Saturday, October 07, 2006

ကျနော် ပေါ်တာအထမ်းသမား

ကမ္ဘာကြီးတခုလုံးကို ကြည့်လိုက်ရင် ဟိုး ကျောက်ခေတ်ကစပြီးတိုက်ခိုက်လာလိုက်ကြတာ ယနေ့တိုင်အောင် စစ်ပွဲတွေက မဆုံးနိုင်ကြသေးပါဘူး.. တနိုင်ငံနဲ့ တနိုင်ငံ တိုက်ခိုက်ကြတာလဲ ရှိကြသလို ပြည်တွင်းမှာ အစိုးရနဲ့ သူပုန်ရယ်ဆိုပြီး တိုက်ခိုက်ကြတာလဲ ရှိကြပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲတခုဖြစ်လိုက်ပီဆိုတာနဲ့ ကြားထဲကအထိနာလှတာက အရပ်သားပြည်သူတွေပါပဲ.. အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ ဆိုတဲ့စကားကို ဘယ်သူကများ စတင်တီထွင်သုံးစွဲခဲ့သလဲတော့ ကျနော်မသိပါဘူး.. စစ်ပွဲတခု အနိုင်ရလိုမှုကြောင့်တရားခြင်း မတရားခြင်းတွေ.. ထောက်ထားညှာတာခြင်းတွေ.. အလုံးစုံကင်းမဲ့စွာနဲ့ ရက်စက်မှုကို ကမ်းကုန်ကြပါတယ်.. အဲဒီလိုကမ်းကုန်အောင် ရက်စက်မှုတွေရဲ့ နောက်ကွယ်မှာ အပြစ်ကင်းမဲ့လှတဲ့ပြည်သူများဟာ အလိုလိုနေရင်းနဲ့ ဓားစာခံ ဖြစ်ကြရပါတော့တယ်.. Porter ဆိုတဲ့စကားရပ်ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ အရပ်သားပြည်သူတွေ မကြားချင်ဆုံးနဲ့ အထိတ်တလန့် အဖြစ်ရဆုံး စကားဖြစ်ပါတယ်.. ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်သူ ပုဂ္ဂိုလ်များသို့တည်းမဟုတ် စစ်တပ်တွေဟာ သူတို့ရဲ့ ၀န်စည်စလယ်တွေကို ရှေ့တန်းစစ်မြေပြင်ကို သယ်ယူဖို့ အလို့ငှာ အေးချမ်းစွာ ပညာသင်ကြားနေသော ကျောင်းသားများမှအစ.. နွမ်းပါးစွာ စီးပွားရှာစားနေရတဲ့ ပြည်သူတွေထိအဆုံးအတင်းအဓမ္မ ခိုင်းစေကြပါတယ်.. အဲဒီလို ခိုင်းစေမှုရဲ့ အစိတ်အပိုင်းတခုအဖြစ် ကျနော်ဟာလဲ တကြိမ်မှာတော့ သူတို့ရဲ့ ပေါ်တာ အထမ်းသမား ဘ၀ကို ရောက်ရှိခဲ့ဖူးပါတော့တယ်..