ကျနော်တို့ ရွှေပြည်ကြီးမှာတုန်းက အငြိမ့်ပွဲတွေမှာ လူရွှင်တော်တွေက `ကျနော်က အသံတော့ သိပ်မကောင်းပါဘူး၊ ဒါပေမယ့် ရုပ်နဲ့ ထိန်းပြီး ဆိုပြပါမယ်´ လို့ ပြက်လေ့ရှိတာကို သတိရမိပါတယ်။ အသံအားဖြင့် မဆိုးလှဘူးဆိုပေမယ့် သိပ်အကောင်းကြီးထဲမှာ မပါတဲ့ ဒီကောင်မလေးက ရုပ်ရည်အားဖြင့်တော့ အင်မတန်ချောမော ပြေပြစ်တာမို့ ရုပ်နဲ့ ထိန်းဆိုတယ် ဆိုတာ ဒါမျိုးကိုး လို့ ပြောရမလိုပါပဲ။




The southern belles လို့ အမည်ပေးထားတဲ့ မိန်းမပျို လေးယောက်ရဲ့ clog dancers အဖွဲ့ရဲ့ တင်ဆက်မှုမှာ ဒိုင်နှစ်ယောက် မတ်တပ်ရပ်ပြီး ထောက်ခံချီးကျူးပါတယ်။ ညီညာသွက်လက်တဲ့ သူတို့ရဲ့ အကကို ပရိသတ်ကလဲ တခဲနက် အားပေးကြပါတယ်။




လူအများရှေ့ရောက်ရင် ထိန်းချုပ်ရ ခက်ခဲလွန်းတာကြောင့် တိရစ္ဆာန် လိမ္မာတင်ဆက်သူတွေဟာလဲ များသောအားဖြင့် မအောင်မြင်တတ်ကြပေမယ့် အခု ခွေးလိမ္မာကတော့ အံ့သြစရာ အစွမ်းပြနိုင်တာမို့ လာ့ဗေးဂက်စ် သွားခွင့် လက်မှတ် ရသွားခဲ့ပါတယ်။




မီးတုတ်ချောင်းတိုတွေကို ပစ်မြှောက်ကစားပြတဲ့ ဒီလူငယ်လေးရဲ့ ဖျော်ဖြေမှုဟာလဲ လာ့ဗေးဂက်စ်မြို့မှာ နောက်တဆင့် သွားရောက် ယှဉ်ပြိုင်ဖို့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဖျော်ဖြေမှုအပြီးမှာ သူတို့ သားအမိနှစ်ယောက်ရဲ့ အပျော်က ကြည့်ရှုသူတွေဆီကိုပါ ကူးစက်လောက်တဲ့ သန္တရသကို ပေးစေခဲ့ပါတယ်။



ပြီးခဲ့တဲ့ အပတ်က တင်ဆက်ခဲ့တဲ့ လေးနှစ်အရွယ် ကလေးမလေးနည်းတူ အဆိုထူးချွန်တဲ့ နောက်ထပ် ကလေးတဦးပါ။ ကိုးနှစ်အရွယ် ဒီကလေးရဲ့ သီဆိုဖျော်ဖြေမှုကို ကြည်နူးစိတ်ကြောင့် ကျတဲ့ မျက်ရည်တွေ အပြည့်နဲ့ သူ့မိခင်က စင်ဘေးကနေ အားပေးနေဟန်ဟာ ကရုဏာသက်ဖွယ် ကောင်းလှပါတယ်။

