Friday, October 05, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၂)

ဒီနေ့မှာ မတင်ဖြစ်တာ ရက်အတန်ကြာပြီဖြစ်တဲ့ ကိုဝင်းနိုင်ဦးရဲ့ စာအုပ် `လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း´ ကို တင်မယ်လို့ စဉ်းစားမိပါတယ်။ တိုက်ဆိုင်လှစွာပဲ ဒီနေ့ တင်ရမယ့် အပိုင်းက ထောင်သွင်း အကျဉ်းချခံနေရတဲ့ ရဟန်း သံဃာတော်များရဲ့ အကြောင်း ဖြစ်နေပါတယ်။

ဖတ်ရှုပြီးသား ဖြစ်နေပေမယ့်လည်း ယခုတခါ ကျနော့်ဘလော့ဂ်မှာ ပြန်လည် တင်ဆက်ဖို့ စာရိုက်နေရင်းနဲ့ ပြန်လည် ဖတ်ရှုရတဲ့အခါ သာသနာ့ အာဇာနည် ရဟန်း သံဃာတော်တွေရဲ့ အနစ်နာခံမှုတွေအတွက် မျက်ရည်ကျမိတဲ့ အထိ ၀မ်းနည်းမိရသလို ဆရာတော် သံဃာတော် ရှင်သူမြတ်တွေကိုလည်း ကြည်ညိုလှစွာ စိတ်ထဲကနေ ဦးခိုက် ပူဇော်မိပါတယ်။

တဆက်တည်းမှာပဲ ယနေ့ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ ယှဉ်ထိုး တွေးကြည့်မိပြီး အာဏာပိုင်တွေက သံဃာတော်တွေကို ရက်ရက်စက်စက် ရိုက်နှက် သတ်ဖြတ် ဖြိုခွင်းတဲ့ ပုံရိပ်တွေကို မြင်ယောင်မိလာပါတယ်။ အာဏာပိုင်တွေနဲ့ သူတို့ကို လိုလားထောက်ခံသူတွေက ဘုရားသားတော် ရဟန်း သံဃာတော်တွေကို `သံဃာအတုတွေ´ လို့ ပုတ်ခတ် စော်ကားတာကိုလည်း နာကျည်းပါတယ်။ ကျနော့်တသက် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

ကိုဝင်းနိုင်ဦးရဲ့ စာအုပ်ထဲမှာ ထောင်သွင်း အကျဉ်းချခံနေရတဲ့ ရဟန်းသံဃာတော်များ ဆိုပြီး အပိုင်း သုံးပိုင်း တင်ပြထားပါတယ်။ ခါတိုင်းဆိုရင် တပိုင်းစီသာ တင်ဆက်နေကြ ဖြစ်ပေမယ့် စာဖတ်သူများ အားမလို အားမရ မဖြစ်ရအောင် ဒီနေ့မှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ တတိယပိုင်းကိုလည်း မကြာခင် ထပ်မံ ဖော်ပြပေးပါမယ်။

ဒီစာပိုဒ်တွေကို ရိုက်နေရင်းနဲ့ ကျနော့်နားထဲမှာ ပြည်သူတွေရဲ့ နာနာကျည်းကျည်း ဟစ်ကြွေးသံတွေကို ထပ်ခါထပ်ခါ ကြားယောင်နေခဲ့တယ်။

`ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ… မိုးကြိုးပစ်လို့ သေပါစေ´

ဖတ်ရှုခံစားပြီး မြန်မာပြည်သူပြည်သားများအတွက် စွန့်လွှတ် အနစ်နာခံနေကြတဲ့ ဆရာတော် ရဟန်းသံဃာတော်ကြီးများရဲ့ ကျေးဇူးတော်ကို အောက်မေ့ ကြည်ညိုနိုင်ကြပါစေ။


ကလိုစေးထူး



ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


ထောင်သွင်း အကျဉ်းချခံနေရသော ရဟန်း သံဃာတော်များ

(ပထမပိုင်း)

ထောင်ထဲမှာ စိတ်ထိခိုက်စရာ အကောင်းဆုံး တခုက ရဟန်းသံဃာတော်တွေကို ထောင်ဝတ်စုံ အဖြူနဲ့ တွေ့ရတာပါ။ ပိုပြီး စိတ်ထိခိုက်စရာ ကောင်းတာက အဲဒီလို ထောင်ဝတ်စုံ အဖြူနဲ့တွေ့ရတဲ့ သံဃာတော်တွေထဲမှာ ငယ်ရွယ်တဲ့ ရဟန်းပျိုတွေအပြင် တိုက်အုပ် စာချ နာယက ဆရာတော်ကြီးတွေ၊ ပိဋကတ် တပုံအောင် နှစ်ပုံအောင် ဆရာတော်ကြီးတွေပါ ပါဝင်တာပါ။

မေဒိနီ ဆရာတော်၊ မဟာဗောဓိဆရာတော်၊ သာကတေ ဆရာတော် ဦးအင်္ဂဿ၊ ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးတိလောကဘိဝံသ အစရှိတဲ့ ဆရာတော်ကြီးတွေပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှားရှားပါးပါး ပိဋကတ် သုံးပုံအောင် ဆရာတော်ကြီး တပါးဖြစ်သူ ကမ္ဘာအေး မဟာဂန္ဓရုံကျောင်းတိုက် ဆရာတော် ဦးသုမင်္ဂလကိုလည်း အပေါ်အောက် အဖြူ ထောင်ဝတ်စုံနဲ့ ထောင်ထဲမှာ တွေ့ရပါတယ်။

SAIN ခေါ် အရှေ့တောင်အာရှ သတင်းဖြန့်ချိရေးဌာနက န၀တလက်ချက်နဲ့ ပျံလွန်တော် မူသွားတဲ့ ရဟန်း သံဃာတော်တွေကို စာရင်း ပြုစုထားတာ ရှိပါတယ်။ အဲဒီ စာရင်းထဲမှာ မန္တလေး သံဃာ့ သမဂ္ဂီ ဒုဥက္ကဋ္ဌ ဦးဥတ္တမ၊ အတွင်းရေးမှူး ဦးစန္ဒာဝရနဲ့ မန္တလေး မြောက်ပိုင်း မစိုးရိမ် ကျောင်းတိုက်က ဦးဝိမလတို့ဟာ စွမ်ပရာဘုမ် အလုပ်ကြမ်းစခန်းမှာ ပျံလွန်တော်မူသွားကြတယ်လို့ ဖော်ပြထားပါတယ်။ မန္တလေး ဘုရားကြီးကျောင်းတိုက်က နာမည်ကြီး ဆရာတော် ဦးကာဝိယနဲ့ ဦးကလျာဏတို့ကိုတော့ နအဖက သေဒဏ် ပေးထားပါတယ်။

အဲဒီ အကြောင်းတွေကြောင့်ပဲ `ပြည်သူတွေနဲ့ သံဃာတော်တွေကို ညှင်းပန်း နှိပ်စက် သတ်ဖြတ်တဲ့ အစိုးရဆိုးနဲ့ အဆက်အဆံ မလုပ်ဘူး။ မပတ်သက်ဘူး။ သူတို့ ဖိတ်လည်း မကြွဘူး´ ဆိုပြီး ၁၉၉၀ ခုနှစ်မှာ သံဃာတော်တွေက ကံဆောင်သပိတ် (ပတ္တနိက္ကုဇနကမ္မ) ဆောင်ပါတယ်။ ရည်ရွယ်ချက်က မကောင်းမှု၊ အကုသိုလ် ကျူးလွန်သူများ အမြင်မှန်ရပြီး မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်အောင် ဖြစ်ပါတယ်။ အဲဒီလို ကံဆောင်တာဟာ ဗုဒ္ဓဘာသာသမိုင်းမှာ ဘုရားရှင် လက်ထက်တော်ကတည်းက အစဉ်အလာ ရှိခဲ့တာပါ။

အနီးစပ်ဆုံး ဥပမာ တခု ပြောရရင် အင်္ဂလိပ် ကိုလိုနီလက်အောက်၊ ကျွန်ဘ၀၊ ၁၉၂၁ ခုနှစ်တုန်းကလည်း သံဃာတော်တွေ သပိတ်မှောက်ခဲ့ဖူးပါတယ်။ ဆရာတော် ဦးဥတ္တမကို အင်္ဂလိပ်အစိုးရက ဖမ်းဆီး ထောင်ချလိုက်တော့ `အင်္ဂလိပ် အစိုးရဘက်က လိုက်လံဆောင်ရွက်သူတွေ မှန်သမျှနဲ့ မပတ်သက်ဘူး´ ဆိုပြီး သံဃာတော်တွေ သပိတ်မှောက်ကြတာပါ။ ဒါကြောင့် ဦးဥတ္တမကို ထောင်ဒဏ် အမိန့်ချလိုက်တဲ့ ရာဇ၀တ်တရားသူကြီးရဲ့ ညီမ ကွယ်လွန်တော့ ဘယ် ဘုန်းကြီးမှ ပင့်မရ ဖြစ်သွားလို့ နောက်ဆုံးမှာ သံဃာတော်တွေကို ၀န်ချ တောင်းပန်ခဲ့ရပါတယ်။

မကောင်းမှု အကုသိုလ် ကျူးလွန်သူများ အမြင်မှန်ရပြီး မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်အောင် ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ၁၉၉၀ ခုနှစ်မှာ သံဃာတော်တွေ (ပတ္တနိက္ကုဇနကမ္မ) ကံဆောင်သပိတ် ဖော်ဆောင်ကြတော့ ရဟန်းသံဃာတော်တွေရဲ့ ရည်ရွယ်ချက်အတိုင်း န၀တအစိုးရဟာ မကောင်းမှု အကုသိုလ်ကို ရှောင်ကြဉ်တာမျိုး လုပ်မလာပါဘူး။ ဘုန်းကြီးကျောင်း သုံးရာ့ငါးဆယ်ကို စစ်တပ်နဲ့ ၀င်ရောက် စီးနင်းပြီး သံဃာတော်တွေကို အဓမ္မဖမ်းဆီးပါတော့တယ်။ သံဃာတော်တွေကို န၀တက အဓမ္မ ဖမ်းဆီး၊ အဓမ္မ လူဝတ်လဲ၊ အဓမ္မ ထောင်ချခဲ့တာ စုစုပေါင်း အပါး သုံးထောင် ကျော်တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ် ကျွန်ခေတ် လူမျိုးခြား၊ ဘာသာခြားတွေ အုပ်ချုပ်တုန်းက သံဃာတော်တွေ ကံဆောင် သပိတ်လုပ်ခဲ့တာ အဖမ်းလည်း မခံခဲ့ရ၊ ထောင်လည်း အချ မခံခဲ့ရပါဘူး။

အဲဒီလို သံဃာတော်တွေကို အစိုးရက ညှင်းပန်း နှိပ်စက်နေတာကို ပိဋကတ် သုံးပုံအောင် ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ကြီး ဦးသုမင်္ဂလ အပါအ၀င် သြ၀ါဒစရိယနဲ့ နာယက ဆရာတော်ကြီးကိုးပါးက စိတ်မချမ်းမြေ့တော်မူကြတာနဲ့ `သံဃာတော်တွေရဲ့ လုပ်ရပ် (ပတ္တနိက္ကုဇနကမ္မ) ကံဆောင်သပိတ် မှန်ကန်တယ်´ လို့ ထောက်ခံကြောင်း စာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လုပ်ရပ်ကြောင့် ဆရာတော်ကြီး ကိုးပါးလုံးကို န၀တ အစိုးရက ဖမ်းဆီးပြီး ထောင်(၈)နှစ်စီ ချလိုက်လို့ ဆရာတော်ကြီးတွေကို အခုလို ထောင်ထဲမှာ ထောင်ဝတ်စုံ အဖြူနဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ရတာပါ။

ထောင်ကျလာတဲ့ သံဃာတော်တွေ၊ ဆရာတော်ကြီးတွေက ထောင်ထဲမှာ သင်္ဃန်းဝတ်ခွင့် တောင်းပေမယ့် အစိုးရက ခွင့်မပြုပါဘူး။ ဇွတ်အတင်း သင်္ဃန်းချွတ်ပစ်ပြီး ထောင်ဝတ်စုံ အပေါ်အောက် ဆင်သူသာ ၀တ်ရမယ်လို့ တချက်လွှတ် အမိန့်ထုတ်ပါတယ်။ တချို့ ဆရာတော်ကြီးတွေဆိုရင် သင်္ဃန်း အဓမ္မဆွဲချွတ်ခံရချိန်မှာ စိတ်ထိခိုက်လွန်းလို့ မျက်ရည်ကျကြပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးတွေက သည်းခံတော်မူပြီး ထောင်အာဏာပိုင်တွေ အမိန့်အတိုင်း ထောင်ဝတ်စုံ အဖြူကိုသာ ၀တ်ဆင်တော်မူခဲ့ကြပါတယ်။

ထောင်ထဲမှာ နေနေရပေမယ့်လည်း ဆရာတော်ကြီးတွေဟာ ရဟန်းကျင့်ဝတ်၊ ၀ိနည်း သိက္ခာပုဒ်တွေကို အကျိုးအပေါက်မခံဘဲ ထိန်းသိမ်း ကျင့်ကြံကြပါတယ်။ မနက် ဘုရားဝတ်တက်၊ တရားထိုင် မပျက်ကြပါဘူး။

ထောင်ထဲမှာ ဆရာတော်ကြီးတွေ အိပ်ရတာလဲ တသီးတသန့် မရှိပါဘူး။ ရိုးရိုး အကျဉ်းသားတွေ၊ ရာဇ၀တ်သားတွေနဲ့ ကြမ်းတပြေးတည်း တန်းတိုးပြီး ရောနှော တိုးဝှေ့ အိပ်ကြရတာပါ။ ဆရာတော်ကြီးတွေကို ရာဇ၀တ်သားတွေကြားထဲ ထောင်ဝတ်စုံဝတ်ပြီး အဲဒီလို ရောနှောအိပ်နေတာကို ဘယ်သူမှ စိတ်ကောင်းနိုင်ကြမယ် မထင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာတော်ကြီးတွေက အိပ်ရဆင်းရဲ၊ နေရ ဆင်းရဲတာကို မညည်းမညူ ကြိတ်မှိတ် သည်းခံတော်မူကြပါတယ်။

ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကို ရဟန်းသံဃာတော်တွေအဖြစ် သဘောမထားဘဲ ခိုးဆိုး လုယက် ရာဇ၀တ်သားတွေ အဖြစ်သာ သဘောထားတာပါ။ ဒါကြောင့် ထောင်ထဲမှာ ဆရာတော်ကြီးများရဲ့ ဘွဲ့တော်အမည်ကို မခေါ်ဘဲ လူနာမည်ကိုသာ ခေါ်ပါတယ်။ ဥပမာ အသက် ခုနှစ်ဆယ်ကျော် မဂ္ဂင်ဆရာတော်ကြီးကို ဆရာတော်ရဲ့ လူနာမည်ဖြစ်တဲ့ `ဦးရွှေသာအေး´ လို့သာ ခေါ်ပါတယ်။ ခေါ်ရာမှာတောင် `ဦး´ ထည့်မခေါ်ဘဲ `ဟေ့ ရွှေသာအေး´ လို့ အသက်လေးဆယ်သာသာ စစ်ဗိုလ်ထောင်ပိုင်က မာရေကျောရေနဲ့ ခေါ်တာပါ။


ထောင်သွင်း အကျဉ်းကျခံနေရသော ရဟန်းသံဃာတော်များ

(ဒုတိယပိုင်း)

ထောင်ထဲမှာ ဆရာတော်ကြီးတွေအတွက် စိတ်မကောင်းဖြစ်ပြီး ဆရာတော်ကြီးတွေကို လိုလေသေး မရှိအောင် ခြေဆုပ်လက်နယ်ပြု၊ အောက်ခြေသိမ်း ဂရုစိုက်သူတွေကတော့ တခြားသူတွေ မဟုတ်ကြပါဘူး။ နိုင်ငံရေးမှုနဲ့ ထောင်ကျလာသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆရာတော်ကြီးတွေက `မင်းတို့ ကောလိပ်ကျောင်းသားတွေလည်း ဘုန်းကြီးကျောင်းသားတွေ ဖြစ်ကုန်ပြီ´ လို့ ကျောင်းသားတွေကို ချစ်စနိုးနဲ့ ရယ်သွမ်းသွေး မိန့်ကြားတတ်ပါတယ်။

၁၉၉၁ ခုနှစ်တုန်းက အင်းစိန်ထောင်၊ အဆောင် တဆောင် တဆောင်မှာ သံဃာအပါး ငါးဆယ်လောက်စီ ရှိတတ်လို့ ပေါင်းလိုက်ရင် သံဃာ အပါး နှစ်ရာလောက် အင်းစိန်ထောင်မှာ ရှိပါတယ်။ ထောင်ထဲမှာ ဆရာတော်ကြီးတွေ အတွက် အခက်အခဲရှိတာက အရုဏ်ဆွမ်း ကိစ္စပါပဲ။ ဆရာတော်ကြီးတွေက ညစာ မစားကြပါဘူး။ အရုဏ်ဆွမ်း စားဖို့ကျတော့ မနက် (၆)နာရီ၊ (၇)နာရီလောက်မှ ထောင်က ဖွင့်တာဆိုတော့ ထောင်ဖွင့်ချိန်မတိုင်ခင် ဘယ်သူမှ အိပ်ယာကနေ ထထိုင်ခွင့်၊ လမ်းလျှောက်ခွင့် မရှိတဲ့အတွက် အရုဏ်ဆွမ်းကို မနက်စောစောမှာ မကပ်နိုင်ပါဘူး။

အရုဏ်ဆွမ်းကိစ္စ စီစဉ်ပုံကတော့ ဆရာတော်ကြီးတွေအတွက် ရတဲ့ ညစာခွဲတမ်းကို ကျောင်းသားတွေက ညဖက်မှာ သိမ်းထား၊ ချန်ထားတတ်ပါတယ်။ မနက် ထောင်ဖွင့်တော့မှ ဆရာတော်ကြီးတွေဆီ ကမန်းကတန်း ပြေးပြီး အရုဏ်ဆွမ်း ကပ်ကြရပါတော့တယ်။ ထောင်ထမင်းက ကောင်းတာမဟုတ်တော့ အရုဏ်ဆွမ်းကပ်ချိန်မှာ ညဖက် သိမ်းထားတဲ့ ထမင်းက သိုးချင် သိုးနေတတ်တာပါ။

အဲဒီလို ဆရာတော်ကြီးတွေ ရရမယ့် ညစာခွဲတမ်းကို ဆရာတော်ကြီးတွေရဲ့ မနက် အရုဏ်ဆွမ်းအတွက် ဆိုပြီး ဘေးဖယ် သိမ်းထားတာကိုပဲ တခါတခါ ထောင်အာဏာပိုင်တွေက မရှုစိမ့် ဖြစ်တတ်ပါတယ်။ `ညဘက် ထမင်း မသိမ်းရ၊ ပြင်းထန်စွာ အရေးယူမည်´ လို့တောင် တခါတခါ အမိန့် ထုတ်တတ်ပါသေးတယ်။ အဲဒီ အခါမျိုးတွေမှာ ဆရာတော်ကြီးတွေ အရုဏ်ဆွမ်း မစားရတော့လို့ ကျောင်းသားတွေက ရသလောက် မုန့်တွေ ဘာတွေ ရှာဖွေ စုဆောင်းပြီး အရုဏ်ဆွမ်းအဖြစ် ကပ်ကြရပါတယ်။

