Thursday, September 20, 2007

စည်းမဟုတ်သော စည်းကို...

အတွေးစများ… ဆိုတဲ့ ပို့စ်မှာတုန်းက ကျနော် `မမြင်နိုင်တဲ့ စည်း´ ဆိုတာလေးကို ထည့်ရေးခဲ့မိဖူးတယ်။

ကျနော်တို့…။

ကျနော်တို့ ဆိုတာထက် မြန်မာပြည် နိုင်ငံရေးအကြောင်း ရေးလေ့ရှိတဲ့ ကျနော်အပါအ၀င် ကျနော်တို့…။ ပြည်ပရောက် ကျနော်တို့…။ လက်ရှိအနေအထားနဲ့ အမိမြန်မာပြည်ကို အိမ်ပြန်ဖို့ အခြေအနေမပေးသေးတဲ့ ကျနော်တို့…။

အဲဒီ ကျနော်တို့နဲ့ မြန်မာပြည်တွင်း ဘလော့ဂါတွေကြားမှာ `မမြင်နိုင်တဲ့ စည်း´ ခြားနေသလို ခံစားလိုက်ရတယ်လို့ ကျနော် ရေးခဲ့မိပါတယ်။ လူတယောက်နဲ့ တယောက် ခင်မင်ကြတဲ့ ခင်မင်မှုစည်း မဟုတ်တဲ့ `အခြေအနေစည်း´ `အကန့်အသတ် စည်း´ တနည်းအားဖြင့် `မမြင်နိုင်တဲ့ စည်း´ …။

***

ဒီညနေမှာ ကျနော် အလုပ်က ပြန်လာတော့ မြန်မာဘလော့ဂ် အတော်များများကို လိုက်ဖတ်ဖြစ်ပါတယ်။ တခါမှ မဖတ်ဖူးသေးတဲ့ ဘလော့ဂ်အသစ်တွေ၊ ဖတ်နေကြ ဘလော့ဂ်တွေ၊ မရောက်တာ ကြာတဲ့ ဘလော့ဂ်တွေ လက်လှမ်းမီသလောက် လိုက်ဖတ်ဖြစ်ပါတယ်။ အဲဒီအပြင် ကျနော်လိုက်ဖတ်ဖြစ်သေးတာက အထက်က တင်ပြခဲ့တဲ့ `ကျနော်တို့´ တွေရဲ့ ဘလော့ဂ်တွေ။

လိုက်ဖတ်နေရင်းနဲ့ တစုံတခုကို သတိထားမိလာသလိုလို ခံစားလာရတယ်။ ဟုတ်တယ်။ တခုခု…။ အဲဒီတခုခုက ဘာလဲ…။

အို…၊ ဟုတ်ချင်မှ ဟုတ်မှာပါလေ… ဆက်ဖတ်…။ ဒီလိုနဲ့ တနေရာအရောက်…၊ စီဘောက်စ် တခုကို အရောက်…။

`နိုင်ငံရေးငှက်များ မိုးခိုရန် နေရာ မဟုတ်ပါ´

***

`လက်ရှိ မြန်မာဘလော့ဂ် လောကမှာ လူတန်းစား သုံးရပ်ရှိတယ်။ ပြည်တွင်းနေ၊ ပြည်ပနေ(အိမ်ပြန်ရ)၊ ပြည်ပနေ (အိမ်ပြန်မရ) ဆိုပြီး လူတန်းစား သုံးရပ်ရှိတယ်´

မိတ်ဆွေ ဘလော့ဂါတယောက် မှတ်ချက်ပေးခဲ့တဲ့ စကားတခု…။

`အဲဒီလို ကွဲပြားမှုနောက်ကွယ်မှာ အခြေအနေတွေ၊ ကန့်သတ်ချက်တွေ ဆိုတာ ရှိလာတယ်၊ ဒီတော့ အပြန်အလှန် နားလည်မှုက အရင်ထက် ပိုလိုအပ်လာပြီ´