တခြားသော ယှဉ်ပြိုင်သူတချို့လဲ လာ့ဗေးဂက်စ်မြို့ကို နောက်တဆင့်အတွက် ထပ်မံယှဉ်ပြိုင်ခွင့် ရသွားကြတာတွေ ရှိပါသေးတယ်။ ဒီအစီအစဉ်မှာ ၀င်ရောက်ယှဉ်ပြိုင်သူတွေဟာ သူတို့ရဲ့ အားကျိုးမာန်တက် ယှဉ်ပြိုင်တင်ဆက်မှု အပြီးမှာ ချီးကျူးခံရတဲ့အခါ အားရကျေနပ်ဟန် မျက်နှာထားတွေဟာလဲ ဒီအစီအစဉ်ရဲ့ နှစ်သက်ဖွယ် ဆွဲဆောင်မှု တခုပါပဲ။ နောက်တဆင့်မှာ ဘယ်သူတွေ ဘယ်လို တင်ဆက်ကြဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြပါဦးစို့။ အခု အစီအစဉ်တွေကနေ တစုံတရာ စိတ်လက်ပေါ့ပါးမှု ရနိုင်ကြပါစေလို့ မျှော်လင့်ရင်း…။


ကလိုစေးထူး


Tuesday, July 01, 2008

အထက်...၊ အောက်...။

ဆရာတော်ကို ရိုကျိုးဝပ်တွားစွာဖြင့် ဦးသုံးကြိမ်ချ ရှိခိုးပြီး ဘာများမိန့်လာဦးမလဲ ဟု နားစွင့်နေလိုက်သည်။

`ဒကာကြီး၊ ဒီမှာ စာတစောင်တော့ ဘုန်းဘုန်း ရေးထားတယ်၊ လိုရမယ်ရ ယူသွားပေါ့´
`တင်ပါ့ဘုရား´

ဆရာတော် ကမ်းပေးလာသော စာကို အသာဖွင့်ဖတ်လိုက်တော့ ဆရာတော်ကိုယ်တိုင် လက်ရေးခပ်သော့သော့ဖြင့် ရေးထားသော စာ၏ ခေါင်းစီးက အထင်းသား…။

`စာသင်ကျောင်းခန်း ဆောက်လုပ်ရန်အတွက် သစ်ခုတ်လှဲခွင့်ကိစ္စ´

***


ဒီရွာကလေးရဲ့ မူလတန်းကျောင်းကို တွဲဖက်အလယ်တန်းကျောင်း အဖြစ် တိုးမြှင့်ခဲ့သည်မှာ ပြီးခဲ့သည့် နှစ်ကမှ ဖြစ်၏။ ရွာလယ် ဘုန်းတော်ကြီးကျောင်းရဲ့ ခြံစည်းရိုးနားမှာ ကပ်လျက် ဆောက်ထားသော ဒီကျောင်းကလေးမှာ ဒီရွာသားပင် ဖြစ်သော ဆရာညွှန့်စိုး ကျောင်းအုပ်အဖြစ် တာဝန်ကျတော့ ဆရာတော်ကြီးမှာ ၀မ်းသာလို့ မဆုံး…။

ဆရာညွှန့်စိုး ဒီမှာ တာဝန်ကျတာကို ဒီရွာကလေးအနေနဲ့ ဂုဏ်ယူရတာကလဲ ရှိသေးသည်။ ရွာနဲ့ သုံးမိုင်ကျော် အကွာက နယ်မြို့ပေါ်က ကျောင်းဆရာတွေတောင် ဘယ်သူမှ မသွားဖူးသေးသည့် ဂျပန်နိုင်ငံ ပညာတော်သင်ကို ဆရာညွှန့်စိုးက တနှစ်ခွဲ သွားခဲ့ဖူးသေးသည်။ ဒါကြောင့် ဆရာတော်ကြီးတင်မက ရွာသားတွေကလဲ ဆရာညွှန့်စိုး ဒီရွာမှာ ကျောင်းအုပ်အဖြစ် တာဝန်လာကျတာကို အကျေနပ်ကြီး ကျေနပ်ကြသည်။