တကယ်တော့ ဆရာတော်ကြီးတွေကို ထောင်ထဲမှာ လက်အုပ်ချီ ရှိခိုးကြတာကိုတောင် ဗုဒ္ဓဘာသာတွေပဲ ဖြစ်ကြတဲ့ ထောင်အာဏာပိုင်တွေက ကြိုက်ကြတာ မဟုတ်ပါဘူး။ `ဘုန်းကြီးတွေ ကတုံးမတုံးရ´ လို့တောင် ထောင်ထဲမှာ အမိန့် ထုတ်သေးတာပါ။ အဲဒီလို န၀တနဲ့ ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကို ရဟန်းအဖြစ် အသိအမှတ် မပြုကြဘဲ ခိုးဆိုးလုယက် ရာဇ၀တ်သားတွေလို ဆက်ဆံတာကို ထောင်သားတွေက မခံချင်ကြပါဘူး။ ဒါကြောင့် ထောင်အာဏာပိုင်တွေ အရေးယူရင်လည်းယူ၊ ဆရာတော်ကြီးတွေကို ထောင်ထဲမှာ တွေ့ရင် တွေ့လိုက်တာနဲ့ တပြိုင်နက် တွေ့တဲ့နေရာမှာ ကျောင်းသားတွေက ရိုရိုသေသေ ထိုင်ပြီး ရှိခိုးကန်တော့ကြပါတယ်။

ဒါ့အပြင် ဆရာတော်ကြီးတွေဆီက တရားနာခွင့်၊ ဥပုသ်သီလ ဆောက်တည်ခွင့်တွေ ရအောင်၊ ဆရာတော်ကြီးတွေကို ခမ်းခမ်းနားနား ကန်တော့ခွင့် ရအောင် ကျောင်းသားတွေ ကြံဖန် စီစဉ်ကြပါတယ်။ ဥပမာ ထောင်နံရံမှာ ဘုရားပုံ ရေးဆွဲပြီး ဘုရားအနေကဇာတင်ပွဲ လုပ်တာမျိုး၊ ၀ါဆို လပြည့်နေ့တို့၊ ကထိန်ပွဲတို့ လုပ်တာမျိုးတွေပါ။

အဲဒီနေ့တွေဆိုရင် အခန်းတခန်းရဲ့ ခေါင်းရင်းခန်းမှာ ကော်ဇောတွေ၊ စောင်အကောင်းစားတွေ ခင်း၊ ရဟန်းပျိုတွေ၊ ဆရာတော်ကြီးတွေကို ပင့်ဖိတ်၊ ဆွမ်းကပ်၊ တရားနာ၊ ရှိခိုး၊ ရေစက်ချ၊ အမျှအတမ်း ပေးဝေကြပါတယ်။ ဆရာတော်ကြီးတွေလည်း ရွှင်လန်းဝမ်းမြောက်တော်မူကြပြီး တရားဒေသနာ ဟောကြားတော်မူကြတာမို့ ထောင်ငရဲခန်းမှာ တရားနတ်စည် ရွှမ်းနေတာ ကြည်နူးစရာ၊ မျက်ရည်လည်စရာကြီးပါ။

အဲဒီလို ထောင်ထဲမှာ သံဃာတော်တွေကို ပူဇော်တဲ့ပွဲ၊ တရားသံတွေနဲ့ ရှားရှားပါးပါး ကြည်နူးစရာ ဖြစ်နေတဲ့ ဘာသာရေးပွဲကို ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ကြတဲ့ ထောင်အာဏာပိုင်တွေက မနာလို မရှုစိမ့် ဖြစ်ကြတာ အံ့အားသင့်စရာပါပဲ။

တခါတုန်းက ဆရာတော်ကြီးတွေကို ခေါင်းရင်းခန်း တင်ပြီး ရှိခိုးကြမယ်၊ တရားနာကြမယ် ဆိုတော့ မိန်းမမှု၊ ဘိန်းမှု၊ လိမ်လည်မှု၊ စသဖြင့် ရာဇ၀တ်မှု တခုခု ကျူးလွန်ပြီး ထောင်ကျလာတဲ့၊ ၀ိနည်းသိက္ခာ ကျိုးပေါက်လို့ ရဟန်း မဟုတ်တော့တဲ့ ရဟန်းမဟုတ်တော့တဲ့ ဘုန်းကြီးတွေကိုပါ ဆရာတော်ကြီးတွေနဲ့ အတူ ခေါင်းရင်းခန်းတင်ပြီး တရားဟောခိုင်းရမယ်လို့ ထောင်အာဏာပိုင်တွေက တမင် အကျပ်ကိုင်လာပါတယ်။ ကျောင်းသားတွေကလည်း အဲဒီလို ၀ိနည်း ချိုးဖောက်ပြီး ရာဇ၀တ်မှုနဲ့ ထောင်ကျလာတဲ့ ဘုန်းကြီးတွေကို ဆရာတော်ကြီးတွေနဲ့ ဖျာတချပ်ထဲ ယှဉ်တွဲ ထိုင်တာမျိုး မကြည့်ရက်နိုင်ဘူးပေါ့။ ထောင်အာဏာပိုင်တွေကလည်း သူတို့ ပြောတဲ့အတိုင်း လက်မခံရင် အခမ်းအနား လုပ်ခွင့်မပေးဘူးလို့ ပြောတယ်။

အဲဒီလို နှစ်ဖက် တင်းမာနေချိန်မှာ ဆရာတော်ကြီးတွေက ကျောင်းသားတွေကို ဆုံးမရှာပါတယ်။ `ထိုင်ခွင့် ပေးလိုက်ပါ ငါ့သားတို့။ သူတို့ ယှဉ်ပြီး ထိုင်ဝံ့ရင် ထိုင်ပါစေ´ တဲ့။

ရာဇ၀တ်မှုနဲ့ ထောင်ကျလာတဲ့ အဲဒီ ဘုန်ကြီးတွေကလည်း ကြောက်ကြပါတယ်။ ထောင်အာဏာပိုင်နဲ့ အာဏာပိုင် လူဆိုးတွေ မသိအောင် ဆရာတော်ကြီးတွေဆီ တိတ်တဆိတ်လာပြီး ဆရာတော်ကြီးတွေနဲ့ ကြမ်းတပြေးတည်း ယှဉ်ပြီး သူတို့ မထိုင်ဝံ့တဲ့အကြောင်း၊ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အတင်းထိုင်ခိုင်းနေတာမို့ ကြောက်တဲ့အတွက် ထိုင်ရမှာမို့ ခွင့်လွှတ်ပါမယ့် အကြောင်း လျှောက်တင်ကြပါတယ်။ သဘောထား ကြီးတော်မူကြတဲ့ ဆရာတော်ကြီးတွေက ခွင့်လွှတ်ပါတယ်။

အဲဒီလိုနဲ့ အခမ်းအနားလုပ်ချိန်လည်း ကျရော အဲဒီ ဘုန်းကြီးတွေလည်း ကြောက်ကြောက်နဲ့ ဇောချွေးတွေပြန်၊ ဆရာတော်ကြီးတွေကို ရိုရိုသေသေ ကန်တော့ပြီး တုန်တုန်ယင်ယင်နဲ့ ၀င်ထိုင်ကြပါတယ်။ ထောင်အာဏာပိုင်တွေကို ကြောက်ကြတာကိုး။

ဆရာတော်ကြီးတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောစရာတခု ရှိပါသေးတယ်။ န၀တ စစ်အစိုးရက ဆရာတော်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ထောင်ထဲမှာ သင်္ဃန်းဝတ်ခွင့် မပြုတာရယ်၊ ရာဇ၀တ်သားတွေလို ဆက်ဆံတာရယ်ကို တပည့် ဒါယကာတွေက မခံမရပ်နိုင် ဖြစ်ကြပြီး ဆရာတော်ကြီးတွေ ထောင်ကလွတ်လာတော့ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း သိက္ခာပြန်ထပ်ပေးကြပါတယ်။ အဲဒီလို သိက္ခာထပ်ပေးတာ တကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်၊ တပတ်တကြိမ် အပတ်တိုင်း ဒါယကာ တယောက်ပြီးတယောက် သိက္ခာ ထပ်ပေးကြတာပါ။

အဲဒီလို အပတ်တိုင်း သိက္ခာထပ်ပေးတာ ကျနော်တို့ သိရသလောက် သာကေတ ဆရာတော်ဆိုရင် တနှစ်ကျော်တဲ့အထိ သိက္ခာထပ်ပေးတဲ့ ဒါယကာတွေ မကုန်သေးပါဘူး။ ဆရာတော်ကြီးတွေက `ဒကာတွေ ပင်ပန်းတယ်´ ဆိုပြီး တားမြစ်တော်မူပေမယ့်လည်း မရပါဘူး။ ဒါယကာတွေက `ဆရာတော်တွေကို န၀တက ထောင်ထဲထည့်ပြီး တကြိမ်ပဲ သိက္ခာချတာ။ တို့က ဆရာတော်တွေကို အကြိမ်ကြိမ် သိက္ခာ ပြန် ထပ်ပေးနိုင်တယ်´ လို့ ပြောကြပါတယ်။

ထောင်ကလွတ်ပြီး နောက်ပိုင်း တချိန်မှာ မဟာဗောဓိ ဆရာတော်ဆီ ကျနော် သွားရောက် ဖူးတွေ့ပါတယ်။ ဆရာတော်ကို ထောင်ဝတ်စုံ အပေါ်အောက် အဖြူနဲ့ တွေ့နေကျ ဆိုတော့ အခုလို သင်္ဃန်းနဲ့ တွေ့ရတော့ ကျနော့်မှာ အမြင်ဆန်းနေသလို တမျိုးကြီး ဖြစ်နေပါတယ်။ ဆရာတော်ကြီးကလည်း ကျနော့်ခံစားချက်ကို ရိပ်မိတယ် ထင်ပါရဲ့။ ရယ်နေတယ်။ ဆရာတော်ကြီးက သူ ထောင်က ထွက်ပြီးနောက်ပိုင်း ရေးနေတဲ့ ကျမ်းတကျမ်းရဲ့ စာမူကို ကျနော့်ကို ပြတယ်။ ဆရာတော်ကြီးဟာ စာပေပရိယတ္တိ ပြန့်ပွားရေးကို အင်မတန် အားထုတ်တော်မူတာကလား။ ဆရာတော်ကြီး ပြုစုရေးသား စီရင်ခဲ့တဲ့ ကျမ်းတွေ မနည်းပါဘူး။

ကျနော် ပြန်ခါနီး ဦးချ နှုတ်ဆက်တော့ ဆရာတော်ကြီးက `ထောင်ထဲက ကျောင်းသားတွေ ဘယ်လို အခြေအနေရှိသလဲ၊ လွတ်လာသူတွေ နေထိုင်ကောင်းရော ရှိကြရဲ့လား၊ နေရ ထိုင်ရ အဆင်ပြေကြရဲ့လား´ စသဖြင့် ပူပူပင်ပင် မေးတော်မူရှာပါတယ်။ ထောင်ထဲမှာ ဂရုစိုက်ခဲ့တဲ့ အတွက် ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။

ထောင်အကြောင်း ပြန် စဉ်းစားမိလို့ ထင်ပါရဲ့။ ဆရာတော်ကြီးရဲ့ မျက်နှာဟာ ညှိုးနေပါတယ်။


ဆက်ရန်…

Thursday, October 04, 2007

ဆဲဆိုခြင်း=??? ...

အခုတလောမှာ ဘလော့ဂ်တွေမှာ သတိမထားဘဲ မနေနိုင်အောင် တွေ့နေရတာ တခုရှိပါတယ်။

တခြားတော့ မဟုတ်ပါဘူး။ ဟိုဘက်ဒီဘက် အပြန်အလှန် ဆဲကြ၊ ဆိုကြတာတွေပါ။ ဆဲပုံဆဲနည်းတွေကလည်း အမျိုးကို စုံနေတာပါပဲ။ တချို့တွေ ဆဲတတ်ကြပုံများကတော့ အဆဲပါရဂူဘွဲ့တောင် တီထွင် ချီးမြှင့်ချင်စိတ် ပေါက်လာအောင် ဆဲဂုဏ်မြောက်လွန်းကြပါရဲ့။

ဆဲဆိုတယ်ဆိုတာဟာ မကောင်းမှန်းတော့ လူတိုင်း သိကြတာပါပဲ။ ဒါပေမယ့် ဆဲနေတဲ့လူကလဲ ဆဲနေကြတာပါပဲ။

ကျနော် စဉ်းစားကြည့်မိပါတယ်။ ဘယ်တုန်းကမှ မမြင်ဖူး၊ မသိဖူးတဲ့ လူတယောက်ကို ဆဲဆိုချင်စိတ်ပေါက်လာအောင် ဘယ်အရာတွေက တွန်းအားပေးနေသလဲ ဆိုတဲ့ အချက်ကိုပါ။

လူတယောက်က အကြောင်းအရာတခုကို အကျိုးသင့် အကြောင်းသင့် ဃဃနန ဆွေးနွေးတယ်။ ဒါပေမယ့် အဲဒီ ဆွေးနွေးတဲ့ အကြောင်းအရာက ကိုယ်နဲ့ အမြင်မတူတာတွေ ဖြစ်နေတယ်။ သူဆွေးနွေးတဲ့ အချက်အလက်တွေကို လက်မခံချင်ဘူး။ ပြန်လည်ချေပ ဆွေးနွေးဖို့ကျတော့လဲ ဘယ်လိုဘယ်နည်း ထိရောက်အောင် ပြောရမလဲဆိုတာ မသိဘူး။ ခက်တာက အဲဒီလူကို ဆန့်ကျင်တယ်ဆိုတာကိုလည်း တနည်းနည်းနဲ့ ပြချင်နေတယ်။ ဒီတော့ နောက်ဆုံးမှာ ဆဲပစ်လိုက်တယ်။

နောက်တချက် ဆဲရတဲ့ အချက်ကတော့…။ ကိုယ်က ဘယ်လောက်ပဲ အေးအေးဆေးဆေး ငြိမ်းချမ်းစွာနဲ့ ဆန္ဒသဘောထားတွေ ထုတ်ဖော် တောင်းဆိုနေပေမယ့်လည်း တဖက်က ဘာကိုမှ လက်မခံဘူး။ ပြီးတော့ အင်အားကလည်း ထုနဲ့ထည်နဲ့ ကြီးမားနေတယ်။ အဲဒီ ကြီးမားတဲ့ ထုထည်ကြီးကို ဘယ်လိုမှလဲ ဖြိုခွင်းနိုင်တဲ့ အင်အားက မရှိဘူး။ ဒီတော့ စိတ်ကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ ကိုယ့်ကို သူတို့ တခုခု ပြန်မလုပ်နိုင်လောက်တဲ့ နေရာကနေ အဲဒီလူတွေကို ဆဲပစ်လိုက်တယ်။ ဥပမာ အနေနဲ့ကတော့ ဒီမှာ ပါ။

နောက်တချက် ဆဲရတဲ့ အကြောင်းရင်းကတော့ တော်တော်လေး ဆိုးပါတယ်။ တဖက်သားကို နစ်နာသွားရင်ပြီးရော ဆိုပြီး ဆဲတာပါ။ နှမချင်းစာနာတာတွေ ဘာတွေဆိုတာ မရှိပါဘူး။ လိုအပ်ရင် လိုအပ်သလို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အဆဲစကားတွေနဲ့ ပျစ်ပျစ်နှစ်နှစ် ဆဲတာပါ။ ကိုယ်ဆဲလိုက်လို့ တဖက်သားမှာ ဘယ်လောက်တောင် စိတ်ထိခိုက် နာကျင်သွားမလဲ ဆိုတာ ထည့်မတွက်တဲ့ အပြင် အဲဒီလို ဆဲနေရတာ၊ ဆဲပစ်လိုက်တာကိုပဲ ကြံဖန် ဂုဏ်ယူနေတတ်သေးတဲ့ အဆဲသမားမျိုးပါ။

***

ဒီရက်ပိုင်းတွေမှာ အာဏာပိုင်တွေကို လိုလားထောက်ခံတဲ့ စစ်ဘို (လို့ ယူဆရတဲ့ လူတချို့က) သူတို့ကို လာရောက် ဆဲကြဆိုကြတဲ့ လူတွေကို ပြန်လည် ပြစ်တင်ရှုံ့ချရင်း တချိုကလည်း အားကျမခံ ပြန်ဆဲနေကြတာကို တွေ့ရပါတယ်။ တချို့ ယဉ်ကျေးတဲ့ စစ်ဘို (လို့ ယူဆရတဲ့ လူ) တွေကလည်း အဲဒီလို ဆဲတာဆိုတာဟာ မကောင်းကြောင်း၊ အပြန်အလှန် မေတ္တာထားကြတာက ပိုသင့်တော်ကြောင်း စသဖြင့် ဖြောင်းဖြ နားချပါတယ်။

အဲဒါတွေကို တွေ့တော့ တစုံတခုကို ပြန်လည် သတိရမိပြီး `သြော်၊ ဆဲတာဆိုတာက အစ ဘက်လိုက်မှုတွေ ရှိနေပါလား´ လို့ တွေးမိပါတယ်။ စိတ်မကောင်းလဲ ဖြစ်မိပါတယ်။

တကယ်တော့ အဲဒီလို ဘယ်ကမှန်း မသိတဲ့ အမည်မသိတွေရဲ့ အဆဲအဆိုကို အတော် ဆိုးဆိုးဝါးဝါး ခံခဲ့ရတဲ့ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါတွေ အများကြီး ရှိခဲ့ပါတယ်။ ဘယ်အကြောင်းအရာကိုမှ သေသေချာချာ ၀င်ဆွေးနွေးတာ မရှိဘဲနဲ့ တမင်သက်သက် စိတ်အနှောက်အယှက် ဖြစ်အောင် စနစ်တကျ အကွက်ချပြီး ဆဲတာကို ခံခဲ့ကြရတာပါ။ အထူးသဖြင့် အမျိုးသမီးတွေက ပိုခံရပါတယ်။ သာမန်အားဖြင့် အမျိုးသားတွေထက်စာရင် ပိုပြီး စိတ်နူးညံ့တတ်တဲ့၊ ထိခိုက်လွယ်တတ်တဲ့ အမျိုးသမီး ဘလော့ဂါတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မိဘကို ထိခိုက်စော်ကားမှု စတဲ့ စကားလုံးတွေနဲ့ ဆဲဆိုပြီး စိတ်အနှောက်အယှက် ပေးခဲ့ကြတာပါ။

ဥပမာအားဖြင့် ညီမလင်းလက် ဆိုရင် ကျနော် ဘလော့ဂ် စတင်ရေးသားချိန်ကတည်းက သူ့ကို လာလာဆဲကြတဲ့ အမျိုးကောင်းသားတွေရဲ့ ဒဏ်ကို တောက်လျှောက် ခံနေရတာ အခုထက်ထိတိုင်အောင်ပါပဲ။ တခြား ထင်ရှားတဲ့ ဒီမိုကရေစီ လိုလားသူ အမျိုးသမီး ဘလော့ဂါတွေထဲမှာ ဆိုရင်လည်း ဆရာမမေငြိမ်း၊ မသဒ္ဓါ တို့ဟာ အတော်ကို ဆိုးဝါးတဲ့ စကားလုံးတွေနဲ့ ဆဲဆို ပုတ်ခတ်ခြင်း ခံခဲ့ရတာပါ။ မမေဓာဝီဆိုရင်လည်း သူ့မိဘတွေကပါ ဘလော့ဂ်ကို ရပ်နားခိုင်းရတဲ့ အထိ ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။ တခြားသော အမျိုးသမီး ဘလော့ဂါတွေလဲ အဆဲခံကြရတာ မနည်းပါဘူး။ အမျိုးသားတွေလည်း အဆဲခံရတာ ရှိပေမယ့် ထားပါတော့…။

ကျနော် စိတ်မကောင်း ဖြစ်တာက အဲဒီလို အမျိုးသမီးတွေ အဆဲဆို ခံခဲ့ရစဉ်အခါတုန်းက ဖြောင်းဖြ ပြောဆိုပေးခဲ့တဲ့ စစ်ဘို (လို့ ယူဆရသူ) တွေကို မတွေ့ခဲ့ရဘဲ အခု အာဏာပိုင်တွေဘက်က ထောက်ခံသူတွေကို ဆဲဆိုတော့မှပဲ ရွှေပြည်အေးတရား ၀င်ဟောတဲ့ မသိမသာ ဘက်လိုက်မှုကိုပါပဲ။