ဆွေးနွေးရင်းနဲ့ အခြေအနေတခုကို ရင်လေးစွာ တွေ့ရှိခဲ့ကြဖူးပါတယ်။ ဒီလိုနဲ့ပဲ အသက်ဝင်လာတဲ့ စည်းက ရင်းနှီးနွေးထွေးမှုဆိုတဲ့ အရာကိုပါ တတိတတိနဲ့ စိမ့်ဝင်လာခဲ့ပြီလား…။ ကွဲပြားနေတဲ့ လူတန်းစား သုံးရပ်အကြားမှာ အေးတိအေးစက်၊ ဘာသိဘာသာ နေကြတာဟာ ပုံစံတခု ဖြစ်မှန်းမသိ ဖြစ်နေပြီလား။

***

ကျနော် ဆောင်းပါးတွေမှာ မကြာခဏဆိုသလို ရေးခဲ့မိဖူးတယ်။ `တသားတည်း ဖြစ်ချင်မှု´ ဆိုတဲ့ စကားပါ။ ကျနော်တို့ဟာ ပြည်သူတွေ၊ ဒီတော့ ကျနော်တို့နဲ့ ပြည်တွင်း၊ ပြည်ပက ဘလော့ဂါတွေနဲ့ တသီးတသန့်ကြီး ဖြစ်နေတယ် ဆိုတာမျိုး ကျနော် မဖြစ်ချင်ဆုံးပါပဲ။

ကျနော် ပို့စ်ပေါင်း ၂၀၀ ကျော် ရေးခဲ့ပါတယ်။ အစုစုအစုံစုံ၊ ရောထွေးသောင်းပြောင်းနေတဲ့ စာတွေ…။ ပြီးတော့ `နိုင်ငံရေး´ လို့ အများက သတ်မှတ်ကြတဲ့ နိုင်ငံ့အရေးနဲ့ ဆိုင်တဲ့ စာတချို့…။

ကျနော်တို့ နိုင်ငံအတွက်၊ ကျနော်တို့ ဖြစ်စေချင်တဲ့ စနစ်တခုအတွက်၊ ကျနော်တို့ ယုံကြည်တဲ့ အရာတခုအတွက် ရေးခဲ့မိတဲ့ စာတွေက ကျနော်တို့ကို တံဆိပ်တခု ကပ်နှိပ်ခြင်း ခံလိုက်ရပြီလား။

ကျနော့်ကိုယ်ကျနော် မှန်ထဲကို ပြန်ကြည့်မိတယ်။ ပိန်ညောင်ညောင်၊ ထောင့်မကျိုးတဲ့ မျက်နှာနဲ့ လူတယောက်…၊ ပေကပ်ကပ်ဟန်နဲ့ ကျနော့်ကို ပြန်ကြည့်နေတယ်။ အဲဒါ `နိုင်ငံရေးသမား´ တဲ့လား။ အဲဒီကောင်က ဘာတွေ လိုချင်နေလို့ ဒီစာတွေ ရေးနေတာလဲ။ အာဏာလား၊ ငွေလား၊ စည်းစိမ်လား။ လက်ရှိအနေအထားကနေ မြန်မာပြည်ကြီး ပြောင်းလဲသွားရင် အဲဒီကောင်အတွက် ပုဂ္ဂလိက အခွင့်အရေးတွေ ဘာတွေရလာနိုင်သလဲ။ လဲပေါင်းများစွာ၊ လားပေါင်းများစွာက ကျနော်နဲ့ ကျနော့်အကြားမှာ `နိုင်ငံရေး´ ဆိုတဲ့ စကားသံတွေနဲ့အတူ ရောထွေး ပဲ့တင်ထပ်လာတယ်။