ရွာကလေးက ရွာတန်းရှည်ပုံစံ…။ ရွာလယ် လမ်းမကြီးကို ဗဟိုပြုပြီးမှ ကရင်စု၊ ဗမာစု၊ ရှမ်းစု၊ မွန်စု ဆိုပြီး အစုကလေးတွေ ခွဲထား၏။ ဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိသည်။ ရွာလယ်ကျောင်းနှင့် တောင်ပေါ်ကျောင်း…။ စာသင်ကျောင်းကတော့ ယခု ဆရာညွှန့်စိုး တာဝန်ကျသည့် တွဲဖက် အလယ်တန်းကျောင်း တကျောင်းတည်း…။

ဒီကျောင်းကလေးကို ရွာလယ်ကျောင်းဆရာတော်ရဲ့ ကွပ်ကဲမှု အထောက်အပံ့ဖြင့် မူလတန်းကျောင်းအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့၏။ မြို့ပြရနံ့တစက်ကလေးမှ မပါ၊ လမ်းပန်းဆက်သွယ်ရေး ကျဲပါးခေါင်သီလှတဲ့ ဒီရွာကလေးမှာ နှစ်ရှည်လများ တာဝန်ထမ်းလိုတဲ့ တနယ်တကျေးက ဆရာဆရာမ ပါးရှားလှတာမို့ တခါတရံမှာ ဆရာတော်နှင့် စာချဦးပဉ္ဖင်းတို့က သင်္ဃန်းတလွှားလွှား၊ ကွမ်းတ၀ါးဝါးဖြင့် ကလေးတွေကို စာဝင်သင်ပေးရသည်။ အခု တွဲဖက်အလယ်တန်းကျောင်း အဆင့်ကို ရောက်တော့လဲ ဆရာတော်တွေ စာဝင်မသင်ပေးရသည့်တိုင် ကျောင်းကိစ္စအရပ်ရပ်မှာ ကူပံ့နေရတုန်း၊ အုပ်ချုပ်နေရတုန်းပင်။

တွဲဖက် အလယ်တန်းကျောင်းအဆင့်ကို ရောက်လာပြီဆိုတော့ ကျောင်းသားအရေအတွက်လဲ အရင်ကထက် ပိုတိုးလာသည်။ လေးတန်းအောင်တဲ့ ကျောင်းသားက အရင့်အရင်နှစ်တွေကလို ချောင်းဖြတ်၊ တောနင်းပြီး မြို့ပေါ်ကို ကျောင်းသွားတက်စရာ မလိုတော့…။ လွယ်အိတ်ကျောပိုး၊ ခမောက်မလုံ့တလုံဆောင်းလို့ ကိုယ့်ရွာကျောင်းမှာပင် ကိုယ်တက်နိုင်လေပြီ။ ဒါပေမယ့် ခက်တာက ကျောင်းရဲ့ လိုအပ်ချက်…။

မူလတန်းအဆင့်တုန်းကတော့ မသိသာလှသေးပေမယ့် ယခုနှစ်မှာတော့ ကျောင်းဆောင်သစ် ထပ်ဆောက်ဖို့က လိုလာလေပြီ။ ကျောင်းဆောက်ပေးဖို့ လက်သမားကလဲ ဆရာတော်ရဲ့ အမိန့်နဲ့ ခေါ်ပြီးပြီ။ ရွာသားတွေကလဲ အလှည့်ကျဖြင့် တက်တက်ကြွကြွ ကူညီဖို့အသင့်…။ ဒီတော့ သစ်တွေ၊ ၀ါးတွေကို စုဖို့သာ လိုတော့သည်။

အရင့်အရင်ကတော့ ဒါက ဘာများခက်တာလိုက်လို့…။ အနီးအနားတောထဲကိုဝင်၊ သင့်ရာ သစ်ကို ခုတ်လှဲလို့ လွှဲစင်ဆွဲသမားတွေနဲ့ ခွဲစိတ်ယုံပင်…။ တရွာလုံးက အိမ်တွေကိုလဲ ဒီနည်းနှင်နှင် ဆောက်ခဲ့သည်ချည်း။ ဒါပေမယ့် အခုကတော့ ထိုသို့ မရတော့ပြီ။ အဘယ်ကြောင့်ပါနည်း…။

