Tuesday, April 29, 2008

ကွဲခြားတဲ့ မဲတပြား…

မနေ့က ဖြစ်ပါတယ်။

ရေမိုးချိုး ထမင်းစားပြီးတော့ ဧည့်ခန်းထဲက ဆိုဖာမှာ ခဏတဖြုတ်လှဲနေတုန်း ဖုန်းသံ မြည်လာလို့ ကိုင်လိုက်တော့…

`အကို ကလိုလား၊ ကျနော်ပါ၊ ဖိုးဇေ´

`ဟာ၊ ဖိုးဇေ´

………………………….

………………………….

………………………….

***

အဲဒီကောင်လေးနဲ့ ကျနော် အွန်လိုင်းပေါ်မှာ အမှတ်မထင် ခင်မင်ခွင့်ရခဲ့ပြီးတော့ ကံအားလျော်စွာနဲ့ပဲ အပြင်မှာ နှစ်ကြိမ် ဆုံဖြစ်ဖူးလိုက်ပါတယ်။ သူက ကျနော်နေတဲ့ မြို့နဲ့ မိုင် ၇၀ ကျော်လောက် ဝေးတဲ့ မြို့တခုမှာ ကျောင်းတက်နေတာပါ။ သူ့ကျောင်းပိတ်ရက် တခဏတာမှာ ကျနော်တို့ မြို့ကို အလည်လာရင်းနဲ့ အပြင်မှာ ဆုံဖူးပေမယ့်လဲ သူကတော့ ကျနော့်ကို `အကိုကလို´ လို့ပဲ ခေါ်လေ့ရှိပါတယ်။

ဒီနိုင်ငံကို ရောက်တဲ့ မြန်မာအတော်များများက မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတွေဆီကို ဒီမှာရှာလို့ ရတဲ့ ငွေပြန်ပို့ကြပေမယ့် အဲဒီကောင်လေးကတော့ ထူးခြားလှစွာပဲ မြန်မာပြည်က သူ့မိဘတွေက သူ့ဆီကို ပြန်ပြီး တနှစ်ကို အမေရိကန်ဒေါ်လာ လေးထောင်လောက် ပို့ပေးတဲ့ငွေနဲ့ ဒီမှာ ကျောင်းတက်နေသူပါ။

`ဖိုးဇေ၊ ၀ါရှင်တန်မှာတော့ မဲတွေ ပေးနေပြီတဲ့ကွ´

`ဟုတ်တယ်။ ကျနော့်ဆီကိုလဲ စာရောက်တယ် အကို´

`ဟေ၊ မင်းသွားထည့်ဖြစ်လား´

`ဘယ်သွားနိုင်မလဲ အကိုရာ၊ ဒီမှာ စာတွေနဲ့ ပိနေတာ´

နောက်တော့ တခြားအကြောင်းအရာတွေ ဘက်ကို စကားလမ်းကြောင်း ပြောင်းသွားပြန်တယ်။ တော်တော်ကြာတော့ ဖိုးဇေက ကျနော့်ကို…

`အကို ကလို´

`အေး၊ ပြောလေ´

`ကျနော်ကတော့ မကြိုက်ဘူးဗျာ၊ ထည့်လို့ရရင်တော့ ကန့်ကွက်မဲပဲ ထည့်ချင်တယ်´

`ဟေ၊ မင်းက သူတို့ ဥပဒေမူကြမ်းကို ဖတ်ဖူးပြီးပြီလား´

`မဖတ်ရသေးဘဲနဲ့ကို အဲဒါကို ထောက်ခံလိုက်ရင် ကျနော်တို့ ပိုဆိုးတော့မယ်ဆိုတာ စိတ်ထဲက သိနေတယ် အကိုကလို´

******************

`ဒါဆို နင်က ထောက်ခံမဲထည့်မှာပေါ့´

`ဒါပဲ ရှိတာပဲဟာ´

`ဟ၊ နင့်ဟာက လွယ်လွယ်လေး ဆုံးဖြတ်လိုက်သလိုပါပဲလားဟာ´

`ကဲ၊ ငါက ကန့်ကွက်မဲ ထည့်ရမယ် ထားပါတော့၊ ဘာကြောင့် ကန့်ကွက်သင့်တယ် ဆိုတာကို နင်ပြောကြည့်လေ´