တကယ်ဆိုရင် ဆဲတယ် ဆိုကတည်းကိုက ကောင်းတာ မဟုတ်ပါဘူး။ တဘက်နဲ့ တဘက် အပြန်အလှန် ဆဲဆိုနေကြလို့လဲ အဖြေကောင်း တခု ထွက်လာစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကို လာဆဲပြီ ဆိုကတည်းကိုက ဘာကြောင့် အဲဒီလူ လာဆဲရလဲဆိုတာကို ကျနော် အပေါ်က တင်ပြခဲ့တဲ့ အချက်တွေနဲ့ ယှဉ်ထိုး စဉ်းစားကြည့်သင့်တယ်လို့ ထင်ပါတယ်။

ဥပမာ ပြောရရင် ကိုယ်က ပို့စ်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို `ဘိုကတော် စုကြည်´ အဲဒီလို ရေးထားရင်တော့ တယောက်မဟုတ် တယောက်က `စစ်ခွေး နအဖ´ လို့ လာဆဲတာကို အသက်သာဆုံး အဆဲအဖြစ် လက်ခံရရှိမှာ သေချာပါတယ်။ အဲဒီလိုပါပဲ ဒီမိုကရေစီ လိုလားသူတွေကလဲ ကိုယ့်ပို့စ်ထဲမှာ `စစ်ခွေး´ လို့ ပြောဆို သုံးနှုန်းရင် ဟိုဘက်ကလည်း အကျိုးသင့် အကြောင်းသင့် လာဆွေးနွေးဖို့ထက် ဆဲဆိုသွားဖို့က ရာခိုင်နှုန်း ပိုများပါတယ်။

ကိုယ်က ဘယ်လောက်ပဲ အေးအေးဆေးဆေး ငြင်ငြင်သာသာ ဆွေးနွေးပါစေ။ လာလာဆဲနေတဲ့ လူတွေကိုတော့ အဖက်မလုပ်ဘဲ နေတာက အသင့်တော်ဆုံးလို့ မြင်ပါတယ်။ စကားလုံးတွေ သိပ်ကို ကြမ်းတမ်းလာရင်၊ မောင်နဲ့နှမ သားနဲ့ အမိ မြင်လို့မှ မတော်တာတွေ လာပြောနေပြီဆိုရင် အဲဒါတွေကို ဖျက်ပစ်တာ၊ အဲဒီလို လာပြောတဲ့ အိုင်ပီကို ပိတ်ပင်ထားတာက ပိုကောင်းမှာပါ။ မခံချင်စိတ်နဲ့ ပြန်ဆဲနေရင်တော့ အဆဲဇာတ်လမ်းက ဆုံးဖွယ်ရာ မရှိပါဘူး။

***

ဆဲတာ ဆိုတာတွေကို မြင်ရတာ များတော့ စိတ်မချမ်းမသာ ဖြစ်ရလွန်းတာနဲ့ ရေးသာ ရေးနေမိတာ၊ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပါပဲ။ ဒီစာကို ဖတ်ပြီးတော့ တယောက်ယောက်က ဆဲချင်စိတ်တွေ ပေါက်လာအုံးမလား မသိနိုင်ပါဘူး။

ရေးမိမှတော့လဲ မတတ်နိုင်ပါဘူး။ ဆဲခါမှ ဆဲပေရော့…။

ဘလော့ဂ် အထွေထွေဝယ်
မပြေလည်တာ များလို့ထင့်
ကြားလို့မှ မတော်
ကော်လှော်ကာ ဆဲကြတယ်
ခက်ပေါ့ ရှက်ဖွယ်…။

ဆဲကြသူမယ်
အပူတကယ် များတာမို့
ဆူလွယ်စိတ် ထားဖယ်လို့ရယ်
ဆွေးနွေးကြမယ်…။

တွေးဆရင်ကွယ်
ဖေးမတာ အဖြေတခုရယ်မို့
ဆဲဆိုတာ ပယ်ဖျောက်ကြပါလို့
ဆွေးဆူစွာ တွေးပူပါလို့
ရေးမိတော့တယ်…။

ကဗျာက အဆင်တော့ မပြေလှပါဘူး။ ဒါပေမယ့် လူတိုင်းလိုလို ကြိမ်မီးအုံး ပူဆွေးသောက ရောက်နေရတဲ့ အခုလို အချိန်မှာ အဆဲအဆိုတွေက တမှောင့် ဖြစ်နေတာကို မြင်နေရတော့ စိတ်မချမ်းမြေ့လှတာကြောင့် ဒီစာကို ရေးမိပါတယ်။

ကလိုစေးထူး

Wednesday, October 03, 2007

အတွေးထဲမှ စို့များ...

မနေ့က ကျနော် `ဆွံ့အခြင်း´ ဆိုတဲ့ ပို့စ်ကို ရေးပြီးတော့ မှတ်ချက်ရေးလာကြတဲ့ စာဖတ်သူများရဲ့ ရင်တွင်းစကားတွေက ၀မ်းနည်းပူဆွေးနေတဲ့ ကျနော့်စိတ်တွေကို တပ်လှန့်ခဲ့ပါတယ်။

`နည်းလမ်းကောင်းတွေ မရှိကြတော့ဘူးလား´

အဲဒီ မေးခွန်းကို ကျနော့်ကိုယ်ကျနော်လဲ အထပ်ထပ်အခါခါ ပြန်မေးနေမိပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်တွေကို အသေအချာ ပြန်စဉ်းစား၊ လက်ရှိဖြစ်နေတာကို သိမှီသလောက် သုံးသပ်ကြည့်ရင်းနဲ့ အတွေးတချို့ ထွက်လာပါတယ်။

***

တကယ်တော့ …။

အခုလို ပက်ပက်စက်စက် လူမဆန်စွာ နှိမ်နင်းခံလိုက်ရတာဟာ ကျနော်တို့အားလုံးက `ဒီလောက်တော့ သူတို့ မလုပ်ဝံ့လောက်ပါဘူး´ လို့ တွေးဆခဲ့မိကြတာက အချက်တချက်ပါပဲ။ ဒီတခါတော့ဖြင့် သူတို့ ရှုံးလောက်ပြီ၊ မြန်မာပြည် အရေးမှာ ဘုန်းဘုန်းတွေက အစ မနေသာတော့ဘူးဆိုပြီး အားလုံးကလည်း အားတက်သရော ဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ ရတနာသုံးပါးမှာ တပါးအပါအ၀င်ဖြစ်တဲ့ သံဃာတော်တွေကိုတော့ `သူတို့ မထိဝံ့လောက်ပါဘူး´ လို့ ကိုယ့်ရဲ့ နူးညံ့တဲ့ စိတ်မျိုးနဲ့ သူတို့ကို ယှဉ်တွေး တွက်ဆခဲ့မိကြပါတယ်။ အဲဒီတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ ပုံစံနဲ့ အခုလို ဗြုန်းစားကြီး အနှိမ်နင်းခံလိုက်ရချိန်မှာ အခုလို ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတွေနဲ့ ကြုံကြိုက်လိုက်ရတော့တာပါပဲ။

အခုဆိုရင် ဆန္ဒပြပွဲတွေဟာ ငြိမ်သက်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ မီးကို ရေနဲ့ ငြိမ်းသတ်လိုက်လို့ ငြိမ်နေတဲ့ အငြိမ်မျိုးတော့ မဟုတ်ပါဘူး။ မီးကျီခဲရဲရဲတွေကို ဖွဲတွေ အများကြီး အုပ်ပစ်လိုက်လို့ အခိုက်အတန့်အားဖြင့် ဘာမီးခိုးမှ မထွက်တော့ဘဲ ငြိမ်းသွားသလို ထင်နေရတဲ့ အငြိမ်ပါ။ ဒီတော့ အဲဒီ မီးကျီခဲတွေ ပြန်အရှိန်ကောင်းလာအောင် ကျနော်တို့ ဘယ်လို နည်းလမ်းတွေနဲ့ အထောက်အပံ့ပြုသင့်ပါသလဲ။

သက်တမ်းရင့် သစ်မြစ်တုံးကြီးကို အစိတ်စိတ်အမြွှာမြွှာ ကွဲအောင် ပေါက်ဆိန်နဲ့ ခွဲဖို့ ခဲယဉ်းလွန်းတော့ စို့တွေနဲ့ ဟိုနေရာမှာ ထုစိုက်လိုက်၊ ဒီနေရမှာ ထု စိုက်လိုက်နဲ့ ခွဲတာကို မြင်ဖူးကြမှာပါ။ တကယ်တော့ လက်ရှိ စစ်တပ်ဟာ အဲဒီလို သစ်မြစ်တုံးကြီးနဲ့ တူပါတယ်။ ကောင်းသော မြဲမြံခြင်း မဟုတ်တဲ့ မြဲမြံခြင်းနဲ့ တော်ရုံပေါက်ဆိန်ကို သူတို့ မတိုးတော့ပါဘူး။ ဒီတော့ ကျနော်တို့က စို့တွေနဲ့ တချက်ခြင်း ထုစိုက်ရပါမယ်။

အဲဒီစို့တွေကို ပြည်တွင်းကလူတွေရော ပြည်ပက လူတွေပါ ထုစိုက်လို့ ရပါတယ်။ မီဒီယာစို့၊ စည်းရုံးသိမ်းသွင်းခြင်းစို့၊ ဖယ်ကျဉ်ပစ်ပယ်ခြင်းစို့ အစရှိတဲ့ စို့တွေဟာ ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ ပြည်ပရောက်ပဲ ဖြစ်ဖြစ် ထုရိုက်ရမယ့်နေရာ မှန်မှန်နဲ့ ဟန်ချက်ညီညီ ထုရိုက်သွားရင် အာဏာရှင် သစ်မြစ်တုံးကြီး ပြိုကွဲမှာပါပဲ။

ပြည်ပမှာဆိုရင် အားလုံး သိကြတဲ့အတိုင်း အနာဂတ်ရဲ့ စစ်ခေါင်းဆောင်လောင်းလေးတွေ ရုရှနိုင်ငံမှာ ပညာတော်သင်နေကြတာ ရှိပါတယ်။ တချို့လည်း ခပ်အေးအေး၊ တချို့ကျတော့ ခပ်ဆူဆူ၊ တချို့ကတော့ ဆင်ခြင်တုံအပြည့်၊ တချို့ကျတော့ မာန်ပြည့်ဟန်ပြည့်၊ တချို့ကတော့ ယဉ်ကျေး၊ တချို့ကျတော့ မယုံနိုင်လောက်အောင် ရိုင်းပျ စသဖြင့် အရောအရော အပြွန်းပြွန်းဖြစ်နေတဲ့ အာဏာသစ်မြစ်ကြီးရဲ့ မဏ္ဍိုင်လေးတွေကို ကျနော်တို့က ပေါက်ဆိန်နဲ့ သွားပေါက်နေလို့ အလုပ်မဖြစ်ပါဘူး။ အထက်က တင်ပြခဲ့တဲ့ စည်းရုံးသိမ်းသွင်းခြင်း စို့နဲ့ ဖယ်ကျဉ်ပစ်ပယ်ခြင်းစို့တွေကို ထိုက်သင့်အားလျော်စွာ အသုံးချပြီး ပြည်သူဘက်ပါအောင် လုပ်ဆောင်သင့်ပါတယ်။

ဘယ်လိုလုပ်ဆောင်မလဲလို့ မေးစရာ ရှိပြန်ပါတယ်။ သူတို့ကို `မင်းတို့တွေ ငါတို့ ပြည်သူတွေဘက်က နေပြီး မင်းတို့ အထက်အရာရှိတွေကို ပြန်တွန်းလှန်ပါကွာ´ လို့ သွားပြောရမယ်လို့ မဆိုလိုပါဘူး။ အဲဒီလိုလဲ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ အဓိက အလုပ်နိုင်ဆုံး အရာက ကျနော်တို့ တိုင်းပြည်အတွက် အဓိက လိုအပ်နေတာက ဘာလဲ၊ ကျနော်တို့ ပြည်သူတွေ တကယ်လိုလားနေတာက လက်ရှိအနေအထားကို မဟုတ်ဘူးဆိုတာကို သူတို့ သိသွားအောင် လုပ်နိုင်ပါတယ်။ ကျနော်တို့ရဲ့ လိုလားခံစားချက်တွေကို နားလည်လာအောင် စည်းရုံးနိုင်ပါတယ်။ ဘာလုပ်သင့်လဲ ဆိုတာကို သူတို့ရဲ့ ကိုယ်ပိုင် အသိတရားက ဆုံးဖြတ်ပါလိမ့်မယ်။

ဘယ်လိုပြောပြော၊ ဘာတွေပဲ စည်းရုံးစည်းရုံး `စစ်တပ်ကိုတော့ လာမထိနဲ့ကွ၊ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ဖြစ်လာတာ၊ မနာလိုမရှိကြနဲ့´ ဆိုတဲ့ စစ်ဘိုတွေအတွက်ကိုတော့ စည်းရုံးသိမ်းသွင်းခြင်း စို့ထက် ဖယ်ကျဉ် ပစ်ပယ်ခြင်း စို့ကိုသာ အသုံးပြုသင့်ပါတယ်။ အရေးကြီးတာက အဲဒီလို စစ်ဘိုတွေ ဒီထက်ပို မများလာဖို့ ကျနော်တို့ ပါးနပ်ရပါလိမ့်မယ်။

ပြည်တွင်းက လူတွေကတော့ လုပ်ဆောင်နိုင်စရာတွေ ပိုများပါတယ်။

တကယ်တော့ စစ်တပ်တခုလုံးက စစ်သားအားလုံးက သူတို့ အထက်အရာရှိတွေကို ကြည်ဖြူနေကြတာတော့ မဟုတ်ပါဘူး။ စစ်ထဲဝင်မိမှတော့ ပေါက်တဲ့ နဖူး မထူးပါဘူးကွာ ဆိုတဲ့ အတွေးတွေနဲ့ ဘ၀ကို အလိုက်သင့်မျောနေရတဲ့ စစ်သားတွေ အများကြီးပါ။ အခုလက်ရှိ စစ်တပ်လုပ်နေတာဟာ တိုင်းပြည်တပြည်လုံး ကောင်းစားဖို့ မဆိုထားနဲ့ `စစ်တပ်ထဲက ရဲဘော်တွေကိုတောင် ကောင်းကောင်း ထားနိုင်တာ မဟုတ်ဘူး´ ဆိုတဲ့အတွေးက စစ်သည် အတော်များများမှာ ရှိနေပြီးသားပါပဲ။ အဲဒီအတွေးတွေ စစ်သည်အားလုံးမှာ ၀င်လာနိုင်ဖို့ကိုလည်း ကျနော်တို့တွေ စို့တွေကို အလျဉ်းသင့်သလို သုံးရပါမယ်။

အခုလို ဘုန်းဘုန်းတွေကိုပါ မချန် ရက်ရက်စက်စက် ဖြိုခွင်းခံရတာမျိုး ကျနော်တို့ နောက်တကြိမ် ထပ်မရင်းနိုင်တော့ပါဘူး။ အဖိုးတန် အာဇာနည်တွေ နှမြောစရာကောင်းလှပါတယ်။ ဒီတော့ ကျနော်တို့ သတိရှိရှိနဲ့ နောက်ထပ် တိုက်ပွဲ တခုကို ထပ်မံ ဖော်ဆောင်ကြရပါမယ်။

အခု တကြိမ်မှာ ကျနော်တို့ဟာ အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို ရပ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့တာဟာလဲ သူတို့ အသာစီး ရသွားတဲ့ အဖြေတခုပါပဲ။ ဒီတော့ နောင်တကြိမ်မှာ သူတို့ရဲ့ ယန္တရားတခုလုံး ရပ်တန့်သွားနိုင်လောက်တဲ့ အထိ ကြိုးစားရပါမယ်။ ဥပမာ လမ်းပေါ်ထွက် ဆန္ဒမပြဘဲ ၀န်ထမ်းအားလုံး အလုပ်မဆင်းဘဲ အိမ်မှာနေပြီး ဆန္ဒပြတဲ့ နည်းလမ်းမျိုးကို ချဉ်းကပ်ကြည့်သင့်ပါတယ်။ အဲဒီ ၀န်ထမ်းတွေ အဲဒီလို ဆန္ဒပြချင်လာအောင်တော့ စို့တွေကို လိမ္မာပါးနပ်လှစွာ သုံးရပါမယ်။

အခုပို့စ်ဟာ ကျနော့်ရဲ့ စဉ်းစားမိချက်တွေကို တခြားလူတွေလဲ ဝေဖန်သုံးသပ်ရင်းနဲ့ ကျနော် စဉ်းစားတာထက် သာလွန်ကောင်းမွန်တဲ့ အဖြေတွေ ထွက်လာဖို့ ရည်ရွယ်ပြီး ရေးပါတယ်။ ဖတ်ရှုမိတဲ့ မိတ်ဆွေအားလုံးရဲ့ စဉ်းစားမိတဲ့ အချက်အလက်တွေကိုလည်း အလေးထား စောင့်မျှော်ပါမယ်။ အားလုံးရဲ့ အမြင်တွေထဲကမှ လက်ရှိ အနေအထားနဲ့ လိုက်လျောညီထွေ အဖြစ်နိုင်ဆုံး အချက်အလက်တွေကို ထုတ်နှုတ်ယူပြီး မိမိနဲ့ နီးစပ်ရာအလိုက် တဆင့်တဆင့် မိမိတတ်နိုင်သလောက် အကောင်အထည်ဖော်ကြမယ်ဆိုရင် ကျနော်တို့ လိုလားနေတဲ့ ပြည်သူ့ဆန္ဒ အစစ်အမှန် ပြည့်ဝလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ဒီနေရာမှာ မလိုလားအပ်တဲ့ အနှောက်အယှက်တွေ ရှိလာနိုင်ပါတယ်၊ အသားလွတ် လာရောက် ဆဲဆိုတာတွေ ပေါ်လာနိုင်ပါတယ်။ အဲဒါတွေကို လစ်လျူရှုပြီး အကောင်းဆုံး အဖြေတခုကို ၀ိုင်းဝန်းစဉ်းစား ပေးကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။

***

ဆရာမ မေငြိမ်းရဲ့ မှတ်ချက်စကားက လစ်ဟာသွားတဲ့ ကျနော့်ရဲ့ အတွေးကွက်လပ်ကို နေရာဖြည့်ပေးခဲ့ပါတယ်။

`ဖြောင်း´ ဆိုတဲ့ အသံဟာ မျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်တဲ့ အသံလို့ ကျမ မထင်ပါ။ မတရားမှုကို သိသိသာသာ ၀န်ခံလိုက်တဲ့ အသံ၊ ပြီးတော့ လူတွေ ငြိမ်ဝပ်နေမှုကို လှုပ်နှိုးလိုက်တဲ့ အသံ

ဟုတ်ပါတယ်။ သူတို့ ရိုက်ချိုးလိုက်တဲ့ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေ တကယ်တော့ မပျက်ကျိုးသွားပါဘူး။ ဘယ်တော့မှလဲ ပျက်ကျိုးမှာ မဟုတ်ပါဘူး။


ကလိုစေးထူး

Tuesday, October 02, 2007

ဆွံ့အခြင်း...