***


တမြန်မနှစ်က ဖြစ်၏…။

ရွာကလေးကနေ နယ်မြို့ကိုသွားသည့် ကြားလမ်းမှာ စစ်တပ် တပ်ရင်းအသစ်တခု လာဖွင့်သည်။ ဗမာစုက ဘိုးစံလှရဲ့ ရာဘာခြံ၊ ဘွားအုန်းတင်ရဲ့ လယ်တချို့နဲ့ ကရင်စုက သီဟိုဠ်ခြံတချို့ အသိမ်းခံလိုက်ရ၏။ `နယ်မြေ လုံခြုံရေးအတွက်´ ဆိုတော့လဲ ဘာမှမပြောသာ…။

ခက်တာက နယ်မြေလုံခြုံတာ မလုံခြုံတာ အသာထားလို့ အနှီတပ်ရင်းသစ်ရဲ့ ဒဏ်ကို ရွာသားတွေခမျာ ခါးစည်းခံရခြင်းပင်။ တပ်ရင်းလယ်မှာ (တကယ်က ဘွားအုန်းလှ လယ်ကို သိမ်းထားတာ) စပါးကူစိုက်ဖို့၊ တပ်ရင်းထဲမှာ တောခုတ်ကူဖို့၊ တပ်တွင်းမှာ လမ်းဖောက်ကူဖို့၊ ဘာဖို့…၊ ညာဖို့ ဆိုပြီး လူဆင့်၊ လှည်းဆင့် ခဏခဏ အဆင့်ခံရသည်။ တခုတော်သေးတာက ဟိုးအရင်က တခါတလေ ရောက်လာတတ်လေ့ရှိတဲ့ စစ်တပ်တချို့လို သူတို့က ပေါ်တာတော့ မဖမ်း။

နှစ်ပရိစ္ဆေဒ များစွာကတည်းက ရွာကလေးကနေ နယ်မြို့ပေါ်ကို အပူအပင် ကင်းကင်း ရောင်းဝယ်ဖောက်ကားရတဲ့ ရှောက်သီးလှည်း၊ သံပုရာသီးလှည်းတွေလည်း အခုတော့ တပ်ရင်းအသစ်ရဲ့ ခွင့်ပြုချက်ရမှ ထိုလမ်းကို ဖြတ်ခွင့်ရလေပြီ။ ရှောက်သီး ငါးရာ မြို့ပေါ်မှာ သွားရောင်းချင်ရင် အရင်ကထက် လေးငါးဆယ်လုံး အပိုယူလာရလေပြီ။ အခန့်မသင့်ရင် `နယ်မြေလုံခြုံရေး´ ဆိုတာကြီးက ရှောက်သီးလှည်းကို နေမြင့်သည့်တိုင် မြို့ပေါ် မရောက်အောင် တားထားနိုင်သည်ကိုး…။ ဒူးရင်းသီး သွားရောင်းချင်ရင်လည်း ထိုနည်းနှင်နှင်…၊ ကွမ်းသီး အပိုးသမားတွေလဲ ထူးမခြားနား။ ပိုလို့ အကင်းပါးသူတွေကတော့ `နယ်မြေလုံခြုံရေး´ အတွက် ငွေစတချို့ အိပ်ထဲ ဆောင်သွားကြ၏။ အဲဒီ ငွေစကလေးတွေ အစိမ်းရောင် အိပ်ကပ်ထဲကို ရောက်သွားရင် သူတို့အတွက် `နယ်မြေလုံခြုံရေး´ ရဲ့ အနှောက်အယှက်က ကင်းလွတ်ခွင့်ရ၏။