`အေး၊ ငါနားလည်မိတာတွေထဲက အဓိက အကျဆုံး ကန့်ကွက်သင့်တယ် ဆိုတာကိုပဲ ငါပြောမယ်´

`….´

`ပထမတချက် အဲဒီဥပဒေအရ သမ္မတဟာ စစ်ရေးအမြင်ရှိသူ ဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်အရ၊ စစ်သား ဒါမှမဟုတ် စစ်သားလူထွက်မှပဲ သမ္မတ လုပ်လို့ရမယ်´

`အင်း´

`နောက်တချက်ကတော့ အဲဒီ ဥပဒေအရ စစ်တပ်ဟာ အချိန်မရွေး တိုင်းပြည်အာဏာကို သိမ်းခွင့်ရှိတယ်´

`အင်း´

`အေး၊ အဲဒီလို အာဏာသိမ်းထားတဲ့ စစ်တပ်က နောက်ထပ် အစိုးရသစ်ကို အာဏာမလွှဲပေးခင်အထိ ကြားကာလတွေမှာ သူတို့ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အခုဥပဒေမူကြမ်းထဲက အတိုင်းဆိုရင် သူတို့ကို စစ်ခုံရုံးတင် အရေးယူတာတွေ ဘာမှ လုပ်ခွင့် မရှိဘူး၊ ဥပမာ တလောက ဖြစ်သွားတဲ့ စက်တင်ဘာ အရေးတော်ပုံ ကိစ္စမှာ စစ်တပ်က သံဃာတွေကို ရိုက်တာတွေ၊ လူတွေကို သတ်တာတွေကို ဘာမှ အရေးယူလို့ မရတော့ဘူး´

`အင်း´

`နောက်ထပ် ပြောရမယ်ဆိုရင်တော့ ထောက်ပြစရာ အချက်တွေ အများကြီး ကျန်သေးတာပေါ့´

`အင်း´

`နင်က သူတို့အုပ်ချုပ်တာကို ကြိုက်လို့လား´

`ပွင့်ပွင့်လင်းလင်း ပြောရမလား´

`အေးလေ´

`မကြိုက်ဘူး´

`ဒါနဲ့များဟာ´

သူ့ဘက်က အသံတွေ ခဏတော့ တိတ်သွားပါတယ်။ အတန်ကြာတော့မှ…

`ကန့်ကွက်မဲ ထည့်တာကို သိသွားလို့ ပြဿနာရှာရင် ငါပညာတော်သင် မဆုံးမီမှာ မြန်မာပြည် ပြန်ရမှာကိုစိုးတယ်

`……………….´

`ငါတို့က အစိုးရစရိတ်နဲ့ ပညာတော်သင် လာရတာ၊ တခုခုဖြစ်ရင် ငါတယောက်ထဲ မဟုတ်ဘူး၊ မြန်မာပြည်က ငါ့မိသားစုကိုပါ ထိခိုက်မှာ´

`သူတို့ မကောင်းတာတော့ မကောင်းတာပေါ့၊ ဒါပေမယ့် …´

`ကဲ၊ ဘိုင့်ဘိုင်နော်၊ နောက်မှဆုံတာပေါ့ဟာ´

ပြောချင်ရာပြောပြီး သူကတော့ ဖုန်းချသွားပေမယ့် ကျနော်မှာသာ ပြောလက်စ မကုန်သေးတဲ့ စကားတွေနဲ့ ကျန်ခဲ့ပြန်ပါတယ်။