ဝမ်းနည်းမှုတွေ ပြည့်လျှံလာတဲ့အခါ လူဟာ ဆွံ့အသွားတတ်ပါသလား…။

ဟောဒီ `ဗွီဒီယိုမှတ်တမ်း´ ကို ကြည့်ပြီးတော့ ကျနော် တကယ်ကို ဆွံ့အသွားခဲ့ပါတယ်။

ဘာမှပြန်မလုပ်နိုင်တော့တဲ့ လူတွေကို အဲဒီလောက်အထိ ရိုက်နှက်ဖို့ လိုအပ်ပါသလားဗျာ။ စစ်သုံ့ပန်းတွေကိုတောင် အဲဒီလို မလုပ်သင့်တဲ့ အနေအထားမှာ အခုတော့ တကယ့် ငြိုးသူရန်ဖက်တွေအလား တကိုယ်လုံးမှာ ရှိသမျှအားအင်နဲ့ ရိုက်နှက်ကန်ကျောက်တဲ့ မြင်ကွင်းကို ကြည့်ပြီးတော့ ကျနော် မျက်ရည်ပေါက်ပေါက် ကျတဲ့ အထိ ၀မ်းနည်းမိပါတယ်။

နအဖ ဒီလောက် မရက်စက်ဘူး ဆိုတဲ့ လူတွေကို ကျနော် မေးပါရစေ။

အခုလောက် ရိုက်တာကရော ရက်စက်တယ်လို့ မသတ်မှတ်နိုင်သေးဘူးလား။ ဒါဟာ ပိတ်ပင်ကန့်သတ်မှုတွေ ကြားထဲက ထွက်ပေါ်လာတဲ့ ရှားပါးလှစွာသော ဗွီဒီယိုမှတ်တမ်း တခုမျှသာ ဖြစ်ပါသေးတယ်။ ကျနော်တို့ မသိလိုက်တဲ့ မတွေ့လိုက်ရတဲ့ ရက်စက်မှုတွေ ဘယ်လောက်တောင် ရှိနေသေးလဲဆိုတာ အခု ဗွီဒီယိုကို ကြည့်နေတာနဲ့တင် ဆက်မတွေးရဲလောက်အောင်ပါပဲ။

ဝမ်းနည်းတယ်လို့ ပြောဖို့ကို မ၀ံ့ရဲတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်ထဲမှာ ပေးဆပ်နေရသူတွေ ခံစားနေရတာက ကျနော် ပြောလိုက်တဲ့ ၀မ်းနည်းတယ်ဆိုတာထက် အများကြီး ပိုတယ်။ ဒါပေမယ့် ကျနော် အရမ်း ၀မ်းနည်းတယ်။

အာဏာပိုင်တွေကို `မကောင်းဘူး´ ဆိုတဲ့ စကားထက် သူတို့လုပ်နေတာတွေ ပိုပေါ်လွင်အောင် ဘယ်လိုပြောရမလဲ။ ကျနော် စကားလုံး ရှာမရတော့ဘူး။ သူတို့ရဲ့ ယုတ်မာမှုတွေအတွက် ပေါ်လွင်ထင်ရှားတဲ့ စကားလုံး ကျနော် ရှာမရတော့ဘူး။ စကားလုံးတွေက သူတို့ရဲ့ တကယ့်တကယ်တမ်း ယုတ်မာမှုတွေကို ဘယ်လိုမှ လိုက်လို့ မမှီနိုင်တော့ဘူး။ ဒါပေမယ့် သူတို့ အရမ်းကို ယုတ်မာလွန်းနေပြီ။

ကျနော် တကယ်ကို ဆွံ့အသွားခဲ့ပါတယ်။

တကယ်တော့…။

အဲဒီ စစ်သားက ထိုင်နေတဲ့ လူငယ်ကို `ဖြောင်း´ ခနဲ ရိုက်လိုက်တဲ့ အသံဟာ ကျနော်တို့ မျှော်လင့်ချက်တွေကို ရိုက်ချိုး ချေမွလိုက်တဲ့ အသံလို့ ကျနော် ခံစားလိုက်ရတယ်။ ဟုတ်တယ်။ ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေ၊ လိုလားချက်တွေကို အာဏာပိုင်တွေက `ဖြောင်း´ ခနဲ ရိုက်ချိုးပစ်လိုက်တာ…။

ကလိုစေးထူး

Sunday, September 30, 2007

ရင်ထဲရှိတာ...

ကိုပုရဲ့ မက်ဆေ့ကြောင့် သူ့ဘလော့ဂ်မှာ တင်ထားတဲ့ ကိုဝင်းမင်းနဲ့ ဒီဗွီဘီရဲ့ ဆက်သွယ်မေးမြန်းခန်းနဲ့ အတူ စိတ်ထိန်းနိုင်မှု ကုန်ခန်းခြင်းနဲ့ အတူ ရှိုက်ကြီးတငင် ငိုသံပါနဲ့ တပ်မတော်အပေါ် တိုးလျှိုးတောင်းပန်သွားတဲ့ အသံကိုပါ ရင်နင့်ဖွယ်ရာ နားထောင်လိုက်ရပါတယ်။

ဒီရက်ပိုင်းတွေမှာ လူစိတ်ရှိတဲ့ မြန်မာဘလော့ဂါတွေ အားလုံးရဲ့ ဘလော့ဂ်မှန်သမျှမှာ သာသနာတော်ကို ဖျက်ဆီးခံရတဲ့အတွက် ၀မ်းနည်းခြင်း၊ ပြည်သူတွေ သတ်ဖြတ်ခံရတာအတွက် ထိခိုက်နာကျင်ခြင်း အစရှိတဲ့ ပို့စ်တွေကိုသာ တင်ကြတာ တွေ့ရပါတယ်။ တချို့လည်း လက်ရှိအခြေအနေကို စိုးရိမ်သောကကြီးစွာ၊ စိတ်ဆင်းရဲစွာ၊ ခံပြင်းနာကျင်စွာနဲ့ ဘာစာမှ မရေးနိုင်ကြပါဘူး။

အထက်မှာ တင်ပြခဲ့တဲ့ လူစိတ်ရှိတဲ့ မြန်မာဘလော့ဂါတွေ အပါအ၀င် ပြည်သူတွေက အဲဒီလို ခံစားနေရသလောက် တဘက်မှာလည်း အဲဒီ ခံစားချက်တွေကို ယိမ်းယိုင်သွားအောင်၊ တန့်သွားအောင် အရင်ပုံစံအတိုင်း တဖက်လှည့်နဲ့ (ဆန္ဒပြသူတွေကို ထောက်ခံသလိုလိုနဲ့) လုပ်မြဲလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း စိတ်ပျက်လှစွာ တွေ့နေရပြန်ပါတယ်။

`ဆန္ဒပြပွဲ ကျဆုံးတော့မယ်´ တဲ့…။

ရုပ်ပိုင်းဆိုင်ရာ အနေအထားအရ လူထုဆန္ဒပြပွဲတွေ အရင်ရက်တွေထက်စာရင် တန့်သွားတာကို ကြည့်ပြီး အဲဒီလို သုံးသပ်လေရော့သလား မသိနိုင်ပေမယ့် လူတွေရဲ့ စိတ်ထဲမှာ စစ်တပ်ကို နာကျည်းမုန်းတီးသွားတဲ့ စိတ်ဓာတ်တွေ၊ သာသနာကို စော်ကားတဲ့ အာဏာပိုင်ကို မလိုလားတဲ့ စိတ်တွေက ဘယ်သောအခါမှ ကျဆုံးသွားတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုတော့ ထည့်မပြောတာကတော့ တက်ကြွနေတဲ့ လူတွေရဲ့ စိတ်ကို တွေဝေသွားအောင် လုပ်ခြင်း တမျိုးပဲလို့ မြင်ပါတယ်။

`အစိုးရ တခုအနေနဲ့ နအဖ လုပ်ရပ်က ရက်စက်တယ်လို့ မသတ်မှတ်နိုင်သေးဘူး လို့ ထင်ပါတယ်´ တဲ့…။

ဘယ်လောက်များ ကိုယ်ချင်းစာတရား ကင်းလိုက်ပါတဲ့ မှတ်ချက်ပါလဲ။ ရက်စက်တယ်လို့ သတ်မှတ်ခံနိုင်လောက်တဲ့ အဆင့်ထိရောက်အောင် သံဃာ ဘယ်နှစ်ပါး၊ ပြည်သူ ဘယ်နှစ်ယောက်က သေပြရပါမလဲ။ လူကိုးယောက် (ဒါဟာ နအဖက တရားဝင်ထုတ်ပြန်တဲ့ စာရင်းတခုပါ၊ ဒီ့ထက်ပိုကောင်းလဲ ပိုပါလိ့မ်မယ်) သေတာက နည်းပါသေးတယ်။ ဒီမိုကရေစီ နိုင်ငံတချို့မှာဆိုရင် ဘယ်လောက်တောင်သေတာ၊ ဒီတော့ အဲဒီနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ဒီအစိုးရက တော်သေးတာပေါ့ဆိုပြီး သူများနိုင်ငံနဲ့ သွားသွားပြီး ယှဉ်တွေး အကဲဖြတ်တာဟာ တော်တော်အံ့သြစရာကောင်းတဲ့ ကိုယ်ချင်းစာတရား ကင်းမဲ့မှုရှိသော၊ အာဏာပိုင်တွေကို တဖက်လှည့်နဲ့ အကာအကွယ်ပေးနေသော မှတ်ချက်ပါပဲ။

နောက်တခု…။

အရင့်အရင်ကတော့ ထစ်ခနဲရှိရင် လူတွေအားလုံးက သတင်းဌာနတွေကိုပဲ အားကိုးရပါတယ်။ သတင်းအချက်အလက်တွေ ရဖို့အတွက်၊ တနည်းအားဖြင့် သတင်းမှန်ကို သိရဖို့အတွက် ပြည်တွင်းရော ပြည်ပသတင်းဌာနတွေကိုရော နှစ်ဖက်လုံးက ပြောသမျှကို ဖတ်ရှု နားဆင်ရပါတယ်။ ဒီတော့ အာဏာပိုင်တွေနဲ့ သူတို့ကို လိုလားသူတွေက ပြည်ပသတင်းဌာနတွေကို ကောင်းကောင်းကြီး ပုတ်ခတ်နိုင်ပါတယ်။ `ဘယ်နိုင်ငံရဲ့ အထောက်အပံ့ကို ယူပြီး မြန်မာပြည်သူတွေကို ဘယ်လို သွေးခွဲနေပါတယ်´ ဆိုတာမျိုး၊ `ချဲ့ကားပြောတာပါ´ ဆိုတာမျိုး၊ နောက်ဆုံး သတင်းဌာနတွေဟာ မြန်မာပြည်သူတွေကြားကို သွေးခွဲနေတာလို့တောင် စွပ်စွဲပြောဆိုတာတွေ တွေ့ခဲ့ရဖူးပါတယ်။

ဒါပေမယ့် အခုလက်ရှိအခြေအနေမှာ အရင်ကနဲ့ လုံးဝ မတူတော့တဲ့ အချက်ကတော့ အာဏာပိုင်တွေက ဖုံးကွယ်ထားတဲ့ သတင်းအချက်အလက် အမှန်တွေကို သတင်းဌာနတွေထက် လက်ဦးပြီး အချိန်နဲ့ တပြေးညီတင်ပြနေတာကတော့ ပြည်သူတွေထဲက ပြည်သူတွေ ဖြစ်တဲ့ မြန်မာဘလော့ဂါတွေပါပဲ။ ပြီးတော့ အဲဒီ ဘလော့ဂါတွေကို သတင်းအချက်အလက်တွေ ကူညီပေးပို့နေတဲ့ မြန်မာပြည်ထဲက ပြည်သူများရဲ့ စိတ်ဓာတ်ကိုလည်း လေးစားမှတ်တမ်းတင်ရပါတယ်။ ဘာအခွင့်အရေးမှ မရ၊ အချိန်မရွေး ဖမ်းဆီးနှိပ်စက်ခံရနိုင်တဲ့ အန္တရာယ်ကြားကနေ မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိအောင် ကြိုးစားကြတဲ့ လူတွေဟာ `အာဏာလုချင်လို့´ မဟုတ်တာတော့ သေချာပါတယ်။

ဆန္ဒပြနေတဲ့လူတွေဟာ ဒီမိုကရေစီ လိုချင်လို့ မဟုတ်ဘူး။ စားဝတ်နေရေးကျပ်တည်းလို့သာ ဆန္ဒပြတာ ဖြစ်တယ်လို့ ပြောတာကိုလဲ တွေ့လိုက်မိပါတယ်။ စားဝတ်နေရေး ကျပ်တည်းတဲ့အတွက် ဒါကို ဖြေရှင်းပေးဖို့ အစိုးရကို ငြိမ်းချမ်းစွာတောင်းဆိုတာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေထဲက တခုဖြစ်တဲ့အတွက် အဲဒီလို တင်ပြခွင့်၊ တောင်းဆိုခွင့် ရှိတယ်လို့ ယုံကြည်လို့ ပြည်သူတွေ အခုလိုမျိုး အသက်အသေခံပြီး လမ်းပေါ်ထွက် ဆန္ဒပြတာဟာ ဒီမိုကရေစီ လိုချင်တာ မဟုတ်ဘူးလို့ ပြောလို့ မရပါဘူး။ အခုလက်ရှိ ကျနော့်စီဘောက်စ်အပေါ်မှာ တင်ထားတဲ့ ရုပ်သံမှတ်တမ်းထဲမှာ ‘We want democracy’ လို့ သတင်းထောက်ကို ပြောသွားတဲ့ ပြည်သူကရော ဘယ်သူ့တိုက်တွန်းချက်ကြောင့် အဲဒီစကားကို ပြောလိုက်တယ် ထင်ပါသလဲ။ အာဏာရှင်စနစ်ကို မုန်းတီးနာကျည်းမှုနဲ့အတူ ရင်ထဲမှာ နှစ်ပေါင်းရှည်ကြာ မျိုသိပ်ထားရတဲ့ ပြည်သူတွေရဲ့ ခံစားချက်ကို အဲဒီရုပ်သံမှာ ထင်ဟပ်နေတဲ့ မျက်နှာသွင်ပြင်တွေက ဖော်ပြနေတာကို အသေအချာ သတိထားမိရင် တွေ့နိုင်ပါလိမ့်မယ်။

အခုအချိန်မှာ လူတော်တော်များများရဲ့ ဖြစ်ချင်မှု ဆန္ဒတခုကတော့ `စစ်တပ်ကို ပြည်သူနဲ့ ပူးပေါင်းလာစေချင်တဲ့ ဆန္ဒ´ ပါပဲ။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ `တပ်မ ၃၃ က ဘုန်းကြီးတွေကို ထိုင်ကန်တော့တောင်းပန်တယ်´ `ဗိုလ်ချုပ်ကြီး မောင်အေးက ပစ်မိန့်မပေးဘူး´ အစရှိတဲ့ သတင်းတွေရဲ့ အကြားနဲ့တင် အဲဒီ တပ်မတော်သားတွေအပေါ် မေတ္တာတွေပို့ကြတဲ့ ပြည်သူတွေရဲ့ စိတ်ထားက အင်မတန် ချစ်စရာကောင်းပါတယ်။ တကယ်သာ ပူးပေါင်းလာကြရင် ဘယ်လောက်တောင် နွေးထွေးစွာ ကြိုဆိုကြမလဲ…။

အတန်ငယ် အားရစရာကောင်းတဲ့ အချက်တခုကတော့ အွန်လိုင်းပေါ်က စစ်သားတချို့ သဘောထားအမြင်တွေ ပြောင်းလာဟန် ရှိတာပါ။ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ လိုလားချက်တွေကို နားလည်သူ တပ်မတော်သားတွေ ရှိနေပြီဆိုတာကို ဒီပို့စ်က သက်သေခံနေပါတယ်။ `ပြည်သူ့ စစ်သား´ ဆိုတဲ့ စကားရပ် ဒီထက်ပို ရုပ်လုံးပေါ်ဖို့အတွက်တော့ ကျနော်တို့ ပါးနပ်လိမ္မာစွာ စည်းရုံးဖို့ ပိုလိုအပ်နေပါသေးတယ်။

`ပြည်ပက သွေးထိုးမှုတွေကြောင့် အခုလို ဖြစ်ရတယ်´ ဆိုတဲ့ စကားအသုံးကို တွေ့လိုက်တိုင်း ကျနော် အင်မတန် သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာလောကကို အပိုင်စီးထားတဲ့ အာဏာပိုင်တွေက သူတို့ ပြောစကားထက် ပြည်ပက လူတွေပြောစကားကို လူထုက ပိုယုံတယ်ဆိုတာကို အဲဒီလို တကြိမ်ပြောတိုင်း တခါ ၀န်ခံနေသလို ဖြစ်လို့ပါပဲ။ ဘာဖြစ်လို့ လူထုက သူတို့စကားကို မယုံရတာလဲဆိုတာကတော့ မေးခွန်းထုတ်စရာတောင် မလိုတော့ပါဘူး။

ညနေကျရင် ကျနော်တို့ မြို့က မြန်မာတွေစုပေါင်းပြီး ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအတွက် ဆန္ဒပြပွဲတခု လုပ်ကြပါမယ်။ မြန်မာ့အရေးကို ဒီနိုင်ငံက လူတွေ ပိုသတိထားမိလာစေဖို့နဲ့၊ မြန်မာပြည်ထဲမှာ လက်ရှိ ဖြစ်နေတာတွေအတွက် ပြည်သူတွေရဲ့ ဆန္ဒနဲ့ ထပ်တူ ရှိနေတယ်ဆိုတာကို ပြသဖို့ ရည်ရွယ်ချက်နဲ့ လုပ်ကြပါမယ်။ ကျနော်တို့ရဲ့ မေတ္တာအဟုန်က တစိတ်တဒေသလေးပဲဖြစ်ဖြစ် အကျိုးသက်ရောက်သွားမယ်ဆိုရင်ပဲ အဲဒီ ဆန္ဒပြပွဲကို လုပ်ရကျိုးနပ်တယ်လို့ ယုံကြည်ပါတယ်။


ကလိုစေးထူး


Wednesday, September 26, 2007

သစ္စာ...



တို့ရွှေဌာနာ ပြည်မြန်မာဝယ်
အုပ်ချုပ်ချယ်လှယ် ဆိုးချက်ရယ်ကြောင့်
သံဃာများပြား ဘုရားသားကား
မြို့ရွာအနှံ့ စကြာဖြန့်လျက်
မေတ္တာပေးဝေ တောင်းဆုခြွေ၏…။


မိုးရေသွန်းရွှဲ ချမ်းရှာလွန်းလဲ
လှမ်းမြဲခြေလှမ်း မေတ္တာလွှမ်းကြောင့်
ဒကာကျောင်းသား တွဲလက်များမှာ
ချိတ်ဆက်ကာသာ ၀န်းရံကာ၏…။


မျက်ရည်ရွှဲစို အမယ်အိုလည်း
လက်အုပ်ချီကာ ဖူးမျှော်ရှာ၏
သူ့မျက်နှာထက် ခံစားချက်ကား
ပြည့်မျှော်လင့်ချက် တိုင်းပြည်တွက်တည့်…။


စစ်မြေပြင်နှယ် ပြင်ဆင်ရွယ်လျက်
ပစ်တော့မည့်လား ပြည့်စစ်သားကား
မဲ့စွာနှလုံး အပြုံးကွယ်လျက်
အမုန်းဖက်ကာ လက်နက်ကိုင်စွဲ
အားမာန်ခဲ၏…။



ပြည်သူ့ရင်ဖွား ရဲသားများလည်း
လူဆိုးမဖမ်း မိုက်မှောင်လွှမ်းလျက်
အတ္တအာဏာ ခိုင်းသည့်ဟာကြောင့်
အပါယ်မြန်းရာ လှမ်းမြန်စွာ၏…။



ရွှေပွင့်ဖျတ်မြူး ထိုတပ်မှူးလည်း
ဟိုဒီဆက်သွယ် အမိန့်လှယ်လျက်
တပ်သားအများ သူ့ငယ်သားအား
ညွှန်ကြားမပျက် အရှက်မဲ့၏…။





ဘုရားကားအောက် မျောက်များအထက်
ရှက်လိုက်ပါဘိ…။
ဒိဋ္ဌိအလား
သဘောက်များကား မတုန်မလှုပ်
ကျောက်ရုပ်များလား ထင်မှတ်မှားကာ
ကန်တော့သူများ ဘုရားသားအား
ရိုက်ပုတ်ကန်ကျောက် မိုက်ဂုဏ်မောက်၏…။



မေတ္တာအတွက် ထိုသွေးစက်ကား
တို့တိုင်းပြည်တွက် သက်သေချက်တည့်
အို… ကမ္ဘာမြေ၊ ကမ္ဘာမြေဟု
ကြွေးဟစ်ခေါ်ကာ သက်သေတိုင်အံ့
လူကိုလူချင်း နှိပ်စက်ခြင်း
ကင်းရှင်းကြစေသား…။
မေတ္တာအစွမ်း ကမ္ဘာလွှမ်း
ငြိမ်းအေးကြစေသား…။
မိစ္ဆာအများ အပယ်လား
သစ္စာစူးစေသား…။


ကလိုစေးထူး


Tuesday, September 25, 2007

ချိန်တန်ပြီ...