ပြောရရင်တော့ နောက်ထပ်ဖွင့်တဲ့ တပ်ရင်းအသစ်ကို ရွာမှာ ထူးခြားတာ တခုခုရှိတိုင်း သံတော်ဦးတင်ရသည်။ မတင်လို့လဲ မဖြစ်၊ တလောက ရွာသား ကိုစိုးမောင်တယောက် အိမ်ဆောက်ချင်လို့ သစ်သွားခုတ်နေခိုက် ကင်းလှည့်တဲ့ စစ်သားတွေနဲ့ တိုးလို့ တပ်ထဲခေါ်သွားပြီး ဖမ်းထားတာ ရွာက လိုက်ခေါ်တော့ ငွေတသောင်း ဒဏ်ရိုက်လွှတ်လိုက်၏။ ပန်းလှရဲ့ ၀ါးလှည်းတစီး တပ်ရင်းနားက ဖြတ်သွားတုန်းကလဲ သူတို့ ခွင့်ပြုချက် မရဘဲ သွားခုတ်ရကောင်းလားဆိုပြီး ပါလာသမျှ ၀ါးအကုန်လုံးကို သိမ်းထားလိုက်သေးသည်။ အမယ်…၊ ရွာမှာ မင်္ဂလာဆောင်လုပ်ရင်တောင် သူတို့ကို လာပြောပါဆိုပဲ…။

အရင်ကတော့ ရွာကလေးမှာ `ကြီးသုံးကြီး´ ကိုသာ ရိုသေရသည် ဟု ရွာသားတွေက ပြောစမှတ်ရှိသည်။ ထို ကြီးသုံးကြီးကား ဆရာတော်ကြီး၊ ရွာလူကြီး၊ ကျောင်းအုပ်ဆရာကြီး ဟူ၏။ အဲဒီ ကြီးသုံးကြီးကပဲ ရွာရဲ့ သာရေးနာရေးတွေမှာ ဦးစီးရ၊ အကြံပေးရလေ့ရှိသည်။ ယခုကတော့ ရွာသားတွေအတွက် ကြီးတကြီး ထပ်တိုးလာလေပြီ။ အဲဒါကတော့ … ဗိုလ်ကြီး…။

အခုလဲ တကယ်တော့ ရွာရဲ့ တွဲဖက်အလယ်တန်းကျောင်း ဆောက်ဖို့အတွက် လိုအပ်တာမို့ အရင့်အရင်ကဆိုရင်တော့ ဆရာတော်ကို တင်လျှောက်ပြီးရင် ပြီးပြီ။ ဒါပေမယ့် အခုကတော့ မရ…။ နောက်ထပ် ကြီးအသစ်ကို အသိမပေးမိလို့ ဟိုက အမျက်တော်ရှသွားလျင် နောက်ဆက်တွဲအဖြစ် ခေါင်းစဉ်ပေါင်းများစွာဖြင့် လုပ်အားပေး အဆင့်ခံရမယ့် ဘေးက ရှိလေတာမို့ ဆရာတော်ကိုယ်တိုင်ကိုက `တပ်ရင်းကို သွားပြောလိုက်ကြဦးဟ´ ဟု မိန့်ရ၏။

ဒီလိုနဲ့ ကြီးတကြီးထဲမှာ တကြီး အပါအ၀င်အဖြစ်တဲ့ ဆရာ ကိုညွှန့်စိုး တယောက် ကြီးတကြီးရဲ့ စာတစောင်ကိုယူ၊ နောက်ထပ် ကြီးတကြီးဖြစ်တဲ့ ရွာလူကြီး ဘိုးသာဒွန်းကို အဖော်ပြုလို့ နောက်ဆုံးပေါ် ကြီးတကြီးဆီမှာ ကျောင်းဆောက်ဖို့ သစ်ခုတ်လှဲခွင့် တောင်းရပါတော့မည်။

***


ကျောင်းစိမ်း လုံချည်ကို ခပ်တိုတိုဝတ်လို့ ဆင်ကြယ်ညှပ်ဖိနပ်ကို တဗျတ်ဗျတ်နင်းပြီး ရွာကလေးကနေ အတန်ငယ် လျှောက်လိုက်ရင်ပဲ တပ်ရင်း ဂိတ်ကို ရောက်ပါပြီ။ ရွာလူကြီး ဘိုးသာဒွန်းကတော့ ကွမ်းတမြုံ့မြုံ့ဝါးပြီး တိတ်ဆိတ်စွာ လိုက်ပါလာ၏။