***

`အကို၊ ကျနော်တို့ စင်္ကာပူက မဲပေးပွဲ ပုံတွေကြည့်မလား´

`ဟာ၊ ကြည့်မယ်၊ ကြည့်မယ်´

`အင်း၊ ကျနော် လင့်ခ်ပေးမယ်နော်´

လူငယ်အများစုပါဝင်တဲ့ No စာလုံးပါ အနီရောင် ၀တ်စုံနဲ့ လူအုပ်ကြီးဟာ ထောက်ခံမဲပေးကြမှာလား၊ ကန့်ကွက်မဲ ပေးကြမှာလားဆိုတာကို မေးခွန်းထုတ်စရာ လုံးဝ မလိုတော့တဲ့ ပုံတွေက အားရစရာ၊ အားတက်စရာ…။ သူတို့တတွေကို မြင်ကြရမယ့် မြန်မာသံရုံးတာဝန်ခံ ၀န်ထမ်းတွေရဲ့ မျက်နှာထား ဘယ်လိုရှိနေမလဲဆိုတာ သိချင်စမ်းပါဘိ။ လွတ်လပ်စွာ သဘောထားပေးခွင့် ရှိတဲ့နေရာမှာ လွတ်လွတ်လပ်လပ် သဘောထားပေးကြသူတွေရဲ့ ဆန္ဒကို သူတို့ သိတတ်၊ မြင်တတ်မယ်ဆိုရင်တောင် ရှက်စိတ်နဲ့ ဘုန်းဘုန်းလဲ သေလို့ရလောက်တဲ့ ပုံတွေ…။

***

`အကိုကလို၊ ကျနော်ကတော့ ကန့်ကွက်တဲ့ဘက်က နိုင်စေချင်တယ်´

`ငါတခုခု ဖြစ်ရင် ငါ့မိသားစုမှာ အရင်ဒုက္ခရောက်မှာ၊ ထောက်ခံမဲပေးလိုက်တာက ရန်အေးတယ်၊ ကန့်ကွက်လိုက်လို့ ငါဒုက္ခဖြစ်ရင် ဘယ်သူက ငါ့ကိုကယ်မှာမို့လဲ´

`ကျနော်တို့ ဒီတိုင်းငြိမ်ခံနေတာထက်စာရင် ကျနော်တို့ရဲ့ ဆန္ဒအစစ်အမှန်ဟာ ဘာလဲဆိုတာကို ပြချင်တယ်၊ ဒါကြောင့် ကျနော်တို့တွေ သွားခဲ့ကြတာ၊ အခု သူတို့ ရက်ထပ်တိုးပေးထားတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကန့်ကွက်မဲဟာ ကျနော်တို့ရဲ့ ဆန္ဒအစစ်ဆိုတာကို ပြဖို့ဒီအချိန်ဟာ အကောင်းဆုံး အချိန်ပဲဗျ၊ ရှုံးသည်ဖြစ်စေ နိုင်သည် ဖြစ်စေ ကျနော်တို့ကတော့ ကန့်ကွက်ရမှာပဲ၊ ဒါဟာ ကျနော်တို့ရဲ့ ဆန္ဒတွေကို တရားဝင် ထုတ်ဖော်ခွင့်´

***

တယောက်သောသူက အပူအပင်ကြောင့်ကြ ကင်းကင်း မိဘလုပ်စာနဲ့ ကျောင်းလာတက်နေတဲ့ လူငယ်လေး၊ နောက်ထပ် တယောက်ကတော့ `အစိုးရစရိတ်´ လို့ သူထင်နေတဲ့ `ပြည်သူ့စရိတ်´ နဲ့ နိုင်ငံရပ်ခြားရောက် ပညာတော်သင် တယောက်၊ နောက်ထပ် တယောက်ကတော့ ပညာရှာရင်း တနယ်တကျေးရောက် ကျောင်းသားတယောက်…။

ဝေဖန်ချက်တွေ၊ သုံးသပ်ချက်တွေ မပေးလိုပေမယ့် ကျနော် သူတို့ကို စကားတွေ အများကြီး ပြောချင်နေသေးတယ်။ ပြီးတော့…။

ကျနော် သူတို့လိုပဲ `မဲပေးခွင့်´ အခွင့်အရေး ရချင်နေတယ်။

ကန့်ကွက်မဲလေး တခုအတွက်ပေါ့။

***


ကလိုစေးထူး

2 comments:

Anonymous said...

အဓိပ္ပါယ်မရှိသော ကြောက်ချေးပန်းနေသောလူစားများ

Anonymous said...

ကြောက်တတ်လိုက်ကြတာ