`အဲဒီတုန်းကများကွာ၊ ငါ့ရှေ့မှာ ရှိတဲ့ လူအုပ်ကြီးက လက်ညှိုးနဲ့ လူတယောက်ကို တချက်နှုန်းပဲ တို့သွားကြအုံး၊ ငါတို့ သေသွားလောက်တယ်၊ တချို့ကလည်း ငိုသံပါကြီးနဲ့ ငါတို့ကို အော်ပြောတယ် `ကျနော်တို့မှာ ဖောင်တိန်တွေ၊ ဘောလ်ပင်တွေပဲ ပါတယ်၊ အကိုတို့က သေနတ်ကြီးတွေနဲ့ ပစ်ရက်ရင်လဲ ပစ်ကြပါဗျာ´ တဲ့၊ အင်းစိန်လမ်းနဲ့ ပြည်လမ်းတလျှောက် ဆိုတာ လူတွေကို ဖွေးနေတာပဲ´

၁၉၉၉ ခုနှစ်၊ ဘားအံမြို့ရဲ့ ညတည…။ လူတယောက်က သူတွေ့ကြုံခဲ့ရတဲ့ ၁၉၉၆ ခုနှစ်၊ ကျောင်းသား အရေးအခင်းရဲ့ မြင်ကွင်း တစိတ်တဒေသကို ပြောပြခဲ့စဉ်ကပါ…။ တိတ်ဆိတ်နေတဲ့ ညချမ်းအောက်က လက်ဖက်ရည်ဆိုင်တခုရဲ့ အမှောင်ရိပ်ထဲက ကျနော်တို့ကို ခပ်လှမ်းလှမ်းက ကောလိပ်ကျောင်းတော်ကြီးက စိုးရိမ်မကင်းတဲ့ဟန်နဲ့ လှမ်းမျှော်ကြည့်နေခဲ့ဖူးတယ်။

`ငါတို့ တပ်က လှည်းတန်းလမ်းက အထက်တန်းကျောင်း တခုမှာ နေရတယ်။ ညဘက်တွေဆိုရင် ဆယ်ယောက်တစု နဲ့ ရပ်ကွက်ထဲ လှည့်ကင်းထွက်ရသေးတယ်။ လှည့်ကင်းတွေထွက်တိုင်း သံခမောက်တွေ ဆောင်းရတယ်။ အထပ်မြင့် တိုက်တွေပေါ်ကနေ ခွေးခြေခုံတွေနဲ့ ခဏခဏ ပစ်ချ ခံရလို့လေ´

ဘေးဘီကို ငဲ့ကြည့်လိုက် မြိုသိပ်ထားရတာတွေကို ဖွင့်ချလိုက်နဲ့ ပြောပြခဲ့တဲ့ အဲဒီသူငယ်ချင်းက ပြောနေရင်းနဲ့ တချက် နားလိုက်ပါတယ်။ အားလုံးကလည်း သူ့စကားသံကိုပဲ နားစွင့်လို့ပေါ့…

`တညမှာတော့ကွာ၊ လှည်းတန်း ဘူတာနားက မီးရထားခုံးကျော် တံတားနားမှာ ငါက ကင်းကျတယ်၊ အဲဒီအချိန်မှာ ဒိုင်နာကားတွေ ငါ့နားက တစီးပြီး တစီး ဖြတ်သွားတယ်။ ကားပေါ်မှာ ငါနဲ့ ရွယ်တူတွေ အများကြီး ပါသွားတယ်။ ကျောင်းသားတွေကို နေရပ် ပြန်ပို့တာတဲ့…။ အဲဒီကားတွေပေါ်က တချက်တချက်မှာ ဘောလ်ပင်လေးတွေ အဲဒီ ကားတွေပေါ်က ပစ်ချသွားကြတယ်။ မနက်ကျတော့ ပိတ်ထားတဲ့ လမ်းဝတွေမှာ ငါတို့ အလှည့်ကျ ကင်းစောင့်ရတယ်။ နံပါတ်တုတ် တဖက်၊ သေနတ်တဖက်နဲ့ ငါ့ကို လူတိုင်းလိုလိုက မြွှေတကောင်ကို ကြည့်သလို ကြည့်ပြီး ဖြတ်သွားကြတာကို င့ါမျက်စိထဲက မထွက်ဘူး´

ပြောနေရင်းနဲ့ သူ့အသံက တုန်ယင်လာသလိုလို…။

`လှည်းတန်းဈေးနားမှာ ညတည ငါတို့ ကင်းသွားစောင့်ရတော့ အဲဒီနားက အိမ်တအိမ်က ငါတို့အတွက် လက်ဖက်ရည်နဲ့ အီကြာကွေးတွေ လာပို့တယ်။ အားလုံးလိုလိုပါပဲ၊ ရုတ်တရက်တော့ မစားရဲကြဘူးကွ။ ဆေးတခုခုများ ခပ်ထားမလားပေါ့။ လာပို့တဲ့ အဒေါ်ကြီးက `မင်းတို့ကြည့်ရတာ ပင်ပန်းနေပုံရတယ်၊ စိတ်သန့်သန့်နဲ့သာ စားကြပါ´ လို့ ပြောတော့ ငါ့စိတ်ထဲ နင့်သွားတာပဲ´

အဲဒီညက စကားဝိုင်းမှာ ငါးမျှားချိတ် အစူးခံနေရတာနဲ့ တူတဲ့ ခံစားချက်တွေနဲ့ လူတယောက်ရဲ့ ရင်ထဲက ဖွင့်အံချက်တွေကို ကျနော်တို့ နားလည် ဆိတ်ငြိမ်စွာ ခံစားကြားခဲ့ရဖူးတယ်။

***

`အေးကွ၊ ဟိုတနေ့က မိုးတွေ အရမ်းရွာတဲ့နေ့က ငါကိုယ်ချင်းစာမိတယ်´

လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက အွန်လိုင်းပေါ်မှာ သိကျွမ်းခဲ့ရတဲ့ ကျနော်နဲ့ ဆန့်ကျင်ဘက် ပြဒါးတလမ်း သံတလမ်း သူငယ်ချင်း တယောက်ရဲ့ အဲဒီစကား…

`ငါ ပထမ သမိုင်းလမ်းဆုံကို သွားမလို့ ပဲခူးကလပ်ကနေ ကားစောင့်တာ ညနေကြီး။ ထီးပါတယ်။ ကားတွေက မလာဘူးကွာ၊ လာတဲ့ ကားတိုင်းကလည်း မရတော့ဘူး ဆိုတာချည်းပဲ။ ဒါနဲ့ ၄၈ မီနီဘတ်စ်လေး အပေါက်က တွယ်လိုက်တာ တကိုယ်လုံး မိုးပက်လို့ စိုကုန်ရော။ နှစ်မှတ်တိုင်ပေါ့၊ မြေနီကုန်းအထိ ဆိုတော့။ ငါ မြေနီကုန်းလဲ ရောက်ရော ဘယ်လိုမှ မခံနိုင်တော့ဘူး။ လေကတိုက်တာ စိမ့်ပြီး အေးနေတာပဲ။ ပြန်လာဖို့ကျလဲ အပြန်ကားက မရှိပြန်ဘူး။ ဒါနဲ့ တီးဆိုင် ၀င်ထိုင်တာ လေကွယ်တဲ့ နေရာ ပြောင်းထိုင်ပြီး ရေနွေးကြမ်း ငါးခွက်လောက်ကို မမှုတ်ဘဲ သောက်လိုက်ရတယ်။ အဲဒါ ငါစဉ်းစားမိတယ်။ အပြန်ကျတော့ ဘုန်းကြီးတချို့ လမ်းမှာတွေ့တယ်။ သေချာတယ် ဝေးတဲ့ ဘုန်းကြီးဆို ဖျားမှာပဲ။ ကားတွေက မရှိဘူးကွ။ ဘာအကြောင်းကြောင့်မှ မရှိတာ မဟုတ်ဘူး။ လမ်းတွေရေကျော်နေလို့ ကားတွေပြတ်ပြီး ခရီးသည်တွေ ပုံသွားတာ။ ငါ ရန်ကုန်ရောက်တာ ဒီလောက် မိုးများတာ မတွေ့ဖူးဘူး´

ကျနော်က စကားတခွန်း ၀င်ထောက်လိုက်တယ်…

`အဲဒီနေ့ ဘုန်းဘုန်းတွေ သိပ်ပင်ပန်းမှာပဲ´

သူက…

`အင်း၊ ဖျားဖို့များတယ်။ ငါထင်တာတော့…။ တော်တော်ကြီးအေးတာကွ။ မိုးလဲ ရွာပြီးရော`

ဆို့နင့်လာတဲ့ ၀မ်းနည်းစိတ်နဲ့အတူ အဝေးက ဘုန်းဘုန်းတို့ကို စိတ်ထဲကနေ လက်စုံမိုးလို့ ရှိခိုးမိရင်း ကြည်ညိုစိတ်တွေ တဖွားဖွား ဖြစ်လာမိတယ်။ သူ့ကိုလည်း…

`မင်းကွာ၊ တကယ်တမ်း အရေးကြုံလာရင်တော့ ဘုန်းဘုန်းတွေကို ၀င်ရိုက်တဲ့အထဲတော့ ၀င်မပါပါနဲ့ကွာ´

သူက…

`မပူပါနဲ့ကွာ၊ လုပ်မှာ မဟုတ်ပါဘူး။ အဲလို အကြမ်းပတမ်းနည်းတော့…´

သူက အဲလို ပြောခဲ့ပေမယ့် ကျနော်ကတော့ အပြည့်အ၀ စိတ်မအေးနိုင်ခဲ့ပါဘူး။

***

ကျနော် တွေ့ကြုံသိကျွမ်းခဲ့ရတဲ့ သူတို့…။ အများက မုန်းတဲ့ စစ်တပ်ထဲကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွား၊ အဲဒီအဖွဲ့ ယူနီဖောင်းကို ၀တ်ဆင်ထားပြီး အထက်က ခိုင်းသမျှ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ `အမိန့်နာခံတတ်မှု´ ဆိုတဲ့ အချက်ကြောင့် တသွေမတိမ်း လိုက်နာရရှာတဲ့ သူတို့…။ စစ်တပ်ရဲ့ တည်ကြည် ဖြောင့်မတ်မှုကို လူတစုက ကိုယ်ကျိုးအတွက် အသုံးချနေရာမှာ ဓားစာခံ ဖြစ်နေကြရတဲ့ သူတို့…။ သူတို့အားလုံးရဲ့ ရင်ထဲမှာ ရက်စက်တတ်တဲ့ နှလုံးသားတွေချည်းပဲ ရှိကြတာ မဟုတ်တာကတော့ အထက်ပါ ရင်ဖွင့်စကားတွေက သက်သေခံနေခဲ့ပါတယ်။

`ငါ့သားများ စစ်ထဲဝင်ရင်လေ၊ သူ့ကို ပြောလိုက်စမ်းပါကွာ။ စစ်တပ်ဆိုတာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့´

စစ်တပ်ထဲကို ၀င်ကြသူတိုင်း အဲဒီ စစ်သည်တော်ဟောင်းကြီးရဲ့ စကားကို သိကြပါသတဲ့။ ဘယ်ခေတ်ဘယ်အခါက အဲဒီစကားကို ပြောခဲ့တယ်ဆိုတာ မသိရပေမယ့် အဲဒီ စစ်သည်တော်ဟောင်းကြီးရဲ့ အဲဒီအချိန်က သူဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်တပ်အပေါ် အမြင်က နောင်လာနောင်သား စစ်သည်တွေအတွက် အတုယူဖွယ် စကားအဖြစ် မော်ကွန်းတွင်ခဲ့ဟန် ရှိပါတယ်။ အဲဒီလို ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်တဲ့ စစ်တပ်ကို လူတစုက ကိုယ်ကျိုးအတွက် အသုံးချလိုက်တော့ အခုတော့လဲ စစ်တပ်ဆိုတာ ပြည်သူနဲ့ တခြားစီဖြစ်လို့ …။

ကိုယ်ကျိုးရှာ လူတစုကြောင့် စစ်တပ်ကို လူတွေက မုန်းနေကြပေမယ့် တကယ်တော့ အောက်ခြေအဆင့် စစ်သားတွေမှာ သူတို့အထက်က လူကြီးတွေ ခိုင်းတာ လုပ်ရုံမှတပါး အခြားမရှိ ဖြစ်နေပြီး လူထုရဲ့ အမုန်းကို တိုက်ရိုက်ခံနေရတာလည်း သူတို့ပဲ ဖြစ်နေတာပါ။ သူတို့ကို လိုရာခိုင်းနေတဲ့ အထက်လူကြီးတွေကတော့ ဘေးရန်ကင်းရှင်းစွာနဲ့ပဲ စစ်တပ်ကို သူတို့ရဲ့ အသုံးချစရာ လက်ကိုင်ဒုတ် သဖွယ် လုပ်ချင်ရာလုပ်ပြီး ပျော်ပျော်ကြီး စံစား ခံစားနေကြတာပါ။

အဲဒီ အောက်ခြေက ပြည်သူ့ရင်သွေး စစ်သည်တော်တွေက ပြည်သူတွေ လက်ရှိ ဖြစ်ပေါ် ခံစားနေရတဲ့ ဆိုးကျိုးဒုက္ခတွေကို စာနာနားလည်ပြီး ပြည်သူနဲ့ အတူ ပူးပေါင်းလာနိုင်ခြေ မရှိလောက်ဘူးလား လို့ ကျနော် မေးခွန်းတွေ အပြန်ပြန် အလှန်လှန် ထုတ်နေခဲ့မိပါတယ်။

***

`ဒိုင်နာကားတွေ တစီးပြီး တစီး ဖြတ်သွားပြီးတော့ ကားတွေလည်း ကုန်ရော၊ လမ်းမတ၀ိုက်မှာ ငါတို့ပဲ ကျန်ခဲ့တာပေါ။ ငါ့စိတ်ထဲမှာ သူတို့ကို ပြောနေမိတယ်။ ငါလဲ ကျောင်းသား တယောက်ပါပဲကွာ လို့´

ကောလိပ်ကျောင်းတော်ကြီးကတော့ သွေးခွဲခံရတဲ့ သူ့ရဲ့ ရောင်စုံ ကျောင်းတော်သားတွေကို ည အမှောင်အောက်မှာပဲ စိတ်မသက်မသာနဲ့ ငေးမောကြည့်နေခဲ့လေရဲ့…။ စာမေးပွဲတွေ ပြီးတော့ သူနဲ့ ကျနော်တို့ တနေရာစီ လမ်းခွဲလို့ အခုတော့ တနေရာစီ…။

`ဘယ်သူတက်တက် ငါတို့အတွက်ကတော့ မထူးပါဘူးကွာ။ အုပ်ချုပ်လာတဲ့ လူရဲ့ အမိန့်ကို နာခံလိုက်ရုံပဲ´

စိတ်လျှော့ထားဟန် စည်းတဖက်ခြားက သူငယ်ချင်းရဲ့ စကား…။ သူ့စကားက လက်ရှိ စစ်တပ်က အောက်ခြေ စစ်သားတွေရဲ့ ခံစားချက်ကို တစွန်းတစ လှစ်ဟဖော်ပြသွားခဲ့လေရော့သလား…။

***

`တပ်နဲ့ ပြည်သူ လက်တွဲကူ၊ စိတ်တူ ကိုယ်တူ အောင်ပွဲယူ´ ….တဲ့။

မြန်မာဘလော့ဂ် တချို့မှာ တွေ့လိုက်တဲ့ လိုဂိုလေးက စာတန်းလေးပါ။ အဲဒါက ပြည်သူတွေရဲ့ ခံစားချက်တွေကို ကိုယ်စားပြုမှု တခု…။

ပြည်သူတွေရဲ့ ခံစားချက်၊ ပြည်သူ့ တပ်မတော်သားတွေရဲ့ ခံစားချက်…။

အဲဒီ ခံစားချက်တွေကို ပေါင်းစပ်လိုက်ရင်…။


ကလိုစေးထူး

Sunday, September 23, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၁)

ရးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း တရားစီရင်ရေး (ဒုတိယပိုင်း)

န၀တ၊ နအဖ ထောင်တွင်း တရားစီရင်ရေးနဲ့ ပတ်သက်လို့ ချို့ယွင်းချက် သုံးချက် ထင်ထင်ရှားရှား တွေ့ရပါတယ်။

ပထမ ချို့ယွင်းချက်က အမှုတခု ဖြစ်လာရင် အမှုမှန်ပေါ်အောင်၊ အမှု ထင်ရှားအောင် တရားဥပဒေ နည်းလမ်းကျကျမှန်မှန်ကန်ကန်၊ စုံစမ်းစစ်ဆေးမှု မရှိတာပါ။ အကျဉ်းသား ကရင်လေးရဲ့ သံချွန်ကိစ္စကို စစ်ဆေးပုံမျိုး ဖြစ်ပါတယ်။ အကျဉ်းသားတွေဟာ ထောင်အရာရှိတွေ ခန့်ထားတဲ့ လူဆိုးတွေနဲ့ တည့်အောင်ပေါင်းရ၊ လက်ဆောင်ငွေကြေး ပေးရ၊ လာဘ်ထိုးရပါတယ်။ တကယ်လို့ အဲဒီလူဆိုးတွေကို ပိုက်ဆံပေး လာဘ်ထိုးမထားဘူး။ သူတို့နဲ့ မတည့်ဘူးဆိုရင်တော့ အပြစ်မရှိ အပြစ်ရှာတာမျိုးတွေ၊ လုပ်ကြံတီထွင်ပြီး ထောင်အာဏာပိုင်တွေကို တိုင်တန်းတာမျိုးတွေ ဖြစ်လာပါတယ်။

ထောင်ထဲမှာက ကရင်လေးကိစ္စမှာလိုပဲ အမှုကို စနစ်တကျ မစစ်ဆေးဘဲ ရိုက်နှက်ညှဉ်းပန်း အပြစ်ပေးတတ်တော့ ကိုယ်နဲ့ မတည့်တဲ့ အခြားအကျဉ်းသားတဦး အရိုက်နှက် အညှဉ်းပန်းခံရအောင်၊ ဒုက္ခရောက်အောင် တမင် လုပ်ကြံတိုင်တန်းတတ်တာမျိုးတွေ ရှိပါတယ်။ (အဲဒီလိုမျိုး ထောင်အာဏာပိုင်တွေကို သွားချွန်သူကို ထောင်စကားနဲ့ `ငချွန်´ လို့ ခေါ်ကြပါတယ်)။

ဥပမာ `သံချွန်ဖွက်ထားတယ်´ `ထောင်ဖောက်ပြေးဖို့ ကြံစည်နေတယ်´ `ထောင်ထဲကို ပိုက်ဆံခိုးသွင်းတယ်´ `ထောင်ဆူပူမှု ဖြစ်အောင် လှုံ့ဆော်နေတယ်´ `ထောင်အာဏာပိုင်တွေကို နောက်ကွယ်မှာ သိက္ခာကျအောင် ပြောတယ်´ စသဖြင့် အကျဉ်းသား အချင်းချင်း ခြေထိုးတတ်၊ ချွန်တတ်ပါတယ်။ အဲဒီလိုပဲ ထောင်အရာရှိ တဦးကလည်း သူနဲ့ အကျဉ်းသားတဦး မတည့်ရင် ဖော်ပြခဲ့သလိုမျိုး အမျိုးမျိုးလုပ်ကြံ စွပ်စွဲတတ်ပါတယ်။ ဒါတင်မက `လိုအပ်ရင် သက်သေရှိပါတယ်´ ဆိုပြီး သက်သေတွေကို လုပ်ကြံဖန်တီးပြီး တင်ပြတတ်ပါသေးတယ်။ ထောင်ထဲမှာက ထောင်အရာရှိတွေကို ကြောက်ကြတော့ မဟုတ်မတရား သက်သေ လုပ်ခိုင်းဖို့ လူ မရှားပါဘူး။ အဲဒီလို စနစ်ကျပြီး တရားမျှတတဲ့ စစ်ဆေးမှုမျိုး မလုပ်တော့ဘဲ `ပြစ်မှု ကျူးလွန်တယ်´ ဆိုပြီး ပြီးစလွယ် ဆုံးဖြတ်ချက်ချ၊ ပြစ်ဒဏ်ပေးလိုက်ပါတော့တယ်။ အပြစ်မရှိဘဲ လူတယောက် နစ်နာသွားမှာကို ထည့်သွင်း စဉ်းစားစာနာကြတာ မဟုတ်ပါဘူး။