၁၉၉၂ ခုနှစ်ရဲ့ ဇန်န၀ါရီလ ၄ ရက်နေ့.. တနည်းအားဖြင့် ကျနော်တို့မြန်မာပြည်ရဲ့ (၄၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အခါသမယလဲ ဖြစ်ပါတယ်.. အဲဒီခုနှစ်ပိုင်းတွေက ကျနော်တို့နိုင်ငံမှာ. ကျနော်တို့ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များက ဘာစိတ်ကူးတွေ ပေါက်တယ်မသိပါဘူး.. ရန်ကုန်မှာဆိုရင်လဲ လှေပွဲသဘင်. မြင်းခင်းပွဲ သဘင်တွေ ချိမ့်ချိမ့်သဲ ကျင်းပနဲ့ အဲဒီတုန်းကဆိုရင် ကျနော့်စိတ်ထင် ကျနော်တို့တွေ နားမှာ နားကပ်ကြီးတွေပန်.. တောင်ရှည်ပုဆိုးကြီးတွေနဲ့ နေရတော့မှာလားလို့တောင် ထင်မှတ်ခဲ့မိပါတယ်. လှေပွဲတွေကို ရန်ကုန်မှာ လုပ်ယုံတင်မပြီးပါဘူး..အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသလို ကျနော်တို့ နေထိုင်ရာနယ်မြို့ကလေးတွေကိုလဲ ဒီရောဂါကူးစက်မှုက မလုပ်မနေရအမိန့်နဲ့ ရောက်လာပါတယ်.. အဲဒါကြောင့် အဲဒီနေ့က ကျနော်တို့ မြို့မှာ
လှေပြိုင်ပွဲ လုပ်နေခဲ့ပါတယ်.. လှေပြိုင်ပွဲတွေ အားလုံးပြီးလို့
ဆုပေးပွဲလုပ်တော့မယ့် အချိန်မှာ မြစ်အကွေ့ကနေ အမင်္ဂလာမြင်ကွင်းတခုက အားလုံးရဲ့ အမြင်အာရုံထဲကို ဘွားကနဲရောက်လာခဲ့ပါတော့တယ်. အဲဒါကတော့ စစ်သားတွေအပြည့် တင်ဆောင်လာတဲ့စစ်သင်္ဘော သုံးစင်းပါ..ကျနော်ရဲ့ မွေးရပ်မြေမြို့ကလေးမှာ ယောက်ျားလေး တယောက်ဟာလူပျိုပေါက်အရွယ် ရောက်လာပီ ဆိုတာနဲ့ ရှေးရှေးတုန်းက မင်းညီမင်းသားတွေတတ်အပ်တဲ့ အဌာရသ (၁၈)ရပ်လိုမျိုး တင်စားချင်တဲ့ အတတ် တခု ရှိပါတယ်.အဲဒါကတော့ စစ်သားတွေပေါ်တာ လိုက်ဖမ်းခြင်းမှ ဘယ်ပုံဘယ်နည်း လွတ်အောင် ပြေးရမလဲဆိုတဲ့ အတတ်ဖြစ်ပါတယ်.. ညဘက်တွေမှာ အပျိုလေးတွေ အိမ်ကိုလူပျိုလှည့်သွားရင်ဖြစ်စေ.. ညနက်တဲ့အထိ လက်ဖက်ရည်ဆိုင် ထိုင်ရင်ဖြစ်စေ..ဗီဒီယိုရုံမှာ အပန်းသွားဖြေရင်ဖြစ်စေ.. မျက်စေ့နဲ့ နားကို သတိနဲ့ ရှင်ရှင် ထားရပါတယ်. အဲဒီလိုမှမဟုတ်ရင် အမှောင်ရိပ်ထဲက ဘွားကနဲပေါ်လာတတ်တဲ့ မိစ္ဆာတစုစုရဲ့ ခနလိုက်ခဲ့စမ်းပါ ဆိုတဲ့ စကားရပ်နဲ့အတူအနိဌာရုံမြင်ကွင်းတွေ ရှိရာကို လေးလံလှတဲ့ ၀န်စည်တွေကိုထမ်းပိုးပြီး သွားရမှာမို့လို့ပါ.. အဲဒါကြောင့်မို့လို့ပဲ.. စောစောကမြင်လိုက်ရတဲ့စစ်သင်္ဘော သုံးစင်းဟာ အဲဒီလှေပြိုင်ပွဲက ကျနော်အပါအ၀င် ယောက်ျားဘသားတွေရဲ့ ခြေထောက်တွေကို တပ်လှန့်လိုက်ပါတယ်.. ဒီလိုနဲ့ ကျနော်ဟာလဲ ခါတိုင်း သူတို့ ပေါ်တာ လိုက်ဖမ်းနေရင် တက်ပုန်းနေကြ အိမ်နားကမန်ကျည်းပင်ကြီးပေါ်ကို သွားရောက် စံစားခဲ့ပါတော့တယ်..