လူတွေ၊ လူတွေ…၊ အဲဒီလူတွေက ကျနော်နဲ့ အတူတူပဲလား၊ မတူဘူးလား၊ သူတို့က သူတို့လား၊ ကျနော်တို့က ကျနော်တို့လား သူတို့နဲ့ ကျနော်တို့ အတူတူ မဟုတ်ဘူးလား။ အတူတူမဟုတ်တာက ပိုကောင်းလား။ အတူတူဖြစ်နေရင် ဘာတွေ ဖြစ်လာမလဲ။ အတူတူ မရှိချင်တာတော့ မဟုတ်လောက်ပါဘူး။ ဟုတ်မှာပါ။ သူတို့ အတူတူတော့ ရှိချင်မှာပါ။ စိတ်တွေက နောက်ကျိ ရှုပ်ထွေးသလိုလို ခံစားလာတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျသွားတာတော့ မဟုတ်ဘူး။ တခုခုကို မခံချင် ဖြစ်နေတာ။

***

`ကျနော်က တသီးတခြားကြီး ဖြစ်နေပြီလား´

ကျနော့်အပေါ် နားလည်မှု အရှိဆုံးလူဆီမှာ ဒီမေးခွန်းကို အငမ်းမရနဲ့ မေးလိုက်မိဖူးတယ်။ သူက…

`အခုထိတော့ မဖြစ်သေးပါဘူး´

တော်ပါသေးရဲ့… လို့ တွေးလိုက်မိတယ်။

`မြန်မာ ဘလော့ဂါတွေ အားလုံးရဲ့ တူညီတဲ့ ခံယူချက်တွေနဲ့ တူညီတဲ့ ပန်းတိုင်ကတော့ ရှိနေပါတယ်၊ အားလုံး ညီညီညာညာ လက်တွဲပြီး ရောက်သွားကြဖို့ မျှော်လင့်ပါတယ်´

မိတ်ဆွေ ဘလော့ဂါ တယောက်ရဲ့ မှတ်ချက်စကားကို ပြန်ဖတ်မိပြန်တယ်။ နောက်တော့ ဘလော့ဂ်တွေ ရှိရာကို တခုပြီး တခု လိုက်ဖတ်မိပြန်ရော…။ ဖတ်ရင်းနဲ့ပဲ အတွေးတခု ရသွားတယ်။ `ငါ ဘာလို့ သူတို့ ဘလော့ဂ်တွေကို လိုက်ဖတ်နေမိတာလဲ´။

…………………………………………
…………………………………………
…………………………………………

နောက်ဆုံးမှာတော့ အဖြေတခု ရသွားတယ်။ `မမြင်နိုင်တဲ့ စည်း´ ဆိုတာက ကျနော်တို့တွေရဲ့ `စိတ်´ တွေကိုတော့ စည်းမခြားနိုင်ဘူး။ သူတို့ ရေးနေတာတွေကို လိုလိုလားလား ဖတ်ချင်နေတဲ့ စိတ်ကို ဘယ်စည်းကမှ လာခြားလို့ မရဘူး။ ဒါဖြင့် သူတို့ကရော ကျနော်တို့ ရေးနေတာတွေကို ဖတ်ချင်စိတ် ရှိမှာလား…။ လာဖတ်ကြလား…။

ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ `စိတ်´ တွေတော့ `စည်း´ မခြားလောက်သေးပါဘူး…။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မခြားလောက်သေးတာ မဟုတ်ဘူး။ ဘယ်တော့မှ မခြားတာ။


ကလိုစေးထူး

9 comments:

Ka Daung Nyin Thar said...

ဘယ်သူပြောလဲ နိုင်ငံရေးငှက်များ မိုးခိုရန် နေရာမဟုတ်ပါလို့
ကိုကြီးစေးလဲ တတပ်တအားအနေနဲ့ အမြဲရှိနေပါတယ်။ အခုချိန်မှာ အားပျော့ဖို့မဟုတ်ဘူး အားတိုးဖို့ အားတွေလိုတယ်။ စိတ်မညစ်နဲ့။

စိုးထက် - Soe Htet ! said...