ထောင်တွင်းတရားစီရင်ရေး ဒုတိယချို့ယွင်းချက်က ဘက်လိုက်တာပါ။

ထောင်အုပ်ချုပ်ရေးပိုင်းမှာ ခန့်ထားတဲ့ အကျဉ်းသားလူဆိုးနဲ့ ရိုးရိုးအကျဉ်းသား ပြဿနာဖြစ်တဲ့အခါမျိုး၊ ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးသူနဲ့ မရင်းနှီးသူနဲ့ ပြဿနာဖြစ်တဲ့ အခါမျိုးတွေမှာ ပြဿနာကို သေသေချာချာ မစစ်ဆေးဘဲ သူတို့ခန့်ထားတဲ့ လူဆိုးတွေ၊ သူတို့နဲ့ ရင်းနှီးသူတွေဘက်က ဘက်လိုက်တာမျိုးပါ။ ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးရင်၊ ဒါမှမဟုတ် ထောင်အာဏာပိုင်တွေကို ပိုက်ဆံပေး လာဘ်ထိုးထားရင် အဲဒီအကျဉ်းသားမျိုး အမှုဖြစ်တဲ့အခါ ထောင်အာဏာပိုင်တွေက အမှုကို ဖုံးကွယ်ပေးတာ၊ ဘက်လိုက်တာ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတာမျိုးတွေလည်း ရှိပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ မတည့်ရင်တော့ အမှုကို သေသေချာချာ မစစ်ဆေးတော့ဘဲ အပြစ်ပေးတာ၊ အပြစ်ပေးရင်လဲ မတရားတဲ့၊ ကြီးလေးတဲ့ ပြစ်ဒဏ်မျိုး ပေးတော့တာပါ။

ဥပမာ… တခါက နာမည်ကြီး ရာဇ၀တ် အကျဉ်းသားတဦးဖြစ်တဲ့ ကျော်သူ အခြားအကျဉ်းသားတဦးနဲ့ ရန်ဖြစ်ပါတယ်။ ကျော်သူက ထောင်အာဏာပိုင်တွေနဲ့ မတည့်တော့ သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ ထောင်ဝါဒါတွေက ၀ိုင်းရိုက်တာ ကျော်သူ အောက်ပိုင်း သေသွားပါတယ်။ ဒါပေမယ့် ထောင်အာဏာပိုင်နဲ့ ရင်းနှီးတဲ့ မူဆာ ဆိုတဲ့သူ ရန်ဖြစ်တော့ သူ့ကို အရေးမယူဘဲ အခြား အဆောင်တဆောင်ကိုသာ ရွှေ့ပြောင်းပစ်ပါတယ်။

ထောင်တွင်း တရားစီရင်ရေး တတိယ ချို့ယွင်းချက်က ပြစ်မှုတခုအတွက် ပြစ်ဒဏ်ပေးပုံ မမျှတတာ၊ မတရားတာပါ။ တရားဥပဒေမှာ `ပြစ်မှု ဖြစ်လာရင် အဲဒီပြစ်မှုကို ထင်ရှားအောင် စစ်ဆေးရမယ်။ ပြစ်မှု ထင်ရှားရင် ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်သာပေးရမယ်။ ပို မပေးရဘူး။ ဘယ်ပြစ်မှုမျိုးကိုပဲ ကျူးလွန်ကျူးလွန် အပြစ်ပေးတဲ့နေရာမှာ တရားဥပဒေနဲ့ နိုင်ငံတော်ကို စိတ်ထိခိုက် နာကျည်းသွားစေနိုင်သော ပြစ်ဒဏ်မျိုး မဖြစ်စေရ´ လို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ ဖော်ပြခဲ့တဲ့ ကရင်လေးနဲ့ ကျော်သူကို အပြစ်ပေးပုံမျိုးဟာ ပေးရမယ့် ပြစ်ဒဏ်ထက် ပိုပြီး ပေးတာမျိုးပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ဇာနည်ဆိုရင်လည်း ထောင်အာဏာပိုင်တွေ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်လို့ အောက်ပိုင်း သေသွားဖူးပါတယ်။

တခါတုန်းကလဲ အကျဉ်းသားနှစ်ယောက်ကို ရန်ဖြစ်လို့ဆိုပြီး အပြစ်ပေးပါတယ်။ အပြစ်ပေးပုံ ပေးနည်းက သူတို့ နှစ်ယောက်ကို ကိုယ်တုံးလုံးချွတ်၊ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်၊ နှစ်ပေလောက်မြင့်တဲ့ ၀ရန်တာကို လက်နှစ်ဖက်နဲ့ထောက်၊ ဒိုက်ထိုးခိုင်းထားပါတယ်။ အဲဒီအချိန် ထောင်ဝါဒါက ၀ရန်တာ အမြင့်ပေါ်ကနေ သုံးပင်လိမ် ကြိမ်လုံးနဲ့ ဆီးပြီး အားကုန် လွှဲလွှဲရိုက်ပါတယ်။ အကျဉ်းသား နှစ်ဦးဟာ ၀ရန်တာပေါ် လက်ထောက်ထားရာကနေ အောက်ကို ပြုတ်ပြုတ် ကျသွားပါတယ်။ အဲဒါကို လက်ပြန်ထောက်ခိုင်းပြီး ဆက် ရိုက်ပါတယ်။ ရိုက်တာကလည်း ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ချက်မှန်း မရေတွက်နိုင်တော့ပါဘူး။ အကျဉ်းသားနှစ်ဦးလုံး တကိုယ်လုံး သွေးချင်းချင်း နီရဲနေပါတော့တယ်။ ဒီကြားထဲက အကျဉ်းသား နှစ်ဦးကို ၀ရန်တာပေါ်က ထောင်ဝါဒါက ဆဲဆိုပြီး စီးထားတဲ့ စစ်ဖိနပ်နဲ့ မျက်နှာကို ပိတ်ပိတ်ကန်ပါသေးတယ်။ သွေးသံရဲရဲ အကျဉ်းသား နှစ်ဦးရဲ့ ငိုယိုတောင်းပန်သံ၊ သနားညှာတာမှု လုံးဝမရှိတဲ့ ထောင်ဝါဒါရဲ့ ရိုက်နှက်သံ၊ စစ်ဖိနပ်နဲ့ ပိတ်ပိတ်ကန်သံတွေကို တခြားအကျဉ်းသားတွေက မကြည့်ရက်လို့ မျက်နှာလွှဲလွှဲသွားကြပါတယ်။

အဲဒီလို တရားလက်လွတ် အားရအောင် ရိုက်နှက်ပြီးတော့ အဲဒီ အကျဉ်းသားနှစ်ဦးကို တိုက်ပိတ်ပြစ်ဒဏ် ပေးလိုက်ပါတော့တယ်။ အမှန်က ထောင်ထဲမှာ ရန်ဖြစ်ရင် ထောင်ဥပဒေအရ အလွန်ဆုံးပေးရမယ့် ပြစ်ဒဏ်က ရိုးရိုးတိုက်ပိတ် အပြစ်ဒဏ်ပါ။ ထောင်တွင်းမှာ အဲဒီလို မတရားတဲ့ တရားစီရင်ရေးပုံစံကြောင့် နောက်ဆက်တွဲ ဘာအကျိုးဆက်တွေ ဖြစ်ပေါ်လာပါသလဲ။ ထောင်ထဲမှာ မတရားမှုတွေ၊ ရက်စက်မှုတွေ ပိုများလာပါတယ်။ ထောင်ကို နာကျည်းစိတ်၊ တရားဥပဒေကို နာကျည်းတဲ့စိတ်၊ အားလုံးကို နာကျည်းတဲ့စိတ်နဲ့ ပက်ပက်စက်စက် လူသတ်မှုတွေ ထောင်ထဲမှာ ဖြစ်ပေါ်လာရတာပါ။

ဥပမာ ပြောရရင် တခါက အကျဉ်းသား သားသားနဲ့ ခင်သန်းတို့ နှစ်ဦးကို ဘာမဟုတ်တဲ့ အပြစ်လေးတခု ကျူးလွန်တာကို အထက်က ဖော်ပြခဲ့သလို ရက်ရက်စက်စက် ရိုက်နှက်ပြီး တိုက်ပိတ်ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ပြစ်ဒဏ်တိုက်လို့ ခေါ်တဲ့ စစ်ခွေးတိုက်ရဲ့ အခန်းတခန်းမှာ သူတို့နှစ်ယောက်ကို အခြားအကျဉ်းသားနှစ်ယောက်နဲ့ လေးဦး အတူထားပါတယ်။ တညလည်းကျရော၊ သားသားနဲ့ ခင်သန်းက အခြားအကျဉ်းသားနှစ်ယောက်ကို အိပ်ပျော်နေတုန်း အုတ်ခဲနဲ့ ခေါင်းကို စိစိညက်ညက်ကြေအောင် ထုရိုက်ပြီး သတ်ပစ်လိုက်ပါတယ်။ တထောင်လုံး အဲဒီ ရက်ရက်စက်စက် လူသတ်မှုကြောင့် အထိတ်တလန့်နဲ့ သွေးပျက်သွားကြပါတယ်။ အမှန်က လူသတ်မှု မဖြစ်ခင် ညနေကပဲ သူတို့လေးဦး စကားတပြောပြောနဲ့ ညနေစာထမင်း အတူ စားခဲ့ကြသေးတာပါ။ အဲဒီ ပက်ပက်စက်စက် လူသတ်မှုနဲ့ ပတ်သက်ပြီး `ဘာလို့ အခုလို သတ်ရသလဲ´ လို့ စစ်ဆေးမေးမြန်းတော့ သားသားနဲ့ ခင်သန်းက အခုလို ဖြေပါတယ်။

`ဘာအကြောင်းမှ မရှိဘူး။ သေသွားတဲ့ လူတွေနဲ့လည်း ပြဿနာမရှိဘူး။ ထောင်က ကျုပ်တို့ကို အပြစ်ပေးပုံကို မကျေနပ်လို့´

ဆက်ရန်…

Friday, September 21, 2007

နီးနီးလေးနဲ့ မဝေးစေချင်…

ကျနော်တို့ မြို့လေးမှာ ၁၉၉၂ ခုနှစ်ဝန်းကျင်ကာလ ပေါ်တာတွေ အရမ်းဆွဲကြတုန်းက ရပ်ကွက်လူကြီးတွေ တော်တော်လေး ခေတ်ကောင်းလိုက်ပါတယ်။ အကြောင်းက ဒီလိုပါ…။

စစ်တပ်တခု စစ်ဆင်ရေးသွားဖို့အတွက် ကျနော်တို့ မြို့မှာ တထောက် နားကြပြီဆိုရင် မြို့နယ် မ၀တ၊ ရ၀တ တွေကို ဆင့်ခေါ်ပြီး သူတို့ စစ်ဆင်ရေးအတွက် ပေါ်တာ ဘယ်ရွေ့ဘယ်မျှလိုကြောင်း ဘယ်ရပ်ကွက်က ဘယ်နှစ်ယောက် လိုက်ပါ စသဖြင့် ခေါ်ပြောလေ့ ရှိပါတယ်။ အဲဒီလို ခေါ်ပြောလိုက်တိုင်း ဖိုးကျိုင်းတုတ် ဖြစ်ရတာက ရပ်ကွက်လူကြီးတွေပါပဲ။

ရက်ကွက်လူကြီးတွေ အစည်းအဝေးက ပြန်လာပလားဆိုရင် ဆယ်အိမ်ခေါင်းတွေကို တခါ ဆင့်ခေါ်ပြီး အိမ်တွေကို ငွေလိုက်အကောက်ခိုင်းပါတယ်။ ဥပမာ တရပ်ကွက်ကို ပေါ်တာ ဆယ်ယောက် တာဝန်ကျတယ်ဆိုရင် အိမ်တွေကို တအိမ် တရာ၊ နှစ်ရာ စသဖြင့် သတ်မှတ်ကောက်ခံတာမျိုးပါ။ အဲဒီလို ကောက်လို့ ရတဲ့ ငွေနဲ့ စစ်သားလူထွက် ပေါ်တာ အငှားလိုက်စားနေတဲ့ လူတွေကို ငှားရမ်းပါတယ်။ တချို့လည်း ၀မ်းရေးအတွက် ပေါ်တာ အငှားလိုက်စားကြတဲ့ အရပ်သားတွေတောင် ရှိပါတယ်။ ဒီလိုနဲ့ ရပ်ကွက်လူကြီးရဲ့ ပါးစပ်ဖျားက ပေါ်တာကြေးကို ရပ်ကွက်နေ လူထုက တပူပေါ် နှစ်ပူဆင့် ပေးကြရပါတယ်။ အဲဒီခေတ်ကဆိုရင် ခြောက်လလောက် ရပ်ကွက်လူကြီး လုပ်လိုက်တယ် ဆိုရင်ပဲ ရပ်ကွက်လူကြီးက အရင်နဲ့ မတူ ပြောင်ပြောင်ရောင်ရောင်နဲ့ ဗြောင်ကျကျကို လူလုံးလှလာပါတော့တယ်။

တခါတော့ ကျနော်တို့ ရပ်ကွက်က ရပ်ကွက်လူကြီး ဖျံကျလွန်းမက ကျနေတာကို သည်းမခံနိုင်တဲ့ ရပ်ကွက်သားတွေက တခြား ရပ်ကွက်လူကြီးကို ပြောင်းတင်ဖို့ တိုင်ပင်ကြပါတယ်။ အဲဒီလို တိုင်ပင်တဲ့ အခါတိုင်းမှာ လူတယောက်က…

`ခင်ဗျားတို့ ပြောင်းပြီး ရပ်ကွက်လူကြီးတင်မယ့်လူကလဲ ဘာကောင်းလို့တုန်း၊ ကျနော်ကတော့ သူ့ကို တင်လိုက်ရင် ပိုတောင် ဆိုးလာမယ်လို့ ပြောရဲတယ်´

ဒီလိုနဲ့ တခြားတယောက်ကို ထပ်စဉ်းစားကြပြန်တော့လဲ အဲဒီလူကပဲ အဲဒီတယောက်ကလည်း မထူးကြောင်း၊ ဘယ်လိုဘယ်ပုံ မကောင်းကြောင်း ပြောပြန်ပါရော…။ အဲဒီလိုနဲ့ပဲ ပေါ်တာခေတ်တလျှောက်လုံး အရင်လူကြီး အဟောင်းကပဲ ပျော်ပျော်ကြီး ဖျံကျခွင့်ရသွားပါတော့တယ်။

***

တနေ့က…။

ပန်ဒိုရာရဲ့ ဘလော့ဂ်က အခြေခံ ယုတ္တိဗေဒအလွဲ ဆိုတဲ့ ပို့စ်ကို ဖတ်မိပါတယ်။ ပို့စ်က ခပ်တိုတိုပါပဲ။ ရှုပါ…။

အခြေခံယုတ္တိဗေဒ အလွဲ

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် မောင်ဖြူ၏ လုပ်ရပ်သည် သင့်တော်၏။
လေ့လာသူ = ဟင်.. ဘာမှလည်းမဆိုင်ဘူး။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် သင့်တော်သောလုပ်ရပ် ဟူသည် လောက၌မရှိ။
လေ့လာသူ = ဘုရား ဘုရား။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည်မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ လူတိုင်း မသင့်တော်တာ လုပ်ကြစို့။
လေ့လာသူ = ကယ်တော်မူကြပါ။

***

ပန်ဒိုရာရဲ့ ပို့စ်က ပထမအပိုဒ်မှာ…

မောင်ဖြူရဲ့ လုပ်ရပ်က မသင့်တော်ဘူး။ မောင်ဖြူနေရာမှာ ကျနော်တို့မြို့က ရပ်ကွက်လူကြီးကို မြင်ယောင်လာမိတယ်။ အင်း…၊ ဟုတ်တယ် ဒီလူ မကောင်းဘူး။ ဒါပေမယ့် မောင်မဲနဲ့ မောင်နီတို့ရဲ့ လုပ်ရပ်တွေမှာလည်း အပြစ်က မကင်းပြန်ဘူး။ ဒါကြောင့် ဖျံကျနေတဲ့ မောင်ဖြူနဲ့ တူတဲ့ ရက်ကွက်လူကြီး လုပ်နေတာ မှန်ပါတယ်လေ။ သေသေချာချာ စဉ်းစားကြည့်တော့ ဘာမှမဆိုင်ပါလား။ စဉ်းစားလေလေ ဘာမှ မဆိုင်လေလေ။

အဲဒီသုံးယောက်လုံးရဲ့ လုပ်ရပ်တွေ မသင့်တော်တာနဲ့ပဲ တခြားသော သင့်တော် ကောင်းမွန်တဲ့၊ လက်ရှိ အခြေအနေထက် ပိုမိုသာလွန်မယ့် လုပ်ရပ်ဆိုတာ ဘာမှကို မရှိတော့ဘူးလား။ သူတို့ သုံးယောက်လုံးရပ် လုပ်ရပ်တွေ မသင့်တော်တဲ့ အတွက် တခြားလူတွေလဲ သူတို့လိုပဲ မသင့်တော်တာတွေ လိုက်လုပ်ကြမယ် ဆိုရင်ရော…။ အကုန်လုံး ကိုယ်ကျိုးနည်းတော့မယ် ထင်တယ်။

***

အမှန်တကယ် ဖြစ်သင့်တာကို ချဉ်းကပ် ဆွေးနွေးကြည့်ကြပါစို့…။

မောင်ဖြူက မကောင်းဘူး ဆိုရင် မောင်ဖြူ မကောင်းတာကိုပဲ အရင် အဓိကထား မပြောသင့်ပေဘူးလား။ ဒါမှမဟုတ် မောင်ဖြူကို ကောင်းတယ်လို့ ထင်နေတဲ့လူတွေက မောင်ဖြူက ဘယ်လိုဘယ်ပုံကောင်းကြောင်း အကျိုးအကြောင်း ခိုင်လုံစွာနဲ့ အရင် မပြောသင့်ပေဘူးလား။ မောင်ဖြူနဲ့ ဆိုင်တာတွေကို အရင်ဦးစားပေး မပြောသင့်ပေဘူးလား။

မောင်မဲနဲ့ မောင်နီလည်း ကောင်းတာမှ မဟုတ်တာ၊ ဒီတော့ မောင်ဖြူ မကောင်းတာက ဘာဆန်းတာလိုက်လို့ ဆိုပြီး မောင်ဖြူကို မကောင်းခွင့်တွေ ဘယ်လောက်ကြာကြာ ထပ်ပေးကြမလဲ။ သူများမကောင်းတဲ့ အတွက် ကိုယ်မကောင်းတာလဲ မဆန်းပါဘူးလေလို့ တွေးတာက အပြုသဘောဆန်ပါတော့မလား။

ဟုတ်ပြီ…။ မောင်ဖြူကတော့ မကောင်းတာ သေချာပြီ။ ဒါပေမယ့် မောင်မဲနဲ့ မောင်နီမှာလည်း အပြစ်က မကင်းပြန်ဘူး။ အဲဒီတော့ မောင်မဲနဲ့ မောင်နီမှာ ရှိတဲ့ အပြစ်တွေလို မဖြစ်အောင် ရှောင်ပြီး မကောင်းတဲ့ မောင်ဖြူကို ကောင်းလာအောင် တွန်းအားပေးဖို့ ကြိုးစားကြတာက ပိုပြီး အပြုသဘော မဆောင်ဘူးလား။