လူဖမ်းပွဲကြီးအနည်းငယ် စဲသွားပီလို့ ထင်ရတဲ့ ညနေစောင်းလောက်မှာ ကျနော်ဟာ အိမ်ကို ပြန်ပါတယ်.. အဲဒီမှာ မေ့မေ့ကို မျက်နှာမရွှင်မလန်းနဲ့တွေ့လိုက်ရပါတော့တယ်.. မေမေ ဘာဖြစ်နေလဲ မေးတော့ ခေါင်းကို အသာခါပြပါတယ်.. ဒါပေမယ့် ခနအကြာမှာ မေမေနဲ့ တကျောင်းတည်းမှာ ကျောင်းဆရာလုပ်နေတဲ့ ဦးလေးဖြစ်သူ ရောက်လာတော့မှအကြောင်းစုံသိလိုက်ရပါတော့တယ်.အဖြစ်က ဒီလိုပါ.. အဲဒီ စစ်သင်္ဘောသုံးစင်းက စစ်သားတွေဟာ ကျနော်တို့ရဲ့ဆွေမျိုးညီအကို သူတို့နဲ့ မတည့်တဲ့ လူတွေကို သွားရောက်တိုက်ခိုက်ရာမှာ သူတို့ရဲ့ ပစ္စည်းတွေကို ထမ်းပို့ပေးဖို့အတွက် အထမ်းသမားပေါ်တာသုံးရာလောက်လိုပါသတဲ့.. လိုက်ဖမ်းတော့ တရာတောင် ပြည့်အောင်မရဖြစ်ပါသတဲ့..အဲဒီလိုနဲ့ပဲ မြို့ပေါ်က ဌာနဆိုင်ရာ အရပ်ဘက်ဝန်ထမ်းတွေကို အစည်းအဝေးဆင့်ခေါ်ပီး မီးသတ်ဌာနက လူသုံးဆယ်. ကျန်းမာရေးက နှစ်ဆယ်..
ပညာရေးက ဆယ်ယောက် .. တခါအုပ်ချုပ်ရေးဦးစီးဌာနခေါ် မ၀တရုံးက ဘယ်လောက်.. တခြားသော ဌာနတွေလဲ ဘယ်လောက်ဘယ်မျှ ဆိုပြီး ခွဲတမ်းချပါသတဲ့.. ရွှေဉာဏ်တော်စူးရောက်ချက်ကတော့ အံ့သြချီးကျူးလောက်စရာပါပဲ.. အဲဒီလိုနဲ့ပဲ မေမေတို့ပညာရေးဌာနမှာ မဲနှိုက်ဆုံးဖြတ်ကြတော့ မေမေနဲ့ ဦးလေးက မဲပေါက်လာပါတယ်.. မလိုက်နိုင်ရင် ငွေငါးထောင်ပေး ငှားရပါမယ်.. (အဲဒီတုန်းကလက်ဖက်ရည်တခွက်မှ ငါးကျပ်ပဲရှိပါသေးတယ်).. အဲဒါကြောင့် မေမေဟာ
မျက်နှာ မသာမယာဖြစ်နေရတာပါ..အကြောင်းစုံသိလိုက်ရပီးတဲ့ အခါမှာတော့ ကျနော်ဟာ မေမေ့ကို ဘာမှမပြောပဲအဲဒီတုန်းက ကျနော့်ရဲ့ တထည်တည်းသော ဂျင်းပင်ကို ၀တ်.. ဦးလေး လုပ်လာသလိုမျိုး ပုဆိုးတထည်ကို စလွယ်သိုင်း အ၀တ်တစုံအပို ရေဘူး တလုံးနဲ့ပေါ်တာလိုက်သွားဖို့ ပြင်ဆင်ပါတော့တယ်.. မေမေကတော့ ဘာမှမပြောနိုင်ပဲအဝေးတနေရာကိုသာ မျက်ရည်အပြည့်နဲ့ နှုတ်ခမ်းကိုက်ပြီး ကြည့်နေပါတယ်..