`ဘယ်သွားမလို့လဲ´

မည်ကာမတ္တ ဆောက်ထားရတဲ့ တပ်ရင်းဂိတ်ပေါက် အရောက် ကင်းတဲမှ ခြောက်ကပ်ကပ် အသားအရေ ပိုင်ရှင် တပ်သားကလေးရဲ့ အမေးကို ဆရာညွှန့်စိုးက…

`တပ်ရင်းရုံးကို သွားမလို့ပါ၊ ဆရာတော်ရဲ့ စာလဲ ပါပါတယ်´

ပြောပြောဆိုဆိုဖြင့် ဆရာတော် ရေးပေးလိုက်တဲ့ စာကို ပြလိုက်တော့ နောက်ထပ် စစ်သားတယောက်က စာကိုယူပြီး အပြေးကလေး ထွက်သွားသည်။ ခဏအကြာမှာ ပြန်ရောက်လာပြီး…

`ဗိုလ်မှူးက လာခဲ့…တဲ့´

***

`ပြော…၊ ကျောင်းဆရာ၊ ဘာကိစ္စလဲ´

တသက်နဲ့တကိုယ် ကိုယ့်ကို `ကျောင်းဆရာ´ လို့ ဘယ်သူကမှ ဒီလေသံနဲ့ ခေါ်ဖူးတာမဟုတ်တော့ ဆရာညွှန့်စိုး နားထဲကို `ကျောင်းဆရာ´ လို့ ခေါ်လိုက်တဲ့ မထီလေးစားအသံက အဆင်မပြေလှစွာ တိုးဝှေ့ဝင်ရောက်သွားသည်။ ခေါင်းကို အသာညွှတ်လိုက်ရင်း…

`ဆရာတော့် စာထဲမှာ ပါတဲ့အတိုင်းပါပဲ၊ ရွာက တွဲဖက်ကျောင်းဆောက်ဖို့အတွက် သစ်နည်းနည်း ခွဲချင်လို့ ဗိုလ်မှူးကြီးတို့ဆီမှာ ခွင့်ပြုချက် လာတောင်းတာပါ´
`သစ်က ဘယ်နှစ်တန် ခွဲမှာလဲ´
`နှစ်တန်ပါ´
`ဘာ သစ်တွေလဲ´
`ပျဉ်းကတိုးနဲ့ သစ်ပုတ်ပါ´
`ဟာ၊ သစ်ပုတ်အသားက ကျောင်းဆောက်လို့ ရသလား´

ခက်ပြီ။ ကျွန်း၊ ပျဉ်းကတိုး၊ အင် မဟုတ်တဲ့ တခြားသစ်တွေကို `သစ်ပုတ်သား´ လို့ခေါ်တာကို သူက မသိ။ ရန်ကုန်က သစ်ပုတ်ပင်လို အသားမျိုးလို့ ထင်နေလားမသိ။

`သစ်ပုတ် ဆိုတာ အခြားသစ်ကို ပြောတာပါ၊ ပျဉ်းမတို့၊ ယင်းတိုက်သား တို့ပါ´
`သြော်´

ဆရာတော်ရေးလိုက်တဲ့ စာကို မျက်မှောက်ကြုံ့လျက် ထပ်ဖတ်ပြီး နောက်ထပ်မေးလိုက်ပြန်သည်။

`ဘုန်းကြီးက တခြားဘာမှာလိုက်သေးလဲ´

အာ…၊ ဒီလူ…။ တရွာလုံးက `ဆရာတော်´ `ဆရာတော်ဘုရား´ လို့ တရိုတသေခေါ်ကြတာကို သူ့ဆီရောက်မှ `ဘုန်းကြီး´ တဲ့။ လှစ်ခနဲ ထွက်လာတဲ့ ဒေါသကို အသာမျိုချလိုက်ရပြန်သည်။