***

ဆက်စပ်ပြီး ဆက်တွေးကြည့်ချင်ပါသေးတယ်။

ကျနော်တို့ နိုင်ငံမှာ…။

လက်ရှိတပ်မတော်ကို ပြည်သူက ရွံရှာ မုန်းတီးနေပါတယ်။ လာဘ်စားပြီး သူတို့အကျိုးကိုသာ ကြည့်တဲ့ လက်ရှိတပ်မတော်က အာဏာကို ရယူထားတာကိုလည်း ပြည်သူက မနှစ်မြို့ပါဘူး။ ဒါဟာ အမှန်တရားပါပဲ။ ဒါဆို အဲဒီတပ်မတော် မဟုတ်တာလုပ်နေတာကို ရပ်တန်းက ရပ်အောင် ကျနော်တို့ အရင် ကြိုးစားရတော့မှာပေါ့။

ကျနော်တို့…။ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းချင်ကြတယ်။ ကိုယ့်ကို အုပ်ချုပ်မယ့်လူကို ကိုယ်တိုင်ကိုယ်က ရွေးချယ်ခွင့် ရှိတဲ့ စနစ်၊ ကိုယ်ဖြစ်ချင်တာ၊ လိုလားတာကို လွတ်လပ်စွာ ထုတ်ဖော်တင်ပြခွင့် ရတဲ့ စနစ်…။ ဒီစနစ်ကို ကျနော်တို့ သက်ဝင် ယုံကြည်ကြပါတယ်။ ဒါပေမယ့် အဲဒီ ဒီမိုကရေစီ စနစ်မှာကလည်း အားနည်းချက်တချို့က ရှိနေသေးပြန်တယ်။ အဲဒီ အားနည်းချက်ရဲ့ သာဓက အဖြစ် ဒီမိုကရေစီ နိုင်ငံကြီး တချို့က ဖြစ်ရပ်လေးတွေကလည်း လက်ညှိုးထိုးချင်စရာ ကောင်းနေပြန်တယ်။ ဒါဖြင့် အဲဒီချွင်းချက်တွေကြောင့် ဒီမိုကရေစီ ဆိုတာ တကယ်မရှိတော့ဘူးလား။ မရှိတော့ဘူး ဆိုရင် အဲဒီနိုင်ငံတွေကရော ဘာလို့ သူတကာထက် ရှေ့တန်းကို ရောက်နေပြန်တာလဲ။

ချွင်းချက်ဆိုတာတွေကြောင့် ဒီမိုကရေစီဆိုတာ စာရွက်ပေါ်မှာသာ ရှိတယ်ဆိုတာကို ကျနော်ကတော့ လက်မခံပါဘူး။ လူတိုင်းမှာ ဒီမိုကရေစီဆိုတာ မရှိဘူး၊ ဒီတော့ ငါတို့တတွေ ဒီမိုကရေစီ လိုချင်နေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး ဆိုတဲ့ အယူအဆကတော့ ပိုကြောက်စရာ ကောင်းသွားပါပြီ။ ဒါဟာ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာရှင်ကို တဖက်တလမ်းက ထောက်ခံနည်း တမျိုးဖြစ်စေပါတယ်။

အဲဒီလိုလူမျိုးကို အာဏာရှင်က သူ့တိုင်းပြည်မှာ များများရှိဖို့ ပိုလိုလားပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် အဲဒီလိုလူမျိုးက သူ့ကို ဝေဖန်ရင်တောင် အာဏာရှင်က ပြုံးပြုံးကြီး မျက်နှာပြောင်တိုက်ပြီး ခံနေပါလိမ့်မယ်။ တခြားတဖက်မှာ ဒီမိုကရေစီကို ဒီထက့်ပိုပြီး စေ့စေ့ပေါက်ပေါက် အပြစ်ရှာ ထောက်ပြပြီး ဒီမိုကရေစီကို မယုံကြည်သူတွေ များသထက် များလာအောင် လုပ်ပေးမယ့် အဲဒီလို လူမျိုးကို အာဏာရှင်က ပိုလို့တောင် နေရာပေးပါလိမ့်မယ်။

`သခင်လုပ်မှာလား၊ ကျွန်လုပ်မှာလား´ လို့ တွေ့တဲ့လူတိုင်းကို မေးလိုက်ပါ။ `ကျွန်လုပ်မယ်´ လို့ ဖြေတဲ့လူ တယောက်မှ မရှိပါဘူး။ `သခင်လုပ်မယ်´ ဆိုတဲ့ အဖြေက သိပ်ဖြေလို့ကောင်းတာကိုး။ ငါးနှစ်သားကလေးကို သွားမေးရင်တောင် `အနော်လဲ သခင်ပဲ လုပ်မှာ´ လို့ ဖြေပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အခုလောလောဆယ် အနေအထားက သခင်ဖြစ်နေတာလား၊ ကျွန်ဖြစ်နေတာလား။

အမေရိကန်မှာ ရဲက ခါးပတ်မပတ်တဲ့လူကို ရိုက်တာထက် မြန်မာပြည်မှာ ပြည်သူတွေရဲ့ အကျပ်အတည်းကို မျက်ကွယ်ပြုပြီး လုပ်ချင်ရာ လုပ်နေတဲ့ လက်ရှိ အာဏာပိုင်တွေ လူစိတ်ရှိလာအောင် ကြိုးစားဖို့က ပိုအရေးပါပါတယ်။ အဲဒါကမှ ပိုပြီး အပြုသဘောဆန်ပါလိမ့်မယ်လို့ ယုံကြည်မိပါတယ်။


ကလိုစေးထူး

Thursday, September 20, 2007

စည်းမဟုတ်သော စည်းကို...

အတွေးစများ… ဆိုတဲ့ ပို့စ်မှာတုန်းက ကျနော် `မမြင်နိုင်တဲ့ စည်း´ ဆိုတာလေးကို ထည့်ရေးခဲ့မိဖူးတယ်။

ကျနော်တို့…။

ကျနော်တို့ ဆိုတာထက် မြန်မာပြည် နိုင်ငံရေးအကြောင်း ရေးလေ့ရှိတဲ့ ကျနော်အပါအ၀င် ကျနော်တို့…။ ပြည်ပရောက် ကျနော်တို့…။ လက်ရှိအနေအထားနဲ့ အမိမြန်မာပြည်ကို အိမ်ပြန်ဖို့ အခြေအနေမပေးသေးတဲ့ ကျနော်တို့…။

အဲဒီ ကျနော်တို့နဲ့ မြန်မာပြည်တွင်း ဘလော့ဂါတွေကြားမှာ `မမြင်နိုင်တဲ့ စည်း´ ခြားနေသလို ခံစားလိုက်ရတယ်လို့ ကျနော် ရေးခဲ့မိပါတယ်။ လူတယောက်နဲ့ တယောက် ခင်မင်ကြတဲ့ ခင်မင်မှုစည်း မဟုတ်တဲ့ `အခြေအနေစည်း´ `အကန့်အသတ် စည်း´ တနည်းအားဖြင့် `မမြင်နိုင်တဲ့ စည်း´ …။

***

ဒီညနေမှာ ကျနော် အလုပ်က ပြန်လာတော့ မြန်မာဘလော့ဂ် အတော်များများကို လိုက်ဖတ်ဖြစ်ပါတယ်။ တခါမှ မဖတ်ဖူးသေးတဲ့ ဘလော့ဂ်အသစ်တွေ၊ ဖတ်နေကြ ဘလော့ဂ်တွေ၊ မရောက်တာ ကြာတဲ့ ဘလော့ဂ်တွေ လက်လှမ်းမီသလောက် လိုက်ဖတ်ဖြစ်ပါတယ်။ အဲဒီအပြင် ကျနော်လိုက်ဖတ်ဖြစ်သေးတာက အထက်က တင်ပြခဲ့တဲ့ `ကျနော်တို့´ တွေရဲ့ ဘလော့ဂ်တွေ။

လိုက်ဖတ်နေရင်းနဲ့ တစုံတခုကို သတိထားမိလာသလိုလို ခံစားလာရတယ်။ ဟုတ်တယ်။ တခုခု…။ အဲဒီတခုခုက ဘာလဲ…။

အို…၊ ဟုတ်ချင်မှ ဟုတ်မှာပါလေ… ဆက်ဖတ်…။ ဒီလိုနဲ့ တနေရာအရောက်…၊ စီဘောက်စ် တခုကို အရောက်…။

`နိုင်ငံရေးငှက်များ မိုးခိုရန် နေရာ မဟုတ်ပါ´

***

`လက်ရှိ မြန်မာဘလော့ဂ် လောကမှာ လူတန်းစား သုံးရပ်ရှိတယ်။ ပြည်တွင်းနေ၊ ပြည်ပနေ(အိမ်ပြန်ရ)၊ ပြည်ပနေ (အိမ်ပြန်မရ) ဆိုပြီး လူတန်းစား သုံးရပ်ရှိတယ်´

မိတ်ဆွေ ဘလော့ဂါတယောက် မှတ်ချက်ပေးခဲ့တဲ့ စကားတခု…။

`အဲဒီလို ကွဲပြားမှုနောက်ကွယ်မှာ အခြေအနေတွေ၊ ကန့်သတ်ချက်တွေ ဆိုတာ ရှိလာတယ်၊ ဒီတော့ အပြန်အလှန် နားလည်မှုက အရင်ထက် ပိုလိုအပ်လာပြီ´

ဆွေးနွေးရင်းနဲ့ အခြေအနေတခုကို ရင်လေးစွာ တွေ့ရှိခဲ့ကြဖူးပါတယ်။ ဒီလိုနဲ့ပဲ အသက်ဝင်လာတဲ့ စည်းက ရင်းနှီးနွေးထွေးမှုဆိုတဲ့ အရာကိုပါ တတိတတိနဲ့ စိမ့်ဝင်လာခဲ့ပြီလား…။ ကွဲပြားနေတဲ့ လူတန်းစား သုံးရပ်အကြားမှာ အေးတိအေးစက်၊ ဘာသိဘာသာ နေကြတာဟာ ပုံစံတခု ဖြစ်မှန်းမသိ ဖြစ်နေပြီလား။

***

ကျနော် ဆောင်းပါးတွေမှာ မကြာခဏဆိုသလို ရေးခဲ့မိဖူးတယ်။ `တသားတည်း ဖြစ်ချင်မှု´ ဆိုတဲ့ စကားပါ။ ကျနော်တို့ဟာ ပြည်သူတွေ၊ ဒီတော့ ကျနော်တို့နဲ့ ပြည်တွင်း၊ ပြည်ပက ဘလော့ဂါတွေနဲ့ တသီးတသန့်ကြီး ဖြစ်နေတယ် ဆိုတာမျိုး ကျနော် မဖြစ်ချင်ဆုံးပါပဲ။

ကျနော် ပို့စ်ပေါင်း ၂၀၀ ကျော် ရေးခဲ့ပါတယ်။ အစုစုအစုံစုံ၊ ရောထွေးသောင်းပြောင်းနေတဲ့ စာတွေ…။ ပြီးတော့ `နိုင်ငံရေး´ လို့ အများက သတ်မှတ်ကြတဲ့ နိုင်ငံ့အရေးနဲ့ ဆိုင်တဲ့ စာတချို့…။

ကျနော်တို့ နိုင်ငံအတွက်၊ ကျနော်တို့ ဖြစ်စေချင်တဲ့ စနစ်တခုအတွက်၊ ကျနော်တို့ ယုံကြည်တဲ့ အရာတခုအတွက် ရေးခဲ့မိတဲ့ စာတွေက ကျနော်တို့ကို တံဆိပ်တခု ကပ်နှိပ်ခြင်း ခံလိုက်ရပြီလား။

ကျနော့်ကိုယ်ကျနော် မှန်ထဲကို ပြန်ကြည့်မိတယ်။ ပိန်ညောင်ညောင်၊ ထောင့်မကျိုးတဲ့ မျက်နှာနဲ့ လူတယောက်…၊ ပေကပ်ကပ်ဟန်နဲ့ ကျနော့်ကို ပြန်ကြည့်နေတယ်။ အဲဒါ `နိုင်ငံရေးသမား´ တဲ့လား။ အဲဒီကောင်က ဘာတွေ လိုချင်နေလို့ ဒီစာတွေ ရေးနေတာလဲ။ အာဏာလား၊ ငွေလား၊ စည်းစိမ်လား။ လက်ရှိအနေအထားကနေ မြန်မာပြည်ကြီး ပြောင်းလဲသွားရင် အဲဒီကောင်အတွက် ပုဂ္ဂလိက အခွင့်အရေးတွေ ဘာတွေရလာနိုင်သလဲ။ လဲပေါင်းများစွာ၊ လားပေါင်းများစွာက ကျနော်နဲ့ ကျနော့်အကြားမှာ `နိုင်ငံရေး´ ဆိုတဲ့ စကားသံတွေနဲ့အတူ ရောထွေး ပဲ့တင်ထပ်လာတယ်။

လူတွေ၊ လူတွေ…၊ အဲဒီလူတွေက ကျနော်နဲ့ အတူတူပဲလား၊ မတူဘူးလား၊ သူတို့က သူတို့လား၊ ကျနော်တို့က ကျနော်တို့လား သူတို့နဲ့ ကျနော်တို့ အတူတူ မဟုတ်ဘူးလား။ အတူတူမဟုတ်တာက ပိုကောင်းလား။ အတူတူဖြစ်နေရင် ဘာတွေ ဖြစ်လာမလဲ။ အတူတူ မရှိချင်တာတော့ မဟုတ်လောက်ပါဘူး။ ဟုတ်မှာပါ။ သူတို့ အတူတူတော့ ရှိချင်မှာပါ။ စိတ်တွေက နောက်ကျိ ရှုပ်ထွေးသလိုလို ခံစားလာတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျသွားတာတော့ မဟုတ်ဘူး။ တခုခုကို မခံချင် ဖြစ်နေတာ။

***

`ကျနော်က တသီးတခြားကြီး ဖြစ်နေပြီလား´

ကျနော့်အပေါ် နားလည်မှု အရှိဆုံးလူဆီမှာ ဒီမေးခွန်းကို အငမ်းမရနဲ့ မေးလိုက်မိဖူးတယ်။ သူက…

`အခုထိတော့ မဖြစ်သေးပါဘူး´

တော်ပါသေးရဲ့… လို့ တွေးလိုက်မိတယ်။

`မြန်မာ ဘလော့ဂါတွေ အားလုံးရဲ့ တူညီတဲ့ ခံယူချက်တွေနဲ့ တူညီတဲ့ ပန်းတိုင်ကတော့ ရှိနေပါတယ်၊ အားလုံး ညီညီညာညာ လက်တွဲပြီး ရောက်သွားကြဖို့ မျှော်လင့်ပါတယ်´

မိတ်ဆွေ ဘလော့ဂါ တယောက်ရဲ့ မှတ်ချက်စကားကို ပြန်ဖတ်မိပြန်တယ်။ နောက်တော့ ဘလော့ဂ်တွေ ရှိရာကို တခုပြီး တခု လိုက်ဖတ်မိပြန်ရော…။ ဖတ်ရင်းနဲ့ပဲ အတွေးတခု ရသွားတယ်။ `ငါ ဘာလို့ သူတို့ ဘလော့ဂ်တွေကို လိုက်ဖတ်နေမိတာလဲ´။

…………………………………………
…………………………………………
…………………………………………

နောက်ဆုံးမှာတော့ အဖြေတခု ရသွားတယ်။ `မမြင်နိုင်တဲ့ စည်း´ ဆိုတာက ကျနော်တို့တွေရဲ့ `စိတ်´ တွေကိုတော့ စည်းမခြားနိုင်ဘူး။ သူတို့ ရေးနေတာတွေကို လိုလိုလားလား ဖတ်ချင်နေတဲ့ စိတ်ကို ဘယ်စည်းကမှ လာခြားလို့ မရဘူး။ ဒါဖြင့် သူတို့ကရော ကျနော်တို့ ရေးနေတာတွေကို ဖတ်ချင်စိတ် ရှိမှာလား…။ လာဖတ်ကြလား…။

ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ `စိတ်´ တွေတော့ `စည်း´ မခြားလောက်သေးပါဘူး…။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မခြားလောက်သေးတာ မဟုတ်ဘူး။ ဘယ်တော့မှ မခြားတာ။


ကလိုစေးထူး

Wednesday, September 19, 2007

လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း…(၂၀)

ရေးသူ - ၀င်းနိုင်ဦး ၏ ထိုစာအုပ်ကို ကျနော် ကလိုစေးထူးက ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ထောင်တွင်း တရားစီရင်ရေး

(ပထမပိုင်း)

ပြစ်မှုကျူးလွန်သူတဦးကို ပြစ်ဒဏ်ပေးရာမှာ အယူအဆနှစ်မျိုးကို အခြေခံတယ်လို့ တရားဥပဒေမှာ ဖွင့်ဆိုထားပါတယ်။

ပထမ အယူအဆကတော့ ကျူးလွန်တဲ့ ပြစ်မှုနဲ့ ညီမျှတဲ့ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အယူအဆ Retributive View of Punishment ဖြစ်ပါတယ်။ အဲဒီ အယူအဆက `မျက်လုံးအတွက် မျက်လုံး၊ သွားအတွက် သွား´ ဆိုတဲ့ သူတပါးကို နစ်နာ ဆုံးရှုံးစေခဲ့တဲ့အတိုင်း ကျူးလွန်သူက ပြန် အလျော်ပေးရတဲ့ သဘော၊ ပြစ်ဒဏ်ခံယူရတဲ့ သဘော ဖြစ်ပါတယ်။

ဒုတိယ အယူအဆကတော့ အကျိုးဖြစ်ထွန်းမှုဆိုင်ရာ ပြစ်ဒဏ်ခတ်ခြင်း အယူအဆ Utilitarian View of Punishment ဖြစ်ပါတယ်။ အဲဒီအယူအဆက ပြစ်မှုကျူးလွန်သူရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးဖို့နဲ့ အခြားသူတွေ အလားတူ အဖြစ်မျိုး မကျူးလွန်အောင် ဟန့်တားဖို့ ဆိုတဲ့ အချက်တွေကိုပါ ထည့်သွင်း စဉ်းစားပြီး ပြစ်ဒဏ်ပေးတဲ့ အယူအဆ ဖြစ်ပါတယ်။ အဲဒီ ဒုတိယ အယူအဆဟာ လူတွေကို တန်ဘိုးထားပြီး အမျှော်အမြင် ရှိရှိနဲ့ ရေရှည်မှာ ရာဇ၀တ်မှုတွေ လျော့ပါးပျောက်ကွယ်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက်ကို အခြေခံထားတာပါ။

န၀တခေတ် အကျဉ်းထောင်ထဲမှာတော့ အကျဉ်းသားတဦး ပြစ်မှုကျူးလွန်လို့ အပြစ်ဒဏ်ပေးတဲ့အခါ ဖော်ပြခဲ့တဲ့ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ ဘယ် အယူအဆမျိုးကို လိုက်နာပါသလဲ။

တခါတုန်းက အင်းစိန်ထောင် အမှတ်(၄) အဆောင်မှာ ရာဇ၀တ် အကျဉ်းသားတဦး ဖြစ်သူ `ကရင်လေး´ သံချွန်ဖွက်ထားတယ်လို့ တခြား အကျဉ်းသားတယောက်က သတင်းပို့တာနဲ့ ထောင်အာဏာပိုင်တွေက ကရင်လေးကို သံချွန် ရှိမရှိ စစ်ဆေးပါတယ်။

သံချွန် ဆိုတာက ထောင်ထဲမှာ ရန်ဖြစ်တဲ့အခါ၊ လူသတ်တဲ့အခါ သုံးတဲ့လက်နက်ပါ။ များသောအားဖြင့် လုံးပတ်လက်မ၊ ဒါမှမဟုတ် လက်မ သာသာ၊ အရှည် တပေလောက် ရှိပြီး အဖျားကို ချွန်ထက်နေအောင် သွေးထားတဲ့ သံချောင်း ဖြစ်ပါတယ်။ ပြောခဲ့တဲ့ သံချွန်ကိစ္စ စစ်ဆေးပုံကတော့ အခုလို ဖြစ်ပါတယ်။