ကျနော်က မေမေ့ကို ကန်တော့ပီး မေမေ သားလိုက်သွားမယ်..လို့ ပြောရင်း ကန်တော့လိုက်တဲ့အခါမှာတော့ မေမေဟာ ခြုံးပွဲချ ငိုပါတော့တယ်. ဒါပေမယ့်ရွေးစရာလမ်းမရှိခဲ့ပါဘူး…ပညာရေးဌာနအနေနဲ့ ခွဲတမ်းကျတဲ့ဆယ်ယောက်လူစုရာ ကျနော် ပညာသင်နေတဲ့အထက်တန်းကျောင်းကို ဦးလေးနဲ့အတူ ရောက်သွားတဲ့အခါမှာတော့ ကျောင်းမှာ ဆရာမကြီးက အငိုမျက်နှာနဲ့ စောင့်နေပါတယ်.. ပြီးတော့ ကျနော်တို့ သွားရမယ့်ခရီးစဉ်ကို ရှင်းပြပါတယ်.. လေးရက်ကြာမယ်လို့ ပြောကြောင်း..အဲဒီလေးရက်အတွက် အခု လိုက်သွားရမယ့်လူတွေမနစ်နာအောင်ပညာရေးဝန်ထမ်းအားလုံးကို လစာ ဆယ်ရာခိုင်နှုန်းဖြတ်ပီး တဦးကို ၂၅၀၀စီပေးမယ့်အကြောင်း.. တကယ်လို့ လေးရက်ထက်ပိုခဲ့ရင် တရက်အတွက်ငါးရာနှုန်းနဲ့ ရှင်းပေးမယ့် အကြောင်း.. လောလောဆည် တယောက်ငါးရာစီပေးလိုက်မယ့် အကြောင်းကို တုန်ယင်နေတဲ့ အသံနဲ့ ရှင်းပြပီးသူကိုယ်တိုင်ချက်ထားတဲ့ ၀က်သားဟင်းနဲ့ ကျနော်တို့ကို ထမင်းကျွေးပါတယ်.. အဲဒီတုန်းက ငွေငါးရာဆိုတာ ကျနော်တခါမှ မကိုင်ဖူးတဲ့ ငွေအတိုင်းအတာပါ..ကျနော့်လက်ထဲ ငွေလှမ်းပေးတဲ့ဆရာမကြီးကို အဲဒီ ပိုက်ဆံ မေမေ့ကို ပေးပေးပါဆရာမကြီးလို့ ပြောလိုက်တော့ ဆရာမကြီးလဲ ငိုပါတော့တယ်..ကျနော်တို့ စစ်တပ်ထဲကို ရောက်သွားတော့ ညမှောင်ခါစပြုနေပါပီ.. အဲဒီမှာ ကျနော်တို့ ထမ်းဖို့အတွက် ကျည်ဆန် တထောင်စီဆန့်တဲ့သစ်သားပုံးငယ်လေးတွေကို ၀ါးလုံးနဲ့ လျှိုပြီး ရှေ့နောက် နှစ်ယောက်ထမ်းလို့ရအောင် အဆင်သင့် စီထားတာကိုတွေ့ရပါတယ်.. ကျနော်နဲ့ ဦးလေးက တတွဲတွဲပီးထမ်းပါတယ်.. အဲဒီညက လေးမိုင်လောက်ပဲ သူတို့ သွားပါတယ်.. ရွာတရွာအရောက်မှာ ညအိပ်ရပ်နားကြပါတယ်.. လူတွေက တရုန်းရုန်း..စစ်သားတွေနဲ့ ဆဲသံ တညံညံနဲ့..အေးချမ်းတဲ့ရွာလေးမှာ.. တကယ်ကိုအထိတ်တလန့်ဖြစ်စရာ ကောင်းလှပါတယ်..