`စာသင်ကျောင်းအတွက်မို့ ခွင့်ပြုပေးပါလို့တော့ မိန့်ပါတယ်´
`အင်း´

နောက်တော့ သူတို့ယူလာတဲ့ ဆရာတော့်စာကို စားပွဲပေါ်မှာ အသာထားလို့ တခြား (ဘာစာတွေမှန်းမသိ) စာတွေကို ဖတ်နေပြန်သည်။ တော်တော်လေးကြာတော့မှ…

`ကဲ…ကဲ၊ ပြန်ကြတော့၊ နှစ်တန်ဆို နှစ်တန်ပဲ ခွဲနော် ကျောင်းဆရာ´
`ဟုတ်ကဲ့ပါ´
`သူကြီး၊ ရွာမှာ ဘာထူးသေးလဲ´
`ဘာမှ မထူးပါဘူး ဗိုလ်ကြီး´
`ဟေ့လူ၊ ကျုပ် ဗိုလ်ကြီး မဟုတ်ဘူး၊ ဗိုလ်မှူး´
`ဟုတ်ကဲ့ ဗိုလ်မှူး´
`အေး၊ ခင်ဗျားတို့ ရွာမှာ တိုက်ပွဲဖြစ်ရင် ခင်ဗျားတို့တာဝန်ပဲနော်´
`ဟုတ်ကဲ့ပါ´
`ကဲ…၊ သွားကြတော့´

***

တပ်ရင်းထဲမှ ပြန်ထွက်လာတော့ နေမြင့်စ ပြုချေပြီ။ ကလေးရုပ် မပျောက်တတ်လှသေးတဲ့ ကင်းစောင့် တပ်သားလေးက ဆရာညွှန့်စိုးတို့ နှစ်ယောက်ကို လက်ထဲမှာ သေနတ်အကိုင်သားနဲ့ ခပ်ငေးငေးကြည့်နေ၏။ သနားစိတ်ပေါက်လာပုံရသော ဘိုးသာဒွန်းက ကောင်လေးအနားကို သွားပြီး ငွေစတချို့ ပေးလိုက်သည်။ သူတို့ ထွက်လာတော့ ကောင်လေးရဲ့ အကြည့်က သူတို့နောက်မှာ ထပ်ချပ်မကွာလိုက်လာ၏။

ရွာအ၀င်ဝကို ရောက်တော့မှပင် ဗိုလ်မှူး ပြန်ပေးလိုက်တဲ့ ဆရာတော်ကြီးရဲ့ စာကို တခေါက် ပြန်ဖွင့်ဖတ်လိုက်သည်။

ဒကာတော် တပ်မှူး…
ရွာရဲ့ တွဲဖက်အလယ်တန်းကျောင်းဆောင် ဆောက်လုပ်ဖို့အတွက် သစ်ခွဲသား နှစ်တန်ခန့် လိုတာကြောင့် ရွာသားများရဲ့ လုပ်အားနဲ့ အနီးအနားတောထဲက သစ်အနည်းငယ်ကို ခုတ်လှဲမှာမို့ စာသင်သား ကလေးများအရေးကို ဒကာ့အနေနဲ့လဲ ကုသိုလ် အဖို့ဘာငှကို ရဖို့အတွက် ဆရာတော့်အနေနဲ့ ဒကာတော် တပ်မှူးဆီကို ယခုစာကို ရေးလိုက်ရပါတယ်။ ဒကာတော် ကျန်းမာရွှင်လန်းပါစေ…။

ဆရာတော်
ဘဒ္ဒန္တရေ၀တာ ဘိဝံသ


***


ဆရာတော့် စာရဲ့ အောက်မှာကမှ မှတ်ချက်တိုလေးတခုနဲ့ လက်မှတ်တခု…။

`ခွင့်ပြုသည်´
ပုံ
ဗိုလ်မှူး သန်းလှိုင်

***


ကလိုစေးထူး