စည်းမခြား ထားပါဘူး ကိုစေးထူး ... နိုင်ငံကို မိုက်မိုက် ရိုင်းရိုင်း သုံးစွဲထား တာတွေ ရှိလို့ ခဏ ပရိုက်ဗိတ်လုပ် ခဏနားပြီး မှတ်ချက်နဲ့ ပြန်ဖွင့် ထားရတာပါ ... တူညီတာ တစ်ခုက နိုင်ငံကို ချစ်တယ် တိုးတက် စေချင်တယ် ... ကြိုးစားပြီး လုပ်လည်း လုပ်နေတယ် ... ဒါပေမယ့် မမိုက်ရိုင်း စေချင်ဘူးလေ ... နိုင်ငံကြီးသား ပီသစေချင်တာ ... :D ကျွန်တော် ဘယ်သူ့မှ မစော်ကားခဲ့ပါဘူး ... :) အခြေအနေတွေကို နားလည် ကိုယ်ချင်းစာ စေချင်တယ် ... :D ... ဒီလောက်ပါဘဲ ... :P

မေပျို said...

အကိုပြောတာမှန်ပါတယ်။ သဲတို့စိတ်တွေက လုံးဝစည်းမခြားထားပါဘူး။ စိတ်မညစ်ပါနဲ့။ အားတင်းထားပါနော်...

Unknown said...

What you wrote is correct!! Hit the point!I am at outside Myanmar,but not a refugee, just a normal worker, I try to read all Myanmar blogs,inside/outside the country. For them, inside people, they have "Fear",yes ofcourse,if I were them, I also would feel the same. But do not worry, we, except brainless people, all know the Truth.

su wai said...

အကိုရေ
အကိုပြောသလိုပါပဲ ဆုဝေတို့ရဲ့ စိတ်တွေကို ဘယ်လိုမှ စည်းခြားထားလို့ မရပါဘူးနော်။ ဆုဝေဆိုရင် ဘလော့ဂ်တွေကို တစ်ရက်မှ လိုက်မဖတ်ဘဲ မနေနိုင်ဘူး။

BarNyar said...

ကိုကြီးစေးထူး...
ပြည်တွင်း ပြည်ပ ဘလောက်ဂါဆိုတာ အနော်တို့ ရင်ထဲမှာ အရင်ကလည်းမရှိပါဘူး၊ အခုလည်း မရှိပါဘူး၊ နောင်လည်း ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။ ဘလောက်တွေကိုမြန်မာလိုရေးပြီး မြန်မာတွေဖတ်ဖို့ ရည်ရွယ်တဲ့ “မြန်မာဘလောက်ဂါ”တွေဆိုတာပဲ ရှိမှာပါ... အရောင်မဆိုး အဖြူသက်သက်နဲ့ အားလုံးကိုလေးစားလျှက်ပါ..

ဘာညာ

လင်း said...

ဒီမြေပေါ်မှာနေဒီရေကိုသောက်ပြီး
ကြီးပြင်းလာကြသူတွေမို့ 
စည်းတွေခြားထားတယ်ဆိုရင်တောင်
ခံယူချက်ချင်းထပ်တူညီမဖြစ်တောင်မှ
ဦးတည်နေရာကတစ်ခုတည်းပါ
စိတ်မညစ်ပါနဲ့ ။
စည်းထဲကလူရော၊စည်းအပြင်ကလူရော
အားလုံးကတိုင်းပြည်ကိုသူ့ နည်းနဲ့ သူချစ်နေကြမှာပါ။
(လင့် ခ်ချိတ်ထားတယ်နော်)

Thet Oo said...

လူအချင်းချင်းနှိပ်စက်ခြင်း
ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း
အေးချမ်းကြပါစေ... တဲ့။
မေတ္တာပို့ရမယ့်အချိန်ရောက်ပါပြီ ဆိုတဲ့အကြောင်း...

MELODYMAUNG said...

အစကတည်းကပြောပါတယ် စိတ်တွေထဲမှာ ဘာစည်းမှခြားလို့ ရပါဘူးဆို ညီမကတော့ လာဖတ်ဦးမှာ သိပီလား ငှက်ငှက်ငှက်