မနက်မိုးလင်းတော့ ကျနော့် ပုခုံးမှာ ဘုထနေပါတယ်.. တခါမှအဲဒီလို မထမ်းဖူးတာကြောင့်ပါ.. ဦးလေးလဲ ဒီလိုပါပဲ.. အဲဒီလိုနဲ့ ကျနော်တို့ကိုစောင့်ကြပ်ရတဲ့ အနည်းငယ် စိတ်ကောင်းရှိဟန်တူတဲ့ စစ်သားက ကျည်ဆန်အစားတဦးကို ဆန်ဆယ်ပြည် ထမ်းစေပါတယ်.. ဆန်အိတ်ကို ရေရှည် သယ်ပိုးနိုင်အောင်သူကပဲ သင်ပေးပါတယ်.. ဒါလဲ ပညာတမျိုးပါပဲ.. ဆန်ထည့်ထားတဲ့ ဂုန်နီအိတ်ကို ဆန်တွေကို တင်းကျပ်အောင် ကပ်ပီး ကြိုးမစည်းပဲ.. အိတ်ရဲ့ အ၀နားမှာစည်းပါတယ်.. အဲဒီတော့ ဂုန်နီအိတ်ဟာ ခပ်ပြားပြားပုံစံဖြစ်နေပါတယ်..အဲဒီခပ်ပြားပြားပုံစံအိတ်ကို ကျောပေါ်တင်.. ကြိုးစည်းထားတဲ့ အထုံးနေရာကိုခေါင်းပေါ်မှေးတင်ပီး သယ်တော့ ပလိုင်းလွယ်တဲ့ ပုံစံမျိုးဖြစ်သွားပါတယ်.. သွားရတာကြာလို့ ကျောက ညောင်းရင် ခေါင်းကို တည့်လိုက်.. ခေါင်းက ညောင်းရင်ကျောကိုကုန်းလိုက်နဲ့.. အနည်းငယ်သက်သာပါတယ်..လမ်းမှာ ပင်ပန်းချက်ကိုတော့ စာမဖွဲ့နိုင်အောင်ပါပဲ.. အဲဒီအလုပ်နဲ့အသက်မွေးရတဲ့လူလဲမဟုတ်တာကြောင့် အလေ့အကျင့်ကလဲမရှိ.. ကြောက်စိတ်က တဖက်နဲ့ဆိုတော့.. အဲဒီခရီးဟာ ကျနော့်အတွက်တော့ တကယ့်ကို စွန့်စားခန်းပါ..မိုင်းကိုလဲ ကြောက်တော့ ဘေးဘီ ဘယ်ကိုမှမကြည့်ပဲ ရှေ့ကလူ နင်းသွားတဲ့ခြေရာအတိုင်း ကျနော် ထပ်ခြပ်မကွာ လိုက်နင်းပါတယ်..အဲဒီအချိန်တုန်းကဆိုရင် သေနတ်သံဟာ ကျနော့်အတွက် အချိုဆုံးအသံပါ..တမျိုးတော့ မထင်လိုက်ပါနဲ့.. သေနတ်သံကြားလို့ရှိရင်လူတန်းကြီးက ရပ်ထားရတဲ့အတွက် အကြာကြီး နားရလို့ပါ.. ဒီလိုနဲ့ပဲအဆဲခံရင်း.. အိမ်မှာ ကျနော့်ကို စိတ်ပူနေတဲ့ ကျနော့်မေမေကို သူတို့ရဲ့ပါးစပ်ဖျားက မယားအဖြစ် ပေးရင်းနဲ့ပဲ.. လေးရက်အကြာမှာ သူတို့သွားချင်တဲ့ ရွာကြီးတရွာကို ရောက်သွားပါတယ်..အဲဒီရွာမှာ.. သူတို့တပ်အချင်းချင်းဆုံပီးပြန်မယ့် တပ်နဲ့..ရှေ့တန်းမှာ မိုက်လုံးကြီးကြမယ့်တပ်တွေ အလဲအလှယ်လုပ်ကြပါတယ်.. ထုံးစံအတိုင်း အဲဒီရွာဟာလဲကမ္ဘာပျက်ရရှာပါတယ်..အပြန်ခရီးမှာ ကျနော်ထမ်းဖို့ တာဝန်ကျတာက ဒဏ်ရာရနေတဲ့ မိစ္ဆာကောင်ကို ထမ်းရတာပါ.. လူနာ တထမ်းကို လေးယောက်နှုန်း စကေးချပေးပါတယ်.