ထောင်အာဏာပိုင်တွေက ကရင်လေး သံချွန်ဖွက်ထားလား၊ မဖွက်ထားလား အမှု ထင်ရှားအောင် အချက်အလက်တွေကို စ မစစ်ဆေးပါဘူး။ `သံချွန် ဘယ်မှာ ဖွက်ထားလဲ´ ဆိုပြီး သံချွန်ဖွက်ထားတဲ့ နေရာ တန်း ပြခိုင်းတာပါ။ ကရင်လေးက `သူ့မှာ သံချွန် မရှိပါဘူး´ လို့ ပြောတော့ ရိုက်ပါတယ်။ ရိုက်တာကလည်း အချက်ပေါင်းများစွာ တကိုယ်လုံး သွေးချင်းချင်းနီအောင် ရက်ရက်စက်စက် ရိုက်တာပါ။ ဒါနဲ့ ကရင်လေးက `သံချွန် ဖွက်ထားတဲ့ နေရာ ပြပါတော့မယ်´ ဆိုပြီး လိုက်ပြပါတယ်။ ဒါပေမယ့် အဲဒီနေရာရောက်တော့ သံချွန် မရှိပါဘူး။ ဒီတော့ တခါ ရက်ရက်စက်စက် ရိုက်ပြန်ပါရော။ ကရင်လေးက `တကယ်က သူ့မှာ သံချွန်မရှိပါဘူး။ ရိုက်တာ မခံနိုင်လွန်းလို့ ရှိတယ်လို့ လိမ်ပြောရတာပါ´ လို့ ငိုယိုပြီး ပြောပြပါတယ်။ ထောင်အာဏာပိုင်တွေက လက်မခံဘဲ သံချွန်ပဲ ဇွတ်အတင်း အပြခိုင်းပါတယ်။ ကရင်လေးလည်း ဒဏ်မခံနိုင်တဲ့အဆုံး ဘယ်နေရာမှာ ဖွက်ထားတယ်ဆိုတာ ပြောပြန်ပါတယ်။ သွားရှာကြည့်တော့ အဲဒီနေရာမှာ သံချွန် မတွေ့ရပြန်ပါဘူး။

နောက်ဆုံးတော့ အရိုက်ခံရလို့ ကရင်လေး သတိလစ် မေ့မျောသွားတော့မှပဲ စစ်တာဆေးတာ ရပ်လိုက်ပြီး `ကရင်လေးမှာ သံချွန် တကယ်မရှိဘူး´ လို့ ထောင်အာဏာပိုင်တွေ အတည်ပြု ဆုံးဖြတ်လိုက်ပါတော့တယ်။ ထောင်တွင်း တရားစီရင်ပုံက အဲဒီလိုမျိုး။ အမှန်တကယ်လည်း ကရင်လေးမှာ သံချွန် မရှိပါဘူး။ ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးပြီး ကရင်လေးနဲ့ မတည့်တဲ့ အခြား အကျဉ်းသားတဦးက ထောင်အာဏာပိုင်တွေကို သွားပြီး လုပ်ကြံ တိုင်တန်းလိုက်တာပါ။ ဒါကို နောက်ပိုင်းတော့ ထောင်အာဏာပိုင်တွေ သိသွားကြပါတယ်။ အဲဒီလို လုပ်ကြံ သွားတိုင်တာမျိုးကို ထောင်ထဲမှာ `ချွန်တယ်´ လို့ ခေါ်ကြပါတယ်။ ထောင်တွင်း တရားစီရင်ရေး အမှားအယွင်းတွေကြောင့် ကရင်လေးလို တဖက်သတ် အချွန်ခံလိုက်ရလို့ နစ်နာသွားရတဲ့ ဖြစ်ရပ်မျိုးတွေ၊ တချို့ဆိုရင် အသက်တောင် ဆုံးရှုံးသွားရတဲ့ အဖြစ်မျိုးတွေ ထောင်ထဲမှာ တပုံကြီးပါပဲ။

ထောင်ထဲမှာ ရာဇ၀တ် အကျဉ်းသားတွေကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါတယ်။

တမျိုးက ထောင်အာဏာပိုင်တွေက ထောင်အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ပေး ခန့်အပ်ထားတဲ့ ရာဇ၀တ် အကျဉ်းသားတွေပါ။ သူတို့ကို `အကျဉ်းသား အရာရှိ´ လို့ ထောင်ထဲမှာ ခေါ်ကြပါတယ်။ များသောအားဖြင့် ထောင်ထဲမှာ ၀င်လိုက်ထွက်လိုက်နဲ့ ထောင်ခဏခဏ ကျနေတဲ့၊ `လူဆိုးအလုပ်´ နဲ့ အသက်မွေး ၀မ်းကျောင်းနေတဲ့ လူဆိုးတွေပါ။ နောက်တမျိုးက အအုပ်ချုပ်ခံ ရိုးရိုး ရာဇ၀တ် အကျဉ်းသားတွေ ဖြစ်ပါတယ်။

ထောင်ထဲမှာ အုပ်ချုပ်ပုံ အုပ်ချုပ်နည်းက ထောင်ဥပဒေ၊ စည်းကမ်းတွေက စာအုပ်ထဲမှာပဲ ရှိပြီး အုပ်ချုပ်သူတွေရဲ့ `စိတ်သဘောထား´ ကသာ အဓိက ကျနေပါတယ်။ သူတို့ စိတ်ထားက ဥပဒေ၊ စည်းကမ်း ဖြစ်နေပါတယ်။ သူတို့ စိတ်ကောင်းဝင်တဲ့အခါ ဥပဒေတွေ၊ ဘာတွေ ဘေးချိတ်ထားပြီး သူတို့ မကြည်သာတဲ့ အချိန်မှာတော့ နဂိုမူလ ဥပဒေတွေအပြင် အကျဉ်းသားတွေ အသက်ရှူပေါက် မရှိတော့လောက်အောင် ဥပဒေအသစ်တွေ ထပ် ထုတ်ပါတော့တယ်။ သူတို့ လက်သုံး စကားတခွန်း ရှိပါတယ်။ အကျဉ်းသားတဦး အိပ်ပျော်နေရင်တောင် ထောင်ဥပဒေ (၁၀)ချက် ချိုးဖောက်တယ်တဲ့။ ဆိုလိုတာက ဘယ် အကျဉ်းသားကို မဆို လိုအပ်ရင် ထောင်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး စွဲချက်တင်နိုင်တယ် ဆိုတဲ့ သဘောပါ။

ထောင်ထဲမှာ ရာဇ၀တ်အကျဉ်းသားတွေရဲ့ လက်သုံးစကား တခွန်းလည်း ရှိပါတယ်။ `ထောင်ထဲမှာ ပိုက်ဆံ ရှိရင်ရှိ၊ မရှိရင် ကျောရှိ´ ဆိုတဲ့ စကားပါ။ အဓိပ္ပာယ်က `ထောင်ထဲမှာ အာဏာပိုင်တွေ၊ အကျဉ်းသား အရာရှိလို့ ခေါ်တဲ့ ထောင်လူဆိုးတွေကို လာဘ်ထိုးဖို့ ပိုက်ဆံရှိရမယ်။ ဒါမှ ထောင်ထဲမှာ အနေချောင်မယ်။ တကယ်လို့ ပိုက်ဆံ မရှိရင် သတ္တိရှိရမယ်။ သဘောက အရိုက်နှက် အညှဉ်းဆဲ ခံနိုင်ရမယ်။ ဒါမှ ထောင်ထဲမှာ နေနိုင်မယ် လို့ ဆိုလိုတာပါ။

ထောင်ထုံးစံအရ အကျဉ်းသားတဦးက ဒီ့ပြင် အကျဉ်းသားတဦးကို ရိုက်ရင်၊ သတ်ရင် ထောင်ထဲမှာ ထောင်အာဏာပိုင်တွေက အဲဒီ အကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ပြစ်ဒဏ် ပေးပါတယ်။ အဲဒီလို ရိုက်နှက်၊ တိုက်ပိတ် ပြစ်ဒဏ်ပေးတာ ခံရပြီး ပြန်ထွက်လာတဲ့အခါ အဲဒီ အကျဉ်းသားကို တခြား အကျဉ်းသားတွေက ၀ိုင်းပြီး ကြောက်ကြ၊ အရိုအသေပေးကြတာ ထောင်ထုံးစံပါပဲ။ အဲဒီအပြင် ထောင်အာဏာပိုင်တွေကလည်း အဲဒီ အကျဉ်းသားမျိုးကို ထောင်အုပ်ချုပ်ရေးပိုင်းမှာ နေရာပေး ခန့်ထားလိုက်ပါတယ်။ ထောင်အုပ်ချုပ်ရေးပိုင်း ရောက်သွားရင် အဲဒီ အကျဉ်းသားအဖို့ စားစရာ သောက်စရာ မပူရတော့ပါဘူး။ ဒါ့အပြင် သူ့ကို တခြားလူတွေကလည်း မစော်ကားရဲ မထိပါးရဲပါဘူး။

ဒါကြောင့်ပဲ တချို့ အကျဉ်းသားတွေဟာ ရိုးရိုးအကျဉ်းသားဘ၀မှာ ဟိုလူကရိုက်သွားလိုက်၊ ဒီလူက ရိုက်သွားလိုက် လုပ်နေတာကို ခံနေရတဲ့ ဘ၀၊ အနေဆင်းရဲ အစားဆင်းရဲတဲ့ဘ၀၊ ထောင်စကား `သာတီးဒီ´ ဘ၀၊ `အချဉ်ဘ၀´ က လွတ်မြောက်ချင်ရင်၊ ထောင်အာဏာပိုင်တွေကို လာဘ်ထိုးဖို့ ပိုက်ဆံလည်း မရှိဘူးဆိုရင်၊ `လူရိုက် လူသတ် ဆိုတဲ့ နည်းကိုသုံး´ လို့ ထောင်ထဲမှာ ရာဇ၀တ် အကျဉ်းသားတွေ ပြောကြတာပါ။ အဲဒီနည်းကို `ကျောရင်းတဲ့နည်း´ လို့ ခေါ်ပါတယ်။

အဲဒီလို ကျောရင်းတဲ့နည်းဟာ ထောင်ထဲမှာ လက်တွေ့ကျင့်သုံးရင် တကယ် အကျိုးရှိတဲ့ နည်း ဖြစ်လာပါတယ်။ အဲဒီလို ထောင်အာဏာပိုင်တွေရဲ့ အကျဉ်းထောင် အုပ်ချုပ်ပုံ နည်းစနစ်တွေ၊ သဘောထားတွေကြောင့် ဖော်ပြခဲ့သလို ၀မ်းနည်းစရာ အဖြစ်အပျက်တွေ၊ လူသတ်မှုတွေ ထောင်ထဲမှာ ဒလစပ် ဖြစ်လာနေတာပါ။



ဆက်ရန်…

Tuesday, September 18, 2007

အတွေးစများ(၂)...

ဒီနေ့မနက် အိပ်ရာက နိုးတာနဲ့ ကြားလိုက်ရတဲ့ သတင်းကတော့ မြန်မာပြည်မှာ သံဃာတော်တွေက အာဏာပိုင်တွေကို စီတန်းလှည့်လှည် ဆန္ဒပြကြတဲ့ သတင်းပါ။ တည်ငြိမ်တဲ့ သွင်ပြင်နဲ့ စီတန်းလှည့်လည်ကြတဲ့ သံဃာတော်တွေရဲ့ ပုံရိပ်တွေဟာ ငြိမ်းချမ်းခြင်းရဲ့ လက္ခဏာ အသွင်ဆောင်နေပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ သံဃာတော်တွေကို အကြမ်းဖက် ဖြိုခွင်းတယ်လို့ သိရတော့ တော်တော်လေး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဆရာတော် သံဃာတော်တွေ ဘေးရန်ကင်းရှင်းစွာနဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ အဝေးကနေ ဦးခိုက် ဆုတောင်းလိုက်ပါတယ်။

ညနေ အလုပ်က ပြန်ရောက်လာတော့ ကျနော့် ဘလော့ဂ်မှာ ရေးထားကြတဲ့ ကွန်မန့်တွေထဲက ကိုနေမိုးရဲ့ ကွန်မန့်ကို ဖတ်ရင်း အတွေးစတွေ ချဲ့မိပါတယ်။ တွေးမိတာကတော့ တခြားတော့ မဟုတ်ပါဘူး။ `ကြမ်းကြုတ် ရိုင်းစိုင်းနေသောသူများ´ ဆိုတဲ့ စကားရပ်ကို တွေးနေမိတာပါ။

လူတယောက်က လူတယောက်ကို ကြမ်းကြုတ်နိုင်တာ၊ ရိုင်းစိုင်းနိုင်တာဟာ ဘယ်လို အကြောင်းခြင်းရာ၊ ဘယ်လို တွန်းပို့အားတွေကြောင့်ပါလဲ။ အဲဒီ ကြမ်းကြုတ်ရိုင်းစိုင်းနေကြတဲ့ လူတွေဆီမှာ ကြင်နာတတ်တဲ့ အသည်းနှလုံးက တစိုးတစိမှတောင် မရှိတော့ဘူးလား။ အဲဒီလို စိတ်နဲ့ပဲ သူတို့ရဲ့ ချစ်သူတွေ၊ ဇနီးသားသမီးတွေ၊ မိဘဆွေမျိုး မောင်နှမတွေကို ဆက်ဆံလေ့ရှိလား။ သူတို့ မိဘဆွေမျိုး၊ ချစ်သူခင်သူတွေကို တခြားသောသူတွေက ကြမ်းကြုတ်ရိုင်းစိုင်းလာရင်ရော သူတို့ ဘယ်လို ခံစားမလဲ။

`လုပ်ပိုင်ခွင့်´ ဆိုတဲ့ သတ်မှတ်ပေးမှုဟာလည်း လက်ရှိမြန်မာပြည်မှာ လူတွေကို သွေးခွဲ အရောင်ဆိုးပေးနေတယ်လို့ မြင်မိပါတယ်။ `ငါက ဘယ်က၊ ဘာအဆင့်၊ ဘာရာထူး´ အစရှိတာတွေ `ငါ့မှာ ဒီလို လုပ်ခွင့်ရှိတယ်၊ ဒီလို လုပ်လိုက်လို့ ငါ့ကို ဘယ်သူကမှ မတုံ့ပြန်ရဲဘူး´ ဆိုတဲ့ အတွေးတွေဟာ `လုပ်ပိုင်ခွင့်´ အနည်းအများပေါ်ကို အခြေခံလို့ ဖြစ်ပေါ်လာရင်းနဲ့ အခုတော့ ခေတ်သစ်ဟင်္သာကိုးသောင်း ဇာတ်ကို ပြန်ကြည့်နေရသလို ဖြစ်လာပါပြီ။

အရပ်ထဲမှာ `ချောင်းရိုက်တယ်´ ဆိုတဲ့ အဖြစ်အပျက်တွေကို မကြာခဏ ကြားဖူးကြမှာပါ။ တကယ်တော့ ချောင်းရိုက်တယ် ဆိုတာက သေသေချာချာ ပြန်စဉ်းစားရင် ပေါ်ပေါ်ထင်ထင် မရင်ဆိုင်ဝံ့လို့၊ လူကြီးလူကောင်း ဆန်ဆန် မဖြေရှင်းဝံ့လို့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းပါပဲ။ ကျနော်တို့ ဘလော့ဂ် လောကမှာလည်း ချောင်းရိုက်တာတွေက တဖြည်းဖြည်းနဲ့ များလာတာကို တွေ့နေရတာဟာ စိတ်မသက်သာစရာကြီးပါ။ ကွန်မန့်တွေကတဆင့် ချောင်းရိုက်၊ စီဘောက်စ်တွေကတဆင့် ချောင်းရိုက်နဲ့ …။

ဂျာနယ်တစောင်ထဲမှာ စာသားတပိုဒ်ကို ဖတ်လိုက်မိပါတယ်။ အဲဒါကတော့…

`အမြင်မတူတာတွေကို လိုက်ရှင်းနေရင်လည်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ ပရိသတ်ကပဲ ဆုံးဖြတ်လိမ့်မယ်´ …တဲ့။

ခက်တာက ပရိသတ်က မကြိုက်တာ သိသိကြီးနဲ့လည်း မကြိုက်ဘူးဆိုတာကို လက်မခံတဲ့ ကိစ္စပါ။

ဘလော့ဂါအသစ်ကလေး ကိုလူသစ် (အမှန်ကတော့ ၀ါရင့်ဖိုရမ်မာကြီးပါ) ရဲ့ ဘလော့ဂ်က ဒီဆောင်းပါး ကို ဖတ်ပြီးတော့ စိတ်ထဲမှာ အတော်လေးကို အားတက်သွားသလို ခံစားလိုက်ရပါတယ်။ အဲဒီဆောင်းပါးကို ဖတ်ပြီးတော့ အခုတလော ရေပန်းစားနေတဲ့ စကား `မီဒီယာကို မီဒီယာနဲ့ တိုက်ရမယ်´ ဆိုတာနဲ့ လက်ရှိ တိုက်နေကြတဲ့ ပုံစံကို ယှဉ်တွေးပြီးတော့ တခုခုကို သဘောတကျနဲ့ ပြုံးမိပါတယ်။ အင်း…၊ ဒါလဲ ချောင်းရိုက်ခြင်း တမျိုးပဲ ထင်ပါရဲ့။

တွေးရင်းနဲ့ မောသလိုလို ဖြစ်လာတော့ စိတ်ပြေလက်ပျောက် သဘောနဲ့ သီချင်းနားထောင်မိပါတယ်။

`ငါပြောမယ့် စကားတွေကို နည်းနည်းလေးတော့ နားထောင်ကွယ် ~~~ မော်ဒန်တွေ ကာရန်တွေနဲ့ ငါမပြောတတ်တော့ သိပ်ခက်တယ် ~~~ နင်လိုတဲ့ အဆောင်အယောင်တွေလည်း ငါမပေးနိုင်တော့ စိတ်ညစ်တယ် ~~~ ငါမင်းကို ပေးနိုင်တာ အချစ်တခုပဲ ချမ်းသာပါတယ်

…………………………….
………………………………….
………………………………………

`နားလည်ပါ ကိုယ့်ဘ၀ကို သေချာစဉ်းစား နားလည်ပါ ~~~ ငွေကြေးရဲ့ နောက်ကွယ်မှာ ဆိုးကျိုးတွေက အများကြီးပါ ~~~ အချိန်မလွန်ခင် ပြင်ဆင်နိုင်ဖို့ ငါမင်းကို ပြောချင်တာ ~~~ အခုအချိန်မှာ မင်းဘ၀အတွက် အကောင်းဆုံးက င့ါအချစ်ပါ´

မိန်းကလေးတယောက်က သူ့ကို မချစ်တာနဲ့ဘဲ ငွေမက်နေသလိုလို၊ သူ့ဆီမှာကျတော့လည်း ဘာမဆို ဘာမှမရှိ၊ ရှိတဲ့လူကို ကောင်မလေးက ရွေးလိုက်ရင်လည်း အခုပဲ ဘ၀ပျက်တော့မလိုလို သီချင်းစာသားတွေကို နားထောင်ရတော့ ရယ်ရမလိုလို၊ ပြုံးရမလိုလို…။

သီချင်းနားထောင်လိုက်၊ စဉ်းစားလိုက် စိတ်ထဲပေါ်လာတာ ချရေးလိုက်နဲ့ နာရီကို ကြည့်လိုက်တော့ အိပ်ချိန်ကို ရောက်လုပြီ။ အိပ်မှပါပဲ…။ မနက်ကျရင် အလုပ်သွားခါနီး သတင်းတွေ ဖတ်ရအုံးမယ်။ ရေးပြီးတာတွေကို ပြန်ဖတ်ကြည့်တော့ အတွေးစတွေက တပြန့်တကျဲ…။

ကလိုစေးထူး