အလဲအလှယ်နဲ့ပေါ့.. အဲဒီမှာလဲ.. လူနာထမ်းနည်း ပညာတခု ရပါတယ်..လူနာအထမ်းတခုစီမှာ ခွထောက်ပုံစံ အရှည်လေးပေကျော်ခန့်သစ်ကိုင်းခပ်တုတ်တုတ် နှစ်ချောင်းစီ ပါရပါတယ်.. နှစ်ယောက်က ထမ်းနေတဲ့အချိန်မှာ တခြား နှစ်ယောက်က အဲဒီ သစ်ကိုင်းတုတ် တချောင်းစီကိုကိုင်ပီး ဘေးကနေလိုက်ပေးရပါတယ်… အကြောင်း တခုခုကြောင့် သွားနေတဲ့လူတန်းကြီးက ရပ်သွားရင် အဲဒီခွထောက်တွေကို ရှေ့နောက် ထောက်ပေးပီးထိန်းကိုင်စောင့်ခြင်းအားဖြင့် အမောဖြေရပါတယ်.. အဲဒီ လူနာ အထမ်းတာဝန်ကျတဲ့လူတွေဟာ မိုင်းအန္တရာယ်လဲ အတော်ကြီးပါတယ်…သွားနေတဲ့လမ်းကြောင်းကနေ ဘေးကိုခနခနထွက်ထွက်သွားတော့ ရှေ့လူသွားတဲ့ခြေလှမ်းအတိုင်းလိုက်နင်းလို့မရလို့ပါ…ပြောရမယ်ဆိုရင်တော့..အဲဒီခရီးမှာ ကျနော်ဟာ ခြောက်ရက်ကြာခဲ့ပါတယ်… မြို့ကိုပြန်ရောက်လို့ အဲဒီစစ်တပ်ထဲကနေ ထွက်လာတော့ လူကယိုင်တိယိုင်ထိုးနဲ့ပါ.. စစ်တပ်အ၀မှာ သားကြီးလို့အကျယ်ကြီးလှမ်းခေါ်လိုက်တာက မေမေပါ.. ချွေးတွေနဲ့ နံစော်နေတဲ့ ကျနော့်ကိုမေမေဟာ အားပါးတရဖက်ပီး ငိုပါတယ်..ကျနော်တို့ ကမ္ဘာမှာ စစ်ပွဲတွေဖြစ်နေကြဆဲပါ… အဲဒီစစ်ပွဲတိုင်းမှာလူတိုင်းမသိနိုင်ကြတဲ့ ကျနော်တို့လို ကြားခံ ဓားစားခံတွေဘယ်လောက်ရှိနေသေးပါသလဲ?? ကျနော်မသိပါ.. အခုအချိန်မှာရောဒါတွေပြီးဆုံးသွားပီလို့ ကျနော်မထင်ပါ.. ထောင်ဝတ်စုံပြာပြာနဲ့ ထောင်သားတွေကို ပေါ်တာအထမ်းသမားအဖြစ် အသုံးချနေတာကို ကျနော်တို့နိုင်ငံမှာတွေ့နေရဆဲပါ… ဒီလို လူကို လူက နှိပ်စက်နေတာတွေ.. သတ်ဖြတ်နေတာတွေ..ရပ်ကြပါစေတော့လို့ ဆုတောင်းရင်း…….။

3 comments:

သက်စံ said...

what a sad experience bro????
is it your true experiece???
:(

Anonymous said...

ကိုကြီးစေးထူး.. ဒါဖတ်ပြီး မျက်ရည်ဝဲမိတယ် ။ နောက်ထပ် လူဘယ်နယောက်များ အဲလို ဒုက္ခတွေကြား ခံနေရဦးမလဲ မသိဘူးနော် ။

:P said...

တကယ်မျက်ရည်ကျမိပါတယ်..။